အခန်း (၅-၆)
Vol. 1 Ch. 5-6
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၅ + ၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ထို့ကြောင့် သူမ အလွန်တန်ဖိုးထားရသော ဝမ်းကွဲအစ်မမှာ သိုင်းဝိညာဉ်ပင် မရှိသည့် အသုံးမကျသူ တစ်ဦးနှင့် စေ့စပ်ထားရသည်ကို ယီလင်းအနေဖြင့် မကျေမနပ်ဖြစ်ကာ မတရားဟု ခံစားနေရခြင်းပင် ဖြစ်သည်။
"မနေ့က ငါ သတင်းကောင်းနှစ်ခု ရခဲ့တယ်။ ပထမတစ်ခုကတော့ နတ်ဓားဂိုဏ်းရဲ့ စစ်ဆေးရေးမှူးက ငါတို့ ယီအိမ်တော်မှာ နတ်ဓားလူရွေးပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာပဲ"
"အစဉ်အလာအရဆိုရင် ပွဲကျင်းပတဲ့ အိမ်တော်က စမ်းသပ်ပွဲအတွက် လူရွေးချယ်ခွင့် နေရာနှစ်ခု ပိုရလိမ့်မယ်"
ယီနန်ရှင်း၏ စကားကြောင့် ခန်းမအတွင်းရှိ လူများ၏ မျက်လုံးများမှာ ဝင်းလက်သွားကြပြီး သူတို့၏ မျက်နှာထက်၌ ဝမ်းသာပီတိဖြစ်မှုများ သိသာစွာ ထွက်ပေါ်လာကြ၏။
သူတို့နေထိုင်ရာ ချင်ပြည်နယ်အတွင်း၌ ဂိုဏ်းစွမ်းအားစုများက နယ်မြေခွဲဝေ အုပ်ချုပ်ထားခြင်းဖြစ်ပြီး ဘာရှန်းမြို့မှာမူ နတ်ဓားဂိုဏ်း၏ လက်အောက်ခံ နယ်မြေတစ်ခုသာ ဖြစ်သည်။
ဘာရှန်းမြို့စားမင်းဖြစ်သူ ပိုင်မိသားစုအိမ်တော်သခင်မှာ နတ်ဓားဂိုဏ်း၏ အပြင်စည်းတပည့်တစ်ဦးဖြစ်ပြီး မြို့ကို စီမံခန့်ခွဲရန် ဤနေရာသို့ စေလွှတ်ခြင်း ခံထားရသူ ဖြစ်၏။
နတ်ဓားဂိုဏ်းမှ တပည့်သစ်များ ခေါ်ယူသည့်အခါတိုင်း စစ်ဆေးရေးမှူးများကို စေလွှတ်ကာ ပါရမီရှိသော လူငယ်များကို ရွေးချယ်လေ့ရှိကြ၏။
နတ်ဓားဂိုဏ်းမှာ ချင်ပြည်နယ်၏ ထိပ်တန်းအင်အားစုဖြစ်သဖြင့် မိသားစုဝင်တစ်ဦးဦး ထိုဂိုဏ်းသို့ ဝင်ခွင့်ရခြင်းမှာ အလွန်ကြီးမားသော ဂုဏ်သတင်းပင် ဖြစ်သည်။
ပုံမှန်အားဖြင့် စမ်းသပ်ပွဲကျင်းပမည့်နေရာအား မြို့စားမင်း၏ ပိုင်မိသားစုကသာ အမြဲတမ်း ရရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ ယီမိသားစုထံ ရောက်ရှိလာခြင်းမှာ လူတိုင်းအတွက် စဉ်းစားမရနိုင်စရာ ဖြစ်နေ၏။
"အများကြီး စဉ်းစားမနေကြနဲ့။ ဒီအခွင့်အရေးကို လင်းချန်ကြောင့် ရခဲ့တာပဲ။ ဒီကောင်လေးက နတ်ဓားဂိုဏ်းရဲ့ စစ်ဆေးရေးမှူးနဲ့ အတော်လေး ရင်းနှီးတာကြောင့် သူတို့က လက်ခံခဲ့တာလေ။ မင်းတို့အားလုံး ဒီကောင်လေးကို ကျေးဇူးတင်ကြဦး"
ယီနန်ရှင်း လင်းချန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သော်လည်း လူများကမူ လင်းချန်အား သံသယအကြည့်များဖြင့်သာ ကြည့်နေကြဆဲ ဖြစ်သည်။
သူတို့၏ စိတ်ထဲ၌မူ ယီနန်ရှင်းသာ ထိုစစ်ဆေးရေးမှူးအား လာဘ်ထိုးခဲ့ခြင်းဖြစ်ပြီး လင်းချန်အား နာမည်ကောင်း ပေးနေသည်ဟု ထင်မြင်နေကြ၏။
သိုင်းဝိညာဉ်ပင် မရှိသည့် လူတစ်ယောက်က နတ်ဓားဂိုဏ်း၏ စစ်ဆေးရေးမှူးအား စည်းရုံးနိုင်သည်ဆိုခြင်းမှာ သူတို့အတွက်တော့ ဟာသတစ်ခုသဖွယ် ဖြစ်နေတော့သည်။
သို့သော် လင်းချန်ကိုယ်တိုင် စစ်ဆေးရေးမှူးအစစ်အမှန် ဖြစ်နေသည်ကိုမူ မည်သူမျှ မသိရှိကြပေ။
"ဒုတိယ သတင်းကောင်းကတော့ လင်းချန် ပြန်လာတာပဲ"
ယီနန်ရှင်း၏ စကားကြောင့် လူများမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြ၏။ သူတို့အတွက်မူ လင်းချန် ပြန်လာခြင်းမှာ သတင်းကောင်းတစ်ခု မဟုတ်ပေ။
"မင်းတို့ ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ စင်းစင်းလေးရဲ့ ဆန္ဒကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး"
"ဒီကောင်လေးကလွဲလို့ သူ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး။ မင်းတို့ထဲမှာ ကန့်ကွက်ချင်တဲ့သူရှိရင် စင်းစင်းဆီ ကိုယ်တိုင်သာ သွားပြောကြပေတော့"
ယီနန်ရှင်း၏ စကားကြောင့် ခန်းမအတွင်းရှိ လူများမှာ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်သွားကြ၏။
ယီစင်း၏ လက်ရှိအရှိန်အဝါမှာ တစ်မိသားစုလုံးထက် သာလွန်နေသဖြင့် မည်သူကမျှ သူမအား မကန့်ကွက်ရဲကြပေ။
နောက်ဆုံးတွင် သူတို့ စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ထွက်ခွာသွားကြတော့၏။
"နှင်းဆီပွင့်လေးက နွားချေးပုံပေါ် သွားစိုက်နေရတယ်လို့ကွာ..."
လူများ ထွက်သွားပြီးနောက် ယီနန်ရှင်းက လင်းချန်အား သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ် ထုတ်ပေးလိုက်၏။
ထိုစာအိတ်မှာ စက္ကူဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အမျိုးအမည်မသိရသော သားရေစဖြင့် ပြုလုပ်ထားကာ အနီရောင် သွေးကြောများကဲ့သို့သော ပုံရိပ်များက ပင့်ကူအိမ်သဏ္ဌာန် ဖုံးလွှမ်းနေသဖြင့် အတော်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။
လင်းချန် ထူးဆန်းသော စာအိတ်ကို ကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဦးလေးယီ... ဒါက ဘာစာလဲဗျ"
"ဒါက မင်း ဆယ့်ခြောက်နှစ်ပြည့်တဲ့အခါ ပေးဖို့ မင်းရဲ့ မိဘတွေ မှာထားခဲ့တဲ့ စာပဲ။ မင်းလည်း ဆယ့်ခြောက်နှစ်ပြည့်တာနဲ့ ကွက်တိ ပြန်ရောက်လာတာပဲ။ လေးနှစ်လုံးလုံး မင်း ဘယ်တွေသွားနေခဲ့တာလဲ"
ယီနန်ရှင်း၏ အမေးကြောင့် လင်းချန် အိမ်မက်ဆိုးကဲ့သို့သော နေရာကို ပြန်လည်သတိရသွားပြီး မျက်နှာမှာ ချက်ချင်း တည်တံ့သွားကာ ပြန်ဖြေလိုက်၏။
"လူသားတွေ တစ်ယောက်နဲ့တစ်ယောက် အရှင်လတ်လတ် သတ်ဖြတ်ဝါးမြိုနေကြတဲ့ အရမ်းကို ဆိုးရွားတဲ့ နေရာတစ်ခုပါ ဦးလေး"
ယီနန်ရှင်းမှာမူ လင်းချန်၏ စကားကို ဟာသတစ်ခုကဲ့သို့ ထင်မှတ်ယူကာ ရယ်မောလိုက်သော်လည်း ခဏအကြာတွင် သက်ပြင်းတစ်ချက်ချရင်း မှတ်ချက်ချလိုက်၏။
"ကျင့်ကြံလို့မရတဲ့ သာမန်လူတစ်ယောက်အနေနဲ့ ဒီလေးနှစ်အတွင်းမှာ မင်း အတော်လေး ပင်ပန်းဆင်းရဲခဲ့ရမှာပဲ"
လင်းချန် အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။
"ပင်ပန်းဆင်းရဲမှုတွေကို ကျော်ဖြတ်နိုင်မှ ပိုပြီး ကြီးကျယ်မြင့်မြတ်တဲ့လူ ဖြစ်လာမှာပေါ့"
ယီနန်ရှင်း နှစ်သိမ့်အားပေးစကား ဆိုလိုက်၏။
"ဟုတ်တယ် ငါ့တူ။ အကယ်၍ မင်းရဲ့ သိုင်းဝိညာဉ် ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက ထိပ်တန်းကို ရောက်သွားမှာ"
တကယ်တော့ သိုင်းဝိညာဉ် နိုးထလာသည့်အခါ လက်နက်တစ်ခုခု ဖြစ်လာပါက ဝိညာဉ်စစ်သည်တော် ဖြစ်လာနိုင်သော်လည်း လယ်ယာသုံးပစ္စည်းများသာ ဖြစ်လာပါက သာမန်တောင်သူလယ်သမားသာ ဖြစ်လာနိုင်သည်။
လင်းချန်၏ မိဘများမှာ သူ၏ သိုင်းဝိညာဉ်ကို ရှာမတွေ့သဖြင့် နည်းလမ်းရှာရန် ထွက်သွားခဲ့ကြခြင်း ဖြစ်သော်လည်း လင်းချန်၌မူ အခြားသူများ အာရုံမခံနိုင်သော ထူးခြားသည့် ဝဲဂယက်ဝိညာဉ် ရှိနေသည်ကို မည်သူကမျှ မသိကြပေ။
ယီနန်ရှင်း ပြောပြီးနောက် တံခါးဆီသို့ ဦးတည်သွား၏။
"ကဲ... ငါလည်း စမ်းသပ်ပွဲအတွက် အလုပ်များတော့မယ်။ စစ်ဆေးရေးမှူးက ငါတို့အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားထားတာ။ အမှားအယွင်းရှိလို့ မဖြစ်ဘူး"
လင်းချန် နောက်မှ လှမ်းအော်လိုက်၏။
"ဦးလေးယီ... နတ်ဓားဂိုဏ်းရဲ့ စစ်ဆေးရေးမှူးက စိတ်ပျက်မှာ မဟုတ်ပါဘူးဗျ"
ယီနန်ရှင်း ရယ်မောရင်း သတိပေးလိုက်ကာ ထွက်ခွာသွားတော့၏။
"မင်းက စစ်ဆေးရေးမှူးမှ မဟုတ်တာ။ သူတို့ စိတ်မပျက်ဘူးဆိုတာ မင်းက ဘယ်လိုသိမှာလဲ။ ကလေးကလားတွေ လျှောက်မပြောဘဲ အရင်တစ်ခါလို ပျောက်မသွားအောင်သာ နေစမ်းပါဦး"
လင်းချန် ပုခုံးတစ်ချက် တွန့်လိုက်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
"ကျွန်တော်က တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး ဦးလေးရာ။ တစ်ခုခု လွဲချော်သွားရင် ပြဿနာတက်နိုင်လို့ပါ"
ထို့နောက်တွင်မူ လင်းချန်၏ အာရုံသည် သူ၏ မိဘများ ချန်ထားရစ်ခဲ့သော ထူးဆန်းသည့် စာအိတ်ပေါ်သို့ ရောက်ရှိသွားတော့သည်။
လင်းချန် သူ၏ မိဘများထံမှ စာတစ်စောင် ရရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အထူးသဖြင့် စာအိတ်မျက်နှာပြင်တစ်ခုလုံး၌ ဆံချည်မျှင်အလား သိမ်မွေ့သော သွေးနီရောင် ပင့်ကူမျှင်များ သိပ်သည်းစွာ ရစ်ပတ်ဖုံးလွှမ်းနေခြင်းက သူ့ကို ပို၍ပင် အံ့အားသင့်စေ၏။
ယီနန်ရှင်း ဤစာကို သူ၏မိဘများထံမှရရှိခဲ့ကာ သေသေချာချာ သိမ်းဆည်းပေးထားခဲ့ကြောင်း လင်းချန် နားလည်လိုက်၏။ ဤသည်က ယီနန်ရှင်း၏ မြင့်မြတ်သော စိတ်ထားကို သက်သေပြနေသည်။
ထိုသို့ ပင့်ကူမျှင်အလား နီရဲနေသော အမျှင်တန်းများမှာ သွေးမျိုးဆက်တံဆိပ်ဖြစ်ကြောင်းနှင့် ထိုတံဆိပ်ခတ်နှိပ်သူ၏ တိုက်ရိုက်သွေးမျိုးဆက် တစ်ဦးတည်းသာလျှင် အတွင်းရှိအရာကို ဖွင့်ကြည့်နိုင်မည်ဖြစ်ကြောင်း လင်းချန်၏ ဆရာဖြစ်သူက ပြောပြခဲ့ဖူး၏။
အကယ်၍ အခြားသူတစ်ဦးက အတင်းအဓမ္မ ဖွင့်ရန် ကြိုးစားပါက ပထမအကြိမ်တွင် သွေးနီရောင် အမျှင်တန်းများက ပို၍ ထူထဲလာမည်ဖြစ်ပြီး ဒုတိယအကြိမ် ကြိုးစားသည့်အခါတွင်မူ စာအိတ်တစ်ခုလုံး မီးတောက်လောင်ကာ အထဲရှိ အရာအားလုံး ပြာကျပျက်စီးသွားမည် ဖြစ်၏။
ထိုအချက်ကို ပြန်လည်တွေးတောရင်း လင်းချန် စာအိတ်ကို ဖွင့်ရန် လက်လှမ်းလိုက်၏။ လင်းချန်၏ လက်က စာအိတ်အနားသတ်ကို ထိလိုက်သည်နှင့် သွေးနီရောင် အမျှင်တန်းများမှာ ဒီရေအလား ချက်ချင်းပင် အစွန်းတစ်ဖက်သို့ လိပ်ဝင်သွားတော့၏။ သိပ်မကြာမီပင် စာအိတ်တစ်ခုလုံးရှိ သွေးနီရောင် အမျှင်တန်းများသည် စာအိတ်ပိတ်ရာနေရာ၌ သွေးတစ်စက်အဖြစ် စုစည်းသွား၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းချန် ဖခင်ဖြစ်သူက စာအိတ်အပေါ်သို့ သွေးတစ်စက် ချလိုက်သည့်အခါ ဆံချည်အမျှင်တန်းလေးများအဖြစ် ပြောင်းလဲသွားပုံကို အာရုံထဲတွင် မြင်ယောင်လာမိ၏။
"အဖေနဲ့ အမေက စာထဲမှာ ဘာတွေများ ရေးထားပါလိမ့်။"
သွေးမျိုးဆက်တံဆိပ် ပျောက်ကွယ်သွားသည်နှင့် လင်းချန် စာအိတ်ကို သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်၏။ စာအိတ်အတွင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လင်းချန် အလွန်အံ့အားသင့်သွားရသည်။ အကြောင်းမှာ ထိုအထဲ၌ ပစ္စည်းများ ပြည့်နှက်နေသည့် ဖရဲသီးလုံးခန့် သိုလှောင်အိတ်တစ်လုံး ရှိနေသောကြောင့်ပင်။
အတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသည့်အခါ လင်းချန် စာအိတ်ကို ချက်ချင်း ပြန်ပိတ်လိုက်၏။ သူ၏ အံ့အားသင့်နေသော မျက်နှာမှာလည်း ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
သူ ဧည့်ခန်းဆောင်မှထွက်ကာ နေအိမ်ဝင်းအတွင်းသို့ အမြန်ဆုံး ပြန်သွားလိုက်သည်။ သူ၏ အိပ်ခန်းထဲသို့ ရောက်သည်နှင့် တံခါးကို လုံခြုံအောင် ပိတ်ကာ ကုတင်ပေါ်တွင် ထိုင်ရင်း ကာရံထားသည့် လိုက်ကာများကို ဆွဲချလိုက်၏။
ထို့နောက်တွင် စာအိတ်ကို ဂရုတစိုက် ပြန်ဖွင့်ပြီး သူ၏ ခေါင်းထက်ပင် ကြီးမားသည့် ကြည်လင်ဖြူဖွေးသော ကျောက်တုံးကြီးကို ထုတ်ယူလိုက်သည်။ ထိုကျောက်တုံးမှာ အပြစ်အနာအဆာ ကင်းစင်လှပြီး ကျောက်စိမ်းနှင့်လည်း မတူပေ။
ထိုကျောက်တုံးကြီးကို ထုတ်ယူလိုက်သည်နှင့် လင်းချန်၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်သွားသကဲ့သို့ ခံစားလိုက်ရကာ ဖော်ပြ၍မရနိုင်လောက်အောင် သက်သောင့်သက်သာရှိသော စွမ်းအင်များ စီးဆင်းသွားတော့၏။
လင်းချန်ရှေ့ရှိ ထိုဖြူဖွေးကြည်လင်သော ကျောက်တုံးမှာ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် ဖြစ်၏။ စိတ်ဝိညာဉ်ကျောက်တုံးဆိုသည်မှာ သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကျင့်ကြံသူများအတွက် များစွာအထောက်အကူပြုသည့် စွမ်းအင်များစွာ ပါဝင်လေသည်။
ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးများကို အစီအရင်များ ၊ ဆေးဖော်စပ်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်းများတွင်လည်း အသုံးပြုကြပြီး ကျင့်ကြံခြင်းလောက၏ အဓိက ငွေကြေးအဖြစ်လည်း သတ်မှတ်ထားကြသည်။
သို့သော် စိတ်ဝိညာဉ်ကျောက်တုံးများကို စင်ကြယ်မှုအလိုက် အဆင့်အတန်း ခွဲခြားထားရာ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာသည် အလယ်အလတ်စား တစ်တုံးနှင့် ညီမျှပြီး အလယ်အလတ်စား တစ်ရာသည် အဆင့်မြင့်စား တစ်တုံးနှင့် ညီမျှ၏။
အဆင့်မြင့်၏ အထက်တွင်မူ ပြီးပြည့်စုံသောအဆင့် နှင့် အထူးကဲဆုံးအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိကြသေး၏။ လင်းချန်၏ ဆရာ ပြောပြချက်အရ ဒဏ္ဍာရီလာ သူတော်စင် စိတ်ဝိညာဉ်ကျောက်တုံး ဟူ၍ ရှိသော်လည်း မည်သူမျှ မမြင်ဖူးကြသဖြင့် ဒဏ္ဍာရီတစ်ခုအဖြစ်သာ တည်ရှိနေသည်။
ယခုမူ ထိုဒဏ္ဍာရီလာ ကျောက်တုံးမှာ လင်းချန်၏ မိဘများ ချန်ထားရစ်သည့် အမွေအနှစ်အဖြစ် သူ့ရှေ့တွင် ပေါ်လာပြီဖြစ်သည်။
ကျောက်တုံးမှာ အညစ်အကြေး ကင်းစင်လှပြီး ထွက်ပေါ်လာသော စွမ်းအင်များကပင် လင်းချန်ကို လန်းဆန်းသွားစေ၏။ ဆရာဖြစ်သူ၏ စကားများအရဆိုလျှင် ဤကျောက်တုံးကြီးမှာ အစစ်အမှန် သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးပင် ဖြစ်သည်။
သာမန်အားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၏ အရွယ်အစားမှာ လက်သန်းခန့်သာ ရှိတတ်၏။ လက်သန်းအရွယ် သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပင်လျှင် တန်ဖိုးဖြတ်မရနိုင်ဘဲ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ဆယ်သန်းနှင့် ညီမျှ၏။ ဘာရှန်းမြို့တစ်ခုလုံး၏ တန်ဖိုးမှာပင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာခန့်သာ ရှိသည်။ သို့သော် လင်းချန်၏ လက်ထဲရှိ ကျောက်တုံးကြီးမှာ အနည်းဆုံး အပိုင်းအစ ပေါင်း နှစ်ထောင်ခန့်အထိ ခွဲစိတ်ရရှိနိုင်သည် မဟုတ်ပါလား။
လင်းချန် ယခင်ဘဝက သူဌေးကြီးတစ်ဦး၏ အမွေကို ရရှိခဲ့ဖူးရာ ယခုဘဝတွင်လည်း ထိုကဲ့သို့ ချမ်းသာကြွယ်ဝမှုကို တစ်ဖန် ပြန်လည်ခံစားလိုက်ရပြန်၏။
"ငါ့မိဘတွေကို သာမန် ကျင့်ကြံသူတွေလို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာတော့ အဲဒီလောက် မရိုးရှင်းဘူးပဲ။"
လင်းချန် သူ့ရှေ့ရှိ သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကြီးကို ကြည့်ရင်း အံ့အားသင့်ကာ မှင်တက်နေမိ၏။ ဤကျောက်တုံး၏ တန်ဖိုးမှာ သူ၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေလျက်ရှိသည်။
"ဒီလောက်အဖိုးတန်တဲ့အရာကို ဘယ်သူ့ကိုမှ သိလို့မဖြစ်ဘူး..."
လင်းချန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကြီးကို သူ၏ လျှို့ဝှက်ဆန်းကြယ်လှသော သိုင်းဝိညာဉ် အတွင်းသို့ လျင်မြန်စွာ ထည့်သွင်းလိုက်၏။ ထိုကြီးမားလှသော ကျောက်တုံးကြီးမှာ လင်းချန်၏ လက်နှင့် ထိလိုက်သည်နှင့် လေထဲတွင် ပျောက်ကွယ်သွားပြီး သူ၏ ဝဲဂယက်ပုံစံ သိုင်းဝိညာဉ်အတွင်းသို့ ရောက်ရှိသွားလေသည်။
သို့သော် လင်းချန် မသိရှိသည့် အချက်တစ်ခုမှာ ထိုဝဲဂယက်ပုံစံ သိုင်းဝိညာဉ်နောက်ကွယ်၌ ငှက်သိုက်အလား ဆံပင်ရှုပ်ပွနေသော လူတစ်ယောက် ရှိနေခြင်းပင် ဖြစ်၏။ ထိုသူသည် သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကြီးကို လက်ထဲတွင် ကိုင်ထားရင်း ရူးသွပ်နေသူတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားစွာ ရယ်မောနေ၏။
"ဟားဟားဟား... ဒီစွမ်းအင်ကျောက်တုံးကြီးနဲ့ဆိုရင် အင်ပါယာ ပြန်လည်ပြုပြင်ခြင်း အလုပ်ကို မကြာခင် အပြီးသတ်နိုင်တော့မယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၅ + ၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team