← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၁ + ၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ဘာရှန်းမြို့ရှိ စည်ကားလှသော ယီစံအိမ်တော်၏ နံနက်ခင်းလေထုမှာ တံမြက်စည်းလှည်းသံ ၊ အတင်းအဖျင်းပြောသံများဖြင့် ဆူညံပွက်လောရိုက်နေလျက်ရှိ၏။

ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်နေကြသော အစေခံမိန်းကလေးနှစ်ဦးမှာ အလုပ်လုပ်ရင်း အတင်းအဖျင်းများကို ဖလှယ်နေကြသည်။

အစေခံတစ်ဦးက သူမ၏ အဖော်အနားသို့ တိုးကပ်သွားကာ မေးလိုက်၏။ "သတင်းကြားပြီးပြီလား။ ဟိုလေ... အသုံးမကျတဲ့ကောင် ၊ ငါတို့အိမ်တော်သခင်ရဲ့ အသုံးမကျတဲ့ သမက်လောင်းဆိုတဲ့တစ်ယောက်... နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်လာပြီတဲ့"

အခြားတစ်ဦးက ခေါင်းခါရင်း နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်၏။ "သူတို့ ကလေးဘဝတုန်းက ငါတို့သခင်မလေးနဲ့ စေ့စပ်ထားခဲ့တာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ သူက ဘာကောင်မို့လို့လဲ။ သူ့လို သုံးစားမရတဲ့ကောင်က ယီမိသားစုရဲ့ သမီးတော်လို အဆင့်အတန်းမြင့်တဲ့သူနဲ့ ဘယ်လိုလုပ် တန်ပါ့မလဲ"

ပထမအစေခံက လေသံတိုးတိုးဖြင့် ပြန်ပြော၏။ "ဒါက တကယ့်ကို နားမလည်နိုင်စရာ ကိစ္စပဲ။ ငါတို့အိမ်တော်သခင်ကလည်း ဘယ်လိုလုပ် သဘောတူခဲ့တာလဲ မသိပါဘူး။ အဲဒီကောင်က လွန်ခဲ့တဲ့ လေးနှစ်ကတောင် မပြောမဆိုနဲ့ ထွက်ပြေးသွားသေးတာလေ"

"အခု ငါတို့သခင်မလေးက နာမည်ကျော် ဓားနတ်ဘုရားဂိုဏ်းထဲ ဝင်သွားပြီဆိုတာကိုလည်း သိရော ရုတ်တရက်ကြီး ပြန်ပေါ်လာတော့တာပဲ။ ဟင်္သာကိုမှ စားချင်နေတဲ့ ဖားသူငယ်ပါပဲအေ"

"ဟုတ်ပါ့... ငါတော့ သခင်မလေးအတွက် အရမ်းနှမြောတာပဲ"

ထိုစဥ် ရုတ်တရက်ပင် အစေခံနှစ်ဦး၏ မျက်နှာများ ဖြူရော်သွားကာ ကြောက်လန့်တကြား ဖြစ်သွားကြ၏။ သူတို့သည် ခေါင်းကို အမြန်ငုံ့လိုက်ကာ အလုပ်ရှုပ်နေသယောင် ဟန်ဆောင်ရင်း ကြွေကျနေသော သစ်ရွက်များကို အသည်းအသန် လှည်းကျင်းလိုက်ကြသည်။

အကြောင်းမူကား မလှမ်းမကမ်းတွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရပ်နေသောကြောင့်ပင်။ ထိုလူငယ်သည် သူတို့ပြောခဲ့သော စကားလုံးတိုင်းကို ထိုလူငယ် ကြားသွားခဲ့သည်မှာ သေချာလှ၏။

လင်းချန် အစေခံမလေးများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်ကာ ခပ်ဖွဖွ ရယ်မောလိုက်၏။ "ငါက တကယ်ပဲ ဟင်္သာကိုမှ စားချင်နေတဲ့ ဖားသူငယ်လား"

လင်းချန်မှာ သူတို့ ကဲ့ရဲ့နေသော ၊ ယီမိသားစု သခင်မလေးနှင့် စေ့စပ်ထားသူပင် ဖြစ်သည်။ သို့သော် သူသည် ထိုကဲ့ရဲ့မှုများကို စိတ်ဆိုးဒေါသထွက်ပုံမရဘဲ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့်သာ ထွက်ခွာသွားလေသည်။

ယီစံအိမ်တော်သည် အလွန်ကျယ်ဝန်းပြီး လူပေါင်း သုံးထောင်ကျော် နေထိုင်ကာ ဝင်္ကပါသဖွယ် လမ်းများ ရှုပ်ထွေးလှသော်လည်း လင်းချန်ကမူ နေရာတိုင်းကို အတိအကျ မှတ်မိနေ၏။ သူ အတွင်းခြံဝင်းရှိ အရေးကြီးသော ကိစ္စရပ်များကို ဆုံးဖြတ်ရာ အစည်းအဝေးခန်းမဆီသို့ အေးအေးလူလူပင် လျှောက်လှမ်းသွားလိုက်သည်။

ခန်းမအဝင်ဝသို့ ရောက်သောအခါ လူသုံးဦး ထွက်လာသည်ကို သူ မြင်လိုက်ရ၏။ ရှေ့ဆုံးမှ လျှောက်လာသူမှာ လက်ရှိ အိမ်တော်သခင်ဖြစ်ပြီး လင်းချန်၏ ယောက္ခထီးလောင်းဖြစ်သူ ယီနန်ရှင်းပင် ဖြစ်သည်။

သူသည် နှုတ်ခမ်းမွှေးရေးရေးဖြင့် ရုပ်ရည်သန့်ပြန့်သူဖြစ်ပြီး တန်ဖိုးကြီး ဝတ်ရုံများကို ဝတ်ဆင်ထားကာ ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုးဖြင့် ရှိနေ၏။ သူ၏ဘေးတွင်မူ မည်သူ့ကိုမျှ ဂရုမစိုက်သည့် အမူအရာဖြင့် မောက်မာသည့် အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်နှစ်ဦး ပါလာသည်။

ယီနန်ရှင်းက လင်းချန်ကို မြင်သောအခါ နွေးထွေးစွာ ပြုံးပြ၍ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ခဏစောင့်ရန် လက်ဟန်ပြလိုက်၏။ ထို့နောက် ထိုလူငယ်နှစ်ဦးနှင့်အတူ ဆက်လက် ထွက်ခွာသွားသည်။

လင်းချန် သူ၏ ယောက္ခထီးလောင်း ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ငေးကြည့်ရင်း အတွေးနက်နေဟန်ဖြင့် လက်ချောင်းများကို ဖြည်းဖြည်းချင်း ပွတ်သပ်လှုပ်ရှားနေမိသည်။

မကြာမီ အစည်းအဝေးခန်းမထဲမှ လူအုပ်ကြီး ဆူညံစွာ ထွက်လာကြလေသည်။ သူတို့သည် တံခါးဝရှိ လင်းချန်ကို မတူမတန်သော အကြည့်များဖြင့် ကြည့်ကာ ဖြတ်ကျော်သွားကြသည်။ လင်းချန်နှင့် ထိမိပါက အနူရောဂါကူးစက်သွားမည့်အလား ရွံရှာဟန်ဖြင့် တမင်တကာ လမ်းဖယ်ကာ ဝေးဝေးမှ ရှောင်ကွင်းသွားကြသည်။ သူတို့အတွက် လင်းချန်အနားတွင် ရပ်နေရခြင်းသည်ပင် သူတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ယူဆထားပုံရ၏။

ထိုစဥ် ဘေးဘက်မှ စူးရှသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာ၏။ "ရှင် ပြန်ရောက်နေပြီလို့ ကြားလိုက်သားပဲ။ ဒါပေမဲ့ တကယ်ကြီး ပြန်လာလိမ့်မယ်လို့တော့ မထင်ထားဘူး"

လင်းချန် လှည့်ကြည့်လိုက်သောအခါ သူ့ကို မလိုလားသောဟန်ဖြင့် စိုက်ကြည့်နေသည့် အသက် ဆယ့်လေးနှစ်အရွယ် မိန်းကလေးကို တွေ့လိုက်ရ၏။ သူမသည် လင်းချန်နှင့် စေ့စပ်ထားသူ၏ ဝမ်းကွဲညီမဖြစ်ပြီး လင်းချန်ကို လုံးဝ မျက်မုန်းကျိုးနေသူ ဖြစ်သည်။

ယီလင်းက လင်းချန်၏ ရိုးရှင်းသော အဝတ်အစားများကို ကဲ့ရဲ့သော အကြည့်ဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်၏။ "ငါ့အစ်မက အခု ဓားနတ်ဘုရားဂိုဏ်းရဲ့ နာမည်ကျော် တပည့်တစ်ယောက် ဖြစ်နေပြီ။ ရှင့်လို အသုံးမကျတဲ့ ကပ်ပါးရပ်ပါးက ငါ့အစ်မနဲ့ မတန်ဘူး။ ရှင့်မှာသာ အရှက်ဆိုတာရှိရင် ဒီစေ့စပ်မှုကို ရှင်ကိုယ်တိုင် ဖျက်သင့်တယ်။ သူ့ရဲ့ အောင်မြင်မှုကို အသုံးချပြီး ရှင့်ကိုယ်ရှင် အထင်ကြီးခံရအောင် လုပ်ဖို့ စိတ်ကူးနေတာလား။ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်လာယောင်မနေနဲ့"

လင်းချန်ကမူ သူမကို လက်ပိုက်ကြည့်နေရင်း စိတ်ဆိုးဒေါသထွက်မည့်အစား ပို၍ပင် စိတ်ဝင်တစား နားထောင်နေဟန်ရ၏။ သူက ပြန်လည် အငြင်းမပွားသောအခါ ယီလင်း၏ မျက်လုံးထဲတွင် မုန်းတီးမှုများ ပိုမို အားကောင်းလာသည်။

သူမက အော်ဟစ်လိုက်၏။ "ရှင်က တကယ့်ကို သူရဲဘောကြောင်တဲ့ကောင်ပဲ"

ထို့နောက် ထွက်မသွားမီ သူမက နောက်တစ်ကြိမ် လှည့်ကြည့်ကာ ထပ်ပြောလိုက်သေးသည်။

"မြို့စားမင်းရဲ့သား ပိုင်ရန်လို လူမျိုးမှ ငါ့အစ်မနဲ့ တန်တာ။ သူက တကယ့် ပါရမီရှင်ပဲ ၊ မကြာခင် ဘာရှန်းမြို့ကို ပြန်လာတော့မှာ။ အဲဒါကြောင့် ငါတို့မိသားစုကို ပိုးမွှားတစ်ကောင်လို လာမကပ်ပါနဲ့တော့"

သူမ ထွက်သွားသောအခါ လင်းချန် တိုးတိုးလေး နှာခေါင်းရှုံ့လိုက်မိ၏။ ထို့နောက် လူအုပ်ကြီးကို လျစ်လျူရှုကာ ကျယ်ဝန်းပြီး တိတ်ဆိတ်နေသော ခန်းမထဲသို့ လျှောက်ဝင်သွားလိုက်သည်။

ခန်းမနံရံတွင် တိတ်ဆိတ်ခြင်းဟု ရေးထိုးထားသော စာလုံးကြီးတစ်လုံးကို ချိတ်ဆွဲထား၏။ လင်းချန် ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်ကာ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

မိနစ်အနည်းငယ် အကြာတွင် အပြင်ဘက်မှ ကပျာကယာ လျှောက်လာသော ခြေသံများကို ကြားလိုက်ရကာ ယီနန်ရှင်းက စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ခန်းမထဲသို့ ဝင်လာလေသည်။

လင်းချန် ချက်ချင်းထရပ်ကာ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏။

"ဦးလေးယီ"

ယီနန်ရှင်းက အချိန်မဆွဲနေဘဲ လင်းချန်၏လက်ကိုဆွဲကာ တံခါးဆီသို့ ခေါ်သွားရင်း သတိပေးလိုက်၏။

"ချန်အာ... ငါပြောတာ သေချာနားထောင်။ ငါ မင်းအတွက် အခွင့်အရေးကောင်းတစ်ခု ရှာထားတယ်။ ဒါကို မင်း လုံးဝလက်လွတ်ခံလို့ မဖြစ်ဘူး"

လင်းချန် အလိုက်သင့် လိုက်ပါသွားရင်း မေးလိုက်သည်။ "ဦးလေးယီ... ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ"

ယီနန်ရှင်းက အမြန် ရှင်းပြလေ၏။ "အခု နာမည်ကြီး နတ်ဓားဂိုဏ်းက တပည့်သစ်တွေ စုဆောင်းနေတာလေ။ ဒီလောကမှာ လူတစ်ယောက်ရဲ့ သိုင်းဝိညာဉ်က အရေးကြီးဆုံးပဲ။ မင်းမှာ သိုင်းဝိညာဉ် မပါလာလို့ လူတွေက မင်းကို အသုံးမကျဘူးလို့ ထင်နေကြတာ ငါသိတယ်။ ဒါပေမဲ့ နည်းလမ်း ရှိနေသေးတယ်"

သူက လင်းချန်အနား တိုးကပ်သွားကာ ဆက်ပြော၏။ "ယီမိသားစုဆီမှာ အထူးအခွင့်အရေးတစ်ခု ရှိတယ်။ အဲဒါက ဘယ်လောက်ပဲ အားနည်းပြီး အရည်အချင်း မရှိတဲ့သူဖြစ်ပါစေ ၊ နတ်ဓားဂိုဏ်းက လက်ခံပေးရမယ်ဆိုတဲ့ အခွင့်အရေးပဲ။ အဲဒီနေရာကို ငါ မင်းအတွက် ပေးချင်တယ်"

