← Chapters

အခန်း (၆၀၅-၆၀၆)

Vol. 46 Ch. 605-606

အခန်း (၆၀၅-၆၀၆)

Vol. 46 Ch. 605-606

အပိုင်း ၆၀၅ - အတွေးရတနာ ကျင့်စဥ်

နောက်ဆုံးတွင် ငြိမ်သက်သွားသော အနက်ရောင်ခေါင်းတလားထံ ယွမ်ရှောင် အကြည့်ရောက်သွားသောအခါ ကြယ်ပြာထံမှ ခပ်လှောင်လှောင် စကားသံ ထွက်လာသည်။

"အတွေးရတနာ ကျင့်စဥ်နဲ့ သန့်စင် ခံလိုက်ရပြီဆိုတော့ သားအဖနှစ်ယောက်လုံး ဘဝပြောင်းပြီလေ"

(ဘာသာပြန်၏ မှတ်ချက်။ ။ ဗောဓိသတ္တ၏ ရတနာဆိုသည်မှာ လူသားများ၏ အတွေးအကြံကို သိနိုင်သော သဗ္ဗညုတဉာဏ်မျိုးကို ဆိုလိုသည်)

ထို့နောက် ၎င်းက ဆက်လက်၍ အတွေးရတနာ ကျင့်စဥ် ဖြစ်ပေါ်လာပုံကို အစချီကာ ရှင်းပြပေးခဲ့သည်။ ဖန်ဆင်းရှင်သည် ဤတာအိုလောကသံသရာကို ဖန်တီးသောအခါ အာလယ အမည်ရှိ မူလဘူတ အသိစိတ်တစ်ခုလည်း မွေးဖွားလာကာ သိုလှောင်ခွက် ပမာ အလုပ်လုပ်သည်။ ၎င်းက ဖန်ဆင်းရှင်၏ နောက်လိုက် ဖြစ်ခဲ့သောကြောင့် စကြဝဠာ ပြောင်းလဲလာသည်များကို စောင့်ကြည့်ရင်း ဉာဏ်အလင်း ပွင့်သွားခဲ့၏။ သေမျိုးလောကအတွင်း ကိုယ်တိုင် ဆင်းသက်ကာ လေ့လာခဲ့သောကြောင့် သက်ရှိများ၏ စိတ်အတွေးကို နားလည်လာကာ ဖန်ဆင်းရှင်အင်မော်တယ် ကျဆုံးသွားပြီးနောက် ဘိုးဘေးနတ်ဘုရားခြောက်ပါးအနက် ဝိညာဥ်ဘိုးဘေး နတ်ဘုရား ဖြစ်လာသည်။ ၎င်းသည် အထူးခြားဆုံး ဖြစ်ကာ သွားလာနေထိုင်ခြင်း မရှိ၊ သေခြင်းရှင်ခြင်း မရှိဘဲ အကျိုးအကြောင်း ဆက်စပ်၍ ဖြစ်ပေါ်လာသည် မဟုတ်ချေ။

ယွမ်ရှောင်သည် အတွေးရတနာကျင့်စဥ်ကို သက်ဝင်လိုက်သောအခါ မူလဝိညာဥ်၏ မျက်ဆံ၌ ရွှေရောင်စက်ဝိုင်းများ ထွက်ပေါ်လာကာ ခမ်းနားထည်ဝါ၍ ဝိညာဥ်အားလုံးထက် သာလွန်ပုံရ၏။ ထိုအခိုက်တွင် ခေါင်းတလားအဖုံး ဘုန်းခနဲ ပွင့်၍ ဝိညာဥ်နှစ်ခုသည် ရွှေရောင်စက်ဝိုင်းများအတွင်း အလိုလို ဝင်ရောက်သွားကြသည်။ သက်ရှိအားလုံးတွင် လောဘ၊ ဒေါသ၊ မောဟ စသည့် အတွေးပေါင်းစုံနှင့် ဆန္ဒခြောက်ပါး ပိုင်ဆိုင်ကာ ဝိညာဥ်နတ်ဘုရားသည် အတွေးများ လည်ပတ်ရာ ဗဟိုချက်အဖြစ် ဆောင်ရွက်ပေးသည်။

"ဒါဆိုရင် လောကီတာအိုနှလုံးသား လေ့လာနေတာက ဝိညာဥ်နတ်ဘုရား ထိန်းချုပ်ထားတဲ့ အတွေးတွေကိုလား"

ယွမ်ရှောင်က ဇဝေဇဝါဖြင့် မေးလိုက်ရာ ကြယ်ပြာသည် ဟက်ဟက်ပက်ပက် ရယ်မောပြီး ခေါင်းယမ်းပြသည်။

"မင်းက ဒီကောင့်ကို အထင်ကြီးလွန်းနေပြီ။ သူက အတွေးတွေကို လက်ခံတယ်။ ပြန်ထုတ်လွှတ်ပေးတယ်။ ဒီထက် မပိုဘူး၊ ထိန်းချုပ်ပြီး ပြောင်းလဲ မပစ်နိုင်ဘူး။ ရှင်းရှင်းပြောရရင် သူက သက်ရှိတွေရဲ့ အတွေးတွေကို လေ့လာရင်း သူတို့ သေသွားရင် ဒါကို စွမ်းအင်အဖြစ် စုပ်ယူပြီး ကျင့်ကြံတာပဲ"

အနက်ရောင်သားရဲ၏ အမြင်တွင် လူသားဘိုးဘေးနတ်ဘုရားသည် အစေခံမ၊ မိစ္ဆာဘိုးဘေးနတ်ဘုရားသည် တံခါးစောင့်၊ ဝိညာဥ်ဘိုးဘေးနတ်ဘုရားသည် ကိရိယာတစ်ခုထက် မပိုချေ။ သို့သော် ဖန်ဆင်းရှင်မှ လွဲလျှင် ဤနတ်ဘုရားခြောက်ယောက်သည် လောက၏ အမြင့်ဆုံး ဖြစ်တည်မှုများ ဖြစ်သောကြောင့် ယွမ်ရှောင်ကမူ အထင်မသေးဝံ့ချေ။

"ဝိညာဥ်တွေကို အတွေးရတနာကျင့်စဥ်နဲ့ စုပ်ယူတာက ဘာအကျိုးရှိလဲ"

သူက အတွေးနက်နေစဥ် မူလဝိညာဥ်သည် အတွေးရတနာ ကျင့်စဥ်ဖြင့် ဖုန်းသားအဖ၏ ဝိညာဥ်စွမ်းအင်များကို ချေဖျက်နေသည်။ သူတို့၏ ဖန်ဆင်းရှင်မျိုးစေ့များသည် လျှပ်စီးဝိညာဥ် အမျိုးအစား ဖြစ်သောကြောင့် သူ၏ ဝိညာဥ်ကို အားဖြည့်ပေးကာ လျှပ်စီးစွမ်းအား ပိုင်ဆိုင်၍ သတ်ဖြတ်နိုင်စွမ်း မြင့်တက်လာစေ၏။ သို့သော် အတွေးရတနာ ကျင့်စဥ်ဖြင့် စုပ်ယူလိုက်သော ဝိညာဥ်နှစ်ခုကြောင့်မူ သူ့အတွက် သိသာသော ပြောင်းလဲမှုမျိုး မဖြစ်လာခဲ့ပေ။

"မင်းက ဒီအတွေးတွေကို ပိုပြီး စုပ်ယူသန့်စင်လေလေ၊ သူတို့ဆီကနေ ဉာဏ်အလင်းရပြီး လောကီတာအိုနှလုံးသား အဆင့်ပိုမြင့်လေလေပဲ။ အရေးကြီးတာက ဒီကျင့်စဥ်ကို ပိုင်နိုင်သွားရင် ဝိညာဥ်နတ်ဘုရားနေရာကို အစားထိုးနိုင်ပြီး သက်ရှိအတွေးအားလုံးရဲ့ ဗဟိုချက် ဖြစ်လာလိမ့်မယ်။ တိုးတက်မှုက သာမန်နဲ့ မသိနိုင်ပေမယ့် မင်းရဲ့ မူလဝိညာဥ် အစွမ်းထက်လာဖို့ အခြေခံအုတ်မြစ် ဖြစ်တယ်"

ကြယ်ပြာက သူ သိချင်နေသော မေးခွန်း၏ အဖြေကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။ တစ်နည်းပြောရလျှင် အတွေးရတနာ ကျင့်စဥ်သည် သေဆုံးသွားသော ဝိညာဥ်များ၏ မပြီးပြတ်သေးသည့် အတွေးများကို စုပ်ယူခြင်းဖြင့် ပြန်လည်ဝင်စားနိုင်ရန် လွတ်မြောက်ခွင့်ပေးနေသည်။ ၎င်းလုပ်ရပ်သည် ကျင့်ကြံသူကိုလည်း လောကကြီး၏ သဘာဝတရားနှင့်ပတ်သက်၍ ဉာဏ်အလင်းရစေသဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပေ၏။ ယွမ်ရှောင်၏ ဓားမိစ္ဆာအသွင်သည် မကောင်းမှုသက်သက်ကိုသာ ဝါးမျို၍ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပြီး ဤကျင့်စဥ်ကမူ အတွေးတိုင်းကို သန့်စင်ကာ သက်ရှိတစ်ယောက်၏ ဖြစ်တည်မှုအား ဘက်ပေါင်းစုံမှ နားလည်စေသည်။ နက်နဲခက်ခဲသော သဘောတရားများကို သူက ဖြည်းဖြည်းချင်း နားလည်လာသောအခါ မူလဝိညာဥ်နှင့် လောကီတာအိုနှလုံးသား အချင်းချင်း ဟန်ချက်ညီ၍ နောက်ပိုင်း အဆင့်တက်ရာ၌ များစွာ အကူအညီ ဖြစ်ပေလိမ့်မည်။

အတွေးရတနာက ဝိညာဥ်အနှစ်သာရကို ဖွဲ့စည်းပေး၍ ဖန်ဆင်းရှင်မျိုးစေ့များသည် ၎င်းကို စွမ်းအားအဖြစ် ပုံဖော်ကာ ယွမ်ရှောင်၏ လောကီတာအိုနှလုံးသားမှာ ဖုန်းသားအဖ၏ ဘဝတလျှောက် ဖြစ်ကြောင်းကုန်စင် ခပ်ရေးရေး သိမြင်လာ၏။ နတ်ဆိုးခန္ဓာနှင့် ကပ်ဘေးမိစ္ဆာသွေးသည် အပြင်ပန်း စွမ်းအား သက်သက် ဖြစ်၍ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်နှင့် အတွေးရတနာ ကျင့်စဥ်သည်သာ ကောင်းကင်သို့ တက်လှမ်းမည့် လမ်းကြောင်းတွင် စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရကို ထုလုပ်ပေးနိုင်သည်။

"အခုအချိန်ကစပြီး ငါ့ဝိညာဥ် တကယ် အစွမ်းထက်လာပြီ"

ယွမ်ရှောင်၏ မျက်လုံးများ ဖွင့်၍ အသိစိတ်ကို ဒန်တန်အတွင်းမှ ပြန်ဆွဲထုတ်လိုက်သောအခါ လနီမှ မေးခွန်းတစ်ခု စတင်လာသည်။ နက်နဲသော ကျင့်စဥ်များနှင့် ပတ်သက်လျှင် ၎င်းက မည်သည်ကိုမျှ နားမလည်သောကြောင့် လက်တွေ့ ရင်ဆိုင်ရမည့်ဘက် စကားဦးသန်းပေးလိုက်ခြင်းပင်။

"ဖုန်းရွှမ်က အဆင့်နှစ် အရာရှိတစ်ယောက်ဆိုတော့ သူ သေသွားတာကို မင်း ဘယ်လို ရှင်းပြမလဲ"

"သူက ရွေးချယ်ပွဲမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဝိညာဥ်ကို လုပ်ကြံချင်လို့ သေသွားတာပဲ။ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားရင် အရှက်ကွဲမှာက မိုးကြိုးဌာနနဲ့ သူကိုယ်တိုင်ဖြစ်လိမ့်မယ်"

"အမှန်တရား ပေါ်သွားရင်တောင် ဘယ်သူက ယုံမှာတုန်း ဟ ဟ"

သို့ရာတွင် ကြယ်ပြာရော ယွမ်ရှောင်ရော ထိုကိစ္စကို ပူပန်နေပုံ မရချေ။ အဆင့်နှစ် ကောင်းကင်အရာရှိတစ်ယောက်သည် သားဖြစ်သူကိုယ်စား တိုက်ခိုက်ရန် ဝိညာဥ် ပူးကပ်ခဲ့သော်လည်း အဆင့်နိမ့်သူထံ အသတ်ခံလိုက်ရသည်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ပေလိမ့်မည်။ ပို၍ ရယ်ရသည်မှာ တရားမျှတသည်ဟု ကြွေးကြော်ထားသော မိုးကြိုးဌာန၏ ရွေးချယ်ပွဲအတွင်း ဖြစ်ပျက်သွားခြင်းပင်။

ဖုန်းချီ၏ အသက်မဲ့ အလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ မယုံကြည်နိုင်ဟန်ဖြင့် လူတိုင်း အော်ဟစ်လိုက်မိကြသည်။

"မဖြစ်နိုင်ဘူး"

ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဟန်ဖြင့် ယွမ်ရှောင်ကို တစ်လှည့်၊ ဖုန်းချီ၏ အလောင်းကို တစ်လှည့် ထပ်ကာထပ်ကာ ကြည့်နေသူများလည်း မနည်းမနောပင်။ ထိုအခိုက်အတန့်တွင် မိုးကြိုး အဆင့်သတ်မှတ်ချက် ခေါ် အလင်းမျက်နှာပြင်ကြီး အထက်တွင် မိုးချုန်းသံကြီး နားကွဲမတတ် ကျယ်လောင်စွာ မြည်ဟီးကာ ရောင်စုံလျှပ်စီးများ တဖြတ်ဖြတ် ပြေးလွှားကာ ဂုဏ်ပြုပေးခဲ့၏။

"လုယောင်"

အမည်တစ်ခုက ၎င်းအထက်တွင် ခမ်းနားထည်ဝါစွာ တစ်လုံးချင်း ထွက်ပေါ်လာကာ မည်သည့်စီရင်သူအတွက်မဆို အရေးအကြီးဆုံးဖြစ်သော ကောင်းကင်ရုံးတော်၌ ယွမ်ရှောင်သည် မတရား သေဆုံးခဲ့ရသော အမှန်တရားဘက်တော်သား လူငယ်စီရင်သူများကိုယ်စား ကမ္ဗည်းတင်နိုင်ခဲ့ပြီ ဖြစ်လေသည်။

အပိုင်း ၆၀၆ - ဂုဏ်ပြုပါတယ် စစ်သူကြီးချောင်

ပရိသတ်တစ်သန်းခွဲကျော်က လက်ခံရန် မည်မျှခက်ခဲပါစေ၊ မိုးကြိုးအဆင့်သတ်မှတ်ချက်သည် လုယောင်၏ အမည်ကို မှတ်တမ်းတင်လိုက်ပြီဖြစ်သောအခါ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဦးရေပြားပင် ထုံကျင်ကုန်သည်။ လူတိုင်းနီးပါးက အပြင်လူတစ်ယောက်အပေါ် အလွန်နာကျည်းနေကာ သွေးအန်မတတ် ဒေါသထွက်လာကြပြီး စိတ်ဖြေရန်အတွက် ညစ်ညစ်ညမ်းညမ်း ဆဲသံများပင် ပလုံစီ ထွက်ပေါ်လာ၏။

"ဟား ဟား တကယ့်ပျော်စရာကောင်းတာပဲ"

ယွမ်ရှောင်သည် အင်မော်တယ်သန်းချီ၏ အမုန်းတရားကို ရင်ဆိုင်ရန် စိတ်လှုပ်ရှားလာကာ ပေါ်တင်ရန်စခဲ့သော်လည်း တိုက်ခိုက်ရန် သတ္တိရော အစွမ်းအစပါ မရှိသည့် လူအုပ်ကို မြင်နေရသောကြောင့် ဖြစ်သည်။

"ဒီကောင်တွေရော ဘာလုပ်နေကြတာများလဲ"

သူ၏ အကြည့်က ကျောက်စိမ်းဖြူစင်မြင့်ထံ ရောက်သွားသောအခါ မျက်လုံးများ ကျဥ်းမြောင်း၍ ကြက်သေသေနေသော အရာရှိများကို တွေ့လိုက်ရသည်။

"ဖုန်းရွှမ်တောင် သေသွားပြီ"

ချောင်ရှန်းရော ပိုဟုန်ပါ အလန့်တကြား ဖြစ်ကာ ကြောက်စိတ်လွန်ကဲမှုကြောင့် တစ်ကိုယ်လုံး တုန်ခါနေကြသည်။ ကောင်းကင်ရုံးတော်တစ်ခွင် ကျော်ကြားသော ဝိညာဥ်အင်မော်တယ် အဆင့်နှစ် ကောင်းကင်အရာရှိ နယ်စားဖုန်းရွှမ်က ဝိညာဥ်ပူးကပ်လိုက်သည်နှင့် တပြိုင်နက် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။

"မဟာစစ်သူကြီး၊ နယ်စားဖုန်းက နောက်နေတာ မဟုတ်ဘူးလား။ တကယ်သေသွားတာ မဟုတ်လောက်ပါဘူး"

အရာရှိများသည် မျှော်လင့်ချက် ကောက်ရိုးမျှင်ကို ဆွဲကိုင်ရင်း ကူကျန်းရှောင်နှင့် ယွမ်ယင်ထံ မေးခွန်းထုတ်လိုက်မိသော်လည်း အလင်းမျက်နှာပြင် အထက်ရှိ အမည်က ဖုန်းချီ သေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

"ဒီနေရာကို ရောက်တဲ့သူမှန်သမျှ ဒီအကြောင်း လုံးဝ နှုတ်ပိတ်ထားရမယ်"

ဖုန်းရွှမ်၏ အလောင်းဘေးတွင် နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျနေသည့် ကူကျန်းရှောင်က ဤသို့ အမိန့်ပေးလိုက်သောကြောင့် ဖုန်းရွှမ်ရော ဖုန်းချီပါ သေသွားကြောင်း အတည်ပြုလိုက်သကဲ့သို့ပင်။

"လုယောင်လက်ချက်လား"

တစ်ချိန်က ယွမ်ရှောင်ကို လက်ခုပ်အတွင်း ထည့်ကာ အသုံးချရန် စဥ်းစားခဲ့ဖူးသော ကူစုဝမ်သည် ယခု ကြည့်ပင်မကြည့်ရဲတော့ပေ။ အရာရှိအားလုံး တိတ်ဆိတ်သွားပြီးနောက် ချောင်ရှန်းက သည်းမခံနိုင်တော့ဟန်ဖြင့် နားမလည်စွာ မေးလိုက်မိသည်။ အင်မော်တယ်ပေါင်းသန်းချီ အော်ဟစ်ကျိန်ဆဲနေသည့် အသံများကို ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ရပ်နေသည့် လူငယ်လေးထံလည်း သူ တစ်ချက် ခိုးကြည့်ခဲ့သည်။

"မဟာစစ်သူကြီး။ ဒီကိစ္စက ကြီးလွန်းတယ်။ သေချာပေါက် လျှို့ဝှက်ချက်ကြီးကြီးမားမား ရှိရမယ်။ အခု လှုပ်ရှားလိုက်တာ မကောင်းဘူးလား"

ယွမ်ယင်က အံကြိတ်လျက် လက်ကာပြ၏။

"ဒီကောင်လေးက ပါရမီရှင်သက်သက် မဟုတ်ဘူး။ ဝိညာဥ်ပူးကပ်ထားတဲ့ အဆင့်နှစ် အရာရှိတစ်ယောက်ကိုတောင် လွယ်လွယ်လေး သတ်နိုင်တာ ကောင်းကင်ရုံးတော်မှာ လက်တစ်ဆုပ်စာပဲ ရှိတယ်။ တကယ့်မိစ္ဆာအိုကြီးတစ်ယောက် ဝင်စားထားတာ ဖြစ်ရမယ်"

"ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ"

အရာရှိအားလုံး တုန်လှုပ်နေကြစဥ် ကူကျန်းရှောင်ထံမှ အသံထွက်လာ၏။

"အဆင့်နှစ် အရာရှိတစ်ယောက် သေသွားတာဆိုတော့ ငါတို့ လုပ်နိုင်တာထက် ကျော်သွားပြီ။ စစ်ဧကရာဇ်နဲ့ မိုးကြိုးဧကရာဇ်ကို ချက်ချင်း အကြောင်းကြားစမ်း။ လုယောင်ကိုလည်း မျက်ခြေမပြတ်စေနဲ့။ ဖုန်းရွှမ်အကြောင်း သတင်း လုံးဝ မထွက်စေနဲ့။ မဟုတ်ရင် ငါကိုယ်တိုင် အသံထွက်တဲ့လူကို သတ်ပစ်မယ်"

"ဟုတ်ကဲ့"

မဟာစစ်သူကြီးက အေးစက်တင်းမာစွာ အမိန့်ပေးလိုက်သောကြောင့် လူတိုင်း တိတ်ဆိတ်သွားကြပြန်သည်။ ကိစ္စ၏ အကန့်အသတ်က မိုးကြိုးဌာနလုပ်ပိုင်ခွင့်ထက် ကျော်လွန်နေပြီဖြစ်ရာ မည်သူမျှ မလှုပ်ရှားရဲကြပေ။ အကယ်၍ တစ်ဖက်လူက မိုးကြိုးဌာနကို ကိုယ်စားပြုကာ နတ်ဘုရား ဂိတ်သို့ သွားရောက်ပြီး ပြဿနာရှာမည်ဆိုလျှင် သူတို့ ပို၍ အလုပ်ရှုပ်သက်သာပေလိမ့်မည်။ ထိုနေရာ၌ မည်သို့သော မကောင်းဆိုးဝါးကြီး ဖြစ်ပါစေ၊ သောင်းကျန်းရဲလျှင် ကိုယ့်ကိုကိုယ် သေတွင်းပို့သည်နှင့် မခြားပေ။ ဤတစ်ကြိမ်တွင် မိုးကြိုးဌာနတစ်ခုလုံး အမှန်တကယ် ထိတ်လန့်နေကြပြီး လုယောင်ဆိုသော မီးတောက်ကို အပူလောင်ခံကာ မကိုင်တွယ်ရဲတော့ချေ။

ကူကျန်းရှောင်သည် ရုတ်တရက် ထရပ်ကာ နံပတ်ခြောက်ဟူ၍ ရေးထိုးထားသည့် ပလက်တီနမ် တံဆိပ်ပြားတစ်ခု ထုတ်လာခဲ့သည်။ စုတ်ချက်တိုင်းသည် နဂါးသဏ္ဍာန်များ ရေးထိုးထားကာ တိတိကျကျ ရာထူးခန့်အပ်နိုင်စွမ်း မရှိသော်လည်း အဆင့်ခြောက် အရာရှိ၏ အာဏာကို သက်သေပြု၍ လက်ခံရှိသူက မြို့စား သို့မဟုတ် တရားရေး အင်မော်တယ်တစ်ယောက်နှင့် အဆင့်ချင်း တူညီသွားပေလိမ့်မည်။

"ချောင်ရှန်း၊ ဒါသွားပေးလိုက်စမ်း"

ကူကျန်းရှောင်၏ စကားကြောင့် တစ်ဖက်လူ ပို၍ မောက်မာလာမည်ကို မလိုလားသော ချောင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

"တကယ် ရာထူးတိုးပေးမလို့လား"

"မိုးကြိုးဧကရာဇ် ဘာမှမပြောမချင်း စည်းမျဥ်းအတိုင်း လုပ်မယ်"

"ဟုတ်ကဲ့"

ချောင်ရှန်းသည် တံဆိပ်ပြားကို ယူကာ တိမ်တိုက်အမှတ်တစ်သို့ ဆင်းသက်လာ၍ ယွမ်ရှောင်ရှေ့တွင် ရပ်လိုက်သောအခါ ပရိသတ်များက မျှော်လင့်ချက်ကြီးကြီးမားမား ထားနေပုံရသည်။

"စစ်သူကြီးချောင်ပါလား"

"သူက လုယောင်ကို သတ်မလို့လား။ ကောင်းတယ်၊ ကောင်းတယ်"

လူတိုင်း စောင့်ကြည့်နေသဖြင့် မိုးကြိုးကိုးသွယ် ရင်ပြင်တစ်ခုလုံး အင်မတန် တိတ်ဆိတ်ကာ ယွမ်ရှောင်သည် ချောင်ရှန်းနှင့် အကြည့်ချင်း ရင်ဆိုင်ရင်း တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူက ရွေးချယ်ပွဲ တလျှောက် တိုက်ခိုက်ရန် ချောင်အိမ်တော်၏ ကျင့်စဥ်များကို အသုံးချခဲ့သောကြောင့် တစ်ဖက်လူ သေချာပေါက် ဒေါကန်နေပေလိမ့်မည်။

"လုယောင်၊ အခုကစပြီး မင်း အဆင့်ခြောက် ကောင်းကင်အရာရှိ ဖြစ်သွားပြီ"

ချောင်ရှန်းက တံဆိပ်ပြားကို ယွမ်ရှောင်ထံ ပေးအပ်ကာ လူအုပ်ကြီး မကျေမနပ် ပေါက်ကွဲသွားသော်လည်း လျစ်လျူရှုရင်း ကျယ်လောင်စွာ ကြေညာပေးခဲ့သည်။

"မိုးကြိုးဌာနကို ကျေးဇူးတင်ပါတယ်။ ကျုပ်က ကောင်းကင်ရုံးတော်အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားပြီး အသက်နဲ့ရင်းရတောင် တစ်ချက်မတွန့်ဘဲ အမှုတော်ထမ်းပါမယ်"

ယွမ်ရှောင်က အဓိပ္ပါယ်မရှိလှသော စကားများကို လူကြားကောင်းရုံ အသံကုန်ဟစ်နေသောအခါ ချောင်ရှန်းတစ်ယောက် ဆွံ့အသွားဟန်ဖြင့် လှည့်ထွက်သွားလိုက်သည်။

"နေဦး"

"ဘာကိစ္စလဲ"

သူက ရုတ်တရက် လှမ်းခေါ်လိုက်သောအခါ တစ်ဖက်လူ၏ ခြေလှမ်းများ ရပ်တန့်၍ ပြန်လှည့်ကြည့်လာ၏။

"လမင်းဓားနတ်ဘုရားကြောင့် ခင်ဗျားတို့ နားလည်မှု လွဲနေကြတာလို့ ထင်ပါတယ်။ ကျုပ် ဒီနေ့ ရလာတဲ့ အောင်မြင်မှုက မိုးကြိုးဌာနကြောင့်ပါ။ ကျေးဇူးတင်ပါတယ်။ စစ်သူကြီးချောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ မနေ့ညက ခင်ဗျား ဒေါသအလျောက် ကျုပ်ကို သားအဖြစ်ကနေ စွန့်လွှတ်ခဲ့ပေမယ့် မွေးစားအဖေရဲ့ ကျေးဇူးကို မစော်ကားဝံ့ပါဘူး"

ယွမ်ရှောင်သည် တည်ငြိမ်ရင့်ကျက်သော မျက်နှာထားဖြင့် ပရိသတ်များ၏ နားအတွင်း သူတို့ ကြားချင်သော စကားလုံးများ ခပ်တည်တည် ရိုက်သွင်းပေးလိုက်သည်။

"ကျုပ်က အသက်ရှင်နေသရွေ့ မိုးကြိုးဌာနရဲ့ အရာရှိ ဖြစ်ပါတယ်။ ဒီတံဆိပ်ပြားကို ကိုင်ဆောင်ရင်း မိုးကြိုးဌာနရဲ့ အင်မော်တယ်သိုင်းပြိုင်ပွဲမှာ ကျုပ်က မိုးကြိုးဌာနကို ဆက်လက်ကိုယ်စားပြုသွားပါမယ်။ ကျုပ်သာ စွမ်းဆောင်ရည် ကောင်းကောင်းပြနိုင်ခဲ့ရင် မိုးကြိုးဌာနရဲ့ ဂုဏ်သိက္ခာလည်း လူတိုင်းနဲ့အတူ မြင့်မားလာစေရပါမယ်"

ချောင်ရှန်းသည် ဒေါသထွက်ကာ သူ၏ ပါးစပ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသည်။ သူက ဤပြဿနာအိုးကို ကန်ထုတ်ခဲ့သော်လည်း ယခု လာရောက်ကပ်တွယ်နေပြန်၏။

"လျှာအရိုးမရှိတိုင်း ပြောနေတာကို ဘယ်သူမှ မယုံလောက်ပါဘူး။ ဟုတ်တယ်မလား"

သို့သော် သူ၏ မှန်းချက်နှင့် နှမ်းထွက်က တက်တက်စင်အောင် လွဲချော်ကာ မိုးကြိုးဌာန၏ သာမန်လူတန်းစား အများစုသည် ယွမ်ရှောင်၏ စကားများကြောင့် ကျေနပ်ပျော်ရွှင်သွားပုံပေါ်သည်။ တစ်ဖက်လူက မိုးကြိုးဌာနမှ ထွက်မသွားဘဲ ဆက်လက် ဂုဏ်ဆောင်ပေးမည် ဖြစ်သောကြောင့် ကျိန်ဆဲခဲ့သည်များကိုပင် အားနာနေကြ၏။

"လုယောင် လုယောင်"

ခဏအကြာတွင် တစ်စုံတစ်ယောက်က စတင်၍ အော်ဟစ်အားပေးလိုက်သည်နှင့် တပြိုင်နက် မိုးကြိုးကိုးပါး ရင်ပြင်၌ ကျိန်ဆဲသံများအစား အားပေးသံများ ဆူညံသွားသည်။ ဤလူအုပ်ကြီး၏ ပြောင်းလဲမှုက ရုတ်တရက်ဆန်စွာ မြန်ဆန်လွန်းသောကြောင့် ချောင်ရှန်းမှာ အံ့သြတကြီး ဖြစ်နေစဥ် ဖြတ်တောက်ထားခဲ့သော ဆက်ဆံရေးကိုပင် ထည့်သွင်း အားပေးနေကြပြန်သည်။

"စစ်သူကြီးချောင် ဂုဏ်ပြုပါတယ်ဗျာ။ ခင်ဗျားရဲ့ မွေးစားသားက တကယ့်လူတော်လေးပဲ"

"ဝေါ့"

ပြဿနာအတွင်း ရောက်သွားသည့်အပြင် မွေးစားအဖေပါ ထပ်ဖြစ်ရတော့မည့်ကိန်းဆိုက်နေသဖြင့် ချောင်ရှန်းမှာ လည်ချောင်းအတွင်း ဆန်တက်လာသည့် အနက်ရောင် သွေးတစ်လုတ် ပြန်မျိုချလိုက်ရလေသည်။

All Chapters