← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း(25)

ယောင်ပင်းက သတိမရသေးသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော် မာစတာခိုင်ဆီက အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်”

“ဘာများလဲ”

“အစောပိုင်းက ဘော့စ်ဝမ် ပြောခဲ့တဲ့ ကျန်းရှောင်ပေကို ရှာပေးဖို့ မာစတာခိုင်ကို အကူအညီ တောင်းချင်ပါတယ်၊ သူက ကျင်းကျူ မှာ အလုပ်လုပ်တယ်လို့ သိရပါတယ်”

“ဒါကတော့ လွယ်ပါတယ်၊ ဟေ့.. အရှေ့ကောင်တာမှာ သွားမေးလိုက်ကြ၊ မင်းတို့တွေကတော့ သီးသန့်ခန်းတိုင်းမှာ သွားရှာလိုက်ကြစမ်း”

ဘော့စ်ခိုင်က လျင်မြန်စွာပင် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

အနက်ရောင်ဝတ် လူအချို့မှာလည်း သူတို့၏ အလုပ်များကို ချက်ချင်း စတင်လိုက်ကြတော့သည်။

ခမ်းနားလှသော သီးသန့်ခန်းအတွင်း၌..

အပြင်ဘက်မှ ခြေသံများ ဝေးကွာသွားသောအခါ လေးယောက်မြောက်သခင်မလေးက တိုးညင်းစွာ ပြောလိုက်၏။

“အဘိုး...”

အဘိုးအို မိုက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

သူ၏ အကြည့်မှာ ထက်မြက်ပြီး စူးရှလှပေသည် ။

“တည်ငြိမ်တယ်၊ ရဲရင့်တယ်၊ အရည်အချင်းရှိပြီး ထက်မြက်တယ်၊ ငါ သူ့ကို အကဲခတ်တာ မမှားခဲ့ဘူး၊ ဒီလူငယ်သာ ရှိမယ်ဆိုရင် ငါတို့ မိုမိသားစုအတွက် ကောင်းချီးတစ်ခုပဲ”

အဘိုးအိုမိုက သီးသန့်ခန်းအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြားသိခဲ့ပြီး ဖြစ်ပေသည်။

သူ နောက်ဆုံးတွင်တော့ စိတ်အေးသွားခဲ့ချေပြီ။

“ငါတို့ သွားကြရအောင်၊ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျောက်ခိုင်ပဲ ကိုင်တွယ်ပါစေ”

“ဟုတ်ကဲ့ပါ”

ကျင်းကျူ KTV၊ ပထမထပ်။

အနက်ရောင်ဝတ် လူအချို့ာ ကျင်းကျူ KTV တစ်ခုလုံးကို ရှာဖွေပြီးနောက် ခိုင်ယဲ့၏ နောက်တွင် စုရုံးလိုက်ကြသည်။

ခိုင်ယဲ့သကယောင်ပင်းကို တည်ကြည်သော မျက်နှာဖြင့် ကြည့်လိုက်၏။

“လူငယ်လေး... ကျန်းရှောင်ပေ က မင်းအတွက် ဘာများလဲ”

“သူက ကျွန်တော့်ရဲ့ ရည်းစားဟောင်းပါ၊ ဘာဖြစ်လို့လဲ”

ခိုင်ယဲ့၏ အမူအရာကြောင့် ယောင်ပင်း၏ ရင်ခုန်သံမှာ မြန်လာပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

“ငါ့လူတွေက အရှေ့ကောင်တာမှာ မေးပြီး ကျင်းကျူ တစ်ခုလုံးကို ရှာဖွေခဲ့ကြတယ်၊ ကျင်းကျူက လူတွေ ပြောတာကတော့ ကျန်းရှောင်ပေက ဒီနေ့ည ၇ နာရီ ဝန်းကျင်လောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်တဲ့”

ခိုင်ယဲ့၏ အမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေပေသည်။

ယောင်ပင်းမှာ ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားတော့သည်။

“ဘာ... ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် ဟုတ်လား”

ဒီနေ့ညတင်ပဲလား။

သူ ကျန်းရှောင်ပေကို ရှာဖို့ ကျင်းကျူကို ရောက်လာတဲ့အချိန်မှာပဲ ကျန်းရှောင်ပေက ကိုယ့်ကိုယ်ကိုယ် သသတ်သေသွားခဲ့တယ်လို့ပြောချင်တာလား။

ဒီလောက်အထိ တိုက်ဆိုင်တာလား။

အတန်ကြာပြီးမှ ယောင်ပင်းက သူ၏အသံကို ပြန်ရှာတွေ့ခဲ့သည်။

“ကျန်းရှောင်ပေရဲ့ ရုပ်အလောင်းက ဘယ်မှာလဲ”

ကျန်းရှောင်ပေ၏ ဖခင်မှာ စောစောစီးစီး ဆုံးပါးသွားခဲ့ပြီး သူမ၏ မိခင်ကသာ သူမကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကျန်းရှောင်ပေသာ အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့မည်ဆိုပါက သူမ၏ မိခင်မှာ မည်သို့ ဆက်လက် အသက်ရှင်နိုင်ပါမည်နည်း။

ခိုင်ယဲ့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ့တိုးတိုးပြောလိုက်၏။

“ရုပ်အလောင်းက ပျောက်နေတယ်! ကျင်းကျူက လူတွေ ပြောတာကတော့ သူတို့ ရဲကို အကြောင်းကြားပြီး စောင့်နေတဲ့အချိန်မှာပဲ ရုပ်အလောင်းက ရုတ်တရက် ပျောက်သွားတာတဲ့”

ယောင်ပင်းမှာ အံ့အားသင့်သွားရပြန်သည်။

ရုပ်အလောင်းက ပျောက်နေတယ် ဟုတ်လား။ တစ်စုံတစ်ယောက်က ယူသွားတာလား။

ဤသည်မှာ ယောင်ပင်း၏ ပထမဆုံးသော အတွေးပင် ဖြစ်ပေသည်။

မမျှော်လင့်ဘဲ ခိုင်ယဲ့က ခေါင်းကို ခါပြလိုက်သည်။

“မဟုတ်ဘူး... သူကိုယ်တိုင်ပဲ လမ်းလျှောက်ထွက်သွားတာ၊ ပြီးတော့ သူက... ပြောရမှာတော့ ခက်တယ်၊ ငါ မင်းကို ဘယ်လိုပြောပြရမလဲတောင် မသိတော့ဘူး၊ လုံခြုံရေး ဗီဒီယိုကိုပဲ ကြည့်လိုက်ပါတော့”

ယောင်ပင်း ကြောင်အသွားတော့သည်။

ရုပ်အလောင်းက ဘယ်လိုလုပ်ပြီး ကိုယ်တိုင် လမ်းလျှောက်ထွက်သွားနိုင်မှာလဲ။

*

ယောင်ပင်းနှင့် ခိုင်ယဲ့တို့ လုံခြုံရေးဗီဒီယိုကို အတူကြည့်ရှုခဲ့ကြလေသည်။

ဗီဒီယိုထဲတွင် ပြသနေသော အချိန်မှာ ည ၈ နာရီ ဖြစ်ပြီး ကျင်းကျူ KTV မှ ကောင်တာဝန်ထမ်း ပြောဆိုခဲ့သည့် ကျန်းရှောင်ပေကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် အချိန်နှင့် ဆယ်မိနစ်ကျော်ခန့် ကွာဟနေခဲ့သည်။

ဆိုလိုသည်မှာ ကျန်းရှောင်ပော သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းပြီး ဆယ်မိနစ်ခန့် အကြာတွင် ကျင်းကျူ KTV ထဲမှ သူမဘာသာ လမ်းလျှောက် ထွက်လာခဲ့ခြင်း ဖြစ်၏။

အနက်ရောင်ဝတ်စုံဖြင့် လူတစ်ယောက်က လုံခြုံရေးဗီဒီယိုကုစောင့်ကြည့်သည့် တာဝန်ခံ လူငယ်အား ယွမ်တစ်ရာတန်အချို့ကို ပေးလိုက်လေ၏။

ထိုလူငယ်မှာ အလိုက်တသိဖြင့် အပြင်သို့ ထွက်သွားပြီး တံခါးကိုပါ သေချာ ပိတ်ပေးသွားခဲ့သည်။

လုံခြုံရေး အခန်းထဲတွင် ယောင်ပင်း၊ ခိုင်ယဲ့နှင့် ခိုင်ယဲ့၏ လူများသာ ကျန်ရစ်တော့သည်။

သူတို့အားလုံးမှာ အသက်ပင် မရှူဝံ့ဘဲ ဗီဒီယိုကို စိုက်ကြည့်နေကြ၏။

ည ၈ နာရီတွင် ကျန်းရှောင်ပေက ကျင်းကျူ KTV ၏ ယူနီဖောင်းကို ဝတ်ဆင်လျက် KTV ထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာခဲ့သည်။

အပြင်သို့ ရောက်ပြီးနောက်တွင်လည်း သူမက ချက်ချင်း ထွက်မသွားဘဲ KTV ရှေ့မှ ကွင်းပြင်လေးကို သုံးပတ်ခန့် ပတ်၍ လမ်းလျှောက်နေပေသည်။

ထို့နောက် ကျန်းရှောင်ပေက KTV အဝင်ဝတွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်လေသည်။

သူမ ဦးတိုက်ပြီးသည်နှင့် KTV အဝင်ဝတွင် ရပ်ထားသော အနက်ရောင် ကားတစ်စီးထဲမှ အမျိုးသားနှစ်ဦးမှာ အပြေးအလွှား ထွက်လာကြသည်။

သူတို့က ကျန်းရှောင်ပေထံသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူမကို ကားထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားသည်။

ထို့နောက် အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားကြတော့သည်။

ကျန်းရှောင်ပေကို ဖမ်းဆီးခေါ်ဆောင်သွားမှု တစ်ခုလုံးမှာ လျင်မြန်လွန်းပြီး စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ချေသည်။

ထိုဖြစ်ရပ် တစ်လျှောက်လုံးတွင် ထိုအမျိုးသားနှစ်ဦးမှာ မျက်နှာများကို ငုံ့ထားကြသဖြင့် မည်သူဖြစ်ကြောင်း ခွဲခြား၍ မရနိုင်ပေ။

အနက်ရောင်ကား၏ လိုင်စင်နံပါတ်ကိုလည်း တမင်တကာ ဖုံးအုပ်ထားပေသည်။

ဤသည်မှာ ကြိုတင် ကြံစည်ထားခြင်း ဖြစ်ကြောင်း သိသာလွန်းပေသည်။

သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကျန်းရှောင်ပေကို ဖမ်းဆီးရန်ပင် ဖြစ်၏။

ယောင်ပင်းက ထိုဗီဒီယို အတိုလေးကို သုံးကြိမ်တိုင်တိုင် ပြန်ကြည့်လိုက်သည်။

ဗီဒီယိုကို ကြည့်ပြီးနောက် သူ၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွားတော့သည်။

“ကျန်းရှောင်ပေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလဲ၊ သူမရဲ့ အလောင်းက ဘာလို့ KTV ထဲကနေ ကိုယ့်ဘာသာကိုယ် လမ်းလျှောက် ထွက်လာနိုင်တာလဲ

KTV အပေါက်ဝမှာ လုပ်ခဲ့တဲ့ သူမရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ဘာကို ဆိုလိုတာလဲ၊ သူမကို ဖမ်းသွားတဲ့ လူနှစ်ယောက်ရဲ့ နောက်ကြောင်းနဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျန်းရှောင်ပေမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။

“အစ်ကိုခိုင်... ဒီကားကို ရှာပေးနိုင်မလား”

ယောင်ပင်းက ခိုင်ယဲ့အား လှည့်မေးလိုက်သည်။

“တစ်ဖက်လူက သူတို့ရဲ့ အထောက်အထားကို တမင် ဖုံးကွယ်ထားတာဆိုတော့... ရှာရတာ နည်းနည်းတော့ ခက်လိမ့်မယ်”

မာစတာခိုင်က ခဏမျှ စဉ်းစားလိုက်ပြီးပြောလာသည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ အတတ်နိုင်ဆုံး စုံစမ်းပေးပါ့မယ်”

“ပြီးတော့ နောက်ထပ်လူနှစ်ယောက်ကိုလည်း စုံစမ်းပေးပါဦး၊ တစ်ယောက်က မာစတာကျန်း၊ နောက်တစ်ယောက်က မာစတာချင်...”

“ကောင်းပြီလေ”

သဘောတူပြီးနောက် မာစတာခိုင်က ယောင်ပင်းကို အိမ်သို့ ပြန်ပို့ရန် လူတစ်ယောက်အား ကိုယ်တိုင် ခိုင်းစေလိုက်သည်။

ယောင်ပင်းက ကျန်းရှောင်ပေ၏ မိသားစုနှင့် ဆက်သွယ်ချင်ခဲ့သည်။

သို့သော်လည်း ကျန်းရှောင်ပေနှင့် နှစ်နှစ်ကြာ တွဲခဲ့သည့်တိုင် ကျန်းရှောင်ပေ ပြောပြဖူးသည်များမှလွဲ၍ သူမ၏ မိသားစုအကြောင်းကို သူ လုံးဝ မသိရှိခဲ့ပေ။

ထို့ကြောင့် ဆက်သွယ်ရန် နည်းလမ်းလည်း မရှိကြောင်းကို ရုတ်တရက် သတိပြုမိလိုက်သည်။

သူ လက်လျှော့လိုက်ရုံမှတစ်ပါး အခြားနည်းမရှိတော့ပေ။

ယောင်ပင်း ခုတင်ပေါ်တွင် လဲလျောင်းရင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားနေခဲ့သော်လည်း ကျန်းရှောင်ပေတွင် မည်သည့်လျှို့ဝှက်ချက် ရှိနေသည်ကို ရှာမတွေ့နိုင်သေးပေ။

ဤသည်မှာ သူမ ပြောခဲ့ဖူးသော ရှောင်လွှဲ၍ မရနိုင်သည့် အခက်အခဲနှင့် ပတ်သက်နေနိုင်သည်လား။

ယောင်ပင်းအနေဖြင့် ကျန်းရှောင်ပေက မည်သည့် ထူးခြားသည့်အရာများကို လုပ်ခဲ့ဖူးသနည်းဟု ခေါင်းခြောက်အောင် စဉ်းစားနေစဉ်မှာပင်၊ သူ၏ စိတ်ထဲရှိ မျက်နှာပြင်တွင် စာများ ရုတ်တရက် ပေါ်လာသည်။

“သင့်နာမည်နှင့် ပိုင်ဆိုင်မှုများ ရှိနေသဖြင့် လဲလှယ်နိုင်ပါသည်, လဲလှယ်လိုပါသလား”

ယောင်ပင်း ကြောင်အသွား၏။

သူ့နာမည်နဲ့ ပိုင်ဆိုင်မှု ဟုတ်လား။

သူတို့မိသားစုမှာ ရှိတဲ့ တစ်ခုတည်းသော အိမ်ကလည်း သူ့အမေရဲ့ နာမည်နဲ့လေ။ သူ့နာမည်နဲ့ ဘာပိုင်ဆိုင်မှု ရှိနေလို့လဲ။

ယောင်ပင်း စူးစမ်းလိုစိတ်ဖြင့် “လဲမည်” ကို ရွေးချယ်လိုက်သည်။

သူ ရွေးချယ်ပြီးနောက် မျက်နှာပြင်တွင် ပြသလာပြန်သည်။

“သင့်တွင် ကြိုဆိုရေးနန်းတော် နှင့် ယခင်မြေအောက်နန်းတော်တို့ ရှိပါသည်၊ အပြင်ဘက်အိမ်ရာနဲ့ လဲလှယ်လိုပါသလား”

ယောင်ပင်းမှာ အံ့သြလွန်း၍ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားတော့သည် ။

မြေအောက်လောက ဒင်္ဂါးပြားတွေကို ယွမ်ငွေနဲ့ လဲလို့ရရုံတင်မကဘူး၊ မြေအောက်လောကက နန်းတော်တွေကိုပါ တကယ် လဲလို့ရတာလား။

သူ ခဏမျှ တွန့်ဆုတ်နေပြီးမှ ကြိုဆိုရေးနန်းတော်ကို အရင် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။

သူ ကြိုဆိုရေးနန်းတော်ကို ရွေးချယ်ပြီးနောက် “လဲလှယ်မည်” ကို နှိပ်လိုက်၏။

မကြာမီမှာပင် မျက်နှာပြင်၌ ပြသသည်။

“ဂုဏ်ယူပါသည်၊ သင့်အနေဖြင့် ကြိုဆိုရေးနန်းတော်ကို အောင်မြင်စွာ လဲလှယ်ပြီး ဖြစ်သဖြင့် ယခုအချိန်တွင် ကြိုဆိုရေးနန်းတော်ရှိ ဗီလာအိမ်တစ်လုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်”

ထို့နောက် မျက်နှာပြင်တွင် ထိုအိမ်၏ တည်နေရာကို ပြသလေသည်။

ထိုနေရာမှာ ယောင်ပင်းတို့ အိမ်နှင့် လမ်းတစ်လမ်းသာ ဝေးပေသည်။

ယောင်ပင်း မှတ်မိသလောက်ဆိုလျှင် ထိုနေရာမှာ ဗီလာအိမ်ရာဝန်းကြီး ဖြစ်ပေသည်။

ဆိုလိုသည်မှာ ယောင်ပင်းသည် ယခုအခါ ဗီလာအိမ်တစ်လုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်လေ၏။

မြေအောက်လောက မြေပုံကို ကြည့်လိုက်သောအခါ ကြိုဆိုရေးနန်းတော်၏ တည်နေရာမှာ အနက်ရောင် ဖြစ်နေဆဲပင်။

ယောင်ပင်းက လူ့လောကတွင် ဗီလာတစ်လုံး လဲလှယ်လိုက်သော်လည်း မြေအောက်လောကရှိ နန်းတော်မှာ ပျောက်ကွယ်မသွားဘဲ ရှိနေဆဲပင် ဖြစ်ပေသည်။

ဒါက ဗီလာတစ်လုံးကို အလကား ရလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

*

အခန်း(26) နောက်ဆုံးစည်း

ကျောင်းဆင်းချိန်သို့ ရောက်လာခဲ့သည်။

ခိုင်ယဲ့ထံမှ သတင်းမကြားရသေးပေ။

ယောင်ပင်းသည် အိမ်သို့သာ ပြန်ခဲ့ရတော့သည်။

အိမ်သို့ပြန်ရောက်သောအခါ သူ၏ အမေက စိုးရိမ်တကြီး မေးလိုက်လေ၏။

“ရှောင်ပင်း... နင် ပြန်လာတော့ အောက်ထပ်မှာ တစ်ယောက်ယောက်ကို တွေ့ခဲ့သေးလား”

“ဘယ်သူလဲ”

ယောင်ပင်း အံ့သြသွားပြီး ချက်ချင်း သတိအနေအထားဖြစ်သွားရသည်။

“အမေ... ဘာဖြစ်လို့လဲ”

ယောင်ပင်း၏ အမေသည် ပြတင်းပေါက်သို့ အမြန်သွားကာ အောက်ထပ်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြန်လှည့်လာကာ တိုးတိုးလေး ပြောလိုက်၏။

“ဒီနေ့ တစ်နေကုန် ငါတို့ အိမ်အောက်မှာ လူတစ်ယောက် ဟိုဟိုဒီဒီ လျှောက်သွားနေတာ၊

နင် သိတဲ့အတိုင်းပဲ၊ ဒီရပ်ကွက်က ဟောင်းနွမ်းနေပြီး လူနေတာလည်း သိပ်မရှိတော့ဘူးလေ၊ ဒီပြတင်းပေါက်နားမှာ ငါတို့အိမ် တစ်အိမ်ပဲ ရှိတာ”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်သည်။

ဒါဆို တစ်စုံတစ်ယောက်က သူတို့အိမ်ကို မျက်စိကျနေတာပေါ့။

သူတို့က သူ့ကို အရင်က ယောင်ပင်းလို့ပဲ တကယ်ထင်နေကြတာလား။

“အမေ... ဘာမှမဖြစ်ပါဘူး၊ သူက တစ်ယောက်ယောက်ကို စောင့်နေတာ ဖြစ်မှာပါ”

အမေ စိတ်ပူမည်ကို စိုးသဖြင့် ယောင်ပင်းက အေးအေးဆေးဆေးပင် နှစ်သိမ့်လိုက်သည်။

“အမေ လုပ်စရာရှိတာပဲ လုပ်ပါ၊ စိတ်မပူနဲ့၊ ဒါပေမဲ့ သတိတော့ ထားနော်၊ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ချက်ချင်း ဖုန်းဆက်လိုက်ဦး”

ယောင်ပင်း၏ အမေမှာ မယုံတဝက် ယုံတဝက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ယောင်ပင်းသည် အခန်းထဲသို့ အမြန်ပြန်ဝင်ကာ မာစတာခိုင်ထံ စာတိုတစ်စောင် ပို့လိုက်လေ၏။ သူက နောက်နှစ်ရက်အတွင်း သူ၏ အမေနောက်သို့ တိတ်တဆိတ် စောင့်ကြည့်ပေးရန် လူနှစ်ယောက်လောက် စေလွှတ်ပေးရန် အကူအညီတောင်းလိုက်သည်။

သူက ကျောင်းတက်ရမည် ဖြစ်ပြီး အမေဖြစ်သူကိုလည်း စိတ်မချသဖြင့် မာစတာခိုင်ကိုသာ အကူအညီ တောင်းရခြင်း ဖြစ်ပေသည်။

မာစတာခိုင်ကလည်း လူလွှတ်ပေးရန် ချက်ချင်း သဘောတူခဲ့သည်။

သူက ယောင်ပင်း စုံစမ်းခိုင်းထားသည့် ကိစ္စများမှာလည်း စတင်နေပြီဖြစ်ကာ နောက်ရက်အနည်းငယ်အတွင်း ပြန်လည် အကြောင်းကြားပေးမည်ဟု ပြောခဲ့သည်။

“အစ်ကိုခိုင်... ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”

ယောင်ပင်းက စာပြန်ပို့လိုက်ပြီး ဖုန်းပိတ်လိုက်လေသည်။

သူတို့အိမ်အောက်မှာ ဘယ်သူပဲ ရှိနေရပါစေ သူကတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ပဲ။

အထူးသဖြင့် တစ်ဖက်လူက သူ အချစ်ဆုံးသူကို ပစ်မှတ်ထားလာရင်ပေါ့။

တစ်ရက်အကြာတွင်။

ယောင်ပင်း အတန်းထဲမှာ ရှိနေစဉ် ခိုင်ယဲ့၏ လူတစ်ယောက်ထံမှ ဖုန်းဝင်လာသည်။

“သခင်လေးယောင်... အိမ်ကို အမြန် ပြန်လာခဲ့ဦး၊ အိမ်မှာ ပြဿနာ အကြီးအကျယ် တက်နေပြီ”

ဖုန်းထဲတွင် ဆူညံသံများဖြင့် ပြည့်နှက်နေခဲ့သည်။

ယောင်ပင်း အမေ၏ အသနားခံသံကိုလည်း ကြားနေရ၏။

“ကျေးဇူးပြုပြီး တော်ကြပါတော့၊ ရပ်ကြပါတော့”

နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး ဖုန်းမှာ ရုတ်တရက် ကျသွားတော့သည်။

ယောင်ပင်းသည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ အတန်းထဲမှ ပြေးထွက်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ကိုယ်တိုင်စာလေ့လာသည့် အချိန်ဖြစ်ပြီး ကျိုးဟိုင်ပေါ်လည်း မရှိသဖြင့် ယောင်ပင်းသည် ကျောင်းဂိတ်ဝအထိ အဆင်ပြေပြေ ရောက်ရှိသွားပေသည်။

သို့သော် ကံဆိုးစွာဖြင့် ကျောင်းအပြင်မှ ပြန်ဝင်လာသော ရန်ပိုင်ရှင်းနှင့် တည့်တည့်တိုးလေတော့သည်။

ယောင်ပင်း ဂိတ်ဝသို့ အပြေးအလွှား သွားနေသည်ကို မြင်သောအခါ ရန်ပိုင်ရှင်းက ဒေါသတကြီးဖြင့် ချက်ချင်းပင် ငေါက်လိုက်၏။

“ယောင်ပင်း၊အခုက အတန်းချိန်လေ၊ မင်း ဘယ်ကို သွားမလို့လဲ... ဟေ့... ငါ မင်းကို အတန်းထဲ ပြန်သွားခိုင်းနေတယ်လေ၊ ဘယ်ကို ပြေးနေတာလဲ၊ ဟေ့... အခုချက်ချင်း ရပ်စမ်း”

သူ စကားတစ်ဝက်မျှသာ ပြောရသေးစော်လည်း ယောင်ပင်း၏ ပုံရိပ်မှာ လေတိုက်သကဲ့သို့ ကျောင်းဂိတ်ဝမှ ပြေးထွက်သွားချေပြီ။

ဖြစ်ရပ်တစ်ခုလုံးတွင် ယောင်ပင်းက သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လုံးဝ လျစ်လျူရှုသွားခဲ့သည်။

“ဒီကလေးကတော့ လုံးဝကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ”

ရန်ပိုင်ရှင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ မင်းကို သင်ခန်းစာ ပေးရမယ် အတန်းထဲကို ပြန်မလာနဲ့တော့”

ဒေါသအဟောင်းနှင့် ဒေါသအသစ်တို့ ပေါင်းစုံသွားသဖြင့် ရန်ပိုင်ရှင်း၏ မျက်နှာမှာ ပြာနှမ်းနေတော့သည်။

ယောင်ပင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ သူ ထွက်မသွားဘဲ ရှိနေပြီးမှ တတွတ်တွတ် ရေရွတ်ရင်း ကျောင်းထဲသို့ ပြန်ဝင်သွားလေတော့သည်...

အက်မရယ်ဒ် အိမ်ရာ။

ယောင်ပင်းသည် အိမ်ရာဝင်း အဝင်ဝသို့ ပြန်ရောက်သည်နှင့် အမှတ် (၃) အဆောက်အဦး အပြင်ဘက်တွင် လူအုပ်ကြီး စုရုံးနေပြီး အပေါ်သို့ မော့ကြည့်ကာ လက်ညှိုးထိုး ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။

သူ မော့ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင် တတိယထပ် ပြတင်းပေါက်တွင် လူတစ်စု ထိုးကြိတ်သတ်ပုတ်နေကြသည်ကို တွေ့လိုက်ရ၏။

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက သူတို့ကို အသည်းအသန် ဆွဲဖက် တားဆီးနေပြီး ငိုယိုအော်ဟစ်ကာ အကူအညီ တောင်းနေပေသည်။

ရုတ်တရက် ထိုအမျိုးသမီးမှာ ကြမ်းပြင်ပေါ်သို့ တွန်းလှဲခံလိုက်ရပြီး ကြောက်လန့်တကြား တုန်ယင်နေတော့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က ထိုအမျိုးသမီးကို ကန်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယောင်ပင်း၏ သွေးများမှာ ဦးနှောက်သို့ ဆောင့်တက်သွားတော့သည်။

သူ့ရှေ့တည့်တည့်မှ ပြတင်းပေါက်မှာ သူတို့အိမ်ပင်။

အကူအညီမဲ့နေသည့် ထိုသက်လတ်ပိုင်း အမျိုးသမီးက သူ၏ အမေပင် ဖြစ်ပေသည်။

ယောင်ပင်းသည် စကားတစ်လုံးမျှ မပြောဘဲ အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

တံခါးဝသို့ ရောက်သည်နှင့် သူက တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်၏

ဒုန်း!

တံခါးမှာ နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့လေသည်။

ထိုအသံကြောင့် အတွင်းဘက်ရှိ လူတိုင်း လန့်သွားကြပြီး တံခါးဝရှိ ယောင်ပင်းထံသို့ လှည့်ကြည့်လိုက်ကြသည်။

အတွင်းဘက်တွင် ခိုင်ယဲ့၏ လူနှစ်ယောက်အပြင် အနက်ရောင် ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော် ရှိနေပေသည်။

ယောင်ပင်း တံခါးဝတွင် ရပ်နေသည်ကို မြင်သောအခါ အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက်က အေးစက်စွာ ပြောလိုက်၏။

“အချိန်ကိုက်ပဲ၊ အားလုံးကို ဖမ်းပစ်လိုက်ကြစမ်း”

“မင်းက ကိုယ့်သေတွင်းကိုယ် တူးတာပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့”

ယောင်ပင်း၏ အမေမှာ ယိုင်တိယိုင်တိုင်ဖြင့် ပြန်ထလာကာ တံခါးဝသို့ ရသလောက် လျှောက်လာပြီး ယောင်ပင်းကို အပြင်သို့ တွန်းထုတ်လိုက်သည်။

“ရှောင်ပင်း... အပြင်ကို ပြေးတော့! သူတို့ နင့်ကို ရိုက်ကြလိမ့်မယ်..”

ယောင်ပင်းာ သူ၏ အမေကို တစ်ချက် ကြည့်လိုက်၏။

တစ်ချက် ကြည့်လိုက်ရုံနှင့် သူ၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်သွားရသည်။

အမေ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး၊ အဝတ်အစားများမှာလည်း နေရာအနှံ့ ပြဲထွက်နေချေပြီ။

မျက်လုံးနားတွင် ညိုမည်းစွဲနေသလို၊ ပါးစပ်မှလည်း သွေးများ စီးကျနေပေသည်။ သူမ၏ မျက်နှာမှာ ထိတ်လန့်တကြားနှင့် ဖရိုဖရဲ ဖြစ်နေခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုးမှာတောင် သူမသည် သူမ၏ သားငယ်လေးအား အန္တရာယ်မှ ကာကွယ်ရန် အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ပေသည်။

“အမေ... ဘာဖြစ်တာလဲ၊ သူတို့က ဘယ်သူတွေလဲ”

ယောင်ပင်းက အိမ်ထဲတွင် ခိုင်ယဲ့၏ လူနှစ်ယောက်နှင့် သတ်ပုတ်နေသည့် လူတစ်စုကို ညွှန်ပြကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

ဤလောကတွင် သူ၏ အမေက သူ၏ တစ်ဦးတည်းသော မိသားစု ဖြစ်ပေသည်။

သူမာ သူ၏ နောက်ဆုံး စည်းလည်း ဖြစ်၏။

သူ၏ အမေကို ထိရဲသော မည်သူ့ကိုမဆို သူ လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

“သူတို့က ငါတို့အိမ်ကို ဖျက်ချင်နေကြတာ၊ တစ်ရပ်ကွက်လုံးကို သူတို့ ဝယ်ထားတယ်လို့ ပြောတယ်၊

ငါတို့အိမ်က လျော်ကြေးစံနှုန်းနှင့် မကိုက်ညီဘူးဆိုပြီး အတင်းအကျပ် ဖျက်ဖို့ လုပ်နေကြတာ... ရှောင်ပင်း... အမြန် ပြေးတော့!

သူတို့က အရမ်းကြမ်းတယ်၊ နင် သူတို့ကို မနိုင်ဘူး၊ ရဲကို ဖုန်းဆက်လိုက်!”

ယောင်ပင်း အိမ်ထဲသို့ ဝင်ရန် ပြင်နေသည်ကို မြင်သောအခါ အမေဖြစ်သူမှာ ကြောက်လန့်တကြား မျက်နှာပြာနှမ်းသွားပြီး သူ ဝင်မသွားနိုင်အောင် လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆွဲထားတော့သည်။

သားသမီးကို ကာကွယ်လိုခြင်းမှာ မိခင်တိုင်း၏ ဗီဇပင် ဖြစ်ပေသည်။

သူမ၏ သားငယ်လေး အရိုက်ခံရမည်ကို သူမ ကြည့်မနေနိုင်ပေ။

“အမေ...”

ယောင်ပင်းသည် သူ၏ အမေကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူမ၏ လက်ကို အသာအယာ ဖယ်ရှားလိုက်သည်။

“ကျွန်တော် ကြီးပြင်းလာပါပြီ... အချို့အရာတွေကို ကျွန်တော်ရဲ့ ပခုံးနှင့် ထမ်းရမှာပေါ့.. လက်လွှတ်လိုက်ပါ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး”

သူ၏ အသံမှာ တိုးညင်းသော်လည်း တည်ငြိမ်ပြီး သတ္တိများဖြင့်ပြည့်နှက်နေခဲ့သည်။

အမေဖြစ်သူမှာ မှင်တက်သွားပြီး ခေတ္တမျှ ကြောင်အသွားတော့သည်။

ထိုသတိလက်လွတ်ဖြစ်သွားသည့် ခဏအတွင်းမှာပင် ယောင်ပင်းသည် သူမ၏လက်ကို ဖယ်ရှားကာ အိမ်ထဲသို့ လှည့်ဝင်သွားလေတော့သည်။

သူ ဖြည်းညင်းစွာ လျှောက်သွားခဲ့ကာ သူ၏ ခြေလှမ်းတိုင်းကလည်း အလွန်တည်ငြိမ်လွန်းပေသည်။

သူ၏ မျက်လုံးများကတော့ အေးစက်နေခဲ့လေ၏။

အခန်းထဲတွင် အရာအားလုံး ဖရိုဖရဲ ဖြစ်နေခဲ့သည်။

ခိုင်ယဲ့တွင် လူနှစ်ယောက်သာရှိပြီး တစ်ဖက်လူတွင်တော့ တစ်ဒါဇင်ကျော် ရှိနေခဲ့သည်။

ထိုလူတစ်ဒါဇင်မှာ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး မျက်လုံးများမှာ ထက်ရှသော အလင်းတန်းများ ထွက်ပေါ်နေကာ ထိပ်တန်း တိုက်ခိုက်ရေးသမားများဖြစ်ပုံရသည်။

အရေအတွက်ဖြစ်စေ၊ အရှိန်အဝါအရဖြစ်စေ ထိုအနက်ရောင်ဝတ်စုံဝတ် လူတစ်ဒါဇင်ဘက်မှ အသာစီး ရထားခဲ့သည်။

ယောင်ပင်း တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်ချိန်တွင် ထိုလူများလည်း ထိုသို့ပင် ထင်မှတ်ခဲ့ကြသည်။

ယောင်ပင်း သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်အထိပင်။

ယောင်ပင်းမှာ ပုံပန်းသဏ္ဌာန်အရ အထက်တန်းကျောင်းသားတစ်ဦးနှင့် တူနေဆဲဖြစ်သော်လည်း သူ၏ အမူအရာမှာ ကြမ်းတမ်းလှပြီး မျက်လုံးများမှာ အေးစက်နေကာ တစ်ကိုယ်လုံးမှာ ငရဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်ပမာ ဖြစ်နေခဲ့သည်။

ပြင်းထန်သော ဖိအားများက သူ၏ကိုယ်မှ ထွက်ပေါ်နေခဲ့လေပြီ။

ထို့နောက် ထိုဖိအားများက အနက်ရောင်ဝတ် လူတစ်ဒါဇင်ကျော်ထံသို့ တဖြည်းဖြည်း လွှမ်းခြုံသွားတော့သည်။

သူ လက်ဖျားနှင့်ပင် မတို့ရသေးမီမှာပင် အနက်ရောင်ဝတ် လူများက ကြောက်စိတ်များ ဝင်လာရသည်။

ဤသည်မှာ သူတို့တစ်ခါမျှ မခံစားဖူးသော ခံစားချက်ဖြစ်ပေသည်။

ယောင်ပင်း တစ်လှမ်းချင်း တိုးလာသည်ကို မြင်သောအခါ အနက်ရောင်ဝတ် လူများ၏ ခေါင်းဆောင်ကပြတ်သားစွာ အော်ဟစ်လိုက်သည်။

“အားလုံး ဝိုင်းတိုက်ကြစမ်း”

ဦးအောင် တိုက်ခိုက်ရလိမ့်မည်။

သူတို့ လူတစ်ဒါဇင်ကျော်မှာ စစ်တပ်မှ ထွက်လာခဲ့သော ထိပ်တန်းတပ်သားများ ဖြစ်ကြသောကြောင့် အမွှေးမစုံသေးသော ကလေးတစ်ယောက်ကို ကြောက်နေရန်မလိုပေ။

အနက်ရောင်ဝတ်စုံဖြင့်လူများက အမိန့်ပေးသံကိုကြားသည်နှင့် အရှေ့သို့ ပြေးဝင်သွားကြတော့သည်။

ယောင်ပင်းာ ပြေးဝင်လာသော လူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။

ထို့နောက် သူက အနောက်သို့လှည့်၍ တံခါးကို တည်ငြိမ်စွာ ပိတ်လိုက်သည်။

သူ၏ အမေမှာ အပြင်ဘက်တွင် ရှိနေဆဲဖြစ်ရာ ဆက်လက် ဖြစ်ပျက်လာမည့် အရာများကို သူမကို အမြင်မခံနိုင်ပေ။

“လူတစ်ဒါဇင်ကျော်က ကလေးတစ်ယောက်ကို ဝိုင်းနှိပ်စက်နေတာ.. အရှက်မရှိကြဘူးလား”

“ပြောင်ဇီ... ငါတို့ ဒီနေ့ သေရင်သေပါစေ၊ သခင်လေးယောင် ကိုတော့ ကာကွယ်ရမယ်!”

All Chapters