← Chapters

လျိုရှီချန်းကို အရိုအသေပေးကြခြင်း

Vol. 86 Ch. 858

လျိုရှီချန်းကို အရိုအသေပေးကြခြင်း

Vol. 86 Ch. 858

မိုးပြာရောင်ကောင်းကင်ယံသည် အေးချမ်းတည်ငြိမ်နေခဲ့၏။

နဂါးဟိန်းသံသဲ့သဲ့နှင့်အတူ မိုးဖွဲဖွဲလေးသာရွာသွန်းနေပြီး တောင်ပိုင်းရေပြင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားခဲ့လေသည်။

အနောက်ပိုင်းဟုန် နှင့် တောင်ပိုင်းဟုန်တို့ ဆုံစည်းရာတွင်တည်ရှိသော ရတနာပန်းပွင့်ဂိုဏ်းမှ မသေမျိုးဂိုဏ်းခုနစ်ခု၏ နယ်မြေဒေသများအထိ လူတိုင်းသည် ဤမိုးရွာသွန်းမှုကိုမြင်တွေ့ခဲ့ကြရလေသည်။

မကြာသေးမီကပင် ကျင့်ကြံသူများနှင့် သတ္တဝါအားလုံးသည် တိမ်တိုက်များထဲတွင် လူးလိမ့်တိုက်ခိုက်နေသော ဧရာမအဝါရောင်အဆိပ်နဂါးကြီးကို မြင်တွေ့ခဲ့ရသဖြင့် စိတ်မအေးဖြစ်ခဲ့ကြရပြီး၊ယခုအခါတွင်မူ သူတို့အားလုံးမှာ ကောင်းကင်ယံကို ငေးမောကြည့်နေခဲ့ကြ၏။

"ဂလု။"

ပန်ရှန်းဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာ ပခုံးချင်းယှဉ်ရပ်နေခဲ့ကြသည်။ အနည်းငယ်ပိုငယ်သော ဂိုဏ်းချုပ်မှာ ခေါင်းလှည့်ကာ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေခဲ့လေ၏။

လူအိုကြီးဟွမ် သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အခြားတစ်ယောက်၏ လက်မောင်းကို ရုတ်တရက်ဆုပ်ကိုင်လိုက်ကာ ပြတ်သားသောအသံဖြင့် ပြောလိုက်၏။

"တောင်ပိုင်းဟုန်ကို ပိတ်ချလိုက်တော့။"

ဤသည်မှာ အလွန်ပင်မယုံနိုင်စရာကောင်းလှပေသည်။

ဟုန်ကျယ်တည်ရှိလာကတည်းက မည်သည့်ကျင့်ကြံသူမှ နဂါးနန်းတော်တစ်ခုကို အမှန်တကယ် ဖျက်ဆီးရန်မကြိုးစားခဲ့ဖူးသဖြင့်၊ သူသည် ပြင်းထန်သောတိုက်ပွဲတစ်ခုတွင် ပါဝင်ဆင်နွှဲရန် အသင့်ပြင်ထားခဲ့လေ၏။

နဂါးမျိုးနွယ်စု၏ လက်အောက်တွင် အသက်ရှင်သန်နိုင်ခြင်းကပင် ကြီးကျယ်လှပြီဖြစ်ကာ၊ အကယ်၍ တစ်စုံတစ်ဦးက သိက္ခာရှိရှိရှင်သန်နိုင်မည်ဆိုပါက ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသောခွန်အားကို သက်သေပြရာ ရောက်ပေလိမ့်မည်။

အနန္တတာအိုအင်ပါယာဂိုဏ်းပင်လျှင် မြောက်ပိုင်းနဂါးနန်းတော်ကို မနည်း ရင်ဆိုင်နေရခြင်းဖြစ်လေသည်။

တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကဲ့သို့ တောင်ပိုင်းနဂါးနန်းတော်ကို ဖိနှိပ်နိုင်ပြီး ခေတ္တမျှလွှမ်းမိုးထားနိုင်ခြင်းမှာ ဟုန်နယ်မြေလေးခုစလုံးတွင် တစ်ခုတည်းသော သာဓကပင်ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဂိုဏ်းချုပ်ဟွမ်သည် အနောက်ပိုင်းဟုန်နှင့် တောင်ပိုင်းဟုန်နှစ်ခုစလုံးသို့ ပြန့်နှံ့သွားနိုင်သည့် ဤစစ်ပွဲမှာမစတင်မီမှာပင် ပြီးဆုံးသွားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။

တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ခုမှာ လှုပ်ရှားရန် အသင့်ဖြစ်နေချိန်တွင်၊ ဂိုဏ်းခုနစ်ခုနှင့် အဆင့်တူရပ်တည်နိုင်သည်ဟု ထင်ရသော တောင်ပိုင်းနဂါးနန်းတော်မှာမူ အနည်းငယ်မျှပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ရက်ရက်စက်စက်သုတ်သင်ပယ်ရှားခြင်းကို ခံလိုက်ရလေသည်။

ဤသည်မှာ သူ့အတွက် အိပ်မက်မှ နိုးထလာရသကဲ့သို့ ဝေဝါးသောခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ရှန်း က သူ့နှင့် အခြားတစ်ယောက်ကို ရတနာပန်းပွင့်ဂိုဏ်းတွင် စောင့်ခိုင်းထားရခြင်းမှာ... ပန်ရှန်းဂိုဏ်းနှင့် ရတနာပန်းပွင့်ဂိုဏ်းတို့၏ တည်နေရာမှာ တောင်ပိုင်းဟုန်တွင် ဖြစ်ပျက်ခဲ့သမျှကို သတင်းမပေါက်ကြားစေဘဲ လုံးဝပိတ်ဆို့ထားရန် အချက်အချာကျသောနေရာဖြစ်နေသောကြောင့်ပင်။

"ရတနာပန်းပွင့်ဂိုဏ်းချုပ်၊ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။"

ပန်ရှန်းဂိုဏ်းချုပ် နှစ်ဦးစလုံးသည် အသက်ကြီးကြီးရင့်သော အမျိုးသမီးအိုကို အမြန်ဦးညွှတ်လိုက်ကြ၏။

"ကျွန်မ နားလည်ပါတယ်" ဟု ရတနာပန်းပွင့်ဂိုဏ်းချုပ်က ညင်သာစွာပြောလိုက်ပြီး သူမ၏ တပည့်ဖြစ်သူ၏ ပခုံးကို နှစ်သိမ့်သကဲ့သို့ ပုတ်လိုက်သော်လည်း သူမကိုယ်တိုင်၏ မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုများမှာဖုံးကွယ်မရအောင် ရှိနေခဲ့လေသည်။

ဂိုဏ်းခုနစ်ခု၏ အုပ်ချုပ်သူများအကြောင်းကို နက်နက်ရှိုင်းရှိုင်းသိရှိသူတစ်ဦးအနေဖြင့်သာ၊ ယနေ့ဖြစ်ရပ်သည် ထိုလူကြီးများလုပ်ဆောင်နိုင်သည့်အရာမျိုး လုံးဝမဟုတ်ကြောင်း သူမ နားလည်နိုင်ပေလိမ့်မည်။

ဤကဲ့သို့ ပြတ်သားပြီးလျင်မြန်သော လုပ်ဆောင်ချက်မျိုးမှာ လင်းယွဲ့ဂိုဏ်းချုပ်၏ စရိုက်နှင့် လုံးဝ မကိုက်ညီချေ။

ဤသည်မှာ ဂိုဏ်းခုနစ်ခုက မလှုပ်ရှားမီရတနာပန်းပွင့်ဂိုဏ်းနှင့် အဘယ်ကြောင့်ဆက်သွယ်မှု မပြုခဲ့သနည်းဆိုသည်ကိုလည်း ရှင်းပြနေခဲ့လေသည်။

တိမ်တိုက်များကြားတွင် တောင်ပိုင်းနဂါးဘုရင်ကို တိုက်ခိုက်ခဲ့သူမှာ ထိုအနက်ရောင်ဝတ်ရုံခြုံထားသောပုံရိပ်သာ ရှိနေခဲ့လေသည်။

"ဂိုဏ်းချုပ်ရှန်း..."

ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် ဂိုဏ်းခုနစ်ခုရှိရာဘက်သို့ကြည်ညိုလေးစားစွာဖြင့် ကြည့်လိုက်၏။

သူမ၏ နှလုံးသားထဲတွင် ရွှမ်ချင်း နှင့် စကားပြောစဉ်ကကြားခဲ့ဖူးသော ကောလာဟလတစ်ခု ပေါ်လာခဲ့သည်။ ဂိုဏ်းချုပ်ရှန်းသည် နန်ယန်ရတနာနယ်မြေမှ ပထမဆုံးအကြိမ်ထွက်ခွာလာစဉ်က သူ၏တစ်ကိုယ်လုံးတွင် နတ်ဆိုးသွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး၊သူ့နောက်သို့ လိုက်ပါလာသူများသည် အကြောင်းအမျိုးမျိုးကြောင့် ကျင့်ကြံခြင်းနိမ့်ပါးနေကြသော်လည်း တစ်ယောက်ချင်းစီမှာ ထူးချွန်ထက်မြက်သူများ၏ အမူအရာမျိုးရှိနေကြသည်ဟု ဆိုလေသည်။

သို့သော် ထိုလူများသည် သူ့ကို မသေမျိုးနတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုလေးစားခဲ့ကြ၏။

အလားတူအခြေအနေမျိုးကို တွေ့ကြုံရပြီးမှသာ ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် ထိုလူများ၏ ခံစားချက်ကို နားလည်နိုင်ခဲ့လေတော့သည်။

သားတော်ခုနစ်ပါး မဟာညီလာခံပြီးဆုံးသွားပြီးနောက်၊ သူမနှင့် ရွှမ်ချင်းတို့၏ ကြီးကြပ်မှုအောက်တွင် ဂိုဏ်းချုပ်ရှန်းသည် တစ်ရက်တာ အနားယူခဲ့လေသည်။ ထိုအချိန်တုန်းက တာအိုပေါင်းစည်းခြင်းနယ်ပယ်သို့ပင် မရောက်သေးသော ဤကျင့်ကြံသူလူငယ်လေးမှာ အလွန်အမင်းစိတ်ပင်ပန်းနေသည်ကို မြင်ရသည်မှာ သူမအတွက် အနည်းငယ် ရယ်စရာကောင်းနေခဲ့မိသည်။

ယခုအခါတွင်မူ သူသည် မည်မျှကြောက်မက်ဖွယ်ကောင်းသောအရာများကို သူတစ်ယောက်တည်း ရင်ဆိုင်နေရသည်ကို သူမ သိသွားခဲ့လေပြီ။

ရွှမ်ချင်းနှင့် ပတ်သက်သောဖြစ်ရပ်ကြောင့် နန်ယန်တွင်ဖြစ်ပွားခဲ့သော ကိစ္စအတွက်ကလဲ့စားချေပေးနိုင်မည့်သူမှာ ဤကဲ့သို့သောတည်ရှိမှုမျိုးသာ ဖြစ်နိုင်ပါမည်မဟုတ်လော။

...

ဟောင်းနွမ်းနေပြီဖြစ်သော အဖြူရောင်ကျောက်စိမ်းနဂါးတိုင်လုံးကြီးသည် ဧရာမနန်ယန်နေလုံးကို စောင့်ကြပ်နေခဲ့၏။

ကျယ်ဝန်းပြီးညီညာလှသော ဧည့်ကြိုစင်မြင့်ပေါ်တွင် သစ်သားရုပ်တုတစ်ခုသာ နှစ်ပေါင်းတစ်သိန်းတိုင်အောင်တရားထိုင်နေခဲ့သော်လည်း၊ ယခုအခါ ပိုမိုစည်ကားလာခဲ့ပြီ ဖြစ်လေသည်။

သို့သော် နန်ယန်ဂိုဏ်း၏ အားနည်းသော အခြေခံအုတ်မြစ်ကြောင့် သူတို့အနေဖြင့် ကိစ္စရပ်များစွာတွင် ပါဝင်ပတ်သက်နိုင်ခြင်း မရှိခဲ့ချေ။ မကြာသေးမီက တောင်ပိုင်းဟုန်ရှိတင်းမာမှုများကြောင့်လည်း ရံဖန်ရံခါသာဖြတ်သွားဖြတ်လာပုံရိပ်အချို့ကို တွေ့ရလေ့ရှိလေသည်။

သို့သော် ယနေ့မှာမူ ထူးခြားနေခဲ့၏။

မသေမျိုးဂိုဏ်းခုနစ်ခုမှ တပည့်အားလုံးမှာ အပြင်သို့ ထွက်လာကြလေသည်။ အပြင်စည်းမှ ချီသန့်စင်ခြင်းနယ်ပယ် တပည့်များပင်လျှင် အစီရင်စုဆီသို့ စူးစမ်းလိုစိတ်ဖြင့်ပြေးလာကြပြီး၊ အကြီးအကဲများနှင့် တာဝန်ခံများမှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။

ခဏချင်းမှာပင် ဤနေရာ၌ လူပင်လယ်ကြီးသဖွယ် ဖြစ်သွားခဲ့ပြီး၊ ကောင်းကင်ယံတွင်လည်း အမျိုးမျိုးသော ရတနာကိရိယာများ ပျံသန်းနေကြကာ မြေပြင်တွင်လည်း လူပေါင်းများစွာပြည့်နှက်နေခဲ့လေသည်။

သူတို့အားလုံးကို ဤနေရာသို့ရောက်လာစေသည်မှာ သာမန်ဟုထင်ရသော ဤမိုးဖွဲလေးနှင့် အစောပိုင်းက ရုတ်တရက်ထွက်ပေါ်လာသော နဂါးဟိန်းသံကြောင့်သာ ဖြစ်လေ၏။

"ဒါက နည်းနည်းတော့... ရုတ်တရက် ဆန်လွန်းတယ်"

လူအုပ်ကြီးရှေ့တွင် တည်ငြိမ်စွာရပ်နေသော လျိုရှီချန်း က ပြောလိုက်လေသည်။ သူသည် လူအုပ်ထဲတွင်အတည်ငြိမ်ဆုံးသူများထဲမှ တစ်ဦးဖြစ်ပြီး၊ ဂိုဏ်းချုပ်ခုနစ်ဦးမှလွဲ၍ တစ်ဦးတည်းသော တာအိုပေါင်းစည်းခြင်းနယ်ပယ်ကျင့်ကြံသူလည်း ဖြစ်လေသည်။

သို့သော်လည်း ဝတ်ရုံရှည်ခြုံထားသော သူ၏ ပိန်ပါးသည့် ခန္ဓာကိုယ်မှာအနည်းငယ် တုန်ရီနေခဲ့လေ၏။

"ရှင်ဒါကို ကျင့်သားရနေပြီလို့ ကျွန်မထင်နေတာ"

နှိမ့်ချသောအသံတစ်သံသည် လျိုရှီချန်း၏ နားအနီးတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့၏။ သူ ဘေးသို့စောင်းငဲ့ကြည့်လိုက်ရာ စကားပြောလိုက်သူကို မြင်ပြီး အနည်းငယ်အံ့သြသွားခဲ့လေသည်။

ဤကောင်းကင်ဓားဂိုဏ်း၏ ဂုဏ်ယူရသော တာအိုကလေးငယ် သည် သူ့ကို ရိုသေသောစကားလုံးများဖြင့်ပင် ပြောဆိုနေခဲ့လေ၏။

စုဟုန်ရှို့ က ရှုပ်ထွေးသောအပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "နောက်ဆုံးတော့... ရှင်သာ မရှိရင်ဂိုဏ်းချုပ်ရှန်းက ကျွန်မတို့အပေါ် ထားတဲ့ အမြင်က တော်တော်လေးဆိုးသွားမှာ သေချာတယ်လေ။"

နဂါးဘုရင်သည် ပြင်းထန်စွာဒဏ်ရာရရှိကာ ရေထဲသို့ ဆင်းသွားခဲ့ပြီးနောက်၊ ကမ္ဘာကြီးတွင် ထူးခြားသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူတို့အားလုံးသည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောထိုအရပ်ရှည်ရှည်ပုံရိပ်ကြီးမှာ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်တွေ့ခဲ့ကြရလေသည်။

နဂါးဘုရင်ကို သတ်ဖြတ်နိုင်သည့် ထိုကဲ့သို့သော ကြီးစိုးသော စွမ်းအားမျိုးသည် အခြားသူများကိုလည်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

သူသည် တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးအား ထိုကဲ့သို့သောဘက်ခြမ်းမျိုးကို ဘယ်သောအခါမှ မပြသခဲ့ချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့ရှေ့တွင် ရပ်နေသော အကြီးအကဲလျိုကြောင့် ဖြစ်ကြောင်း အများစုက သိကြလေ၏။

ချင်းယွဲ့ဂိုဏ်း မှ ဘိုင်ဝူအပါအဝင် တာအိုကလေးငယ်များမှာ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာကြပြီး လျိုရှီချန်းကို တိတ်ဆိတ်စွာအရိုအသေပေးလိုက်ကြသည်။

"..."

လျိုရှီချန်းသည် လက်ဝေ့ယမ်းကာ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် တစ်စုံတစ်ခုကိုအာရုံခံမိလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပြန်လည်ကြည့်ရှုလိုက်လေတော့သည်။

All Chapters