← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၃ + ၄

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန် အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်၌ ပက်လက်လှန်ကာ သက်သောင့်သက်သာ အနားယူနေ၏။ ရင်းနှီးကျွမ်းဝင်နေသော အငွေ့အသက်များက သူ၏ စိတ်အာရုံကို လွှမ်းမိုးထားသဖြင့် အတွေးတစ်ချို့တို့က ဝင်လာသည်။

"ဒီခြံရဲ့ အငွေ့အသက်တွေက တကယ်ကို ကောင်းတာပဲ။ ဒီခုတင်ကို နတ်ဓားဂိုဏ်းဆီ တစ်ခါတည်း သယ်သွားရင် ကောင်းမလား"

ယခင်ဘဝက ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့စဉ်က ရွှေအိမ် ၊ ငွေအိမ်ထက် ကိုယ့်အိမ်က အကောင်းဆုံးဆိုသည့် စကားပုံတစ်ခု ရှိခဲ့ဖူး၏။ လင်းချန်ကိုယ်တိုင်သည်လည်း ဤခြံဝန်းအတွင်း၌ ဆယ့်နှစ်နှစ်တိုင်တိုင် နေထိုင်ခဲ့ဖူးသူ ဖြစ်သည်။

"ငါ့ယောက္ခထီးလောင်းက ငါ့အပေါ် တကယ်ကောင်းရှာတာပဲ။ သားမက်ဆိုတာ သားတစ်ဝက်ပဲလို့ အမြဲပြောတတ်တဲ့အတိုင်း ငါ့ကိုလည်း သူ့သားအရင်းတစ်ယောက်လို တကယ်ဆက်ဆံတယ်"

လင်းချန် ခုတင်ပေါ်မှ ဖျတ်ခနဲ ထထိုင်လိုက်ပြီး သန့်ရှင်းသပ်ရပ်နေသော အခန်းကို ကြည့်ရင်း စိတ်ထဲ၌ များစွာ ခံစားလိုက်ရ၏။ ဤခြံဝန်းအတွင်း၌ မည်သူမျှ မနေထိုင်သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယီနန်ရှင်းကမူ သူပြန်လာမည့်အချိန်ကို စောင့်မျှော်ရင်း လူလွှတ်ကာ ပုံမှန်သန့်ရှင်းရေး လုပ်ခိုင်းထားကြောင်း သိသာလှသည်။

လင်းချန် ခုတင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီးနောက် လက်ဖဝါးကို ဖြန့်လိုက်ရာ လေဟာနယ်ထဲမှ ဖန်ပုလင်းငယ်တစ်ခု ပေါ်ထွက်လာ၏။ ဖန်ပုလင်းမှာ အပေါ်ပိုင်းကျဉ်းပြီး အောက်ပိုင်းကားကာ ရွှေရောင်ပုံရိပ်များ ထွင်းထုထားသည့် ကြည်လင်သော ဖန်ပုလင်းတစ်လုံး ဖြစ်သည်။

ပုလင်းထဲတွင် ခရမ်းဖျော့ရောင် ဆေးရည်များ လှိုင်းထနေပြီး ထိုအရာမှာ အခြားမဟုတ်ဘဲ အတွေ့အကြုံတိုးဆေးရည်ပင် ဖြစ်၏။

လင်းချန် ပုလင်းအဆို့ကို ဖွင့်ကာ ဆေးရည်အားလုံးကို တစ်ကျိုက်တည်း သောက်ချလိုက်၏။ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး အဆမတန် ပူလောင်သွားသလို ခံစားလိုက်ရပြီး သူ၏ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း ရပ်တန့်၍ မရနိုင်လောက်အောင် ပြင်းထန်သော အဟုန်ဖြင့် စီးဆင်းလာတော့သည်။

သူ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဆရာဖြစ်သူ သင်ကြားပေးထားသော ထူးခြားသည့် ကျင့်စဉ်ကို စတင်လည်ပတ်လိုက်၏။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ ချွေးပေါက်များနှင့် အပ်စိုက်မှတ်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ စင်ကြယ်သော စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြသည်။

တစ်ချိန်တည်းမှာပင် လင်းချန်၏ ဒန်တျန်အတွင်းရှိ အဖြူရောင် ဝဲဂယက်ငယ်လေးထဲမှလည်း စင်ကြယ်သော စွမ်းအင်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး ကျင့်စဉ်၏ ဆွဲဆောင်မှုကြောင့် စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြန်၏။

ထိုဝဲဂယက်မှ ထွက်ပေါ်လာသော စွမ်းအင်ပမာဏမှာ ပတ်ဝန်းကျင်မှ စုပ်ယူရရှိသော စွမ်းအင်ထက်ပင် ဆယ်ဆမျှ ပိုမိုများပြားလှသည်။

အမှန်စင်စစ် ဤအဖြူရောင် ဝဲဂယက်လေးမှာ လင်းချန်၏ ထူးခြားဆန်းပြားသော သိုင်းဝိညာဉ်ပင် ဖြစ်၏။ ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်၏ သိုင်းဝိညာဉ်မှာ လက်နက်တစ်ခုခု ဖြစ်လေ့ရှိသော်လည်း သူ၏ သိုင်းဝိညာဉ်မှာမူ ဤဝဲဂယက်လေးသာ ဖြစ်နေခဲ့သည်။

အကယ်၍ ဤဝဲဂယက်သာ သူ၏ သိုင်းဝိညာဉ်မဟုတ်ခဲ့ပါက သူ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်း မပြုလုပ်သည့် အချိန်များတွင်ပင် ဤဝဲဂယက်က စွမ်းအင်များကို ထုတ်လွှတ်ပေးပြီး သူ၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးနေတတ်၏။

ထိုသို့သော ထူးခြားသည့် စွမ်းဆောင်ရည်ကြောင့် လင်းချန်၏ ခန္ဓာကိုယ်မှာ အမြဲသန့်စင်နေပြီး တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သန်မာနေရခြင်း ဖြစ်သည်။

ထို့အပြင် ဤဝဲဂယက်သည် ပစ္စည်းသိုလှောင်နိုင်စွမ်း ရှိရုံသာမက သူ ယခင်ဘဝက ကစားခဲ့သော ဂိမ်းထဲမှ ဆေးရည်များကိုလည်း ထုတ်ပေးနိုင်စွမ်း ရှိနေ၏။

တစ်ခါက လင်းချန် စိတ်အာရုံဖြင့် ဝဲဂယက်အတွင်းသို့ ဝင်ရောက်ကြည့်ဖူးသော်လည်း ရင်းနှီးနေသော ကောင်းကင်ယံတစ်ခုကိုသာ မြင်တွေ့ခဲ့ရပြီး သူသိမ်းဆည်းထားသော ပစ္စည်းများကိုမူ ရှာမတွေ့ခဲ့ချေ။

သို့သော် သူ အလိုရှိသည့်အခါ စိတ်ဖြင့် အမိန့်ပေးလိုက်ရုံနှင့် ထိုပစ္စည်းများမှာ ချက်ချင်းပင် ပေါ်ထွက်လာတတ်သည်။

ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုဝဲဂယက်မှ ဆေးရည်များ ထွက်ပေါ်လာပုံမှာ ပစ္စည်းတစ်ခုကို ထုတ်ယူရသကဲ့သို့ပင် ဖြစ်နေခြင်းပင်။

သူ အတွေ့အကြုံတိုးဆေးရည် လိုချင်ပါက ဝဲဂယက်က ထိုဆေးရည်ကို ထုတ်ပေး၏။ ဒဏ်ရာပျောက်ဆေး လိုချင်ပါက ဟွီချွမ်းဆေးရည်ကို ထုတ်ပေးပြီး ၊ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းလိုပါက အားဖြည့်ဆေးရည်ကို ထုတ်ပေးသည်။

ဤသည်မှာ ဂိမ်းလောကတွင် ကစားသမားများ ခေါ်ဝေါ်လေ့ရှိကြသည့် ဆေးအနီနှင့် ဆေးအပြာများပင် ဖြစ်သည်။ ဆေးအနီမှာ သွေးဖြည့်ပေးပြီး ဆေးအပြာက စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေး၏။

လင်းချန် အရာရာကို သတိထားနေခဲ့ရသည့် ထိုအိမ်မက်ဆိုးကဲ့သို့သော နေရာ၌ ရှိနေစဉ်ကပင် သူ၏ သိုင်းဝိညာဉ်က သူ့ကို အမြဲတမ်း အံ့အားသင့်စေခဲ့သည်။

ထိုဆေးရည်များကြောင့်သာ သူ၏ လက်ရှိဆရာကို ကုသပေးနိုင်ခဲ့ပြီး ထိုနေရာမှ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။

"ဒီလောကကြီးကို ငါစိုးမိုးနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိတယ်"

လင်းချန် ခိုင်မာသော ယုံကြည်မှုဖြင့် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားလိုက်၏။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သူ၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ လှည့်ပတ်စီးဆင်းနေပြီး ခန္ဓာကိုယ်ကို ပိုမိုသန်မာစေကာ အဆင့်ကိုလည်း မြှင့်တင်ပေးနေသည်။

သိုင်းဝိညာဉ်စစ်သည်တော်များအတွက် အခြေခံအဆင့် (၃) ဆင့်မှာ တိမ်ယွမ်နယ်ပယ် ၊ လယွမ်နယ်ပယ် နှင့် နေယွမ်နယ်ပယ်တို့ ဖြစ်ကြသည်။

သဘာဝစွမ်းအင်ကို ကိုယ်တွင်းသို့စုပ်ယူကာ စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်ကို သန့်စင်ခြင်းပြုလုပ်​ရ၏။ ဤအဆင့်မှာ တိမ်ယွမ်နယ်ပယ်အဆင့် ဖြစ်ပြီး ဤအဆင့်သို့ ရောက်ရှိမှသာ သိုင်းဝိညာဉ်စစ်သည်တော်အစစ်အဖြစ် သတ်မှတ်နိုင်၏။

ဒန်တျန်အတွင်း စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဝဲဂယက်ပုံဖော်ကာ တိုက်ခိုက်ရေးစွမ်းရည် မြင့်တက်လာခြင်းမှာ လယွမ်နယ်ပယ်အဆင့်ပင် ဖြစ်သည်။

ပို၍အဆင့်မြင့်သည့် နေယွမ်နယ်ပယ်သို့ ရောက်ရှိသွားပါက စိတ်ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ပြီး ပုံသဏ္ဌာန်အမျိုးမျိုး ဖော်ဆောင်ကာ တိုက်ခိုက်နိုင်စွမ်း ရှိလာသည်။

အဆင့်တစ်ခုစီတိုင်းကိုလည်း အဆင့်ငယ် (၉) ဆင့် ထပ်မံခွဲခြားထားသေး၏။ လက်ရှိ ဘာရှန်းမြို့တွင် အင်အားအကြီးဆုံး သိုင်းဝိညာဉ်စစ်သည်တော်များမှာ ယီမိသားစု၏ အိမ်တော်သခင် ယီနန်ရှင်း ၊ မြို့စားမင်းပိုင်နှင့် လီမိသားစု အိမ်တော်သခင်တို့ ဖြစ်ကြပြီး သူတို့အားလုံးမှာ နေယွမ်အဆင့်တွင် ရှိနေကြသည်။

လင်းချန်၏ လက်ရှိ အစစ်အမှန်စွမ်းအားမှာလည်း ထိုသူများနှင့် တန်းတူ နေယွမ်အဆင့်၏ ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ လင်းချန်၏ အစစ်အမှန် စွမ်းအားသာ ထုတ်ဖော်ပြသလိုက်ပါက ဘာရှန်းမြို့တစ်ခုလုံး တုန်လှုပ်သွားမည်မှာ အသေအချာပင်။ သာမန်လူများအနေဖြင့် လင်းချန်၏ ကျင့်ကြံသက်မှာ တစ်နှစ်ခွဲခန့်သာ ရှိသေးသည်ကို သိရှိသွားပါက အံ့ဩလွန်း၍ မေ့လဲသွားနိုင်လောက်သည်။

"ဟင်..."

ကျင့်ကြံနေစဉ်အတွင်း လင်းချန် မျက်လုံးဖွင့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် အားမနည်းသော စွမ်းအင်တစ်ခု သူ့ဆီသို့ ဦးတည်လာနေသည်ကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

ထိုသူမှာ စွမ်းအင်ကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူ၏ ယောက္ခထီးလောင်း ယီနန်ရှင်းမှန်း လင်းချန် ချက်ချင်း သိလိုက်ရသည်။

လင်းချန် ပြတင်းပေါက်ပြင်ပသို့ ကြည့်လိုက်ရာ လပြည့်ဝန်း၏ အလင်းရောင်သာ ရှိတော့သည့် ညနက်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။

"လင်းချန်..."

တံခါးပြင်ပမှ ယီနန်ရှင်း၏ စိုးရိမ်တကြီး ခေါ်သံ ထွက်ပေါ်လာ၏။ လင်းချန် ဖယောင်းတိုင်ကို အမြန်ထွန်းကာ တံခါးသွားဖွင့်ပေးလိုက်သည်။

တံခါးပွင့်သွားသောအခါ စိုးရိမ်နေသည့် အမူအရာဖြင့် ရပ်နေသော ယီနန်ရှင်းကို တွေ့လိုက်ရသော်လည်း လင်းချန်ကို မြင်လိုက်ရသည်နှင့် သူ၏ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်း ပြေလျော့သွားတော့သည်။

လင်းချန် ပြုံးလျက် ယီနန်ရှင်းကို အထဲသို့ ဖိတ်ခေါ်လိုက်၏။

"ဦးလေးယီ... ညကြီးမင်းကြီး ဘာကိစ္စများ ရှိလို့လဲခင်ဗျ"

ယီနန်ရှင်း စားပွဲတွင် ထိုင်လိုက်ရင်း ပြုံးကာ ခေါင်းခါပြလိုက်သည်။

"မင်းရဲ့ ခြံဝန်းထဲမှာ မီးရောင်မတွေ့တာနဲ့ တစ်ခုခုများ ဖြစ်နေမလားလို့ လာကြည့်တာပါ"

လင်းချန် ပြုံးစစဖြင့် တုံ့ပြန်လိုက်သည်။

"ကျွန်တော်က ဘာရှန်းမြို့ရဲ့ အင်အားကြီး မိသားစုသုံးစုထဲက တစ်ခုဖြစ်တဲ့ ယီမိသားစုထဲမှာ ရှိနေတာပဲ။ ဦးလေးယီလည်း ရှိနေတာပဲကို ဘာဖြစ်စရာ ရှိမှာလဲ။ ဒါပေမဲ့ ဦးလေးယီ ဒီကိုလာတာ ဒီကိစ္စလေးတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးမလား"

ယီနန်ရှင်း ရယ်မောလိုက်သည်။

"မင်းကတော့ ငယ်ငယ်ကတည်းက တခြားကလေးတွေထက် ပိုပါးနပ်တာပဲ။ ဦးလေးလာတာက သမီးလေးအကြောင်း ပြောမလို့ပါ။ ဒီတစ်ခေါက် မင်းပြန်လာတာကို မိသားစုထဲက တချို့လူတွေ ကဲ့ရဲ့နေကြတာကို ငါသိတယ်"

"ဒါပေမဲ့ မင်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ငါကတိပေးတယ်။ ဒါကလည်း စင်းစင်းလေးရဲ့ ဆန္ဒပဲ။ မင်းတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေပဲလေ ၊ အဲ့ဒီကလေးမလေးက မင်းကို အမြဲတမ်း သတိရနေတာ"

ယီနန်ရှင်း ဆက်ပြောသည်။

"ဒါနဲ့ မင်းက တကယ်ပဲ တော်တာပဲ။ နတ်ဓားဂိုဏ်းက တပည့်တွေနဲ့တောင် ဒီလောက်အဆင်ပြေအောင် ပေါင်းနိုင်တာ။ သူတို့က ငါပေးတဲ့ လက်ဆောင်ကိုတောင် လက်မခံဘဲ ငါ့ကို ဦးလေးယီလို့တောင် ခေါ်ကြသေးတယ်။ မင်းက ရုပ်လည်းချောတော့ သူတို့က သူငယ်ချင်းဖြစ်ချင်နေတာ နေမှာပေါ့"

ယီနန်ရှင်း၏ အတွေးများကို လင်းချန် အတော်လေး ရှင်းပြလိုက်ရပြီးနောက် ခြံဝန်းတံခါးအထိ လိုက်ပို့ကာ နှုတ်ဆက်လိုက်ရသည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ လင်းချန် စားပွဲတွင် ထိုင်လိုက်၏။ စားပွဲပေါ်တွင် ဆီမီးခွက်အပြင် မဖွင့်ရသေးသော မိသားစုပေးစာများစွာ ရှိနေသည်။

ထိုစာများမှာ သူ၏ စေ့စပ်ထားသူ ယီစင်းဆီမှ ဖြစ်ပြီး ၊ သူထွက်သွားခဲ့သည့် လေးနှစ်အတွင်း တစ်လလျှင် တစ်စောင်နှုန်းဖြင့် စုစုပေါင်း (၄၈) စောင် တိတိ ရှိနေခြင်း ဖြစ်သည်။

လင်းချန် စာအိတ်ပေါ်မှ ရက်စွဲများကို ကြည့်ကာ သူ အိမ်မက်ဆိုးကဲ့သို့သော နေရာသို့ ပြန်ပေးဆွဲခံရပြီးနောက် ပထမဆုံးလက ရေးခဲ့သည့် စာကို စတင်ဖွင့်လိုက်၏။ စာရွက်ပေါ်ရှိ လှပသော လက်ရေးလေးများက သူ၏ မျက်စိရှေ့မှောက်သို့ တိုးဝင်လာသည်။

"ချန်လေး... ငါ ဓားနတ်ဘုရားဂိုဏ်းကို ဝင်ခွင့်ရခဲ့ပြီ။ ငါ့ရဲ့ ဆရာက အရမ်းကို တော်တဲ့ စီနီယာတစ်ယောက်ပဲ။ နောင်ကျရင် ငါရှိနေသရွေ့ ဘယ်သူမှ နင့်ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး..."

ပထမစာတွင် ယီစင်း၏ ပျော်ရွှင်မှုများကို မြင်တွေ့ရပြီး ဂိုဏ်းထဲမှ ပျော်စရာကိစ္စများကို ရေးသားထားသည်။

"ချန်လေး... နင် ဘာလို့ ပြန်မလာသေးတာလဲ။ ငါနဲ့ တစ်သက်လုံး အတူနေမယ်လို့ ကတိပေးထားပြီး ဘာလို့ ဘာစကားမှ မပြောဘဲ ထွက်သွားရတာလဲ..."

ဒုတိယစာတွင်မူ မျက်ရည်စက်ရာများကို တွေ့လိုက်ရသဖြင့် လင်းချန် သက်ပြင်းချလိုက်မိသည်။

တတိယစာ ၊ စတုတ္ထစာ... စသဖြင့် တစ်စောင်ပြီး တစ်စောင် ဖတ်ရင်း လင်းချန်၏ မျက်မှောင်များ ကြုံ့လာကာ အသက်ရှူသံများ ပြင်းထန်လာသည်။

ထိုစာများထဲတွင် ယီစင်း၏ သူ့အပေါ်ထားရှိသော ခံစားချက်များကို အထင်အရှား မြင်တွေ့နေရ၏။ ယီစင်းသည် သူ့ထက် တစ်နှစ်ကြီးသူဖြစ်သော်လည်း လင်းချန်၏ ယခင်ဘဝမှ ပုံပြင်များနှင့် ဟာသများကြောင့် ငယ်စဉ်ကတည်းက သူ့အပေါ် ခင်မင်စွဲလမ်းခဲ့သူ ဖြစ်သည်။

စာများအရ ယီစင်း လင်းချန်နှင့် အဆက်အသွယ်မရသဖြင့် များစွာ လွမ်းဆွတ်တမ်းတနေပြီး သူ့ကို လိုက်ရှာချင်နေကြောင်း သိရသည်။

သို့သော်. သူမ၏ ဆရာသည် အခြေခံအဆင့် (၃) ဆင့်ထက် ကျော်လွန်သည့် နိဗ္ဗာန်နယ်ပယ်သို့ ရောက်မှသာ လိုက်ရှာခွင့်ပေးမည်ဟု ပိတ်ပင်ထားခဲ့သည်။

ယီစင်းသည် ကျင့်ကြံခြင်းကို မုန်းတီးသူဖြစ်သော်လည်း စာများထဲမှ အရှိန်အဝါများကို ကြည့်ခြင်းအားဖြင့် သူမ လင်းချန်ကို ရှာတွေ့နိုင်ရန် အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ကြောင်း သိသာလှသည်။

နောက်ဆုံးစာတွင်မူ လက်ရေးများမှာ မသပ်မရပ် ဖြစ်နေပြီး အရှိန်အဝါများမှာလည်း ဖရိုဖရဲ ဖြစ်နေ၏။ ထိုစာတွင် စကားလုံးလေးလုံးသာ ပါရှိသည်။

"နင့်ကို အရမ်းလွမ်းတယ်"

ယီနန်ရှင်း၏ ပြောပြချက်အရမူ ယီစင်းတစ်ယောက် စွမ်းအားများ အမြန်ရရှိစေရန် ကြိုးစားရင်း အန္တရာယ်များလှသော နေရာတစ်ခုသို့ တစ်ဦးတည်း သွားရောက်ကျင့်ကြံခဲ့ရာမှ အသက်ဆုံးရှုံးရလုနီးပါးပင် ဖြစ်ခဲ့ရကြောင်း သိရသည်။

ယီနန်ရှင်း ပြောခဲ့ဖူး၏။

"စင်းစင်းရဲ့ ဆရာက ငါ့ကို လိမ်ပြောခိုင်းထားတယ်။ မင်းပြန်လာပြီလို့ စင်းစင်းကို ပြောပြလိုက်ပါတဲ့။ ဒါမှ သူ အသက်အန္တရာယ်ဖြစ်အောင် ဆက်မလုပ်တော့မှာလေ"

လင်းချန် စာများကို ဂရုတစိုက် သိမ်းဆည်းရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

"အသည်းယားစရာ ကောင်မလေးပါလား..."

"ငါက ကျင့်ကြံလို့မရတော့တဲ့ အသုံးမကျတဲ့လူ မဟုတ်တော့ပါဘူး။ မကြာခင် ငါတို့ ပြန်တွေ့ကြမယ် စင်းစင်း။ အဲ့ဒီအချိန်ကျရင် မိန်းလည်း အံ့ဩဝမ်းသာသွားမာပဲ"

လင်းချန် စာများကို သူ၏ ကိုယ်ပွားဝိညာဉ် ဝဲဂယက်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး ပြတင်းပေါက်ပြင်ပသို့ လှမ်းကြည့်ရင်း ပြုံးလိုက်တော့သည်။

ယီအိမ်တော်၏ ခန်းမဆောင်ကြီးအတွင်း၌ ယီမိသားစု၏ ဆွေစဉ်မျိုးဆက်များအားလုံး စုံညီစွာဖြင့် နံနက်စာ သုံးဆောင်နေကြ၏။

ပန်းကန်ခွက်ယောက်ချင်း ထိခတ်မိသံမှလွဲ၍ ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။ နံနက်စာ သုံးဆောင်ပြီးနောက် အဓိကနေရာ၌ ထိုင်နေသော ယီနန်ရှင်းသည် လူအများ၏ အာရုံကို ဖမ်းစားရန်အတွက် ချောင်းတစ်ချက် ဟန့်လိုက်၏။

ခန်းမအတွင်းရှိ လူများမှာ ယီနန်ရှင်း၏ ဘေး၌ ထိုင်နေသော လင်းချန်အား မကြာခဏဆိုသလို ခိုးကြည့်နေကြပြီး သူတို့၏ အကြည့်များတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ကိန်းအောင်းနေကြသည်။

အထူးသဖြင့် ယီလင်းမှာမူ သူ့အား မကျေနပ်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို လင်းချန် အထင်အရှား မြင်တွေ့နေ၏။

ဘာရှန်းမြို့ကဲ့သို့သော မြို့ငယ်လေးတစ်မြို့၌ ဓားနတ်ဘုရားဂိုဏ်းမှ တိုက်ရိုက်တပည့်တစ်ဦး ထွက်ပေါ်လာခြင်းမှာ အလွန်ပင် ဂုဏ်ယူစရာကောင်းလှသည်။

ယီစင်းတစ်ယော​က် ယီမိသားစုရှိ လူငယ်များအားလုံး၏ စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ယီလင်းဆိုလျှင် သူမ၏ ဝမ်းကွဲအစ်မဖြစ်သူအား နတ်ဘုရားမတစ်ပါးကဲ့သို့ပင် အလွန်အမင်း ကိုးကွယ်အားကျနေသူ ဖြစ်၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၃ + ၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters