အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၃ + ၂၄
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
တစ်ချိန်က ပြိုင်ဘက်ကင်းသဖွယ် မာန်တက်နေခဲ့သော်လည်း ယခုအခါ၌မူ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သနားစရာကောင်းနေသည့် အမာရွတ်နှင့်လူငယ်အား ကြည့်ကာ လင်းချန်က အထင်အသေးပြုံးလိုက်၏။ ထို့နောက် သူ၏ လက်ညှိုးကို ထိုလူငယ်ထံသို့ ဖြည်းညင်းစွာ ထိုးလိုက်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။
"စစ်သည်တော်တို့... သူတို့က ငါ့ကို သတ်ချင်နေကြတယ်။ ဒီလိုလူမျိုးတွေကို ဘာလုပ်ပေးသင့်သလဲ"
လင်းချန်၏ စကားသံအဆုံးတွင် ကျောက်လုံ၏ ခန္ဓာကိုယ်ကြီးက မြေပြင်မှနေ၍ ရုတ်တရက် ခုန်ထွက်လာ၏။ သူ၏ မျက်လုံးအစုံသည် သွေးများကဲ့သို့ နီရဲသွားပြီး ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ယုတ်မာလိုက်တာ... ဘယ်ကောင်တွေကများ ငါတို့ရဲ့ အရှင်မင်းမြတ်အပေါ် ဒီလိုရိုင်းစိုင်းတဲ့ အတွေးမျိုး တွေးရဲတာလဲ"
"အဲဒီကောင်တွေကို အသားတစ်စချင်းစီ လှီးဖြတ်ပြီး သတ်ပစ်သင့်တယ်။ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် အားလုံးကိုပါ မျိုးဖြုတ်ပစ်ရမယ်။"
"သတ်စမ်းးး"
ဒေါသကြောင့် ရူးသွပ်လုနီးပါးဖြစ်နေသော ကျောက်လုံက ကောင်းကင်မှ ဆင်းသက်လာသည့် စစ်သည်တစ်ထောင်ပါဝင်သော အထူးတပ်ဖွဲ့ကြီးကို ဦးဆောင်ကာ မဟာလှံတံဂိုဏ်းနှင့် လီမိသားစုရှိရာသို့ သံမဏိရေလှိုင်းကြီးတစ်ရပ် ပတ်လွှမ်းသွားသည့်အလား အဟုန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်လေတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်တပ်ဖွဲ့တို့သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။
"နေယွမ်နယ်ပယ်လောက်နဲ့များ..."
နိဗ္ဗာန်နယ်ပယ်ရှိသော မဟာလှံတံဂိုဏ်းသားတစ်ယောက်က သူ၏ရှေ့၌ ရပ်နေသည့် အေးစက်၍ ခံစားချက်ကင်းမဲ့နေသော လှံကိုင်စစ်သည်ကို အထင်တသေးဖြင့် ကြည့်လိုက်သည်။ သူသည် နိဗ္ဗာန်နယ်ပယ်၏ ကြောက်မက်ဖွယ် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ကာ စိတ်ဝိညာဉ်လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သူ၏ရှေ့ရှိ လှံကိုင်စစ်သည်ကို အားကုန်လွှဲခုတ်လိုက်၏။
"ထန်းးး"
စူးရှသော သတ္တုချင်းရိုက်ခတ်သံကြီးနှင့်အတူ မဟာလှံတံဂိုဏ်းမှ နိဗ္ဗာန်နယ်ပယ် ဂိုဏ်းသားသည် သူ၏လက်တွင်းမှ စိတ်ဝိညာဉ်လက်နက်ကြီး အဝေးသို့ လွင့်စင်ထွက်သွားသည်ကို မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်စွာ စိုက်ကြည့်နေရသည်။
"ဘာလို့လဲ... ငါက နိဗ္ဗာန်နယ်ပယ်လေ... ဘာလို့ နေယွမ်နယ်ပယ်ကောင်ရဲ့ သံချပ်ကာကိုတောင် မထိုးဖောက်နိုင်ရတာလဲ... ပြီးတော့ ငါ့စိတ်ဝိညာဉ်လက်နက်ကရော ဘာကြောင့် လွင့်ထွက်သွားရတာလဲ"
သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို အပြည့်အဝ ခံလိုက်ရသော်ငြား မည်သည့် ဒဏ်ရာမျှ ရမသွားဘဲ မြေပြင်ပေါ်မှ အေးဆေးစွာ ပြန်ထလာသော ထိုစစ်သည်ကို ကြည့်ရင်း သူ လုံးဝနားမလည်နိုင် ဖြစ်နေရ၏။
"ဇွတ်... ဇွတ်..."
ထိုသို့ တွေဝေနေသည့် နောက်တစ်ခဏမှာပင် ထက်ရှလှသော လှံသွားများစွာသည် အရပ်မျက်နှာအနှံ့မှ ပြိုင်တူ ထိုးစိုက်လာကြ၏။ ထိုလှံသွားများသည် သူ၏ ခန္ဓာကိုယ်အား ကာကွယ်ထားသော ဝိညာဉ်စွမ်းအင် အကာအကွယ်များကို စက္ကူတစ်ရွက်သဖွယ် အလွယ်တကူ ဖောက်ထွင်းသွားကာ ပူနွေးနေသော အသားစိုင်များအတွင်းသို့ အကြင်နာကင်းမဲ့စွာ စိုက်ဝင်သွားလေတော့သည်။
အခြားသော မဟာလှံတံဂိုဏ်းသားများနှင့် လီမိသားစုဝင်များသည်လည်း သူတို့ရှေ့ရှိ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသော လှံကိုင်စစ်သည်များသည် သွေးဆာနေသော သံမဏိသတ္တဝါဆိုးကြီးများနှင့် တူနေကြောင်း ထိတ်လန့်တကြား တွေ့ရှိလိုက်ရ၏။
စစ်သည်တို့၏ လှံများသည် ဝိညာဉ်စွမ်းအင် အကာအကွယ်များကို အလွယ်တကူ ဖောက်ထွင်းနိုင်စွမ်းရှိပြီး သူတို့၏ သံချပ်ကာများသည်လည်း ရန်သူ၏ တိုက်ခိုက်မှုများကို မျက်နှာပြင်ပေါ်တွင် အဖြူရောင် အစင်းရာလောက်သာ ထင်ကျန်စေလောက်အောင် အလွန်တရာ မာကျောလွန်းလှသည်။
အုပ်စုအတွင်း၌ အသန်မာဆုံးဖြစ်သည့် အမာရွတ်နှင့်လူငယ်သည် သူ၏လက်တွင်းရှိ ဓားမြှောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ကာ ဝိညာဉ်စွမ်းအင်များကို အထွတ်အထိပ်ထိ စုစည်းလျက် ကျောက်လုံထံသို့ အဆက်မပြတ် ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။
ငွေရောင်လှံရှည်ကို ကိုင်ဆောင်ထားသော ကျောက်လုံက ခက်ထန်သော မျက်နှာထားဖြင့် အမာရွတ်နှင့်လူငယ်ထံသို့ တည်ငြိမ်စွာ ဦးတည်လျှောက်လှမ်းလာ၏။
ကျောက်လုံသည် ထိုပြင်းထန်လှသော ဝိညာဉ်စွမ်းအင် ဓားချက်များကို ရှောင်တိမ်းရန်ပင် မကြိုးစားချေ။ ထို့ကြောင့် ဓားချက်များက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်ထိမှန်သွားကြသည်။
သို့သော် ထိုတိုက်ခိုက်မှုများသည် ကျောက်လုံ၏ ခန္ဓာကိုယ်ကို မည်သို့မျှ ထိခိုက်စေခြင်းမရှိဘဲ သူ၏ ပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များအဖြစ်သာ ပြောင်းလဲသွားကာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားလေတော့၏။
"မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အမာရွတ်နှင့်လူငယ်က သေမင်းတမန်အလား တဖြည်းဖြည်း နီးကပ်လာသော ကျောက်လုံကိုကြည့်ကာ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်မိပြီး အရှုံးပေးလိုက်တော့သည်။ သူ၏ လက်တွင်းမှ ဓားမြှောင်သည် မြေကြီးပေါ်သို့ ခေါက်ခနဲ ပြုတ်ကျသွားကာ အနီရောင်ဓားတိုလေးတစ်ချောင်းနှင့် သတ္တုဘောလုံးငယ်အဖြစ်သို့ မူလပုံစံ ပြန်လည်ပြောင်းလဲသွားလေ၏။
စိတ်ဓာတ်ကျဆင်းကာ မျှော်လင့်ချက် လုံးဝကင်းမဲ့နေပြီဖြစ်သော အမာရွတ်နှင့်လူငယ်ကို ကျောက်လုံက သွေးအေးစွာဖြင့် မထီမဲ့မြင် စိုက်ကြည့်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။
"မင်းလို အမှိုက်ကများ ဧကရာဇ်ရဲ့ ဘုန်းအာဏာကို စော်ကားရဲတယ်ပေါ့... သေဒဏ်ပဲ"
စကားအဆုံးတွင် ကျောက်လုံက သူ၏ ငွေရောင်လှံရှည်ကို အရှိန်ပြင်းစွာဖြင့် ရှေ့သို့ ထိုးသွင်းလိုက်ရာ လှံသွားသည် အမာရွတ်နှင့်လူငယ်၏ ရင်ဘတ်ကို တည့်မတ်စွာ ဖောက်ထွင်းပစ်လိုက်တော့၏။ ပူနွေးသော သွေးများက လေထုထဲသို့ ပန်းထွက်သွားပြီး လူငယ်၏ အသက်ရှူသံများ ချက်ချင်း ရပ်တန့်သွားတော့သည်။
ကောင်းကင်မှ ဆင်းသက်လာသော စစ်တပ်ကြီးသည် မဟာလှံတံဂိုဏ်းသားများနှင့် လီမိသားစုဝင်များကို ဘက်ပေါင်းစုံမှ အညှာအတာကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် ချေမှုန်းပစ်လိုက်ကြ၏။ မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မည်ဟု မဟာလှံတံဂိုဏ်းသားများ ကြွေးကြော်ခဲ့စဉ်က မြို့သူမြို့သားအားလုံး မျှော်လင့်ချက်ကင်းမဲ့ကာ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြရသည်။
သို့သော် ယခုအခါ လင်းချန်၏ အမိန့်ကို နာခံသော လှံကိုင်တပ်ဖွဲ့ကြီးက ထိုကြောက်ရွံ့မှုများနှင့် ရန်သူများကိုပါ အလွယ်တကူ ရိုက်ချိုးဖျက်ဆီးပေးလိုက်ပြီ ဖြစ်၏။
မြင်ကွင်းတစ်ခုလုံး သွေးကန်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ယီနန်ရှင်းက ကောင်းကင်ကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ဒီနေ့ ရာသီဥတုက တကယ်ကောင်းတာပဲ"
ထိုအချိန်တွင် ဘာရှန်းမြို့နှင့် မိုင်ပေါင်းမည်မျှ ကွာဝေးမှန်းမသိသော အလွန်အမင်း မှောင်မည်းနေသည့် ရေအကျဉ်းထောင်တစ်ခုအတွင်း၌ သွေးသံရဲရဲ ဒဏ်ရာများဖြင့် သနားစရာကောင်းလောက်အောင် အကျဉ်းချခံထားရသည့် အမျိုးသားတစ်ဦး ရှိနေ၏။
ရေအကျဉ်းထောင်၏ အပြင်ဘက်တွင်တော့ လှပသော အမျိုးသမီးတစ်ဦးက ရပ်နေကာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အတွင်းရှိ အမျိုးသားကို လှမ်းကြည့်နေသည်။
"အစ်ကိုလင်း... ကျွန်မ ဘာလုပ်ရမလဲဟင်... ဒီကိုပြန်လာမိတာ တကယ်နောင်တရတာပဲ။"
"ဘယ်လောက်ပဲ နှိပ်စက်ညှင်းပန်းပါစေ... သူတို့ ငါ့အသက်ကိုတော့ သတ်မှာမဟုတ်ပါဘူး" ထိုအမျိုးသားက ခပ်တိုးတိုး ပြန်ဖြေသည်။ "ဒါပေမဲ့... သူတို့ ဘာပဲပြောပြော... ချန်အာရဲ့ သိုင်းဝိညာဉ်ကို ကုသပေးနိုင်မယ်ဆိုရင်တောင် သဘောမတူလိုက်နဲ့။ ချန်အာ ဘယ်မှာရှိလဲဆိုတာ သူတို့ကို လုံးဝမပြောနဲ့နော်"
"ငါတို့သားလေးကို ဒီကိစ္စထဲ ပါလာစေမယ့်အစား သာမန်လူတစ်ယောက်အနေနဲ့ပဲ ရိုးရိုးရှင်းရှင်း ရှင်သန်သွားတာကို မြင်ချင်မိတယ်"
ထိုအမျိုးသမီးက မျက်ရည်များကြားမှ ခေါင်းကို တရစပ်ညိတ်လိုက်သည်။ သူမ၏ မျက်လုံးများအတွင်း၌ ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှုများ ပြည့်နှက်နေ၏။
"အခု ချန်အာလေး ဘယ်လိုများ နေနေမလဲ မသိဘူးနော်"
**--**--**--**--**--**--**--**
ယီမိသားစု၏ အစည်းအဝေးခန်းမဆောင်အတွင်း၌ ဘာရှန်းမြို့မှ အရေးပါသော ပုဂ္ဂိုလ်များသည် လူငယ်တစ်ယောက်ကို ဝိုင်းရံထားကြကာ မျက်နှာချိုသွေးလျက် လက်ဖက်ရည် ကမ်းသူကကမ်း ၊ ပခုံးနှင့် ခြေထောက်များကို နှိပ်ပေးသူက နှိပ်ပေးနှင့် အလုပ်ရှုပ်နေကြသည်။
မိဘများ၏ ဒုက္ခကို မသိရှာသော လင်းချန်က စိတ်ပျက်သော မျက်နှာထားဖြင့် လူအုပ်ကြီးကို လူစုခွဲခိုင်းလိုက်၏။
"ခင်ဗျားတို့က ဘာလို့ ကျုပ်နားမှာ လာစုနေကြတာလဲ... သေချာ ထိုင်ကြစမ်းပါ"
လင်းချန် ပြောလိုက်သည်နှင့် တပြိုင်နက် လူအုပ်ကြီးသည် လေပြင်းတိုက်ခတ်သွားသကဲ့သို့ ချက်ချင်း လူစုကွဲသွားကြကာ အစည်းအဝေးခန်းမအတွင်း၌ သူတို့၏ နေရာအသီးသီးတွင် ငြိမ်ဝပ်စွာ ထိုင်လိုက်ကြသည်။
အားလုံး နေရာယူပြီးသည်ကို မြင်သောအခါ လင်းချန် မတ်တပ်ရပ်လိုက်ကာ သူတို့ကို အသံနေအသံထား ဩဇာပါပါဖြင့် ကြေညာလိုက်၏။
"ကျုပ်က ဒီတစ်ခေါက် ဘာရှန်းမြို့ရဲ့ စစ်ဆေးရေးမှူး နတ်ဓားဂိုဏ်းက လင်းချန်ပဲ... လူငယ်ဧကရာဇ်လို့လည်း ခေါ်ကြတယ်။"
"မနက်ဖြန်ကျရင် နတ်ဓားလူရွေးပွဲကို အစီအစဉ်အတိုင်း ဆက်ကျင်းပမယ်။ မိသားစုတိုင်း ပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ဝင်ခွင့်နေရာတစ်ခုစီ အပိုရလိမ့်မယ်။ ပြိုင်ပွဲရဲ့ ဆုကြေးတွေလည်း အဲဒီအတိုင်း တိုးပေးမယ်။"
လင်းချန် ပြောဆိုပြီးသည်နှင့် ရှိနေသူအားလုံး၏ မျက်နှာများ ဝမ်းသာအားရ ဝင်းပသွားကြသည်။ သို့သော် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ မြင်ကွင်းများ ရုတ်တရက် မည်းမှောင်သွားကာ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ ခွေခေါက် လဲကျသွားလေတော့၏။
သတိမလစ်မီ နောက်ဆုံးအချိန်လေးတွင် ယီနန်ရှင်း စိုးရိမ်တကြီး ပြေးလာသည်ကိုသာ သူ ဝေဝါးစွာ မြင်လိုက်ရတော့သည်။
တစ်ချိန်တည်းတွင် ဘာရှန်းမြို့နှင့် ဝေးကွာလှသော နေရာတစ်ခုရှိ အကျဉ်းထောင်တစ်ခုအတွင်းသို့ လူတစ်ယောက်သည် စိုးရိမ်တကြီးဖြင့် အပြေးအလွှား ဆင်းလာသည်။
ထိုလူသည် အမျိုးသမီး၏ ဘေးနားသို့ ရောက်ရှိလာကာ ရေအကျဉ်းထောင်အတွင်းရှိ လူကို မြင်လိုက်ရသောအခါ စိတ်မကောင်းဟန်ဖြင့် အံကို တင်းတင်းကြိတ်လိုက်လျက် ညည်းတွားလိုက်၏။
"အစ်မရေ... ပြဿနာတော့တက်ပြီ။"
"ယောက်ဖ... သူတို့တွေ ခင်ဗျားကို ဒီလိုလုပ်ရဲကြတယ်ပေါ့... ဒါတွေအားလုံး ငါ့အပြစ်တွေပါ။ ငါသာ ပိုပြီး ကြိုးစားခဲ့မယ်ဆိုရင် မင်းအခုလို အခြေအနေဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး"
အမျိုးသမီးသည် သက်ပြင်းချလိုက်ကာ မိမိကိုယ်ကို အပြစ်တင်နေသော အစိမ်းရောင်ဝတ်ရုံနှင့်လူကို လက်ကာပြလိုက်သည်။
"မောင်လေး... ဒါ မင်းအပြစ်မဟုတ်ပါဘူး။ မင်း အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ"
ရေအကျဉ်းထောင်အတွင်းရှိ လူသည်လည်း အစိမ်းရောင်ဝတ်ရုံနှင့်လူကို နှစ်သိမ့်စကား ဆိုလိုက်၏။
"ညီလေး... မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်"
အစိမ်းရောင်ဝတ်ရုံနှင့်လူသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏ရှေ့မှ ဇနီးမောင်နှံကို လေးနက်စွာဖြင့် အသိပေးလိုက်သည်။
"ဒါနဲ့ အစ်မနဲ့ယောက်ဖရေ... ဘိုးဘေးကွပ်ကဲမှုဆောင်မှာ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ဆွေစဉ်မျိုးဆက်ထဲက တစ်ယောက်က ဘိုးဘေးအဆင့် တိမ်တိုက်ဓားသိုင်းဝိညာဉ်ကို နိုးထစေခဲ့တယ်တဲ့"
ရေအကျဉ်းထောင်အတွင်းရှိလူနှင့် အပြင်ဘက်မှ အမျိုးသမီးတို့သည် ပြိုင်တူပင် အံ့ဩတကြီး အာမေဋိတ်ရေရွတ်လိုက်မိကြ၏။
"ဘာ..."
အထူးသဖြင့် အမျိုးသမီးဖြစ်သူသည် ဘိုးဘေးအဆင့် သိုင်းဝိညာဉ်နိုးထလာခြင်းသည် သူမ၏ မိသားစုအတွက် မည်မျှအရေးပါကြောင်း ကောင်းစွာ သိရှိထားလေသည်။
"ဒါပေမဲ့ အခုချိန်ထိ မျိုးဆက်သစ်လူငယ်တွေထဲမှာ ဘယ်သူမှ လက္ခဏာမပြသေးဘူး။ သိုင်းဝိညာဉ်ကို တကယ်နိုးထခဲ့တဲ့သူက အစ်မနဲ့ ယောက်ဖတို့ရဲ့ သား... ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးတဲ့ တူလေး ဖြစ်လိမ့်မယ်လို့ ဟိုလူယုတ်မာတွေက ထင်ကြေးပေးနေကြတယ်"
"အကြီးအကဲဖူက တိတ်တဆိတ် သတင်းပေးလာတယ်။ သူတို့တွေက ယောက်ဖရဲ့ သွေးကိုသုံးပြီး သွေးမျိုးဆက် တံဆိပ်ခတ်နှိပ်ခြင်း အစီအရင်နဲ့ ချန်အာလေးကို ရှာဖို့ ကြံစည်နေကြတယ်တဲ့။ ချန်အာလေး ကြီးပြင်းလာရင် သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာမှာကို စိုးရိမ်ပြီး အပြတ်ရှင်းပစ်ကြလိမ့်မယ်"
ထိုသတင်းကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် မူးမေ့လဲလုမတတ် ဖြစ်သွားရကာ မလဲကျသွားစေရန် ရေအကျဉ်းထောင်၏ သံတိုင်များကိုသာ အားပြု၍ တင်းကျပ်စွာ ဖက်တွယ်ထားလိုက်ရ၏။
ရေအကျဉ်းထောင်အတွင်းရှိ လူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"တိရစ္ဆာန်ကောင်တွေ... ယောက္ခထီးကြီး မရှိတော့လို့ သူတို့တွေ ဒီလောက်ထိ မောက်မာရဲတာမလား"
အစိမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများအတွင်း၌ ရဲဝံ့ပြတ်သားမှုများ တောက်ပနေလေ၏။
"ခင်ဗျားတို့နှစ်ယောက်က လွတ်လွတ်လပ်လပ် သွားလာလို့မရပေမဲ့ ကျွန်တော်က ရတယ်။ တူလေးကို တစ်ခုခုဖြစ်မှာစိုးလို့ ကျွန်တော် သွားမခေါ်လာခဲ့တာ... တကယ်လို့ ချန်အာလေးကို သူတို့ ရှာတွေ့သွားခဲ့မယ်ဆိုရင် ကျွန်တော် ဘာရှန်းမြို့ကို ချက်ချင်းသွားပြီး ကျွန်တော့်အသက်နဲ့လဲကာကွယ်ပေးမယ်"
အမျိုးသမီးမှာ မျက်ရည်များကျလာရကာ ဝမ်းနည်းပက်လက် ဆိုရှာသည်။
"ချန်အာလေးက သိုင်းဝိညာဉ်နိုးထလာမယ်ဆိုတာသာ သိခဲ့ရင် တို့တွေ ပြန်မလာခဲ့ပါဘူး... အခုတော့ ဒီလိုအခြေအနေမျိုးရောက်ပြီး မောင်လေးကိုပါ ဒုက္ခပေးသလို ဖြစ်ရပြီ"
အစိမ်းရောင်ဝတ်ရုံနှင့်လူက အစ်မဖြစ်သူကို နှစ်သိမ့်ပေးလိုက်ကာ ထွက်ခွာရန် ပြင်လိုက်၏။
"အစ်မက မိသားစုရဲ့ အခြေအနေကို မသိခဲ့လို့ပါ။ ပြီးတော့ အဖေ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကလည်း အဲဒီတိရစ္ဆာန်ကောင်တွေနဲ့ ပတ်သက်နေမယ်လို့ ကျွန်တော်ထင်တယ်။ စိတ်မပူပါနဲ့ ချန်အာလေးကို ဘာမှမဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်"
ရေအကျဉ်းထောင်မှ ထွက်ခွာလာပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့်လူသည် အသက်ပြင်းပြင်းရှူလိုက်ကာ မျှော်စင်အဝင်ပေါက်တစ်ခုဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။ သူသည် ဤနေရာ၌သာ စောင့်ဆိုင်းရန် စီစဉ်ထား၏။ သို့မှသာ သွေးမျိုးဆက် တံဆိပ်ခတ်နှိပ်ခြင်း အစီအရင်သည် လင်းချန်၏ တည်နေရာကို အမှန်တကယ် ရှာတွေ့သွားသည်နှင့်တစ်ပြိုင်နက် သူသည် ဦးအောင်လှုပ်ရှားနိုင်ကာ တူဖြစ်သူကို ကယ်တင်နိုင်မည် ဖြစ်သည်။
"အစ်မနဲ့ ယောက်ဖရဲ့ တစ်ဦးတည်းသောသားလေး... ဘေးကင်းစေရမယ်"
**--**--**--**--**--**--**--**
မျှော်စင်၏ အပေါ်ဆုံးထပ်၌ လူအများအပြား ရှိနေကြကာ ကြမ်းပြင်၏ အလယ်တည့်တည့်တွင် သွေးနီရောင် အစီအရင်သင်္ကေတများကို ရှုပ်ထွေးစွာ ရေးထိုးထားသည်။ အစီအရင်၏ အလယ်ဗဟို၌ သွေးတစ်စက်သည် လေထဲတွင် ပေါလောပေါ်နေကာ နီရဲသော ဝိညာဉ်အလင်းတန်းများက ထိုသွေးစက်ကို လွှမ်းခြုံထားလျက်ရှိ၏။ ထိုအလင်းတန်းများသည် တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားနေသကဲ့သို့ မနားတမ်း လှုပ်ရှားနေကြ၏။
ထိုလူများကြားတွင် ခေါင်းတုံးတုံးထားသော သန်မာထွားကျိုင်းသည့် အဘိုးအိုတစ်ဦးသည် လေထဲရှိ သွေးစက်ကို စိုက်ကြည့်နေကာ သူ၏ မျက်လုံးနက်ထဲ၌ အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
"သခင်လေးနေရာကိုသာ တကယ်ရှာတွေ့သွားရင်တော့ ဒုက္ခပဲ"
**--**--**--**--**--**--**--**
ဘာရှန်းမြို့ ၊ ယီအိမ်တော်။
"ဟားးး"
ချွေးများရွှဲနစ်နေသော လင်းချန်က ရုတ်တရက် အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေချိုးထားသကဲ့သို့ စိုရွှဲနေလေ၏။
"ဟူးးး"
သူ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ မူးဝေနေသော ခေါင်းကို ခါယမ်းလျက် ကုတင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ သူ၏ အိပ်ခန်းထဲသို့ ပြန်ရောက်နေကြောင်း သိလိုက်ရကာ ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။
သတိမလစ်မီ အချိန်က အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်လိုက်ရာ သူ့အား ယောက္ခထီးလောင်းဖြစ်သူက နေရာချပေးခဲ့ခြင်းဖြစ်မည်ဟု လင်းချန် ခန့်မှန်းလိုက်သည်။ သတိလစ်သွားရသည့် အကြောင်းရင်းကို စဉ်းစားကြည့်ရာ ဒန်ထျန်ထံမှ တစ်ခါမှမကြုံဖူးသော စူးရှသည့် နာကျင်မှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားကာ သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း မှတ်မိသွား၏။
လင်းချန် ခပ်တိုးတိုး ရေရွတ်လိုက်ကာ ကျင့်ကြံခြင်းအနေအထားသို့ ဝင်ရောက်လျက် သူ၏ ဒန်ထျန်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
"ဒန်ထျန်..."
ခဏအကြာ၌ လင်းချန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ ရှေ့သို့ ကြောင်ငေးကြည့်လျက် မယုံကြည်နိုင်သော လေသံဖြင့် ကျိန်ဆဲလိုက်မိတော့သည်။
"သောက်ကျိုးနည်း..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၃ + ၂၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team