အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း(27)
အနက်ရောင်ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော်က ယောင်ပင်းထံ ပြေးဝင်သွားသည်ကို မြင်သောအခါ ခိုင်ယဲ့၏ လက်အောက်ငယ်သားများ ဖြစ်သော ပြောင်ဇီနှင့် ရှောင်ချွမ်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့တွင် ဒဏ်ရာများစွာ ရှိနေသော်လည်း အံကြိတ်၍ ဟိန်းဟောက်လိုက်ကြကာ ကုလားထိုင်တစ်လုံးစီကို ဆွဲ၍ အနက်ရောင်ဝတ် လူများထံသို့ ပြေးဝင်သွားကြတော့သည်။
ယောင်ပင်းနှင့် သူ၏ အမေကို ကာကွယ်ရန် ခိုင်ယဲ့က သူတို့ကို အမိန့်ပေးထားခဲ့သည် မဟုတ်ပါလား။
သူတို့သည် သေရမည်ဆိုလျှင်တောင် ရှေ့သို့ တိုးကြပေလိမ့်မည်။
ခဏအတွင်းမှာပင် အနက်ရောင်ဝတ် လူတစ်ဒါဇင်ကျော်မှာ ယောင်ပင်း၏ ရှေ့သို့ ရောက်လာချေပြီ။
ပြောင်ဇီနှင့် ရှောင်ချွမ်တို့လည်း ကုလားထိုင်များကို ဝှေ့ယမ်း၍ တစ်ဖက်လူများကိုမဆင်မခြင် ရိုက်နှက်တော့သည်။
ယောင်ပင်းက တံခါးကို ပိတ်ပြီးနောက် လှည့်ကြည့်ကာ အနက်ရောင်ဝတ် လူတစ်ဒါဇင်ကျော်အား အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“ငါ့အမေမှာ ဘာလက်နက်မှ မရှိတာတောင် မင်းတို့က သူ့ကို တိုက်ခိုက်ရဲတယ်ပေါ့၊ မင်းတို့ သေသင့်တယ်”
ယောင်ပင်း စတင် လှုပ်ရှားလိုက်လေ၏။
မကြာမီ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဖျက်စွမ်းအား အငွေ့အသက်များမှာ အခန်းအတွင်း ချက်ချင်း ပြည့်နှက်သွားတော့သည်။
အနက်ရောင်ဝတ် လူတစ်ဒါဇင်ကျော်မှာ ယောင်ပင်း၏ ပုံရိပ် ဖြတ်ခနဲ ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။
လျှပ်စီးပမာ မြန်ဆန်လွန်းသည်။
တစ္ဆေတစ်ကောင်ကဲ့သို့ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရတော့သည်။
ထို့နောက် အခန်းထဲတွင် အော်ဟစ်သံများစွာ ထွက်ပေါ်လာချေပြီ။
မတိုင်မီကမှ မာနကြီးနေသော အနက်ရောင်ဝတ် လူတစ်ဒါဇင်ကျော်ထဲမှ တစ်ဝက်ခန့်မှာ ယခုအခါ လက်ကောက်ဝတ် သို့မဟုတ် ခြေထောက်များကို ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေကြရတော့သည်။
ယောင်ပင်း၏ အမေကို ကန်ခဲ့သော အနက်ရောင်ဝတ် လူမှာ နောက်သို့ ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် ယောင်ပင်း၏ လက်က ဖြတ်ခနဲ ရောက်ရှိလာ၏။
ချက်ချင်းပင် သူ၏ ခြေကျင်းဝတ်မှာ သံမဏိညှပ်ကြီးတစ်ခုကဲ့သို့ ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။
ထို့နောက် ရင်ကွဲမတတ် နာကျင်မှုက ချက်ချင်း ကျရောက်လာတော့သည်။
ယောင်ပင်းက သူ၏ ခြေထောက်ကို ချိုးဖဲ့ပစ်လိုက်ပေပြီ။
ထိုခြေထောက်မှာ သူ၏ အမေကို ကန်ခဲ့သော ခြေထောက်ပင်။
“အား...”
အနက်ရောင်ဝတ် လူထံမှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
သူသည် နာကျင်လွန်းသဖြင့် ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး လူးလှိမ့်နေတော့သည်။
အနက်ရောင်ဝတ်စုံ (B) ၏ ကြောက်ရွံ့ခြင်းတန်ဖိုး : +၁၀၀၀။
အနက်ရောင်ဝတ်စုံ © ၏ ကြောက်ရွံ့ခြင်းတန်ဖိုး : +၁၀၀၀။
…
အနက်ရောင်ဝတ်စုံဖြင့် လူတစ်ဒါဇင်မှာ ထိတ်လန့်တကြားနောက်ဆုတ်သွားကြပြီး သူတို့၏ မျက်လုံးများမှာလည်း ပြင်းထန်သော ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဤယောင်ပင်းမှာ လူမဟုတ်ပေ။
သူက မိစ္ဆာတစ်ကောင်သာ ဖြစ်၏။
ခိုင်ယဲ့၏ လူနှစ်ယောက်ပင်လျှင် ကြောင်အသွားကြရသည်။
ယောင်ပင်း၏ ခွန်အားမှာ တကယ့်ကို ကြောက်စရာ ကောင်းလွန်းသည်။
“မင်းတို့ရဲ့ သခင်ကို ဒီကို ခေါ်လိုက်စမ်း”
ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။
ဤအနက်ရောင်ဝတ်စုံဖြင့် လူများမှာ ခိုင်းစေခံရသူများသာ ဖြစ်ပြီး နောက်ကွယ်မှ စီစဉ်သူမှာသာ တကယ့် တရားခံ ဖြစ်ပေသည်။
ယောင်ပင်းက သူတို့ကို အေးစက်သည့် အကြည့်ဖြင့် ငုံ့ကြည့်လိုက်လေ၏။
အနက်ရောင်ဝတ်စုံဖြင့် လူများမှာ မလွန်ဆန်ရဲကြဘဲ ဖုန်းများကို ထုတ်ယူကာ အမြန်ပင် ခေါ်ဆိုလိုက်ကြတော့သည်။
သူတို့က ရှေ့ပြေးတပ်သားများအဖြစ်သာ ရှပေသည်။
ဤပြပွဲမှာ စတင်ရုံသာ ရှိသေး၏။
ယောင်ပင်းက အိမ်ထဲမှ ထွက်လာပြီးနောက် ထိတ်လန့်နေဆဲဖြစ်သော သူ၏ အမေအား ဒုတိယထပ်ရှိ အိမ်နီးချင်း အိမ်သို့ ခေါ်ဆောင်သွားလိုက်သည်။
ထို့နောက် သူသည်က ခိုင်ယဲ့၏ လူများကို ခေါ်ကာ အောက်ထပ်သို့ ဆင်း၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်၏။
နာရီဝက်ခန့် ကြာသောအခါ အိမ်ရာဝင်း အပြင်ဘက်မှ ရဲဥဩသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
အရပ်ပုပြီးဝဖိုင့်သော အမျိုးသားတစ်ဦးသည် ရဲအရာရှိ အဖွဲ့တစ်ဖွဲ့၏ ဝန်းရံမှုနှင့်အတူ အိမ်ရာဝင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ဥဩသံကြောင့် နေထိုင်သူ အားလုံး လန့်နိုးသွားကြပြီး အောက်ထပ်သို့ အပြေးအလွှား ဆင်းလာကြကာ ထိုအမျိုးသားနှင့် ရဲအရာရှိများကို သံသယဖြင့် ဝိုင်းအုံကြည့်ရှုနေကြတော့သည်။
“ဘယ်သူက ယောင်ပင်းလဲ”
ထိုဝဖိုင့်သည့်အမျိုးသားက အိမ်ရာဝင်းထဲ ဝင်လာသည်နှင့် မာနထောင်လွှားစွာ မေးလိုက်သည်။
ယောင်ပင်းက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွန်တော်ပဲ”
သူ စကားပြောလိုက်သည်နှင့် ရဲအရာရှိများက သူ့ကို ဝိုင်းထားလိုက်ကြသည်။
ထိုအမျိုးသားက လှောင်ပြောင်လိုက်သည်။
“ငါတို့ ကုမ္ပဏီက ဒီမြေကိုဝယ်ထားပြီးပြီ၊ အထက်က အမိန့်အရ အဆောက်အဦးတွေကို ဖျက်သိမ်းတော့မှာ
မင်းက အဆောက်အဦး ဖျက်သိမ်းမှုကို နှောင့်ယှက်ပြီး ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်၊ ဒါဟာ စီမံကိန်းရဲ့ တိုးတက်မှုကို ပြင်းပြင်းထန်ထန် ဟန့်တားတာပဲ။ ကပ္ပတိန်ကောင်း... ဒီလူကို သေချာ စစ်ဆေးဖို့အတွက် ခေါ်သွားသင့်တယ်မလား”
ထိုဝဖိုင့်သည့်အမျိုးသားက အချက်ပြလိုက်၏။
ကပ္ပတိန်ကောင်းက ချက်ချင်း အရှေ့သို့ တက်လာပြီး သူ၏လူ နှစ်ယောက်အား ယောင်ပင်းကို ဖမ်းဆီးကာ ရဲကားထဲသို့ ဆွဲခေါ်သွားရန် အမိန့်ပေးလိုက်သည်။
ထိုအမျိုးသားက ယောင်ပင်းအား အရှင်လတ်လတ် ဝါးစားပစ်မည့်အလား အေးစက်စွာ စိုက်ကြည့်နေပေသည်။
ဤပုပုဝဝ အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ဟုန်ကျင်းကုမ္ပဏီ ၏ CEO နှင့် ဟောင်ရှောက်မင်၏ ဖခင် ဟောင်ဝမ်ချိုင်ပင် ဖြစ်ပေသည်။
ဟောင်ရှောက်မင်သည် အိမ်ပြန်ရောက်သောအခါ KTV တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပိုပိုသာသာ လုပ်ကြံ ပြောဆိုခဲ့သဖြင့် ဟောင်ဝမ်ချိုင်မှာ အလွန်အမင်း ဒေါသထွက်ခဲ့ရခြင်း ဖြစ်သည်။
အသက်ကြီးမှရသော သားဖြစ်သဖြင့် သူသည်က ဟောင်ရှောက်မင်ကို အလိုလိုက်ခဲ့ပြီး သားဖြစ်သူ လိုချင်သမျှကို ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။
ယခု သားဖြစ်သူမှာ ဤမျှအထိ အရှက်တကွဲ အရှုံးပေးခဲ့ရသဖြင့် ဟောင်ဝမ်ချိုင် ဒေါသပေါက်ကွဲသွားပြီး သူ၏ အချစ်တော် သားလေးအတွက် လက်စားချေရန် ချက်ချင်း ဆုံးဖြတ်လိုက်ခြင်းပင်။
သူက ယောင်ပင်းနှင့် သူ၏ အမေမှာ သူတို့ ဝယ်ယူရန် စီစဉ်နေသော အက်မရယ်ဒ်အိမ်ရာဝင်းတွင် နေထိုင်ကြောင်း သိလိုက်ရသည်။
မကြာမီ ရက်စက်သော အစီအစဉ်တစ်ခုကို သူ ချမှတ်လိုက်သည် ။
ဟောင်ဝမ်ချိုင်က ယောင်ပင်းနှင့် သူ၏ အမေအား အဆောက်အဦး ဖျက်သိမ်းမည်ကိုကန့်ကွက်သည်ဟု အရင်ဆုံး စွပ်စွဲမည်။
ထို့နောက် သူ၏လူ တစ်ဒါဇင်ကျော်ကို သင်ခန်းစာ ပေးခိုင်းမည်။
ထို့နောက်မှ သူက ရဲများနှင့်အတူ ပေါ်လာမည်ဖြစ်သည်။ အကယ်၍ ယောင်ပင်းကသာ ပြန်လည် ခုခံမည်ဆိုပါက ရုံးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို နှောင့်ယှက်သည်ဟု ထပ်မံ စွပ်စွဲမည်ပင်။
ထို့အချိန်တွင် ယောင်ပင်းက ထောင်ထဲသို့ တန်းတန်းမတ်မတ် သွားရပေလိမ့်မည်။
ထိုစဉ်မှာပင် အေးစက်ပြီး ညှို့ဓာတ်ပြင်းသော အသံတစ်သံက ရုတ်တရက် ကြားဖြတ် ထွက်ပေါ်လာ၏။
“ဘော့စ်ဟောင်က တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ”
ထို့နောက် ခန္ဓာကိုယ် လှပသော တရုတ်ရင်စေ့အင်္ကျီဝတ်ထားသည့် အမျိုးသမီးတစ်ဦးက ထိုလူအုပ်ထံသို့ လျှောက်လှမ်းလာသည်။
လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားကြသည်။
သူတို့ရှေ့ရှိ အမျိုးသမီးမှာ နီမြန်းသော နှုတ်ခမ်းများ၊ အေးစက်ပြီး စွဲဆောင်မှုရှိသော မျက်နှာရှိပြီး အထူးသဖြင့် ညှို့ဓာတ်ပြင်းသော မျက်လုံးများ ရှိပေသည်။
သူမကို မြင်သောအခါ ယောင်ပင်းလည်း အနည်းငယ် အံ့သြသွားမိသည်။
သို့သော် သူ ချက်ချင်းပင် နားလည်လိုက်သည်။
တိုက်ခိုက်နေချိန်အတွင်း ခိုင်ယဲ့၏ လူများက သူ့ကို သတင်းပို့လိုက်ခြင်း ဖြစ်ရမည်။
ယနေ့ သူ လက်ဖျားနှင့်ပင် တို့စရာ မလိုဘဲ ထိုင်ကြည့်နေရုံဖြင့် ပြီးသွားပုံသည်။
သို့သော် ဟောင်ဝမ်ချိုင်သည်က ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြား တုန်ယင်သွားပြီး ဖားယားသော အပြုံးဖြင့် အမြန် နှုတ်ဆက်လိုက်၏။
“လေးယောက်မြောက်သခင်မလေး... ဘယ်လေညင်းကများ သခင်မလေးကို ဒီအထိတိုက်ခတ်လာစေတာလဲ၊ ကျွန်တော့်ကိုတောင် ကြိုပြီး အကြောင်းမကြားဘူး...”
သူ စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
ဒီလေးယောက်မြောက်သခင်မလေးက အကြီးအကဲမိုရဲ့ အချစ်တော် မဟုတ်ဘူးလား။ သူမက ဘာလို့ ဒီကို ရောက်နေတာလဲ။
သူ၏ သား ဟောင်ရှောက်မင်က မိုမိသားစုမှ ယောင်ပင်းကို သဘောမကျဟု သူ့ကို သေသေချာချာ ပြောခဲ့သည် မဟုတ်ပါလား။
“ဘော့စ်ဟောင်”
လေးယောက်မြောက်သခင်မလေးသည် ဟောင်ဝမ်ချိုင်အား သူမ၏ လှပသော မျက်လုံးများဖြင့် အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
“လူထောင်ပေါင်းများစွာကို အုပ်ချုပ်နေတဲ့ ဟုန်ကျင်းရဲ့ CEO ကြီးက ဘယ်တုန်းကစပြီး ကလေးတစ်ယောက်ကို နှိပ်စက်ရတာ ဝါသနာပါသွားတာလဲ”
ယောင်ပင်းအား ရဲကားထဲသို့ ဆွဲခေါ်သွားတော့မည့် အချိန်တွင် လေးယောက်မြောက်သခင်မလေးမှာ အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
လေးယောက်မြောက်သခင်မလေး၏ လေသံမှာ ခန့်မှန်းရခက်ခဲလှသဖြင့် ဟောင်ဝမ်ချိုင်မှာ ချွေးစေးများ ထွက်လာတော့သည်။
သူက လိမ်ညာ၍ ပြောလိုက်၏။
“လေးယောက်မြောက်သခင်မလေး... ဘာတွေ ပြောနေတာပါလဲ.. ကျွန်တော်တို့က ဒီအဆောက်အဦးကို ဖျက်သိမ်းနေတာပါ၊
ဒါပေမဲ့ ဒီအမေနဲ့ သားက အောက်ဆင်းမလာကြဘူးလေ၊ အန္တရာယ်ရှိလွန်းလို့ ကျွန်တော့်လူတွေက အရေးယူလိုက်ရတာပါ...”
ဤသို့ ရှင်းပြနေရင်းဖြင့် ဟောင်ဝမ်ချိုင် စိတ်ထဲမှ ညည်းတွားနေမိသည်။
သူက ကလေးကို နှိပ်စက်တယ် ဟုတ်လား။
သူ့ရဲ့လူ တစ်ဒါဇင်ကျော်က သွေးအလိမ်းလိမ်းနှင့်ဖြစ်နေကြပြီး ယောင်ပင်းကတော့ ဆံပင်တစ်ပင်တောင် မထိဘူးလေ။
ယောင်ပင်းကသာ သူ၏လူ တစ်ဒါဇင်ကျော်ကို နှိပ်စက်နေခြင်း ဖြစ်ပေသည်။
သို့သော် သူ ကျယ်ကျယ် မပြောရဲပေ။
“အဆောက်အဦး ဖျက်သိမ်းမယ် ဟုတ်လား”
လေးယောက်မြောက်သခင်မလေး၏ လှပသော မျက်လုံးများမှာ ဝေ့ဝဲသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒီမှာ နေထိုင်သူတွေကိုရော ဘော့စ်ဟောင်က ဘယ်လို လျော်ကြေးပေးဖို့ စီစဉ်ထားလဲ၊ ဒါပေမဲ့ ဘော့စ်ဟောင်က အမြဲတမ်း ရက်ရောတတ်သူဆိုတော့ လျော်ကြေးစံနှုန်းကလည်း လုပ်ငန်းခွင် စံနှုန်းထက် သေချာပေါက် ပိုမြင့်မှာပေါ့၊ ဟုတ်တယ်မလား”
လေးယောက်မြောက်သခင်မလေးမှာ တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုနေခဲ့လေသည်။
ဟောင်ဝမ်ချိုင်က လေးယောက်မြောက်သခင်မလေး၏ ရည်ရွယ်ချက်ကို မသိသဖြင့် ဖားယားသော အပြုံးဖြင့်သာ ခေါင်းငြိမ့်ပြလိုက်ရသည်။
“သာမန်လူတွေက ခက်ခဲကြပါတယ်၊ ဒါကြောင့် ကျွန်တော် သူတို့ကို သေချာပေါက် မနှိပ်စက်ပါဘူး၊ ဒီမှာ နေထိုင်နေတုန်းဖြစ်တဲ့ လူတွေအတွက် လျော်ကြေးစံနှုန်းကို ၁ : ၁.၄ အချိုးနဲ့ တွက်ချက်ပေးမှာပါ၊
ပြီးတော့ စျေးကွက်ပေါက်စျေးထက် တစ်စတုရန်းမီတာကို ယွမ်တစ်သောင်း ပိုပြီးတော့ ငွေသားနဲ့ ပေးချေသွားမှာပါ၊ အိမ်လွတ်တွေအတွက်လည်း ၁ : ၁.၄ အချိုးနဲ့ပဲ လျော်ကြေးပေးသွားမှာပါ...”
*
အခန်း(28)
ဟောင်ဝမ်ချိုင်သည် လျော်ကြေးစံနှုန်းကို လုပ်ငန်းနယ်ပယ်၏ အမြင့်ဆုံးအထိ တမင်တကာ မြှင့်ပြောလိုက်ခြင်း ဖြစ်သည်။
အကယ်၍ လေးယောက်မြောက်သခင်မလေးမှာ ယောင်ပင်းအတွက် ရှေ့သို့ ထွက်လာပေးခြင်း ဖြစ်ပါက ဤလျော်ကြေးစံနှုန်းကို သူမ ကျေနပ်ပေလိမ့်မည်။
သူသည် လေးယောက်မြောက်သခင်မလေးကို အရင်ဆုံး စိတ်ကျေနပ်အောင် လုပ်မည်ဖြစ်ပြီး နောက်မှသာ ယောင်ပင်းနှင့် ကိစ္စများကို ဖြည်းဖြည်းချင်း ရှင်းလင်းရလိမ့်မည်။
“အားလုံးပဲ ကြားကြတယ်မလား. ခဏနေရင် ဘော့စ်ဟောင် ပြောခဲ့တဲ့ လျော်ကြေးစံနှုန်းအတိုင်း သွားပြီး ငွေထုတ်ယူကြတော့”
လေးယောက်မြောက်သခင်မလေးသည် ပတ်ဝန်းကျင်ရှိ နေထိုင်သူများကို ပြောလိုက်ပြီးနောက် ချီးမွမ်းလိုက်ပြန်သည်။
“ဒီ အက်မရယ်ဒ်အိမ်ရာဝင်းက အနာဂတ်မှာ အရမ်း စည်ကားလာမဲ့ နေရာတစ်ခုပဲ၊ ဘော့စ်ဟောင်ရဲ့ အမြင်က တကယ်ကို ထက်မြက်တယ်
ဘော့စ်ဟောင်က ဒီလောက်တောင် ရက်ရောနေမှတော့ ကျွန်မတို့က ဒီအတိုင်း ကြည့်နေလို့ ဖြစ်ပါ့မလား”
သူမက ဖုန်းကို ထုတ်ယူကာ ခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်ပြီး ဖုန်းထဲသို့ ပြောလိုက်၏။
“ကောင်းပြီ.. အခု ဝင်လာလို့ ရပြီ”
ဝုန်း... ဝုန်း...
ဝုန်း... ဝုန်း...
လေးယောက်မြောက်သခင်မလေး ဖုန်းပြောပြီး မကြာမီမှာပင် လူတိုင်းသည် နားကွဲမတတ် ဆူညံသော အသံကြီးများက အက်မရယ်ဒ် အိမ်ရာဝင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက် အဆောက်အဦး ဖျက်သိမ်းရေး စက်ယန္တရားကြီးများနှင့် မြေတူးစက်ကြီး အစီးနှစ်ဆယ်ကျော်မှာ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ဝင်ရောက်လာတော့သည်။
သူတို့၏ ပစ်မှတ်မှာ အက်မရယ်ဒ် အိမ်ရာဝင်းပင် ဖြစ်ပေသည်။
ဖျက်သိမ်းရေး စက်ယန္တရားကြီးများနှင့် မြေတူးစက်များကို မြင်လိုက်ရသောအခါ ဟောင်ဝမ်ချိုင်မှာ ချက်ချင်း ထိတ်လန့်သွားပြီး ထစ်ထစ်အအ ပြောလိုက်၏။
“လေးယောက်မြောက်သခင်မလေး... ဒါ... ဒါတွေက ဘာလဲဟင်...”
လေးယောက်မြောက်သခင်မလေးက ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဘော့စ်ဟောင်... ရှင်က အဆောက်အဦးတွေကို ဖျက်ချင်နေတာ မလား၊ ဒါကြောင့် ရှင့်ကို ကူညီပြီး ဖျက်ပေးမယ့် လူတွေကို ကျွန်မ ရှာပေးလိုက်တာ”
ဟောင်ဝမ်ချိုင်၏ ဝဝဖိုင့်ဖိုင့်မျက်နှာမှာ ချက်ချင်းပင် သေလူတစ်ယောက်ကဲ့သို့ ဖြူဆွတ်သွားတော့သည်။
အမှန်တကယ်တွင် သူသည်က အဆောက်အဦးများကို ဖျက်ဆီးရန် လုံးဝ ဆန္ဒမရှိပေ။
သူက အက်မရယ်ဒ် အိမ်ရာဝင်းတစ်ခုလုံးကို ဝယ်ယူရန်သာ ဆန္ဒရှိခြင်း ဖြစ်ပေသည်။
အက်မရယ်ဒ်အိမ်ရာဝင်းမှာ ဟောင်းနွမ်းနေသော အိမ်ရာဝင်းတစ်ခုဖြစ်လေ၏။ သူ၏ ဟုန်ကျင်းကုမ္ပဏီမှ အထက်လူကြီးများက ဤနေရာသို့ စက်မှုဇုန်ကို ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အတွင်းသတင်း ရရှိထားခြင်း ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်မှာ အက်မရယ်ဒ် အိမ်ရာဝင်း တစ်ခုလုံးကို စျေးပေါပေါနှင့် ဝယ်ယူပြီး မူလပုံစံအတိုင်း ထိန်းသိမ်းထားဖြစ်လေ၏။
ထို့နောက် စီမံကိန်းအချို့ထပ်တိုးမည်ဖြစ်ကာ နောက်ပိုင်းတွင် အထက်လူကြီးများက ၎င်းကို ဖျက်သိမ်းချိန်အထိ စောင့်ဆိုင်းလိမ့်မည်။
အက်မရယ်ဒ် အိမ်ရာဝင်းမှာ လူနေထိုင်သူ လုံးဝနီးပါး မရှိတော့ဘဲ၊ အိမ်ထောင်စု တစ်ဒါဇင်ကျော်သာ ကျန်ရှိတော့ပေသည်။
ဟောင်ဝမ်ချိုင်က အက်မရယ်ဒ် အိမ်ရာဝင်း တစ်ခုလုံးကို အလွန်နည်းပါးသော ငွေပမာဏဖြင့် ဝယ်ယူနိုင်သည်။
စက်ရုံကြီး တည်ဆောက်ပြီးသောအခါ သူသည်က ထပ်တိုးစီမံကိန်းများအပါအဝင် အက်မရယ်ဒ် အိမ်ရာဝင်းတစ်ခုလုံးမှမှ ငွေအပုံလိုက်ကြီး ရရှိပေလိမည်။
သူ၏ အဆောက်အဦး ဖျက်သိမ်းမည်ဟု ပြောဆိုမှုမှာ ယောင်ပင်းနှင့် သူ၏ အမေကို ထောင်ချောက်ဆင်ရန်နှင့် ယောင်ပင်းကို ထောင်ထဲသို့ ပို့ရန် ကြံစည်မှုသာ ဖြစ်ပေသည်။
အကယ်၍ အဆောက်အဦးသာ ဤအချိန်တွင် အမှန်တကယ် ဖျက်သိမ်းခံရပါက မြေက သူ၏မြေ မဟုတ်တော့သဖြင့် သူ မည်သည့် အမြတ်အစွန်း ရရှိပါမည်နည်း။
လေးယောက်မြောက်သခင်မလေးက သူ့ကို ကူညီပြီး အဆောက်အဦးကို အမှန်တကယ် ဖျက်သိမ်းပေးမည်ဟု ပြောလာခဲ့သည်။
ဟောင်ဝမ်ချိုင် ချက်ချင်းပင် နားလည်လိုက်သည်။
လေးယောက်မြောက်သခင်မလေးသည် သူ့အား ထောင်ချောက်ဆင်လိုက်ခြင်းသာဖြစ်ပြီး၊ သူ့ကို အများပြည်သူရှေ့တွင် ဖျက်ဆီးရန် ကြိုးစားနေခြင်းပင်။
“ဒါ... ဒါက ကိစ္စသေးလေးပါ၊ လေးယောက်မြောက်သခင်မလေးကို ဒုက္ခမပေးချင်ပါဘူး”
ဟောင်ဝမ်ချိုင်မှာ ချွေးများစိုရွှဲနေပြီး စကားများပင် ဗလုံးဗထွေး ဖြစ်နေချေပြီ။
အကယ်၍ အဆောက်အဦးသာ အမှန်တကယ် ဖျက်သိမ်းခံရပြီး၊ သူ ပြောခဲ့သော စံနှုန်းများအတိုင်း လျော်ကြေးပေးရမည်ဆိုလျှင်၊ သူသည် တစ်ပြားတစ်ချပ်မှ အမြတ်မရမည့်အပြင် ဟုန်ကျင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှု သုံးပုံတစ်ပုံခန့်ကိုပါ ဆုံးရှုံးရပေလိမ့်မည်။
၎င်းမှာ အကြီးအကျယ် ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။
ဟောင်ဝမ်ချိုင်က ကပ္ပတိန်ကောင်းအား မျက်စိတစ်ချက် မှိတ်ပြလိုက်၏။
ကပ္ပတိန်ကောင်းလည်း အခြေအနေကို နားလည်လိုက်ပြီး အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသော ဖျက်သိမ်းရေး စက်ယန္တရားများနှင့် မြေတူးစက်များကို ရပ်တန့်ရန် သူ၏လူများကို ချက်ချင်း အမိန့်ပေးလိုက်လေသည်။
လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်သည်။
“ဘာလဲ... ဘော့စ်ဟောင်က ကျွန်မတို့မှာ အားကိုးစရာ မရှိဘူးဆိုပြီး နှိပ်စက်နေတာလား”
သူမ စကားပြောပြီးသည်နှင့် နောက်ထပ် ဆူညံသော အသံကြီးများ ထပ်မံ ချဉ်းကပ်လာပြန်သည်။
ထို့နောက် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရမည့် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
သံချပ်ကာ ကားကြီး တစ်ဒါဇင်ကျော်မှာ အိမ်ရာဝင်းအတွင်းသို့ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် မောင်းဝင်လာကြလေ၏။
သံချပ်ကာ ကားကြီး တစ်ဒါဇင်ကျော်သည် အက်မရယ်ဒ် အိမ်ရာဝင်းအတွင်းသို့ ဖြည်းညင်းစွာ မောင်းဝင်လာကြသည်။
စက်သံများကလည်း ကောင်းကင်ယံအထိ ဟိန်းထွက်နေခဲ့၏။
ရဲကားအချို့မှာ အဝင်ဝတွင် ပိတ်ဆို့ထားသော်လည်း ထိုသံချပ်ကာ ကားကြီးများက လုံးဝဂရုမစိုက်ဘဲ ရဲကားများကို တိုက်ဖယ်၍ဖြစ်စေ၊ နင်းကြိတ်၍ဖြစ်စေ ကျော်ဖြတ်လာကြသည်။
၎င်းတို့၏ ရောက်ရှိလာပုံမှာ ကြမ်းတမ်းပြီး အရှိန်အဝါမှာလည်း အလွန်ကြီးမားလှပေသည်။
မတိုင်မီကမှ မာနကြီးနေသော ရဲအရာရှိများမှာ ကြောင်အမ်းသွားကြပြီး မည်သူမျှ ရှေ့သို့ ထွက်မလာရဲကြတော့ချေ။
ထို့နောက် သံချပ်ကာ ကားကြီးများပေါ်မှ စစ်သားပေါင်းများစွာမှာ ခုန်ဆင်းလာကြသည်။
အားလုံးမှာ စစ်ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံကိုတပ်ဆင်ထားကြသည်။
သူတို့က လေးနက်သော မျက်နှာထားများဖြင့် လက်နက်များကိုလည်း ကိုင်ဆောင်ထားကြလေသည်။
စစ်သားများက ကားပေါ်မှ ခုန်ဆင်းလာပြီးနောက် လျင်မြန်စွာပင် ဝိုင်းထားလိုက်ကြပြီး သူတို့၏ လက်နက်များမှာ ဟောင်ဝမ်ချိုင်နှင့် သူ၏အဖွဲ့ထံသို့ ချိန်ရွယ်ထားတော့သည်။
သူတို့မှာ လျင်မြန်ဖြတ်လတ်လွန်းပေသည်။
ဟောင်ဝမ်ချိုင်နှင့် ရဲအရာရှိ အဖွဲ့မှာ လုံးဝကို ကြောင်အသွားကြတော့၏။
“ဒါ... ဒါက...”
“လေးယောက်မြောက်သခင်မလေး... ကိစ္စတွေကို အေးအေးဆေးဆေး ပြောကြရအောင်ပါ၊ ဒါက ဘာလုပ်တာလဲဟင်”
အတွေ့အကြုံများစွာ ရှိလှသော ဟောင်ဝမ်ချိုင်ပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး ခြေထောက်များပင် ပျော့ခွေသွားတော့သည်။
အကြီးအကဲမို၏ အချစ်တော် ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
လေးယောက်မြောက်သခင်မလေးမှာ လက်ရဲဇက်ရဲ ရှိလွန်းပေသည်။
သူက ရဲအရာရှိ အဖွဲ့တစ်ဖွဲ့ကို ခေါ်ခဲ့သော်လည်း လေးယောက်မြောက်သခင်မလေးကတော့ စစ်သားများပါည့် သံချပ်ကာ ကားကြီး တစ်ဒါဇင်ကျော်ကို ခေါ်လာခဲ့လေ၏။
ရဲရင့်ထက်မြက်လှသော ဤအရာရှိများမှာ စစ်တပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေပြီး ပြတ်သားကာရက်စက်လွန်းသဖြင့် မည်သူမျှ မပြစ်မှားရဲကြချေ။
အကြီးအကဲမို တစ်ဦးတည်းသာလျှင် သူတို့ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
ရဲအရာရှိများသည်လည်း အံ့သြစွာ ကြည့်နေကြပြီး မည်သူကမျှ စကားတစ်လုံးမျှ မပြောရဲကြချေ။
အက်မရယ်ဒ် အိမ်ရာဝင်းတွင် လူအသေအပျောက် ရှိနိုင်သည့်အထိ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဟောင်ဝမ်ချိုင်က တိုင်ကြားခဲ့သဖြင့် ရဲစခန်းက သူတို့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူတို့ မပြစ်မှားရဲသော ဤကဲ့သို့သော အဖွဲ့အစည်းများနှင့် တိုးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဒီစစ်သားတွေကို ထိပ်တိုက်ရင်ဆိုင်ရမှာလား။
သူတို့က အရူးတွေမို့လို့လား။
ကပ္ပတိန်ကောင်းက ဖုန်းဖြေနေဟန် ဆောင်လိုက်ပြီးနောက် ဟောင်ဝမ်ချိုင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ဘော့စ်ဟောင်... ကျွန်တော်တို့ ဒါရိုက်တာမှာ အစည်းအဝေး ရှိနေလို့ စခန်းကို အမြန် ပြန်ရတော့မယ်”
“ကပ္ပတိန်ကောင်း... ခင်ဗျား... ခင်ဗျား ထွက်မသွားပါနဲ့ဦး...”
ဟောင်ဝမ်ချိုင်မှာ ငိုချင်စိတ်ပင် ဖြစ်သွားတော့သည်။
သူသည် ဤရဲအရာရှိများကို အားကိုးပြီး သတ္တိရှိနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ထွက်သွားပါက သူ သေလုမတတ် ကြောက်နေမိပေလိမ့်မည်။
“မရဘူး... ဒါက အထက်က အမိန့်ပဲ”
“ညီအစ်ကိုတို့... ပြန်ကြမယ်”
ကပ္ပတိန်ကောင်း၏ အမိန့်ပေးသံနှင့်အတူ ရဲအရာရှိများက လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။
ခဏအတွင်းမှာပင် သူတို့အားလုံး ပျောက်ကွယ်သွားကြချေပြီ။
ဟောင်ဝမ်ချိုင် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
ဟောင်ဝမ်ချိုင်မှာ ချွေးများနှင့်စိုချွဲနေပြီး မျက်နှာမှာလည်း လူသေတစ်ယောက်ကဲ့သို့ ဖြူဆွတ်နေတော့သည်။
လေးယောက်မြောက်သခင်မလေးသည်က ရဲအရာရှိများ ထွက်သွားသည်ကို ကြည့်ပြီးနောက် ဟောင်ဝမ်ချိုင်ဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးပြလိုက်ပြီး အံ့သြဟန်ဆောင်ကာ မေးလိုက်၏။
“ဘော့စ်ဟောင်... ရှင် ပူနေလို့လား”
“မပူပါဘူး... မပူပါဘူး”
“ဒါဆို ဘာလို့ ဒီလောက်တောင် ချွေးတွေ ထွက်နေရတာလဲ”
လေးယောက်မြောက်သခင်မလေးက အေးအေးလူလူပင် ပြောလိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့၊ ဒါက ပုံမှန် စစ်ရေးလေ့ကျင့်ခန်း တစ်ခုပဲလေ”
တာဝန်ခံ အရာရှိ လူငယ်လေးကလည်း ဂုဏ်ယူစွာ ပြောလိုက်၏။
“ဟုတ်ပါတယ်... ဒါက လေ့ကျင့်ခန်း တစ်ခုပါပဲ၊ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး”
“အသင့်ပြင်... ကျည်ဖြည့်မယ်”
ဂျောက်... ဂျောက်... ဂျောက်...
သူ၏ အမိန့်ပေးသံကြောင့် စစ်သားတစ်စုက လက်နက်များကို တစ်ပြိုင်နက်တည်း ကျည်ဖြည့်လိုက်ကြတော့သည်။
မှောင်မည်းနေသော သေနတ်ပြောင်းဝများမှာ ဟောင်ဝမ်ချိုင်ထံသို့ တိုက်ရိုက် ချိန်ရွယ်ထားလေသည်။
ဟောင်ဝမ်ချိုင်မှာ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဒူးထောက်၍ကျသွားရလေသည်။
သူ ငို ငိုချင်နေပြီ။
ဒီရပ်ကွက်လေးထဲကို စစ်ရေးလေ့ကျင့်ဖို့ သံချပ်ကာ ကားကြီးတွေနဲ့ လာတယ် ဟုတ်လား။
ဒီထက် ပိုပြီးတော့ အသုံးမကျတဲ့ ဆင်ခြေ ရှိနိုင်ပါဦးမလား။
စစ်ရေးလေ့ကျင့်တာဆိုရင် ဘာလို့ သူ့ကို သေနတ်နဲ့ ချိန်ထားရတာလဲ။
ဒါက တကယ့်ကို အတင့်ရဲလွန်းတာပဲ။
“ဘော့စ်ဟောင်... ကျွန်မက လူငယ်တစ်ယောက်ပါ၊ ရှင်က ဒီလောက်အထိ ဒူးထောက်နေတာက တကယ့်ကို အားနာစရာပဲ”
လေးယောက်မြောက်သခင်မလေးက ဆွဲဆောင်မှုရှိစွာ ပြုံးရင်း ပြောလိုက်သည်။
“ဒါနဲ့ ဘော့စ်ဟောင်... အခု ကျွန်မရဲ့လူတွေ ရောက်နေပြီဆိုတော့ ဒီရပ်ကွက်ကို ဖျက်သိမ်းမဲ့ကိစ္စကို ရှင် ဘယ်လို ပြောချင်လဲ”
“ဖျက်ပါ... ဖျက်ပါ... ဖျက်လိုက်ပါ...”
ဟောင်ဝမ်ချိုင်မှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သား ဖြစ်နေရပြီဖြစ်၍ မည်သို့ ငြင်းဆန်ရဲပါမည်နည်း။
“လေးယောက်မြောက်သခင်မလေးကို ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်”
“လျော်ကြေးကိစ္စရော”
“ကျွန်တော် အခုချက်ချင်း အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ငွေယူလာခိုင်းလိုက်ပါ့မယ်...”
ဟောင်ဝမ်ချိုင်က ရင်နာစွာဖြင့်ပင် သူ၏ အတွင်းရေးမှူးအား ဖုန်းဆက်လိုက်ပြီး၊ ငွေများကို မနှောင့်နှေးစေဘဲ အခုချက်ချင်း ယူလာရန် ပြောလိုက်တော့သည်။
တစ်ဖက်တွင်လည်း ဖျက်သိမ်းရေး စက်ယန္တရားများနှင့် မြေတူးစက်ကြီးများမှာ စက်သံများနှင့်အတူ စတင် လှုပ်ရှားနေချေပြီ။
‘ဝုန်း!’
‘ဝုန်း!’
ဖျက်သိမ်းရေး စက်ယန္တရားကြီး တစ်ဒါဇင်ကျော်မှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်နေကြသဖြင့် အဆောက်အဦး တချို့မှာ ခဏချင်းမှာပင် အမှိုက်ပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။