← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၁ + ၂၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

သို့သော် သူ၏မျက်နှာထားမှာ ယခင်ကထက် ပိုမိုမည်းမှောင်နေ၏။ လင်းချန်ကို ကြည့်ရင်း အမာရွတ်နှင့်လူငယ်မှာ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေမိသည်။

လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အံ့မခန်း ကြောက်မက်ဖွယ်ကောင်းလှ၏။ သူထင်ထားသည်ထက် အများ​ကြီး သန်မာနေလေ၏။

ယခင်က လူငယ်ဧကရာဇ်အကြောင်း ကောလာဟလများကို ပုံကြီးချဲ့ထားသည်ဟုသာ ထင်မှတ်ခဲ့ဖူးသော်လည်း ယခု လက်တွေ့ရင်ဆိုင်ရချိန်တွင်မူ လင်းချန်၏ စွမ်းရည်သည် ကောလာဟလများထက်ပင် သာလွန်နေကြောင်း သူ သဘောပေါက်သွားသည်။

အမာရွတ်နှင့်လူငယ်သာ အံ့အားသင့်နေသည်မဟုတ် ၊ သူ့နောက်ရှိ မဟာလှံတံဂိုဏ်းမှ တပည့် ၁၂ ယောက်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ လီချင်းနှင့် လီမိသားစုဝင်များကမူ ကြောက်လန့်လွန်း၍ သတိလစ်မတတ်ပင် ဖြစ်နေကြရသည်။

ယီလင်းမှလွဲ၍ ကျန်ရှိသော ယီမိသားစုဝင်များအားလုံးမှာလည်း ကြက်သေသေနေကြသည်။ ပိုင်မိသားစုနှင့် အခြားသူများလည်း အလားတူပင်။ မြို့စားမင်း ပိုင်ဇန်တစ်ယောက်သည်လည်း ဇဝေဇဝါဖြစ်နေမိ၏။

ယခုစစ်ဆေးရေးမှူးသည် ယီမိသားစုမှဖြစ်သည်ဟုသာ သူ၏သားက ပြောပြခဲ့ခြင်းဖြစ်သည်။ ပိုင်ဇန်တစ်ယောက် အတော်ကြာအောင် စဉ်းစားနေသော်လည်း အဖြေမထွက်ချေ။ ယီမိသားစုထဲတွင် နတ်ဓားဂိုဏ်း၏ စစ်ဆေးရေးမှူးဖြစ်လာလောက်သည်အထိ ပါရမီပါသောသူ မည်သည့်အချိန်က ပေါ်ထွက်လာသနည်း။

ထိုအချိန်တွင် ပိုင်ဇန်နည်းတူ ဘာရှန်းမြို့ရှိ လူအားလုံးလည်း ထိုသို့ပင် တွေးတောနေကြသည်။

ဤသည်မှာ မည်သို့သော ဟာသနည်း။ တကယ်ပင်လော။ စစ်ဆေးရေးမှူးသည် လင်းချန်လော။ လူပြောများနေသည့် နတ်ဓားဂိုဏ်း၏ ပါရမီရှင်အသစ် လူငယ်ဧကရာဇ်ဆိုသည်မှာ လင်းချန်ပင် ဖြစ်နေသည်လော။

ယခုလေးတင်က အမာရွတ်နှင့်လူငယ်က လင်းချန်အား မေးမြန်းလိုက်သည့် စကားများကို ပြန်လည်ကြားယောင်မိပြီးနောက် ဘာရှန်းမြို့သူမြို့သားများမှာ သဘောပေါက်သွားကြတော့သည်။

နတ်ဓားဂိုဏ်း၏ ပါရမီရှင်အသစ် လူငယ်ဧကရာဇ်၏ နာမည်ရင်းမှာ လင်းချန်ဖြစ်နေသည်။

အမာရွတ်နှင့်လူငယ်မှာ မဟာလှံတံဂိုဏ်းမှ နိဗ္ဗာန်နယ်ပယ်ပညာရှင်ဖြစ်သည့်အတွက် လူငယ်ဧကရာဇ်၏ နာမည်ရင်းကို သိရှိနေခြင်းမှာ မဆန်းပေ။

သို့သော် ဘာရှန်းမြို့မှာ နတ်ဓားဂိုဏ်းအုပ်ချုပ်မှုအောက်ရှိ မြို့ငယ်လေးသာဖြစ်သည့်အတွက် လူငယ်ဧကရာဇ်၏ နာမည်ရင်းကို မသိရှိခဲ့ကြခြင်းဖြစ်သည်။

အမာရွတ်နှင့်လူငယ်က လင်းချန်ကို မေးလိုက်သော မေးခွန်းမှာ အမှန်စင်စစ်... လူငယ်ဧကရာဇ် လင်းချန် ဟုတ် ၊ မဟုတ် မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။

ယီလင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်ပြီး အနား၌ ဆွံ့အအဖြစ်နေသော ယီလုံနှင့် ယီဖုန်း မောင်နှမနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ "ဟားဟား... ငါပြောသားပဲ အစ်ကိုလင်းက နင်တို့ထက် အဆများစွာ ပိုစွမ်းတယ်လို့"

ယီမိသားစု၏ ရှေ့ဆုံးတွင် ထိုင်နေသော ယီနန်ရှင်းမှာလည်း မျက်လုံးများပြူးကျယ်ကာ မယုံကြည်နိုင်စွာ ဖြစ်နေရ၏။.သိုင်းကွင်းပြင်ထဲတွင် ရှိနေသော လင်းချန်၏ အစွမ်းအစမှာ သူ့ထက်ပင် အဆပေါင်းများစွာ သာလွန်နေပြီမဟုတ်ပါလော။

နတ်ဓားဂိုဏ်းမှ တပည့်များက အဘယ်ကြောင့် လင်းချန်အပေါ် ဤမျှ ယဉ်ကျေးသိမ်မွေ့နေကြသနည်းဆိုသည်ကို ယီနန်ရှင်း နားလည်သွားတော့သည်။ ဘာရှန်းမြို့ ရွေးချယ်ပွဲကို အကြောင်းမဲ့သက်သက် ယီမိသားစုတွင် လာရောက်ကျင်းပခြင်း မဟုတ်ကြောင်း သူ သဘောပေါက်သွား၏။

စစ်ဆေးရေးမှူး စိတ်ပျက်သွားမည်ကို သူ စိုးရိမ်ပူပန်နေချိန်၌ လင်းချန် အဘယ်ကြောင့် ယုံကြည်မှုအပြည့်ဖြင့် စိတ်ချပါဟု ပြောဆိုခဲ့ကြောင်းကိုလည်း သူ နားလည်သွားသည်။

ယီနန်ရှင်းက ကွင်းပြင်ထဲမှ လင်းချန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "ဟုတ်တာပေါ့... ဒီကောင်လေးက စစ်ဆေးရေးမှူးပဲလေ သူက စိတ်မပျက်ဘူးဆိုရင် ဘယ်သူက စိတ်ပျက်ရဲမှာလဲ"

ယီနန်ရှင်း စိတ်ထဲမှ တွေးလိုက်မိသည်။ "ညီအစ်ကိုလင်းရေ... လင်းချန်က ခင်ဗျားရဲ့သားဆိုတာ တကယ်မမှားပါဘူးဗျာ တကယ့်ကို ထူးခြားလွန်းပါပေတယ်"

ယခုအချိန်တွင်တော့ အရာအားလုံး ရှင်းလင်းသွားပြီဖြစ်၏။

အမာရွတ်နှင့်လူငယ်က ဝန်ခံ၏။ "မင်းက တကယ့် ပါရမီရှင်ဆိုတာတော့ ငါဝန်ခံရမယ် နေယွမ်နယ်ပယ် အဆင့် ၅ လောက်နဲ့ ငါ့ရဲ့ နိဗ္ဗာန်နယ်ပယ် ၄ စိတ်ဝိညာဉ်စွမ်းအင်ကို ယှဉ်နိုင်တယ်ပေါ့"

ထို့နောက် သူက ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ စိတ်ဝိညာဉ်အလင်းတန်းများ လက်ခနဲ တောက်ပသွားပြီး အရာဝတ္ထုလေးခု ထွက်ပေါ်လာ၏။

အနီရောင် ဓားမြှောင်ငယ် တစ်လက်. ၊ အနီရောင် သတ္တုဘောလုံး သုံးလုံး ၊ စိတ်ဝိညာဉ်လက်နက် အမြုတေနှင့် ထိုလက်နက်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

အမာရွတ်နှင့်လူငယ် ထုတ်လိုက်သော ပစ္စည်းများကို မြင်သည်နှင့် လင်းချန်၏ မျက်နှာထားမှာ တင်းမာသွားပြီး လက်သီး၌ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ ရှေ့သို့ ပြေးထွက်သွားလိုက်သည်။

အမာရွတ်နှင့်လူငယ်သည် စကားဆုံးသည်နှင့် တပြိုင်နက် အနီရောင်စိတ်ဝိညာဉ်စွမ်းအင်များက ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဓားမြှောင်ငယ်ကို လွှမ်းခြုံသွားတော့၏။

တစ်ချိန်တည်းမှာပင် သူကိုင်ထားသော အနီရောင် သတ္တုဘောလုံးသုံးလုံးဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ ထိုအခါ သတ္တုဘောလုံးလေများသည် အရည်ပျော်ကျသွားကာ ဓားမြှောင်ငယ်ကို ဗဟိုပြု၍ ဓားသဏ္ဌာန် ပြန်ပြောင်းသွားပြန်၏။

"သိုင်ဝိညာဉ် အသွင်ပြောင်းခြင်း...။"

အမာရွတ်နှင့်လူငယ်က ဟိန်းဟောက်ကြုံးဝါးလိုက်ရာ အရည်ပျော်နေသော သတ္တုများမှာ ချက်ချင်းပင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားပြီး သုံးပေအရှည်ရှိသော အနီရောင်ဓားတစ်လက် အဖြစ်သို့ အသွင်ပြာင်းသွား၏။

သူ့ရှေ့တွင် ဖြစ်ပေါ်လာသော ဓားကို ဆွဲကိုင်လိုက်ပြီး အမာရွတ်နှင့်လူငယ်က ပြေးဝင်လာသော လင်းချန်ထံသို့ အားကုန် ခုတ်ပိုင်းချလိုက်တော့သည်။

မီးတောက်အနှစ်သာရများ လောင်ကျွမ်းနေသည့် စိတ်ဝိညာဉ်အလင်းတန်းများက ဓားသွားကို လွှမ်းခြုံထားပြီး လင်းချန်၏ လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံသွား၏။

အသွေး ၊ အသားဖြင့် ဖွဲ့စည်းထားသော လက်သီးက စိတ်ဝိညာဉ်လက်နက်ကို ထိပ်တိုက်ရင်ဆိုင်သည့် ကြက်သီးထဖွယ် မြင်ကွင်းသည် ကြည့်ရှုသူများ၏ ရှေ့မှောက်တွင် နောက်တစ်ကြိမ် ပေါ်ပေါက်လာပြန်သည်။

ဤသည်မှာ နတ်ဓားဂိုဏ်း၏ လူငယ်ဧကရာဇ်သာ စွမ်းဆောင်နိုင်သော တိုက်ခိုက်ပုံပင် ဖြစ်သည်။

ဓားသွားသည် လင်းချန်၏ လက်သီးပေါ်သို့ ကျရောက်သွားသော်လည်း လက်သီးပေါ်တွင် အဖြူရောင် အစင်းရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။

လင်းချန်တစ်ယော​က် အမာရွတ်နှင့်လူငယ်၏ တိုက်ခိုက်မှုကို လက်သီးဗလာဖြင့် ခုခံလိုက်သည်ကို မြင်သောအခါ ပရိသတ်များမှာ မနေနိုင်ဘဲ အာမေဋိတ်သံများ ထွက်ပေါ်လာကြတော့၏။

အမာရွတ်နှင့်လူငယ်သည် အနီးကပ်ရှိနေသော လင်းချန်ကိုကြည့်ပြီး အေးစက်စက် ပြုံးကာ သတိပေးလိုက်သည်။ "ဟား... နိဗ္ဗာန်နယ်ပယ်ရဲ့ အကြီးမားဆုံး ထူးခြားချက်ကို မင်းမေ့မသွားလောက်ပါဘူးနော်... လူငယ်ဧကရာဇ်"

"ဟမ်..."

ထိုစကားကို ကြားလိုက်ရသောအခါ လင်းချန် တွေဝေသွားမိသည်။

ထိုခဏ၌ပင် သူ့ရှေ့ရှိ ဓားသွားမှ ရုတ်တရက် မျက်စိကျိန်းမတတ် စူးရှသော အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို တွေ့လိုက်ရ၏။

"ဘုန်းးးးး"

နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ အမာရွတ်နှင့်လူငယ်၏ ဓားမှ ပြင်းထန်သော မီးတောက်များ ပေါက်ကွဲထွက်လာ၏။

မျှော်လင့်မထားသော ပေါက်ကွဲမှုကြောင့် လင်းချန်မှာ ရှောင်တိမ်းချိန်မရလိုက်ဘဲ အဟုန်ပြင်းပြင်းဖြင့် လွင့်စင်ကာ ကြမ်းပြင်ပေါ်သို့ ကျသွားရတော့သည်။

ပိုင်ရန် ၊ ကျောက်ချောင်နှင့် ကျောက်ကျန့်တို့ သုံးယောက်သား ကြမ်းပြင်ပေါ်ကျသွားသော လင်းချန်ကို ထူပေးရန် အလျင်အမြန် ပြေးသွားကြရင်း အော်ခေါ်လိုက်ကြသည်။ "အစ်ကိုလင်း..."

လင်းချန်က ချက်ချင်းပင် ပြန်ထလိုက်ပြီး သူတို့သုံးယောက်ကို လက်ကာပြလိုက်သည်။ "ကိစ္စမရှိဘူး"

အမာရွတ်နှင့်လူငယ်က ခေါင်းကိုစောင်းကာ လက်ထဲမှ ဓားကို ဝှေ့ယမ်းရင်း လင်းချန်ကို ညွှန်ပြလျက် ရှင်းပြလိုက်သည်။ "နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်တစ်ခုက စွမ်းရည်တစ်ခုကို နိုးထစေနိုင်တယ် ငါ့ရဲ့ စွမ်းရည်ကတော့ ပေါက်ကွဲခြင်းပဲ။ ဒါနဲ့... ငါက အရာရာဝေမျှ ခံစားရတာကို ကြိုက်တယ် လူငယ်ဧကရာဇ်ကို ဆုံးမရတာမျိုးဆိုရင် ဂိုဏ်းတူညီအစ်ကိုတွေနဲ့ အတူတူ ခံစားမှ ပိုပျော်ဖို့ကောင်းမှာပေါ့"

အမာရွတ်နှင့်လူငယ်၏ စကားကြောင့် လူတိုင်း ကြောင်အမ်းသွားကြသည်။ သို့သော် မကြာမီမှာပင် သူတို့နားလည်လိုက်ကြသည်။

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူအုပ်စုကြီးသည် အခြားသူများကို ဂရုမစိုက်ဘဲ ပွဲကြည့်စင် လမ်းကြားများမှတဆင့် အုပ်စုလိုက် ချီတက်ဝင်ရောက်လာကြ၏။

သူတို့ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါများကြောင့် ဘာရှန်းမြို့မှ လူများစွာမှာ ကြောက်လန့်ပြီး ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျကုန်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အနီရောင်ဝတ်စုံဝတ် လူတစ်ရာခန့်သည် အမာရွတ်နှင့်လူငယ်၏ ဘေးနားတွင် စုရုံးရောက်ရှိလာကြပြီး ဘာရှန်းမြို့သူမြို့သားများကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။

အမာရွတ်နှင့်လူငယ်က လင်းချန်ကို စိုက်ကြည့်ရင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက လူတော်တော်များများကို အထင်ကြီးစေတယ်လို့ ငါကြားဖူးပါတယ်။ ဒါပေမဲ့ လူငယ်ဧကရာဇ်... ငါ့မှာ မဟာလှံတံဂိုဏ်းက နိဗ္ဗာန်နယ်ပယ် ၆ ယောက်နဲ့ နေယွမ်နယ်ပယ်တပည့် ၁၀၀ ရှိတယ်။ ဒီနေ့ ငါ ဒီဘာရှန်းမြို့ကို သွေးချောင်းစီးစေမယ် မင်း ဘယ်လို တားမလဲ"

ထို့နောက် သူက လက်မဖြင့် သူ၏ရင်ဘတ်ကို ထိုးကာ ရန်စလိုက်၏။ "ငါ့မှာ လူအင်အား ပိုများတယ်ကွ"

လင်းချန် ထိုစကားကိုကြားပြီး ရယ်ချင်သွားကာ မေးခွန်းထုတ်လိုက်သည်။ "လူအင်အား ပိုများတယ်ဟုတ်လား။ မင်းက ငါနဲ့ လူအင်အားချင်း ယှဉ်ပြိုင်ချင်တာ သေချာလို့လား"

အမာရွတ်နှင့်လူငယ်က သူ၏လက်ထဲမှ စိတ်ဝိညာဉ်လက်နက် ဓားမြှောင်လေးကို လှုပ်ယမ်းပြလိုက်ပြီး အရာအားလုံးကို ဖောက်ထွင်း သိမြင်နေရသကဲ့သို့ အမူအရာမျိုး လုပ်ပြကာ လှောင်ပြောင်လိုက်သည်။ "လူငယ်ဧကရာဇ်... မင်းရဲ့ ဟန်ရေးပြတဲ့ နည်းလမ်းတွေက လုံးဝအလုပ်မဖြစ်ဘူး ၊ မင်းဘေးနားက ဂျူနီယာညီငယ် ၃ ယောက်ကို ကြည့်လိုက်ပါဦး ၊ သူတို့ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာတွေကို ကြည့်ရုံနဲ့ နတ်ဓားဂိုဏ်းကနေ စစ်ကူထပ်မလာဘူးဆိုတာ သက်သေပြနေပြီလေ"

ထိုအချိန်တွင် ပိုင်ရန် ၊ ကျောက်ချောင်နှင့် ကျောက်ကျန့် ညီအစ်ကိုသုံးယောက်လုံးမှာ ရှေ့မှ မြင်ကွင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။

မဟာလှံတံဂိုဏ်းမှ ဂိုဏ်းသားအယောက် ၁၀၀... ဤအရေအတွက်သည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပြီး သူတို့ရရှိထားသော သတင်းအချက်အလက်များနှင့် လုံးဝကွာခြားနေသည်။

ပို၍ဆိုးရွားသည်မှာ ထိုအမာရွတ်နှင့်လူငယ်အပါအဝင် နိဗ္ဗာန်နယ်ပယ်ရောက်နေသူ စုစုပေါင်း ၆ ယောက်နှင့် နေယွမ်နယ်ပယ် ၁၀၀ ပင် ပါဝင်လာခြင်းဖြစ်သည်။

ထိုကဲ့သို့သော အင်အားမျိုးကို ဘာရှန်းမြို့မပြောနှင့် ၊ နိဗ္ဗာန်နယ်ပယ် ပညာရှင်တစ်ယောက် တပ်စွဲစောင့်ကြပ်နေသည့် နတ်ဓားဂိုဏ်းလက်အောက်ခံ မြို့ကြီးတစ်မြို့ပင် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဂိုဏ်းဆီသို့ အကူအညီလှမ်းတောင်းလျှင်ပင် ဘာရှန်းမြို့သို့ရောက်ရန် အနည်းဆုံး နှစ်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

သို့သော် သူတို့၏ စီနီယာအစ်ကို လင်းချန်၏ မျက်နှာထားမှာ အတော်လေး သက်တောင့်သက်သာဖြစ်နေသည်ကို သူတို့သုံးယောက် သတိထားမိလိုက်ကြ၏။

အစပိုင်းတွင် သူတို့သုံးယောက်လည်း လင်းချန် ဟန်လုပ်နေသည်ဟု ထင်ခဲ့ကြသော်လည်း သေချာကြည့်လိုက်သည့်အခါ ထိုသို့မဟုတ်မှန်း သိလိုက်ကြရသည်။

ပိုင်ရန် သူ၏လက်ထဲရှိ ယပ်တောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စိတ်ထဲမှ တွေးတောနေမိသည်။ "စီနီယာအစ်ကိုက ဂိုဏ်းကို တိတ်တဆိတ် အကူအညီတောင်းထားပြီးသားများလား"

လင်းချန် ပြုံးကာ ဝန်ခံလိုက်သည်။ "ဟုတ်တယ်... နတ်ဓားဂိုဏ်းက ဘယ်သူမှ ရောက်လာမှာမဟုတ်ဘူး"

လင်းချန်က သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများ ကို ပြန်သိမ်းလိုက်ပြီး ကြွက်သားများကို ဖြေလျှော့လိုက်ကာ တိုက်ခိုက်ရန် မလိုအပ်သည့်ပုံစံမျိုး ပြသရင်း ဆက်ပြောလိုက်သည်။ "နတ်ဓားဂိုဏ်းက ဘယ်သူမှ ရောက်လာမှာမဟုတ်ဘူး... ဒါပေမဲ့... ငါ့လူတွေ ရောက်လာပြီ"

ကောင်းကင်ယံ၌ နေမင်းကြီး ထွန်းလင်းတောက်ပနေပြီး ရင်ပြင်တစ်ခုလုံးသို့ အလင်းရောင်များ ဖြာကျနေလျက်ရှိသည်။

သို့သော် လင်းချန် စကားပြောပြီးသည်နှင့်တပြိုင်နက် မြေပြင်ပေါ်တွင် အရိပ်မည်းလေးများ ပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာလေတော့၏။

လင်းချန်ရှေ့မှ အရိပ်သည် အလျင်မြန်ဆုံး ကြီးထွားလာပြီး လူပုံသဏ္ဍာန်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

"ဒုန်းးး"

သတ္တုနှင့် မြေပြင် ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ကျောက်ခဲများ လွင့်စင်သွားချိန်တွင် နဂါးနက်သံချပ်ကာ ဝတ်ဆင်ထားသည့် ခန့်ညားထည်ဝါသော စစ်သည်တော်တစ်ဦး လင်းချန်၏ရှေ့၌ ဒူးတစ်ဖက်ထောက်လျက် ပေါ်ထွက်လာ၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

လေးလံသော သံချပ်ကာများ မြေပြင်နှင့် ရိုက်ခတ်သံများက ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လှံရှည်များကို ကိုင်ဆောင်ထားသည့် သံချပ်ကာဝတ် စစ်သည်တော်များသည် လင်းချန်ကို မျက်နှာမူလျက် ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လိုက်ကြသည်။

လင်းချန်ရှေ့၌ ဒူးထောက်နေသော စစ်သူကြီးမှာ သူ ယခင်ဘဝက ကစားခဲ့သော ဂိမ်းထဲမှ သူ၏ ကိုယ်ရံတော်စစ်သူကြီးဖြစ်ပြီး သူဖန်တီးခဲ့သမျှထဲတွင် အသန်မာဆုံးသော စစ်သူကြီး ကျောက်လုံ ပင်ဖြစ်၏။

သူတို့ပတ်လည်တွင် ဒူးထောက်နေကြသော သံချပ်ကာဝတ် လှံကိုင်စစ်သည်များသည် ဂိမ်းအင်ပါယာထဲတွင် အခြေခံအကျဆုံး မရှိမဖြစ် စစ်သည်များ ဖြစ်ကြသည်။

အဆင့်နိမ့်ဆုံး စစ်သည်များဖြစ်သော်လည်း ယခင်ဘဝက လင်းချန် ငွေအကုန်အကျခံကာ သူတို့ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားခဲ့သည်။

သံချပ်ကာနည်းပညာ - အမြင့်ဆုံးအဆင့်

ဆန်းကြယ်လှံတံနည်းပညာ - အမြင့်ဆုံးအဆင့်

သက်စောင့်နည်းပညာ - အမြင့်ဆုံးအဆင့်

စွမ်းရည်ကိန်းဂဏန်းနည်းပညာ - အမြင့်ဆုံးအဆင့်

ထို့ကြောင့် လင်းချန် အလွန်ဂုဏ်ယူပြီး ယုံကြည်မှုရှိသည်။

အကယ်၍သာ ဤကမ္ဘာကြီး၌ နေယွမ်နယ်ပယ် ပညာရှင်များဖြင့် တပ်တော်တစ်ခု ဖွဲ့မည်ဆိုလျှင် သူ၏ လှံကိုင်တပ်ဖွဲ့သည် ဖြိုဖျက်၍မရနိုင်သော သံမဏိတပ်တော် ဖြစ်လာပေလိမ့်မည်။

လင်းချန်က မာန်ပါပါဖြင့် ကြုံးဝါးလိုက်သည်။ "ငါ့ကို လူအင်အားနဲ့ ဖိနှိပ်ချင်တာလား မင်းတို့မှာ လူတစ်ရာရှိရင် ငါ့မှာ တစ်ထောင်ရှိတယ်ကွ"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၁ + ၂၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters