အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
*အခန်း(29)
ဟောင်ဝမ်ချိုင်တစ်ယောက် ရင်ကွဲမတတ် ခံစားရပြီး မေ့ပင်လဲချင်နေခဲ့သည်။
သူ့လက်ထဲသို့ ရောက်တော့မည့် လျော်ကြေးငွေပုံကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရုံတင်မကဘဲ သူကိုယ်တိုင်ကပါ လျော်ကြေးငွေ အမြောက်အမြား ပေးဆောင်နေရတော့မည်ပင်။
သို့သော် လေးယောက်မြောက်သခင်မလေးကတော့ သူ့ရှေ့၌ အေးအေးလူလူပင် ဖျက်သိမ်းရေး ကိစ္စများကို ဆွေးနွေးနေပေသည်။
“ဟိုအဆောက်အဦးကတော့ ပြီးသွားပြီ၊ ဒီဘက်က တစ်လုံးလည်း ပြီးသွားပြီ၊ သူတို့က တကယ့်ကို မြန်တာပဲ”
လေးယောက်မြောက်သခင်မလေး ပြောလိုက်သည့် စကားလုံးတိုင်းမှာ ဟောင်ဝမ်ချိုင်၏ နှလုံးသားကို ဓားနှင့် ထိုးနေသကဲ့သို့ပင်။
ထိုးချက်တိုင်းမှာ သေလောက်အောင် ပြင်းထန်ပြီး သွေးထွက်သံယို ဖြစ်စေပေသည်။
ဟောင်ဝမ်ချိုင်မှာ ကိုယ့်ကိုယ်ကိုဖိအားပေး၍ ပြုံးပြလိုက်ရသည်။
“ဟုတ်တယ်... ဟုတ်တယ်၊ သူတို့က တကယ် မြန်တာပဲ”
နောက်ဆုံးတွင်တော့ အမှတ် (၃) အဆောက်အဦး တစ်လုံးသာ ကျန်ရှိတော့ပေသည်။
လေးယောက်မြောက်သခင်မလေးက လက်ဝေ့ယမ်းလိုက်လျှင် ဖျက်သိမ်းရေး စက်ယန္တရားများနှင့် မြေတူးစက်များ အားလုံး ထွက်ခွာသွားကြလေသည်။
ဟောင်ဝမ်ချိုင်သည် ကျန်ရှိနေသော အမှတ် (၃) အဆောက်အဦးကို ကြည့်ပြီး အံ့သြဝမ်းသာစွာ မေးလိုက်၏။
“လေးယောက်မြောက်သခင်မလေး... ဒီအဆောက်အဦးကိုတော့ မဖျက်တော့ဘူးလား”
အမှတ် (၃) အဆောက်အဦး တစ်လုံးတည်းဆိုလျှင်တောင် သူ၏ ဆုံးရှုံးမှုအချို့ကို ပြန်လည် ကုစားနိုင်သေးသည် မဟုတ်ပါလား။
လေးယောက်မြောက်သခင်မလေးက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်... မဖျက်တော့ဘူး”
“ကျေးဇူးတင်ပါတယ် လေးယောက်မြောက်သခင်မလေး...”
“ယောင်မိသားစုက အမေနဲ့သားက ရှင့်ဆီ အိမ်မရောင်းဘူးလို့ ပြောထားမှတော့ အဆောက်အဦးကို ဖျက်လို့ မရတော့ဘူးလေ”
“ဒါဆို အမှတ် (၃) ထဲက ကျွန်တော့်ဆီ ရောင်းပြီးသား တခြားအိမ်တွေရော၊ အဲဒါတွေက ကျွန်တော့်အပိုင်ပဲမလား”
“မဟုတ်ဘူး... အကြီးအကဲမိုက အဲဒီအိမ်တွေကို ဝယ်လိုက်ပြီ၊ ငွေတွေကိုတော့ နောက်ရက်ကျရင် ရှင့်အကောင့်ထဲ ထည့်ပေးလိုက်မယ်”
အထက်မှ ဖျက်သိမ်းရေး မူဝါဒ ထွက်လာတော့မည်ဖြစ်ရာ ယောင်ပင်းနှင့် သူ၏အမေမှာ အမြောက်အမြားသော လျော်ကြေးငွေကို သေချာပေါက် ရရှိပေလိမ့်မည်။
ထို့ကြောင့်လည်း လေးယောက်မြောက်သခင်မလေးက အမှတ် (၃) အဆောက်အဦးကို ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဟောင်ဝမ်ချိုင်မှာ ဒေါသကြောင့် သွေးပင် အန်ချင်သွားတော့သည်။
သူင ယောင်ပင်း၏ အိမ်မှလွဲ၍ အမှတ် (၃) ရှိ အခြားအိမ်များ အားလုံးအတွက် လျော်ကြေးငွေ ပေးခဲ့ရပြီးဖြစ်ပေသည်။
သို့သော် လေးယောက်မြောက်သခင်မလေးက အကြီးအကဲမို ဝယ်လိုက်ပြီဟု ပြောလိုက်သဖြင့် အမှတ် (၃) အဆောက်အဦးမှာလည်း သူ ဟောင်ဝမ်ချိုင်နှင့် မသက်ဆိုင်တော့ချေ။
ဒါက အတင်းအကျပ် အဝယ်ခံလိုက်ရတာ မဟုတ်ဘူးလား။
လေးယောက်မြောက်သခင်မလေးသည်က သူ့အား ထောင်ချောက်ဆင်လိုက်ခြင်းဖြစ်လေဒ။
ဟောင်ဝမ်ချိုင်မှာ အံကြိတ်ကာ ဒေါသကို မျိုသိပ်ပြီး ပြုံးနေရုံသာ ရှိတော့သည်။
သူ မိုမိသားစုကို မပြစ်မှားရဲပေ။
ထို့အပြင် ယနေ့ လေးယောက်မြောက်သခင်မလေးမှာ ယောင်ပင်းနှင့် သူ၏အမေကို ကာကွယ်ရန် အပြည့်အဝ ဆုံးဖြတ်ထားပုံရပေသည်။ သူမက စစ်တပ်မှ သူမ၏ အဆက်အသွယ်များကိုပင် အသုံးပြုခဲ့သည် မဟုတ်ပါလား။
လေးယောက်မြောက်သခင်မလေးသည် အကွက်ချစီစဉ်ပြီး သူ့အား အဆောက်အဦးကို ကူညီဖျက်ပေးခဲ့သဖြင့် သူသည် ဟုန်ကျင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှု သုံးပုံတစ်ပုံခန့်ကို အလကား ဆုံးရှုံးလိုက်ရချေပြီ။
သူ၏ ကြံစည်မှု အားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ပြီ။
ဟောင်ဝမ်ချိုင်မှာ ရင်ကွဲမတတ် ခံစားရပြီး သွေးအန်လုမတတ် ဖြစ်နေသော်လည်း မလွန်ဆန်ရဲပေ။
အကယ်၍ လေးယောက်မြောက်သခင်မလေးက ယနေ့ သူ့ကို ဟုန်ကျင်းကုမ္ပဏီ၏ သုံးပုံတစ်ပုံ ဆုံးရှုံးအောင် လုပ်နိုင်လျှင် မနက်ဖြန် သူ့ကို ဒေဝါလီခံသွားအောင်ပင် လုပ်နိုင်စွမ်း ရှိပေသည်။
“လေးယောက်မြောက်သခင်မလေး... ကျွန်တော့် အတွင်းရေးမှူးကို ငွေလွှဲခိုင်းလိုက်ပါပြီ၊ တခြား ကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော် ပြန်လို့ ရမလား”
ဟောင်ဝမ်ချိုင် ထရပ်လိုက်ပြီး လေးယောက်မြောက်သခင်မလေးအား သတိဖြင့် ခွင့်တောင်းလိုက်လေသည်။
ပြိုကျသွားသော ဤအဆောက်အဦးများမှာ သူ၏ ငွေများပင် ဖြစ်ပေသည်။ သူ ဆက်ကြည့်နေပါက သူ၏ နှလုံးသားက ပို၍ နာကျင်ရပေလိမ့်မည်။
“နေဦး”
အေးစက်စွာ ကြည့်နေသော တပ်မှူးလင်းက ရုတ်တရက် စကားပြောလိုက်၏။
သူက ယောင်ပင်းအား ညွှန်ပြကာ ပြောလိုက်သည်။
“ဒီလူငယ်က အခုလေးတင်ပဲ ခင်ဗျားရဲ့လူတွေက သူ့အမေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ပြောသွားတယ်၊ အဲဒါ အမှန်ပဲလား”
“ဒါ... ဒါက...”
ဟောင်ဝမ်ချိုင်၏ နဖူးမှ ချွေးစေးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
သူ၏လူများက ယောင်ပင်း၏ အမေကို ဒဏ်ရာရအောင် လုပ်ခဲ့သည်။
သို့သော် ယောင်ပင်းက သူ၏လူ တစ်ဒါဇင်ကျော်ကို ဒဏ်ရာရစေခဲ့ပြီး တစ်ယောက်ဆိုလျှင် ခြေထောက်ကိုပင် အချိုးခံခဲ့သည် မဟုတ်ပါလား။
ဒါကို သူက ဘယ်သူ့ကို အပြစ်တင်နေတာလဲ။
“လူကြီးမင်း... ကျွန်တော်... ကျွန်တော် သူ့ကို ဆေးရုံ ပို့ပေးပါ့မယ်၊ အကောင်းဆုံး ဆေးရုံမှာ အကောင်းဆုံး ဆရာဝန်နဲ့ ပြပေးပြီး အကောင်းဆုံး လူနာခန်းမှာ ထားပေးပါ့မယ်”
ဟောင်ဝမ်ချိုင်က အမြန် ကတိပေးလိုက်ရတော့သည်။
ယနေ့တွင်တော့ သူ အရှုံးပေးရန်သာ တတ်တော့သည်။
“လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရင် ဆေးရုံပို့ပြီး ကုသပေးရတာက သဘာဝပဲလေ”
တပ်မှူးလင်းက စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ဟောင်ဝမ်ချိုင်အား အပြုံးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာဆိုတော့ သူတို့ကို စိတ်ရင်းနဲ့ တောင်းပန်သင့်တယ် မဟုတ်ဘူးလား”
နောက်ဆုံး စကားလုံးတွင် တပ်မှူးလင်း၏ လေသံမှာ ရုတ်တရက် အေးစက်သွားတော့သည်။
သူ၏လူများ၏ လက်နက်များ အားလုံးမှာလည်း ဟောင်ဝမ်ချိုင်ထံသို့ ချိန်ရွယ်ထားကြပေသည်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်”
ဟောင်ဝမ်ချိုင်မှာ ထရပ်ပြီးရုံသာ ရှိသေးသော်လည်း ယောင်ပင်း၏ ရှေ့တွင် ဝုန်းခနဲ ပြန်လည် ဒူးထောက်လိုက်ရတော့သည်။
“ညီလေး.. ငါ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး၊ ဒီတစ်ကြိမ်တော့ သနားညှာတာပေးပါဦး”
သူ့ကို သေနတ်ပြောင်းပေါင်း များစွာနှင့် ချိန်ရွယ်ထားမှတော့ သူ ဘယ်လိုလုပာပြီး မတောင်းပန်ဘဲ နေနိုင်တော့မှာလဲ။
ယောင်ပင်းက အေးစက်စွာ ပြောလိုက်၏။
“ခင်ဗျား တောင်းပန်ရမှာက ကျွန်တော့်ကို မဟုတ်ဘူး၊ ကျွန်တော့်အမေကိုပဲ”
ခိုင်ယဲ့၏ လူနှစ်ယောက်မှာ ယောင်ပင်း၏ အမေအား အပြင်သို့ တွဲခေါ်လာခဲ့ကြပြီး ဟောင်ဝမ်ချိုင်၏ ရှေ့တွင် ရပ်စေလိုက်သည်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်”
ဟောင်ဝမ်ချိုင်က ထပ်ခါတလဲလဲ တောင်းပန်နေတော့သည်။ သူသည်က ယခုအခါ နောင်တများဖြင့် ပြည့်နှက်နေပေပြီ။
အကယ်၍ ယောင်ပင်းတွင် ဤမျှလောက် ကြီးမားသော အားကိုးရာ ရှိမှန်းသာ သိခဲ့ပါက၊ သူသည် ယောင်ပင်းအား ကြံစည်ရန် ဝံ့မည်မဟုတ်သကဲ့သို့ သူ၏သား အရိုက်ခံရသည်ကိုလည်း အပြစ်တင်မိမည် မဟုတ်ပေ။
ယောင်ပင်းက သူ၏ ဟုန်ကျင်းကုမ္ပဏီတစ်ခုလုံးကို ဖျက်ဆီးခဲ့လျှင်တောင် သူ မည်သည်ကိုမှ လုပ်ရဲမည် မဟုတ်ပေ။
ဟောင်ဝမ်ချိုင် ဒူးထောက်လိုက်ပြီးနောက် အနက်ရောင် ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော်မှာလည်း လိုက်၍ ဒူးထောက်လိုက်ကြသည်။
သူတို့၏ သခင်က ဒူးထောက်နေချိန်တွင် သူတို့လည်း မတ်တတ်မရပ်ရဲပါချေ။
ယောင်ပင်း၏ အမေသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသော လူတစ်ဒါဇင်ကျော်ကို ကြည့်ပြီး အံ့သြစွာဖြင့် ယောင်ပင်းဘက်သို့ လှည့်ကြည့်လိုက်ကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။
သူမက သူမ၏ခင်ပွန်း ဆုံးပါးကတည်းက မငိုခဲ့ပေ။ ဤတစ်ကြိမ်တွင်တော့ သူမ ငိုမိခဲ့ချေပြီ။
သို့သော် သူမက ဂုဏ်ယူလွန်း၍ ငိုကြွေးခြင်းသာဖြစ်ပေသည်။
သူမ၏ သားလေးက နောက်ဆုံးတွင်တော့ ကြီးပြင်းလာခဲ့ချေပြီ။
ထို့အပြင် သူမ စိတ်ကူးထားသည်ထက်ပင် ပိုပြီး အစွမ်းထက်နေခဲ့ချေ။
ပင်းဟိုင် ဆေးရုံကြီး အမှတ် (၁)။
ဟောင်ဝမ်ချိုင်မှာ ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများက လူကိုယ်တိုင် ဆေးရုံသို့ ရောက်လာကြသည်ကို မြင်သောအခါ မှင်သက်သွားတော့သည်။
ယောင်ပင်း၏ အမေတွင် ဒဏ်ရာ အနည်းငယ်သာ ရှိသော်လည်း ဆေးရုံအုပ်ကြီးထံသို့အထိ သတင်းရောက်သွားသည်လား။
သူ့အသိုင်းအဝိုင်းမှ လူအချို့ပင်လျှင် ဆေးရုံအုပ်ကြီးနှင့် လူကိုယ်တိုင် တွေ့ဆုံရန် ခဲယဉ်းလှပေသည်။
ယောင်ပင်း၏ အမေကဲ့သို့ သာမန်လူတစ်ဦးက အဘယ်ကြောင့် ဤအဆင့်အထိ ဖြစ်နိုင်ရသည်လဲ။
မိုမိသားစုက နောက်ကွယ်တွင် သေချာပေါက် ပါဝင်နေခြင်းဖြစ်လိမ့်မည်။
မိုမိသားစုက ယောင်ပင်းကို မည်မျှအထိ တန်ဖိုးထားကြောင်းကို ထင်ရှားနေခဲ့ချေပြီ။
ရောဂါစစ်ဆေးမှု တစ်လျှောက်လုံးတွင် ဟောင်ဝမ်ချိုင်မှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ရသည်။
ယောင်ပင်းနှင့် သူ၏အမေက မကျေမနပ်ဖြစ်ပြီး သူ့ထံမှ ငွေညှစ်ရန် ကြိုးစားမည်ကို သူ အလွန်စိုးရိမ်နေခဲ့လေ၏။
ကံကောင်းစွာဖြင့် အလွန်အမင်းဆူညံပွက်လောရိုက်ခဲ့သော်လည်း ယောင်ပင်း၏ အမေမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့လေ၏။
ထိုအချိန်မှသာ ဟောင်ဝမ်ချိုင်လည်း ဘေးဆိုးတစ်ခုမှ လွတ်မြောက်လိုက်ရသကဲ့သို့ သက်ပြင်းချလိုက်နိုင်တော့သည်။
နောက်တစ်နေ့တွင်။
ဆေးရုံသို့ အမေဖြစ်သူအား လာရောက်ကြည့်ရှုသော အစ်ကိုခိုင်အား ပြန်လိုက်ပို့ပြီးနောက် ယောင်ပင်းက လူနာခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ခုတင်ဘေးရှိ စားပွဲပေါ်တွင် ပန်းစည်းတစ်ခုကို တွေ့လိုက်ရသည်။
အစ်ကိုခိုင်က သစ်သီးခြင်းသာ ယူလာခဲ့ပြီး ပန်းစည်း ယူမလာခဲ့ပေ။
ယောင်ပင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“အမေ... ဒီပန်းစည်းက ဘယ်သူ ပို့တာလဲ”
ယောင်ပင်း၏ အမေက ပြုံးလျက် ပြောလိုက်သည်။
“ဘယ်သူ ရှိဦးမှာလဲ၊ ရှောင်ပေပေါ့၊ အဲဒီကလေးမလေးက တကယ်ကို သဘောကောင်းတဲ့ ကလေးမလေးပဲ၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ နေမကောင်းသလိုပဲ...”
ရှောင်ပေ ဟုတ်လား။
ကျန်းရှောင်ပေလား။
“အမေ... ရှောင်ပေ ဘယ်တုန်းက ရောက်တာလဲ”
ယောင်ပင်းက အမေဖြစ်သူ၏ စကားကို ဖြတ်မေးလိုက်ပြီး အဖြေကို အလောတကြီး တောင်းဆိုလိုက်သည်။
“အခုလေးတင် ထွက်သွားတာ..”
ယောင်ပင်း၏ ထူးဆန်းသော အမူအရာကို အမေဖြစ်သူက သတိပြုမိသွားပြီး အံ့သြတကြီး မေးလိုက်၏။
“ရှောင်ပင်း... ဘာဖြစ်လို့လဲ”
အမေဖြစ်သူ စကားမဆုံးသေးမီမှာပင် ယောင်ပင်းက လှည့်၍ လူနာခန်းထဲမှ ပြေးထွက်သွားတော့သည်။
သူ လူနာခန်းနှင့် မနီးမဝေးသို့ရောက်သည့်အချိန်မှာပင် ဆေးရုံဧည့်ခန်းဘက်သို့ အလောတကြီး လျှောက်သွားနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
သူ၏ လက်ထဲတွင်လည်း တစ်ခုခုကို ကိုင်ထားခဲ့လေ၏။
*
အခန်း(30)
ဆေးရုံထွက်ပေါက်ဆီသို့ အလောတကြီး လျှောက်သွားနေသော ထိုပုံရိပ်မှာ ကျန်းရှောင်ပေသာ ဖြစ်ပေသည်။
ထို့အပြင် ကျန်းရှောင်ပေ လက်ထဲတွင် ကိုင်ထားသည်မှာ..
ယောင်ပင်း အမေ၏ အပေါ်ထပ်အင်္ကျီသာ ဖြစ်နေခဲ့လေ၏။
ယောင်ပင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
ကျန်းရှောင်ပေက သူ့အမေရဲ့ အင်္ကျီအဟောင်းကို ယူဖို့အတွက်သက်သက်နှင့် ရုတ်တရက် ပေါ်လာတာလား။
သူတို့၏ အရပ်အမောင်းနှင့် ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ များစွာ ကွာခြားသောကြောင့် ဝတ်ဆင်ရန်အတွက်တော့ မဖြစ်နိုင်ချေ။
ထို့အပြင် ယခုအခါ ကျန်းရှောင်ပေမှာ...
သေဆုံးသွားပြီ ဖြစ်သည်။
ကျန်းရှောင်ပေ၏ “ရှင်ပြန်ထမြောက်ခြင်း” နောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက် ရှိနေသည်လဲ။
ယောင်ပင်း၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားသော်လည်း သူ၏ခြေလှမ်းများမှာ တုံ့ဆိုင်းမသွားဘဲ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် နောက်မှ လိုက်လံဖမ်းဆီးလေသည်။
သူ၏အမေမှာ VIP လူနာဆောင်တွင် ရှိနေပြီး ဆရာဝန်များ၊ သူနာပြုများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံယူနေရသည့်အပြင် ခိုင်ယဲ့၏ လူများကလည်း တိတ်တဆိတ် အကာအကွယ် ပေးထားသဖြင့် ပြဿနာရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယခုအခါ သူသည်က ကျန်းရှောင်ပေနောက်သို့ လိုက်ရန်နှင့် သူမထံရှိ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် အာရုံစိုက်နိုင်သည်။
ဆေးရုံမှ ထွက်ခွာပြီးနောက် ကျန်းရှောင်ပေသည် ဆေးရုံနောက်ဘက်ရှိ ဆိတ်ငြိမ်သော လမ်းတစ်ခုထဲသို့ တိုက်ရိုက်ကွေ့ဝင်သွားကာ အမြန်လျှောက်လှမ်းသွားခဲ့သည်။
သူမသည် ထိုအင်္ကျီကို တစ်ချိန်လုံး ပုံစံမပျက် ကိုင်ဆောင်ထား၏။
ယောင်ပင်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
ကျန်းရှောင်ပေ၏နောက်သို့ လိုက်နေရင်း ယောင်ပင်းမှာ သူလွန်ခဲ့သော အချိန်က ဝယ်ယူခဲ့သည့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းကို ရုတ်တရက် သတိရသွားသည်။
အကယ်၍ သူသာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းကို စစ်ဆေးကြည့်ပါက ကျန်းရှောင်ပေနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်မည်လား။
သူ စိတ်အားတက်ကြွသွားကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်း ကို ချက်ချင်းဖွင့်ပြီး ကျန်းရှောင်ပေ၏ အမည်ကို ရေးသားလိုက်လေသည်။
ထူးဆန်းသည်မှာ ထိုစာလုံးသုံးလုံးကို ရေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာ ရေစိုသွားသကဲ့သို့ တဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝ ပျောက်ကွယ်သွားလေ၏။
နောက်ဆုံးတွင် ဗလာသက်သက်သာ ဖြစ်သွားတော့သည်။
ယောင်ပင်းသည် အခြားသော အမည်အချို့ကို ထပ်မံရေးသားကြည့်၏။
အခြားအမည်များမှာတော့ ရေးလိုက်သည်နှင့် ၎င်းတို့၏ မွေးနေ့ မွေးရက်များနှင့် ထိုအချိန်က ကံကြမ္မာများကိုပါ ဖော်ပြပေးနေသည်။
ကျန်းရှောင်ပေ၏ အမည်တစ်ခုတည်းသာ မည်မျှပင် ရေးသားပါစေ ဗလာသက်သက်သာ ဖြစ်နေခဲ့သည်။
“သေစမ်း”
ယောင်ပင်းမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းကို အသုံးပြုရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရပြီး ကျန်းရှောင်ပေကို ခြေရာခံရန်သာ ဆက်လက် အာရုံစိုက်ရတော့သည်။
ဤအချိန်တွင် မိုးက တဖြည်းဖြည်း ချုပ်လာပြီ ဖြစ်သည်။
ကျန်းရှောင်ပေ သွားနေသည့်လမ်းမှာ ပို၍ ဝေးလံခေါင်သီလာပြီး ပတ်ဝန်းကျင်မှာလည်း ပို၍ ခြောက်ကပ်လာခဲ့သည်။
ညအချိန်သို့ ရောက်ရှိလာခြင်းကြောင့် ပိုမို ထူးဆန်း ချောက်ချားဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
ယောင်ပင်းမှာ နောက်ဆုတ်မသွားခဲ့ပေ။
ယနေ့ ယောင်ပင်းမှာ အတိတ်က ယောင်ပင်း မဟုတ်တော့ချေ။
ထိုနေ့က ကျင်းကျူ KTV တွင် သူသည်က အွန်လိုင်းစတိုးကို အပျင်းပြေကြည့်ရှုရင်းဖြင့် တစ္ဆေများ၏ စွမ်းအားကိုပါ ဝယ်ယူနိုင်ပြီး သူတို့၏ အစွမ်းကိုလည်း ငှားရမ်းနိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
မာစတာခိုင်၏ လူများကို ဖြေရှင်းရန်အတွက် သူသည်က တစ္ဆေကြီးတစ်ကောင်၏ စွမ်းအားကို အသုံးပြုလေ၏။ ထို့နောက်တွင် သူတို့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။
ထို့ပြင် ဟောင်ဝမ်ချိုင်၏ ဝတ်စုံနက်ဝတ် လူတစ်ဒါဇင်ကျော်ကို ဖြေရှင်းရန်အတွက် သူက တစ္ဆေဗိုလ်ချုပ်တစ်ဦး၏ စွမ်းအားကို ငှားရမ်းကာ တစ်ခဏအတွင်း အမှုန့်ခြေခဲ့သည်။
ယင်စွမ်းအင်ကို ထိန်းချုပ်သည့် ယန်စွမ်းအင်မှာ ပင်လယ်ပြင်မှ သမုဒ္ဒရာကြီးထဲသို့ စီးဝင်လာသကဲ့သို့ အတိုင်းအဆမရှိ အားကောင်းကာ လှိုင်းထန်နေချေပြီ။
ထို့ကြောင့် အရှေ့တွင် အန္တရာယ်ရှိနေသည်ကို သိသော်လည်း သူသည်က ကြောက်ရွံ့ခြင်းမရှိဘဲ ရဲဝံ့စွာ ရှေ့ဆက်ခဲ့သည်။
ကောင်းကင်မှာ နောက်ဆုံးတွင် လုံးဝ မှောင်မည်းသွားခဲ့လေသည်။
တိမ်မည်းများက မှင်ရည်အပျစ်များ ဖိတ်စင်ကျလာသကဲ့သို့ လမင်းကို ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်မှာခဲ့ မည်းမှောင်၍ ထူးဆန်းနေပေသည်။
ကျန်းရှောင်ပေသည် နောက်ဆုံးတွင် သူမ၏ ဦးတည်ရာသို့ ရောက်ရှိသွားသည်။
ခံ့ညားသော အဆောက်အအုံများ မြင့်မားစွာ တည်ရှိနေသည့် တောင်ပေါ်တံခါးဝတစ်ခု ဖြစ်လေသည်။
ဤသည် အမှန်စင်စစ် ဘုရားကျောင်းတစ်ခုဖြစ်နေခဲ့သည်။
ယောင်ပင်း အနည်းငယ် အံ့အားသင့်သွား၏။
ကျန်းရှောင်ပေ၏နောက်သို့ ဤမျှကြာအောင် လိုက်လာခဲ့ပြီးနောက် သူမက သူ့ကို ဘုရားကျောင်းတစ်ခုသို့ ခေါ်ဆောင်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ကျန်းရှောင်ပေကို ကြည့်လိုက်လျှင် သူမသည် တောင်ပေါ်တံခါးဝအတွင်းသို့ ဝင်ရောက်ပြီးနောက် ပင်မဆောင်သို့ တိုက်ရိုက်သွားသည်ကိုတွေ့လိုက်ဝ၏။
သူမ၏ ပုံရိပ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားချေပြီ။
ယောင်ပင်း အချိန်မဆွဲရဲတော့ဘဲ သူမ၏နောက်သို့ ချက်ချင်း လိုက်သွားလေသည်။
ဘုရားကျောင်းတံခါးသို့ ရောက်သောအခါ တံခါးအထက်တွင် “ချင်ကွမ်းဝမ် ခန်းမ” ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရသည့်အတွက် သူ အံ့အားသင့်သွားမိရသည်။
ယောင်ပင်း တံခါးကို တွန်းဖွင့်၍ အတွင်းသို့ ဝင်လိုက်လေသည်။
သူ တံခါးကို တွန်းဖွင့်လိုက်သည့် ခဏမှာပင် သူ၏ စိတ်ထဲရှိ မျက်နှာပြင်တွင် အောက်ပါအတိုင်း ပေါ်လာခဲ့သည် ။
လယ်ဗယ်(8) တာဝန်: ငရဲပြည်၏ ပထမမြောက်ခန်းမအရှင် ချင်ကွမ်းဘုရင်ကို နှိမ်နင်းရန်!
အခက်အခဲ အညွှန်းကိန်း: လယ်ဗယ် (8)
မှတ်ချက်: မင်းကြီးချင်ကွမ်းသည် ငရဲမင်းကြီး ဆယ်ပါးအနက် တစ်ပါးဖြစ်ပြီး လူ့လောက၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို တာဝန်ယူရသူ၊ မြေအောက်လောက၏ ကံကြမ္မာများနှင့် သူတော်စင်တို့၏ သက်တမ်းကို စီရင်သူ ဖြစ်သည်
သတိပေးချက်:လယ်ဗယ် ခုန်တက်မှုမှာ များလွန်းလှသဖြင့် အခက်အခဲမှာ အလွန်မြင့်မားနေပါသည်။
သေသေချာချာ စဥ်းစားပါ!!!
“သေသေချာချာ စဥ်းစားပါ” ဟူသော စာလုံးမှာ တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားပြီး နောက်တွင် အာမေဍိတ်သုံးခု ပါရှိနေသည်။
အတော်လေး ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။
ထိုအချိန်တွင် ယောင်ပင်း၏ ဖုန်းက နှစ်ကြိမ်မြည်သွားကာ စာတိုတစ်စောင်ရရှိကြောင်း အချက်ပြလာခဲ့သည်။
သူ ဖွင့်ကြည့်လိုက်လျှင် ခိုင်ယဲ့ထံမှ ဖြစ်ပြီး လေသံမှာလည်း စိုးရိမ်တကြီးရှိနေကာ အတော်လေး အရေးကြီးနေပုံရသည်။
“သခင်လေးယောင်၊ ဟိုလူယုတ်မာ မာစတာချင်နဲ့ သူ့လူစုက မင်းကို ပြသနာရှာဖို့ ကြိုးစားနေကြတယ်! မင်းအခု ဘယ်မှာလဲ၊ ငါ အခုချက်ချင်း လိုက်လာခဲ့မယ်!”
စာတစ်ကြောင်းတည်းတွင် ခိုင်ယဲ့က အာမေဍိတ် နှစ်ခုကို အသုံးပြုထားသည့်အတွက် သူ မည်မျှစိတ်လှုပ်ရှားနေကြောင်းကို ပြသနေခဲ့သည်။
ယောင်ပင်း ပြန်စာပို့ရန် ပြင်လိုက်ချိန်မှာပင် တဝှီးဝှီးမြည်နေသော အသံအချို့ကို ကြားလိုက်ရပြီး သူ၏ဖုန်းမှ ရုတ်တရက် အမည်းရောင်မီးခိုးများ ထွက်လာကာ ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ဘန်း!
တစ်ချိန်တည်းမှာပင် ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဖုန်းပေါက်ကွဲသွားသည့် ခဏမှာပင် ယောင်ပင်း၏ အနောက်ရှိ တံခါးမှာလည်း ဝုန်းခနဲ ပိတ်သွားလေသည်။
ဘန်း.. ဘန်း.. ဘန်း..
ထို့နောက် ခန်းမအတွင်းရှိ တံခါးများနှင့် ပြတင်းပေါက်များ အားလုံးက တစ်ခဏအတွင်း ပိတ်သွားတော့သည်။
ခန်းမတစ်ခုလုံး မှောင်မည်းသွားလေပြီ။
ခန်းမအတွင်းရှိ အပူချိန်မှာလည်း ဆောင်းတွင်းအလယ်ကဲ့သို့ ရုတ်တရက် ထိုးဆင်းသွားပေသည်။
ယောင်ပင်းသည် ကိုယ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး “မြေအောက်ကမ္ဘာမီးအိမ်” တစ်လုံးကို ဝယ်ယူလိုက်သည်။
ရှစ်မြောင့်ပါသော မြေအောက်ကမ္ဘာမီးအိမ်မှာ သူ၏ ရှေ့တွင် လွင့်မျောနေပြီး ထူးဆန်းသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။
“ဟီး..ဟီး..ဟီး..”
သူ မြေအောက်ကမ္ဘာမီးအိမ်ကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းမှ သဲ့သဲ့ရယ်သံကို ကြားလိုက်ရသည်။
အမျိုးသမီးတစ်ဦး၏ ရယ်သံ ဖြစ်လေသည်။
ဆွဲဆောင်မှုရှိပြီး ရီဝေယစ်မူးဖွယ် ကောင်းလှသည်။
ထို့အပြင် ရယ်နေသည်မှာ တစ်ဦးတည်း မဟုတ်ဘဲ လူတစ်စုဘိုက်ဖြစ်နေခဲ့သည်။
ယောင်ပင်း မော့ကြည့်လိုက်ရာ ခန်းမအတွင်းရှိ တိုင်လေးတိုင်၏ ဘေးတွင် ပါးလွှာသော ဇာထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အချိုးအစား လှပသော အမျိုးသမီး လေးဦး ရပ်နေသည်ကို တွေ့ရသဖြင့် တုန်လှုပ်သွားမိသည်။
ခန်းမအလယ်တွင်တော့ ချင်ကွမ်းဘုရင်၏ ရုပ်တုမှာ ကျားသစ်မျက်လုံး၊ ခြင်္သေ့နှာခေါင်း၊ မုတ်ဆိတ်ရှည်များနှင့် လေးထောင့်သရဖူကို ဆောင်းထားကာ ကြောက်မက်ဖွယ်ကောင်းပြီး ခန့်ညားစွာ ရပ်နေပေသည်။
အလှလေးများနှင့် နတ်ဘုရားတစ်ပါး။
လိုက်ဖက်မှုမရှိဘဲ ထူးထူးဆန်းဆန်း ချောက်ချားဖွယ် ကောင်းလွန်းသည်။
သို့သော် ကျန်းရှောင်ပေကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
ယောင်ပင်း ကျန်းရှောင်ပေကို ရှာဖွေနေစဥ်မှာပင် ပါးလွှာသော ပုဝါဝတ် အမျိုးသမီးလေးဦးမှာ လှုပ်ရှားလာပြီး သူ့ထံသို့ တစ်ပြိုင်နက်တည်း ခုန်အုပ်လာကြလေသည်။
မိုးကြိုးအရှိန်ကဲ့သို့ အလွန်ပင် လျင်မြန်လှပေသည်။
ယောင်ပင်းမှာ လှုပ်ရှားခြင်း မရှိပေ။
သူ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အမျိုးသမီးလေးဦး သူ၏အနီးသို့ ရောက်ရှိလာသည့် ခဏတွင် သူ၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် ဖောင်းကားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ မြူမှုန် အဖြူများ ပေါက်ကွဲထွက်လာပေသည်။
သူကသူ၏ လက်ဝါးများကို မြှောက်ကာ သူ့ထံသို့ ပြေးဝင်လာသော အမျိုးသမီး လေးဦးထံသို့ ရိုက်ချလိုက်လေသည်။
“ဘုန်း!”
“ဘုန်း!”
လေဟာနယ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများစွာ ထွက်ပေါ်လာခဲ့သည်။
ယောင်ပင်းထံသို့ ခုန်အုပ်လာသော အမျိုးသမီးလေးဦးသည်လည်း လွင့်ထွက်သွားခဲ့လေသည်။
ထိုခဏမှာပင် ပါးလွှာသော ဇာထည်ကိုဝတ်ထားသည့် အမျိုးသမီးလေးဦးမှာ အရိုးစုပုံများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
ရှဲရှဲ...
ပါးလွှာသော ပုဝါဝတ် အမျိုးသမီးလေးဦး လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ခန်းမပတ်ပတ်လည်ရှိ နံရံခြေရင်းများမှ ဖြူဖျော့ပြီး ခြောက်သွေ့သော လက်ပေါင်းများစွာ ထွက်ပေါ်လာကာ အရေအတွက်မရှိသော အရိုးစုများမှာလည်း နံရံခြေရင်းမှ တိုးထွက်လာပြီး ယောင်ပင်းထံသို့ လျင်မြန်စွာ တွားသွားလာကြလေသည်။
ရာနှင့်ချီ၍ ရှိနေခဲ့သည်။
အရိုးစုတစ်တပ်လုံး ပေါ်လာချေပြီ။
ထောင့်စွန်းမှ ထွက်လာသော အရိုးစုကို မြင်လိုက်ရသဖြင့် ယောင်ပင်း ချက်ချင်း နားလည်သွားသည်။
“ဟမ့်! ငါ့အသက်ကို လိုချင်နေမှတော့ ဘာလို့ ပုန်းနေဦးမှာလဲ”
ယောင်ပင်းက နှာခေါင်းရှုံ့ကာ ခန်းမအလယ်ရှိ ချင်ကွမ်းဘုရင်၏ ရုပ်တုကို မောက်မာစွာ စိုက်ကြည့်လိုက်သည်။
“ကြီးမြတ်လွန်းတဲ့ ချင်ကွမ်းဘုရင်က မကောင်းဆိုးဝါးတွေနဲ့ ပေါင်းပြီး တခြားသူတွေကို ရန်ရှာနေတာပဲ၊ ခင်ဗျားက ဘာမြားအသုံးကျလို့လဲ”
ထိုသို့ပြောပြီးနောက် သူက တိုင်တစ်တိုင်ဆီသို့ လှည့်သွားကာ သူ၏လက်ဝါးကို ထက်ရှသော ဓားတစ်စင်းကဲ့သို့ အသုံးပြု၍ တိုင်ကို ခုတ်ချလိုက်လေသည်။
“ဘုန်း!”
တိုင်က နှစ်ပိုင်းပြတ်သွားချေပြီ။
ယောင်ပင်းက ခါးကို အနည်းငယ်ကိုင်းကာ လက်တစ်ဖက်ကို ကွေးလိုက်ပြီးနောက် ဝုန်းခနဲ အသံနှင့်အတူ ထိုတိုင်ကို မြေမှ နုတ်ယူလိုက်ကာ ချင်ကွမ်းဘုရင်၏ ရုပ်တုဆီသို့ လျှောက်သွားပြီး တိုင်ကို မြှောက်၍ ရုပ်တုပေါ်သို့ ရိုက်ချလိုက်လေတော့သည်။
တစ္ဆေဘုရင်၏ စွမ်းအား။
ရုတ်တရက် ပေါက်ကွဲထွက်လာသော အစွမ်းပင် ဖြစ်လေ၏
“ဘုန်း!”
ချင်ကွမ်းဘုရင်၏ ရုပ်တုက ပြိုကျသွားတော့သည်။