← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 46 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 46 Ch. 611-612

အပိုင်း ၆၁၁ - ငွေညှစ်ခြင်း

နတ်မိုးကြိုးဗျူရို၏ သင်္ကြန်လမ်းတလျှောက် ယွမ်ရှောင်ကို ခေါ်ဆောင်လာစဥ် ကူစုဝမ်သည် စကားများများ မပြောခဲ့ပေ။ ခဏအကြာတွင် ရင်ပြင်ကျယ်ကျယ်တစ်ခု မြင်ကွင်းအတွင်း ဝင်ရောက်လာကာ လေထဲတွင် စက်ဝိုင်းသဏ္ဍာန် ကျောက်ပြားကြီး တစ်ချပ် လည်ပတ်နေသည်။ ၎င်း၏ မျက်နှာပြင်အထက်တွင် လျှပ်စီးကြောင်းများ မြွေလိမ်မြွေကောက် ယှက်နွယ်နေပြီး နားကွဲမတတ် မိုးချုန်းသံများ မြည်ဟီး၍ ဖြာထွက်လာသော အလင်းရောင်များက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။ ၎င်းက ရုန်းဖိနှိပ်တံခါး ဖြစ်ကာ ဓားဖိနှိပ်မှုတံခါးနှင့် လုံးဝ ကွဲပြားကာ ရိုးရိုးရှင်းရှင်း ဖော်ပြရလျှင် ဧရာမ ကျောက်ကြိတ်ဆုံကြီးတစ်လုံးပင်။

မိုးကြိုးဌာန၏ ရုန်းလမ်းစဥ် ကျင့်ကြံသူများသည် ၎င်းအတွင်း အသက်တံဆိပ် ထည့်သွင်းပေးကာ ကြိတ်ချေခြင်းဖြင့် ရုန်းပိုင်နက် ဖန်တီးကြပြီး အလွန်လေးလံ၏။ ၎င်း၏ အကန့်အသတ်မှာလည်း အလင်းကွင်းခုနစ်ခု ဖြစ်သောကြောင့် ဓားဖိနှိပ်မှုတံခါးပမာ ပေါက်ကွဲသွားမည်ကို ကူစုဝမ် စိုးရိမ်တကြီး ဖြစ်နေ၍ ယွမ်ရှောင်က ပြုံးပြလာသည်။

"ကျုပ်ရဲ့ အသက်တံဆိပ်က ဓားဝိညာဥ်လောက် မသန်မာပါဘူး"

"ဘယ်လိုဖြစ်ဖြစ် တခြားလူတွေ ပြီးတာကို စောင့်ရမယ်ထင်တယ်"

"မရဘူး။ အဆင့်ခြောက်အရာရှိတစ်ယောက်အနေနဲ့ ရုန်းဖိနှိပ်တံခါးကို အသုံးပြုဖို့ ဘာကိစ္စ စောင့်နေရမှာလဲ။ လက်မခံနိုင်တဲ့လူ ရှိရင် လာပါစေ"

ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်း၍ ရုန်းဖိနှိပ်တံခါးထံ ဦးတည်သွားသောအခါ ကူစုဝမ်လည်း တားမရနိုင်တော့သဖြင့် ကြည့်နေရုံသာ တတ်နိုင်၏။ ကံကောင်းထောက်မစွာဖြင့် ရုန်းဖိနှိပ်တံခါး ပတ်ဝန်းကျင်၌ လူအနည်းငယ်သာ ရှိသော်လည်း ဓားဖိနှိပ်မှု တံခါးကို ဖျက်ဆီးခဲ့သော သူ့ကို မှတ်မိသွားသောအခါ ကြောက်လန့်တကြား ပြေးထွက်သွားကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာ အဆင့်မြင့် အရာရှိများကို သတင်းပို့ပြီး ယွမ်ရှောင်ကို တားဆီးစေရန် ဖြစ်သော်လည်း နောက်ကျသွားခဲ့သည်။

ယွမ်ရှောင်က ကျောက်ကြိတ်ဆုံ အောက်တည့်တည့်တွင် ရပ်လိုက်သောအခါ ၎င်းသည် အိပ်မောကျနေသည့် သားရဲကြီးတစ်ကောင် နိုးထလာဟန်ဖြင့် နိမ့်ဆင်းလာကာ စတင်လည်ပတ်လာ၏။

"ဖိအားက မဆိုးဘူး"

တောင်ပေါင်းသိန်းသောင်းချီ၏ အလေးချိန်ကို ခံစားနေရသော်လည်း သူက အပြုံးမပျက်ဘဲ အသက်တံဆိပ်ကို ဆင့်ခေါ်လိုက်သောအခါ ခေါင်းကိုးလုံး ဟိုက်ဒရာ နဂါးအဖြစ် ပြောင်းလဲပြီး အထက်သို့ ပျံတက်သွားသည်။ ရုန်းပေါင်းတစ်သန်းနီးပါးက နဂါးကိုယ်ထည်အထက်တွင် ခရမ်းရောင်နဂါးငယ်လေးများ အသွင်ဖြင့် ရစ်ပတ်ထားကြ၏။ ၎င်းသည်လည်း အစွမ်းထက်ကာ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်အောက် မနိမ့်သော ဖြစ်တည်မှုမျိုး ဖြစ်သော်လည်း အံ့သြစရာ တစ်ခု ဖြစ်ပျက်လာခဲ့သည်။ ရုန်းနဂါးများက ဖိအားအောက်တွင် အချင်းချင်း ယှက်နွယ်ကာ ပိုင်နက်တစ်ခု ဖြစ်တည်လာသော်လည်း မည်သည့်အလင်းစက်ကွင်းမှ ထွက်ပေါ်မလာခဲ့ပေ။ သို့ရာတွင် ပိုင်နက်အတွင်း၌ ကြီးမားသော နဂါးအရိပ်ကြီးများ လှည့်ပတ်သွားလာကာ လောကတစ်ခွင် တုန်ဟီးစေလောက်အောင် ဟိန်းဟောက်နေကြောင်း ယွမ်ရှောင် မြင်နိုင်သည်။

နဂါးရုန်းပိုင်နက်မှ ထုတ်လွှတ်နေသော အရှိန်အဝါအရ အပြာရောင်ကြာပန်း ဓားပိုင်နက်အောက် မနိမ့်ကြောင်း သိသာ၏။ ၎င်း၏ စွမ်းအားများသည် အသက်တံဆိပ်ကို သိသိသာသာ အားကောင်းလာစေပြီး အသွင်အားလုံးကို ပို၍ အစွမ်းထက်စေသည့်အပြင် ထပ်မံ တိုးတက်လာပေလိမ့်မည်။

"အသက်တံဆိပ်နဲ့ ရုန်းပိုင်နက်တစ်ခု ဖန်တီးရတာ လွယ်လွယ်လေးပါလား။ အနာဂတ်မှာ ရုန်းဖိနှိပ်တံခါးကိုတောင် မလိုလောက်တော့ဘူး"

ဤတစ်ကြိမ်တွင် မိုးကြိုးဌာနကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေလောက်သော အနှောင့်အယှက်မျိုး မရှိဘဲ ချောချောမွေ့မွေ့ ပြီးမြောက်သွားသဖြင့် ယွမ်ရှောင်က အတော်လေး ကျေနပ်နေသည်။ ရုန်းပိုင်နက် ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ရုန်းဖိနှိပ်တံခါးသည် အထက်သို့ ပြန်လည် မြင့်တက်သွားကာ လေထဲတွင် ပေါလောမျောနေပြန်၏။ အသက်တံဆိပ်သည်လည်း ဆင်းသက်၍ ခရမ်းရောင်နဂါးပမာ သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ သန့်စင်သော အလင်းရောင်တစ်ခု ဖြာထွက်လာသည်။ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်၏ သေစေနိုင်သော အစွမ်းမျိုး မဟုတ်ဘဲ ၎င်းက မြင်ရသူအပေါင်း စိုးရွံ့သွားစေမည့် ကြီးစိုးမောက်မာသော အရှိန်အဝါ ပိုင်ဆိုင်ထားသည်။

နောက်ဆုံးတွင် ရုန်းဖိနှိပ်တံခါးကို ပျက်စီးမသွားစေရန် မိုးကြိုးဌာန၏ အရာရှိများက အပြေးတစ်ပိုင်း ရောက်လာသောအခါ မည်သည့်ပျက်စီးမှုမျိုးမှ မရှိသောကြောင့် သက်ပြင်းချလိုက်နိုင်၏။

"တော်သေးတာပေါ့။ သူ့အသက်တံဆိပ်က ဓားဝိညာဥ်လိုမျိုး အစွမ်းမထက်လို့သာပေါ့"

"ဒီအသက်တံဆိပ်က ဟန်ပြသက်သက် ဖြစ်ရမယ်"

ယွမ်ရှောင်၏ ဓားစွမ်းရည်က မိုးကြိုးဌာနကို တုန်လှုပ်သွားစေသောကြောင့် အသက်တံဆိပ်လည်း ထိုမျှ အစွမ်းထက်နေလျှင် သူတို့ မော့ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည်။ အဆောင်ဖိနှိပ်တံခါး ဘေးကင်းသွားသဖြင့် လူတိုင်း စိတ်အေးလက်အေးဖြင့် ထွက်သွားကြသောအခါ တီးတိုးစကားများ ကြားလိုရသည့် ယွမ်ရှောင်တစ်ယောက် ခပ်လှောင်လှောင် ပြုံးလိုက်မိသည်။

"ငါ နတ်ဘုရားဂိတ်ကို ရောက်တဲ့အထိ ကြည့်နေလိုက်စမ်းပါ။ အချိန်ကျရင် ထောင်စောင့်နဂါးတံဆိပ်က ဟန်ပြလား တကယ်အစွမ်းထက်လား ဆိုတာ မင်းတို့ သိရမှာပါ"

အတွေးရတနာကျင့်စဥ်နှင့် အသက်တံဆိပ် တွဲဖက်လိုက်လျှင် ပိုမို အစွမ်းထက်လာနိုင်သောကြောင့် ယွမ်ရှောင်သည် မိုးကြိုးဌာန၏ တာအိုကောင်းကင်အဆင့် ပညာရပ်ဆယ်ပါးကို စိတ်ဖြင့် ဆင်ခြင်နေလိုက်သည်။ အရုဏ်တက်လျှင် မိုးကြိုးဌာန၏ ပါရမီရှင်ကိုးယောက်က နတ်ဘုရားဂိတ်သို့ ထွက်ခွာရမည် ဖြစ်သောကြောင့် အချိန်က အလွန်အရေးကြီးနေ၏။

"မင်း လိုချင်တာတွေလည်း ရပြီဆိုတော့ အခု တည်းခိုဆောင်ကို ပြန်သင့်ပြီ မထင်ဘူးလား"

ခန့်မှန်းရခက်ပြီး ပြဿနာ အတော်လေး ရှာနိုင်သော ယွမ်ရှောင်အနားတွင် တစ်စက္ကန့်မျှ မနေချင်တော့သော ကူစုဝမ်က ပညာရှိနည်းဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

"မိုးကြိုးဌာနက လူတော်တော်များများ ကျုပ်ကို သတ်ချင်နေကြတယ်။ တည်းခိုဆောင်အထိ ပြန်ပို့ပေးပါလား"

ယွမ်ရှောင်၏ တောင်းဆိုချက်က အဓိပ္ပါယ်မရှိကြောင်း သိသာသော်လည်း မရေမတွက်နိုင်သော လူများ စောင့်ကြည့်နေသဖြင့် ငြင်းဆန်လိုက်လျှင် သူမ၏ မွေးစားသားနှင့် ဆက်ဆံရေး မကောင်းဟု ထင်မှတ်သွားမည် စိုးရိမ်သောကြောင့် ငြင်းမရနိုင်ခဲ့ပေ။

"ဟွန့် နင့်လိုကောင်မျိုးကို သတ်ဖို့ ဒီလောက်လွယ်ရင် အခုအချိန် အလောင်းတောင် ပုပ်သိုးနေလောက်ပြီ"

တည်းခိုဆောင်သို့ ရောက်သောအခါ ယွမ်ရှောင်သည် ခပ်ညစ်ညစ် ပြုံးကာ ချိုချိုသာသာ စကားစလိုက်၏။

"မွေးစားအမေ၊ ကျွန်တော် ကျင့်ကြံဖို့ အရင်းအမြစ် ပြတ်လပ်သွားပြီ။ ဒါက ကျင့်ကြံရေးကို အတော်လေး အတားအဆီး ဖြစ်စေတယ်။ လာမယ့် ပြိုင်ပွဲမှာ ကျွန်တော်က မိုးကြိုးဌာနကို ကိုယ်စားပြုရမှာဆိုတော့ အရှက်မကွဲချင်ဘူး။ နည်းနည်းလောက် ချေးပေးပါဦး"

တစ်ဖက်လူက တည်းခိုဆောင်အထိ လိုက်ပို့စေခြင်းက ကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ကူစုဝမ် နားလည်ထားသဖြင့် ဒဲ့ပင် မေးခွန်းထုတ်ခဲ့သည်။

"ဘယ်လောက်လဲ"

"အင်မော်တယ်ကျောက်စိမ်း ငါးသိန်း"

ဤပမာဏကို ကြားလိုက်ရသောအခါ သူမ မင်သက်သွားကာ ထုတ်မပေးနိုင်သောကြောင့် မဟုတ်ဘဲ အများကြီးထုတ်ပေးရမည်ကို နှမြောနေသဖြင့် ဖြစ်သည်။ တစ်ဖက်လူက သားအရင်းဆိုလျှင် ပြဿနာ မရှိသော်လည်း အချိန်မရွေး သစ္စာဖောက်ကာ အန္တရာယ်ပေးနိုင်သော မွေးစားသားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သူမက တုံ့ဆိုင်း၍ ငြင်းပယ်ရန် နည်းလမ်းစဥ်းစားနေစဥ် ယွမ်ရှောင်၏ မျက်နှာထား ရုတ်တရက် တင်းမာသွားကာ အေးစက်စက် ခြိမ်းခြောက်လိုက်၏။

"ဒီပမာဏကို မင်းရဲ့ အသက်နဲ့ လဲမယ်ဆိုရင် တန်တယ်မလား။ ငါ့နောက်ကွယ်မှာ ဘာလုပ်ချင်နေတယ်ဆိုတာ မသိဘူး မထင်နဲ့။ လျော်ကြေးပေးစမ်း"

သားအမိ ဆက်ဆံရေးက ဟန်ပြသာ ဖြစ်၍ မျက်နှာဖုံး ကွာကျသွားသောအခါ မိုးကြိုးဌာန၏ အစွမ်းထက် အရာရှိတစ်ဦးမှာ လူငယ်လေးတစ်ယောက် ရှေ့တွင် အထက်စီးမှ ဖိနှိပ်ခံနေရသည်။

"ငါ့ကို လာခြိမ်းခြောက်နေတာလား"

"စမ်းကြည့်ချင်လို့လား"

ကူစုဝမ်က မျက်မှောင်ကြုတ်၍ စောဒကတက်လိုက်သောအခါ ယွမ်ရှောင်က လက်နှစ်ဖက် နောက်ပစ်ပြီး အေးအေးဆေးဆေး စိန်ခေါ်လိုက်သည်။ နတ်ဘုရားဂိတ်သို့ ရောက်လျှင် သူက ပါရမီကို ပေါ်တင် ထုတ်ဖော်ပြသမည် ဖြစ်သောကြောင့် လက်ရှိ၌ ချုပ်တည်းထားစရာ မလိုတော့ပေ။ သူမကို အတွေးရခက်သွားစေပြီး တစ်ဖက်လူက နောက်ခံ တိတိကျကျ မရှိသော်လည်း စစ်ဧကရာဇ်နှင့် အမှန်တကယ် သွေးသားဆက်နွယ်နေလျှင် အင်မော်တယ်ကျောက်စိမ်းများအတွက် အသက်နှင့် ပေးဆပ်ရပေလိမ့်မည်။

"သားဆိုးလေး အမေ့ကို ဒီလိုမခြောက်ပါနဲ့။ အမေ စုဆောင်းထားတဲ့ အင်မော်တယ် ကျောက်စိမ်း ရှစ်သိန်းကို ထုတ်ပေးလိုက်ပါမယ်။ စိတ်တိုင်းကျသာ သုံးပါ"

နောက်ဆုံးတွင် သူမသည် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် သက်ပြင်းချကာ ယွမ်ရှောင်၏ အင်္ကျီကို လက်ဖြင့် သပ်၍ သန့်ရှင်းရေး လုပ်ပေးလိုက်၏။ ထို့နောက် သူမ၏ ဝတ်ရုံအတွင်းမှ သိုလှောင်အိတ်တစ်လုံး ထုတ်ယူကာ လက်အတွင်း ထည့်ပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ် မွေးစားအမေ။ အခု လစ်လိုက်ပါတော့။ ကျွန်တော် လိုက်မပို့တော့ဘူးနော်"

ယွမ်ရှောင်က အိတ်၏ အလေးချိန်ကို လက်ဖြင့် ဆကြည့်၍ လက်ခါပြီး မောင်းထုတ်ပစ်လိုက်သည်။ ကူစုဝမ်သည် စိတ်ထဲတွင် အကြိမ်တစ်သောင်းမက အထပ်ထပ် ဆဲဆိုနေသော်လည်း အပြင်ပန်း၌ ဟန်လုပ်ပြုံးပြနေကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့၏။

"ချောင်ရှန်းကို မင်း အခွင့်ကောင်းယူပြီး လုသွားတဲ့ အင်မော်တယ်ကျောက်စိမ်းရှစ်သိန်း အကြောင်း သူ ပြောလောက်လား"

ကြယ်ပြာက အင်္ကျီရင်ဘတ်ထဲမှ ခေါင်းပြူထွက်၍ ပြောလိုက်ပြီး တာအိုကောင်းကင်အဆင့် ပညာရပ်ဆယ်ပါး၊ နဂါးရုန်းပိုင်နက်နှင့် အင်မော်တယ် ကျောက်စိမ်း ရှစ်သိန်းဆိုသော အရင်းအမြစ်များသည် သူ့ကိုရော ယွမ်ရှောင်ကိုပါ ပျော်ရွှင်စေခဲ့သည်။ တစ်ရက်တည်းဖြင့် အလကား ရလိုက်သော ပမာဏသည် ကောင်းကင်ပျံသန်းမြို့တော်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ လုယက်ခဲ့ရသည်ထက်ပို၍ အကျိုးအမြတ် ရှိနေသည် မဟုတ်ပါလော။

"စစ်ဧကရာဇ် ခင်ဗျားကို ကျေးဇူးတင်ရမှာ"

စစ်ဧကရာဇ်သည် သူ၏ ဂုဏ်ပြုစကားကို အသုံးချကာ အင်မော်တယ်ပြိုင်ပွဲ မတိုင်ခင် ယွမ်ရှောင်က အကျိုးအမြတ် ကြီးကြီးမားမား ရသွားလိမ့်မည့် ထင်ထားမည် မဟုတ်ချေ။ ချောင်လင်မယားက သူ၏ အကြံအတွင်း ထပ်မံ ဆွဲသွင်းခံလိုက်ရပြီး စစ်ဧကရာဇ်၏ သား ဆိုသော ကောလဟာလ သတင်းအပေါ် လောင်းကြေးထပ်ရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

အပိုင်း ၆၁၂ - စဉ့်တီတုံးပေါ်က ငါးတစ်ကောင်

"မိုးကြိုးဌာနမှာ လောလောဆယ် ငါက နောက်ခံအကြီးဆုံး ဖြစ်နိုင်တယ်။ ဒါပေမယ့် လုဖန်နဲ့ တကယ့် ဆက်ဆံရေးအကြောင်း ပေါ်သွားရင် သူတို့ရဲ့ ရန်သူကြီး ဖြစ်သွားလိမ့်မယ်"

လက်ရှိတွင် ချောင်လင်မယားမှ လွဲလျှင် မည်သူမျှ လုယောင်ကို စစ်ဧကရာဇ်၏ သား မဖြစ်စေလိုကြပေ။ ယွမ်ရှောင်က ကောင်းကင်ကို စိုက်ကြည့်နေရင်း တွေးနေစဥ် အမှန်တရားမှာမူ လုဖန်အပေါ် မူတည်နေသည်။ သူက အတည်ပြုခဲ့လျှင် ပြဿနာ မရှိဘဲ ငြင်းဆန်လိုက်လျှင် အန္တရာယ်ကြီး ဖြစ်သွားပေလိမ့်မည်။

"ဘာဖြစ်ဖြစ် ဒီအနေအထားကို အသုံးမချရင် ငါ အရူး ဖြစ်သွားမှာပေါ့"

သူက အင်မော်တယ်ကျောက်စိမ်း ရှစ်သိန်းအထိ ငွေညှစ်နိုင်ခဲ့သောကြောင့် သားရဲလေးထံ ပစ်ပေးကာ လက်ရှိ အလိုအပ်ဆုံး ဖြစ်သော သုံးရောင်ခြယ် ဆေးလုံးများ ထုတ်လုပ်စေ၏။ သူ့ကို စိုးရိမ်စေသည်မှာ ချောင်ရူ ပျောက်ဆုံးနေခြင်း ဖြစ်ကာ သူမ၏ ကတိစကားအရ မလာနိုင်ခြင်းမှာ တစ်ခုခု ဖြစ်သွားပုံပေါ်သည်။ မိုးကြိုးဌာနတွင် ယွမ်ရှောင်တစ်ယောက်တည်းဖြင့် လူရှာရန် မဖြစ်နိုင်သောကြောင့် အကြံထုတ်လိုက်ပြီး မိုးကြိုးမဟာအစီအရင်ထံ မူလဝိညာဥ် စေလွှတ်ခဲ့သည်။ ၎င်း၏ အထောက်အပံဖြင့် အသိစိတ်အာရုံက အလွန်တရာ ကျယ်ပြန့်သွားကာ ကောင်းကင်၌ အင်မော်တယ် မိုးကြိုးမျက်နှာကြီး ထပ်မံ၍ ထွက်ပေါ်လာသောအခါ အရာရှိအားလုံး စိတ်ရော ကိုယ်ပါ တုန်လှုပ်သွားကြ၏။

"နောက်တစ်ကြိမ် ပေါ်လာပြန်ပြီ"

"ဒါက လုယောင်ရဲ့ မျက်နှာပဲ။ သေချာတယ်"

"သူ့ဝိညာဥ်က မဟာအစီအရင်ကို ထိန်းချုပ်နိုင်တာလား"

အမှန်တရား မျက်မြင်ထွက်ပေါ်လာသောအခါ သာမန်အင်မော်တယ်အများစုသည် မဟာအစီအရင်ကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြသည်။ ထိုအချိန်မှာပင် မျက်နှာကြီးက စတင် လှုပ်ရှားလာကာ အလွန်ကျယ်လောင်သော မိုးချုန်းသံမျိုးဖြင့် တစ်လုံးချင်း ပြောလာ၏။

"ချောင်ရူ ငါ့ကို တည်းခိုဆောင်မှာ လာတွေ့စမ်း"

ထို့နောက် ၎င်းက ပြန်လည် ပျောက်ကွယ်သွားကာ မိုးကြိုးဌာန တည်ငြိမ်သွားသော်လည်း နောက်ဆက်တွဲအနေဖြင့် လူတိုင်း၏ ရင်ထဲတွင် ဂယက်ရိုက်သွားစေသည်။

"ဒီကောင်က ချိန်းတွေ့ဖို့ မဟာအစီအရင်ကို သုံးနေတာလား"

သင်္ကေတရှစ်ပါး တည်းခိုဆောင်ရှိ အခြေအနေကို မြင်ချင်ကြသော်လည်း မည်သူမှ မသွားရဲကြပေ။ သို့သော် အချိန်အတန်ကြာသည့်တိုင်အောင် ချောင်ရူ ရောက်မလာသောကြောင့် အမှန်တကယ် ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း ယွမ်ရှောင် နားလည်သွားသည်။ သူ၏ လက်ရှိအခြေအနေအရ မည်သူ့ကိုမှ ကြောက်စရာမလိုသောကြောင့် သူမ ပုန်းအောင်းနေမည် ဆိုသော အချက်က အဓိပ္ပါယ်မရှိချေ။ ထိုအချိန်မှသာ အချစ်ဟု မခေါ်နိုင်သော်လည်း ခံစားချက်တစ်ခု ရှိနေကြောင်း သူ နားလည်စပြုလာကာ ငြိမ်ငြိမ်ထိုင်မနေနိုင်သဖြင့် ချောင်အိမ်တော်ထံ တစ်ကိုယ်တော် ထွက်ခွာလာသည်။ အိမ်တော်တံခါးဝတွင် သူ ရောက်လာမည်ကို စောင့်ဆိုင်းနေဟန်ဖြင့် ချောင်ရှန်း ရှိနေပြီး လှေကားထစ်များအပေါ် ထိုင်နေသော်လည်း ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကြောင့် အခြားသူများ မတ်တပ်ရပ်နေသလောက်ပင်။

"ချောင်ရူ မိုးကြိုးဌာနက ထွက်သွားလောက်ပြီ"

"ငါ့ကို ဒေါသထွက်အောင် လာမဆွနဲ့"

ယွမ်ရှောင်က သူ့စကားကို မယုံဘဲ အေးစက်စက် သတိပေးလာသဖြင့် မတ်တပ်ထရပ်ပြီး ကတိပေးခဲ့သည်။

"ကောင်းပြီ။ မိုးကြိုးဌာနက အဆက်အသွယ်တွေ သုံးပြီး ရှာပေးမယ်"

"သူ့ကို ဖမ်းထားတာ ကူကျန်းရှောင်လား၊ ယွမ်ယင်လား၊ လမင်းဓားနတ်ဘုရားလား"

"မဖြစ်နိုင်ဘူး"

"ဘယ်သူဖြစ်ဖြစ် ငါ့အပိုင်ကို လာထိရင် လက်စားချေတတ်တယ်လို့ ပြောလိုက်"

ယွမ်ရှောင်၏ စကားကြောင့် ချောင်ရှန်းတစ်ယောက် အသက်ပြင်းပြင်းရှူ၍ ခေါင်းယမ်းသည်။

"မင်း နားလည်မှုလွဲနေပြီ။ မိုးကြိုးဌာနမှာ ပဋိပက္ခတွေ ရှိရင်တောင် စည်းမျဥ်းစည်းကမ်းတွေတော့ လိုက်နာကြတယ်။ ချောင်ရူက ဘာဖြစ်ဖြစ် အဆင့်လေး အရာရှိတစ်ယောက်ပဲ။ ဒီအတိုင်း ဘယ်သူမှ ဖမ်းဆီးထားမှာ မဟုတ်ဘူး"

"ဒါဆိုရင် မင်းလက်ချက်လား"

"မဟုတ်ဘူး"

"ဒီည ပြန်လွှတ်ပေးလိုက်ရင် ကောင်းမယ်။ မနက်လင်းလို့မှ ချောင်ရူကို မတွေ့ဘူးဆိုရင် ငါ့အဆိုးမဆိုနဲ့"

ယွမ်ရှောင်က ချောင်ရှန်း ရှင်းပြနေသည်ကိုပင် နားထောင်မနေဘဲ စိတ်ထဲရှိသည့်အတိုင်း ခြိမ်းခြောက်ခဲ့သည်။

"ဘာတွေ အလုပ်ရှုပ်ခံနေတာလဲ။ မင်း သူ့ကို တကယ် ခံစားချက် မရှိဘူးမလား"

"ဘာဖြစ်ဖြစ် ချောင်ရူက ငါ့အပေါ် ကောင်းပေးခဲ့တယ်။ ဘယ်သူမှ အနိုင်မကျင့်စေရဘူး။ မိုးကြိုးဌာနတစ်ခုလုံးကို ငါ ပြောခဲ့တာ သတင်းပေးလိုက်"

ချောင်ရှန်းထံမှ နောက်ထပ် သတင်းရစရာ အကြောင်း မရှိတော့သည့်အတွက် ယွမ်ရှောင် လှည့်ထွက်လာခဲ့သည်။ ချောင်ရူသည် မိုးကြိုးဌာနနှင့် သူ့အကြား ပေါင်းကူးတံတားပမာ ဖြစ်ပြီး သူမကို ထိခိုက်စေမည်ကိုဆိုလျှင် ဤနေရာကို ယွမ်ရှောင်က ဖျက်ဆီးပစ်ရန် များများစားစား စဥ်းစားနေမည် မဟုတ်ချေ။

"ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့အကြံထဲကို ရောက်သွားမှတော့ ရေလိုက်ငါးလိုက် နေရမှာပဲ။ ဘာကိစ္စ သူ ဒေါသထွက်အောင် သွားဆွနေတာလဲ"

ယွမ်ရှောင် ထွက်သွားပြီးနောက် အိမ်တော်အတွင်းမှ ကူစုဝမ် ထွက်လာ၍ ချောင်ရှန်းကို အပြစ်တင်သည်။

"သူနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေအောင် မင်း ဘယ်လိုနည်းလမ်းမျိုး သုံးခဲ့တာလဲ"

သူ၏ မျက်လုံးတွင် မိုးကြိုးများ လက်ခနဲ ဖြစ်သွားကြောင့် သူမသည် အနောက်မှ သိုင်းဖက်ကာ ရှင်းပြလိုက်ရသည်။

"အဲ့ဒီကောလဟာလတွေကို ဘာလို့ ယုံနေတာလဲ"

"သူက စစ်ဧကရာဇ်ရဲ့ သား လုံးဝ မဖြစ်နိုင်ဘူး။ သူသာ တကယ်နောက်ခံရှိတယ်ဆိုရင် အပေါ်ယံလောက် ကြွားနေမှာ မဟုတ်ဘူး။ ဒီလောက်မောက်မာပြနေတာ တကယ်ဆိုရင် ဘာနောက်ခံမှ မရှိနိုင်ဘူး"

"ပြဿနာက ရှင်က လုယောင်ရဲ့ မွေးစားအဖေ ဖြစ်နေတာလေ။ အသက်နဲ့ လောင်းကြေးထပ်ရတာ မတန်ဘူး။ အနည်းဆုံး အစွန်းနှစ်ဖက် လွတ်အောင် နေရင် ငါတို့ ပြဿနာ မရှိဘူး။ ဘာကြောင့် ရန်များအောင် လုပ်နေရမှာလဲ"

ထိုစကားကြောင့် ချောင်ရှန်း စိတ်အေးသွားသော်လည်း အံကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

"ဒီခွေးကောင်က အရမ်းမောက်မာလွန်းပြီး မိုးကြိုးဌာနကိုတောင် ခြိမ်းခြောက်နေသေးတယ်။ တကယ်တမ်းပြောရရင် သူ့ကို ငါကိုယ်တိုင် အရေခွံ ဆုတ်ပစ်ချင်နေပြီ"

"သည်းခံလိုက်ပါ။ မိုးကြိုးကိုးပါး အရှင်ဧကရာဇ်ရော ပြန်ရောက်နေပြီလား"

"အေး ရောက်နေလောက်ပြီ"

ကူစုဝမ်က လင်ယောကျ်ားဖြစ်သူကို နှစ်သိမ့်ပေးရင်း မေးလိုက်ခြင်း ဖြစ်သည်။ ၎င်းက ပြဿနာကြီးဖြစ်ကာ မိုးကြိုးဧကရာဇ်တွင်လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသောကြောင့် စစ်ဧကရာဇ်နှင့် ပတ်သက်နေလျှင်ပင် အလျှော့ပေးမည့်ပုံ မပေါ်ချေ။

"အရှင်က ချောင်ရူလို ပြဿနာရှာတတ်တဲ့ ကလေးတစ်ယောက်ကို မျက်စိကျနေတာလား မသိဘူး။ ဘယ်လောက်ပြဿနာရှာရှာ၊ ဆူပူကြိမ်းမောင်းရုံလောက်ပဲ"

"ရှင်က ဘာတွေ ဂရုစိုက်နေတာလဲ။ လုယောင်နဲ့ မိုးကြိုးဧကရာဇ် ပြဿနာတက်ရင်လည်း တက်ပါစေ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ တကယ်လို့ သူ့ နောက်ခံက စစ်ဧကရာဇ်ဆိုရင် အကျိုးအမြတ်ယူမယ်။ မဟုတ်ရင်လည်း ကန်ထုတ်လိုက်ရုံပေါ့။ ထိပ်တိုက်သာ ရန်မစမိစေနဲ့"

"ဒီကောင်ပြောသွားတာတွေကို အရှင်ဆီ သတင်းပို့လိုက်ရမလား"

ချောင်ရှန်းက မည်မျှ ဒေါသထွက်နေပါစေ၊ ဆင်ခြင်တုံတရား ရှိရန်အတွက် ဇနီးဖြစ်သူ၏ အကြံဉာဏ်ကို ပစ်ပယ်လေ့မရှိချေ။

"ဘာသတင်းပို့မှာလဲ။ ချောင်ရူကို ဖမ်းသွားတာက မိုးကြိုးဧကရာဇ်လား။ ရှင်နဲ့ မဆိုင်တာတွေ ဝင်မရှုပ်စမ်းပါနဲ့"

ကူစုဝမ်က မျက်မှောင်ကြုတ်၍ မဆိုင်သော ကိစ္စများတွင် ဓားခုတ်ရာ လက်ဝင်မလျှိုမိစေရန် သတိပေးလိုက်သည်။ ချောင်ရှန်း၏ အမြင်တွင် ယွမ်ရှောင်သည် စဉ့်တီတုံးပေါ်မှ ငါးတစ်ကောင် ယက်ကန်ယက်ကန် လုပ်နေခြင်းသာ ဖြစ်၍ နတ်ဘုရားဂိတ်သို့ ရောက်လျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ တစ်ဖက်လူ၏ အကောက်ဉာဏ်က မိုးကြိုးဌာနတွင် အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုနေရာ၌ ဓားတစ်ချက်ခုတ်လိုက်ရုံဖြင့် ငါးခေါင်း ပြတ်ထွက်သွားပေလိမ့်မည်။ မည်သို့ပင် ဖြစ်ပါစေ၊ ကူစုဝမ်၏ အမြင်ကမူ ရှင်းလင်းပြီး သူတို့နှင့် တိုက်ရိုက် မသက်ဆိုင်သော ကိစ္စများတွင် ကင်းကင်းရှင်းရှင်း နေရန်သာ ဖြစ်လေသည်။

All Chapters