အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၅ + ၁၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လင်းချန် သတိပြန်ဝင်လာချိန်တွင် ကျောက်လုံသည် ခွေးသေကောင်ပမာ ဖြစ်နေသော ဖူယုရှန်ကို ဆွဲခေါ်လာပြီဖြစ်၏။
ကျောက်လုံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စိတ်ဝိညာဉ်စွမ်းအားများကြောင့် ဖူယုရှန်မှာ အာခံနိုင်စွမ်းမရှိတော့ဘဲ လင်းချန်ရှေ့တွင် ဒူးထောက်ကျသွားရတော့သည်။
"စိတ်ဝိညာဉ်စွမ်းအားလား ၊ ဂိမ်းထဲက ချီစွမ်းအားတန်ဖိုးတွေ ပြောင်းလဲသွားတာလား"
ထိုအငွေ့အသက်များကို အာရုံခံမိလိုက်သည့် လင်းချန်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကာ သူ၏ရှေ့မှောက်ရှိ ဖူယုရှန်ထံသို့ အကြည့်ရွှေ့လိုက်၏။
ထိုစဉ် ကျောက်လုံ ဆံပင်မှဆွဲကာ ဖမ်းချုပ်ထားသည့် ဖူယုရှန်မှာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် မော့ကြည့်လာ၏။ သူ၏ ခြေလက်များမှ သွေးများ ယိုစီးကျနေပြီး မျက်လုံးများမှာလည်း အာရုံစူးစိုက်နိုင်စွမ်းမရှိဘဲ ပြူးကျယ်ကာ တွေဝေငေးငိုင်နေရသည်။
"အရင်ဘဝ ဂိမ်းထဲက ရန်သူစစ်သူကြီးတွေ အမှန်တရားဖော်ထုတ်ဆေးရည် သောက်ပြီးသွားရင် ဖြစ်သွားတဲ့ ပုံစံနဲ့ တော်တော်တူတာပဲ"
လင်းချန် မေးလိုက်သည်။ "မင်းနာမည် ဘယ်သူလဲ"
ဖူယုရှန် ပြန်ဖြေ၏။ "ဖူယုရှန်"
လင်းချန် ဆက်မေးသည်။ "ကျား ၊ မ"
ဖူယုရှန်က တုံ့ပြန်၏။ "ကျား"
လင်းချန် စစ်မေးလိုက်သည်။ "စီနီယာအစ်ကိုချီကို သစ္စာဖောက်ခဲ့တာလား"
ဖူယုရှန်က ဝန်ခံလေ၏။ "ဟုတ်တယ်"
ဖူယုရှန်မှာ တွေဝေငေးငိုင်နေသော်လည်း မေးခွန်းသုံးခုလုံးကို လျင်မြန်စွာ ဖြေကြားခဲ့သဖြင့် ဆေးအာနိသင် ပြနေပြီဖြစ်ကြောင်း လင်းချန် အတည်ပြုနိုင်လိုက်၏။
ဆေးအာနိသင် ထိရောက်မှုကို အတည်ပြုပြီးသည်နှင့် လင်းချန် အမိန့်ပေးလိုက်သည်။
"ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မင်းသိထားသမျှ အကုန်ပြောစမ်း"
အမှန်တရားဖော်ထုတ်ဆေးရည်၏ အာနိသင်ကြောင့် ဖူယုရှန်သည် သူသိထားသမျှ အရာအားလုံးကို တရစပ်ဖွင့်ဟဝန်ခံတော့သည်။ လိုအပ်သည့် မေးခွန်းအချို့ကို ထပ်ဖြည့်မေးမြန်းလိုက်ပြီးနောက်တွင် ဖြစ်ရပ်တစ်ခုလုံး၏ အစနှင့်အဆုံးကို လင်းချန် ရှင်းလင်းစွာ သဘောပေါက်သွားတော့၏။
မူလက ဓားနတ်ဘုရားဂိုဏ်းမှ အလှနတ်သမီးလေး ယီစင်းသည်ထူးကဲသော ပါရမီစွမ်းရည်များကို ပြသခဲ့ပြီး နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း သိရသည်။ ထို့အပြင် ယီစင်း၏ နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းမည့် နည်းလမ်းမှာ သာမန်သိုင်းပညာရှင်များနှင့် မတူညီပေ။
သူမသည် နေယွမ်နယ်ပယ် အဆင့်ကိုးသို့ ရောက်တိုင်း အဆင့်တစ်မှနေ၍ ကိုးကြိမ်တိုင်တိုင် ပြန်လည်ကျင့်ကြံအားထုတ်ရသည့် နည်းလမ်းကို အသုံးပြုထားခြင်းဖြစ်သည်။
အခြေခံနယ်ပယ်ကြီးသုံးခုတွင် တိမ်ယွမ်နယ်ပယ်နှင့် လယွမ်နယ်ပယ်တို့မှာ အခြေခံအကျဆုံးမဟုတ်ဘဲ နေယွမ်နယ်ပယ်သာလျှင် အခြေခံအကျဆုံးဖြစ်သည်။ ကိုးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ကျင့်ကြံပြီးနောက်တွင် အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာလာမည်ဖြစ်ပြီး နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းသွားနိုင်ချိန်တွင် သိုင်းဝိညာဉ်၏ စွမ်းရည်များမှာ ပိုမိုအားကောင်းလာကာ စိတ်ဝိညာဉ်စွမ်းအား သန့်စင်မှုမှာလည်း သာမန်သိုင်းပညာရှင်များ ယှဉ်နိုင်မည့်အရာ မဟုတ်တော့ပေ။
ထိုကျင့်ကြံခြင်းနည်းလမ်းကို နိဗ္ဗာန်စက်ဝန်းကိုးသွယ်ဟု ခေါ်ဆိုကြပြီး ပြိုင်ဘက်ကင်းပါရမီရှင်များသာလျှင် ကျင့်ကြံခွင့်ရှိသော နည်းလမ်းဖြစ်သည်။ ယီစင်း နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ပြီးမြောက်အောင်မြင်ထားပြီးဖြစ်ကာ နောက်ထပ် ခုနစ်ရက်အတွင်း နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းတော့မည်ဖြစ်သည်။
ဓားနတ်ဘုရားဂိုဏ်းနှင့် မူလကပင် မသင့်မြတ်သော မဟာလှံတံဂိုဏ်းသည် ထိုကဲ့သို့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာမည့်ကိစ္စကို လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် လီမိသားစုနှင့် ပူးပေါင်းကာ ကြီးမားသော ဆုလာဘ်များပေးအပ်မည်ဟု ကတိပြုပြီး ယီမိသားစုတစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ရန် စီစဉ်ခဲ့ကြ၏။
နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းခြင်းသည် စိတ်ကို တည်ငြိမ်စေရန်လိုအပ်ပြီး ဒေါသထွက်ခြင်းနှင့် စိတ်မငြိမ်မသက်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ယီစင်းသည် သူမ၏ စိတ်အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရန်အတွက် နောက်ထပ်ခုနစ်ရက် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
အကယ်၍သာ သူတို့သည် ယီမိသားစုကို အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပါက ထိုအကြောင်းသိလိုက်ရချိန်တွင် ယီစင်းတစ်ယောက် တည်ငြိမ်သော စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ပါဦးမည်လော။
ထို့အပြင် မဟာလှံတံဂိုဏ်းသည် ဓားနတ်ဘုရားဂိုဏ်းမှ မိန်းကလေး တစ်ယောက်အား တိတ်တဆိတ် လာဘ်ထိုးထားခဲ့၏။ ထိုအမျိုးသမီးသည် အပေါ်ယံတွင် ယီစင်းနှင့်မိတ်ဆွေ သူငယ်ချင်းသဖွယ် ရင်းနှီးသော်လည်း သူမ၏အတွင်းစိတ်ထဲ၌မူ ယီစင်းအား မနာလိုမုန်းတီး နေသူဖြစ်သည်။
ထိုအမျိုးသမီး၏ စိတ်ထဲတွင် ယီစင်းသာ မရှိတော့လျှင် သူမသည် ဓားနတ်ဘုရားဂိုဏ်းမှ ဓားသူတော်စင်မယ်၏ တပည့်ရင်းဖြစ်လာလိမ့်မည်ဟု ယူဆထားသည်။
ထို့ကြောင့် မဟာလှံတံဂိုဏ်းသည် ယီစင်းကျင့်ကြံနေစဉ် အစောင့်အရှောက်တာဝန်ယူထားရသော ထိုအမျိုးသမီးနှင့် ပူးပေါင်းကာ ယီမိသားစု လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းကို စိတ်ဝိညာဉ်အသံလွှင့်နည်းပညာဖြင့် ပေးပို့စေရန် စီစဉ်ထားလေသည်။
ယီစင်းအနေဖြင့် ထိုသတင်းကို ချက်ချင်းမယုံကြည်သော်လည်း ကျင့်ကြံရာမှ ထွက်လာသည်နှင့် အမှန်တရားကို သိရှိသွားမည်ဖြစ်ရာ ၊ ထိုအခါ ချီဓာတ်ဖောက်ပြန်ကာ သိုင်းလမ်းစဉ် သွေဖည်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ထို့အပြင် ထိုသစ္စာဖောက်အမျိုးသမီးသည်လည်း မဟာလှံတံဂိုဏ်းထံမှ မိုင်တစ်သောင်း အရိပ်မဲ့အဆောင်ကို ရရှိမည်ဖြစ်ပြီး ဘေးကင်းစွာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
"စင်းစင်းက နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ပြီးမြောက်သွားပြီပေါ့။ တကယ်ပဲ အံ့မခန်းပါပဲ... ဒါကြောင့်လည်း မဟာလှံတံဂိုဏ်းက သူ့ကို လုပ်ကြံဖို့ နည်းလမ်းရှာနေကြတာကိုး"
ယီစင်းတစ်ယောက် နိဗ္ဗာန်စက်ဝန်းကိုးသွယ် ပြီးမြောက်သွားကြောင်း ကြားလိုက်ရသဖြင့် လင်းချန် အံ့ဩသွားမိသည်။ လင်းချန်ကိုယ်တိုင်လည်း နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ကျင့်ကြံနေသော်လည်း သူသည် ဒုတိယအဆင့်သာ ရှိသေးသည်။
ထို့နောက် သူ ခေါင်းယမ်းလိုက်စကာ တွေဝေငေးငိုင်နေသော ဖူယုရှန်ကို ကြည့်လိုက်ပြီး ရွံရှာစက်ဆုပ်စွာဖြင့် ရေရွတ်လိုက်သည်။
"တိရစ္ဆာန်ထက်တောင် နိမ့်ကျတဲ့အကောင်"
ထို့နောက် လင်းချန် စိတ်ဝိညာဉ်စွမ်းအားများကို လက်ဖဝါးတွင် စုစည်းလိုက်ပြီး ဖူယုရှန်၏ နဖူးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်သွားသောအခါ ဖူယုရှန်၏ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားရ၏။ ကျောက်လုံ လက်ကိုလွှတ်လိုက်သည်နှင့် ဖူယုရှန်၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ပြိုလဲကျသွားလေတော့သည်။
ထိုအချိန်တွင် သံချပ်ကာဝတ် စစ်သည်များသည် ပြန်လည်စုစည်းကာ လင်းချန်၏ ရှေ့မှောက်တွင် ညီညာစွာ တန်းစီ၍ အမိန့်ကို စောင့်ဆိုင်းနေကြ၏။ စစ်သည်တစ်ထောင်ပါဝင်သော သံချပ်ကာတပ်ဖွဲ့ကြီးကို ကြည့်ရှုရင်း လင်းချန်သည် စစ်မြေပြင်ကို ရှင်းလင်းရန် အမိန့်အမျိုးမျိုး ပေးလိုက်သည်။
ခေတ္တကြာပြီးနောက် ဤစစ်သည်များမှာလည်း ထူးခြားမှုရှိနေကြောင်း လင်းချန် သတိထားမိလိုက်သည်။ သူတို့သည် ကျောက်လုံနှင့်မတူဘဲ ယခင်ဘဝ ဂိမ်းထဲတွင်ကဲ့သို့ လင်းချန်၏ အမိန့်ကိုသာ တစ်သွေမတိမ်း လိုက်နာသော ဇာတ်ကောင်များ ပုံစံမျိုး ဖြစ်နေသည်။
ယခုအခါ သူတို့သည် အသွေးအသား ၊ ခံစားချက်နှင့် ဉာဏ်ပညာများ ရှိလာပြီး အသက်ဝင်လာသယောင် ရှိနေသော်လည်း လင်းချန်သည် သူတို့ထံမှ မည်သည့် သက်ရှိအငွေ့အသက်ကိုမျှ မခံစားရပေ။ သူတို့သည် ဉာဏ်ရည်တုများကဲ့သို့သာ ဖြစ်နေ၏။
"ဘုန်းး"
ထိုအချိန်တွင် လင်းချန်၏ စိတ်အာရုံထဲသို့ များပြားလှသော သတင်းအချက်အလက်များ ဝင်ရောက်လာပြီး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသော်လည်း လင်းချန်၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို မြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။ နောက်တစ်ခဏတွင် သူ၏မျက်လုံးရှေ့မှောက်၌ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော ရွှေရောင်ဘောင်ကွက်တစ်ခု ပေါ်လာပြီး စာတန်းများ ပေါ်လာသည်။
[ဟွာရှာအင်ပါယာ ပြန်လည်ပြုပြင်ခြင်း ပြီးစီးပါသည်။]
လင်းချန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်ဖဝါးများကို ရှေ့သို့ဆန့်ထုတ်ကာ ဘေးဘက်သို့ အားဖြင့် ဆွဲခွဲလိုက်၏။ ချက်ချင်းဆိုသလိုပင် လင်းချန်၏ ရှေ့မှောက်၌ ရွှေရောင် ဖန်သားပြင်များ ပေါ်လာတော့သည်။
ထိုအရာများကို ကြည့်ရင်း လင်းချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ပြန်လည်ခံစားလိုက်ရကာ လေထဲတွင် ဝဲပျံနေသော ရွေးချယ်စရာများကို လက်ဖြင့် လိုက်လံနှိပ်ကြည့်နေမိတော့သည်။
ဟွာရှာအင်ပါယာ၏ အချက်အလက်များနှင့် လက်ရှိအခြေအနေများကို သူ၏ မျက်စိရှေ့မှောက်တွင် အထင်အရှား တွေ့မြင်နေရသည်။ အကယ်၍သာ ဘေးတွင် ပြင်ပလူတစ်ယောက် ရှိနေပါက လင်းချန်တစ်ယောက် လေထဲတွင် လက်ယမ်းပြကာ ရူးသွပ်နေသည်ဟု ထင်မြင်ပေလိမ့်မည်။ ယခင်ဘဝ ဂိမ်းထဲမှ ပုံစံအတိုင်း ထပ်တူညီသော ဤစနစ်အချက်အလက်များကို လင်းချန်နှင့် ကျောက်လုံတို့သာ မြင်တွေ့နိုင်သည်။
လင်းချန် လက်ဝှေ့ယမ်းလိုက်ရာ ရှေ့မှောက်ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး သူက တိုးညှင်းစွာ ရယ်မောကာ ပြောလိုက်သည်။
"မူလတိုင်းပြည်ဆီ ပြန်ကြစို့"
"ဝှစ်"
လင်းချန် ၊ ကျောက်လုံနှင့် သံချပ်ကာ စစ်သည်များထံမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး လက်ရှိနေရာမှ ပျောက်ကွယ်သွားကြတော့သည်။ လင်းချန်၏ မြင်ကွင်းမှာ ခေတ္တမျှ အမှောင်ကျသွားပြီးနောက် လျင်မြန်စွာပင် ပြန်လည်ကြည်လင်လာ၏။
သို့သော် ယခုအခါ သူသည် တောင်ကြားထဲတွင် ရှိမနေတော့ဘဲ ကြီးကျယ်ခမ်းနားပြီး ကျယ်ဝန်းလှသော ရင်ပြင်တစ်ခု၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီဖြစ်သည်။
သူသည် အဖြူရောင်ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသော တြိဂံပုံစံ စင်မြင့်တစ်ခုထက် ရောက်ရှိနေသည်။ စင်မြင့်၏ အောက်ခြေတွင် ခြေငါးချောင်းပါ နတ်နဂါးကိုးကောင်ကို အပြာရောင်ငွေထည်များဖြင့် ထွင်းထုထားပြီး ထိပ်ဘက်တွင် ရွှေရောင်နဂါးငါးကောင်ကို ရွှေစင်ဖြင့် ထွင်းထုထားသည်။
စင်မြင့်အောက်ရှိ နေရာလွတ်တစ်ခုတွင် ကျောက်လုံ ရုတ်တရက် ပေါ်လာပြီး သူ၏ဘေးပတ်ဝန်းကျင်တွင် အခြားသော အစွမ်းထက်သည့် အရှိန်အဝါပိုင်ရှင်များစွာလည်း ရှိနေ၏။ ကျယ်ပြောလှသော ရင်ပြင်ကြီးတစ်ခုလုံးတွင် ထောင်ပေါင်းများစွာသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။
ယခု ရင်ပြင်ပေါ်တွင် ရပ်နေကြသူများမှာ ဟွာရှာအင်ပါယာ၏ ထိပ်တန်းအထက်တန်းလွှာများဖြစ်ကြပြီး အဆင့်ဆင့် ရွေးချယ်ခံရပြီးမှသာ ဤနေရာသို့ ရောက်ရှိကာ သူတို့၏ အရှင်သခင်ကို တွေ့ဆုံခွင့်ရကြသူများ ဖြစ်သည်။
လင်းချန် စင်မြင့်ထက်မှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ယခင်က သက်မဲ့ဖြစ်ခဲ့သော်လည်း ယခုအခါ ခံစားချက်များဖြင့် ပြည့်နှက်နေပြီး သူ့ကို မော့ကြည့်နေကြသော ရင်းနှီးကျွမ်းဝင်သည့် မျက်နှာများကို မြင်တွေ့လိုက်ရသည်။ သူတို့တစ်ဦးစီတိုင်းသည် မတူညီသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။
ယခုအချိန်တွင် လင်းချန် သေချာအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ သူသည် ဤကမ္ဘာသို့ ဝင်စားလာရုံသာမက ယခင်ဘဝ ဂိမ်းထဲတွင် တည်ဆောက်ခဲ့သော အင်ပါယာဖြစ်သည့် ဟွာရှာအင်ပါယာသည်လည်း သူနှင့်အတူ ဤကမ္ဘာသို့ ပါလာခဲ့၏။
ရင်ပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်စဉ် လင်းချန်၏ ရင်ထဲ၌ မဖော်ပြနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။ ယခင်ဘဝတွင် သူသည် ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး သူ့၏မွေးစားမိဘများကလည်း လေယာဉ်ပျက်ကျကာ ကွယ်လွန်သွားခဲ့ကြသည်။
သူ့အတွက်... ကြီးမားသောအမွေအနှစ်များနှင့် စီးပွားရေးအင်ပါယာတစ်ခုကို ချန်ထားရစ်ခဲ့၏။
ဟွာရှာအင်ပါယာ ဂိမ်းသည် လင်းချန်၏ ရင်ထဲရှိ အထီးကျန်ဖြစ်မှုကို ဖြည့်ဆည်းပေးရာနေရာဖြစ်ပြီး သူဖန်တီးခဲ့သော စစ်သူကြီးများသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အဖော်မွန်များ ဖြစ်ခဲ့ကြသည်။
တတိယဒေသဆာဗာတွင် တစ်ကိုယ်တော် လွှမ်းမိုးထားနိုင်ပြီးနောက် လင်းချန် အခြားဒေသများသို့ သွားရောက်ကာ အကောင့်သစ်မဖွင့်တော့ဘဲ ဆာဗာတစ်ခုလုံးရှိ သူ၏ ကြွယ်ဝသော အရင်းအမြစ်များကို အသုံးပြု၍ အင်ပါယာကို အဆင့်ဆင့် မြှင့်တင်ခဲ့၏။
နောက်ပိုင်းတွင် ဆာဗာဖြတ်ကျော်စစ်ပွဲများ၌ ပထမ ၊ ဒုတိယနှင့် စတုတ္ထဒေသများမှ ထိပ်တန်းအင်ပါယာများ ပူးပေါင်းကာ ဟွာရှာအင်ပါယာကို တိုက်ခိုက်ခဲ့ကြသည်။
ထိပ်တန်းအင်ပါယာ ၂၃ ခု၏ တပြိုင်နက်တည်း တိုက်ခိုက်မှုကို ခံရသော်လည်း လင်းချန်သည် သုံးရက်သုံးညတိုင်တိုင် ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် သူ၏ ဂိမ်းနားကြပ်မှာ ပုံမှန်မဟုတ်ဘဲ အပူလွန်ကဲလာပြီး ဂိမ်းထဲမှ ထွက်၍မရတော့ပေ။ ထိုအခိုက်အတန့်တွင် သူ မကြာမီ သေဆုံးရတော့မည်ကို လင်းချန် သိလိုက်သည်။
ထို့နောက် သူသည် ဟွာရှာအင်ပါယာ၏ စစ်သူကြီးများ ၊ စစ်သည်များနှင့် အထက်တန်းလွှာတပ်ဖွဲ့များအားလုံးကို ပြန်လည်အသက်သွင်းကာ ဟွာရှာရင်ပြင်တွင် စုစည်းလိုက်၏။
သူသည် ဟွာရှာ၏ မီးတောက်ဟုခေါ်သော ဤစင်မြင့်ပေါ်တွင် ရပ်လျက် သူ၏ ဂိမ်းကို ပြန်လည်သုံးသပ်ခဲ့သည်။ ထိုအချိန်က စင်မြင့်အောက်ရှိ သူဖန်တီးထားသမျှ အရာအားလုံးနှင့် သက်မဲ့မျက်နှာများကို ကြည့်ရင်း သူ လွမ်းဆွတ်စွာ ရေရွတ်ခဲ့ဖူး၏။
"မင်းတို့သာ အသက်ဝင်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ မင်းတို့သာ ငါ့နောက်လိုက်တွေ ဖြစ်လာရင် သိပ်ကောင်းမှာပဲ"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၅ + ၁၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team