အခန်း (၇-၈)
Vol. 1 Ch. 7-8
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၇ + ၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ထိုရူးသွပ်နေပုံရသူမှာ ကျောက်တုံးကြီးကို ပွတ်သပ်ရင်း အထက်ဟင်းလင်းပြင်ရှိ ဝဲဂယက်ကြီးကို မော့ကြည့်ကာ ပြောဆိုနေ၏။
"အရှင်မင်းကြီး... ခဏလေးပဲ သည်းခံပါဦး။ မကြာခင်မှာ အရှင့်ရဲ့ ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုဂုဏ်သတင်းတွေကို ကျွန်တော်တို့ ပြန်မြင်တွေ့ရတော့မှာပါ။ အောင်မြင်မှုက လက်တစ်ကမ်းမှာပဲ ရှိတော့တာပါ။ ဟားဟားဟား..."
လင်းချန်မှာမူ ထိုအရာအားလုံးကို လုံးဝ မသိပေ။ သူ၏ သိုင်းဝိညာဉ်နောက်ကွယ်တွင် အရူးတစ်ယောက်လို လူမျိုး ရှိနေလိမ့်မည်ဟု သူ မည်သို့မျှ တွေးတောမိမည် မဟုတ်ချေ။ အိမ်မက်ထဲ၌ပင် ထည့်မက်ဖြစ်မည် မဟုတ်ချေ။
လင်းချန်၏ အာရုံမှာ စာအိတ်အတွင်း ကျန်ရှိနေသေးသည့် စာရွက်ပေါ်သို့ ရောက်သွား၏။ စိတ်ဝိညာဉ်ကျောက်တုံးကြီး၏ အောက်တွင် ဖိထားသဖြင့် အစောက မမြင်ခဲ့ရခြင်း ဖြစ်သည်။
စာထဲတွင် အကြောင်းအရာများစွာကို အသေးစိတ် ရေးသားထားသည်။ မိဘများ၏ စာကို ဖတ်ပြီးနောက် လင်းချန်မှာ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်လိုက်ရ၏။
စာအကြောင်းအရာကို နှစ်ပိုင်းခွဲခြားနိုင်ကာ ပထမပိုင်းမှာ မိခင်ဖြစ်သူက သူ့ကို အစားကောင်းကောင်းစားရန် ၊ အိပ်ရေးဝဝအိပ်ရန်နှင့် နွေးနွေးထွေးထွေးနေရန် မှာကြားထားခြင်း ဖြစ်သည်။ ထိုစကားများမှာ ရိုးရှင်းသော်လည်း လင်းချန်၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။
ဒုတိယပိုင်းဖြစ်သည့် ဖခင်ဖြစ်သူ၏ မှာကြားချက်မှာမူ ပို၍ အရေးကြီးသည်။ ပထမအချက်မှာ သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကို အမှုန့်ပြုလုပ်ကာ ရေဖျော်သောက်ရန် ဖြစ်၏။ ထိုသို့သောက်သုံးခြင်းက သူ၏ ခန္ဓာကိုယ်ကို အလွန်ကြံ့ခိုင်သန်မာလာစေမည် ဖြစ်သည်။
ထိုသို့ သောက်သုံးပြီးပါက သူ၏ ခန္ဓာကိုယ်သည် အနည်းဆုံး နိဗ္ဗာန်နယ်ပယ် ခွန်အားနှင့် သက်တမ်း ငါးရာအထိ ရရှိလာမည်ဖြစ်ရာ မိဘများ ပြန်လာချိန်အထိ စောင့်ဆိုင်းနိုင်မည် ဖြစ်၏။
သို့သော် သူ၏သားဖြစ်သူ ကျင့်ကြံခွင့်ရရှိလိမ့်မည်ဟု ဖခင်ဖြစ်သူက ကြိုတင် မသိရှိခဲ့ပေ။
ဒုတိယအချက်မှာ လင်းချန်၏ မိဘများသည် ချင်ပြည်နယ်မှ မဟုတ်ဘဲ လင်းချန်၌ သိုင်းဝိညာဉ်မရှိသည့်ကိစ္စကို အဖြေရှာရန် သူတို့၏ ဇာတိမြေသို့ ပြန်သွားကြခြင်း ဖြစ်၏။
ပြန်လာရန် တစ်နှစ် ၊ နှစ်နှစ် သို့မဟုတ် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်သလို လုံးဝ ပြန်မလာနိုင်သည့် အခြေအနေလည်း ရှိနိုင်ကြောင်း ဖော်ပြထားသည်။
အကယ်၍ အနှစ်နှစ်ဆယ်အတွင်း သူတို့ ပြန်မလာပါက လင်းချန်ကို ဘာရှန်းမြို့လေးတွင်သာ အေးအေးချမ်းချမ်း နေထိုင်သွားရန် မှာကြားထား၏။
တတိယအချက်အနေဖြင့် လင်းချန်သာ သိုင်းဝိညာဉ် နိုးထခွင့် ရရှိခဲ့ပါက ထိုစိတ်ဝိညာဉ်ကျောက်တုံးကို အသုံးပြု၍ လျှို့ဝှက်ကျင့်ကြံရန်နှင့် သူတို့၏ သားဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောရန် တားမြစ်ထားခြင်း ဖြစ်၏။
ထို့အပြင် ဘာရှန်းမြို့ရှိ ရှေးဟောင်းအမွေအနှစ်များအကြောင်းကိုလည်း အရိပ်အမြွက် ရေးသားထားသေးသည်။
လင်းချန် မျက်မှောင်ကြုတ်ရင်း လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်၏။ "ဘယ်သူတွေမို့လို့ ငါ့ကို သူတို့သားပါလို့ မပြောခိုင်းရတာလဲ။"
သူ၏ မှတ်ဉာဏ်ထဲ၌ မိဘများ၏ ပုံရိပ်မှာ မြူနှင်းများအလား ပို၍ ဝေဝါးလာသည်။
လင်းချန် ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ်.. အဖေနဲ့အမေတို့ကို သား မတွေ့တွေ့အောင် လိုက်ရှာမယ်။"
ယခင်ဘဝက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဤဘဝတွင်မူ နောက်ထပ်တစ်ကြိမ် မိဘမဲ့အဖြစ် အဆုံးသတ်မခံနိုင်ပေ။
လင်းချန် အိပ်ရာပေါ်မှဆင်းကာ အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်စဉ် သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
ရုတ်တရက် သူ၏ ဝဲဂယက်ပုံစံ သိုင်းဝိညာဉ်မှ ထွက်ပေါ်လာသော သဘာဝစွမ်းအင်များမှာ ယခင်ကထက် များစွာ ပိုမိုအားကောင်းလာခြင်းကြောင့် ဖြစ်၏။ ဤအချက်က လင်းချန်ကို အံ့အားသင့်သွားစေသည်။
လင်းချန် အံ့ဩစွာ ရေရွတ်လိုက်မိ၏။ "သိုင်းဝိညာဉ်က ဘာလို့ ရုတ်တရက် ပြောင်းလဲသွားရတာလဲ။"
သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကို သိုင်းဝိညာဉ်အတွင်း ထည့်သွင်းလိုက်ပြီးနောက်မှ ဤသို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း လင်းချန် ရိပ်မိလိုက်၏။
ဤအခြေအနေက ကျင့်ကြံခြင်းကို ပို၍ လွယ်ကူသွားစေသဖြင့် သူ ပြုံးပျော်သွားကာ တံခါးဖွင့်၍ အပြင်သို့ ထွက်လာလိုက်သည်။
သူသည် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ကာ ဘာရှန်းမြို့လမ်းမများအတိုင်း လျှောက်လှမ်းလာခဲ့ရာ မည်သူမျှ သတိမပြုမိကြပေ။
မြို့တံခါးပြင်ပသို့ ရောက်ရှိသွားသည့်အခါတွင်မူ လင်းချန် လမ်းမကြီးမှခွဲထွက်၍ တောအုပ်အတွင်းသို့ ဝင်ရောက်သွားလိုက်၏။
ဘေးပတ်ဝန်းကျင်တွင် လူသူမရှိကြောင်း သေချာသည့်အခါ သူသည် သူ၏ ခွန်အားကို စတင်စမ်းသပ်လိုက်သည်။ သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအင်များက လင်းချန်ကို ရစ်ပတ်သွားပြီး သူ၏ နေယွမ်နယ်ပယ် ပဉ္စမအဆင့် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်တော့၏။
"ဝုန်းးးးး"
လင်းချန် မြေကြီးကို ခြေဆောင့်နင်းလိုက်သည်နှင့် လေပွေတစ်ခုအလား အလျင်အမြန် ပြေးထွက်သွားတော့သည်။
တောအုပ်အတွင်းရှိ သစ်ပင်များကို ကျွမ်းကျင်စွာ ရှောင်တိမ်းရင်း အရှိန်အဟုန်ဖြင့် ပြေးလွှားနေ၏။ မကြာမီတွင် သူ ဘာရှန်းတောင်ခြေရှိ မြစ်ကမ်းနားသို့ ရောက်ရှိလာသည်။
ထိုမြစ်ကမ်းနား၌ လူသုံးဦး ရောက်ရှိနေကြ၏။ နတ်ဓားဂိုဏ်းမှ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ကျောက်ချောင်နှင့် ကျောက်ကျန့်တို့အပြင် ဘာရှန်းမြို့၏ ထင်ရှားကျော်ကြားသည့် လူငယ်တစ်ဦးဖြစ်သူ မြို့စားမင်း၏သား ပိုင်ရန်ပါ ရှိနေသည်။
လင်းချန်ကို မြင်လိုက်ရသည့်အခါ ထိုသူသုံးဦးလုံး အံ့အားသင့်သွားပြီး အရိုအသေပေးလိုက်ကြ၏။
"အစ်ကိုလင်း..."
သူတို့ စကားပြောနေစဉ်မှာပင် အနီးရှိ သစ်ပင်ထက်မှ တကျွိကျွိဟူသော အသံတစ်ခု ထွက်ပေါ်လာ၏။
လင်းချန် ချက်ချင်း လှည့်ကြည့်ကာ အော်ဟစ်လိုက်၏။ "ဘယ်သူလဲ..."
ထို့နောက် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များက သစ်ပင်ထက်သို့ ပြေးဝင်သွားတော့သည်။
ထို့နောက် ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ သစ်ပင်ပေါ်မှ သေးငယ်သော လူရိပ်ကလေးတစ်ခု ပြုတ်ကျလာ၏။ ထိုသူကို မြင်လိုက်ရသည့်အခါ လင်းချန်၏ မျက်နှာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
"ယီလင်း... မင်းက ဒီကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။"
မြစ်ကမ်းပါးယံ တစ်နေရာ၌ ဖြစ်သည်။ ဆံနွယ်အချို့ ရှုပ်ပွနေသော ယီလင်းသည် လင်းချန်၏ ရှေ့မှောက်တွင် ခေါင်းငိုက်စိုက်ကျကာ ရပ်နေပြီး သူမ၏ မျက်နှာထက်၌ ရှက်ရွံ့စိုးရိမ်နေဟန်များ အထင်းသား ပေါ်လွင်နေ၏။
ယီမိသားစုတွင် ယီလင်းသည် ယီစင်းနှင့် အရင်းနှီးဆုံး ညီမဝမ်းကွဲတစ်ဦး ဖြစ်သည်။
နှစ်တိုင်း ယီစင်း အိမ်ပြန်လာချိန်၌ဆိုလျှင် ယီလင်းအတွက် စိတ်ဝင်စားဖွယ် လက်ဆောင်ပစ္စည်းများ ပါလာလေ့ရှိရာ ယခုတစ်ခေါက်တွင်လည်း ကျင့်ကြံသူတစ်ဦးကို ထိရောက်စွာ ဖုံးကွယ်ပေးထားနိုင်သည့် ကိုယ်ယောင်ဖျောက်အဆောင်တစ်ခု ပါလာခဲ့သည်။
ထိုအဆောင်၏ စွမ်းရည်ကြောင့်ပင် ယီလင်းသည် နတ်ဓားဂိုဏ်းမှ ကျောက်ချောင်နှင့် ကျောက်ကျန့်တို့ သတိမထားမိစေဘဲ သူတို့နောက်သို့ တိတ်တဆိတ် နောက်ယောင်ခံလိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
အမှန်တကယ်တွင် ကျောက်ညီနောင်နှစ်ဦးမှာ လင်းချန်၏ ညွှန်ကြားချက်အတိုင်း ပိုင်ရန်ကို တာဝန်တစ်ခုပေးအပ်ရန် ကြိုတင်စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
သို့သော် သူတို့ပြောဆိုနေကြသည့် စကားများကို ခြံဝန်းတံခါးဝမှ ဖြတ်သွားသော ယီလင်း ကြားသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
နတ်ဓားဂိုဏ်းသားနှစ်ဦးက ပိုင်ရန်ကို ကြားဖြတ်တွေ့ဆုံရန် ပြောဆိုနေကြသည်ကို ကြားလိုက်ရချိန်တွင် ယီလင်းတစ်ယောက် စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ချေ။
သူမ၌ ကိုယ်ယောင်ဖျောက်အဆောင် ရှိနေသဖြင့် မည်သူမျှ ရိပ်မိမည်မဟုတ်ဟု တွေးကာ အခြေအနေကို သိရှိရန် ခိုးကြောင်ခိုးဝှက် လိုက်ပါလာခဲ့တော့သည်။
ယခုနှစ်မှ အသက် (၁၄) နှစ် ပြည့်ပြီးကာစ မြီးကောင်ပေါက်မလေး ယီလင်းသည် ကိုယ်ယောင်ဖျောက်အဆောင်ကို အားကိုးကာ နတ်ဓားဂိုဏ်းသားများကိုပင် နောက်ယောင်ခံလိုက်ရဲသည်အထိ အတင့်ရဲနေသည်။
ဤသည်မှာ ကျောက်ချောင်နှင့် ကျောက်ကျန့်တို့ လုံးဝ မျှော်လင့်မထားခဲ့သော အချက်ပင်ဖြစ်၏။
ဘာရှန်းမြို့လေးထဲတွင် သူတို့ကို နောက်ယောင်ခံလိုက်ရဲလောက်အောင် သတ္တိရှိသူ ရှိနေမည်ဟု မထင်ထားခဲ့ကြပေ။ သူတို့သည် လီမိသားစု၏ လှုပ်ရှားမှုများကိုသာ အဓိက သတိထားနေခဲ့ကြပြီး မိန်းကလေးငယ်တစ်ယောက်က ကိုယ်ယောင်ဖျောက်အဆောင်သုံးကာ နောက်ယောင်ခံလိုက်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြချေ။
ထို့ကြောင့် ယီလင်း အရေးကြီးသည့် လျှို့ဝှက်ချက်များစွာကို ကြားခဲ့ရ၏။
ထိုအထဲတွင် လီမိသားစုသည် ဘာရှန်းမြို့ရှိ ရှေးဟောင်းအမွေအနှစ်များကို လက်ဝါးကြီးအုပ်ရန်နှင့် မဟာလှံတံဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန်အတွက် ယီမိသားစုနှင့် ပိုင်မိသားစုကို အမြစ်ဖြတ်သုတ်သင်ရန် မဟာလှံတံဂိုဏ်းနှင့် ပူးပေါင်းကြံစည်နေကြသည့် အကြောင်းများပင် ပါဝင်လေသည်။
ထိုမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော သတင်းစကားများသည်ပင် ယီလင်းကို အံ့အားသင့်ကာ အသံထွက်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
သို့သော် သူမ အလေးထားရသည့် ဝမ်းကွဲအစ်မနှင့်စေ့စပ်ထားသူ ၊ သိုင်းဝိညာဉ်မရှိသည့် အသုံးမကျသူဟု နာမည်ကြီးသော လင်းချန် ဤနေရာသို့ ရောက်လာခြင်းကမူ ယီလင်းအတွက် နားမလည်နိုင်စရာ ဖြစ်သွားခဲ့ရသည်။
ပို၍ ယုံကြည်ရခက်စေသည်မှာ နတ်ဓားဂိုဏ်းသား ညီနောင်နှစ်ဦးနှင့် မြို့စားမင်း၏သား ပိုင်ရန်တို့က ထိုအသုံးမကျသူ လင်းချန်ကို အရိုအသေပေးကာ အစ်ကိုလင်းဟု ခေါ်ဝေါ်ဆက်ဆံနေကြခြင်းပင်။
ထိုမြင်ကွင်းကြောင့် ယီလင်း၏ စိတ်ထဲ၌ အံ့ဩရှုပ်ထွေးသွားပြီး သတိလက်လွတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလိုက်ရာ ခြေထောက်အောက်မှ သစ်ကိုင်းခြောက် ကျိုးပဲ့သံ ထွက်ပေါ်သွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် သူမထံသို့ လက်ဝါးရာတစ်ခု ဖျတ်ခနဲ ပြေးဝင်လာသည်ကို မြင်လိုက်ရပြီး ထိတ်လန့်တကြား လဲကျသွားခဲ့ရ၏။
ပိုင်ရန် သစ်ပင်ရိပ်အောက်မှ ထွက်လာပြီး လက်ထဲမှ အဝါရောင် အဆောင်စက္ကူလေးကို လင်းချန်ထံ ကမ်းပေးလိုက်ရင်း ဆို၏။ "ကိုယ်ယောင်ဖျောက်အဆောင်ကြောင့်ကိုး... ဒါကြောင့် ဂျူနီယာညီလေးနှစ်ယောက် ယီလင်းကို သတိမထားမိကြတာပဲ..."
လင်းချန် ထိုအဆောင်ကို လှမ်းယူလိုက်ပြီး စိတ်ဝိညာဉ်အလင်းတန်းများ တဖျပ်ဖျပ် လက်နေဆဲဖြစ်သော အဆောင်ပေါ်မှ သင်္ကေတများကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
"စင်းစင်း... ဒီကောင်မလေးကလည်း ဘာလို့များ ကိုယ်ယောင်ဖျောက်အဆောင်ကို လက်ဆောင်ပေးလိုက်ရတာလဲကွာ..."
ကျောက်ချောင် လင်းချန်၏ ဘေးတွင် မတ်တတ်ရပ်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။ "အစ်ကိုလင်း... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ။ သူ အကုန်လုံး ကြားသွားပုံရတယ်..."
လင်းချန် ကျောက်ချောင်နှင့် ကျောက်ကျန့်ဘက်သို့ လှည့်ကာ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလိုက်၏။ "ဘယ်လိုလုပ်ရမလဲ ဟုတ်လား... ငါက နှုတ်ပိတ်ဖို့အတွက် သူ့ကို သတ်ပစ်လိုက်ရမလား။ ဒီကောင်မလေးက နောင်ကျရင် ငါ့ကို ခဲအိုလို့ ခေါ်ရမယ့်သူကွ..."
"ယီလင်းက တိမ်ယွမ်အဆင့်ကိုးအဆင့်ပဲ ရှိသေးတာ။ ကိုယ်ယောင်ဖျောက်အဆောင် သုံးထားရင်တောင် မင်းတို့သာ နည်းနည်းလောက် သတိရှိရင် သူ့ကို တွေ့ကိုတွေ့ရမှာ... အခုတော့ ဘယ်လိုလုပ်မလဲ။ ငါ ခဏခဏ ပြောတယ်နော် ၊ လုပ်စရာရှိတာကို သတိထားပြီး လုပ်ကြပါလို့။ ဒီကိစ္စ ပြီးသွားရင် ဂိုဏ်းကပေးမယ့် ဆုလာဘ်တွေက နည်းမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်အတွက် နေရာရအောင် ငါ စီစဉ်ပေးထားပြီးသား။ အခု မင်းတို့လုပ်ပုံက ကောင်းကြသေးရဲ့လား။ တကယ်လို့ လိုက်လာတာက ယီလင်းမဟုတ်ဘဲ လီမိသားစုထဲက လူသာဆိုရင် ဘယ်လိုလုပ်မလဲ... ပြောစမ်း..."
မြစ်ကမ်းပါးယံ တစ်ခုလုံး၌ လင်းချန်၏ ဒေါသတကြီး အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး ကျောက်ချောင်နှင့် ကျောက်ကျန့်တို့မှာ ခေါင်းငိုက်စိုက်ချကာ လင်းချန်၏ မျက်လုံးများကိုပင် မကြည့်ရဲကြတော့ပေ။
ဘေးတွင်ရှိနေသော ပိုင်ရန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ "ဟူး... မင်းတို့နှစ်ယောက်ကတော့ကွာ..."
"အစ်ကိုလင်းက မင်းတို့ ကောင်းဖို့အတွက် ဆူနေတာပါ။ တကယ်လို့ လိုက်လာတဲ့သူသာ လီမိသားစုက ဖြစ်နေရင် မင်းတို့ အသက်ရှင်ရတော့မှာ မဟုတ်ဘူး"
ကျောက်ချောင်နှင့် ကျောက်ကျန့်တို့သည် အပြစ်ရှိစိတ်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြပြီး လင်းချန် သူတို့ကောင်းကျိုးအတွက် ဆူပူနေခြင်းဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသဖြင့် လင်းချန်၏ ကြမ်းတမ်းသော ဆူပူမှုအပေါ် အနည်းငယ်မျှပင် မကျေနပ်စိတ် မရှိကြချေ။
သို့သော် ဘေးမှ ယီလင်းမှာမူ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေဖြစ်သွားရတော့၏။
အိမ်တော်သခင်ကြီး ကိုယ်တိုင်ပင် လေးစားသမှုဖြင့် ဆက်ဆံရသော နတ်ဓားဂိုဏ်းသားနှစ်ယောက်သည် ယီအိမ်တော်သို့ ရောက်ချိန်တိုင်း မာန်မာနအပြည့်ဖြင့် နေလေ့ရှိသူများ ဖြစ်သည်။
ယခုမူ သူမက အသုံးမကျသူဟု သတ်မှတ်ထားသော လင်းချန် ထိုမာနကြီးသည့် ပုဂ္ဂိုလ်နှစ်ဦးအား တစ်ခွန်းမှ ပြန်မပြောရဲအောင် ငေါက်ငမ်းနေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် ယီလင်းတစ်ယောက် အရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေကာ ကြောင်အသွားရတော့သည်။
ကျောက်ညီနောင်ကို ဆူပူပြီးနောက် လင်းချန် ယီလင်း၏ ရှေ့သို့ လျှောက်သွားလိုက်ပြီး ခေတ္တမျှ စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ယီလင်း... နင်က ဘာလို့ ဒီလောက်တောင် စပ်စုချင်ရတာလဲဟာ..."
ယီလင်း မျက်ရည်စက်လက်ဖြင့် အသနားခံလိုက်၏။ "လင်း... လင်းချန်.. ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ငါ...ငါ ကတိပေးပါတယ်။ ငါ့ကို မသတ်ပါနဲ့လို့ တောင်းပန်ပါတယ်..."
ယီလင်း၏ စကားကြောင့် လင်းချန် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ ပြန်ပြောလိုက်၏။ "ကြည့်ရတာ ငါက လူသတ်ကောင် ရုပ်ပေါက်နေလို့လား။ ဘာကိစ္စနဲ့ နင့်ကို အကြောင်းမဲ့ သတ်ရမှာလဲ..."
"ငါ ကိုယ့်အကြောင်းကိုယ် ဖုံးကွယ်ထားတယ်ဆိုတာ အလုပ်လုပ်ရ အဆင်ပြေအောင်လို့ဟ..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၇ + ၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team