← Chapters

နန်ယန်မှ နဂါးသတ်ဖြတ်ခြင်း

Vol. 86 Ch. 854

နန်ယန်မှ နဂါးသတ်ဖြတ်ခြင်း

Vol. 86 Ch. 854

"အား..."

တောင်ပိုင်းဟုန်၏ ကုန်းမြေနှင့် ရေပြင်ကြားရှိ တိတ်ဆိတ်ငြိမ်သက်မှုသည်၊ နာကျင်ကြေကွဲဖွယ်ကောင်းသော နဂါးတစ်ကောင်၏ အော်ဟစ်သံကြောင့် ရုတ်တရက်ပြိုကွဲသွားခဲ့လေသည်။

သတ္တုနှင့် ကျောက်တုံးရိုက်ခတ်သံကဲ့သို့ပင်၊ ထိုအသံသည် နားကွဲမတတ်ဆူညံလှပေ၏။

နေမင်းကို တိမ်မည်းများဖုံးလွှမ်းသွားသည့်အလား၊ ဧရာမ အရိပ်ကြီးတစ်ခုသည် ကောင်းကင်ကန့်လန့်ကာကို ဖြတ်သန်းသွားပြီး၊နီရဲသော သွေးမိုးများရွာသွန်းလာကာ ရေပြင်နှင့် ကုန်းမြေပြင်ကို ဆေးဆိုးလိုက်လေသည်။

ပြင်းထန်သောသွေးနံ့များ လေထဲတွင် ပြန့်နှံ့သွားပြီး၊ မရေမတွက်နိုင်သော သတ္တဝါများကို ထိတ်လန့်တကြား မော့ကြည့်စေခဲ့၏။

ကျင့်ကြံသူများ ၊ နတ်ဆိုးများ သို့မဟုတ် သာမန်လူများနှင့် တိရစ္ဆာန်များပင်ဖြစ်စေ၊ အားလုံးသည် အဆုံးမရှိသောတောင်တန်းတစ်ခုကဲ့သို့ ဆန့်တန်းနေသည့် ဧရာမသတ္တဝါကြီးကို မြင်တွေ့လိုက်ကြရသည်။

တောင်ပိုင်းဟုန်၏ အနက်ရှိုင်းဆုံးနေရာတွင် နေထိုင်ကာ နဂါးနန်းတော်ကို အုပ်စိုးသော မဟာနတ်ဆိုးကြီးသည် ယခုအခါတွင် နာကျင်စွာ ဆက်တိုက် အော်ဟစ်နေခဲ့လေ၏။

ကြည့်ရှုနေသူများ၏ မျက်လုံးထဲတွင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်မှာ၊ ဤကြောက်မက်ဖွယ် သတ္တဝါကြီးသည် ရေထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရန် အသည်းအသန်ကြိုးစားနေသော်လည်း၊ ၎င်း၏ ရုန်းကန်နေသော ခန္ဓာကိုယ်သည် သဏ္ဍာန်မဲ့နေသော ဧရာမအင်အားကြီးတစ်ခုကြောင့် ကောင်းကင်ပေါ်သို့ အမြဲတစေပြန်လည်ဆွဲတင်ခံနေရခြင်း ဖြစ်သည်။

မည်ကဲ့သို့သော ကြောက်မက်ဖွယ်ဖြစ်တည်မှုမျိုးက ဤမျှအစွမ်းထက်သော မဟာနတ်ဆိုးကြီးကို မရုန်းထွက်နိုင်အောင် ဖိအားပေးနိုင်သနည်း။

နောက်ဆုံးတွင်၊ရုတ်တရက် ခုန်တက်လာသော ပုံရိပ်တစ်ခုက လူတိုင်း၏ အကြည့်များကို ဖမ်းစားသွားခဲ့သည်။

လူငယ်တစ်ဦးသည် ဓားကိုကိုင်ဆောင်ကာ တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားသော နဂါး၏ ခန္ဓာကိုယ်ပေါ်တွင်မတ်တပ်ရပ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ၊ သွယ်လျသောလက်ချောင်းများဖြင့် နဂါးမုတ်ဆိတ်မွေးတစ်ဆုပ်ကို တင်းကြပ်စွာ ဆွဲကိုင်လိုက်ပြီး၊ နောက်တစ်ခဏတွင် သူသည် ဤ တောင်တန်းကြီးကို အပေါ်သို့ အင်အားသုံး၍ ဆွဲတင်လိုက်လေသည်။

ထိုသို့သော တုန်လှုပ်ဖွယ်မြင်ကွင်းကြောင့် လူတိုင်းမှာ အံ့အားသင့်ကာစကားမဆိုနိုင်ဘဲ ငေးကြည့်နေမိကြ၏။

နောက်တစ်ခဏတွင် သူတို့၏ အမြင်အာရုံများ ဝေဝါးသွားခဲ့သည်။

စွပ်

ရွှေရောင်သင်္ကေတအနက်ရောင်ဓားသည် တောင်ပိုင်းနဂါးဘုရင်၏ အကြေးခွံသံချပ်ကာကို ပြင်းထန်စွာ ဖောက်ထွင်းသွားပြီး၊ ၎င်း၏ အသားများကို ဆုတ်ဖြဲကာသွေးစီး‌ကြောင်းများကို ပန်းထွက်စေခဲ့သည်။

ဤနဂါးအိုကြီး၏ ကြောက်မက်ဖွယ် အရွယ်အစားနှင့် ယှဉ်လျှင်၊ဓားရှည်သည် သွားကြားထိုးတံတစ်ချောင်းကဲ့သို့ အရေးမပါလှပေ။

သို့သော်လည်း လူငယ်လေးက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ နဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ မူလကအရေးမပါသောဒဏ်ရာသည် မျက်တောင်တစ်ခတ်အတွင်း အဆတစ်ရာကျော်ရုတ်တရက် ကျယ်ပြန့်သွားခဲ့လေသည်။

မျက်စိကျိန်းမတတ် ဆန်းကြယ်သောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး၊ နဂါးအိုကြီးကို အလုံးစုံဆုတ်ဖြဲပစ်မည့်အလားပင်။

တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းနေလေ၏။

သွေးစီးကြောင်းများသည် လူငယ်လေး၏ အဝတ်အစားနှင့် ဆံပင်များကို စိုရွှဲသွားစေပြီး၊ မူလက ဖြူဖျော့နေသောမျက်နှာကို နီရဲသွားစေကာ၊ သူ၏ မီးခိုးရောင်မျက်လုံးများသာ တည်ငြိမ်စွာ ကျန်ရစ်နေခဲ့သည်။

"သောက်ကျိုးနည်း..."

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဤနဂါးနတ်ဆိုး၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားသော်လည်း၊ ၎င်း၏ သနားစရာကောင်းသော အခြေအနေကြောင့် ယုံကြည်ရန်ခက်ခဲနေခဲ့၏။

၎င်းသည် တောင်ပိုင်းဟုန်တစ်ခုလုံး၏ အုပ်စိုးသူ၊ ဤကုန်းမြေနှင့် ရေပြင်တို့၏ အစွမ်းအထက်ဆုံး သတ္တဝါ၊ထင်ရှားကျော်ကြားသော ဂုဏ်သတင်းနှင့်တကွကြောက်မက်ဖွယ်ကောင်းသည့် နဂါးဘုရင်ပင် ဖြစ်ပေသည်။

သို့ဆိုလျှင် ဤနဂါးဘုရင်သည် မည်သူကို ကြောက်ရွံ့နေခြင်းနည်း။

တောင်ပိုင်းနဂါးဘုရင်သည် တောင်ပိုင်းဟုန် နယ်မြေတစ်ခုလုံး၏ ကောင်းကင်ကန့်လန်ကာကို ဖြတ်သန်း၍လိမ့်ကာ ထွက်ပြေးနေစဉ်၊ တစ်စုံတစ်ယောက်သည် ထိုလူငယ်လေးမည်သူဖြစ်ကြောင်းကို နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။

"ဂိုဏ်းချုပ်ရှန်း လား။"

နန်ယန်ဂိုဏ်း၏ လက်အောက်ခံ အင်အားစု လေးခုမှ ကျင့်ကြံသူများအားလုံး မျက်လုံးများပြူးကျယ်သွားကြ၏။

တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်း နှင့် နဂါးနန်းတော်တို့သည် အချိန်ကြာမြင့်စွာကတည်းက သဘောထားကွဲလွဲနေခဲ့ကြောင်း သူတို့ သိရှိထားကြသည်။

သို့သော် နဂါးဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

တောင်ပိုင်းဟုန်၏ အခြေအနေတစ်ခုလုံးကို ယိမ်းယိုင်သွားစေနိုင်လောက်အောင် အရေးပါသော ဤကဲ့သို့သောဖြစ်ရပ်မျိုးသည်၊ မည်သည့် ကြိုတင်သတိပေးချက်မျှမရှိဘဲ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ရုတ်တရက်ဖြစ်ပေါ်နေခဲ့၏။

ပို၍ ယုံကြည်နိုင်စရာ မရှိသည်မှာ၊ အခြေအနေ ဤမျှ ပြင်းထန်နေသော်လည်း၊ တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းမှ ဂိုဏ်းချုပ်ရှန်း တစ်ဦးတည်းကသာ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တစ်ဦးချင်း တိုက်ခိုက်မှုတွင်ပင်၊ သူသည် တောင်ပိုင်းနဂါးဘုရင်ကို အစအဆုံး ဖိနှိပ်ထားနိုင်ခဲ့ပေသည်။

"ဟင်..."

ရွှမ်ယွဲ့မြို့တွင် ဖခင်ဖြစ်သူ၏ အကာအကွယ်အောက်ရှိ ယင်ယာကျွင်းသည် ကောင်းကင်ယံသို့ ငေးမောကြည့်နေပြီး၊ သူမ၏ အသက်ရှူနှုန်းမှာ ပိုမို မြန်ဆန်လာခဲ့၏။

ဂိုဏ်းချုပ်ရှန်းကို မည်သူမျှမယှဉ်နိုင်ဟု သူမ ယုံကြည်ထားသော်လည်း၊ သူမရှေ့မှ မြင်ကွင်းက သူမကိုမိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အံ့အားသင့် ငေးမောသွားစေခဲ့သည်။

စကားတစ်ခွန်းတည်းဖြင့် တောင်ပိုင်းဟုန်ကို ကမောက်ကမဖြစ်အောင် လှုံ့ဆော်နိုင်စွမ်းရှိသော နဂါးဘုရင်သည်၊ ဂိုဏ်းချုပ်ရှန်းရှေ့တွင် ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်လော။

သို့သော် အဘယ်ကြောင့်နည်း၊ အဘယ်ကြောင့် သူတစ်ယောက်တည်းသာ ရှိနေရသနည်း။

"အဖေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ"

"..."

သမီးဖြစ်သူ၏ ရှုပ်ထွေးနေသော အကြည့်ကို ရင်ဆိုင်ရချိန်တွင်၊ မြို့သခင်ယင် သည် ခါးသက်စွာပြုံးလိုက်၏။

သူသည် အင်အားနည်းပါးသော်လည်း ဤနေရာတွင် အဆင့်အတန်းတစ်ခုရှိနေပြီး ဂိုဏ်းခုနစ်ဂိုဏ်း အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သည်။

ဂိုဏ်းခုနစ်ဂိုဏ်းသည် ယခင်က ဂိုဏ်းချုပ်ရှန်းအပေါ်ရည်ရွယ်ချက်များ ရှိခဲ့သည်ဆိုလျှင်ပင်၊ သားတော်ခုနစ်ပါးမဟာညီလာခံ အပြီးတွင်၊ ဂိုဏ်းချုပ်ရှန်း မည်မျှအရေးကြီးကြောင်းကို ဦးနှောက်ရှိသူတိုင်း သိရှိကြသည်။

အထူးသဖြင့် တောင်ပိုင်းနဂါးဘုရင်ကို သတ်ဖြတ်ခြင်းကဲ့သို့ အရေးကြီးသောကိစ္စရပ်မျိုးတွင် ပေါ့ပေါ့တန်တန်သဘောထား၍ မရနိုင်ပေ။

ဤကဲ့သို့သော ရုတ်ရုတ်သဲသဲဖြစ်မှုသည် ဟုန် သားတော်ခုနစ်ပါး၏ နားမှ သေချာပေါက်လွတ်ကင်းနိုင်မည် မဟုတ်ပေ။

မရေမတွက်နိုင်သော တပည့်များသည် သူတို့၏ ရတနာနယ်မြေများမှ အလုံးအရင်းဖြင့်ထွက်လာကြပြီး၊နာကျင်ကြေကွဲဖွယ်ကောင်းသော နဂါး၏ အော်ဟစ်သံကို နားထောင်ရင်းအိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရ၏။

ကျန်ရှိနေသော ဂိုဏ်းချုပ်သုံးဦး တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင်၊ ကျိကျင့်ရှီး သည် နဂါး၏ အော်ဟစ်သံထွက်ပေါ်ရာ အရပ်သို့အပြေးအလွှား ထွက်သွားခဲ့လေပြီ။

သူမ၏ မျက်နှာသည် ယခင်ကထက် ပိုမိုလေးနက်နေပြီး၊ သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင်ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု တဖျပ်ဖျပ် လှုပ်ရှားနေခဲ့သည်။

လူသုံးဦး ထွက်သွားခဲ့သော်လည်း၊ ယခုအခါ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ထို့အပြင် တောင်ပိုင်းနဂါးဘုရင်သည် သနားစရာကောင်းနေပုံရသော်လည်း၊ ၎င်း၏ အသက်စွမ်းအင်မှာ မယုံနိုင်လောက်အောင်အားကောင်း တက်ကြွနေဆဲပင်။

မည်ကဲ့သို့သော မတော်တဆမှုမျိုးက ဤအခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်ကို သူမ မသိသော်လည်း၊ ကျိကျင့်ရှီး ခန့်မှန်းမိသလောက် ရှိနေပြီဖြစ်သည်။

သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး

"ရှန်းယီ အရမ်း မစွန့်စားပါနဲ့..."

...

"မင်း ငါ့ကို သတ်နိုင်လို့လား။ ဟမ်... မင်း သတ်နိုင်လို့လား"

တောင်ပိုင်းနဂါးဘုရင်၏ သတိတရားများ စတင် ဝေဝါးလာသော်လည်း၊၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော အင်အားများအားနည်းလာသည်ကို ခံစားနေရဆဲပင်။

ရှန်းယွဲ့ ကျန်းချင်ထျန်း သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသော မသေမျိုးနိယာမတစ်ခု ဖြစ်သည်။

သို့သော်လည်း ၎င်းသည် နေရာတစ်ခုကို ဖိနှိပ်ရန်အတွက်သာဖြစ်ပြီး၊ သဘာဝ၏ ဝိညာဉ်စွမ်းအင်ကတော့ တဖြည်းဖြည်းပါးလွှာလာမည်ဖြစ်လေ၏

"ဟူး..."

ရှန်းယီသည် ဧရာမနဂါးကြီး၏ နဖူးပေါ်တွင် မတ်တပ်ရပ်နေပြီး၊စိုချွဲနေသော ဆံပင်များက သူ၏ မျက်နှာကိုကပ်နေကာ ဓားရှည်ကို စောင်းလျက် ကိုင်ဆောင်ထားရာ၊သူ၏ မတ်မတ်ရပ်နေသော ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။

သူက နောက်ကျိနေသော သက်ပြင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။

တောင်ပိုင်းနဂါးဘုရင်၏ လှောင်ပြောင်မှုများကို ပြန်လည်မတုံ့ပြန်ဘဲ၊၎င်းက ရေထဲသို့ ထိုးဆင်းသွားသည်ကို သူကတည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

ဤနဂါးဘုရင်၏ နတ်ဆိုးခန္ဓာကိုယ် သည် အခြားအရာများအားလုံးထက် ရှန်းယီမြင်ဖူးသမျှထဲတွင် သေချာပေါက် အကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ပေသည်။

ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော်လည်း၊ ၎င်း၏အတွင်းရှိ အင်အားမှာယခင်ကကဲ့သို့ပင် ကြီးမားကျယ်ပြန့်နေဆဲဖြစ်ပြီး အဆုံးမရှိသကဲ့သို့ ထင်ရ၏။

"မင်း လက်လျှော့လိုက်ပြီလား"

သူ၏ခန္ဓာကိုယ်မှာ စိမ်းပြာရောင်လှိုင်းလုံးများဖြင့် တစ်ဖန်ပြန်လည်လွှမ်းခြုံခံလိုက်ရသည်ကို ခံစားလိုက်ရပြီးနောက်၊ တောင်ပိုင်းနဂါးဘုရင်သည် အသက်ရှူဝဝရှူရင်း ရူးသွပ်စွာရယ်မောလိုက်လေသည်။

သူ၏ အရင်းနှီးဆုံးနယ်မြေသို့ ပြန်ရောက်လာသောအခါ၊ သူ၏ ရူးသွပ်နေသောအသိစိတ်လျှင် အနည်းငယ်ကြည်လင်လာခဲ့သည်။

လူသုံးဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း၊ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သေး၏။

All Chapters