← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 46 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 46 Ch. 613-614

အပိုင်း ၆၁၃ - မိုးကြိုးကိုးပါးနတ်သင်္ဘော

အလွန်တိတ်ဆိတ်နေသော ညသန်းခေါင်ယံတွင် သင်္ကေတရှစ်ပါး တည်းခိုဆောင်သည် ငြိမ်သက်နေကာ ရွေးချယ်ပွဲ ပြီးဆုံးပြီ ဖြစ်သောကြောင့် အဆင့်သတ်မှတ်ချက် အလင်းမျက်နှာပြင်၌ ရွေးချယ်ခံ ကိုးယောက်၏ အမည်များ တောက်ပနေသည်။ ထိုကိုးယောက်သည် မကြာခင် အဆင့်အတန်းရော စွမ်းအားပါ ရလာတော့မည် ဖြစ်၍ လူငယ်များ မနာလိုအားကျနေကာ လုယောင်ဆိုသော အမည်က အာရုံအစိုက်ခံရဆုံးပင်။ ယွမ်ရှောင်သည် လနတ်သားနှင့် ဆက်သွယ်ကာ သခင်မယုနှင့် လျူမူထံ သတင်းပို့ခဲ့သောကြောင့် သူတို့လည်း ကျေနပ်ပျော်ရွှင်နေကြ၏။ သူက လုယောင်၏ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ပေးခဲ့ပြီး လက်ရှိတွင် မိုးကြိုးဌာနရှိ လူတိုင်း တစ်ချိန်က အမေ့ပျောက်ခံ စီရင်သူလေး၏ နာမည်ကို မှတ်မိသွားကြပေသည်။ သို့ရာတွင် ချောင်ရူ ပျောက်ဆုံးနေသဖြင့် သူက အပြည့်အဝ မကျေနပ်နိုင် ဖြစ်နေရပြီး ညဥ့်နက်လာသည့်တိုင်အောင် သတင်းအစအန မရသောကြောင့် ပြန်လွှတ်ပေးမည့်ပုံ မပေါ်ချေ။

"နတ်ဘုရားဂိတ်မှာ ငါ ရှုံးနိမ့်မှာကို စောင့်နေတာများလား"

မိုးကြိုးဌာန၏ အဆင့်မြင့် အရာရှိအားလုံးသည် ကိုယ်ကျိုးရှာတတ်သူများချည်း ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။ ဒန်တန်ထဲတွင် မူလဝိညာဥ်သည် အပြာရောင် မိုးကြိုးများ ရစ်ပတ်ပြီး ကျင့်ကြံနေကာ ထောင်စောင့်နဂါးတံဆိပ်မှာလည်း သိမ်မွေ့စွာ ပေါင်းစပ်နေ၏။ အတွေးရတနာကျင့်စဥ်ကို လေ့ကျင့်ပြီးနောက် ၎င်းသည် စကြဝဠာ၏ ဉာဏ်အလင်းများဖြင့် အသက်ဝင်လာကာ ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှက် လောကကြီး၏ အလိုဆန္ဒခြောက်ပါး သန့်စင်သွားကြောင်း ငြိမ်းချမ်းစွာ မြင်နိုင်သည်။ ခန္ဓာကိုယ်နှင့် ဒန်တန်က ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို ကျင့်ကြံပြီး စိတ်အတွေးနှင့် မူလဝိညာဥ်၌ စကြဝဠာ၏ နိယာမများကို ထိတွေ့နိုင်ခြင်း အစပြုလာ၏။

အတ္တနတ်ဘုရား နယ်ပယ်မှ ကောင်းကင်ဖြန့် နယ်ပယ်သို့ တက်ရောက်ရန် လုပ်ငန်းစဥ်က အရေးကြီးပြီး မူလဝိညာဥ်သည် ခန္ဓာကိုယ်မှ ခွဲထွက်ကာ အကွာအဝေးတစ်ခုသို့ သွားလာနိုင်သော စွမ်းရည်မျိုး လိုအပ်သည်။ သခင်ကြီးလုသည်လည်း ထိုအဆင့်တွင် ဖြစ်ကာ မူလဝိညာဥ် ထုတ်လွှင့်၍ သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့ဖူး၏။ ယွမ်ရှောင်၏ လက်ချောင်းများအကြားတွင် ကောင်းကင်သင်္ချိုင်း ဓားမြှောင်က လှည့်ပတ်နေပြီး မူလဝိညာဥ်ထံ ရောက်ရှိသွားကာ အတွေးနှင့် ဆန္ဒတစ်ထပ်တည်း ကျသွားသည်။

"သွားစမ်း"

အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်သောအခါ ဝိညာဥ်သည် ဓားဝိညာဥ်နှင့်အတူ အဝေးသို့ ပျံသန်း ထွက်ခွာသွား၏။ မူလဝိညာဥ်၏ အမြင်တွင် လောကကြီးမှာ တစ်မူထူးခြား၍ လူသားများနှင့် အဆောက်အအုံများ မှေးမှိန်သွားသော်လည်း စွမ်းအင် စီးဆင်းပုံမှာ ပိုမို ထင်ရှားလာသည်။ လောကကြီးသည် ချီများ ဖြန့်ကျက်ထားသော ကွန်ရက်ပမာ ဖြစ်ကာ အနှစ်သာရအထိ မြင်နိုင်စွမ်း ရှိလာပြီး သူ့အတွက် ထိုးထွင်းသိမြင်နိုင်စွမ်း တစ်ခု ပေးအပ်ခဲ့သည်။

"တာအိုကို စွမ်းအင်နဲ့ အသိစိတ်ကသာ ဖွဲ့စည်းတယ်"

အတွေးရတနာ ကျင့်စဥ်သည် အခြေခံဖြစ်သော အသိစိတ်ကို ကိုယ်စားပြုကာ နယ်မြေဓာတ်လုံးနှင့် ချီများက အခြေခံ စွမ်းအင် ဖြစ်ကြ၏။ ခန္ဓာကိုယ်သည် ချီသိုလှောင်ရာ ခွက်တစ်ခုသာ ဖြစ်ပြီး ဝိညာဥ်က လောကကြီးတွင် လွတ်လပ်စွာ သွားလာနိုင်သည်။ ယွမ်ရှောင်က ဤသို့ဖြင့် ဉာဏ်အလင်းရသော အခြေအနေသို့ ဝင်ရောက်သွားကာ မိုးကြိုးဌာနအထက် မူလဝိညာဥ်အသွင်နှင့် ပျံသန်းရင်း လေ့လာနေသည်။ သူက အင်မော်တယ်များ၏ ရုပ်ရည်သွင်ပြင်ကို မမြင်ရတော့ဘဲ မူလဝိညာဥ်များနှင့် ချီစွမ်းအင်များသာ မြင်နိုင်ပြီး ဒန်တန်၏ တည်နေရာကိုပင် တိတိကျကျ သိနိုင်လာ၏။

"ကျင့်ကြံသူတစ်ယောက်က အစွမ်းပိုထက်လာလေလေ၊ သူတစ်ပါးရဲ့ အသက်ကို ဂရုမစိုက်လေလေ ဖြစ်လာတာ မဆန်းတော့ဘူး။ မူလဝိညာဥ် ကြီးမားလေလေ သေးငယ်တဲ့ ဝိညာဥ်ကို ဝါးမျိုဖို့ တွေဝေနေမှာ မဟုတ်ဘူး။ ဒီရှုထောင့်ကဆိုရင် ကျင့်ဝတ်ဆိုတာ မရှိဘူး၊ အကောင်းအဆိုး မရှိဘူး"

ယွမ်ရှောင်အတွက် ဤအမှန်တရားက ထိချက်ပြင်းလှပြီး သေမျိုးလောကများကို ပူဇော်သက္ကာရအဖြစ် ဝါးမျိုသူများက တရားမျှတသည်ဟူသော အမြင်တစ်မျိုး ပေးနေသောကြောင့်ပင်။

"မဟုတ်သေးဘူး။ ဒီလိုဖြစ်နေတယ်ဆိုတိုင်း အမှန်လို့ မယူဆနဲ့။ တကယ်လို့ ဖန်ဆင်းရှင်အင်မော်တယ်သာဆိုရင် ခံစားချက်ကင်းမဲ့တဲ့ သက်ရှိ ဖြစ်ပြီး ကြည့်ရုံကြည့်နေလိမ့်မယ်။ ငါကတော့ မတူဘူး။ ဖန်ဆင်းရှင်အင်မော်တယ်ရဲ့ လူဝင်စား ဖြစ်နေရင်တောင် ငါက အသစ်ပြန်လည် မွေးဖွားလာတာပဲ။ ဒီလောကကြီးရဲ့ အားနည်းချက်ကို ပြုပြင်ပြီး လမ်းသစ်ဖောက်လို့ ပိုကောင်းလာစေရမယ်"

ဤအချက်က ယွမ်ရှောင်၏ လမ်းကြောင်းတွင် အရေးအကြီးဆုံးသော အချိုးအကွေ့ ဖြစ်ခဲ့သည်။ အတိတ်တွင် ဖန်ဆင်းရှင်အင်မော်တယ် ကျဆုံးရသောအကြောင်းအရင်းမှာ အရာရာကို လျစ်လျူရှုထားသောကြောင့် ဖြစ်နိုင်ရာ ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် အကြောင်းမရှိပေ။ သူက ထိုဖန်ဆင်းရှင်ထက် ပို၍ သာလွန်အောင် လမ်းသစ်ဖောက်ချင်နေပြီး လူသားတစ်ယောက် လက်ခံထားသော တရားမျှတမှုအတိုင်း အခြေခံအုတ်မြစ် တည်ဆောက်ရပေလိမ့်မည်။ ထို့ကြောင့် သူက စိတ်အေးသွားပြီး အတွေးများ ပို၍ ကြီးကျယ်ခမ်းနားလာကာ ဝိညာဥ်လည်း ရဲရင့်လာ၏။

"စွမ်းအင်နဲ့ အသိစိတ်ရဲ့ အလွန်မှာ တတိယမြောက် ဖြစ်တည်မှုတစ်ခုရော ရှိနိုင်သလား"

မူလဝိညာဥ်သည် ဓားဝိညာဥ်ကို စီးနင်းနေစဥ် သူက အတွေးနယ်ချဲ့နေသောကြောင့် မိုးကြိုးဌာန၏ ပိုင်နက် အစွန်အဖျားအထိ ရောက်ရှိလာပြီ ဖြစ်သည်။

"ပြန်ချိန်တန်ပြီ"

နောက်ဆုံးတွင် ၎င်းက ဓားပျံစီးနင်း၍ လျှပ်စီးများ ခြံရံကာ ဆုတ်ခွာလာခဲ့ပြီး အလွန်ဝေးကွာသည်အထိ ဝိညာဥ်လွှင့်နိုင်ခဲ့သောကြောင့် လုံလုံလောက်လောက် သန်မာလာခဲ့၏။ ၎င်းက ဒန်တန်အတွင်း ဝှစ်ခနဲ ဝင်ရောက်ပြီး ချီစက်ဝန်းနှင့် လောကီတာအိုနှလုံးသား အထက် ထိုင်ချလိုက်သောအခါ ချီနှင့် အသိစိတ် တစ်သားတည်း ဖြစ်သွားကာ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို လည်ပတ်၍ တစ်စ တစ်စ အစွမ်းထက်နေသည်။ ထို့နောက် သူက တတိယမြောက် တာအိုကပ်ဘေး၏ လေးဆင့်မြောက် ကောင်းကင်ဖြန့်နယ်ပယ်သို့ အဆင့်တက်သွားကာ အရုဏ်ဦး နေရောင်ခြည် ဖြာကျ၍ နောက်တစ်ရက် ကုန်ဆုံးသွားသည်။ ချောင်ရူ ယခုတိုင် ပြန်ရောက်မလာသေးသော်လည်း သူက မဟာအစီအရင်သုံးကာ သောင်းကျန်းလိုက်လျှင် နတ်ဘုရားဂိတ်သို့ သွားခွင့် ရတော့မည် မဟုတ်ပေ။

"စစ်ဧကရာဇ် လုဖန်၊ ခင်ဗျားက လုမိသားစုအပေါ် အကြွေးတင်နေတယ်။ အိမ်ထောင်ဦးစီးတာဝန် မကျေခဲ့ဘူး။ ပြန်ဆပ်ဖို့ အချိန်တန်ပြီ"

သူက ကောင်းကင်သို့ မော့ကြည့်ရင်း အေးစက်စက် ကြုံးဝါးနေစဥ် ကူစုဝမ် ရောက်လာကာ တံခါးကို ညှင်သာစွာ ခေါက်နေခဲ့သည်။

"လုအာ၊ မိုးကြိုးကိုးပါး ရင်ပြင်မှာ လူစုံနေပြီ။ အနေက သားကို လာခေါ်တာပါ"

ယွမ်ရှောင်က အဆင့်ကိုး စီရင်သူ ချပ်ဝတ်နှင့် ထွက်လာသောအခါ သူမက မျက်မှောင်ကြုတ်၍ ခမ်းနားလှပသော ဝတ်ရုံတစ်ထည် ဆွဲထုတ်လာခဲ့၏။

"မင်းအတွက် ဒါလေး ပြင်ဆင်ထားတယ်"

"မလိုအပ်ဘူး"

သူက ကူစုဝမ်ကို တွန်းဖယ်၍ အပြင်သို့ ထွက်သွားသောအခါ အမီလိုက်လာပြန်သည်။

"မိုးကြိုးဌာနရဲ့ စည်းမျဥ်းအရ ရွေးချယ်ခံကိုးယောက်က မိသားစုဝင် တစ်ယောက်စီ ခေါ်သွားလို့ရတယ်။ မွေးစားအဖေက အလုပ်ရှုပ်နေတော့ ငါ လိုက်ခဲ့လို့ရတယ်မလား"

ယွမ်ရှောင်ကမူ တစ်ခွန်းမှ ပြန်မပြောဘဲ ဓားပျံစီးနင်း၍ မိုးကြိုးကိုးပါး ရင်ပြင်သို့ ဦးတည်လာကာ လူတိုင်း ရောက်ရှိနေပြီး ထွက်ခွာရန် အသင့်ဖြစ်နေပုံပေါ်၏။ မိုးကြိုးအဆင့်သတ်မှတ်ချက် ဘေးတွင် ခရမ်းရောင် ဧရာမ သင်္ဘောကြီး တစ်စင်း ကျောက်ချရပ်နားထားကာ ထိပ်ဖျား၌ မျက်လုံးကိုးခု တည်ရှိပြီး အဆုံးမရှိသော လျှပ်စီးကြောင်းများ ဖြာထွက်နေသည်။ ၎င်းတို့သည် ဤယာဥ်ကြီးကို မောင်းနှင်ရန် စွမ်းအားပေးနေသော နယ်မြေဓာတ်လုံးများ ဖြစ်ကြ၏။

"မြန်မြန်၊ ယာဥ်ပေါ်ကို တက်တော့။ လူတိုင်း ရောက်နေကြပြီ"

ကူစုဝမ်က တိုက်တွန်းလိုက်သော်လည်း ယွမ်ရှောင်သည် ရပ်နေဆဲ ဖြစ်ကာ မေးခွန်းထုတ်လိုက်၏။

"မိုးကြိုးဧကရာဇ် ပြန်ရောက်နေပြီလား"

"မရောက်သေးဘူး။ နတ်ဘုရားဂိတ်သို့ ခမ်းခမ်းနားနား သွားစေချင်လို့ သူ့ယာဥ်ကို ငှားပေးလိုက်တာလေ"

"ကောင်းပြီ"

ထို့နောက် သူတို့က ခမ်းနားထည်ဝါသော ကုန်းပတ်အထက်သို့ တက်လိုက်ကြသောအခါ လူသုံးဆယ်ခန့် စုဝေးနေကြောင်း တွေ့ခဲ့ရသည်။ ခေါင်းဆောင်လာသူမှာ မဟာစစ်သူကြီး ယွမ်ယင် ဖြစ်ကာ နတ်သင်္ဘောကြီးကို ထိန်းချုပ်ရန် ကိရိယာ ဖြစ်ပုံရသည့် ကိုးလုံးပုတီးတစ်ကုံး ကိုင်ဆောင်ထားကာ ယွမ်ရှောင်အား မြင်သောအခါ ပြုံးပြလိုက်လေသည်။

"ကောင်းပြီ။ လူစုံပြီဆိုတော့ မိုးကြိုးဌာနရဲ့ ပါရမီရှင်လေးတွေ၊ ငါတို့ သွားကြစို့"

အပိုင်း ၆၁၄ - စည်းမကျော်နဲ့

မိုးကြိုးကိုးပါး နတ်သင်္ဘော၏ နယ်မြေဓာတ်လုံး ကိုးခုသည် အစီအရင်များကို စွမ်းအင်ထောက်ပံ့ပေးလိုက်သောအခါ ၎င်းမှာ ဆတ်ခနဲ တုန်ခါ၍ ကောင်းကင်သို့ ထိုးတက်ကာ အရှေ့အရပ်ထံ အရှိန်ပြင်းစွာ ထွက်ခွာလာခဲ့သည်။ မိုးကြိုးဌာန၏ အင်မော်တယ်များကလည်း အောက်ဘက်မှ သြဘာပေးနေကြပြီး စီရင်သူများအတွက် ပြိုင်ပွဲဖြစ်သော အင်မော်တယ်ပြိုင်ပွဲ၌ ဂုဏ်ဆောင်လာရန် မျှော်လင့်နေကြ၏။ နှစ်ပေါင်းများစွာတိုင်အောင် မိုးကြိုးဌာနက အဆင့်နိမ့်နိမ့်သာ ရခဲ့သောကြောင့် မကျေမနပ်ဖြင့် ဆူညံပွက်လောရိုက်ခဲ့ပြီး ဂုဏ်သိက္ခာ အမည်းစက်ထင်ခဲ့သော်လည်း ကုစားရန် နည်းလမ်းမရှိချေ။

"ဒီတစ်ကြိမ် ရွေးချယ်ခံကိုးယောက်က တကယ့်နဂါးတွေမို့ ငါတို့ မျှော်လင့်ထားတယ်"

"တိုက်ပွဲဝင်ခွင့် ကိုးနေရာတောင် ရထားတာဆိုတော့ အနည်းဆုံး တတိယလောက်တော့ ရသင့်တယ်မလား"

"တတိယ ဟုတ်လား။ မိုးကြိုးဧကရာဇ်ရဲ့ သမီးတော် ကိုယ်တိုင် ဝင်ပြိုင်မှာကွ။ တတိယလောက်နဲ့ ကျေနပ်စရာလား"

အားပေးစကားများ ဆူညံနေစဥ် နတ်သင်္ဘောသည် မဟာတာအိုနယ်မြေတလျှောက် ခရီးထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မီးတောက်များနှင့် လျှပ်စီးများ ထိခတ်နေသဖြင့် ပေါက်ကွဲသံ တဝုန်းဝုန်း ထွက်ပေါ်နေ၏။ ယွမ်ယင်သည် ရွေးချယ်ခံ ကိုးယောက်ကို ကုန်းပတ်ပေါ် ဆင့်ခေါ်၍ ရှေ့တွင် တန်းစီရပ်ခိုင်းလိုက်သည်။ မိုးကြိုးဌာန ရွေးချယ်ပွဲတွင် အများစုသည် ကိုယ်ပိုင်အရည်အချင်းများကို ဖုံးကွယ်ထားသောကြောင့် ဤကိုးယောက်သည် အကောင်းတကာ့အကောင်းဆုံးများ ဖြစ်၍ အားအနည်းဆုံးပင်လျှင် ဖုန်းချီထက် သန်မာနေ၏။

"မဟာစစ်သူကြီး"

လူငယ်ကိုးယောက် နှုတ်ဆက်နေစဥ် သူ၏ အကြည့်က တစ်ချက်ဝေ့သွားကာ နောက်ဆုံး၌ ယွမ်ရှောင်တွင် ရပ်တန့်၍ လေးနက်စွာ ပြောလိုက်သည်။

"နတ်ဘုရားဂိတ်မှာ ဘယ်အဆင့်ရရ မပြောတော့ဘူး။ မှတ်သားထားဖို့က မင်းတို့ကိုးယောက်ဟာ မိုးကြိုးဌာနရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတယ်။ အချင်းချင်း ကူညီဖေးမကြ၊ ဒီတစ်ခေါက် ရွေးချယ်ခံတွေက အလားအလာကောင်းပေမယ့် ပြိုင်ဘက် ခုနစ်ယောက်လည်း အရင်ထက် ပိုသန်မာတယ်။ မင်းတို့အချင်းချင်း ကတောက်ကဆ ဖြစ်နေမယ်ဆိုရင် မိုးကြိုးဌာန သိက္ခာကျရုံပဲ ရှိတယ်။ နားလည်လား"

"ဟုတ်ကဲ့"

အကျဥ်းချုပ်ပြောရလျှင် ရွေးချယ်ခံကိုးယောက်သည် စည်းလုံးညီညွတ်ရန် လိုအပ်ပြီး အရေးမစိုက်မည့် တစ်ယောက်တည်းသော လူမှာ ယွမ်ရှောင်ဖြစ်၍ သူက စိုက်ကြည့်နေခြင်းပင်။

"ဒီရှစ်ယောက်ထဲက တစ်ယောက်ယောက်ကို မင်းသိလား"

"မသိပါဘူး"

"ခရီးက ကြာလိမ့်မယ်။ အချင်းချင်း ရင်းနှီးအောင် မိတ်ဆွေဖွဲ့ထားကြ။ မင်းတို့က မိုးကြိုးဌာနအတွက် ဂုဏ်ဆောင်ပေးရလိမ့်မယ်"

ထို့နောက် သူက ရွေးချယ်ခံ ကိုးယောက်ကို ကုန်းပတ်ပေါ်တွင် ချန်ရစ်ကာ အခန်းအတွင်း ဝင်ရောက်သွားသောကြောင့် တိတ်တဆိတ် ကျန်ရစ်ခဲ့၏။ ယွမ်ယင်၏ ဆိုလိုရင်းကို နားလည်သော ကူစုဝမ်သည် ယွမ်ရှောင်ကို ဆွဲခေါ်ကာ မိန်းကလေးတစ်ယောက်နှင့် ဦးစွာ မိတ်ဆက်ပေးခဲ့သည်။ ရွေးချယ်ပွဲစကတည်းက သူမသည် အလှပဆုံးနှင့် အထူးချွန်ဆုံး ဖြစ်ကာ မျက်လုံးရော ဆံပင်ပါ ခရမ်းရောင်ဖြစ်ပြီး ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်အရ ပိုင်လင်းအာထက် သာလွန်၏။ သူမက လူငယ်ပီပီ တက်ကြွဖြတ်လတ်သော်လည်း လောကီလူ့ဘုံနှင့် မသက်ဆိုင်သော နတ်သမီးပမာ လှပသည့်အပြင် မိုးကြိုးများကဲ့သို့ ဖြစ်တည်မှုမျိုးအလား ထင်မှတ်ရကာ မည်သည်ကိုမျှ စိတ်ဝင်စားပုံမပေါ်ချေ။

မိုးကြိုးဧကရာဇ်၏ သမီးတော်အနေဖြင့် လူသိများ ကျော်ကြားပြီး အဆင့်အတန်းမြင့်မားသောကြောင့် ယောကျ်ားလေးအများစု ချဥ်းကပ်ရန် မလွယ်ချေ။ သူမ၏ အမည်က နိုင်းဖြစ်ပြီး လန်ရီကဲ့သို့ အပြစ်ကင်းစင်ပုံပေါက်သော်လည်း အေးတိအေးစက် သဘာဝကြောင့် စကားစမြည်ပြောဆိုမှု မရှိသလောက်ပင်။ ပုလဲနှင့် ကျောက်မျက်ရတနာများ စီခြယ်ထားသော ဝတ်ရုံကို ဆင်မြန်းထားကာ ဆံပင်အထက် ငွေရောင်အဆင်တန်ဆာများ ဆင်ယင်ထားသည့် နိုင်းအကြောင်း မိတ်ဆက်ပေးနေရင်း ကူစုဝမ်သည် သူ၏ နားအတွင်း ကပ်ကာ တီးတိုးသတိပေးခဲ့သည်။

"အင်ပါယာအမိန့်တော်အရ နိုင်းက စေ့စပ်ပြီးသား။.အင်မော်တယ် ပြိုင်ပွဲပြီးရင် မင်းသားခြောက်နဲ့ လက်ထပ်လိမ့်မယ်။ စည်းမကျော်စေနဲ့"

ထို့နောက် သူမက ယွမ်ရှောင်ကို အခြားလူများနှင့် ထပ်မံ မိတ်ဆက်ပေးကာ အဆင့်နှစ် အရာရှိများ၏ မျိုးဆက် သုံးယောက် ပါဝင်သည်။ ကူကျန်းရှောင်၏ သား ကူကျန်းရှီ၊ အရပ်ငါးမျက်နှာ မဟာစစ်သူကြီး၏ သား မန်ဟောင်၊ ယွမ်ယင်၏ သားဖြစ်သူ ယွမ်ရှောင်တို့ ဖြစ်ကြ၏။ ကူကျန်းရှီသည် ဖခင်နှင့် ဆင်တူကာ ကျောဘက်၌ အဖြူရောင်တောင်ပံတစ်စုံ ပိုင်ဆိုင်ထား၍ မှုန်ကုပ်ကုပ် မျက်နှာထားနှင့် ကူစုဝမ်ကိုရော သူ့ကိုပါ အရေးမစိုက်ချေ။ မန်ဟောင်သည်လည်း ချောင်ရှန်းနှင့် ယှဥ်နိုင်သော လူသန်ကြီး ဖြစ်ကာ မိုးကြိုး ဝက်ဝံကြီးပမာ ထင်မှတ်ရပြီး အေးတိအေးစက် ဖြစ်နေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုလု။ ကျုပ်က ယွမ်ရှောင်ပါ"

ထိုမိတ်ဆက်စကားကြောင့် ယွမ်ရှောင် အံ့သြသွားကာ တအံ့တသြ ပြန်မေးမိလိုက်သည်။

"ဘယ်လိုစာလုံးလဲ"

"လေထဲက ရှောင်ပါ"

သူတို့နှစ်ယောက်က နာမည်အတူတူ ဖြစ်သော်လည်း စာလုံးပေါင်း ကွာခြား၍ ယွမ်ရှောင်၏ စာလုံး ရှောင်မှာ လွတ်လပ်မှုကို ကိုယ်စားပြု၏။ ယွမ်ယင်၏ သားမှ လွဲလျှင် အခြားလူများသည် စကားအနည်းငယ်ပြော၍ ထွက်သွားကြပြီး နိုင်းကမူ စကားတစ်ခွန်းပင် မဆိုခဲ့ဘဲ တော်ဝင်မိသားစု၏ မင်းသား၊ မင်းသမီးများနှင့်သာ ပေါင်းသင်းတတ်သောကြောင့် ဖြစ်ပုံရသည်။

"ဒါက ကျင့်ကြံရေးအခန်း သော့ပါ။ နတ်ဘုရားဂိတ်ကိုရောက်ရင် လေ့ကျင့်ဖို့ အချိန် မရှိဘူး။ ကျုပ်လည်း ကျင့်ကြံရဦးမယ်"

ယွမ်ယင်၏သားက သော့တစ်ချောင်း ကမ်းပေး၍ နှုတ်ဆက်ထွက်ခွာသွားသောအခါ ယွမ်ရှောင်လည်း သက်ဆိုင်ရာ အခန်းအတွင်း ဝင်ရောက်လိုက်သည်။ ထိုအချိန်တွင် ကူစုဝမ်သည် သင်္ဘောကုန်းပတ်တွင် ကျန်ရစ်ခဲ့ပြီး အခြားမိဘများနှင့် ရင်းရင်းနှီးနှီး ပြောဆိုနေကာ အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်၍ သိပြီးသားပင်။

သူက သင်္ဘောဝမ်းအတွင်း ကျင့်ကြံရေးအခန်းကို ရှာဖွေနေပြီး တစ်ခန်းချင်းစီသည် အထူးအခန်းများ ဖြစ်ကာ ကျင့်ကြံရေးကို အထောက်အကူပြုနိုင်မည့် အစီအရင်များ ထည့်သွင်းတည်ဆောက်ထား၏။ သူ၏ သော့က အပြာရောင် ဖြစ်ကာ လမ်းတလျှောက် တွေ့ခဲ့ရသော ရောင်စုံအခန်းများ အားလုံး ပိတ်ထားသဖြင့် ကျင့်ကြံနေကြပြီဖြစ်ကြောင်း သိနိုင်သည်။ သူက အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားသောအခါ အပြာရောင်နှင့် ခရမ်းရောင် ရောယှက်နေသည့် အခန်းတစ်ခုကို မြင်လိုက်ရပြီး တံခါး ခပ်ဟဟ ပွင့်နေသောကြောင့် ကိုယ်ပိုင်အခန်းဟု မှတ်ယူလိုက်မိသည်။ သူက တံခါးကို တွန်းဖွင့်လိုက်သောအခါ ကျယ်ပြန့်သော အခန်းအတွင်းပိုင်း ထွက်ပေါ်လာကာ အလယ်၌ မိုးကြိုးအစီအရင်တစ်ခု ရှိပြီး ဒုလုံးရှည်သဏ္ဍာန် မျှော်စင်တစ်ခု အသွင် ဖြစ်တည်နေ၏။

"ဟင်"

ယွမ်ရှောင်က စိုက်ကြည့်လိုက်သောအခါ အစီအရင်အတွင်း၌ လူကိုးယောက် ရှိနေသဖြင့် အံ့သြမင်သက်သွားသည်။ သွယ်လျလှပသော ပုံရိပ်ကိုးခုသည် လျှပ်စီးများအကြား ဝဲပျံ၍ အဝတ်အစားများ မပျက်စီးစေရန် ဖြစ်မည်ထင်၊ ကိုယ်လုံးတီး ကျင့်ကြံနေ၍ ရင်သပ်ရှုမောဖွယ် မြင်ကွင်း အပြည့်အဝ ပေါ်လွင်နေ၏။

"ဘုန်း"

သူ ဝင်လာသည်နှင့် တပြိုင်နက် မိန်းကလေးကိုးယောက်သည် မျက်လုံးများ ပြိုင်တူ ပွင့်လာကာ ထောင်ပေါင်းများစွာသော မိုးကြိုးများကို အရှိန်အဟုန်ဖြင့် ပစ်ခတ်လိုက်ကြ၏။ တစ်ထပ်တည်း တူညီနေသော ပုံရိပ်များမှာ နိုင်း ဖြစ်နေပြီး မေးခွန်းထုတ်လိုက်သောအခါ ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေသည်။

"နင် ဘယ်လိုရောက်လာတာလဲ"

"တံခါး ပွင့်နေလို့ပါ"

"နင် ဝင်မလာသင့်ဘူး"

နိုင်းက ဒေါသတကြီး ဖြစ်နေပြီး အကယ်၍ တစ်ဖက်လူသာ စစ်ဧကရာဇ်၏ သားဟူသော သတင်းများ မရှိလျှင် ချက်ချင်း သတ်မိပေလိမ့်မည်။

"ဒါက ငါ့အခန်း မဟုတ်ဘူးလား"

ယွမ်ရှောင်က အပြာရောင် သော့ကို ထုတ်ပြလိုက်သောအခါ သူမသည် အေးစက်စက် တုံ့ပြန်လိုက်သည်။

"ဒါက ခရမ်းရောင်တံခါး၊ အပြာရောင် မဟုတ်ဘူး။ နင် အရောင်ကန်းနေတာလား"

သူမက ဒေါသ မထိန်းနိုင်တော့ဘဲ တိုက်ခိုက်ကာနီးဆဲဆဲတွင် တံခါးအပြင်ပိုင်းမှာ အမှန်တကယ် အပြာရောင် ဖြစ်နေကြောင်း မြင်လိုက်ရ၏။ အမှားလုပ်မိသူမှာ သူမကိုယ်တိုင် ဖြစ်နေသောကြောင့် အသက်ပြင်းပြင်းရှူ၍ ယွမ်ရှောင်ကို ကျော်ဖြတ်ကာ အခန်းအပြင်သို့ လှမ်းထွက်ခဲ့သည်။

"နင်သာ စစ်ဧကရာဇ်ရဲ့သား မဟုတ်ရင် မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်"

"စောက်ကျိုးနည်း ဇီးစေ့လောက်တောင် မရှိတာကို ဘယ်သူက စိတ်ဝင်စားနေမှာလဲ။ ငါ့မှာ ကိုယ်ပိုင် ဖရဲသီးတွေ ရှိတယ်"

အမှား မလုပ်ထားသော်လည်း ရန်စခံလိုက်ရသောကြောင့် ယွမ်ရှောင်က လှောင်ပြောင်လိုက်သည်။ နိုင်းသည် ချောင်ရူနှင့် သူ၏ ဆက်ဆံရေးအကြောင်း သတင်းရထားသော်လည်း ဤမျှ ရိုင်းစိုင်းသော မှတ်ချက်ကို တစ်ဘဝလုံး ကြားပင် မကြားဖူးသောကြောင့် ပြောစရာ စကား ပျောက်ဆုံးသွားလေ၏။

All Chapters