အခန်း (၆၀၉-၆၁၀)
Vol. 46 Ch. 609-610
အပိုင်း ၆၀၉ - မိုးကြိုးကျမ်းစာတိုက်
မိုးကြိုးဌာန၏ လျှို့ဝှက်သော နေရာတစ်ခုတွင် ကောင်းကင်အထက်မှ မိုးကြိုးများ ကျဆင်းလာ၍ စက်လုံးသဏ္ဍာန် အကျဥ်းခန်းတစ်ခု အဖြစ် ယှက်နွယ်သွားကြ၏။ ၎င်း၏ အပြင်ဘက်တွင် မည်းမှောင်သော ဟင်းလင်းပြင်ကြီး ရှိကာ ထွက်ပြေးလျှင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျဥ်းခန်း၏ အလယ်ဗဟိုတွင် ချောင်ရူက ဒူးထောက်နေရပြီး မျက်နှာဖြူဖပ်ဖြူရော်နှင့် တစ်ကိုယ်လုံး တုန်ရီကာ မျက်လုံးများ၌ ကြောက်စိတ်တို့ ထင်ဟပ်နေသည်။ သူမနှင့် မနီးမဝေးတွင် ငွေရောင်ဝတ်ရုံနှင့် လမင်းဓားနတ်ဘုရား ရပ်နေပြီး မျက်နှာအထက်၌ အေးစက်သော ဓားအလင်းများ တဖြတ်ဖြတ် လင်းလက်ကာ အကြည့်များ အဆိပ်ပြင်းလှ၏။
သို့သော် ချောင်ရူ တကယ်တမ်း ကြောက်လန့်နေသည်မှာ ထိုမိန်းမ မဟုတ်ဘဲ လေထဲတွင် သူမကို ဝန်းရံ၍ ရပ်နေသော ပုံရိပ်ကိုးခု ဖြစ်သည်။ လူငယ်တစ်ယောက်၏ မျက်နှာပေါက်မျိုး ပိုင်ဆိုင်ကာ ခရမ်းရောင်ဆံပင်များ ရှိ၍ မျက်လုံးများအတွင်း မျက်ဆံဟူ၍ မရှိဘဲ လျှပ်စီးမိုးကြိုးများသာ ပြည့်နှက်နေကြ၏။ ထူးဆန်းသည်မှာ ဤကိုးယောက်သည် ရုပ်ရည်ရော အရပ်အမောင်းပါ ခွဲခြားမရနိုင်အောင် တူညီ၍ ဤဖိအားအောက်တွင် သူမသည် ခေါင်းငုံ့ထားရကာ ကြီးမားပြင်းထန်သော အရှိန်အဝါကြောင့် နှုတ်ခမ်းများပင် သွေးရောင် မရှိတော့ချေ။
"မင်းက သူ့အကြောင်း နည်းနည်းလေးတောင် နားမလည်ပါလား။ မီးကိုတိုးတဲ့ ပိုးဖလံလို ရူးရူးမိုက်မိုက်နဲ့ လိမ်ညာခဲ့တာပေါ့"
လူကိုးယောက်က ပြိုင်တူ အသံထွက်လာကြပြီး မိုးချုန်းသံကဲ့သို့ ပဲ့တင်ထပ်နေကာ များစွာမကျယ်လောင်သော်လည်း သူမ၏ နားစည်ကို နာကျင်စေသည်။
"ဟုတ်ကဲ့။ ကျွန်မ သူ့ကို ချစ်တယ်"
"ငါ နားကြားမှားတာလား။ ညီမလေး၊ နင် အသက်ဘယ်လောက်ရှိပြီလဲ။ အခုမှ အချစ်ကို တွေ့ဖူးတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်လို ဟန်ဆောင်မနေစမ်းနဲ့။ နင့်လို လူမျိုး အနောက်နန်းဆောင်ကို ရောက်ဖူးတယ်ဆိုတာကတင် ရှက်စရာပဲ"
လမင်းဓားနတ်ဘုရားသည် ဝင်ရောက် လှောင်ပြောင်လိုက်သော်လည်း ပုံရိပ်ကိုးခုကမူ အပြစ်တင်ခြင်း မရှိပေ။
"ငါ ယုံပါတယ်။ ချောင်အာရဲ့ နှလုံးသားက အချစ်ကို သိနိုင်မှာပါ။ သတ္တမမင်းသမီး၊ နားခိုရာဂိုဏ်းနဲ့ လုယောင်ရဲ့ ဇစ်မြစ်အကြောင်း ပတ်သက်ပြီး ချောင်ရူ ဘာမှမသိဘူး။ အနောက်နန်းဆောင်ကို မင်း ပြန်ပြီး သတင်းပို့လို့ရပြီ"
"ကျွန်မ သူနဲ့ စာရင်းရှင်းစရာ ရှိသေးတယ်"
သို့သော် သူမက မကျေမနပ်ဖြင့် စောဒကတက်နေသောအခါ ချောင်ရူသည် ခေါင်းမော့ကြည့်လာ၍ လှောင်ပြုံးတစ်ချက်ဖြင့် ပြောလိုက်သည်။
"အစ်မ၊ နင်က လုယောင်နဲ့ စစ်ဧကရာဇ်အရှင် ပတ်သက်နေသလား စုံစမ်းချင်နေတာမလား။ ငါ့ကြောင့် လုယောင်က နင့်တပည့် ဖြစ်လာတာနော်။ စာရင်းရှင်းရမှာ မဟုတ်ဘူး။ ငါ့ကို ကျေးဇူးတင်ရမှာ။ တကယ်လို့ သူသာ အရှင်လုဖန်ရဲ့ သားဖြစ်နေရင် နင် အလိုလို အထက်ရောက်သွားမှာပဲ"
"ငါက စစ်ဧကရာဇ်ရဲ့ အထောက်အပံ့ မလိုအပ်ဘူး"
"စောက်ပိုတွေ ပြောမနေစမ်းပါနဲ့။ ကောင်းကင်ရုံးတော်မှာ စစ်ဧကရာဇ်ရဲ့ နောက်ခံ မလိုချင်တာ ဘယ်သူ ရှိလို့လဲ"
"ကဲ ကဲ ငြင်းမနေကြနဲ့။ အချိန်တန်ရင် အလိုလို အဖြေပေါ်လာလိမ့်မယ်"
ပုံရိပ်ကိုးခုထံမှ အသံထွက်လာ၍ ငြင်းခုံနေသော ညီအစ်မနှစ်ယောက်ကို ရပ်တန့်စေလိုက်သည့်တိုင်အောင် လမင်းဓားနတ်ဘုရားမှာ အရိပ်အကဲ မသိချေ။
"ဘာဖြစ်ဖြစ် မင်းက အနောက်နန်းဆောင်ရဲ့ ဂုဏ်ကို ထိခိုက်စေခဲ့တယ်။ မိဖုရားကြီးက ဒါကို လျစ်လျူရှုထားမှာ မဟုတ်ဘူး"
"တကယ်လို့ လုယောင်သာ အရှင်လုဖန်ရဲ့ သားဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲ ဟ ဟ"
"မင်းက ဘဝနဲ့ရင်း လောင်းကြေးထပ်ချင်တာလား။ ကလေးတစ်ယောက်အတွက်နဲ့ ရူးနေတာပဲ"
"သူ့စွမ်းရည်အကြောင်း နင် ဘာမှ မသိပါဘူး"
လမင်းဓားနတ်ဘုရားကို လုံလောက်အောင် ရန်စပြီးနောက် ချောင်ရူသည် ပုံရိပ်ကိုးခုဘက် လှည့်ကာ ရိုရိုသေသေ လျှောက်တင်ခဲ့သည်။
"အရှင်၊ စီရင်ချက်မထွက်ခင် ကျွန်မကို လွှတ်ပေးထားလို့ မရဘူးလား။ လုယောင်အတွက် အသက်နဲ့ လောင်းကြေးထပ်ထားလို့ ထွက်မပြေးပါဘူး။ ကျွန်မကြောင့် မိုးကြိုးအကျဥ်းထောင်ရဲ့ အရင်းအမြစ်တွေ အလဟဿ ကုန်ကျပါတယ်"
"မင်း ပြဿနာ ရှာနေတာ တော်လောက်ပြီ။ နတ်ဘုရားဂိတ်က မဆုံးဖြတ်ခင်အထိ မင်း ဒီမှာနေရမယ်။ ငါ တစ်ခုလောက် မေးချင်မိတယ်။ လုယောင်ကရော မင်းကို တကယ်ချစ်ရဲ့လား"
ပုံရိပ်များအနက် တစ်ခုသာ လှုပ်ရှားလာ၍ ရုတ်တရက် ရယ်မောကာ မေးခွန်းထုတ်လိုက်သောအခါ သူမကို အတွေးနက်သွားစေသည်။ အကယ်၍ လုယောင်သာ စစ်ဧကရာဇ်၏ သားဖြစ်နေလျှင် ဘမျိုးဘိုးတူ ဆိုသကဲ့သို့ ဖခင်ဖြစ်သူအတိုင်း အပျိုတော်တစ်သိုက်နှင့် သေချာပေါက် ပျော်ပါးချင်ပေလိမ့်မည်။ ထိုအခိုက်အတန့်တွင် လမင်းဓားနတ်ဘုရားက ပုံရိပ်ကိုးခုကို ဂါရဝပြု၍ နှုတ်ဆက်ထွက်ခွာသွားသောအခါ ပုံရိပ်ကိုးခုသည် ကြီးမားသော ခရမ်းရောင် လျှပ်စီးကြောင်း အဖြစ် ပေါင်းစပ်ကာ နောက်ဆုံး အမှာစကား ပြောလာခဲ့၏။
"နောက်နှစ်ရက်နေရင် မင်းကို သေမျိုးလောကဆီ ခေါ်သွားမယ်။ အဆင့်လေး တမန်တော်တစ်ယောက်ရဲ့ မှတ်တမ်းမှာ ပူဇော်သက္ကာရ လက်ခံထားတာ မရှိဘူး။ အထက်က မေးခွန်းထုတ်လာပြီး ကောင်းကင်ရုံးတော်အပေါ် သစ္စာမရှိဘူးလို့ သတ်မှတ်လိုက်ရင် မင်းတစ်ယောက်တည်း မကဘူး။ မျိုးနွယ်တစ်ခုလုံးနဲ့ မိုးကြိုးဌာနပါ ပြဿနာ တက်လိမ့်မယ်"
ထိုစကားကြောင့် ချောင်ရူ၏ ခြေထောက်များ ပျော့ခွေ၍ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာကာ မြေပြင်ပေါ် ခွေကျသွား၏။
"ကောင်းကင်ပျံသန်းမြို့တော်မှာ အမှန်တရား ပေါ်ပေါက်သွားတာနဲ့ ပတ်သက်ပြီး အထက်က ဒေါသထွက်နေတယ်။ မိုးကြိုးဌာနပိုင်နက်ထဲမှာ ပုန်ကန်မှုရှိတယ်လို့တောင် သံသယရှိနေကြပြီ။ ဒါက မဟာတာအိုနယ်မြေရဲ့ အထိအခိုက် မခံနိုင်ဆုံး ကိစ္စပဲ။ လုယောင်က စစ်ဧကရာဇ်ရဲ့ သား တကယ်ဖြစ်နေရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
"ကျွန်မ...ကျွန်မ နားလည်ပါပြီ"
"သေချာတွေးကြည့်ပါဦး။ တစ်ချိန်က ငါလည်း မင်းလို ဖြစ်ခဲ့ဖူးလို့ နားလည်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အမှန်တရားကို သိလာရတယ်။ အင်မော်တယ် လောကမှာ အစွမ်းထက်လာဖို့ လမ်းကြောင်းက ထင်သလောက် မလှပဘူး။ လူ့သဘာဝအရ ကျင့်ကြံရေးခရီးကို လှပသာယာတဲ့ စွန့်စားခန်းလို့ ထင်မှတ်ကြပေမယ့် အမှန်တကယ်က သွေးခင်းလမ်းပဲ"
ခရမ်းရောင်လျှပ်စီးကြောင်းထံမှ လက်တစ်ဖက် ထွက်လာပြီး ချောင်ရူ၏ ခေါင်းကို သနားကြင်နာစွာ ပွတ်သပ်၍ ဆုံးမနေပုံရသည်။
"ကလေးမ၊ မင်းအဖေက ငါ့အပေါ်မှာ တစ်သက်လုံး အလုပ်အကျွေးပြုခဲ့တယ်။ လူကြီးတစ်ယောက်အနေနဲ့ မင်း ဒုက္ခရောက်တာကို မမြင်ချင်ဘူးကွယ်။ ကျင့်ကြံရေးလမ်းကြောင်းဟာ ထင်ထားသလို ပန်းခင်းလမ်း မဟုတ်ဘူး။ လောကကြီးဟာ ဒီလိုပါပဲ၊ ရက်စက်မှုပေါင်းစုံနဲ့ ပြည့်နှက်နေပြီလေ"
ထို့နောက် သူက သက်ပြင်းတစ်ချက်ချကာ ထွက်ခွာသွားပြီး မြေပြင်၌ ကျုံ့ကျုံ့လေး ထိုင်၍ မျက်ရည်များ ကျဆင်းနေသော ချောင်ရူတစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
မိုးကြိုးဌာန၊ နတ်မိုးကြိုးဗျူရိုတွင် ဌာနတည်ထောင်စကတည်းက နှစ်ပေါင်းများစွာအတွင်း ပညာရှင်များ ဖန်တီးထားခဲ့သော ကျင့်စဥ်များ သိမ်းဆည်းထားသည့် ကျမ်းစာတိုက် တစ်ခု ရှိ၍ အဆင့်ခြောက်နှင့်အထက် အရာရှိများကိုသာ ဝင်ခွင့်ပြုထားပြီး အင်မော်တယ်များ၏ အိပ်မက်နေရာတစ်ခု ဖြစ်သည်။ မိုးကြိုးဌာနတစ်ခုလုံးတွင် တိုက်ခိုက်ရေးစွမ်းအားကို ထည့်မတွက်ဘဲ ရာထူးကိုသာ ကြည့်လျှင် အများဆုံး လူတစ်ထောင်ခန့်သာ ဝင်ခွင့်ရှိပြီး အသက်သုံးဆယ်အောက်ဆိုပါက အရေအတွက် လက်ဆယ်ချောင်းပင် မပြည့်ချေ။
ရွေးချယ်ပွဲအပြီး၊ ညမမှောင်ခင် အချိန်လေးတွင် ယွမ်ရှောင်နှင့် ကူစုဝမ် ထိုနေရာသို့ ရောက်လာကြပြီး ပတ်ဝန်းကျင်၌ လူအများ ရှိနေကြ၏။ လက်ရှိတွင် ယွမ်ရှောင်၏ ကျော်ကြားမှုကြောင့် နေရာတိုင်းမှ အပြုံးကိုယ်စီဖြင့် ရိုရိုသေသေ နှုတ်ဆက်လာကြသော လူထုအမြင်ကို ပြောင်းလဲပစ်ရန် အလွန်လွယ်ကူကြောင်း သိသာသည်။ အချို့က မျက်မှောင်ကြုတ် ကြည့်နေသော်လည်း အများစုမှာ သူ့ကို မိုးကြိုးဌာန၏ ဂုဏ်ယူစရာ ပါရမီရှင်အဖြစ် လက်ခံလာကြပြီး နတ်မိုးကြိုးဗျူရိုသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် ဆွေးနွေးသံများ ညံစီသွား၏။
"ကူစုဝမ်နဲ့ သူက ဆက်ဆံရေး ပြန်ပြီး ကောင်းမွန်သွားပြီ"
"လုယောင်နဲ့ စစ်ဧကရာဇ် ပတ်သက်နေတယ်လို့ ကောလဟာလတွေ ရှိတယ်မလား"
"မင်းကြီးတော် ကောလဟာလ။ မိုးကြိုးဌာနရဲ့ သဘောထားက လုယောင်အပေါ် ဘယ်လောက်တောင် ပြောင်းလဲသွားပြီလဲ။ သူက အရှင်လုဖန်ရဲ့ တရားမဝင် သားတစ်ယောက် ဖြစ်နိုင်တယ်"
"ဟုတ်လောက်တယ်။ သူက မိုးကြိုးဌာနရဲ့ ပါရမီရှင်တွေကို သတ်ပြီးတာတောင် ပေါ်တင်ကြီး သွားလာနေရဲတယ်။ လုပ်ကြံခံရမှာကို မကြောက်ဘူး။ မြို့စားပိုင်တောင် လက်စားမချေရဲဘူးမလား"
"ဒီလိုနောက်ခံမျိုး ရှိတာက ကောင်းလိုက်တာ။ ကောင်းကင်ရုံးတော်မှာတောင် ဒါမျိုး ကံကောင်းဖို့ မလွယ်ဘူး"
လူ့သဘာဝအရ အနည်းငယ် သာလျှင် မစ္ဆိရိယစိတ်ဖြင့် ရန်လိုတတ်ကြသော်လည်း အဆပေါင်းများစွာ သာလွန်နေလျှင်မူ အားကျရုံသာ တတ်နိုင်ပြီး ရန်မစရဲကြတော့ပေ။ ထိုအခိုက်အတန့်တွင် ယွမ်ရှောင်နှင့် ကူစုဝမ် နတ်မိုးကြိုးဗျူရို အတွင်း ဝင်ရောက်သွားသည်ကို အရာရှိနှစ်ယောက် တိတ်တဆိတ် စောင့်ကြည့်နေကြောင်း မည်သူမျှ သတိမထားမိလိုက်ပေ။
ပိုဟုန်က မှုန်ကုပ်ကုပ် မျက်နှာထား ရှိနေပြီး ပိုင်တောက်မှာ သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ သွေးနီရောင် တောက်ပနေ၏။
"သူ့ဘဝက စစ်ဧကရာဇ် တက်လှမ်းလာသလိုပဲ။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့"
"ဘာကြောင့်လဲ"
ပိုဟုန်၏ မှတ်ချက်ကြောင့် ပိုင်တောက်က စူးစမ်းလိုဟန်ဖြင့် ပြန်မေးသည်။
"ငါ စုံစမ်းထားပြီးပြီ။ ကျန်းထိုက်ပင်း၊ ချောင်ရှန်း၊ လမင်းဓားနတ်ဘုရားအထိ ဒီကောင်က အသုံးချပြီး အသက်ရှင်နေထိုင်လာတာပဲ။ နောက်ဆုံးကျတော့ ဘယ်သူမှလည်း သူ့အတွက် တကယ့်နောက်ခံ မဟုတ်ကြဘူး။ အခု သူက စစ်ဧကရာဇ်ကို နောက်ခံအဖြစ် အသုံးချနေပြန်ပြီ။ ကူစုဝမ်လည်း လှည့်စားခံလိုက်ရပြီ ထင်တာပဲ"
"ဒါဆိုရင် မင်းပြောချင်တာက ဒီကောလဟာလ သတင်းတွေဟာ အလိမ်အညာတွေလား"
ပိုင်တောက်က အတည်ပြုချက်တစ်ခု ရလိုဟန်ဖြင့် ပိုဟုန်ကို ပြတ်ပြတ်သားသား အဖြေပေးရန် မေးလိုက်လေသည်။
အပိုင်း ၆၁၀ - မိုးကြိုးဌာန၏ တာအိုကောင်းကင်အဆင့် ပညာရပ်ဆယ်ပါး
"ငါ မသိဘူး။ ဂုဏ်ပြုစကားက အရှင်သခင်လုရဲ့ လှည့်ကွက်တစ်ခုသက်သက်လည်း ဖြစ်နိုင်တယ်။ အရာရာကို မသေချာမရေရာဖြစ်အောင် လုပ်နေတာပေါ့။ ဒါပေမယ့် ငါ အမှန်တရားတစ်ခုကိုတော့ လက်ခံထားတယ်။ တကယ်လို့ သူက ဒီအဆင့်အတန်းကို တကယ်ရရှိထားပြီး အရှင်သခင်လုနဲ့လည်း အခြေအနေကောင်းနေမယ်ဆိုရင်၊ မိုးကြိုးဌာနအတွင်းမှာ ခြေလှမ်းတိုင်း ကြိုးတန်းလမ်းလျှောက်နေစရာ မလိုတော့ဘူး"
"ပြဿနာက ဒါဟာ ငါတို့မတတ်နိုင်တဲ့ လောင်းကြေးတစ်ခု ဖြစ်နေတာပဲ"
ပိုင်တောက်က ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းရင်း ညည်းတွားလိုက်သည်။
ပိုဟုန်က ရယ်မောပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။
"ငါတို့က လောင်းကြေးထပ်ရမယ်လို့ ဘယ်သူပြောလဲ။ သူက တကယ်ဘယ်သူလဲဆိုတာ နတ်ဘုရား ဂိတ်ကို ဝင်သွားတာနဲ့ ပေါ်လာလိမ့်မယ်။ အလောတကြီး လုပ်စရာ ဒါမှမဟုတ် သူ့အနား ကပ်သွားစရာ မလိုဘူး။ တကယ်လို့ သူက အရှင်သခင်လုရဲ့ သွေးသားရင်းချာ တကယ်ဖြစ်နေခဲ့ရင် မိသားစုတစ်ခုလုံး ပျက်စီးသွားရင်တောင်မှ မင်းက ပြုံးပြီး ခယနေရမှာပဲ။ မဟုတ်ဘူးဆိုရင်တော့ ဟန်ဆောင်မှုတွေ အကုန်လုံး ပြိုလဲသွားလိမ့်မယ်။ သူကျရှုံးချိန်မှာ ဝင်ကန်ချင်တဲ့သူက မင်းတစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ဘူး"
"အမှန်ပဲ။ အနည်းဆုံးတော့ ငါတို့က အခုအချိန်မှာ ချောင်ရှန်းထက် ပိုလုံခြုံတယ်"
သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ချောင်ရှန်းက အရှုပ်အထွေးထဲကို အဲဒီကောင်လေးကြောင့် ထပ်ပြီး ဆွဲသွင်းခံလိုက်ရပြန်ပြီ"
ပိုဟုန်က လှောင်ပြုံးဖြင့် ပြောလိုက်ပြီးနောက် တစ်စုံတစ်ယောက်ကို သတိရသွားကာ သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် ငါ ဝန်ခံရမယ်။ အရှင်သခင်လုက တကယ်ကို ကြောက်စရာကောင်းတယ်"
"ငါတို့ကို ထားလိုက်ပါဦး၊ မိုးကြိုးကိုးပါး အရှင်သခင်တောင်မှ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းရခက်တယ်။ နှစ်ယောက်လုံးက အဆင့် ၁ ကောင်းကင်အရာရှိတွေ ဖြစ်ပေမယ့် အကြီးမြတ်ဆုံး စစ်နတ်ဘုရားရဲ့ စွမ်းရည်က တခြား အင်မော်တယ် အရာရှိတွေအားလုံးထက် ကျော်လွန်နေတာ ကြာပြီလေ”
"ဒါက ပြဿနာဆီကို ဦးတည်နေသလို ခံစားရတယ်"
"ဟုတ်တယ်၊ ဒါက ထိန်းချုပ်လို့မရဘူး။ အရမ်းအန္တရာယ်များတယ်"
ပိုင်တောက်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ နှစ်ဦးသား ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးနောက် စကားပြန်စသည်။
"မိုးကြိုးကိုးပါး အရှင်ဧကရာဇ် ပြန်ရောက်လာပြီလို့ ငါ ခုလေးတင် ကြားလိုက်တယ်။ သူ ပြန်မလာတာ နှစ်တွေကြာပြီ။ အခု ဒီကို ရောက်နေတယ်ဆိုတော့ သေချာပေါက် တစ်ခုခု လုပ်ဖို့ပဲ"
"သူ ကိုယ်တိုင် ချောင်ရူကို ဖမ်းဆီးထားမယ်လို့ ငါ လောင်းရဲတယ်"
ပိုဟုန်က ပြောသည်။
"သူက အရှင်သခင်လုကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်နေတာလား"
ပိုင်တောက်က မေးမြန်းလိုက်သည်။
"ဖြစ်နိုင်တယ်။ ကောင်းကင်ရုံးတော်ရဲ့ သမိုင်းမှာ ဆွဲဆောင်မှုအရှိဆုံး နတ်ဘုရားပစ္စည်းဖြစ်တဲ့ နားခိုရာက အနောက်ဘက် ခွန်းလွန်တောင်ပေါ်ကို ဆင်းသက်လာခဲ့ပြီ။ မင်းသမီး ခုနစ် သေဆုံးသွားတာနဲ့အတူ ကောင်းကင်ရုံးတော်က အင်မော်တယ်တွေအားလုံးက ရင်တထိတ်ထိတ် ဖြစ်နေကြတယ်။ စောင့်ကြည့်နေလိုက်၊ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှိနေတဲ့အတွက် စည်းမျဉ်းတွေက ပြိုကျတော့မယ်"
" နားခိုရာကို ရတဲ့သူက ကောင်းကင်ရုံးတော်ကို အုပ်စိုးမယ်။ အဲဒီစကားကို ဘယ်သူကများ ထွင်လိုက်တာလဲ။ တကယ့်ကို လျှာစောင်း ထက်တာပဲ"
ပိုင်တောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သောအခါ ပိုဟုန်သည် ခပ်လှောင်လှောင်ပြုံး၍ မှတ်ချက်ပေးလိုက်၏။
"အဲဒီအတွက် အရှင်သခင်လုကိုလည်း ကျေးဇူးတင်ရလိမ့်မယ်"
နတ်မိုးကြိုးဗျူရို အတွင်း ကျမ်းစာတိုက်၊ ပထမအထပ်က ခံ့ညားစွာ ရှိနေပြီး ဝင်ပေါက်တွင် ကာကွယ်ရန် တာဝန်ကျသော အဆင့် ၄ မိုးကြိုး တမန်တော် တစ်ဦးသည် ကူစုဝမ်နှင့် ယွမ်ရှောင်တို့ကို မှတ်မိသွားသဖြင့် မည်သည်မျှ မမေးမြန်းတော့ဘဲ ဝင်ခွင့်ပြုလိုက်ရာ အရှင်သခင်လုနှင့် ပတ်သက်သည့် ကောလာဟလများ မည်မျှအထိ ပျံ့နှံ့နေပြီဖြစ်ကြောင်း သက်သေပြနေသည်။ အတွင်းပိုင်း၌ ဗဟိုကို အခန်းတွဲများဖြင့် ဝန်းရံထားပြီး အခန်းတစ်ခန်းစီတွင် မိုးကြိုးဌာန၏ လျှို့ဝှက်သင်ကြားမှုများမှ ထူးခြားသော ဂါထာတစ်ခုစီ ရှိကာ တံခါးအများစုကို ပိတ်ထားပြီး ကျင့်ကြံသူများ သင်ယူနေကြောင်း သိနိုင်သည်။
"ပထမအထပ်မှာ ဘယ်လိုအဆင့် ကောင်းကင်နည်းစနစ်တွေကို ကျင့်ကြံကြတာလဲ" ၏
ယွမ်ရှောင်က မေးလိုက်သည်။
"ယေဘုယျအားဖြင့်တော့ သူတို့က ကောင်းကင်ကျယ် အဆင့်နိမ့်တွေပါ"
ကူစုဝမ်က ညင်သာစွာ ပြန်ဖြေသည်။
"ပထမအထပ်မှာတင် ကောင်းကင်ကျယ် အဆင့်လား။ အဲဒီတော့ သာမန် ကောင်းကင် အဆင့် ကောင်းကင်နည်းစနစ် တစ်ခုမှ မရှိဘူးလို့ ဆိုလိုတာလား"
"အဆင့် ၆ နဲ့အထက် ကောင်းကင်အရာရှိတွေက သာမန်အဆင့် ကောင်းကင်နည်းစနစ်တွေကို ဘာလုပ်ဖို့ လိုအပ်မှာလဲ"
ကျင့်ကြံခြင်းအဆင့်များအပြင်၊ ကျင့်ကြံသူသည် ဓားဝိညာဉ်များ၊ နည်းစနစ်များနှင့် မှော်ရတနာများကိုပင် အဆင့်အမျိုးမျိုး ခွဲခြားထားကြသည်။
ပထမတာအို ကပ်ဘေး၏ သေမျိုးနယ်ပယ် ရှစ်ခုနှင့် ပတ်သက်၍ ကြယ်တံခွန်များ၊ ဥက္ကာပျံများ စသည်ဖြင့် အာကာသဝတ္ထုများကို အစွဲပြု၍ နာမည်ပေးထားကာ တာအိုနှလုံးသား၏ အနှစ်သာရ ပါဝင်သော ဒုတိယတာအို ကပ်ဘေး၏ တာအိုနှလုံးသား နယ်ပယ် ရှစ်ခုတွင် ယင်ယန်စွမ်းအားနှစ်ရပ်တို့နှင့် ကိုက်ညီသည်။ မူလဝိညာဉ် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော တတိယတာအို ကပ်ဘေးအတွက်၊ လူသားများ သတ်မှတ်ထားသော အဆင့်များကို ကောင်းကင်ကိုးထပ် အဆင့်များ ဟု သိကြပြီး ပထမဆုံး အဆင့်လေးခုတွင် သာမန် ကောင်းကင်၊ ကောင်းကင်ကျယ်၊ ကောင်းကင်မြင့် နှင့် တာအို ကောင်းကင်တို့ ပါဝင်ကြောင်း ယွမ်ရှောင် သိထား၏။ ဤရုပ်ဝတ္ထုအဆင့်များနှင့် ကျင့်ကြံခြင်းအဆင့်များကြားတွင် တိကျသော ဆက်စပ်မှု မရှိပေ။
ကောင်းကင်ရုံးတော်တွင် အဆင့်ခြောက်ထက် ကျော်လွန်သော မည်သည့်အရာမျှ မရှိကြောင်း ကောလာဟလ ထွက်လာကာ တစ်နည်းအားဖြင့်ဆိုရသော် ကောင်းကင်ကိုးထပ် နတ်ဘုရားအဆင့်များ၏ နောက်ဆုံးသုံးဆင့်မှာ ဒဏ္ဍာရီလာ ရတနာများဖြစ်သည်။ ပိုင်မောင်နှမ၏ ဓားဝိညာဉ်များသည်လည်း ဒုတိယမြောက် ကောင်းကင်ကျယ် အဆင့်မှ ဖြစ်ကာ ကျန်းထိုက်ပင်း၏ နယ်နိမိတ်သတ်မှတ်ရေး နတ်ဘုရားအပ်က တတိယမြောက် ကောင်းကင်မြင့် အဆင့်ဖြစ်သည်။ နတ်မိုးကြိုးဗျူရိုတွင်၊ ပထမအထပ်၌ပင် ကောင်းကင်ကျယ် အဆင့်ဖြင့် စတင်သောကြောင့် အထက်သို့ ရောက်လေလေ၊ အဆင့်မြင့်လေလေပင်။
ဂူစုဝမ်က ကျမ်းစာတိုက်၏ ဖွဲ့စည်းပုံကို တစ်ထိုင်တည်း ပြောပြလိုက်သည်။
"ပထမသုံးထပ်က ကောင်းကင်ကျယ် အဆင့်တွေကို ထိန်းသိမ်းထားပြီး အလယ်သုံးထပ်မှာတော့ ကောင်းကင်မြင့် အဆင့်တွေ ရှိတယ်။ သတ္တမမြောက် အထပ်ကတော့ တာအိုကောင်းကင် အဆင့်အတွက်ပဲ"
"မွေးစားအမေက တာအို ကောင်းကင်အဆင့် နည်းစနစ် တစ်ခုခု သိလား"
"အဆင့် ၃ ကောင်းကင်အရာရှိတစ်ယောက်က အဲဒါတွေကို ကျင့်ကြံခွင့် မရှိဘူး။ အဆင့် ၂ မှာ ရှိမှ ကျင့်ကြံရတယ်။ ဒါကြောင့် သတ္တမမြောက်အထပ်ကို မဟာစစ်သူကြီးတွေသာ ဝင်ခွင့်ရှိတယ်"
ရိုးရှင်းစွာ ပြောရလျှင် အနှစ်သာရပုံဖော် နယ်ပယ်သည် ပုံမှန်အားဖြင့် သာမန် ကောင်းကင် အဆင့် နည်းစနစ်များကို အသုံးပြုရပြီး အတ္တ နတ်ဘုရားနယ်ပယ်နှင့် အထက် ကျင့်ကြံသူများကမူ ကောင်းကင်ကျယ် အဆင့် နည်းစနစ်များကို အများဆုံး အသုံးပြုကြသည်။ ထို့ထက်မြင့်မားသူများသာ ကောင်းကင်မြင့်နှင့် တာအိုကောင်းကင်အဆင့် ကျင့်စဉ်များကို ကျင့်ကြံခွင့်ရပုံပေါ်သည်။
ယွမ်ရှောင်သည် ဤအဆင့်သို့ ရောက်ရှိရန် ဝေးကွာနေသေးသော်လည်း ရဲရင့်စွာ ပြောလိုက်သည်။
"ကျွန်တော် သတ္တမမြောက်အထပ်ကို သွားကြည့်ချင်တယ်"
"မရဘူး၊ ပြီးတော့ ငါတို့က အရုဏ်တက်တာနဲ့ နတ်ဘုရားဂိတ်ကို သွားရမှာမို့ အချိန်မဖြုန်းပါနဲ့"
ကူစုဝမ်က သတိပေးလိုက်သည်။
"ကြည့်ရုံလေးပါ"
သူက ထပ်မံ၍ တောင်းဆိုလိုက်သောအခါ သူမသည် ခေါင်းကိုက်နေဟန်ဖြင့် နည်းလမ်း စဉ်းစားပေးခဲ့ရ၏။
"သတ္တမမြောက်အထပ်ကို တိမ်တိုက်မိုးကြိုးနန်းတော် လို့ ခေါ်တယ်။ အဲဒါက လမ်းကြောင်းရှစ်သွယ် မဟာစစ်သူကြီး ယွမ်ယင်ရဲ့ နေရာပဲ။ သူ့ကို တွေ့ခွင့်တောင်းပေးမယ်။ သူ သဘောတူရင်တော့ မင်း ဝင်လို့ရပြီ"
"ကျွန်တော် ဒီမဟာစစ်သူကြီးနဲ့ မဆုံဖူးသေးဘူး။ သူက လူကောင်းတစ်ယောက် ဖြစ်ဖို့ မျှော်လင့်ပါတယ်
ကူစုဝမ်က ပြန်မပြောတော့ဘဲ ခြောက်ထပ်မြောက် လှေကားထစ်၏ ထိပ်သို့ ချက်ချင်း ခေါ်ဆောင်သွားပြီး တံခါး ခေါက်ကာ အသိပေးလိုက်သည်။
"မဟာစစ်သူကြီး၊ လုယောင်း တွေ့ခွင့်တောင်းနေပါတယ်"
"ဝင်ခဲ့"
သူမက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး ယွမ်ရှောင်ကို ရှေးဟောင်းအသွင်အပြင်ရှိသော နန်းတော်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ ၎င်းက ကျယ်ဝန်းပြီး အလယ်ဗဟိုရှိ သလွန်တစ်ခုပေါ်တွင် ပညာတတ်ပုံပေါက်သော လူလတ်ပိုင်းအမျိုးသားတစ်ဦး တင်ပျဉ်ခွေထိုင်နေ၍ ပတ်ပတ်လည်တွင် ကျောက်စိမ်းဖြူ တိုင်ဆယ်ခု ရှိကာ တစ်ခုစီတွင် ကျောက်စိမ်းပေလွှာတစ်ခုစီ ရှိနေသည်။
ဝင်ဝင်ချင်းပင် ယွမ်ရှောင်က အရိုအသေပေးလိုက်သည်။
"လုယောင်က မဟာစစ်သူကြီးကို ဂါရဝပြုပါတယ်"
ယွမ်ယင်က မတ်တတ်ရပ်ကာ အပြုံးဖြင့် ပြောလိုက်၏။
"ဒီလို လုပ်နေစရာ မလိုပါဘူး။ မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေအကြောင်း ငါ ကြားနေရတာ ကြာပြီ။ ဒီနေ့ မင်းကို မြင်လိုက်ရတော့ သတင်းတွေအားလုံးထက်တောင် သာလွန်နေသေးတယ်"
သူ၏ စကားများအရ ယွမ်ရှောင်ကို တကယ်ပင် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သကဲ့သို့ ထင်မှတ်ရသည်။
"ကျွန်မက သူ့ကို မိုးကြိုးဌာနရဲ့ ကောင်းကင်နည်းစနစ်တချို့ကို လေ့လာဖို့ ခေါ်လာတာပါ။ သူက သတ္တမမြောက်အထပ်ကို သွားပြီး မိုးကြိုးဌာနရဲ့ မဟာတာအိုကောင်းကင်ပညာရပ်ဆယ်ပါးကို ကြည့်ချင်နေလို့ပါ"
ကူစုဝမ်က ရှင်းပြလိုက်သည်။
"စည်းမျဉ်းတွေအရဆိုရင် မင်း ဒီမှာ မရှိသင့်ဘူး။ ဒါပေမယ့် တာအို ကောင်းကင် အဆင့် ပညာရပ်တွေကို လေ့လာတာက မင်းကို အမြင်ကျယ်စေနိုင်ပါတယ်။ မင်းက မိုးကြိုးဌာနအတွက် ဂုဏ်ဆောင်ပေးမယ့်သူဆိုရင်တော့ ဒီတစ်ကြိမ် ငါ မင်းအတွက် ချွင်းချက်ထားပေးပါ့မယ်။ လွတ်လွတ်လပ်လပ် လေ့လာကြည့်ပါ"
"ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်က ကျေးဇူးတင်စွာဖြင့် အရိုအသေပေးလိုက်သည်။
"ကြည့်ချင်သလောက် ကြည့်ပါ၊ ဒါပေမယ့် မှတ်ထား၊ မကျင့်ကြံရဘူးနော်"
ကူစုဝမ်က သူမ၏ အထက်လူကြီးကို သိမ်မွေ့စွာ နေရာပေးရင်း သတိပေးလိုက်ဖြင့် ယွမ်ရှောင် ခေါင်းညိတ်ပြခဲ့၏။
"နားလည်ပါပြီ၊ လေ့လာကြည့်ရုံသက်သက်ပါ"
အချိန်အကန့်အသတ်ရှိသောကြောင့် သူက ကျောက်စိမ်းပေလွှာတစ်ခုထံ အလျင်အမြန် လက်လှမ်းလိုက်ပြီး လျင်မြန်စွာ လေ့လာနိုင်ရန် မူလဝိညာဉ်ကို ၎င်းအထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။
"သူ့ကို မလောပါနဲ့၊ နည်းနည်းလောက် ထပ်ကြည့်ခွင့်ပေးလိုက်ပါ"
ယွမ်ယင်က နူးညံ့သော အပြုံးဖြင့် ပြောသည်။
"မဟာစစ်သူကြီးက အရည်အချင်းကို မျက်နှာသာပေးပေမယ့် ငါတို့က မိုးကြိုးဌာနရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်လို့ မရဘူးလေ"
သူမ စကားဆုံးပြီးသည်နှင့် တပြိုင်နက် ယွမ်ရှောင်၏ ဝိညာဉ်က ကျောက်စိမ်းပေလွှာမှ ပြန်ထွက်လာကာ ကျင့်ကြံဖို့နေနေသာသာ အချိန်ကြာကြာပင် မယူခဲ့သောကြောင့် ကူစုဝမ် အနည်းငယ် စိတ်အေးသွားသည်။ အခြားသူများ အချိန်အကြာကြီး ယူရသော နည်းစနစ်များကို သူက နေ့တစ်ဝက်အတွင်း ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြောင်း သူမ သိထား၍ ပူပန်နေရခြင်း ဖြစ်သည်။
"ဘယ်လိုနေလဲ"
ယွမ်ယင်က မေးလိုက်သည်။
"အကုန်လုံးက အရမ်း ဝေဝါးနေတယ်။ ကောင်းကင်ကို လှမ်းကိုင်ရသလိုပဲ။ ဒါက ကျွန်တော့်အတွက် အရမ်း နက်နဲလွန်းပါတယ်"
"ဒါက ပုံမှန်ပါပဲ။ မင်းက အသက် ၃၀ တောင် မပြည့်သေးဘဲ ကောင်းကင်ရုံးတော်ရဲ့ အဆင့် ၆ ကောင်းကင်အရာရှိ ဖြစ်နေပြီ။ ဒီမှာ တကယ် ကျင့်ကြံရဖို့ အဆင်သင့်ဖြစ်လာစရာ အချိန် သိပ်မကြာတော့ပါဘူး"
"ကျွန်တော် တစ်လှမ်းချင်းစီ သွားပါ့မယ်"
ယွမ်ရှောင်က နှိမ့်ချစွာ ပြောပြီး နောက်ထပ် ကျောက်စိမ်းပေလွှာတစ်ခုသို့ ရွှေ့သွားကာ စိတ်ထဲတွင်မူ ပညာရပ်ဆယ်ပါးလုံး မှတ်သားသွား၍ လောဘတကြီး ကျင့်ကြံပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အချိန်အနည်းငယ်အတွင်းမှာပဲ သူက အားလုံးကို လေ့လာပြီးသွားခဲ့သောကြောင့် ထွက်ခွာရန် ယွမ်ယင်ကို အရိုအသေပေးလိုက်၏။
"မဟာစစ်သူကြီး၊ ကျွန်တော်ကို ခွင့်ပြုပါဦး"
"နတ်ဘုရားဂိတ်မှာ မင်း အောင်မြင်မှုတွေ ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်"
တစ်ဖက်လူက လက်နှစ်ဖက်နောက်ပစ်၍ ပြုံးလျက် ပြောကာ နှုတ်ဆက်လိုက်သည်။
ယွမ်ရှောင်သည် ကျမ်းစာတိုက်၏ သတ္တမမြောက်အထပ်မှ ထွက်ခွာလာပြီးနောက် ကူစုဝမ်ကို ထပ်မံတောင်းဆိုခဲ့သဖြင့် တအံ့တဩဖြစ်သွားစေသော်လည်း သူက ပခုံးတွန့်ရုံသာ တွန့်ပြ၍ ရှင်းပြမနေတော့ပေ။
"နောက်တစ်ခုအနေနဲ့၊ ကျွန်တော်တို့ အဆောင်ဖိနှိပ်ရေး တံခါးကို သွားမယ်"
"လေးထပ်ကနေ ခြောက်ထပ်အထိ ထိန်းသိမ်းထားတဲ့ ကောင်းကင်မြင့် အဆင့် နည်းစနစ်တွေက မင်းနဲ့ မသင့်တော်ဘူးလား"
"ကျွန်တော်က ဒီထက်ပိုမြင့်တာကို မျက်စိကျထားတယ်"