အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၇ + ၁၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
နောက်ပိုင်းတွင် အပူလွန်ကဲနေသော ဂိမ်းနားကြပ် ပေါက်ကွဲမှုကြောင့် လင်းချန် သေဆုံးသွားခဲ့ပြီး ဤကမ္ဘာသို့ ဝင်စားလာခဲ့ခြင်းဖြစ်သည်။
ယခုဘဝတွင် သူသည် မိဘမဲ့မဟုတ်တော့ဘဲ မိဘများ၏ နွေးထွေးသော မေတ္တာကို ခံစားနေရပြီဖြစ်သည်။
သူ့ကို ချစ်ခင်သော ယောက္ခမလောင်းနှင့် ငယ်သူငယ်ချင်း စေ့စပ်ထားသူ တစ်ဦးလည်း ရှိနေပြီဖြစ်သည်။ သူ့ကို ဂရုတစိုက် ဖေးမကူညီပေးမည့် ဆရာတစ်ဦးကိုလည်း ပိုင်ဆိုင်ထားသေး၏။
သို့သော်.သူသည် ယခင်ဘဝ ဂိမ်းထဲမှ အင်ပါယာအကြောင်းကို ရံဖန်ရံခါ အိပ်မက် မက်နေဆဲဖြစ်သည်။
လင်းချန်အတွက်မူ ယခင်ဘဝက ဂိမ်းကမ္ဘာသည် ဒုတိယဘဝတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ယခု ဤစင်မြင့်ထက်၌ ရပ်တည်နေချိန်တွင် လင်းချန် ယခင်ဘဝက မသေဆုံးမီ ဂိမ်းကမ္ဘာထဲ၌ ရှိနေခဲ့စဉ်ကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် ယခုအခါ အရာအားလုံး ကွဲပြားသွားပြီဖြစ်ကာ ယခင်ဘဝက မသေဆုံးမီ မက်ခဲ့သော အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်သည်။
လင်းချန်၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားပြီးနောက် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
"ဟွာရှာရဲ့ သွေးသားတွေ..."
"ဟွာရှာရဲ့ ဝိညာဉ်တွေ..."
"ဟွာရှာကို ထိပါးစော်ကားလာရင် ဘာလုပ်ကြမလဲ"
စင်မြင့်အောက်မှလည်း ကျယ်လောင်သော တုံ့ပြန်ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။
"ဘယ်လောက်ပဲ ဝေးလံပါစေ... သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
လင်းချန် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်အထိ အားပါးတရ ရယ်မောလိုက်မိရင်း ကြေညာလိုက်သည်။
"မင်းတို့ရဲ့ ဧကရာဇ်မင်းမြတ်... ငါကိုယ်တော် ပြန်လာပြီကွ"
**--**--**--**--**--**--**--**
ဘာရှန်းမြို့၊ နတ်ဓားဂိုဏ်း၏ လူရွေးချယ်ပွဲ။
ဘာရှန်းမြို့ရှိ ယီအိမ်တော်။
ယခုလက်ရှိအချိန်တွင် ဘာရှန်းမြို့၏ အဓိကမိသားစုကြီးသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သော ယီအိမ်တော်သည် လူအများဖြင့် စည်ကားသိုက်မြိုက်နေပြီး ဆူညံပွက်လောရိုက်နေလျက်ရှိသည်။ အကြောင်းရင်းမှာ ယီအိမ်တော်၌ ကျင်းပပြုလုပ်နေသည့် နတ်ဓားဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော လူရွေးပွဲကြောင့်ပင် ဖြစ်သည်။
ယီအိမ်တော်၌ ဤပွဲကို ကျင်းပခြင်းက ဘာရှန်းမြို့ရှိ လူအများအပြားကို အံ့အားသင့်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယခင်က နတ်ဓားဂိုဏ်း၏ လူရွေးပွဲများကို ပိုင်မိသားစုအိမ်တော်၌သာ အမြဲကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။
ယီအိမ်တော်၏ ဝင်ပေါက်ရှေ့ရင်ပြင်တွင် အနည်းဆုံး လူတစ်သိန်းခန့် ဆံ့သော ကျယ်ဝန်းလှသည့် ကွင်းပြင်ကြီးတစ်ခု ရှိနေသည်။ ဤနေရာသည် ယီမိသားစု၏ အရေးကြီးသော အခမ်းအနားများနှင့် အစည်းအဝေးများ ပြုလုပ်ရာ နေရာဖြစ်သလို ပုံမှန်အားဖြင့် ယီမိသားစုဝင်များ ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ရာ နေရာလည်း ဖြစ်သည်။
ယခုအခါ ထိုကွင်းပြင်ကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားလျက်ရှိသည်။ ကွင်းပြင်ပတ်လည်ရှိ ကြည့်ရှုဆောင်များတွင်လည်း ဘာရှန်းမြို့ရှိ အင်အားစုကြီးငယ် အသီးသီးက နေရာယူထားကြပြီဖြစ်သည်။
ထိုအထဲတွင် မြောက်ဘက်ရှိ ကြည့်ရှုဆောင်သည် အခမ်းနားဆုံးဖြစ်ပြီး အဓိကနေရာ သုံးခု ပါဝင်၏။ ဘာရှန်းမြို့၏ အဓိကမိသားစုကြီးသုံးခုသာ ထိုနေရာများတွင် ထိုင်ခွင့်ရှိသည်။ ညာဘက်ကြည့်ရှုဆောင်တွင် လီမိသားစုဝင်များ နေရာယူထားကြပြီး ယခင်နှစ်များထက် လူအင်အား ပိုမိုများပြားနေသည်ကို သိသာစွာ တွေ့မြင်နေရ၏။
သို့သော် လူထု၏အာရုံကို အမှန်တကယ် ဖမ်းစားထားသည်မှာ ယီမိသားစုခေါင်းဆောင် ယီနန်ရှင်းနှင့် မြို့စားမင်း ပိုင်ဇန်တို့ တစ်စုံတစ်ခုကို အငြင်းပွားနေပုံရသည့် မြင်ကွင်းပင် ဖြစ်သည်။
ယီနန်ရှင်းက သူ့ရှေ့ရှိ မုတ်ဆိတ်ရှည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးကို အားနာပါးနာဖြင့် ရှင်းပြလိုက်၏။
"အစ်ကိုပိုင် ၊ အလယ်ခုံက ပိုင်မိသားစုအတွက် အမြဲတမ်း သီးသန့်ထားရှိခဲ့တာလေ ယီမိသားစုက ဘယ်လိုလုပ် အလယ်မှာ နေလို့ရမှာလဲ။ ပြီးတော့ ကျွန်တော်က ကလေးတွေ လက်ထပ်ဖို့ကိစ္စကို ငြင်းလိုက်လို့ အစ်ကိုပိုင်က ကျွန်တော့်ကို မလေးစားဘူးဆိုပြီး စိတ်ဆိုးနေတုန်းလား။ တကယ်တော့ ယီစင်းဆိုတဲ့ ကလေးမလေးက ကျင့်ကြံခြင်းက ပိုအရေးကြီးတယ်လို့ အတင်းပြောနေလို့ပါဗျာ..."
ယီနန်ရှင်း၏ ရှေ့တွင် ရပ်နေသော အဖြူအမည်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသည့် မုတ်ဆိတ်ရှည်နှင့် လူကြီးက လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။
"အစ်ကိုယီ၊ ကျုပ်သား ပိုင်ရန်ကတောင် ကျုပ်သဘောနဲ့ကျုပ် စီစဉ်လိုက်လို့ဆိုပြီး အပြစ်တင်နေသေးတယ် တကယ်ဆို ကျုပ်က ကမ်းလှမ်းမှု မလုပ်ခဲ့သင့်ပါဘူး။ ဒါကြောင့် ကျုပ် ခင်ဗျားကို တကယ် စိတ်မဆိုးပါဘူးဗျာ။ ရွေးချယ်ပွဲက ယီအိမ်တော်မှာ လုပ်တာဆိုတော့ သဘာဝကျကျပဲ အလယ်ခုံက ခင်ဗျားတို့ ယီမိသားစုနဲ့ပဲ သက်ဆိုင်တာပေါ့။"
ထိုသို့ပြောပြီးနောက် ပိုင်ဇန် ပိုင်မိသားစုဝင်များကို ဦးဆောင်ကာ ဘယ်ဘက် ကြည့်ရှုဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေတော့သည်။
ပိုင်ရန်က ယီနန်ရှင်းအား လေးစားစွာ ဂါရဝပြုလိုက်သည်။
"ဦးလေးယီ။"
ထို့နောက် ဖခင်ဖြစ်သူနောက်သို့ လိုက်ပါသွားတော့၏။
ယီနန်ရှင်းမှာ တွေဝေကြောင်အမ်းစွာဖြင့် ရေရွတ်လိုက်မိသည်။ "ဒါက..."
ယမန်နေ့က သူသည် ပိုင်ဇန်၏ သားအတွက် လက်ထပ်ခွင့် လာရောက်တောင်းရမ်းမှုကို ငြင်းပယ်ခဲ့ရာ ပိုင်ဇန် ဒေါသတကြီး ဆဲဆိုခဲ့ပြီး ရန်ပွဲပင် အနည်းငယ် ဖြစ်ပွားခဲ့သေးသည်။ ထိုသို့သော အခြေအနေများကြောင့် ယနေ့တွင် ပိုင်ဇန် သူ့ကို လှည့်ပင်ကြည့်မည်မဟုတ်ဟု ယီနန်ရှင်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်း ဆုံတွေ့ချိန်တွင်မူ ပိုင်ဇန် လူမှားနေသလား ထင်မှတ်ရလောက်အောင် ဖော်ရွေပျူငှာနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ပို၍ထူးဆန်းသည်မှာ ပိုင်မိသားစုအိမ်၌ တစ်ညအိပ်ခဲ့သော ယီလင်း ပြန်ရောက်လာချိန်တွင် နတ်ဓားဂိုဏ်းမှ ကျောက်ညီနောင်နှင့် အံ့ဩစရာကောင်းလောက်အောင် ရင်းနှီးကျွမ်းဝင်နေပြီး ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြခြင်းပင် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ယီလင်း၏ဖခင်ဖြစ်သူ ယီနန်ရှင်း၏ ညီ ယီနန်ရီမှာ ပါးစပ်နားရွက်တိတ်ချိတ်မတတ် ပြုံးပျော်နေလေတော့သည်။
ထိုအခြေအနေများကြောင့် ယီနန်ရှင်း ယီမိသားစုကို ဦးဆောင်ကာ ယခင်က မြို့စားမင်းအတွက်သာ သီးသန့်ထားရှိသော အလယ်ဗဟို ကြည့်ရှုဆောင်၌ ဝင်ထိုင်လိုက်ရတော့သည်။
အားလုံး နေရာယူပြီးသွားသည့်နောက် ကျောက်ချောင်နှင့် ကျောက်ကျန့်တို့ အဝေးမှ ခုန်ပျံလာပြီး အလယ်ရှိ စင်မြင့်ထက်သို့ လွှားခနဲ ဆင်းသက်လိုက်ကြ၏။ နတ်ဓားဂိုဏ်း တပည့်နှစ်ဦး ရောက်ရှိလာမှုကြောင့် ဘာရှန်းတစ်မြို့လုံး၏ အာရုံသည် စင်မြင့်ထက်သို့ စုပြုံရောက်ရှိသွား၏။
ကျောက်ချောင်နှင့် ကျောက်ကျန့်တို့ စင်မြင့်ပေါ်မှနေ၍ စည်းကမ်းချက်များကို တစ်ချက်ချင်း ကြေညာလေသည်။ "လူရွေးချယ်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်သူများသည် အသက် ၁၆ နှစ်ထက် မကျော်ရဘူး။ တားမြစ်ဆေးဝါးတွေ သုံးခွင့်မရှိဘူး။ လက်နက်အနေနဲ့ အဖြူရောင်အဆင့် စိတ်ဝိညာဉ်လက်နက်ကိုပဲ အသုံးပြုခွင့်ရှိမယ်။"
လူငယ်မောင်မယ်များမှာ စည်းကမ်းချက်များကို စိတ်အားထက်သန်စွာ နားထောင်နေကြ၏။
သို့သော် သူတို့ဘေးရှိ လူကြီးပိုင်းများမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။
နတ်ဓားဂိုဏ်းမှ ပြန်ရောက်လာသော ပိုင်ရန်သည် ဤဘာရှန်းမြို့ လူရွေးပွဲ၏ စစ်ဆေးရေးမှူးအဖြစ် တာဝန်ယူမည်ဟု သူတို့ အမြဲ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် စင်ပေါ်၌ စည်းကမ်းကြေညာရမည့်သူမှာ ပိုင်ရန်သာ ဖြစ်သင့်သည်။
သို့ပါလျက် အဘယ်ကြောင့် ပိုင်ရန်သည် စင်အောက်၌သာ တိတ်ဆိတ်စွာ ထိုင်နေပြီး ဤနတ်ဓားဂိုဏ်း တပည့်နှစ်ဦးက စည်းကမ်းများကို ဖတ်ပြနေရသနည်း။
စည်းကမ်းများ ဖတ်ပြပြီးနောက် ထိုညီအစ်ကိုနှစ်ဦးသည် ပြိုင်ပွဲစတင်ကြောင်း ကြေညာကာ စင်မြင့်ပေါ်မှ ဆင်း၍ ယီမိသားစု ကြည့်ရှုဆောင်၌ ဝင်ထိုင်လိုက်ကြသည်။
သို့ဖြင့် လူရွေးပွဲကြီး တရားဝင် စတင်သွားပြီဖြစ်လေ၏။
ဘာရှန်းမြို့မှ ပါရမီရှင် လူငယ်များသည် စင်မြင့်ပေါ်သို့ အစီအရီ တက်ရောက်ကာ မိမိတို့၏ စွမ်းဆောင်ရည်များကို ပြသကြသည်။ အများစုမှာ တိမ်ယွမ်နယ်ပယ် အဆင့်၌သာ ရှိသေးပြီး စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းနိုင်ခြင်းမရှိဘဲ ကာယခွန်အားကိုသာ လုံးလုံးလျားလျား အားကိုးနေကြရသည်။ မိသားစုကြီးသုံးခုမှ သားသမီး အများစုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
အချို့သော မိသားစုများမှ ပါရမီရှင် အနည်းငယ်သာလျှင် လယွမ်နယ်ပယ်သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ စိတ်ဝိညာဉ်အလင်းတန်းများ ထုတ်လွှတ်နိုင်ကြသည်။
ဥပမာအားဖြင့် ယီမိသားစုမှ တတိယအကြီးအကဲ၏ သားနှင့်သမီးဖြစ်သော ယီလုံနှင့် ယီဖုန်းတို့လိုမျိုး ဖြစ်သည်။ သူတို့၏ အမည်နာမများကပင် တတိယအကြီးအကဲ၏ မြင့်မားလှသော မျှော်လင့်ချက်များကို ထင်ဟပ်ပြနေပြီး သူတို့မောင်နှမသည်လည်း အမှန်တကယ်ပင် ထူးချွန်ကြ၏။
အသက် ၁၅ နှစ်အရွယ် ယီလုံသည် လယွမ်နယ်ပယ် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကာ ၁၄ နှစ်အရွယ် ယီဖုန်းကမူ ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မောင်နှမနှစ်ဦး၏ ဘဝင်မြင့်နေသော အမူအရာကို ကြည့်ပြီး ဘေးတွင် ထိုင်နေသော ယီလင်းမှာ မနေနိုင်ဘဲ ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်။ "ပထမအကျော့ပဲ နိုင်သေးတာကို ဘာတွေများ ဒီလောက် မောက်မာနေကြတာလဲ။"
သို့သော် ထိုစကားကို ယီဖုန်းက အတိုင်းသား ကြားသွားကာ ပက်ပက်စက်စက် တုံ့ပြန်လာသည်။
"ဟုတ်လား ဒါပေမဲ့ တချို့လူတွေကျတော့ သတ္တိကြောင်လွန်းလို့ စင်ပေါ်တောင် မတက်ရဲဘဲ ပြိုင်ပွဲကို အရှုံးပေးပြီး ပွစိပွစိ လုပ်ရဲသေးတယ်နော်။"
ယီလုံသည်လည်း မောက်မာစွာဖြင့် ဝင်ရောက် လှောင်ပြောင်လိုက်၏။
"ယီလင်း... အစ်မစင်းက နင့်ကို ထောက်ပံ့ကူညီနေတာတောင် နင်က လယွမ်နယ်ပယ်အဆင့် ကို မရောက်သေးဘူးမလား။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တဲ့ အဲ့ဒီအသုံးမကျတဲ့ လင်းချန်လို ကောင်မျိုးပဲ။"
ယီလင်းလည်း ယီလုံကို ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်၏။
"ငါလည်းအရင်တုန်းက နင်တို့လိုပဲ ကျဉ်းမြောင်းတဲ့အမြင်ရှိခဲ့ဖူးတယ် ဒါပေမဲ့ အခု ငါသိလိုက်ရတာက လင်းချန်က နင်တို့ထက် အဆတစ်ရာ ပိုအရည်အချင်းရှိတယ်။ နင်တို့က သူ့ကို ဝေဖန်ဖို့ ဘာအရည်အချင်းရှိလို့လဲ။"
ယီဖုန်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ နှာခေါင်းရှုံ့ကာ ခေါင်းကိုခါရမ်းလိုက်ရင်း လှောင်ရယ်လိုက်သည်။
"ယီလင်း... နင် ရူးသွားပြီလား။ လင်းချန်က ငါ့အစ်ကိုထက် အဆတစ်ရာ ပိုအရည်အချင်းရှိတယ် ဟုတ်လား။ ဟားဟား..."
အစပိုင်းတွင် လူငယ်များ၏ ရန်ပွဲကို အပျော်သဘော ကြည့်နေကြသော အနီးနားရှိ ယီမိသားစုဝင်များပင် ထိုစကားကို ကြားသောအခါ အော်ဟစ် ရယ်မောလိုက်ကြလေသည်။
ယီနန်ရီသည်လည်း သူ့သမီးကို လေသံတိုးတိုးဖြင့် ဒေါသတကြီး လှမ်းဆူပူလေ၏။ "ကောင်မလေး... နင် ဘာတွေ လျှောက်ပြောနေတာလဲ။"
ယီလင်းမှာ ဒေါသကြောင့် မျက်နှာရဲတက်သွားပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ကာ နှုတ်ခမ်းစူထားလိုက်ရင်း ကြိမ်းဝါးလိုက်သည်။
"အစ်ကိုလင်းချန် ပြန်ရောက်လာရင် တွေ့ကြသေးတာပေါ့။"
ထိုအချိန်တွင် ပိုင်မိသားစုဘက်၌မူ ပိုင်ရန် ယပ်တောင်ကို တဖျပ်ဖျပ် ခတ်ရင်း လည်တဆန့်ဆန့်ဖြင့် မျှော်ကြည့်ကာ ရေရွတ်နေ၏။ "အစ်ကိုလင်း... ခင်ဗျား ဘာလို့ အခုထိ ပြန်မရောက်လာသေးတာလဲ။"
ထိုစဉ် ပထမအကျော့ ယှဉ်ပြိုင်မှု ပြီးဆုံးသွားသဖြင့် စင်မြင့်ပေါ်တွင် လူရှင်းလင်းသွားသည့် အခိုက်အတန့်၌... မည်းနက်သော အရိပ်တစ်ခုသည် အဝေးမှ လွင့်ပျံလာပြီး စင်မြင့်ထက်သို့ ဝုန်းခနဲ ကျရောက်လာသည်။
ကြည့်ရှုနေသူတစ်ဦးက လန့်ဖြန့်စွာ အော်ဟစ်လိုက်သည်။ "ဘာကြီးလဲဟ။"
စင်မြင့်ပေါ်သို့ ကျရောက်လာသည်မှာ သွေးသံရဲရဲ လူသေအလောင်းတစ်ခု ဖြစ်နေသောကြောင့် ကြည့်ရှုနေသူအားလုံး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြလေ၏။
တစ်ချိန်တည်းမှာပင် တောင်ဘက် ကြည့်ရှုဆောင် လူသွားလမ်းမှ လူရိပ်တစ်ခုသည် စင်မြင့်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ စင်ပေါ်သို့ ရောက်သောအခါ ထိုသူက လီမိသားစု ကြည့်ရှုဆောင်ဘက်သို့ လှမ်းကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။ "ဟေး... မဟာလှံတံဂိုဏ်း... ခင်ဗျားတို့ ဒီကောင့်ကို မှတ်မိကြလား။"
ကြည့်ရှုဆောင်ပေါ်မှ ယီနန်ရှင်းမှာ အံ့သြကြောင်အမ်းသွားပြီး အလိုအလျောက် မတ်တတ်ထရပ်လိုက်မိရင်း ရေရွတ်လိုက်သည်။ "လင်းချန်..."
စင်ပေါ်သို့ ရောက်လာသူကား အခြားသူမဟုတ် ဘာရှန်းမြို့တစ်ခွင်၌ အသုံးမကျသူဟု နာမည်ဆိုးဖြင့် ကျော်ကြားလှသော လင်းချန်ပင် ဖြစ်နေလေတော့သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၇ + ၁၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team