← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၉ + ၁၀

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန်က ကျောက်ချောင်နှင့် ကျောက်ကျန့်ကို လက်ညှိုးထိုးပြကာ ဆက်ပြော၏။

"လီမိသားစုရဲ့ အာရုံစိုက်မှုအကုန်လုံးက သူတို့နှစ်ယောက်ဆီမှာပဲ ရှိနေတာ။ သိုင်းဝိညာဉ်မရှိတဲ့ အသုံးမကျတဲ့ကောင်လို့ အထင်ခံထားရတဲ့ ငါ ဘာတွေစုံစမ်းနေလဲဆိုတာကို ဘယ်သူက သတိထားမိမှာလဲ... မနက်ဖြန်ဆိုရင် နတ်ဓားဂိုဏ်းရဲ့ လူရွေးပွဲ စပြီ။ လီမိသားစုရဲ့ အကြံအစည်က ပိုင်ရန်နဲ့ ကျောက်ညီနောင် နှစ်ယောက်ကိုပဲ ပစ်မှတ်ထားတာ။ ငါ့ကို ထည့်မတွက်ထားတဲ့အတွက် သူတို့ရဲ့ အစီအစဉ်အားလုံးကို ငါက ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပြမယ်။"

ထိုသို့ပြောပြီးနောက် လင်းချန် ယီလင်းအား စိုက်ကြည့်လိုက်၏။

"မနက်ဖြန် လူရွေးပွဲမစခင် နင် ဘယ်မှ လျှောက်မသွားဖို့ပဲ လိုမယ်။"

"မနက်ဖြန်... ဘာလို့ မနက်ဖြန်လဲဟင်..."

ယီလင်းက နားမလည်နိုင်စွာ မေးလိုက်၏။

"လီမိသားစုက ယီမိသားစုနဲ့ ပိုင်မိသားစုကို တစ်ချက်တည်း အပြတ်ရှင်းပြီး မဟာလှံတံဂိုဏ်းဆီ ဝင်ရောက်ခွင့်ရဖို့ သစ္စာခံတဲ့အနေနဲ့ သက်သေပြချင်နေကြတာ။ ဘာရှန်းမြို့က အင်အားစုတွေ အကုန်လုံးစုဝေးကြမယ့် မနက်ဖြန်စမ်းသပ်ပွဲက သူတို့အတွက် အခွင့်ကောင်းပဲလေ..."

လင်းချန်၏ နှုတ်ခမ်းထောင့်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်လာ၏။

"မဟာလှံတံဂိုဏ်းကလည်း ကူညီပေးမယ့်ပုံပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လီမိသားစုရဲ့ အင်အားလောက်နဲ့တော့ ယီမိသားစုနဲ့ ပိုင်မိသားစုကို ဖြိုချဖို့ဆိုတာ ယောင်လို့တောင် အိပ်မက်မမက်သင့်ဘူး..."

ပိုင်ရန်က ယပ်တောင်ကို ဖြောင်းခနဲ ဖွင့်လိုက်ပြီး ပြုံးရယ်ကာ ဝင်ပြောလိုက်၏။

"ဘာရှန်းမြို့ကို လာမယ့် စစ်ဆေးရေးမှူးက အစ်ကိုလင်းမှန်းသာ သူတို့သိရင် ထွက်ပြေးကြမလားပဲ..."

"ကဲ... ထားလိုက်တော့။ ရှေးဟောင်းအမွေအနှစ်ကိစ္စကို မင်း လိုက်စုံစမ်းစရာ မလိုတော့ဘူး။ အခု မင်းလုပ်ရမယ့် တာဝန်က ယီလင်းကို ပိုင်အိမ်တော် ခေါ်သွားပြီး ဒီည လုံးဝအပြင်မထွက်အောင် စောင့်ကြည့်ထားဖို့ပဲ..."

လင်းချန်က ယီလင်းကို ညွှန်ပြကာ ပိုင်ရန်အား ညွှန်ကြားလိုက်၏။ ပိုင်ရန်ကလည်း ယပ်တောင်ကို ပြန်ပိတ်ကာ အရိုအသေပြုရင်း ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါ အစ်ကိုလင်း။ ကျွန်တော့်ညီမလေးက ယီလင်းကို အရမ်းလွမ်းနေလို့ ဒီည ပိုင်အိမ်တော်မှာ လာအိပ်ဖို့ ဖိတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်ဆိုရင် လုံလောက်ပါလိမ့်မယ်။"

"ဒါ..ဒါပေမဲ့..."

လင်းချန်နှင့် ပိုင်ရန်တို့၏ စကားကို ကြားသောအခါ ယီလင်းက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း စကားလုံးများကို ချက်ချင်း ပြန်မြိုချကာ တိတ်ဆိတ်သွား၏။

လင်းချန်တို့အနေဖြင့် သူမကို အပြည့်အဝ မယုံကြည်နိုင်သေးကြောင်းနှင့် သတင်းတစ်စုံတစ်ရာ ပေါက်ကြားသွားပါက အစီအစဉ်အားလုံး ပျက်စီးသွားနိုင်ကြောင်း သူမ နားလည်လိုက်သည်။ ထို့အပြင် သူမ၏ တိမ်ယွမ်အဆင့်လောက်ဖြင့် ခုခံငြင်းဆန်၍ မရနိုင်မှန်းလည်း သဘောပေါက်၏။

ခုနက လင်းချန် တိုက်ခိုက်လိုက်စဉ် သူ၏ ဝိညာဉ်စွမ်းအားများက လက်ဝါးရာအသွင် ပြောင်းလဲသွားသည်ကို ကြည့်ခြင်းအားဖြင့် လင်းချန်သည် သူမ အားကျလေးစားရသော ဝမ်းကွဲအစ်မ ယီစင်းနှင့် အဆင့်တူ နေယွမ်အဆင့်သို့ ရောက်ရှိနေပြီမှန်း သူမ သိလိုက်ရ၏။

ထိုသို့သော ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်ကို သူမ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

"စင်းစင်းက နင့်ကို ဆေးလုံးတစ်လုံး ပေးထားတယ် မဟုတ်လား။ အဲ့ဒီဆေးကို သုံးပြီး ဒီည လယွမ်နယ်ပယ်ကို အဆင့်တက်မယ်။ ပြီးရင် မနက်ဖြန် စမ်းသပ်ပွဲမှာ အစွမ်းပြပြီး နတ်ဓားဂိုဏ်းရဲ့ တပည့် ဖြစ်အောင်လုပ်မယ်... ဒါ နင့်အစီအစဉ်ပဲ မဟုတ်လား..."

ယီလင်း မော့ကြည့်လိုက်သောအခါ တစ်ချိန်က အသုံးမကျသူဟု သူမထင်ခဲ့ဖူးသော ရင်းနှီးနေသည့် မျက်နှာပိုင်ရှင်က သူမအား ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ကျွန်မသာ ဒီည ပိုင်အိမ်တော်ကို လိုက်သွားရင် အစ်မပေးထားတဲ့ ဆေးကို သုံးပြီး အဆင့်တက်လို့ရမှာ မဟုတ်တော့ဘူး..." ယီလင်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ပြောလိုက်၏။ "ဆေးလုံး အခိုးမခံရအောင် အစ်မစင်းစင်းက အိမ်တော်ပြင်ပကို ယူမသွားနိုင်အောင် တားမြစ်စည်း တံဆိပ်ခတ်ထားတယ်..."

လင်းချန် သဘောပေါက်သွား၏။ ထိုတားမြစ်စည်းမှာ စာအိတ်များကို တံဆိပ်ခတ်သကဲ့သို့ မိမိသွေးမျိုးဆက်ကလွဲ၍ အခြားသူဖွင့်မရအောင် ပြုလုပ်ထားသည့် အထူးတံဆိပ်ခတ်နှိပ်ခြင်းမျိုး ဖြစ်သည်။ ယီစင်းက သူမ၏ ညီမဝမ်းကွဲလေးအပေါ် ဤမျှ ဂရုစိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

"စိတ်မပူပါနဲ့။ ဒီတစ်ခေါက် လူရွေးပွဲမှာ အထူးခွဲတမ်းနေရာတစ်ခု ရှိတယ်။ အဲဒီနေရာက စမ်းသပ်စစ်ဆေးခံစရာမလိုဘဲ နတ်ဓားဂိုဏ်းကို တိုက်ရိုက် ဝင်ခွင့်ရမှာ..."

ယီလင်း၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်ကာ လင်းချန်က ရုတ်တရက် ပြောလိုက်၏။

"ဒီည ပိုင်အိမ်တော်မှာ လိမ်လိမ်မာမာနေရင် အဲဒီဝင်ခွင့်နေရာက နင့်အတွက်ဖြစ်စေရမယ်။"

လင်းချန်၏ စကားကြောင့် ယီလင်းသည် အံ့ဩဝမ်းသာစွာ မော့ကြည့်လိုက်မိ၏။

"တကယ်လားဟင်..."

"တကယ်ပေါ့။ ဒီဘာရှန်းမြို့ စမ်းသပ်ပွဲအတွက် စစ်ဆေးရေးမှူးက ငါပဲလေ။ ဂိုဏ်းက အရာအားလုံးကို ငါ့လက်ထဲ အပ်ထားတာ။ ငါက ရမယ်လို့ ပြောရင် ရကိုရရမယ်။"

လင်းချန်၏ လေသံမှာ ခိုင်မာပြတ်သားပြီး ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ ယီလင်းသည် သူမရှေ့မှ လင်းချန်ကို ကြောင်ငေးကြည့်နေရင်း မျက်ဝန်းအိမ်များ နီရဲလာ၏။ မနေ့က အစည်းအဝေးခန်းမရှေ့တွင် သူမ ပြောခဲ့မိသော စကားများကို ပြန်သတိရကာ ခေါင်းငုံ့၍ တိုးတိုးလေး ရေရွတ်လိုက်သည်။

"လင်းချန်... ငါ တောင်းပန်ပါတယ်..."

"ဟမ်..."

ယီလင်း၏ တောင်းပန်စကားကြောင့် လင်းချန် အံ့ဩသွားပြီး သူမ၏ ခေါင်းကို လှမ်းပုတ်လိုက်၏။

"နောက်တစ်ခါကျရင် တခြားသူတွေကို လွယ်လွယ်နဲ့ အထင်မသေးနဲ့။ လူတစ်ယောက်ကို ပေးသင့်ပေးထိုက်တဲ့ အခြေခံလေးစားမှုကိုတော့ ပေးတတ်အောင် ကြိုးစား..."

ယီလင်းက ခေါင်းမော့လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်ကာ လင်းချန်ကို လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

"ညီမ နားလည်ပါပြီ... ကိုကြီးလင်းချန်"

ယီလင်း၏ ခေါ်ဝေါ်မှုကြောင့် လင်းချန်၏ ရင်ထဲတွင် လွမ်းဆွတ်မှုအချို့ ဖြတ်သန်းသွား၏။ လွန်ခဲ့သော နှစ်အနည်းငယ် သူတို့ ကလေးဘဝတုန်းက ယီလင်းသည် သူ့နောက်သို့ တကောက်ကောက် လိုက်လေ့ရှိခဲ့သည်။ ထိုစဉ်က သူမသည် သူ့ကို ကိုကြီးလင်းချန်ဟု ခေါ်ခဲ့ဖူး၏။

"ညီမကတော့လေ... အခုထိ ကလေးဆန်နေတုန်းပါပဲလား။ အမြဲတမ်း တစ်ခုမဟုတ် တစ်ခု လုပ်ရှုပ်နေတော့တာပဲ..."

လင်းချန်က ရယ်မောလိုက်၏။ လင်းချန်၏ စကားကြောင့် ယီလင်းလည်း သူမ၏ ငယ်ဘဝအမှတ်တရများကို ပြန်သတိရသွားကာ ရှက်သွေးဖြာစွာဖြင့် တခစ်ခစ် ရယ်မောလိုက်မိသည်။

နောက်ဆုံးတွင် လင်းချန် မြစ်ကမ်းပါးယံမှ ထွက်ခွာကာ အနောက်ဘက်တောင်တန်းများရှိရာ ဘာရှန်းတောအုပ်ထဲသို့ ဦးတည်သွားလိုက်၏။ မြစ်ကမ်းဘေး၌ ပိုင်ရန် ၊ ယီလင်းနှင့် ကျောက်ညီနောင်တို့သာ ကျန်ရစ်ခဲ့ပြီး ဘာရှန်းမြို့သို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

"အစ်ကိုပိုင်ရန်... ကိုကြီးလင်းချန်က နတ်ဓားဂိုဏ်းမှာ စစ်ဆေးရေးမှူး ဖြစ်ရလောက်တဲ့အထိ တကယ်ပဲ အစွမ်းထက်တာလားဟင်..."

လမ်းတစ်လျှောက်တွင် ယီလင်းတစ်ယောက် အစောက အဖြစ်အပျက်များကို အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး ဘေးမှ ပိုင်ရန်ကို မေးလိုက်၏။ ယခုအချိန်ထိ သူမ မယုံကြည်နိုင် ဖြစ်နေတုန်းပင်။

"ဟုတ်တာပေါ့။ အစ်ကိုလင်းက တကယ်ကို ကြောက်စရာကောင်းတယ်။ မဟာလှံတံဂိုဏ်းက ကြိုတင်သိပြီး ပြင်ဆင်တာမျိုး မလုပ်နိုင်အောင် သူက ဖုံးကွယ်ထားတာ..."

ပိုင်ရန်က ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြန်ဖြေကာ ယပ်တောင်ကို ကစားရင်း ခေါင်းညိတ်လိုက်၏။

"တကယ်လို့ အစ်ကိုလင်း ဘာရှန်းမြို့မှာ ရှိနေတယ်ဆိုတာကိုသာ မဟာလှံတံဂိုဏ်းက သိသွားရင် သူ့ကို လုပ်ကြံဖို့ အနည်းဆုံး နိဗ္ဗာန်အဆင့် သိုင်းပညာရှင် ငါးယောက်လောက်တော့ စေလွှတ်လိမ့်မယ် ထင်တယ်။"

ပိုင်ရန်၏ အပြုံးကို မြင်လိုက်ရသောအခါ ယီလင်း၏ မျက်နှာလေး ရဲခနဲ ဖြစ်သွား၏။ ပိုင်ရန်ဆိုသည်မှာ ဘာရှန်းမြို့ရှိ မိန်းမပျိုလေးများ၏ အိပ်မက်မင်းသားဖြစ်ပြီး ယီလင်းသည်လည်း ချွင်းချက်မရှိ ပါဝင်သည်။ သို့သော် ပိုင်ရန်အပေါ် ထားရှိသော တိတ်တခိုးသံယောဇဉ်အပြင် သူ၏စကားကြောင့်လည်း ယီလင်း အကြီးအကျယ် အံ့ဩသွားရသည်။

သူမ၏ အသိထဲတွင် နိဗ္ဗာန်အဆင့် သိုင်းပညာရှင်ဆိုသည်မှာ တွေ့ရခဲလှသော ဆရာသခင်အဆင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ဘာရှန်းမြို့၌ ထိုအဆင့်ရောက်သူ တစ်ဦးသာ ရှိခဲ့ဖူး၏။ နောက်ထပ် နှစ်တစ်ရာအတွင်း ဘာရှန်းမြို့၌ နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနိုင်မည့် အလားအလာအရှိဆုံးသူများမှာ ယီစင်းနှင့် ယခု သူမဘေးနားရှိ ပိုင်ရန်တို့သာ ဖြစ်သည်။

လင်းချန်၏ အထောက်အထားသာ ပေါ်သွားပါက မဟာလှံတံဂိုဏ်းအနေဖြင့် နိဗ္ဗာန်အဆင့် သိုင်းပညာရှင် (၅) ဦးအထက် စေလွှတ်ပြီး လုပ်ကြံရမည့် အခြေအနေဖြစ်သည်လား။

"ကိုကြီးလင်းချန်က ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ။ မနက်ဖြန်ကျရင် အစ်ကို့ကြောင့် ဘာရှန်းမြို့တစ်ခုလုံး တုန်လှုပ်သွားတော့မှာလား..."

ပိုင်ရန်၏ နောက်မှ လိုက်ပါသွားရင်း ယီလင်းတစ်ယောက် စိတ်ထဲ၌ တိတ်တဆိတ် တွေးတောနေမိလေတော့သည်။

နတ်ဓားဂိုဏ်းမှရရှိထားသော သတင်းများနှင့် ဘာရှန်းမြို့သို့ ရောက်ရှိချိန်၌ တွေ့မြင်ရသော အထောက်အထားများအရ လီမိသားစုသည် မဟာလှံတံဂိုဏ်းနှင့် ပူးပေါင်းကြံစည်နေကြောင်း ထင်ရှားနေသော်လည်း ၊ လီမိသားစုဝင်များ ဘာရှန်းတောအုပ်ထဲသို့ မကြာခဏ ဝင်ထွက်သွားလာနေရသည့် အဓိကအကြောင်းရင်းကိုမူ မည်သူမျှ ရေရေရာရာ မသိရှိကြသေးပေ။

မဟာလှံတံဂိုဏ်းအတွင်း၌ နတ်ဓားဂိုဏ်း၏ သူလျှိုရှိနေသဖြင့် ပူးပေါင်းကြံစည်မှုသတင်းကို အလွယ်တကူ ရရှိခဲ့သော်လည်း ဘာရှန်းမြို့ကဲ့သို့ မြို့ငယ်လေး၏ မိသားစုကိစ္စတွင် မဟာလှံတံဂိုဏ်းသားများ ဝင်ရောက်စွက်ဖက်ခြင်း ရှိမရှိဆိုသည်ကိုမူ ထိုသူလျှိုအနေဖြင့် သိရှိရန် မလွယ်ကူလှချေ။

အဘယ်ကြောင့်ဆိုသော် ယင်ကောင်ကို သတ်ရန် တူဖြင့် ထုစရာမလိုဆိုသကဲ့သို့ နတ်ဓားဂိုဏ်း၏ လက်အောက်ခံ မြို့ငယ်လေးတစ်ခုမှ မိသားစုအရေးကို ဖြေရှင်းရန် မဟာလှံတံဂိုဏ်းသားများကို စေလွှတ်ရန်မှာ ဖြစ်နိုင်ချေ နည်းပါးလွန်းသောကြောင့် ဖြစ်သည်။

လီမိသားစုအတွင်း လျှို့ဝှက်သတင်းရယူနေသော ယီမိသားစုနှင့် ပိုင်မိသားစုမှ သူလျှိုများမှာလည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် လင်းချန်ကမူ ဘာရှန်းမြို့သို့ ခြေမချမီကပင် လီမိသားစုလှုပ်ရှားမှုနောက်ကွယ်မှ အကြောင်းရင်းမှန်ကို ကြိုတင်သိရှိပြီး ဖြစ်၏။ ယင်းမှာ ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုကြောင့် ဖြစ်၏။

သမိုင်းမှတ်တမ်းများအရ လင်းချန်တို့ နေထိုင်ရာ သိုင်းဝိညာဥ်ကုန်းမြေတိုက်ကြီးသည် တစ်ချိန်က ကပ်ဘေးဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး မြေငလျင်ပြိုကျမှုများနှင့်အတူ ရှေးဟောင်းဂိုဏ်းအဖွဲ့အစည်းများစွာ မြေအောက်သို့ နစ်မြုပ်ပျောက်ကွယ်ခဲ့ရဖူးသည်။ ထို့ကြောင့်ပင် ဤကုန်းမြေတိုက်ကြီးပေါ်၌ ရှေးဟောင်းဂိုဏ်းပျက်များ၏ အမွေအနှစ်နေရာ အများအပြား ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။

ထိုသို့သော မြေအောက်အမွေအနှစ်နေရာတစ်ခုကို ရှာဖွေတွေ့ရှိခြင်းသည် ကြီးမားသော ကံထူးမှုကြီးတစ်ရပ်ပင်။ လင်းချန်၏ မိဘများ ထားရစ်ခဲ့သော စာထဲတွင် သူ၏ဖခင်ဖြစ်သူက ဘာရှန်းမြို့အနီးရှိ တောအုပ်အတွင်းမှ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုအကြောင်းကို ထည့်သွင်းရေးသားထားခဲ့သည်။

ထူးဆန်းသည်မှာ လင်းချန်၏ ဖခင်သည် ထိုနေရာကို တွေ့ရှိချိန်၌ မည်သူ့ကိုမျှ အသိမပေးခဲ့ဘဲ အတွင်းရှိ အစီအရင်များကို ဖျက်ဆီး၍ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မည်သည့်ပစ္စည်းကိုမျှ မယူဆောင်ဘဲ ထိုနေရာကို သွေးမျိုးဆက်တံဆိပ်ခတ်နှိပ်ကာ ပြန်လည်ပိတ်ထားခဲ့၏။

စာထဲတွင် ရေးထားသေး၏။ "အဲဒီထဲက ပစ္စည်းတွေက အဖေ့အတွက် စိတ်ဝင်စားစရာ မကောင်းဘူး။ ချန်အာ... မင်း အားတဲ့အချိန်ကျမှ အဲဒီနေရာကို ဖွင့်ဝင်ပြီး စူးစမ်း‌‌လေ့လာချေ..."

ပုံမှန်အားဖြင့် ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုကို ရှာဖွေတွေ့ရှိပါက ကျင့်ကြံသူများမှာ ရူးသွပ်မတတ် စိတ်လှုပ်ရှားကြလေ့ရှိပြီး အစီအရင်များနှင့် ထောင်ချောက်များကို ဖြတ်ကျော်ရန် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ကြရစမြဲ ဖြစ်သည်။ သို့သော် လင်းချန်၏ ဖခင်ကမူ ထောင်ချောက်များ ပြည့်နှက်နေသော ထိုနေရာတစ်ခုလုံးကို တစ်ကိုယ်တော် ရှင်းလင်းခဲ့ပြီး ဒဏ်ရာတစ်ချက်မျှပင် မရရှိခဲ့ပေ။

"ငါ့မိဘတွေက တကယ်ပဲ ဘယ်လောက်တောင် စွမ်းအားကြီးနေကြတာလဲ..."

လင်းချန် တွေးတောလိုက်ရင်း စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်ကာ ဘာရှန်းတောအုပ် အတွင်းပိုင်းသို့ တိုးဝင်သွားလိုက်၏။

သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်နေသော်လည်း ဝတ်ရုံဖြူအောက်တွင် ထည့်ထားသော ယီလင်းထံမှ သိမ်းယူလာသည့် ကိုယ်ယောင်ဖျောက်အဆောင်ကြောင့် သူ၏ အရှိန်အဝါများမှာ ပျောက်ကွယ်နေလေသည်။ လီမိသားစု ရှာဖွေတွေ့ရှိထားသော နေရာဖြစ်သည့်အတွက် အစောင့်အကြပ်များ ထူပြောနိုင်ရာ ဤအဆောင်က လင်းချန်၏ ခရီးစဉ်အတွက် များစွာ အထောက်အကူပြုပေလိမ့်မည်။

ဘာရှန်းတောအုပ်အတွင်း၌ သဘာဝစွမ်းအင်ကို စုပ်ယူလေ့ကျင့်ထားသော သိုင်းဝိညာဉ်သားရဲများ ပေါများသော်လည်း လင်းချန် လျှောက်လာသော လမ်းတစ်လျှောက်တွင်မူ သားရဲကောင် အရေအတွက်မှာ သိသိသာသာ နည်းပါးသွားသည်။ ယင်းမှာ လီမိသားစုမှ လူများက သွားလာရလွယ်ကူစေရန် လမ်းရှင်းထားခြင်း ဖြစ်ပုံရ၏။

သားရဲကောင် ခြေရာလက်ရာများ ပျောက်ကွယ်သွားသည်နှင့်အမျှ ရှေးဟောင်းအမွေအနှစ်နေရာနှင့် နီးကပ်လာပြီဖြစ်ကြောင်း လင်းချန် သတိပြုမိလိုက်ပြီး ခြေလှမ်းအရှိန်ကို လျှော့ချလိုက်၏။

"ဟင်..."

ရုတ်တရက် လင်းချန် ခြေလှမ်းတန့်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏နောက်ကွယ်ရှိ ခါးလည်ခန့်မြင့်သော မြက်ခင်းတောထဲတွင် ဝပ်ဆင်းလိုက်သည်။

ထို့နောက် သူ၏မျက်လုံးများ၌ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သောအခါ ပေတစ်ရာအကွာအဝေးရှိ မြင်ကွင်းများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ လူသူအရောက်အပေါက်နည်းသော တောနက်ထဲရှိ ချိုင့်ဝှမ်းတစ်ခု၏ ဝင်ပေါက်တွင် အစောင့်နှစ်ဦး စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိုနေရာသည် ရှေးဟောင်းအမွေအနှစ် တည်ရှိရာနေရာဖြစ်ကြောင်း သေချာသွားတော့သည်။

ချိုင့်ဝှမ်းဝင်ပေါက်၏ ဘေးဘက်ရှိ တောင်ကုန်းများပေါ်မှ သစ်ပင်ကြီးများတွင်လည်း အခေါက်များ ကွာကျနေသည်ကို ကြည့်ခြင်းအားဖြင့် ကင်းသမားများ ရှိနေနိုင်ကြောင်း လင်းချန် ရိပ်မိလိုက်သည်။ ဤချိုင့်ဝှမ်းတစ်ခုလုံးတွင် မြင်သာသော ဝင်ပေါက်ဟူ၍ ဤတစ်ခုသာရှိသဖြင့် ကိုယ်ယောင်ဖျောက်ထားလျှင်ပင် ဝင်ရောက်ရန် မလွယ်ကူလှပေ။

သို့သော် ဖခင်ဖြစ်သူ၏ စာထဲတွင်မူ အခြားဝင်ပေါက်တစ်ခု ရှိနေကြောင်း လမ်းညွှန်ထားသည်။ လင်းချန် သားရဲကောင်ခြေရာများ ပါးလှပ်သွားသည့် လမ်းကြောင်းအတိုင်း လိုက်လာခဲ့ခြင်းကြောင့်သာ ဤပင်မဝင်ပေါက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူ အနောက်သို့ ဖြည်းညှင်းစွာ ပြန်ဆုတ်လိုက်ပြီး ချိုင့်ဝှမ်း၏ ဘေးဘက်သို့ပတ်သွားလိုက်ရာ မတ်စောက်သော ကျောက်ကမ်းပါးယံတစ်ခုကို တွေ့လိုက်ရ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁ ၊ အတွဲ ၁ ၊ အပိုင်း ၉ + ၁၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters