အရာခပ်သိမ်းစုစည်းခြင်း ဓား
Vol. 86 Ch. 852
"မင်းက ငါတကယ်ကြောက်နေတယ်လို့ ထင်နေတာလား။"
တောင်ပိုင်းနဂါးဘုရင်၏ မျက်နှာအမူအရာမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့၏။ သွေးညှီနံ့များက သူ၏ သားရဲစိတ်ကို ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ပင်။
မည်သည့်အချိန်တွင်မဆို တိတ်ဆိတ်စွာသည်းခံနိုင်သောနတ်ဆိုးကြီးတစ်ကောင်သည် အသက်ဘေးနှင့် ကြုံလာရသည့် အဆုံးအဖြတ်အခြေအနေမျိုး၌ သူ၏ နှလုံးသားထဲတွင် မြှုပ်နှံထားသော ကြောက်မက်ဖွယ်ရာရှင်သန်လိုစိတ်မှာ သာမန်လူတို့စိတ်ကူးမိသည်ထက်များစွာ သာလွန်လှပေသည်။
"အရမ်း အနိုင်ကျင့်လွန်းတယ်"
၎င်းသည် နောက်ထပ်နဂါးဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်ပြီး၊ ဤတစ်ကြိမ်တွင်မူ အထက်ရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို ပစ်မှတ်ထားကာ အစပြုတိုက်ခိုက်လိုက်လေသည်။
အရာအားလုံးကို ဘေးဖယ်ထားကာ အသေအလဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့်အခါ၊ ထိုနဂါးအိုကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်ဆိုးအရှိန်အဝါမှာ တောင်ပိုင်းဟုန်တစ်ခုလုံးကို တုန်ခါသွားစေလောက်အောင် အစွမ်းထက်လှပါသည်။
မြင်ကွင်းတစ်ခုလုံးတွင်ပြည့်နှက်နေကာ ပုံသဏ္ဍာန်အပြည့်အစုံကိုမမြင်နိုင်သော ထိုနဂါးနတ်ဆိုးကြီးကို ရင်ဆိုင်ရင်း ရှန်းယီမှာ ထိတ်လန့်ခြင်းမရှိဘဲ အေးဆေးစွာပင် ရှေ့သို့တစ်လှမ်းတက်လိုက်လေသည်။
သူ၏ နောက်ဘက်တွင်မူ မှောင်မည်းပြီးအုံ့မှိုင်းလှသော မရဏကမ္ဘာစံအိမ်တစ်ခု လျင်မြန်စွာထွက်ပေါ်လာခဲ့၏။
စမ်းချောင်းစီးသံများနှင့် ကျိုးပျက်နေသော တံတားတစ်စင်း။
ရှန်းယီသည် ဤအထွတ်အထိပ်မရဏကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် ရပ်နေခဲ့၏။ သူ၏ ဆံပင်များမှာ လေထဲတွင်အနည်းငယ်လွင့်ဝဲနေပြီး၊ တောင်ပိုင်းနဂါးဘုရင် ထိုအထဲသို့ အတင်းအဓမ္မ တိုးဝင်လာသည်ကို သူ၏ လျစ်လျူရှုထားသော မျက်လုံးများဖြင့် တည်ငြိမ်စွာစောင့်ကြည့်နေခဲ့လေသည်။
သူသည် ခယ်မိသားစု အိမ်ရှေ့မင်းသားနှင့် ချီကျောက်ယီတို့ကို ရင်ဆိုင်စဉ်ကကဲ့သို့ ရှန်းယွဲ့ကျန်းချင်ထျန်း၏ အရှိန်အဝါဖြင့် ပြိုင်ဘက်ကို ဖိနှိပ်ရန် မကြိုးစားခဲ့ချေ။
ဤအခိုက်အတန့်တွင် မိုးမြေ၏ ဝိညာဉ်စွမ်းအင်အားလုံးသည် အနက်ရောင်ဝတ်စုံအောက်ရှိ ခန္ဓာကိုယ်အတွင်းသို့ စုစည်းသွားခဲ့၏။
ရှန်းယီသည် မိုးပြာရောင်ကောင်းကင်ယံနှင့် တစ်သားတည်းဖြစ်သွားပြီး၊ သူ ပြန်လည် ထွက်ပေါ်လာသည့်အခါတွင်မူ တောင်ပိုင်းနဂါးဘုရင်၏ ဦးခေါင်းထိပ်ပေါ်တွင် ရပ်နေခဲ့ပြီဖြစ်သည်။ အရွယ်အစားကွာခြားလွန်းလှသဖြင့် သူ၏ ဘေးရှိ နဂါးချိုကြီးနှစ်ခုမှာ ကောင်းကင်ကို ထောက်မထားသောတိုင်လုံးကြီး နှစ်ခုကဲ့သို့ပင်။
သို့သော်လည်း နဂါးအိုကြီးမှာ မည်မျှပင်ရူးသွပ်စွာ လှုပ်ရှားနေပါစေ၊ သူ၏ ပုံရိပ်မှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိခဲ့ချေ။
ယဲ့ကျိုး နှင့် ချီယန်ရှန်းတို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်၊ ထိုလူငယ်လေးသည် လက်ဝါးနှစ်ဖက်ကို ရဲရဲဝံ့ဝံ့ဆန့်ထုတ်လိုက်ကာ တောင်ပိုင်းနဂါးဘုရင်၏ ဦးခေါင်းထိပ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်၏။ တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးမှာ နေရာမှာတင် တောင့်တင်းသွားခဲ့ရပါသည်။
နောက်တစ်ခဏတွင်မူ တောင်ကြီးငါးလုံး၏ အလေးချိန်ကိုထမ်းထားရသကဲ့သို့ပင်၊ ၎င်းသည် အပြင်းအထန် ရုန်းကန်ရင်း အောက်သို့ ထိုးဆင်းသွားခဲ့ရလေသည်။
ဝုန်း
ရှန်းယီ၏ ဖိနှိပ်မှုအောက်တွင် တောင်ပိုင်းနဂါးဘုရင်သည် အထွတ်အထိပ် မရဏကမ္ဘာအတွင်းသို့ တိုက်ရိုက်ကျဆင်းသွားကာ အပြင်းအထန်ဖိနှိပ်ခံလိုက်ရ၏။ သိပ်သည်းလှသော အနက်ရောင်မြူခိုးများသည် သွေးနံ့ရသောသားရဲတစ်ကောင်ကဲ့သို့ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို ဒေါသတကြီး ဝန်းရံဝါးမြိုလိုက်ကြလေသည်။
"ဂါး.."
တောင်ပိုင်းနဂါးဘုရင်၏ စူးရှလှသော အော်ဟစ်သံမှာ ပင်လယ်ပြင်အကြားတွင်ပဲ့တင်ထပ်သွားခဲ့လေ၏။ ၎င်းသည် စိတ်ကူး၍ပင်မရနိုင်သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ခံစားနေရသကဲ့သို့ပင်။
နတ်ဆိုးများသည် များသောအားဖြင့် နတ်ဝိညာဉ်ကို ကျင့်ကြံလေ့မရှိကြပေ။ အကြောင်းမှာ ၎င်းတို့သည် သဘာဝ၏အချစ်တော်များ ဖြစ်ကြသောကြောင့်ပင်။
မကျင့်ကြံဘဲနှင့်ပင် ကြောက်မက်ဖွယ်ရာနတ်ဆိုးခန္ဓာကိုယ်များကို သူတို့၏ ဝိညာဉ်ဖြင့် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိကြသဖြင့် ကျင့်ကြံသူများမှာ မနာလိုစွာသက်ပြင်းချရရုံသာရှိလေသည်။
သို့သော် မကျင့်ကြံခြင်းမှာ ကပ်ဘေးဒုက္ခများကို အတွေ့အကြုံမရှိခြင်းပင် ဖြစ်ပေသည်။
အထွတ်အထိပ် မရဏကမ္ဘာ ဆိုသည်မှာ ကြင်နာတတ်သောနည်းလမ်းမဟုတ်ချေ။ ၎င်းသည် နတ်ဆိုးဝိညာဉ်ကို လုံးဝ ဝါးမြိုပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
"တောက်။"
ဤစူးရှလှသော အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ ယဲ့ကျိုးသည် မရဏစံအိမ်ကို အနည်းငယ် စိုးရိမ်ထိတ်လန့်စွာကြည့်လိုက်မိသော်လည်း၊ သူ၏ လှုပ်ရှားမှုများမှာမူ အနည်းငယ်မျှနှေးကွေးသွားခြင်း မရှိခဲ့ချေ။
ဂိုဏ်းချုပ်ရှန်း၏ ဆက်တိုက်ဆိုသလို ထုတ်ဖော်လာသော စွမ်းဆောင်ရည်များသည် သူ၏ မျှော်လင့်ချက်များကို များစွာကျော်လွန်နေခဲ့လေ၏။
ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ဖြင့် နဂါးနတ်ဆိုးတစ်ကောင်ကို ဖိနှိပ်ကာမလှုပ်နိုင်အောင် ချုပ်နှောင်ထားနိုင်ခြင်းသည် သူ၏ ဘဝတွင် ကြုံဖူးသမျှအကောင်းဆုံးအခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။ သူ ဤအခွင့်အရေးကို လုံးဝ အဆုံးရှုံးမခံနိုင်ချေ။
ယဲ့ကျိုးသည် သူ၏ လက်ဝါးကို မြှောက်လိုက်ရာ၊ ထိုအထဲတွင် အလင်းများတဖျတ်ဖျတ်လှုပ်ခတ်ကာစီးဆင်းနေလေသည်။ အစောပိုင်းက ပြန့်ကျဲသွားခြင်းနှင့် မတူဘဲ၊ ယခုအခါတွင်မူ ၎င်းသည် ပိုမိုထိန်းချုပ်ထားနိုင်ပြီး၊ ပေရာပေါင်းများစွာ ရှည်သော ဓားအလင်းတန်းမဟုတ်တော့ဘဲ အပ်တစ်ချောင်းကဲ့သို့ သေးငယ်သည်အထိ သန့်စင်သွားခဲ့၏။
ညှိနှိုင်းနေရန် မလိုပေ။ သူတို့ တစ်ယောက်ချင်းစီက ကိုယ့်တာဝန်ကိုယ်ကျေပွန်နေသရွေ့ ၎င်းသည် သူတို့အတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေလိမ့်မည်။
"အရာခပ်သိမ်းစုစည်းခြင်း ဓားတစ်လက်"
ယဲ့ကျိုးသည် မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့ဘာသာ တိုးတိုးလေးရေရွတ်လိုက်၏။
ဤသည်မှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ဖန်တီးခဲ့သမျှအားအကောင်းဆုံးတိုက်ကွက်ဖြစ်ကာ၊ တောင်ပိုင်းနဂါးဘုရင်အတွက် အတိအကျ ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သော်လည်း၊ ဤတိုက်ကွက်ကို အသုံးပြုရမည့်နေ့ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှမတွေးခဲ့မိချေ။
အလင်းစီးဆင်းရတနာဓားသည် ရှေ့သို့ ရွေ့လျားသွားချိန်တွင် နှေးကွေးနေသကဲ့သို့ ထင်ရလေသည်။
၎င်း ဖြတ်သန်းသွားသမျှ အရာအားလုံး၊ သဘာဝ၏ ဝိညာဉ်စွမ်းအင်ဖြစ်စေ၊ နောက်ကျိနေသော ရေလှိုင်းများဖြစ်စေ သို့မဟုတ် တောင်ပိုင်းနဂါးဘုရင်ထံမှ စီးကျလာသောနတ်ဆိုးသွေးများဖြစ်စေ အားလုံးကို ၎င်းက တိတ်ဆိတ်စွာဝါးမြိုသွားခဲ့လေ၏။
ရှေ့သို့ဆယ်ပေတိုးသွားတိုင်း ဓားအတွင်းရှိ အရှိန်အဝါမှာ နှစ်ဆတိုးလာခဲ့ပေသည်။
"သတ်စမ်း"
ယဲ့ကျိုးသည် ရုတ်တရက်မျက်လုံးများကို ဖွင့်လိုက်ပြီး အော်ဟစ်လိုက်ချိန်တွင်၊ ဖြည်းညှင်းစွာရွေ့လျားနေသောရတနာဓားမှာ ၎င်း၏ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်က ချင်းကျောင်းယန်၏ လက်ထဲမှ ဓားတစ်လက်ဖြစ်ခဲ့ဖူးသော ဤကောင်းကင်ဓားဂိုဏ်းချုပ်သည်၊ ယခုအခါတွင်မူ ရှန်းယီ၏ လက်ထဲ၌ အသုံးတော်ခံနေပြီဖြစ်ကာ၊ သူ၏ ဓားသွားမှာ ထက်မြဲနေဆဲ၊ သူ၏ သတ်ဖြတ်လိုစိတ်မှာလည်း ရှိနေဆဲပင်ဖြစ်ပြီး၊ နန်ယန်းဂိုဏ်းချုပ်၏ အမိန့်များကို အပြည့်အဝအကောင်အထည်ဖော်နေလေသည်။
တောင်ပိုင်းနဂါးဘုရင်သည် အထွတ်အထိပ် မရဏကမ္ဘာအတွင်း၌ အော်ဟစ်နေပြီး ချီယန်ရှန်းမှ ဒေါသတကြီးရိုက်ချလိုက်သော ခရမ်းရွှေရတနာတောင်ကို အတင်းအကျပ်ဟိန်းဟောက် ရင်ဆိုင်နေသော်လည်း၊ ဤဓားသွား၏ ရှေ့တွင်မူ ၎င်းသည် တိတ်ဆိတ်သွားခဲ့ရလေ၏။
၎င်းသည် ခေါင်းကို ရုတ်တရက်မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ကြည့်လိုက်ရာ၊ ၎င်း၏ အကြည့်မှာ ယဲ့ကျိုးထံသို့ ကျရောက်သွားခဲ့ပါသည်။
"..."
တောင်ပိုင်းနဂါးဘုရင်၏ ခက်ထန်ကြမ်းတမ်းသော မျက်နှာပေါ်တွင် စစ်မှန်သောကြောက်ရွံ့မှုနှင့် သည်းမခံနိုင်သော နာကျင်မှုများရှိနေသော်လည်း၊ အသက်ရှင်ရန်ရုန်းကန်နေသော သားရဲတစ်ကောင်၏ ရူးသွပ်မှုမှာလည်း ထပ်တူပင် စစ်မှန်လှပေသည်။
ယဲ့ကျိုး တစ်စုံတစ်ခုကို ခံစားလိုက်မိပုံရလေသည်။
သူသည် မသိစိတ်အရ နောက်သို့ လှည့်ကြည့်လိုက်၏။
ချီယန်ရှန်း၏ နောက်ကွယ်တွင်သာ၊ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော အဝါရောင်မြူခိုးများဖြင့်ဖွဲ့စည်းထားသည့် ခံ့ညားလှသောပုံရိပ်တစ်ခုသည် သူ့ထံတွင် ကပ်ပါနေခဲ့လေသည်။
ထိုမှုန်ဝါးနေသော မျက်နှာပေါ်ရှိ ပါးစပ်နေရာမှာမူ၊ တိတ်ဆိတ်စွာရယ်မောနေသကဲ့သို့ ထူးဆန်းစွာ ဟနေခဲ့လေသည်။
အဝါရောင်မြူခိုးပုံရိပ်၏ လက်သည်းများမှာ ချီယန်ရှန်း၏ ရင်ဘတ်ဆီသို့ တစ်ခဏအတွင်း ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ၊ ယဲ့ကျိုး၏ လက်ချောင်းထိပ်များမှာ အနည်းငယ်တုန်ရီသွားခဲ့လေသည်။
သူ မေ့လုနီးပါးဖြစ်သွားခဲ့သည်မှာ.. တောင်ပိုင်းနဂါးဘုရင်၏ အနှစ်သာရမှာ အဝါရောင်အဆိပ်နဂါးဆိုတာပင်။ နဂါးအိုကြီး၏ အစောပိုင်းက သနားစဖွယ်သရုပ်ဆောင်မှုများက ၎င်း၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို တစ်ခါမှ အသုံးမပြုရသေးကြောင်း တစ်ဖက်လူကို မေ့လျော့သွားစေခဲ့ခြင်းဖြစ်ပေသည်။
ဤကျိန်စာသင့် ငါးရှဉ့်ဘုရင်သည် သူ၏ တစ်ကိုယ်လုံးရှိ အဆိပ်များကိုကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့လေ၏။
"အရာခပ်သိမ်းစုစည်းခြင်း ဓားတစ်လက်" သည် တောင်ပိုင်းနဂါးဘုရင်ကို သတ်ဖြတ်ရန် မွေးဖွားလာခြင်း ဖြစ်ပေသည်။
သို့သော် ယဲ့ကျိုးမှာမူ ခဏတာ ငေးကနဲဖြစ်သွားခဲ့ရပြီး၊ သူ၏ လက်ချောင်းထိပ်မှ ပြောင်းလဲမှုများကိုပင် သတိမထားမိလိုက်ပါချေ။
နောက်တစ်ခဏတွင်မူ၊ ပျောက်ကွယ်သွားသော ဓားအလင်းတန်းမှာ ရှန်းယီ ဖိနှိပ်ထားသော တောင်ပိုင်းနဂါးဘုရင်ကို မတိုက်ခိုက်တော့ဘဲ၊ ထိုခံ့ညားလှသောအဝါရောင်မြူခိုးပုံရိပ်ဆီသို့ ဦးတည်သွားခဲ့လေတော့သည်။