ယီနန်ရှင်းက သူ့ကို အလေးအနက် စိုက်ကြည့်ကာ မှာကြားလိုက်၏။

"နတ်ဓားဂိုဏ်းက တပည့်တွေ အခု ငါတို့အိမ်တော်မှာ တည်းခိုနေကြတယ်။ မင်းကို သူတို့နဲ့ ကပ်လျက်အခန်းမှာ နေဖို့ ငါစီစဉ်ထားပေးတယ်။ မင်းက ဉာဏ်ကောင်းပြီး စကားပြောလည်း ဖော်ရွေတဲ့သူပဲ။ သူတို့နဲ့ ခင်မင်အောင် လုပ်နိုင်ရင် မင်း ဂိုဏ်းထဲဝင်ဖို့ ပိုလွယ်သွားလိမ့်မယ်"

လင်းချန်က ခါးသက်သက် ပြုံးရင်း ထောက်ပြလိုက်သည်။ "ဦးလေးယီ... အဲဒီလူတွေက ခေါင်းဆောင်တွေ မဟုတ်ဘဲ အကူတပည့်တွေလောက်ပဲဆိုရင် သူတို့နဲ့ ခင်မင်သွားလည်း ဘာမှထူးခြားလာမှာ မဟုတ်ဘူးဗျ"

ယီနန်ရှင်းက ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်၏။ "အဲဒီအတွက်တော့ မစိုးရိမ်ပါနဲ့။ မြို့စားမင်းရဲ့သား ပိုင်ရန်က ပြန်လာတော့မှာ။ သူက လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက နတ်ဓားဂိုဏ်းထဲ ဝင်ခဲ့တဲ့ ပါရမီရှင်လေ။ သူပဲ အဲဒီအဖွဲ့ကို ဦးဆောင်လာမယ်လို့ ငါသေချာပေါက် ယုံကြည်တယ်။ မြို့စားမင်းဆီ ငါကိုယ်တိုင်သွားပြီး အကူအညီ တောင်းပေးမယ်"

ထို့နောက် ယီနန်ရှင်း သူ၏ဝတ်ရုံထဲမှ အထုပ်ငယ်လေးတစ်ထုပ်ကို ထုတ်ကာ လင်းချန်ထံ ကမ်းပေးရင်း တိုက်တွန်းလိုက်သည်။ "ဒါက သူတို့အတွက် လက်ဆောင်တွေ။ သူတို့နဲ့ မိတ်ဆွေဖြစ်အောင် လုပ်ပါ။ ဒါက မင်းအတွက် ငါလုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ"

ယီနန်ရှင်းက မထွက်ခွာမီ နွေးထွေးစွာ ပြုံးပြကာ နှုတ်ဆက်စကားဆိုလေ၏။ "ပြီးတော့ လင်းချန်... ဦးလေးရဲ့သမီးက မင်းအကြောင်းကို လတိုင်း စာရေးပြီး မေးနေတာ။ သူ မင်းကို အရမ်းသတိရနေတယ်တဲ့"

ထိုစကားကို ပြောပြီးနောက် ယီနန်ရှင်း လှည့်ထွက်သွားတော့သည်။ လင်းချန် ခြံဝင်းတံခါးဝ၌ တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့ပြီး ယောက္ခထီးလောင်း၏ ကြင်နာမှုကြောင့် နက်ရှိုင်းစွာ ထိရှသွားမိလေ၏။

လင်းချန် လက်ဆောင်ထုပ်လေးကို ဆုပ်ကိုင်ရင်း တွေးလိုက်၏။ "ကျန်တဲ့ မိသားစုဝင်တွေ ငါ့အပေါ် ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ၊ ငါ့ရဲ့ ဇနီးလောင်းနဲ့ ယောက္ခထီးက ငါ့ကို ဂရုစိုက်နေသရွေ့ ငါကျေနပ်ပါတယ်လေ"

ထို့နောက် လင်းချန် လက်ဆောင်ထုပ်ကို လေထဲမြှောက်လိုက် ၊ ပြန်ဖမ်းလိုက် လုပ်ရင်း တံခါးကို တွန်းဖွင့်လိုက်လေ၏။

ရုတ်တရက်ဆိုသလို နတ်ဓားဂိုဏ်းမှ လူငယ်နှစ်ဦးသည် တစ္ဆေများကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် သူ၏ရှေ့၌ ပေါ်လာကြ၏။ ထိုတပည့်နှစ်ဦးမှာ မာန်မာန ထောင်လွှားနေရမည့်အစား ချက်ချင်းပင် ခေါင်းငုံ့သွားကြကာ လက်သီးဆုပ်ပြီး မြေကြီးနှင့်ထိမတတ် ဦးညွှတ်အရိုအသေပေးလိုက်ကြလေ၏။

သူတို့က အလွန် ရိုသေလေးစားနေသော လေသံဖြင့် ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။ "အစ်ကိုကြီးလင်း"

လင်းချန်ကမူ ရှေ့သို့ တစ်လှမ်းတိုးကာ သူတို့နှစ်ဦးကို တစ်ပြိုင်နက်တည်း ဆွဲထူပေးလိုက်ရင်း မေးမြန်းလိုက်၏။ "ဘာရှန်းမြို့ကို မိသားစုကြီးသုံးစုက ထိန်းချုပ်ထားပြီး ယီမိသားစုအကြောင်းကိုတော့ ငါကောင်းကောင်း သိထားတယ်။ မြို့စားမင်း ပိုင်မိသားစုကရော ဘယ်လို အခြေအနေရှိလဲ"

နတ်ဓားဂိုဏ်းမှ တပည့်ဖြစ်သူ ကျောက်ချောင်က အစီရင်ခံလိုက်သည်။ "စီနီယာအစ်ကိုပိုင် အာမခံထားတဲ့အတိုင်း ပိုင်မိသားစုမှာ ထူးခြားတဲ့ လှုပ်ရှားမှုမျိုး မရှိပါဘူး။ စီနီယာအစ်ကိုပိုင်ရဲ့ အဖေဆီကနေလည်း သတင်းအချို့ ရခဲ့ပါတယ်"

လင်းချန် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ကျောက်ချောင်၏ စကားကို စိတ်ဝင်တစားဖြင့် ဆက်မေးလိုက်၏။ "ဘယ်လို သတင်းအချက်အလက်မျိုးလဲ။ ငါ့ကိုပြောပြစမ်းပါဦး"

ကျောက်ချောင်က အမြန်ပင် ရှင်းပြလိုက်သည်။ "မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ လီမိသားစုက အနောက်ဘက် တောင်တန်းတွေဘက်ကို မကြာခဏ ဝင်ထွက်နေကြတယ်ဗျ။ သူတို့ရိပ်မိသွားမှာစိုးလို့ ပိုင်မိသားစုကလည်း အရမ်းမလှုပ်ရှားရဲသေးဘူးဖြစ်နေတယ်"

လင်းချန် ကျောက်ချောင်၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ တိုက်တွန်းလိုက်၏။ "မလှုပ်ရှားရဲဘူးလား... အခုက လှုပ်ရှားရမယ့်အချိန်ပဲ။ ပိုင်ရန်က မနက်ဖြန် ပြန်ရောက်လာမှာ မဟုတ်လား။ သူ့ကိုပဲ စုံစမ်းခိုင်းလိုက်"

"မနက်ဖြန် ပိုင်ရန်ကို မြို့ထဲမဝင်ခိုင်းသေးဘဲ အနောက်ဘက် တောင်တန်းမှာရှိတဲ့ ဘာရှန်းတောအုပ် အခြေအနေကို အရင်စုံစမ်းခိုင်းလိုက်။ အကျိုးအကြောင်း တိတိကျကျ သိရမှ ပြန်လာခဲ့လို့ မှာလိုက်ပါ"

ကျောက်ချောင်ကို ညွှန်ကြားပြီးနောက် လင်းချန် ကျောက်ချောင်၏ညီဖြစ်သူ ကျောက်ကျန့်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်၏။ "မြောက်ဘက်က လီမိသားစုအပေါ်ကိုရော မင်းဘယ်လိုမြင်လဲ"

ကျောက်ကျန့် မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းလိုက်ပြီး သုံးသပ်ပြလိုက်သည်။ "တစ်ခုခုတော့ မှားနေသလိုပဲ။ သူတို့က အပေါ်ယံမှာတော့ ကျွန်တော်တို့ကို လေးစားသယောင် ရှိပေမဲ့ တကယ်တမ်းကြတော့ တော်တော်လေး ပေါ့တီးပေါ့ပျက် ဆက်ဆံကြတယ်။ အမြဲတမ်း ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးတဲ့ ယီနန်ရှင်းနဲ့တော့ လုံးဝမတူဘူး"

"ဘန်းးး"

ကျောက်ကျန့်၏ စကားဆုံးသည်နှင့် လင်းချန်၏ ခြေကန်ချက်က သူ၏ ဝမ်းဗိုက်ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားကာ အပြင်းအထန် ကန်ကျောက်ခံလိုက်ရသဖြင့် လွင့်စင်ထွက်သွားတော့၏။ ကျောက်ကျန့်မှာ လေထဲတွင် သုံးပတ်ခန့် လည်ထွက်သွားပြီးနောက် ဒူးတစ်ဖက်ထောက်ကျသွားကာ ဝမ်းဗိုက်ကို ဖိထားရင်း အနက်ရောင် သွေးပုပ်များကို အန်ထုတ်လိုက်ရသည်။

လင်းချန်က သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး ထထိုင်ရန် ကြိုးစားနေသော ကျောက်ကျန့်အား ငုံ့ကြည့်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ "မင်းက ငါ့ယောက္ခထီးလောင်း နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်ပေါ့လေ။ နောက်တစ်ခါဆို ဦးလေးယီလို့ပဲ ခေါ်ရမယ် ကြားလား"

"နောက်ပြီး ကျင့်ကြံတဲ့အခါ စိတ်မလောဖို့ ငါဘယ်နှစ်ခါ ပြောထားလဲ။ ဒီလို အတွင်းဒဏ်ရာမျိုးက အဆင့်တက်မယ့်အချိန်ကျရင် မင်းကို အသက်အန္တရာယ် ပေးနိုင်တယ်ကွ"

ကျောက်ကျန့် ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ပြုံးစစဖြင့် ရွှတ်နောက်နောက် ပြန်ဖြေလာသည်။ "အစ်ကိုကြီးလင်းက ဒါတွေကို ကူညီဖြေရှင်းပေးဖို့ ဒီမှာရှိနေတာပဲ မဟုတ်ဘူးလား"

လင်းချန် မျက်နှာကို တင်းထားလိုက်ရင်း သတိပေးလိုက်၏။ "ဟမ့်... ဘာလာရယ်ပြနေတာလဲ။ နောက်တစ်ခါ ငါပြောတာ နားမထောင်ရင်တော့ သေအောင်ကို ကန်ပစ်မယ်"

ထို့နောက် လင်းချန် ယီနန်ရှင်း ပေးလိုက်သည့် အိတ်ကို ကျောက်ချောင်ဆီသို့ ပစ်ပေးလိုက်၏။ ကျောက်ချောင်က ထိုအိတ်ကို ဖမ်းယူကာ အတွင်းသို့ စစ်ဆေးကြည့်လိုက်ရာ အလွန်အမင်း အံ့အားသင့်သွားရသည်။

"ဒါတွေက ငါပေးတဲ့ လက်ဆောင်လို့ မထင်နဲ့ဦး။ ငါ့ယောက္ခထီးလောင်းက မင်းတို့ကို မျက်နှာချိုသွေးဖို့ ပေးလိုက်တာ။ သူက အထူးအခွင့်အရေး ရချင်နေတာလေ။ ဒါတွေကို သူ့ဆီ ပြန်ပေးဖို့ ဆင်ခြေတစ်ခုခု ရှာလိုက်"

လင်းချန် ခြံဝင်းတံခါးဆီသို့ လျှောက်သွားရင်း မှာကြားလိုက်၏။ "မင်းတို့အလုပ်ကို သေချာလုပ်ကြ။ သူ ငါ့ကို သံသယ မဝင်စေနဲ့"

လင်းချန် ထွက်သွားပြီးနောက် ကျောက်ချောင်က သူ၏ညီကို စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ဘယ်လိုလဲ... နာနေသေးလား"

ကျောက်ကျန့်က မျက်နှာကြီးရှုံ့မဲ့ကာ ညည်းတွားရင်း ပြန်ဖြေ၏။ "မနာဘဲ နေမလားဗျာ။ အစ်ကိုကြီးလင်းရဲ့ ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ အစ်ကိုလည်း အသိပဲဟာ။ ဒါပေမဲ့ အခု အတွင်းဒဏ်ရာတွေ ပျောက်သွားလို့ တော်ပါသေးတယ်"

ကျောက်ချောင်က နှစ်သိမ့်လိုက်သည်။ "မင်းအဆင်ပြေရင် ပြီးတာပါပဲ။ စိတ်ကို ငြိမ်ငြိမ်ထားပြီး အစ်ကိုကြီးလင်း ပေးထားတဲ့ တာဝန်တွေကို အရင်ပြီးအောင် လုပ်ကြရအောင်"

ထို့နောက် သူက ဆက်ပြောလေ၏။ "ဒီအတောအတွင်း ဘာရှန်းမြို့က လူတွေရဲ့ စစ်မှန်တဲ့ မျက်နှာတွေကို ငါမြင်ခဲ့ရတယ်။ သူတို့ အသုံးမကျတဲ့လူလို့ ထင်ထားတဲ့သူက တကယ်တမ်းကျတော့ ဂိုဏ်းရဲ့ စစ်ဆေးရေးမှူး တစ်ယောက်ဖြစ်နေတယ်ဆိုတာ သိသွားရင် သူတို့ ဘယ်လိုများ ဖြစ်သွားကြမလဲမသိဘူး"

ကျောက်ကျန့်ကလည်း ထောက်ခံလိုက်၏။ "အင်း... ကျွန်တော်လည်း အဲတာကို သိချင်နေတာ"

**--**--**--**--**--**--**--**

လင်းချန် ခြံဝင်းအတွင်းမှ ထွက်လာပြီးနောက် သူ၏ ယောက္ခထီးလောင်း စီစဥ်ပေးထားသည့် အိမ်ဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ ခြံတံခါးကို ပိတ်လိုက်ပြီးနောက် ရင်းနှီးကျွမ်းဝင်နေသော ပတ်ဝန်းကျင်ကို ငေးကြည့်ကာ လင်းချန် လွမ်းဆွတ်မှုကို ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်မှာ ကမ္ဘာဟု ခေါ်ဆိုသော ဂြိုဟ်တစ်ခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး ဤသိုင်းဝိညာဥ်ကုန်းမြေတိုက်ကြီး၌ ပြန်လည်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

ယခင်ဘဝ၌ လင်းချန်သည် မွေးရာပါ မသန်စွမ်းတစ်ဦးဖြစ်ပြီး မွေးစားမိဘများ ရုတ်တရက် ကွယ်လွန်သွားသောကြောင့် ကြီးမားသော စည်းစိမ်အမွေများကို ဆက်ခံခဲ့ရသည်။ သူသည် ဝါသနာပါရာ ဂိမ်းလောကအတွင်း၌သာ အချိန်ကုန်ဆုံး နစ်မွန်းနေခဲ့ပြီး သူ၏ ကြွယ်ဝချမ်းသာမှုများဖြင့် ဂိမ်းလောကကို စိုးမိုးနိုင်ခဲ့သူ ဖြစ်၏။

သို့သော်လည်း တစ်နေ့တွင် ဂိမ်းဆော့ရာတွင်ဆောင်းသည့် ခေါင်းဆောင်းမှာ အပူလွန်ကဲသွားခဲ့ကာ သူသည် ဂိမ်းထဲမှ ထွက်မရတော့ဘဲ သတိလစ်သွားခဲ့သည်။ ပြန်လည်နိုးထလာချိန်တွင်မူ ဤကမ္ဘာ၌ မွေးကင်းစ ကလေးငယ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်လေ၏။

ဤကမ္ဘာကို သိုင်းဝိညာဉ်ကုန်းမြေတိုက်ဟု ခေါ်ဆိုကြပြီး လူသားများသည် သဘာဝစွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူကာ စိတ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲကျင့်ကြံကြရ၏။ စိတ်ဝိညာဉ်စွမ်းအားနှင့် မွေးဖွားလာသူတိုင်းသည် သိုင်းဝိညာဉ်ပညာရှင်များ ဖြစ်လာနိုင်ကြသည်။

လင်းချန် ငယ်စဉ်ကတည်းက ယီမိသားစုတွင် မိဘများနှင့်အတူ နေထိုင်ခဲ့ရသည်။ သူ၏ မိဘများသည် ယီနန်ရှင်းနှင့် မိတ်ဆွေရင်းများ ဖြစ်ကြပြီး ယီနန်ရှင်း၏ သမီး ယီစင်းနှင့်လည်း ငယ်သူငယ်ချင်းများအဖြစ် အတူကြီးပြင်းလာကာ စေ့စပ်ထားသူများ ဖြစ်လာခဲ့ကြသည်။

သို့သော်လည်း အသက် ခြောက်နှစ်အရွယ် သိုင်းဝိညာဉ်နိုးထခြင်း အခမ်းအနား၌ လင်းချန်တွင် မည်သည့် သိုင်းဝိညာဉ်မှ မပါရှိကြောင်း တွေ့ရှိခဲ့ရသဖြင့် အသုံးမကျသူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

အသက် ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ သူ၏ မိဘများသည် လင်းချန်၏ သိုင်းဝိညာဉ်ပြဿနာကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းရှာဖွေရန် ထွက်ခွာသွားခဲ့ရာ ယနေ့ထိတိုင် ပြန်မလာသေးချေ။ ယီမိသားစုရှိ လူအားလုံးက လင်းချန်ကို အထင်အမြင် သေးကြသော်လည်း ယီနန်ရှင်းနှင့် ယီစင်းတို့မူ လင်းချန်အနားတွင် အမြဲရှိနေပေးခဲ့ကြလေ၏။

အသက် ဆယ့်နှစ်နှစ်အရွယ်တွင် လင်းချန် အိမ်မှ ထွက်ပြေးသွားသည်ဟု လူအများက ထင်မှတ်နေခဲ့ကြသော်ငြား တကယ်တမ်းတွင်မူ သူသည် လူမှားကာ ပြန်ပေးဆွဲခံလိုက်ရခြင်းပင် ဖြစ်၏။

သူ ထိုငရဲခန်းကဲ့သို့သော နေရာမှ လွတ်မြောက်လာရန် သုံးနှစ်တိတိ အချိန်ယူခဲ့ရပြီးနောက် မမျှော်လင့်ဘဲ နတ်ဓားဂိုဏ်းသို့ ဝင်ရောက်ခွင့် ရခဲ့လေသည်။ ထိုသုံးနှစ်တာ ကာလအတွင်း လင်းချန် အရာများစွာကို သင်ယူခဲ့ရပြီး ခွန်အားအပေါ်တွင်သာ အခြေခံသည့် ဤကမ္ဘာကြီး၏ စည်းမျဉ်းများနှင့် အပြည့်အဝ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ခဲ့ပြီ ဖြစ်လေ၏။

လေးနှစ်ကြာပြီးမှ ပြန်လည်ရောက်ရှိလာချိန်တွင် ရင်းနှီးခဲ့သော ခြံဝင်းလေးကို ကြည့်ကာ သူ၏ မျက်လုံးများမှာ အနည်းငယ် နီလာရသည်။ ယခင်ဘဝတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့သော်လည်း ဤဘဝတွင် မိသားစု အသိုင်းအဝိုင်း ရှိလာခဲ့သဖြင့် လင်းချန် ထိုခံစားချက်ကို အလွန် တန်ဖိုးထား မြတ်နိုးမိ၏။

သူ တွေးလိုက်မိသည်။ "ဒီလောက်တောင် ကြာသွားပြီကို အဖေနဲ့အမေက ဘယ်ဆီများ ရောက်နေကြတာလဲ။ ဘာလို့ သတင်း လုံးဝမကြားရတာလဲ"

လင်းချန် မိဘများ၏ သတင်းကို ရလိုရငြား ယီနန်ရှင်းထံ မေးမြန်းခဲ့သော်လည်း မည်သည့်သတင်းအစအနမျှ မရရှိခဲ့ပေ။

လင်းချန် ခြံဝင်းကို ငေးကြည့်ရင်း အတိတ်က ပုံရိပ်များကို မြင်ယောင်လာကာ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ "အခုတော့ အခြေအနေတွေ အကုန်ပြောင်းလဲသွားပြီ။ အဖေနဲ့အမေကို ကျွန်တော် သေချာပေါက် ပြန်ရှာပြီး ကျွန်တော့်ကို အဖေနဲ့အမေတို့ ဂုဏ်ယူအောင်လုပ်ပြမယ်"

သိုင်းဝိညာဉ်မရှိဘဲ ကျင့်ကြံရန်မှာ မဖြစ်နိုင်သော်လည်း လွန်ခဲ့သော လေးနှစ်က သူအဖမ်းခံနေရချိန်အတွင်း၌ သူ၏ သိုင်းဝိညာဉ်မှာ ထူးဆန်းစွာ နိုးထလာခဲ့သဖြင့် လွတ်မြောက်ရန် အခွင့်အရေး ရခဲ့ခြင်း ဖြစ်လေ၏။ ထို့အပြင် သူ၏ သိုင်းဝိညာဉ်မှာ အလွန်ပင် ထူးဆန်းပြီး ထူးခြားလှသည်။

ဤကမ္ဘာ၌ သိုင်းဝိညာဉ်များသည် ပုံစံအမျိုးမျိုး ရှိကြသော်လည်း လက်နက်ပုံစံသာ ဖြစ်ရမည်ဟူသော နိယာမတစ်ခု တည်ရှိသည်။ သို့သော် လင်းချန်၏ သိုင်းဝိညာဉ်မှာမူ အဖြူရောင်ဝဲဂယက်တစ်ခု ဖြစ်နေပြီး သဘာဝစွမ်းအင်များကို အဆက်မပြတ် ထုတ်လုပ်ပေးကာ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အခြားသူများထက် များစွာ သာလွန်နေလျက်ရှိလေသည်။

ထို့အပြင် ထိုဝဲဂယက်သည် သိုလှောင်အိတ်တစ်ခုကဲ့သို့လည်း အသုံးဝင်ပြီး လင်းချန်အတွက် လိုအပ်သော ပစ္စည်းများကို တစ်ခါတစ်ရံ ထုတ်ပေးတတ်သေး၏။

ဥပမာအားဖြင့် ကျင့်ကြံခြင်းကို မြန်ဆန်စေသည့် အတွေ့အကြုံတိုးဆေးရည်မျိုး ဖြစ်သည်။ ထိုဆေးရည်များသည် ဤကမ္ဘာရှိ ဆေးလုံးများနှင့် မတူဘဲ သူယခင်ဘဝက ကစားခဲ့သည့် ဂိမ်းထဲမှ ဆေးရည်များ ဖြစ်နေလေ၏။

လင်းချန်ကိုယ်၌ပင် သူ၏ သိုင်းဝိညာဉ်သည် အဘယ်ကြောင့် ယခင်ဘဝမှ ဂိမ်းထဲရှိ ဆေးရည်များကို ထုတ်ပေးနေရသနည်းဆိုသည်ကို ယနေ့တိုင် နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၁ + ၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters