← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၉ + ၂၀

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ကြည့်ရှုဆောင်ပေါ်မှ တတိယအကြီးအကဲယီက ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး စင်မြင့်ပေါ်ရှိ လင်းချန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"မိုက်ရိုင်းလှချည်လား လင်းချန်... မင်း ဘာလုပ်တာလဲ။ ဒါ ဘာရှန်းမြို့ရဲ့ နတ်ဓားဂိုဏ်း ရွေးချယ်စစ်ဆေးပွဲကွ။ ဒီမှာလာပြီး ပြဿနာမရှာနဲ့။"

ယီလင်း၏ဘေးတွင် ထိုင်နေသော ယီနန်ရီလည်း စိုးရိမ်တကြီး မတ်တတ်ရပ်ကာ လှမ်းအော်လိုက်သည်။ တတိယအကြီးအကဲယီ စိုးရိမ်သည်မှာလည်း အကြောင်းရှိပေ၏။

လင်းချန်တစ်ယောက် လူသေအလောင်းတစ်လောင်းနှင့်အတူ စင်မြင့်ပေါ်သို့ ရုတ်တရက် ရောက်ရှိလာခြင်းက နတ်ဓားဂိုဏ်းသားများအား အနှောင့်အယှက်ဖြစ်စေကာ ယီမိသားစုအပေါ် အထင်အမြင်လွဲမှားသွားစေမည်ကို ပူပန်နေခြင်းဖြစ်သည်။

ထိုကိစ္စကြောင့်သာ သူ၏ သားနှင့်သမီး နတ်ဓားဂိုဏ်းသို့ ဝင်ခွင့်မရတော့လျှင် အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။ ထိုနည်းတူစွာပင် ယီနန်ရီလည်း သမီးဖြစ်သူ ယီလင်းနှင့် နတ်ဓားဂိုဏ်းတပည့်များ ရင်းနှီးမှုရနေချိန်တွင် လင်းချန် ရုတ်တရက် ဝင်ရောက်နှောင့်ယှက်လိုက်သဖြင့် အခြေအနေများ ပျက်စီးသွားမည်ကို စိုးရိမ်နေမိ၏။

ယီမိသားစု၏ ကြည့်ရှုဆောင်ပေါ်ရှိ လူအများကလည်း လင်းချန်အား အမှိုက်ကောင်ဟု ခေါ်ဝေါ်ကာ မြန်မြန်ဆင်းသွားရန် အော်ဟစ်နေကြသည်။ ဤကဲ့သို့ အရေးကြီးချိန်တွင် လာရောက်အရှက်ခွဲသည့်အတွက် ရွံရှာမုန်းတီးစွာ ဆဲရေးတိုင်းထွာနေကြ၏။

အခြားသူများနှင့်မတူဘဲ ယီနန်ရှင်းတစ်ယောက်တည်းသာ လင်းချန်ပြောလိုက်သော မဟာလှံတံဂိုဏ်းဆိုသည့် စကားရပ်ကို သတိပြုမိကာ မျက်မှောင်ကြုတ်သွားသည်။ ထိုဂိုဏ်းမှာ နတ်ဓားဂိုဏ်း၏ ပြိုင်ဘက်ဖြစ်ရာ လင်းချန် ဘာကြောင့် လီမိသားစုဘက်သို့လှည့်၍ ထိုသို့အော်ပြောရသနည်းဟု သူ တွေးတောနေမိ၏။

ကျန်ရှိနေသော ကြည့်ရှုဆောင်သုံးခုပေါ်မှ ဘာရှန်းမြို့ရှိ အင်အားစုအသီးသီးနှင့် လူအများကလည်း စင်မြင့်ပေါ်ရှိ လင်းချန်ကိုကြည့်ကာ တီးတိုးဝေဖန်နေကြသည်။ လေးနှစ်ခန့် ပျောက်ကွယ်နေသည့် ဓားသူတော်စင်မလေး ယီစင်း၏ စေ့စပ်ထားသူ ပြန်ရောက်လာပြီဆိုသည့် သတင်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောဆိုနေကြသလို ၊ အချို့ကလည်း ယီစင်းတစ်ယောက် ပါရမီရှင်တပည့်ဖြစ်လာသဖြင့် ယီမိသားစုထံ ပြန်လာကပ်ဖားခြင်းဖြစ်မည်ဟု ကဲ့ရဲ့နေကြ၏။

သို့သော် အချို့ကမူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိကြသည်။ လင်းချန်မှာ သိုင်းဝိညာဉ်မရှိသည့် အသုံးမကျသူဖြစ်သော်ငြား လူသေအလောင်းတစ်လောင်းကို ကိုက် ၃၀ ခန့်အကွာမှ စင်မြင့်ပေါ်သို့ ပစ်တင်နိုင်စွမ်းရှိနေသဖြင့် လူအများမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ထိုအချိန်တွင် လီမိသားစု၏ ကြည့်ရှုဆောင်ပေါ်၌ တည်ငြိမ်စွာ ထိုင်နေခဲ့သော လီမိသားစုခေါင်းဆောင် လီချင်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး စင်ပေါ်ရှိ အလောင်းအား စူးစိုက်ကြည့်လိုက်သည်။ ထိုအလောင်းမှာ လီမိသားစုထံ ရောက်ရှိနေသော မဟာလှံတံဂိုဏ်းတပည့်များထဲမှ တစ်ဦးဖြစ်သည့် ဖူယုရှန်ပင် ဖြစ်လေသည်။

လီချင်း မတ်တတ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ဘေးတွင် ထိုင်နေသော မျက်နှာ၌ အမာရွတ်ပါသည့် လူငယ်သည်လည်း ရုတ်ခြည်း ထရပ်လိုက်သည်။

ထို့နောက် ကြည့်ရှုဆောင်အစွန်းသို့ လျှောက်သွားကာ ဖူယုရှန်၏ အလောင်းအား အချိန်အတန်ကြာ စူးစိုက်ကြည့်နေ၏။ ထိုလူငယ် မတ်တတ်ရပ်လိုက်သည်နှင့် သူ၏နောက်ပါးမှ လူ ၁၂ ယောက်မှာလည်း တပြိုင်နက် ထရပ်လိုက်ကြပြီး လင်းချန်အား ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြ၏။

ထိုမြင်ကွင်းက လူအများအား ဇဝေဇဝါ ဖြစ်သွားစေသည်။ ယီမိသားစု၏ နာမည်ကျော် အသုံးမကျသော သမက်လောင်းက လူသေအလောင်းကို စင်မြင့်ပေါ်သို့ ပစ်တင်လိုက်သည့်အပြင် ၊ လီမိသားစုနှင့်လည်း ရန်ငြိုးရှိနေပုံရသဖြင့် မည်သို့မည်ပုံ ဖြစ်ပျက်နေမှန်း သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

ယီမိသားစုဘက်မှ ယီလင်းမှာမူ လီမိသားစုရှိရာဘက်သို့ လှမ်းကြည့်ရင်း နဖူးမှ ချွေးစေးများ ပြန်လာသည်။ အကြောင်းရင်းကို အတိအကျမသိသော်လည်း ထိုအမာရွတ်နှင့်လူငယ်ကို မြင်လိုက်ရသည့်အခါ သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်သွားမိ၏။

အမာရွတ်နှင့်လူငယ်၏ နှုတ်ခမ်းမှ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာပြီး လင်းချန်ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။

"မင်း သတ်လိုက်တာလား။"

လင်းချန် သူ၏ အင်္ကျီလက်စကို တံတောင်ဆစ်အထိ ဖြည်းညှင်းစွာ ခေါက်တင်လိုက်ပြီး ပြုံးကာ ဝန်ခံလိုက်၏။

"ဟုတ်တယ်... ငါသတ်လိုက်တာ။"

အမာရွတ်နှင့်လူငယ်က ခေါင်းကိုစောင်းငဲ့ကာ မျက်နှာပေါ်မှ အမာရွတ်ကို ပွတ်သပ်ရင်း လှောင်ပြောင်လိုက်သည်။

"ငါသိထားသလောက်ဆိုရင် မင်းက သိုင်းဝိညာဉ်မရှိလို့ ကျင့်ကြံလို့မရတဲ့ အမှိုက်ကောင်တစ်ကောင်ပဲ။ ဖူယုရှန်က နိဗ္ဗာန်နယ်ပယ်ကို ရောက်နေပြီ။ မင်းလိုကောင်က သူ့ကို သတ်နိုင်ပါ့မလား... နောက်ပြောင်နေတာလား။"

နိဗ္ဗာန်နယ်ပယ်...။

အမာရွတ်နှင့်လူငယ်၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက လင်းချန်၏ ခြေရင်းမှ အလောင်းအား အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။ စင်မြင့်ပေါ်တွင် သေဆုံးနေသူမှာ နိဗ္ဗာန်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်ဆိုသည်ကို သူတို့ ယုံကြည်ရန် ခက်ခဲနေကြ၏။

ယီမိသားစုဘက်မှ ယီဖုန်းသည်လည်း ထိုအမှိုက်ကောင်က နိဗ္ဗာန်နယ်ပယ်ကို သတ်ခဲ့သည်ဟု ကြွားလုံးထုတ်ရဲသည်မှာ လွန်လွန်းနေပြီဖြစ်ကြောင်း လှောင်ပြောင်သရော်လိုက်သည်။ သူမ၏ အသံမှာ ထိန်းချုပ်ထားခြင်းမရှိသဖြင့် တိတ်ဆိတ်နေသော ကွင်းပြင်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သို့သော် အမာရွတ်နှင့်လူငယ်က ရုတ်တရက် လက်နှစ်ဖက်ကို မြှောက်ကာ အကြိမ်ကြိမ် ဝှေ့ယမ်းပြလိုက်ပြီး အကယ်၍ ထိုသူမှာ လင်းချန်သာဆိုလျှင် ဖြစ်နိုင်ခြေရှိကြောင်း ပြန်လည်ပြောဆိုလိုက်သည်။ ထို့နောက် စကားကို ခေတ္တရပ်လိုက်ပြီး သူ့အား ပြုံးကြည့်နေသော စင်မြင့်ပေါ်မှ လူငယ်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"လင်းချန်... မင်းက လင်းချန်လား။"

အမာရွတ်နှင့်လူငယ်၏ စကားများက လူအများကို ပို၍ ရှုပ်ထွေးသွားစေသည်။ သူ၏နောက်မှ လူ ၁၂ ယောက်ပင်လျှင် နားမလည်နိုင် ဖြစ်နေကြ၏။ ထိုအချိန်တွင် လင်းချန်က အမာရွတ်နှင့်လူငယ်၏ လေးနက်သော အမူအရာကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြကာ အတည်ပြုလိုက်သည်။

"ဟုတ်တယ်။"

လင်းချန်၏ အဖြေကို ကြားလိုက်ရသောအခါ အမာရွတ်နှင့်လူငယ်သည် ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်လေတော့သည်။

"ဟား ဟား ဟားးး"

ထိုအခိုက်အတန့်၌ ပိုင်မိသားစုဘက်မှ နေယွမ်နယ်ပယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ပိုင်ရန်က စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ တစ်ချိန်တည်းမှာပင် ကျောက်ချောင်နှင့် ကျောက်ကျန့် ညီအစ်ကိုလည်း စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ ပိုင်ရန်ကဲ့သို့ပင် လင်းချန်ဘေးသို့ သွားရောက်ရပ်တန့်လိုက်ကြ၏။

စင်ပေါ်ရောက်သည်နှင့် ပိုင်ရန်က စိုးရိမ်တကြီးဖြင့် လင်းချန်ကို မေးမြန်းလိုက်သည်။

"အစ်ကိုလင်း... အခုဘာတွေဖြစ်နေတာလဲ။ ဘာလို့ မဟာလှံတံဂိုဏ်းက နိဗ္ဗာန်နယ်ပယ် သိုင်းပညာရှင်အလောင်းက ဒီမှာ ရှိနေရတာလဲ။"

သူ၏ဘေးမှ ကျောက်ချောင်နှင့် ကျောက်ကျန့်တို့မှာလည်း အနည်းငယ် ထိတ်လန့်နေပုံရ၏။ လင်းချန် သူတို့သုံးဦး၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွ တစ်ချက်စီ ပုတ်လိုက်ပြီး နိဗ္ဗာန်နယ်ပယ်လောက်ကို စိတ်မပူရန်နှင့် သူတို့အားလုံးကို အသက်ရှင်လျက် ပြန်ခေါ်သွားပေးမည်ဖြစ်ကြောင်း စိတ်အေးအေးထားရန် ပြောဆိုလိုက်သည်။

လင်းချန်၏ စကားကြောင့် သူတို့သုံးဦးမှာ စိတ်တည်ငြိမ်သွားကာ စိုးရိမ်ပူပန်မှုများ လျော့ကျသွားကြသည်။ သို့သော် ပိုင်ရန် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သော အသံကျယ်ကြီးကိုမူ ကွင်းပြင်ရှိ လူတိုင်း အတိုင်းသား ကြားလိုက်ကြလေသည်။

ဘာရှန်းမြို့၏ ဂုဏ်ယူစရာ ပါရမီရှင်တစ်ဦးဖြစ်သည့် ပိုင်ရန် အမှိုက်ကောင်ဟု လူသိများသူကို အစ်ကိုဟု ခေါ်ဝေါ်လိုက်ခြင်းကြောင့် ကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး အားလုံးမှာ စင်မြင့်ပေါ်သို့ အံ့အားသင့်စွာ ကြည့်ရှုနေကြတော့သည်။

လီမိသားစုဘက်မှ လီချင်းသည်လည်း အံ့ဩတကြီးဖြင့် အခြေအနေကို မေးမြန်းလိုက်၏။ အမာရွတ်နှင့်လူငယ်က နတ်ဓားဂိုဏ်းတွင် မကြာသေးမီကမှ နာမည်ကြီးလာသည့် ပါရမီရှင်တစ်ယောက်ရှိကြောင်း ၊ ထိုသူသည် ယီစင်းနှင့် ရင်ပေါင်တန်းနိုင်စွမ်းရှိသည့်အပြင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ စိတ်ဝိညာဉ်လက်နက် ကိုင်ဆောင်ထားသူများကိုပင် လက်ဗလာဖြင့် ယှဉ်ပြိုင်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်းပြလိုက်သည်။

ထို့အပြင် သူ၏ဆရာကြောင့် လူအများက သူ့အား လူငယ်ဧကရာဇ်ဟု တင်စားခေါ်ဝေါ်ကြကြောင်းကိုပါ ပြောပြလိုက်သည်။ အမာရွတ်နှင့်လူငယ်က အသံကို တမင်နှိမ့်မထားသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံး ရှင်းလင်းစွာ ကြားလိုက်ရပြီး ၊ အမှိုက်ကောင်ဟု သတ်မှတ်ထားကြသော လင်းချန်ထံသို့ သူတို့၏ အကြည့်များ ဖြည်းညှင်းစွာ ရောက်ရှိသွားကြလေသည်။

ရရှိထားသော သတင်းအချက်အလက်များ မှားယွင်းနေခဲ့ပြီး ဘာရှန်းမြို့သို့ လာသည့် နတ်ဓားဂိုဏ်း၏ စစ်ဆေးရေးမှူးမှာ ပိုင်ရန်မဟုတ်ဘဲ လင်းချန်သာ ဖြစ်နေကြောင်း အမာရွတ်နှင့်လူငယ် သဘောပေါက်သွားသည်။

စကားဆုံးသည်နှင့် သူသည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွား၏။ နိဗ္ဗာန်နယ်ပယ်၏ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး စင်မြင့်ပေါ်ရှိ လင်းချန်ဆီသို့ လေထဲမှ ပျံဝဲကာ ပြင်းထန်သော ကန်ချက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်တော့သည်။

"လူငယ်ဧကရာဇ် လင်းချန်..."

"ဝုန်းးး"

သိုင်းကွင်းပြင်အတွင်း၌ လင်းချန်၏ ခန္ဓာကိုယ်မှ အားကောင်းလှသော သိုင်းဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာရာ ကြည့်ရှုနေသူများ၏ အမြင်အာရုံထဲတွင် တောက်ပလှသည့် ကြယ်ဖြူတစ်ပွင့်အလား ထင်မှတ်ရသည်။

လင်းချန် ဒူးကိုအနည်းငယ်ညွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခြေဖဝါးအောက်ရှိ သံမဏိပြာရောင်ကြွေပြားများမှာ အက်ကွဲသံမြည်လျက် ကြေမွသွားတော့၏။

သူသည်လည်း အမြောက်ဆံတစ်တောင့်ကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လေထဲတွင် တစ်ပတ်လှည့်ကာ အပေါ်မှ ထိုးဆင်းလာသည့် အမာရွတ်နှင့်လူငယ်ဆီသို့ ခြေထောက်ဖြင့် အားကုန်လွှဲ၍ ကန်ထည့်လိုက်လေသည်။

"ဝုန်းးးးးး"

လင်းချန်၏ ခြေထောက်နှင့် အမာရွတ်နှင့်လူငယ်၏ ခြေထောက်တို့ ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သည့် လေလှိုင်းများက ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားပြီး ပွဲကြည့်စင်မှ အမိုးအကာများပင် လွင့်စင်ကုန်ကြ၏။

တိမ်ယွမ်နယ်ပယ်အဆင့်ရှိသူများမှာ ထိုတုန်ခါမှုဒဏ်ကြောင့် လဲကျကုန်ကြပြီး လယွမ်နယ်ပယ်အဆင့်ရှိသူများပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။

သို့သော် လင်းချန်တို့၏ တိုက်ပွဲနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေကြသော ကျောက်ချောင်နှင့် ကျောက်ကျန့်တို့မှာမူ နတ်ဓားဂိုဏ်းတပည့်များဖြစ်သည့်အားလျော်စွာ မယိမ်းယိုင်ဘဲ တည်ငြိမ်စွာ ရပ်နေနိုင်ကြသည်။

လေထဲတွင် ထိပ်တိုက်တွေ့ခဲ့ကြသော လူငယ်နှစ်ဦးစလုံးသည် တန်ပြန်သက်ရောက်လာသည့် အားကို အသုံးပြုကာ နောက်သို့ ပြန်လည်ခုန်ထွက်သွားကြပြီး မူလနေရာအသီးသီးသို့ ပြန်လည်ဆင်းသက်လိုက်ကြ၏။

အမာရွတ်နှင့်လူငယ်သည် လီမိသားစုရှိရာ ပွဲကြည့်စင်ဘက်သို့ ပြန်လည်ရောက်ရှိသွားပြီး အနည်းငယ် ထုံကျင်နေသော ညာဘက်ခြေထောက်ကို လှုပ်ယမ်းရင်း လင်းချန်အား ချီးကျူးလိုက်သည်။

"မဆိုးဘူး... မင်းက လူငယ်ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၉ + ၂၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters