← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁ + ၁၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လီမိသားစုသည် ဤကျောက်ကမ်းပါးယံဘက်ကို စောင့်ကြည့်နေမည်မှာ အသေအချာပင်ဖြစ်သော်လည်း လင်းချန်ကမူ ဂရုမစိုက်ပေ။ သူ ကမ်းပါးအောက်ခြေရှိ အိမ်တစ်လုံးစာမျှ ကြီးမားသော ကျောက်တုံးကြီးရှေ့တွင် ရပ်နေလိုက်၏။ သူ၏နှုတ်ခမ်းထောင့်၌လည်း မခိုးမခန့်အပြုံးတစ်ခု ပေါ်လာသေးသည်။

လင်းချန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်နှစ်ဖက်၌ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းကာ ကျောက်တုံးကြီးဆီသို့ ထိုးသွင်းလိုက်၏။ မာကျောသောကျောက်သားများသည် တို့ဖူးကဲ့သို့ ပျော့ပြောင်းသွားကာ လင်းချန်၏ လက်မောင်းတစ်ဆုံး နစ်ဝင်သွားတော့သည်။

ထို့နောက် အားစိုက်၍ မ​တင်လိုက်သောအခါ ဧရာမကျောက်တုံးကြီးမှာ လေပေါ်သို့ မြောက်တက်သွားပြီး လူလုပ်လိုဏ်ခေါင်းပေါက်တစ်ခု ပေါ်လာလေသည်။ လင်းချန် လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီးနောက် ကျောက်တုံးကြီးကို မူလနေရာအတိုင်း ပြန်ချကာ အဝင်ဝကို ပိတ်ဆို့ထားလိုက်၏။

လိုဏ်ခေါင်းအတွင်းသို့ စိတ်ဝိညာဉ်အလင်းရောင်ဖြင့် လှမ်းကြည့်လိုက်သောအခါ ညီညာပြန့်ပြူးနေသော လျှောက်လမ်းနှင့် ကျောက်နံရံများကို တွေ့လိုက်ရသဖြင့် ဤသည်မှာ လှံတစ်ချက်တည်းဖြင့် ထိုးဖောက်ထားသော လက်ရာဖြစ်ကြောင်း သူခန့်မှန်းလိုက်မိသည်။

ဖခင်ဖြစ်သူ အိမ်ဝင်းထဲ၌ သစ်သားလှံဖြင့် ကစားလေ့ရှိသည်ကို ပြန်မြင်ယောင်မိရင်း လင်းချန်၏ အကြည့်တို့က ရှေ့နားရှိ ကျိုးပဲ့နေသော သစ်သားတုတ်ချောင်းတစ်ခုဆီသို့ ရောက်သွား၏။ ကောက်ယူကြည့်လိုက်ရာ တုတ်ချောင်းအဖျား၌ ချန်ဟူသော စာလုံးကို တွေ့လိုက်ရသည်။ ဤသည်မှာ ငယ်စဉ်က သူကိုယ်တိုင် အပျော်သဘော ထွင်းထုခဲ့သော သစ်သားလှံရိုးကျိုးပင် ဖြစ်နေလေတော့သည်။

လင်းချန် သစ်သားချောင်းကို လွှင့်ပစ်လိုက်ပြီး ခေါင်းခါရင်း ရေရွတ်လိုက်သည်။ "အဖေ... အဖေက တကယ်ပဲ ဘယ်လောက်တောင် စွမ်းအားကြီးတာလဲဗျာ"

ယခင်က သာမန်မိဘများဟုသာ ထင်မှတ်ခဲ့ဖူးသော်လည်း စိတ်ဝိညာဉ်စွမ်းအားများ နိုးထလာပြီးနောက်ပိုင်း သူ၏မိဘများမှာ ခန့်မှန်း၍မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကျယ်ကြောင်း သူပိုမိုသိရှိလာရသည်။

အတွေးပေါင်းစုံဖြင့် လျှောက်လှမ်းလာရင်း လိုဏ်ခေါင်းအဆုံး၌ အလင်းရောင်ကို တွေ့လိုက်ရသဖြင့် လင်းချန် သတိပြန်ဝင်လာ၏။ ဖခင်၏စာထဲတွင် ဤဘက်အပေါက်ကိုလည်း ကျောက်တုံးဖြင့် ပိတ်ထားသည်ဟု ပါရှိသော်လည်း ယခုအခါ ပွင့်နေခြင်းကြောင့် လီမိသားစု ရှာတွေ့သွားပြီလောဟု သံသယဝင်စရာဖြစ်နေသည်။

လင်းချန် ကိုယ်ယောင်ဖျောက်အဆောင်သို့ စွမ်းအားအကုန် ဖြည့်သွင်းလိုက်ပြီး အပြင်သို့ ချောင်းကြည့်လိုက်ရာ မည်သူမျှမရှိဘဲ ရေကန်နှင့် တောင်ပေါ်မှ စီးကျနေသော ရေတံခွန်တစ်ခုကိုသာ မြင်တွေ့လိုက်ရ၏။

လင်းချန် ရေရွတ်လိုက်မိသည်။ "ငါပဲ အတွေးလွန်နေတာလား..."

သို့သော် ထိုခဏ၌ပင် သူ အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် သတိပြုမိလိုက်၏။ လင်းချန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဘေးဘက်သို့ အမြန်လှိမ့်ရှောင်လိုက်ရလေတော့သည်။

"ဝုန်းးး"

လင်းချန် အာရုံခံမိ၍ ရှောင်တိမ်းလိုက်သည့် တစ်ခဏချင်းတွင်ပင် သူရပ်နေခဲ့သော လိုဏ်ဂူဝဆီသို့ ဓားအလင်းတန်းတစ်ခု ကျဆင်းလာခဲ့ရာ မာကျောသောမြေပြင်သည် တို့ဖူးကဲ့သို့ လှီးဖြတ်ခံလိုက်ရပြီး တစ်ကိုက်ခန့်နက်သော မြောင်းရှည်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ အကယ်၍သာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါက ထိုဓားချက်အောက်၌ သူနှစ်ပိုင်းပြတ်သွားနိုင်သည်မှာ ကျိန်းသေပေါက်ပင်ဖြစ်၏။

လင်းချန် ချက်ချင်း ကိုယ်ကိုပြန်မတ်လိုက်ပြီး လိုဏ်ဂူဝကို စိုက်ကြည့်လိုက်သောအခါ အနက်ရောင်အနားကွပ် ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး သွေးရောင်လွှမ်းနေသော ဓားကြီးကို ပခုံးပေါ်ထမ်းထားသည့် မုတ်ဆိတ်မွေးနှင့်လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုသူ၏မျက်နှာထက်၌ မခိုးမခန့်အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။

လင်းချန် ပခုံးတစ်ချက်တွန့်လိုက်ပြီး မုတ်ဆိတ်မွေးနှင့်လူကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "မဟာလှံတံဂိုဏ်း... ခင်ဗျားတို့ ကျုပ်ကို ရှာတွေ့သွားပြီပဲ"

မုတ်ဆိတ်မွေးနှင့်လူက သွေးရောင်ဓားကြီးကို ဝှေ့ယမ်းကာ ဓားဦးချွန်ဖြင့် လင်းချန်ကို ချိန်ရွယ်ရင်း လှောင်ပြောင်လိုက်သည်။ "ဟဲဟဲ... ဒီကြွက်စုတ်လေးက ပုန်းစရာတွင်းရှာတာ တော်သားပဲ။ ကဲ ကြွက်ကလေး... သေတမ်းစာ မှာစရာရှိလား"

သို့သော် သူစကားမဆုံးမီပင် လင်းချန် သူ့ရှေ့သို့ ရောက်ရှိလာပြီး စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းထားသော ညာလက်သီးဖြင့် မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့၏။ လေကိုခွင်း၍ ထွက်ပေါ်လာသော လက်သီးချက်၏ ပြင်းထန်သောဖိအားကြောင့် မုတ်ဆိတ်မွေးနှင့်လူ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားရသည်။

မုတ်ဆိတ်မွေးနှင့်လူသည် ပေါ့ဆမနေဝံ့တော့ဘဲ ဓားကို အမြန်မြှောက်ကာ မီးတောက်ကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဓားသွားကို ဖုံးအုပ်ရင်း ကျိန်ဆဲလိုက်၏။ "သောက်ကျိုးနည်း..."

ထို့နောက် ဓားကိုင်ထားသော ညာလက်မောင်းကို အားကုန်လွှဲ၍ လင်းချန်၏ လက်သီးချက်ကို ခုခံလိုက်သည်။

"ဝုန်းးးးး"

ကြီးမားသော ပေါက်ကွဲသံကြီးထွက်ပေါ်လာ၏။ မုတ်ဆိတ်မွေးနှင့်လူ ထင်မှတ်ထားသကဲ့သို့ လင်းချန်၏လက်သီး ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းလှသော အင်အားတစ်ခုက ဓားမှတစ်ဆင့် ရိုက်ခတ်လာသောကြောင့် မုတ်ဆိတ်မွေးနှင့်လူသာလျှင် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားခဲ့ရပြီး သူ၏ညာလက်မောင်းတစ်ခုလုံး ထုံကျင်သွားရတော့သည်။

မုတ်ဆိတ်မွေးနှင့်လူသည် ခြေကို‌ဆောင့်ကာ အရှိန်သတ်လိုက်ပြီး လင်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ဓားသွားနှင့် တိုက်ရိုက်ထိတွေ့ခဲ့သော လင်းချန်၏ လက်သီး၌ အနီရောင်အရာတစ်ခု ထင်ကျန်ရစ်သည်မှလွဲ၍ ထိခိုက်ဒဏ်ရာ ရရှိပုံမပေါ်ချေ။

မုတ်ဆိတ်မွေးနှင့်လူက ထုံကျင်နေသော လက်မောင်းကို ခါလိုက်ပြီး ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။ "မင်းပုံစံကြည့်ရတာ အသက် ၁၆ နှစ်လောက်ပဲ ရှိဦးမယ်။ နေယွမ်အဆင့်ပဲ ရှိသေးပေမဲ့ နိဗ္ဗာန်နယ်ပယ်လက်နက်ကို လက်ဗလာနဲ့ ယှဉ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်။ နတ်ဓားဂိုဏ်းက ကြယ်တံခွန်လို ထွက်ပေါ်လာတဲ့ ပါရမီရှင် လူငယ်ဧကရာဇ်ဆိုတာ မင်းကိုး။ ငါလို နိဗ္ဗာန်နယ်ပယ် ဒုတိယအဆင့် ရောက်နေတဲ့သူကိုတောင် လက်ဗလာနဲ့ တွန်းထုတ်နိုင်တယ်ဆိုတော့ မင်းက လူငယ်ဧကရာဇ် အစစ်ပဲ"

လင်းချန် ထိုလူ၏စကားကို ပြန်လည်ချေပခြင်း မပြုပေ။ ကိုယ်ယောင်ဖျောက်အဆောင် အသုံးပြုထားလျက်နှင့်ပင် သူ့ကို ရှာဖွေတွေ့ရှိနိုင်သည်ကို ထောက်ဆလျှင် ထိုသူသည် နိဗ္ဗာန်နယ်ပယ်ပညာရှင်တစ်ဦး ဖြစ်ရမည်ဟု လင်းချန် ခန့်မှန်းပြီးသား ဖြစ်၏။

သို့သော် လင်းချန် စိတ်ပျက်မိသည်မှာ ဂိုဏ်းမှ ရရှိသော သတင်းမှားကြောင့်ပင်။ ဂိုဏ်း၏သတင်းအရ မဟာလှံတံဂိုဏ်းသည် လယွမ်အဆင့်နှင့် နေယွမ်အဆင့် တပည့်များကိုသာ စေလွှတ်ခဲ့သည်ဟု ဆိုသော်လည်း ယခုအခါ နိဗ္ဗာန်နယ်ပယ်ပညာရှင်တစ်ဦးက သူ၏ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းချန် စိတ်ပျက်စွာ ရေရွတ်လိုက်မိသည်။ "သတင်းက မှားနေတာပဲ"

ဤချိုင့်ဝှမ်းထဲတွင် မဟာလှံတံဂိုဏ်းမှ လူမည်မျှ ရောက်ရှိနေကြောင်းနှင့် သူတို့၏အင်အား မည်မျှရှိကြောင်း သူ မခန့်မှန်းနိုင်တော့ပေ။

မုတ်ဆိတ်မွေးနှင့်လူက ရုတ်တရက် မိတ်ဆက်လိုက်သည်။ "ငါ့နာမည် လီယန်ရန်... လူငယ်ဧကရာဇ်က နိဗ္ဗာန်နယ်ပယ်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှု သက်သက်နဲ့ အနိုင်ယူနိုင်တယ်ဆိုတဲ့ ကောလဟာလ မှန်မမှန် ငါစမ်းကြည့်ချင်တယ်"

လင်းချန် အခြားအတွေးများကို ဖယ်ရှားလိုက်ပြီး အာရုံစူးစိုက်ကာ ပြန်လည်စိန်ခေါ်လိုက်သည်။ "ဒါဆိုလည်း လာစမ်းကြည့်လေ"

လီယန်ရန် လေပူများကို မှုတ်ထုတ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် အနီရောင် စိတ်ဝိညာဉ်စွမ်းအားများက လီယန်ရန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး လင်းချန်ထံသို့ တည့်တည့် တိုးဝင်လာ၏။

နိဗ္ဗာန်နယ်ပယ်ပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်း လင်းချန်ရှေ့သို့ ရောက်ရှိလာ၏။ ထို့နောက် သွေးရောင်ဓားကြီးဖြင့် ခေါင်းတည့်တည့်သို့ ခုတ်ပိုင်းချလိုက်သည်။ ဓားသွားပေါ်၌ စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအားများ၏ ဖိအားကြောင့် ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်များပင် လေလှိုင်းဒဏ်ဖြင့် လဲပြိုကုန်ကြတော့သည်။

သို့သော် လင်းချန်ကမူ တုန်လှုပ်ခြင်းမရှိဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်သီးဆုပ်ပတ်လည်ရှိ လေထုမှာ ပေါက်ကွဲထွက်သွားရတော့သည်။

"ဝုန်းးးးး"

ဓားနှင့်လက်သီး ထပ်မံ ထိပ်တိုက်တွေ့ဆုံကြပြန်၏။ ဤတစ်ကြိမ်တွင် လီယန်ရန်သည် လူ့အသားကို ခုတ်ပိုင်းလိုက်ရသည်ဟု မခံစားရဘဲ မာကျောသော သံမဏိတုံးကို ခုတ်မိသကဲ့သို့ ခံစားလိုက်ရ၏။

"သေစမ်းးး"

လီယန်ရန်က အော်ဟစ်ကာ ဓားကို မရပ်မနား ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သူ၏တိုက်ခိုက်ပုံမှာ ရမ်းသမ်းတိုက်ခိုက်နေပုံပေါက်သော်လည်း စနစ်ကျသော ဗျူဟာများ ပါဝင်နေ၏။ လင်းချန် လက်သီးဖြင့် ခုခံနေသော်လည်း လီယန်ရန်၏ ဓားချက်များမှ ထွက်ပေါ်လာသော စွမ်းအားပြင်း ဓားအလင်းတန်းများကြောင့် အခြေအနေမှာ မလွယ်ကူလှချေ။

အကယ်၍ ရှောင်တိမ်းလိုက်ပါက နောက်ဆုတ်သွားရမည်ဖြစ်ပြီး ထွက်ပြေးရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်ပါကလည်း ဒဏ်ရာရနိုင်ခြေရှိသည်။

တိုက်ခိုက်နေရင်း လင်းချန် သဘောပေါက်သွားသည်။ 'ဒီကောင်... အချိန်ဆွဲနေတာပဲ...'

လီယန်ရန်သည် သူ့ကို အနိုင်ယူရန်ထက် ခွန်အားကုန်ခမ်းအောင် လုပ်ပြီး စစ်ကူများကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သတင်းမှားယွင်းနေမှုအရ ဤချိုင့်ဝှမ်းထဲတွင် လီယန်ရန်အပြင် အခြားသော နိဗ္ဗာန်နယ်ပယ် ပညာရှင်များလည်း ရှိနေနိုင်သည်။

လင်းချန် ဆုံးဖြတ်ချက်ချလိုက်သည်။ 'ဒါဆိုရင် မင်းကို အရင်ရှင်းပစ်ရမှာပေါ့'

ထို့နောက် ညာဘက်သို့ ခြေတစ်လှမ်းရွှေ့ကာ တစ်ဖက်မှ ကျလာသော ဓားအလင်းတန်းကို ဂရုမစိုက်ဘဲ လက်သီးဖြင့် ထိုးသွင်းလိုက်သည်။

"ရှီးးး"

ဓားအလင်းတန်းက လင်းချန်၏ ညာလက်မောင်းကို ရှပ်ထိသွားပြီး သွေးများ စီးကျလာ၏။ ဤသည်မှာ လီယန်ရန်နှင့် တိုက်ပွဲတွင် ပထမဆုံးအကြိမ် ဒဏ်ရာရရှိခြင်း ဖြစ်သည်။ လင်းချန် ဒဏ်ရာကို ဂရုမစိုက်ဘဲ ထိုးစစ်ဆင်လာသည်ကို မြင်သောအခါ လီယန်ရန် မျက်နှာပျက်သွားရသည်။

သူသည် ဓားကွက်ကို ချက်ချင်း ပြောင်းလဲလိုက်ပြီး သွေးရောင်ဓားကြီးကို မီးတောက်များဖြင့် ထိန်ထိန်ငြီးသွားစေလိုက်၏။

လီယန်ရန်က ခက်ထန်စွာ အော်ဟစ်လိုက်သည်။

"မီးတောက်ဓားသိုင်းးး"

ထိုအသံနှင့်အတူ ဓားမှ မီးတောက်များသည် အလင်းတန်းအသွင် ပြောင်းလဲကာ လင်းချန်ထံသို့ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်ရှိ မြေကြီးများသည်ပင် မီးလောင်ကျွမ်းပြီး မည်းနက်သွားရ၏။ ဤသည်မှာ နိဗ္ဗာန်နယ်ပယ် ဒုတိယအဆင့်ရှိသူ လီယန်ရန်၏ အစွမ်းကုန် တိုက်ခိုက်မှုပင် ဖြစ်တော့သည်။

သာမန် နေယွမ်အဆင့် ပညာရှင်သာဆိုလျှင် ထိုဓားချက်အောက်တွင် ပြာကျသွားပေလိမ့်မည်။ သို့သော် လင်းချန်သည် သာမန်နေယွမ်အဆင့် မဟုတ်ပေ။ မျက်နှာတည့်တည့်သို့ တိုးဝင်လာသော မီးတောက်များကို ကြည့်ရင်း လင်းချန် ခါးကို ညွှတ်ကာ လက်သီးကို နောက်ပစ်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်၏။

မီးတောက်များ သူ့ရှေ့ တစ်လက်မအလိုသို့ ရောက်ချိန်တွင် လင်းချန် မျက်လုံးကို ပြူးလိုက်ပြီး အော်ဟစ်ကာ လက်သီးနှစ်ဖက်ကို ပူး၍ ထိုးထုတ်လိုက်သည်။

"ကျားဟိန်းသိုင်းးး"

အဖြူရောင်စိတ်ဝိညာဉ်စွမ်းအားများသည် ဧရာမကျားခေါင်းကြီးသဏ္ဍာန် ဖြစ်ပေါ်လာပြီး မီးတောက်ဓားချက်ကို ဝါးမျိုလိုက်၏။

"ဝုန်းးးးးး"

သိုင်းဝိညာဉ်သားရဲဘုရင်၏ ဟိန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး မီးတောက်ဓားချက်မှာ ဖျက်ဆီးခံလိုက်ရကာ မီးပွားများအဖြစ် လွင့်စဉ်သွားလေသည်။

ထို့နောက် ကျားဟိန်းသံ၏ စွမ်းအားလှိုင်းများသည် ကြောင်အမ်းအမ်း ဖြစ်နေသော လီယန်ရန်၏ ရင်ဘတ်ကို အရှိန်ပြင်းစွာ ရိုက်ခတ်သွားလေတော့၏။

ချက်ချင်းပင် လီယန်ရန်၏ ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။

"အားးး အဟွတ်... အဟွတ်"

ထို့နောက် သူသည် နောက်ဘက်ရှိ လိုဏ်ဂူနံရံသို့ လွင့်စင်သွားကာ လက်ထဲမှ ဓားကြီးမှာလည်း လွတ်ကျသွားတော့သည်။ ထိုဓားကြီးသည် မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ဓားအသွင်မှ အနီရောင်သတ္တုဘောလုံးလေးနှင့် ဓားမြှောင်သေးသေးလေးအဖြစ် ပြောင်းလဲသွား၏။

ထိုအချိန်တွင် လင်းချန်သည်လည်း ရင်ဘတ်ကို ဖိကာ ရုတ်တရက်ဒူးထောက်ကျသွားရင်း ညည်းတွားလိုက်ရသည်။

"ဟူး..."

ပါးစပ်ထောင့်တွင် သွေးများ စီးကျနေသော လီယန်ရန်သည် လိုဏ်ဂူနံရံကို အမှီပြုကာ ထရပ်လိုက်ပြီး အောင်နိုင်သူအပြုံးဖြင့် လှောင်ပြောင်လိုက်လေသည်။

"ဟားဟား... လူငယ်ဧကရာဇ်... မင်း ဒါကိုတော့ မျှော်လင့်မထားဘူး မဟုတ်လား။ နိဗ္ဗာန်နယ်ပယ် ရောက်ရင် သိုင်းဝိညာဉ်ရဲ့ စွမ်းရည်တွေ နိုးထလာလေ့ရှိတယ်။ ငါ့ရဲ့ ဓားသိုင်းဝိညာဉ်က မီးအဆိပ် ပါလာပြီး ထိမိတဲ့သူကို လှုပ်ရှားလို့မရအောင် ဒုက္ခပေးနိုင်တယ်။ အခု မင်းခြေလက်တွေ ပျော့ခွေပြီး စိတ်ဝိညာဉ်စွမ်းအား စုစည်းလို့ မရတော့ဘူး မဟုတ်လား"

"ဗွမ်းးး ဗွမ်းးး ဗွမ်းးး"

လီယန်ရန်၏ စကားအဆုံးတွင် လင်းချန်၏ အနောက်ဘက်ရှိ ရေကန်ထဲမှ ရေပန်းများ ထောင်တက်လာပြီး လူရိပ်သုံးရိပ် ခုန်ထွက်လာကြ၏။

နောက်ထပ် နိဗ္ဗာန်နယ်ပယ်ပညာရှင် ၃ ဦး၏ အရှိန်အဝါများကို ခံစားလိုက်ရချိန်တွင် လင်းချန် သင်္ချိုင်းကုန်းသို့ရောက်သွားသလို ခံစားလိုက်ရပြီး တွေးလိုက်မိသည်။ 'ငါ ဒီမှာပဲ ဇာတ်သိမ်းရတော့မှာလား'

သို့သော် ထိုအချိန်တွင်ပင် လင်းချန်၏ နားထဲသို့ တိုးညင်းသော အသံတစ်သံက ကတိပေးလာသည်။ "အရှင်... ကျေးဇူးပြုပြီး ခဏလေးသည်းခံပါ... စစ်ကူတွေ လာနေပါပြီ..."

လင်းချန်တစ်ယောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။ "ဘာပေါတာလဲ"

ထို့နောက် ဘေးဘီဝဲယာကို အသည်းအသန်လိုက်လံ ကြည့်ရှုသော်လည်း မည်သူ့ကိုမှ မတွေ့ရချေ။ မကြာမီက သူကြားလိုက်ရသည့်အသံမှာ ဝေဝါးလွန်းလှသဖြင့် အဆိပ်မိနေသောကြောင့်ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုဟုသာ လင်းချန် မှတ်ယူလိုက်တော့သည်။

ယခု သူ၏ရှေ့မှောက်၌ အမှန်တကယ် အာရုံစိုက်ရမည့် အရာများ ရောက်ရှိနေပြီဖြစ်သည်။ လင်းချန် အသက်ကို လုရှူနေရပြီး ကိုယ်ကိုမတ်ရန် ကြိုးစားနေစဉ်မှာပင် ရေကန်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော လူသုံးယောက်သည် သူ့ကို လုံးဝလျစ်လျူရှုကာ လီယန်ရန်အနားသို့ လျှောက်သွားလိုက်ကြ၏။

ထူးခြားသည်မှာ ရေအောက်မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ထိုလူသုံးယောက်၏ ကိုယ်ပေါ်၌ ရေတစ်စက်မျှ စိုစွတ်နေခြင်းမရှိဘဲ ခြောက်သွေ့သန့်ရှင်းနေခြင်းပင် ဖြစ်သည်။ နောက်မှ ရောက်လာကြသည့် ထိုသုံးယောက်စလုံးသည် အနက်ရောင်အနားကွပ်ထားသည့် အနီရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး နိဗ္ဗာန်နယ်ပယ်အဆင့် သိုင်းဝိညာဉ်ပညာရှင်များ၏ အရှိန်အဝါများကို လွှမ်းခြုံထားကြသည်။

သူတို့သည် ဤချိုင့်ဝှမ်းအတွင်း ရောက်ရှိနေကြသော မဟာလှံတံဂိုဏ်းမှ ဂိုဏ်းသားများဖြစ်ကြောင်း သေချာလှ၏။

ထိုအထဲမှ ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူများဖြင့် အဘိုးအိုနှစ်ဦးမှာ ဆန်းကြယ်ပြီး သွေးပျက်ဖွယ်ကောင်းသော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြရာ ထိုသူသည် အစီအရင်ပညာရှင်များမှန်း လင်းချန် ချက်ချင်းပင် ရိပ်မိလိုက်သည်။

ထိုအဘိုးအိုနှစ်ယောက်သည် ကျင့်ကြံခြင်း၌ ပါရမီနည်းပါးသော်လည်း အစီအရင်ပိုင်းတွင် ထူးချွန်သူများဖြစ်ပုံရပြီး လင်းချန်၏ ဖခင်ချမှတ်ထားခဲ့သော သွေးမျိုးဆက် တံဆိပ်ခတ်နှိပ်ခြင်းကို ဖျက်ဆီးရန်ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။

လူငယ်ပုံစံနှင့် ကျန်တစ်ယောက်မှာမူ နူးညံ့သိမ်မွေ့ပုံရသော်လည်း ကောက်ကျစ်စဉ်းလဲသည့် မျက်နှာထားရှိကာ အပြုံးရေးရေး ပြုံးနေလေ၏။ သို့သော် လင်းချန်၏ မျက်လုံးထဲတွင်တော့ ထိုအပြုံးက အလွန်တရာမှ ယုတ်မာကောက်ကျစ်လွန်းနေသည်။

လင်းချန် ရှေ့မှ ကောက်ကျစ်သော မျက်နှာထားနှင့်လူကို စိုက်ကြည့်ရင်း အံကြိတ်လိုက်သည်။

"ဖူယုရှန်... နတ်ဓားဂိုဏ်းကို သစ္စာဖောက်သွားတာ ခင်ဗျားပါလား"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁ + ၁၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters