အခန်း (၆၀၇-၆၀၈)
Vol. 46 Ch. 607-608
အပိုင်း ၆၀၇ - စစ်ဧကရာဇ်၏ သတင်းပို့အဆောင်
မိုးကြိုးဌာနကိုယ်စားပြုမည်ဆိုသော အချက်က ယွမ်ရှောင်ကို ရန်လိုနေသူများကို ဘက်ပြောင်းသွားစေခဲ့သည်။ လမင်းနတ်ဘုရားနှင့် ဓားဌာနက သူ့ကို ထောက်ခံတော့မည် မဟုတ်သောကြောင့် နတ်ဘုရားဂိတ်သို့ သွားနိုင်ရန် လူထုအမြင်ကို သူ အသုံးချရပေလိမ့်မည်။ ထို့အပြင် သူက မိုးကြိုးဌာနတွင် ရနိုင်သမျှ ညှစ်ထုတ်ချင်နေပြီး ရက်စက်ယုတ်မာသော အရာရှိများကို ပြဿနာ ပေးလိုခဲ့သည်။ သာမန်အင်မော်တယ်များ ငတုံးများ မဟုတ်သောကြောင့် မိုးကြိုးဌာနသို့ ဘက်ပြောင်းလာသော ပါရမီရှင်တစ်ယောက်ကို ကျိန်ဆဲမနေတော့ဘဲ ထောက်ခံအားပေးနေကြသောအခါ ပို၍ နားဝင်ချိုလာသည် မဟုတ်ပါလော။
လူသားများ၏ ဘဝတွင် စိတ်ကြိုက် သောင်းကျန်းပြီးလျှင် လိုက်လျောညီထွေ နေတတ်ရန်လည်း အရေးကြီးပေသည်။ ထိုအခိုက်အတန့်တွင် ရွေးချယ်ပွဲ၌ သွေးလမ်းခင်းပြီး မြင့်တက်လာခဲ့သော ယွမ်ရှောင်သည် ထောက်ခံသူ အများဆုံး ရှိလာကာ တရားမျှတမှု၏ ပြယုဂ် စီရင်သူ တစ်ယောက် ဖြစ်လာခဲ့၏။
"အင်မော်တယ်လမ်းကြောင်းမှာ ခြေတစ်လှမ်းတည်းက ငရဲလား၊ ကောင်းကင်လား ဆုံးဖြတ်နိုင်တာ စိတ်ဝင်စားစရာပဲ"
သူက ချောင်ရှန်းနှင့် တည်ငြိမ်စွာ အကြည့်ချင်း ရင်ဆိုင်နေပြီး ခဏကြာသောအခါ တစ်ဖက်လူသည် ခါးသက်သက် ရယ်မောကာ စကားတစ်ခွန်း ပြောလာခဲ့သည်။
"မိုးကြိုးဌာနဘက်ကနေ ထည့်စဥ်းစားပေးတာ ကောင်းပါတယ်"
"ဒါတွေအားလုံးက မွေးစားအဖေရဲ့ သွန်သင်မှုကြောင့်ပါ"
ဟန်ဆောင်ကောင်းလှသော သူ၏ အမူအရာကြောင့် လူတိုင်း ရွေးချယ်ပွဲတွင် ပြသခဲ့သော ရက်စက်စွာ သတ်ဖြတ်မှုများကို မေ့သွားလုနီးပါးပင်။ ထို့နောက် သူက ကျောက်စိမ်းဖြူစင်မြင့်ဘက် လှည့်ကြည့်ကာ နှုတ်ဆက်စကား ဆို၏။
"နောက်ထပ် ပါရမီရှင်ရှစ်ယောက် ထွက်ပေါ်လာဖို့ လိုပါသေးတယ်။ ကျုပ်ကြောင့် အချိန်ကုန်သလို ဖြစ်သွားတာ စိတ်မရှိပါနဲ့။ အခု တိုက်ပွဲကွင်းပြင်ကနေ ထွက်ခွာပါတော့မယ်"
ထို့ကြောင့် လူထု၏ အာရုံသည် ရွေးချယ်ပွဲတွင် နောက်ထပ် မြင့်တက်လာမည့် ပါရမီရှင်များထံ ရောက်ရှိသွားကာ ပိုင်လင်းအာနှင့် ဖုန်းချီကဲ့သို့ ထူးချွန်သူများ ရှိနေသည် မဟုတ်ပါလော။
"ဒီကောင် မြောက်ကြွကြွ လုပ်နေတာပဲ"
"နတ်ဘုရားဂိတ်မှာ ရမ်းကားရဲရင်တော့ သေဖို့ပဲ ရှိတယ်"
"နတ်ဘုရားဂိတ်ပေါက် ဝင်ခွင့် ၁၆နေရာမှာ မိုးကြိုးဌာနက ကိုးနေရာ ရထားတယ်။ အဲ့အချိန်ရောက်ရင် သူ့ကို သတ်ပြီး လက်စားချေဖို့ အခွင့်အရေး ရလာလိမ့်မယ်"
အရာရှိများနှင့် မဟာကောင်းကင်ကျောင်းတော် တပည့်များ အကြား တီးတိုးစကားသံများ ပျံ့လွင့်နေကာ မမြင်နိုင်သော သတ်ဖြတ်လိုစိတ်များ လှိုင်းထန်နေ၏။
ရွေးချယ်ပွဲ ဆက်လက်ကျင်းပသောအခါ တိုက်ပွဲများ ပြင်းထန်၍ စိတ်ဝင်စားစရာကောင်းသော်လည်း အရာရှိများက မိသားစုဝင်များ ဝင်ရောက်ယှဥ်ပြိုင်သည်မှ လွဲ၍ အာရုံမစိုက်ကြပေ။ ဖုန်းရွှမ်၏ အလောင်း မရှိတော့သော်လည်း သူတို့က သတိထားနေဆဲ ဖြစ်ကာ တစ်ချက်ကလေးပင် မပေါ့ဆရဲချေ။ မဟာစစ်သူကြီးနှစ်ယောက်က အထက်မှ အမိန့်ကို စောင့်ဆိုင်းနေဟန်ဖြင့် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေကြပြီး နောက်ဆုံးတွင် သတင်းပို့ အဆောင်တစ်ခု ယွမ်ယင်ထံ ပျံသန်း ရောက်ရှိလာခဲ့၏။ ၎င်းက လမင်းဓားနတ်ဘုရားထံမှ ဖြစ်ကာ အကြည့်အားလုံး သူ့ထံ ရောက်လာသောအခါ အံ့သြစရာမရှိသော သတင်းကို ပြောပြလိုက်သည်။
"နားခိုရာဂိုဏ်းအကြောင်း သိသွားတော့ ဓားဌာနက လုယောင်ကို စွန့်ပစ်လိုက်ပြီ"
"ဒါဆိုရင် ချောင်ရူက ငါတို့ကို လိမ်ခဲ့တာလား"
ကူကျန်းရှောင်၏ မျက်နှာထား မည်းနက်သွားကာ ရာထူးနိမ့် မိန်းမတစ်ယောက်သည် နှစ်ဖက်လုံးကို လှည့်စားကာ စော်ကားလိုက်သောကြောင့်ပင် ဖြစ်သည်။
"ယောကျ်ားတစ်ယောက်အတွက် ကိုယ့်ဘဝကို အဆုံးသတ်လိုက်ပြီလား"
ချောင်ရှန်းက အလွန်စိတ်ပျက်နေဟန်ဖြင့် ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။
"ဘယ်လိုကိုင်တွယ်ကြမလဲ"
"လမင်းဓားနတ်ဘုရားရဲ့ အမိန့်နဲ့ ဖမ်းဆီးဖို့ အကြောင်းပြချက် ပေးလိုက်တာပေါ့"
ကူကျန်းရှောင်၏ အမိန့်ကို ချောင်လင်မယားက ငြင်းဆန်မနေဘဲ အကောင်အထည်ဖော်ရန် စိတ်အားအထက်သန်ဆုံး ဖြစ်နေကြသည်။ ချောင်ရူကို ရာထူးမှ ဖယ်ရှားကာ ဖမ်းချုပ်ထားမည် ဖြစ်ပြီး လမင်းဓားနတ်ဘုရား ရောက်လာလျှင် ညီအစ်မချင်း ရှင်းရပေလိမ့်မည်။
"ကျွန်တော် အခုပဲ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါမယ်"
ချောင်ရှန်းကို မဟာစစ်သူကြီး နှစ်ယောက်က ခွင့်ပြုချက်ပေးလိုက်သောကြောင့် ယောင်းမချင်း တည့်ပုံမရသော ကူစုဝမ်တစ်ယောက် ကျေနပ်နေသည်။
"ဒီကောင်မ သေသွားလည်း အေးတာပဲ။ လုယောင် ဘယ်လိုဖြစ်ဖြစ်၊ ချောင်ရူကတော့ ကောင်းကင်ရုံးတော်မှာ ဘဝဆုံးပြီ"
ထိုအချိန်တွင် လျှပ်စီးသခင်ပိုဟုန်က ရှေ့တက်လာပြီး မဟာစစ်သူကြီးများထံ အကြံပြုလိုက်သည်။
"လုယောင်မှာ တကယ့် ကျောထောက်နောက်ခံလည်း မရှိဘူး။ နယ်စားဖုန်းကိုလည်း သတ်ထားတော့ အပြစ်က ကြီးမားတယ်။ အရင်ဖမ်းဆီးထားလိုက်ရင် မကောင်းဘူးလား။ တကယ်လို့ စစ်ဧကရာဇ်နဲ့ မိုးကြိုးဧကရာဇ်ဆီက အကြောင်းမပြန်ခင် ထွက်ပြေးသွားရင် ကျွန်တော်တို့ အမှုပတ်နိုင်ပါတယ်"
"ရတယ်။ မင်း သွားဖမ်းလိုက်"
သို့ရာတွင် ကူကျန်းရှောင်က ခွင့်ပြုပေးလိုက်သောအခါ ပိုဟုန်မှာ ဖုန်းရွှမ်ကိုပင် သတ်နိုင်သော တရားခံကို သွားထိရန် သတ္တိမရှိသောကြောင့် ပါးစပ်ပိတ်သွား၏။ လက်တွေ့ အဖြစ်သည် ရှင်းလင်းနေပြီး အဆင့်နှစ်အရာရှိတစ်ယောက်ကိုပင် အလွယ်တကူ သတ်သွားသော လုယောင်ကို ဖမ်းဆီးရန် သူက အစွမ်းအစ မရှိချေ။
ထိုစဥ် သတင်းပို့အဆောင်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ယွမ်ယင်နှင့် ကူကျန်းရှောင်ထံ အသီးသီး ရောက်ရှိသွားကြ၏။ မိုးကြိုးဧကရာဇ်၏ အမိန့်က ရှင်းလင်းပြတ်သားပြီး စစ်ဧကရာဇ်၏ နောက်လိုက် ဖုန်းရွှမ် မိုးကြိုးဌာနတွင် အသတ်ခံလိုက်ရသောကြောင့် တရားခံကို မည်သည့်နည်းလမ်းသုံးရ သုံးရ၊ ဖမ်းဆီးရန် ဖြစ်သည်။ ဤတုံ့ပြန်ပုံက ပြင်းထန်လွန်းသောကြောင့် မိုးကြိုးဧကရာဇ်ကိုယ်တိုင် စစ်ဧကရာဇ်ကို မည်မျှ အလေးထားကြောင်း ပေါ်လွင်နေသည်။
"ဒါဆိုရင် လုယောင်ကို မိုးကြိုးအဆင့်သတ်မှတ်ချက်ကနေ ဖယ်ထုတ်တော့မှာလား"
"ငါတို့မှာ ရွေးစရာ မရှိဘူး။ အရှင်ကိုယ်တိုင် အမိန့်ပေးထားတယ်။ အင်မော်တယ်သိုင်းပြိုင်ပွဲအတွက် လူရှစ်ယောက်ပဲ လွှတ်ရတော့မှာပေါ့။ ဒီကိစ္စက အရေးကြီးလွန်းတယ်။ မင်းတို့အားလုံး ပူးပေါင်းပြီး လှုပ်ရှားကြ။ ဘယ်လိုဖြစ်ဖြစ် အောင်မြင်ရမယ်"
ယွမ်ယင်က မတ်တပ်ထရပ်ကာ မိုးကြိုးဌာန၏ အဆင့်မြင့်အရာရှိများကို ဝေ့ကြည့်၍ ပြတ်ပြတ်သားသား ကြေညာခဲ့သည်။ အရာရှိတိုင်း ခေါင်းညိတ်၍ လေးနက်သော အမူအရာများဖြင့် မတ်တပ်ရပ်လိုက်ကြကာ မိုးကြိုးဌာနသမိုင်းတွင် အကြီးဆုံးသော ဖမ်းဆီးမှု ဖြစ်လာပေလိမ့်မည်။
"နေဦး"
သို့သော် စစ်ဧကရာဇ်၏ သတင်းပို့အဆောင်ကို လက်ခံရရှိထားသော ကူကျန်းရှောင်က ထူးဆန်းသော မျက်နှာထားမျိုးဖြင့် သူတို့ကို တားမြစ်ခဲ့သည်။
"စစ်ဧကရာဇ်အရှင်က ဘာပြောထားလို့လဲ"
ယွမ်ယင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ မျက်မှောင်ကြုတ်လျက် မေးခွန်းထုတ်၏။
"မင်းဘာသာ ကြည့်လိုက်"
ကူကျန်းရှောင် ပစ်ပေးလာသော သတင်းကို ဖတ်ကြည့်ပြီးနောက် သူကိုယ်တိုင်လည်း ထူးထူးဆန်းဆန်း မျက်နှာပျက်သွားသည်။ စစ်ဧကရာဇ် တန်ဖိုးထားသော နောက်လိုက် ဖုန်းရွှမ်က မိုးကြိုးဌာနတွင် အသတ်ခံလိုက်ရသော်လည်း တစ်ဖက်လူ၏ တုံ့ပြန်ပုံမှာ သဘာဝမကျပေ။ မဟာစစ်သူကြီးနှစ်ယောက်၏ အမူအရာကြောင့် သတင်းပို့အဆောင်ကို ဖတ်ခွင့်မရှိသော အရာရှိများ လှုပ်ရှားရန် ပြင်ဆင်နေစဥ်မှာပင် စိတ်ရှုပ်နေကြ၏။ ထို့ကြောင့် ပိုဟုန်က ဦးဆောင်၍ အကျိုးအကြောင်း မေးကြည့်လိုက်သောအခါ နှစ်ယောက်လုံးထံမှ ပြိုင်တူ အဖြေရလိုက်ကာ လူတိုင်းကို ဆွံ့အသွားစေသည်။
"မဟာစစ်သူကြီးတို့၊ လုယောင်ကို အခု ဖမ်းလိုက်ရတော့မလား"
"မဖမ်းနဲ့"
မိုးကြိုးဌာန၏ တည်းခိုဆောင်တွင် ယွမ်ရှောင်သည် ချောင်ရူထံ နတ်ဘုရားဂိတ်မှ သူ ပြန်လာသည်အထိ ဆက်လက် ပုန်းအောင်းနေရန် သတင်းပို့ထားသော်လည်း စကားပြန်မရချေ။ ကျန်းညီအစ်မကိုမူ သူ၏ ဝိညာဥ်မျက်လုံးဖြင့် ထိန်းချုပ်ထားသောကြောင့် မည်သည်ကို တောင်းဆိုပါစေ၊ လိုက်နာကြမည် ဖြစ်သော်လည်း ကျန်းထိုက်ပင်း သေရုံဖြင့် လုံလောက်၍ ကောင်းကင်ပျံသန်းမြို့တော်ထံ ပြန်သွားကာ ကောင်းကောင်းမွန်မွန် နေထိုင်ရန်သာ အမိန့်ပေးခဲ့သည်။
"ရှင်နဲ့ အတူ နေချင်ပါတယ်"
ကျန်းဟယ်ချင်းက သူ၏ လက်ကို ဆွဲကိုင်၍ ပူဆာလိုက်သော်လည်း လက်မခံလိုက်ချေ။
"နှုတ်ဆက်ဖို့ အချိန်တန်ပြီ။ ငါတို့ချင်း လျှောက်ရမယ့် လမ်းကြောင်း မတူဘူး"
"ကျွန်မတို့ကို ပြောစရာများ ကျန်သေးလား"
အရိပ်အခြေ နားလည်သော ကျန်းဟိုင်ယန်က ညီမဖြစ်သူကို အနောက်သို့ ဆွဲကာ မေးလိုက်သည်။
"စွန်းရှောင်ချီကို ထမင်းတစ်နပ် ကျွေးဖို့ အကြွေးတင်နေတယ်။ အင်မော်တယ်အရက်သမား စားသောက်ဆိုင်မှာ စျေးအကြီးဆုံး ဟင်းပွဲနဲ့ ဧည့်ခံပေးလိုက်ပါ။ မင်းတို့တွေ မသေအောင် ငါ တားဆီးပေးခဲ့တယ်။ အခုကစပြီး လမ်းမှန်ကိုသာ လျှောက်ကြပါ"
သူ၏ စကားအဆုံးတွင် ကျန်းညီအစ်မများ လက်ချင်းချိတ်ကာ မိုးကြိုးဌာနမှ ထွက်ခွာသွားကြ၏။ သူတို့ကို မမုန်းတီးသော်လည်း ရန်စွယ်များပြည့်နှက်နေမည့် လမ်းတွင် ယွမ်ရှောင်က ကာကွယ်ပေးနိုင်စွမ်း မရှိချေ။ ထို့နောက် သူက ကျင့်ကြံရေးအခန်းသို့ ဝင်ရောက်ကာ တံခါးပိတ်၍ အင်္ကျီရင်ဘတ်ထဲမှ သားရဲလေးကို ဆွဲထုတ်လိုက်သည်။ ၎င်းက အားနည်းနေပုံရပြီး ကြယ်ပြာ၏ မျက်လုံးများ ချာချာလည်ကာ လနီ၏ လျှာကြီးမှာလည်း အပြင်ဘက်သို့ တွဲလောင်းကျ၍ ဗိုက်တစ်ခုလုံး ပြားချပ်နေ၏။
"မြန်မြန် သကြားမေမေတစ်ယောက် ရှာပေးစမ်းပါ။ ငါတို့ ငတ်သေတော့မယ်"
သူတို့က ဖုန်းသားအဖကို သန့်စင်ရန်နှင့် အတွေးရတနာကျင့်စဥ် ထုတ်ပေးရန် ကုန်ကျခဲ့သော အရင်းအမြစ်များ ပြန်လည် ဖြည့်တင်းပေးရန် ပူဆာနေခြင်း ဖြစ်သည်။
"နတ်ဘုရားဂိတ်ကို မသွားခင် ငါ နည်းလမ်း ရှာရမယ်။ ဒီနှစ်ကောင် မွဲတေနေရင် ဝှက်ဖဲ မရှိတော့ဘူး"
မိုးကြိုးဌာန၏ အရာရှိများက လက်ရှိတွင် သူ့ကို ကြောက်ရွံ့နေမည် ဖြစ်နိုင်သော်လည်း အရင်းအမြစ်များ ရရန်မှာ ကျောက်ခဲရေညှစ်သည်လောက် ခက်ခဲပေလိမ့်မည်။ မိစ္ဆာဓားသမားပုံစံဖြင့် သတ်ဖြတ်လုယက်မည်ဆိုလျှင်လည်း နတ်ဘုရားဂိတ်သို့ မသွားခင် အဖမ်းခံလိုက်ရနိုင်၏။ မဟာမိုးကြိုးအစီအရင်ဖြင့် တိုက်ခိုက်လျှင်လည်း နတ်ဘုရားဂိတ်သို့ သွားနိုင်ခွင့် မရှိတော့သည်ဖြစ်ရာ နည်းလမ်း မရှိသလောက်ပင်။
"တိုက်ခိုက်ရေးစွမ်းအား တိုးတက်ဖို့ လိုအပ်တဲ့ ကျင့်စဥ်တွေကလည်း ရဖို့ လွယ်မှာ မဟုတ်ဘူး။ မိုးကြိုးဌာနကကောင်တွေ ငါ့ကို အဆင့်မြင့်ကျင့်စဥ်တွေ ထုတ်ပေးဖို့ဆိုတာ အဝေးကြီးပဲ။ သကြားမေမေ ရှာရအောင်လည်း မိုးကြိုးဌာနမှာ လွတ်လွတ်ကင်းကင်း မိန်းမဆိုလို့ ချောင်ရူတစ်ယောက်တည်း မြင်ဖူးသေးတယ်"
ဆင်းရဲမွဲတေကာ အရင်းအမြစ်များ ပြတ်လပ်နေသောကြောင့် ယွမ်ရှောင် အကျပ်ရိုက်နေစဥ် သန်မာသော မူလဝိညာဥ်သည် တစ်စုံတစ်ယောက် ချဥ်းကပ်လာကြောင်း အာရုံခံမိလိုက်လေသည်။
အပိုင်း ၆၀၈ - နတ်မိုးကြိုးဗျူရို
"ဒီအချိန် သင်္ကေတရှစ်ပါး တည်းခိုဆောင်ကို လာလည်တဲ့သူ ရှိလို့လား။ ငါ့ကို လာရှာတာ အသေအချာပဲ"
ယွမ်ရှောင်သည် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ရင်း မျက်လုံးများက ကျောက်တံခါးကို စိုက်ကြည့်နေပြီး အခြေအနေက အန္တရာယ်များသောကြောင့် အမြဲတမ်း သတိထားနေခဲ့သည်။
"လုယောင်၊ အထဲမှာ ရှိလား"
နွေဦးလေပြေလို နွေးထွေးပြီး လန်းဆန်းစေသော အသံတစ်သံက အပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။
"ရှိပါတယ်" ဩ
တံခါး ပွင့်သွားပြီး တဖြတ်ဖြတ်လွင့်နေသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမတစ်ဦးက ကျက်သရေရှိစွာ ဝင်ရောက်လာကာ ခြေတံများက ဆင်စွယ်ကဲ့သို့ ဖြူဖွေးပြီး မျက်လုံးများ ကြီးမားကာ တောက်ပနေသည်။ နာမည်ကျော်ကြားမှု တူညီသော ပိုင်လင်းအာထက် ပို၍ ဆွဲဆောင်မှုရှိကာ အကြောင်းအရင်းကို ယွမ်ရှောင် သိထားသည်။ သူမသည် မိန်းမပျိုလေးတစ်ယောက်မဟုတ်ဘဲ ရင့်ကျက်သော သခင်မတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေခြင်းဖြစ်ကာ အခြားသူမဟုတ်ဘဲ လျှပ်စီးသခင်မ ကူစုဝမ် ပင်ဖြစ်သည်။ သူတို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်က သူသည် ချောင်အင်မော်တယ် အိမ်တော်၏ သခင်မအဖြစ် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ယွမ်ရှောင်မှာ သခင်လေးအဖြစ် စတင်ခေါ်ဆောင်ခံရကာစ ဖြစ်၏။
သူမကို မြင်သည်နှင့် ယွမ်ရှောင်က မတ်တတ်ရပ်ကာ ကြိုဆိုလိုက်သည်။
"မွေးစားမိခင်ကို ဂါရဝပြုပါတယ်"
"ထိုင်ပါ"
ကူစုဝမ်က အသံကို အတတ်နိုင်ဆုံး ညင်သာစွာ၊ အပြုံးကို နူးညံ့စွာထား၍ ပြောလိုက်သည်။ ချောင်ရှန်းက ယွမ်ရှောင်၏ ရှေ့တွင် အမြဲတမ်း တင်းမာသော သဘောထား ရှိခဲ့သောကြောင့် သူမက ချစ်ခင်ကြင်နာဟန်နှင့် တောင်းပန်လိုသော အရိပ်အယောင်ကို ထိန်းသိမ်းထားသည်။
"ဒီရက်ပိုင်း အဘိုးကြီးချောင်နဲ့ မင်းတို့ကြားထဲမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အခုတော့ ရှင်းလင်းသွားပါပြီ။ ကလေး၊ မင်းက လူကောင်းဆိုတာ ငါ အမြဲတမ်း ယုံကြည်ခဲ့တယ်"
ယွမ်ရှောင်၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားပြီး ပြုံးပြလိုက်သည်။
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မွေးစားမိခင်"
သူမ၏ အပြုံးက ပို၍ တောက်ပလာပြီး တိုက်တွန်းလိုက်သည်။
"ငါ့ရှေ့မှာ အေးအေးဆေးဆေးနေပါ၊ ထိုင်ပါ"
"ကျွန်တော့်ကို မေးစရာ တစ်ခုခုရှိလို့လား"
ယွမ်ရှောင်က လိုရင်းကိုသာ မေးလိုက်၏။
"အသေးအဖွဲလေးပါ"
"မေးပါ"
ကူစုဝမ်က သူ၏အနောက်သို့ ရွှေ့သွားပြီး ကျောက်စိမ်းကဲ့သို့သော ချောမွေ့သော လက်ချောင်း ပခုံးပေါ် ကျရောက်လာကာ အနီးသို့ ကပ်လာပြီး သူမ၏ မျက်နှာက ယွမ်ရှောင်အနား ရောက်နေသောကြောင့် ဆွဲဆောင်မှုရှိသော ကိုယ်သင်းနံ့ ထွက်ပေါ်နေသည်။ သို့သော် ယွမ်ရှောင် ခံစားနေရသည်မှာ အန္တရာယ်တစ်ခုသာ ဖြစ်ကာ ချောင်ရှန်း၏ ဇနီးအနေဖြင့် ဤမျှ ကိုယ်လက်ရင်းနှီးနေခြင်းက သူတို့၏ ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေလိုသောကြောင့် မဟုတ်လျှင် မလိုအပ်ပေ။ ထို့ကြောင့် တစ်ဖက်လူက သူ ဖုံးကွယ်ထားသော စွမ်းအားကို စမ်းသပ်နေစဉ် ဖိအားပေးနေခြင်းလည်း ဖြစ်သည်။ အကယ်၍ ယွမ်ရှောင်သာ တစ်ချက်မှားသွားလျှင် လိမ္မာပါးနပ်သော ကူစုဝမ်သည် ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှု နှင့် ဖုန်းရွှမ်ကို သတ်စဉ်က စွမ်းအားများသည် တစ်ခါတစ်ရံသာ အသုံးပြုနိုင်သည်ဟု ကောက်ချက်ချသွားပေလိမ့်မည်။
အန္တရာယ်များသော စမ်းသပ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ယွမ်ရှောင်က ၏ ကုလားထိုင်ပေါ်တွင် မှီချပြီး အနားယူလိုက်သည်။ သူမ၏ အလှကို ငေးကြည့်ရန် ခေါင်းပင် လှည့်လိုက်ပြီး ကူစုဝမ်ကို နူးညံ့သော ယုန်ငယ်လေးတစ်ကောင်ထက် ပို၍ အလေးမထားကြောင်း ပြသခဲ့၏။ သားရဲများထက် ပို၍ရှုပ်ထွေးသော လူသားများသည် အများအားဖြင့် ရက်စက်ကြမ်းကြုတ်မှု မဟုတ်ဘဲ ဟန်ဆောင်ထားသော တည်ငြိမ်မှုတို့ဖြင့် ခြိမ်းခြောက်တတ်ကြသည်။ သူ၏ မျက်လုံးများက ကူစုဝမ်၏ နှုတ်ခမ်းများနှင့် အနည်းငယ်သာ ဝေးပြီး သူမ စကားပြောလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူမက တုံ့ပြန်မှုတိုင်းကို အသေးစိတ် စောင့်ကြည့်နေကာ သူ၏ အကြည့်၊ လှုပ်ရှားမှုများ၊ မျက်နှာအမူအရာ၊ နှုတ်ခမ်းနှင့် မျက်တောင် ခတ်မှု၊ မျက်လုံးမျက်ဆံ အနေအထား၊ စသဖြင့် အားလုံးက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ဖော်ပြနေသည်မဟုတ်ပါလော။
ယွမ်ရှောင်က အလွန်တည်ငြိမ်၍ သူမကို ဂရုပင်မစိုက်ကြောင်း သိသာ၍ ကူစုဝမ် ကြောက်လန့်လာကာ ဖုန်းရွှမ်ကဲ့သို့ ရှင်းပြ၍မရနိုင်သော နိဂုံးနှင့် ကြုံတွေ့ရမည်ကို စိုးရွံ့နေခြင်းဖြစ်သည်။ ထို့ကြောင့် သူမက လက်ချောင်းများ၏ ညှစ်အားကို ဖြည်းညင်းစွာ ဖြေလျှော့ပြီး ယွမ်ရှောင်၏ ပခုံးများကို စတင်နှိပ်နယ်ပေးရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
"မင်းက တိုက်ပွဲတွေ အများကြီး ဆက်တိုက် တိုက်ခိုက်ခဲ့ရတာဆိုတော့ အရမ်းပင်ပန်းနေမှာပဲ။ မနက်ဖြန် မင်း နတ်ဘုရားဂိတ်ကို သွားရမယ်။ အမေက တင်းမာနေတာတွေ ပြေလျော့သွားအောင် လုပ်ပေးပါရစေ"
လျှပ်စီးသခင်မ တစ်ယောက်က ပခုံးနှိပ်နယ်ပေးခြင်းသည် မိုးကြိုးဌာနတွင် အမြင့်ဆုံးဂုဏ်ပြုမှုအလား သတ်မှတ်နိုင်၏။
"မေးချင်တဲ့ မေးခွန်းကို မေးပါ"
"ဘာမှ အရေးကြီးတာ မဟုတ်ပါဘူး။ မင်းရဲ့ မျိုးရိုးနာမည်က လုဖြစ်ပြီး ဝိညာဉ်က အားကောင်းတယ်။ မဟာစစ်သူကြီး မင်းကို ပထမဆုံးအကြိမ် မြင်တုန်းက တစ်စုံတစ်ယောက်ကို သတိရသွားတယ်လို့ ပြောတယ်"
"ဘယ်သူ့ကိုလဲ"
ယွမ်ရှောင်က အနှိပ်ခံ၍ ဇိမ်ယူနေရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ကောင်းကင်ရုံးတော် ကို အကြိမ်တစ်ထောင်လောက် တုန်လှုပ်စေခဲ့တဲ့ နတ်ဘုရားတစ်ပါး၊ ငါတို့ခေတ်ရဲ့ အတောက်ပဆုံး ပုဂ္ဂိုလ်ကြီးပေါ့"
ကူစုဝမ်၏ မျက်လုံးများက တောက်ပနေသည်။
"ကောင်းကင်ရုံးတော်ရဲ့ စစ်ဧကရာဇ် လုဖန် တော့ မဖြစ်နိုင်ဘူးမလား"
ယွမ်ရှောင်က သူမ၏ စကားကို အလိုက်အထိုက် ပြန်ပြောလိုက်သည်။
"မင်း ခန့်မှန်းတာ မှန်တယ်။ မင်းက သူနဲ့ တူညီတာတွေ အများကြီးရှိတယ်။ အခု မိုးကြိုးဌာန မှာ သူတို့ ဘာတွေပြောနေကြလဲ သိလား"
"ကျေးဇူးပြုပြီး ပြောပြပါဦး"
သူ၏ သိချင်စိတ်များ တက်ကြွလာသည်။
"မင်းရဲ့ ပါရမီတွေကြောင့် အရှင်လုဖန်ရဲ့ သား ဖြစ်နိုင်တယ်လို့ သူတို့ ပြောနေကြတယ်"
ကူစုဝမ်က သူနှင့် မျက်လုံးချင်းဆုံကာ ပြောလိုက်သည်။
ယွမ်ရှောင်က တစ်ခဏမျှ တန့်သွားပြီးနောက် ရယ်မောပစ်ခဲ့သည်။
"အဓိပ္ပါယ်မရှိလိုက်တာ"
"မဟုတ်ဘူးလား"
"သေချာပေါက် မဟုတ်ပါဘူး။ ဘာလို့ အဲဒီလောက် သေချာနေရတာလဲ"
သူမက သူ့ကို စိုက်ကြည့်ရင်း ခဏတာ တိတ်ဆိတ်နေပြီးနောက် တီးတိုးပြောလိုက်သည်။
"ငါလည်း မယုံခဲ့ပါဘူး၊ ဒါပေမယ့် ဒီနေ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့တယ်"
"ကျွန်တော် နားထောင်နေပါတယ်"
သူမက အနီးသို့ ကပ်လာကာ အသက်ပြင်းပြင်း ရှူရင်း တစ်လုံးချင်း အသိပေးခဲ့၏။
"မိုးကြိုးအဆင့်သတ်မှတ်ချက်မှာ မင်း ရွေးချယ်ခံရတာကို ကြားတဲ့အခါ အရှင်လုက
ယွမ်ရှောင်က မျက်လုံးများ ကျဉ်းမြောင်းသွားကာ စုံစမ်းလိုက်၏။
"သူက ကျွန်တော့်ကို ဘယ်လို ဂုဏ်ပြုတာလဲ"
"စကားတစ်ခွန်းတည်းပါပဲ။ ခရီးဝေးသွားမှ မြင်းကောင်းအစွမ်းသိမယ်တဲ့"
သူတို့ ပထမဆုံးတွေ့ဆုံခဲ့သည့်ညကအကြောင်း ယွမ်ရှောင် ရုတ်တရက် သတိရသွားကာ ခနတာ တိတ်ဆိတ်သွား၏။
"ငါက လုယောင်ဆိုတာကို သူ သိတယ်၊ အဲဒီညကလည်း သူ ငါ့ကို မြင်ခဲ့တယ်"
လူယောင်းသည် အမှန်တကယ်ပင် လုဖန်၏ သွေးသားအရင်းအချာ ဖြစ်နိုင်ပြီး အသိအမှတ်ပြုခံရသည်နှင့် တပြိုင်နက် ရှောင်ပြေး၍ မရနိုင်တော့ပေ။
"ဟား ဟား..."
ယွမ်ရှောင်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အမေ့ကို ပြောစမ်းပါ၊ ဒါက အမှန်ပဲလား"
ဤမေးခွန်း၏ အဖြေသည် မိုးကြိုးဌာန အတွက် အလွန်အရေးကြီးကာ မိုးကြိုးဧကရာဇ်ပင်လျှင် ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ ထို့ကြောင့် ယွမ်ရှောင်၏ ရယ်သံက သူမကို စိုးရိမ်မကင်း ဖြစ်စေခဲ့သည်။
"ငါ့ကို ပြောပြပါ"
သူမက ဆိုးနွဲ့တတ်သော ချစ်သူကောင်မလေးတစ်ယောက်ပမာ ယွမ်ရှောင်၏ ပခုံးကို တွန်းရင်း ညုတုတုအသံဖြင့် ပြောလိုက်သည်။
"မွေးစားအမေ၊ လောလောဆယ် ဒီလျှို့ဝှက်ချက်ကို ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော်တို့ နတ်ဘုရားဂိတ်ကို ရောက်ပြီး အရှင်လုဖန်နဲ့ တွေ့တဲ့အခါ အားလုံး ရှင်းလင်းသွားပါလိမ့်မယ်"
"မင်းက တော်တော် နောက်တတ်တာပဲ"
ကူစုဝမ်က ရယ်မောကာ ပြောလိုက်သော်လည်း အံ့သြတုန်လှုပ်ကာ ကြောက်လန့်သည့်အဖြစ်သို့ သိသိသာသာ အမူအရာ ပြောင်းလဲသွားသည်။ ယွမ်ရှောင်သည် ဖုန်းရွှမ်ကို သတ်ဖြတ်ခဲ့ပြီး ယခုအခါ နတ်ဘုရားဂိတ်တွင် စစ်ဧကရာဇ် အရှင်သခင် နှင့် ရင်ဆိုင်ရန် ရဲတင်းစွာ စီစဉ်နေသည်။ အကယ်၍ သူသာ တစ်ဖက်လူ၏ သား မဟုတ်ပါလျှင် ကောင်းကင်ရုံးတော်တွင် မည်သည့် လျှို့ဝှက်စွမ်းအားကမှ လုဖန်ကို မယှဉ်နိုင်သောကြောင့် သေရပေလိမ့်မည်။ အကယ်၍ ယွမ်ရှောင်က သူတို့၏ သားအဖဆက်ဆံရေးကို တိုက်ရိုက်အတည်ပြုခဲ့လျှင် သူမ သံသယဝင်မိပေလိမ့်မည်။
ဂူစုဝမ်က သူမ၏လက်ကို ရုပ်သိမ်းပြီး ဖြည်းညင်းစွာ ပြောရင်း စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ဘယ်လိုဖြစ်ဖြစ်ပါ၊ မင်း ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အကူအညီလိုရင် အမေ့ကိုသာ ပြော"
"ကျွန်တော် အခု နတ်မိုးကြိုးဗျူရိုကို သွားချင်တယ်။ ကျွန်တော့်ကို ခေါ်သွားပေးမလား"
"အဲဒီမှာ မိုးကြိုးဌာန ရဲ့ ထိပ်တန်း ကျင့်စဉ်တွေ ရှိတယ်။ အနည်းဆုံး အဆင့် ၆ ကောင်းကင် အရာရှိ အဆင့်အတန်း လိုအပ်တယ်"
ယွမ်ရှောင်က အသစ်ရရှိထားသော အဆင့် ၆ ပလက်တီနမ် တံဆိပ်ကို ထုတ်ပြလိုက်သဖြင့် သူမ၏ စကား ရပ်တန့်သွားရသည်။
"အဆင့် ၆ ကောင်းကင်အရာရှိ တစ်ယောက်အနေနဲ့ ကုသိုလ်မှတ်တွေလည်း ရှိထားဖို့ လိုအပ်တယ်"
"ဒါကြောင့်မို့ ကျွန်တော့်အတွက် လမ်းခင်းပေးဖို့ လိုအပ်တာပေါ့။ ကျွန်တော်က မိုးကြိုးဌာန ကို ဂုဏ်ကျက်သရေတွေ ယူဆောင်လာပေးတော့မှာမလား။ ဆုလာဘ် ကြိုထုတ်တယ်လို့ သဘောထားလိုက်လို့ မရဘူးလား"
"ကုသိုလ်မှတ်တွေကို ကြိုယူမလို့လား။ ကောင်းပြီ၊ ငါ အဘိုးကြီးချောင်ရဲ့ သြဇာကို သုံးပြီး မင်းအတွက် ကြိုးစားပေးပါ့မယ်"
"အရမ်းကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ် မွေးစားအမေ"
ယွမ်ရှောင်၏ အပြုံးက တောက်ပပြီး နေရောင်ခြည်ကဲ့သို့ လင်းလက်နေသည်။ တစ်ဖက်လူ ချဉ်းကပ်လာသည်မှာ မာယာများ ပြည့်နှက်နေသော်လည်း သူ့အတွက် အသုံးချစရာ ကိရိယာတစ်ခုထက် မပိုချေ။
"နတ်မိုးကြိုးဗျူရို ရဲ့ အလယ်ဗဟိုမှာ ရုန်းဖိနှိပ် တံခါး တစ်ခုလည်း ရှိတယ်ဆိုတာ တကယ်လား"
ယွမ်ရှောင်က ရုတ်တရက် မေးလိုက်သဖြင့် ကူစုဝမ် အလန့်တကြား ဖြစ်သွား၏။
"မင်း မလုပ်သင့်ဘူး"
သို့သော် သူက တစ်ဖက်လူကို လျင်မြန်စွာ ဆွဲဖက်ကာ ပေါင်ပေါ် တင်ချလိုက်သဖြင့် သူမ၏ မျက်နှာ နီရဲသွားကာ ချက်ချင်းထရပ်၍ အကြည့်များ စူးရှသွားသည်။
"ကျွန်တော် ကတိပေးပါတယ်၊ ဒီတစ်ကြိမ်တော့ အဲဒါကို ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး"
"မင်း…မင်း"
သူတို့နှစ်ယောက်က အသက်သုံးရှိုက်စာမျှ မျက်လုံးချင်း ဆုံသွားကြ၏။ မတည်မငြိမ် ဖြစ်လာသော စိတ်ကို ဖိနှိပ်ထားရင်း ကူစုဝမ်က လှည့်ထွက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"ငါ့နောက် လိုက်ခဲ့"