← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၅ + ၂၆

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန် သူ၏ဒန်ထျန်ကို စစ်ဆေးကြည့်လိုက်ရာ လည်ပတ်နေသော အဖြူရောင်ဝဲဂယက်အထက်၌ ဓားနှစ်လက် ပေါ်ထွက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

ဓားတစ်လက်မှာ နှင်းကဲ့သို့ ဖြူဖွေးသော ဓားသွားရှိပြီး တိမ်တိုက်ပုံစံ မျဉ်းကြောင်းများဖြင့် ထွင်းထုထားကာ အပြာနုရောင် အလင်းတန်းများ ယှက်သန်းနေသည်။

အခြားဓားတစ်လက်မှာမူ ကတ္တရာကဲ့သို့ နက်မှောင်နေပြီး အနီရောင်နှင့် ရွှေရောင်ရောစပ်ထားသော မိုးကြိုးလျှပ်စီးပုံစံ မျဉ်းကြောင်းများဖြင့် ထွင်းထုထားလေသည်။

ထို့အပြင် လင်းချန်၏ စိတ်ထဲ၌ ထိုဓားနှစ်လက်၏ အမည်နာမများသည် အလိုအလျောက် ပေါ်လာသည်။

နှင်းကဲ့သို့ ဖြူဖွေးသောဓား၏ အမည်မှာ တိမ်တိုက်ဓား ဖြစ်ပြီး နက်မှောင်နေသော ဓား၏အမည်မှာ မိုးကြိုးလျှပ်စီးဓားဖြစ်သည်။

မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ ကုတင်ပေါ်တွင် ထိုင်နေရင်း လင်းချန် ခေတ္တမျှ စဉ်းစားလိုက်သည်။

ထို့နောက် ရှေ့သို့ စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။

"မူလတိုင်းပြည်ကို ပြန်မယ်"

ထိုစကားလုံးများ လင်းချန်၏ နှုတ်မှ ထွက်သွားသည်နှင့် သူ၏ တစ်ကိုယ်လုံးကို အဖြူရောင်အလင်းတန်းတစ်ခုသည် လွှမ်းခြုံသွားပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကျယ်ပြောလှသော အဖြူရောင် နယ်မြေတစ်ခုအတွင်း၌ အရာအားလုံးသည် အဆုံးအစမဲ့နေသကဲ့သို့ ထင်ရသည်။

ထိုနယ်မြေအတွင်း၌ စိတ်ကူးဖြင့်ပင် ပုံဖော်၍မရနိုင်လောက်အောင် ကြီးမားသော ဂြိုဟ်ကြီးတစ်လုံး လေဟာပြင်ထဲ၌ လွင့်မျောနေ၏။

ကျယ်ပြောသော သမုဒ္ဒရာကြီး ခြောက်စင်း ၊ ဧရာမ တိုက်ကြီး ၁၈ တိုက်... ဤဂြိုဟ်ကြီးတစ်ခုလုံးသည် ဟွာရှာအင်ပါယာပင် ဖြစ်သည်။ အကြီးဆုံးသော ကုန်းမြေတိုက်ကြီးပေါ်ရှိ ခမ်းနားထည်ဝါသော အင်ပါယာမြို့တော်ကြီးအတွင်း၌ ဘာရှန်းမြို့ထက် အဆတစ်ရာမက ကြီးမားသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။ ထိုနန်းတော်ကြီးအတွင်း ရေတွက်၍မရနိုင်သော သံချပ်ကာဝတ် အစောင့်များက ကင်းလှည့်နေကြ၏။

နန်းတော်ကြီး၏ ဗဟို ဟွာရှာနန်းဆောင်အတွင်း၌ လင်းချန် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ရင်းနှီးနေသော နဂါးပလ္လင်ထက်တွင် ဝင်ထိုင်လိုက်သည်။

"ရွှပ်..."

နန်းဆောင်၏ အပြင်ဘက်၌ အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကျောက်လုံ၏ ပုံရိပ်က ဦးစွာ ပေါ်ထွက်လာ၏။

ကျောက်လုံ နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး ပလ္လင်ထက်၌ ထိုင်နေသော လင်းချန်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြုလိုက်သည်။

"ကိုယ်ရံတော် တပ်မှူးကြီး ကျောက်လုံ... အမိန့်တော်ကို နာခံရန် အသင့်ပါ"

လင်းချန် လက်ကို အနည်းငယ်မြှောက်ကာ ကျောက်လုံကို ထရန် အချက်ပြလိုက်သည်။

"အင်း... ကျန်တဲ့သူတွေကို စောင့်လိုက်ဦး"

ကျောက်လုံ ပြန်လည်ဖြေကြားပြီးနောက် ခါးကိုမတ်မတ်ထားကာ ဘေးတစ်ဖက်သို့ ဝင်ရပ်လိုက်သည်။

"အမိန့်တော်အတိုင်းပါ"

နောက်ထပ် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြန်ပြီး လူရိပ်တစ်ခု နန်းဆောင်ထဲသို့ ဝင်ရောက်လာပြန်သည်။

ထိုအရိပ်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို အနက်ရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားသည်။

ဆံနွယ်ရှည်များကို ပခုံးထက်တွင် ဖြန့်ချထားပြီး ဒူးအထိရှည်သော ဖိနပ်ရှည်များကို စီးနင်းလျက် နန်းဆောင်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ထိုအမျိုးသမီးသည် ဒူးတစ်ဖက်ထောက်ကာ သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် လင်းချန်ကို မော့ကြည့်လိုက်သည်။

"ပထမတပ်မမှူး ဟွာလင်း... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

သူမ၏ သာယာနာပျော်ဖွယ်ကောင်းသော အသံလေးက နန်းဆောင်ကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

မြေပြင်က ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး အရပ်နှစ်မီတာကျော်မြင့်သော ဧရာမလူကြီးတစ်ဦးသည် အဖြူရောင်အလင်းတန်းထဲမှ ပြေးထွက်လာကာ ဟွာလင်း၏ ဘေးတွင် လျှင်မြန်စွာ ဒူးထောက်လိုက်သည်။

သူ၏ လေးလံသော သံချပ်ကာနှင့် ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် နားအူသွားစေလောက်သည့် အသံကြီး ထွက်ပေါ်လာ၏။

လင်းချန်ကို ကြည့်လိုက်ချိန်၌ သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားဝမ်းသာမှုကြောင့် မျက်ရည်များ ပြည့်လျှံနေလေသည်။

"အရှင်မင်းမြတ်... ဒုတိယတပ်မမှူး ရွှီမုန်... အမိန့်တော်ကို နာခံရန် အသင့်ပါ"

မီးခိုးရောင် အငွေ့အသက်များ ပေါ်ထွက်လာပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း လေထဲမှ ဘွားခနဲ ထွက်ပေါ်လာသည်။

"ဟားဟားဟား... ရွှီမုန်... မင်းကတော့ အရင်အတိုင်းပဲ တဇွတ်ထိုးနိုင်တုန်းပဲကိုး။ အရှင်မင်းမြတ် ရှေ့တော်မှောက်ကို ဒီလို ဝင်လာရတာ မကြောက်ဘူးလား"

ထိုအမျိုးသားသည် လင်းချန်၏ ရှေ့မှောက်တွင် လျင်မြန်စွာ ဒူးထောက်လိုက်ပြီး ခေါင်းငုံ့အရိုအသေပြုလိုက်သည်။

"တတိယတပ်မမှူး ကျီချင်း... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

နန်းဆောင်အပြင်ဘက်မှ ရယ်မောသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးများနှင့် သံချပ်ကာဝတ် အမျိုးသားတစ်ဦးသည်လည်း လင်းချန်၏ ရှေ့မှောက်သို့ ရောက်လာကာ လက်သီးဆုပ် အရိုအသေပြုရင်း ဒူးထောက်လိုက်သည်။

"ဟားဟားဟား... မင်းတို့အားလုံး ရောက်လာတာ မြန်သားပဲ။ စတုတ္ထတပ်မမှူး ကွမ်ရီ... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

ရဲရင့်ပြီး အရှုံးမပေးတတ်သော ဟွာလင်း ၊ ပွင့်လင်းပြီး သတ္တိရှိသော ရွှီမုန် ၊ လေကဲ့သို့ လျင်မြန်သော ကျီချင်းနှင့် ပျော်ပျော်နေတတ်ပြီး သစ္စာရှိသော ကွမ်ရီ... လင်းချန် ထိုတပ်မမှူးကြီးလေးယောက်ကို အထွတ်အထိပ်အဆင့် ရောက်သည်အထိ ကိုယ်တိုင် ပြုစုပျိုးထောင်ထားခဲ့ခြင်းဖြစ်ရာ အလွန်ပင် ရင်းနှီးကျွမ်းဝင်လေသည်။

ယခုကဲ့သို့ သူတို့နှင့် အနီးကပ် ပြန်လည်တွေ့ဆုံရပြီး အသက်ဝင်တက်ကြွနေသည်ကို မြင်တွေ့ရသောအခါ လင်းချန်၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်သွားရတော့၏။

မကြာမီ၌ပင် နန်းဆောင်အပြင်ဘက်၌ နောက်ထပ် လူရိပ်နှစ်ခု ပေါ်လာပြီး ဘေးချင်းယှဉ်ကာ လျှောက်လှမ်းဝင်ရောက်လာကြသည်။

တစ်ဦးမှာ သံချပ်ကာ ဝတ်ဆင်ထားသည့် မျက်နှာဖြူဖြူနှင့် လူငယ်အရာရှိတစ်ဦးဖြစ်ပြီး နန်းဆောင်ထဲသို့ ရောက်သည်နှင့် အလျင်အမြန် ဒူးထောက်လိုက်သည်။

"ပဉ္စမတပ်မမှူး လီရုံ... နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းမြတ်"

သူနှင့်အတူ ပါလာသူမှာ ပညာရှိဦးထုပ်ကို ဆောင်းထားပြီး ကြိုးကြာငှက်ပုံ ဝတ်ရုံရှည်ကို လွှမ်းခြုံထားသူဖြစ်ကာ တစ်ချိန်က ငှက်သိုက်ကဲ့သို့ ဆံပင်ပုံစံနှင့်နေခဲ့သော သူပင်ဖြစ်သည်။

ထိုသူသည် ဒူးနှစ်ဖက်လုံးထောက်ကာ လင်းချန်ကို ဦးညွှတ်လိုက်၏။

"ကောင်းကင်လက်မှုပညာဌာနမှ ကျူးကော့မင်... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်"

ဂါရဝပြုပြီးသည်နှင့် ကျူးကော့မင် ခေါင်းကို အမြန်မော့လိုက်ပြီး လင်းချန်ကို စိုးရိမ်တကြီး လျှောက်တင်လိုက်လေသည်။

"အရှင်မင်းမြတ်... အရှင် အန္တရာယ်ရှိနေပါတယ် ချက်ချင်း ပြန်လည်တုံ့ပြန်မှ ဖြစ်ပါမယ်"

လင်းချန် မျက်မှောင်ကြုတ်သွားပြီး ကျူးကော့မင်ကို ကြည့်ကာ မေးလိုက်သည်။

"ငါ အန္တရာယ်ရှိနေတယ် ဟုတ်လား။ အမတ်ချုပ်... ဘာကို ဆိုလိုတာလဲ"

ကျူးကော့မင် ပြောပြောဆိုဆိုဖြင့် လင်းချန်ကို လက်ညှိုးဖြင့် ညွှန်ပြလိုက်လေသည်။

"အရှင်မင်းမြတ်... ခွင့်လွှတ်တော်မူပါ"

နောက်တစ်ခဏတွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာရာ လင်းချန် သူ၏ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်မိပြီး မျက်လုံးပြူးသွားရတော့သည်။

လက်ရှိအချိန်တွင် လင်းချန် သူ၏ခန္ဓာကိုယ်အား သွေးနီရောင်အလင်းတန်းများ လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းများကြားတွင် ဆန်းကြယ်သော အစီအရင်သင်္ကေတများ မှေးမှိန်စွာ ပေါ်ထွက်နေပြီး သူ၏ ခန္ဓာကိုယ်အနှံ့သို့ အဆက်မပြတ် ရွေ့လျားနေကြ၏။

လင်းချန် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အလင်းတန်းများကို ကြည့်ကာ တွေးမိလိုက်သည်။

"ဒါက ငါ့ကို တစ်ခုခု စုံစမ်းဖို့ ကြိုးစားနေတဲ့ အစီအရင်တစ်ခုပဲ ဖြစ်ရမယ်"

ထို့နောက် လင်းချန် သူ၏ရှေ့မှောက်ရှိ လူအများကို လက်ကာပြလိုက်၏။

"မောင်မင်းတို့ ထနိုင်ကြပြီ"

ဟွာလင်း၏ လှပသော မျက်နှာလေးသည် နှင်းခဲရိုက်ထားသကဲ့သို့ အေးစက်နေပြီး အမျက်ဒေါသကြောင့် သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေရသည်။

"အရှင်မင်းမြတ်... အရှင်မင်းမြတ်ကို ဘယ်သူက ဒီလောက်တောင် မလေးမစား ပြုမူရဲတာပါလဲ။ အင်ပါယာရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့သူတွေကို နှိမ်နှင်းဖို့ ဟွာလင်းက နတ်ဓားတပ်မတော် ကို ဦးဆောင်ပြီး သွားချင်ပါတယ်"

ကျူးကော့မင်က ခေါင်းကို ရမ်းခါရင်း ဘေးမှနေ၍ ဟွာလင်းကို သတိပေးလိုက်သည်။

"ဟွာလင်း... ငါတို့က အရှင်မင်းမြတ်နောက်ကိုလိုက်ပြီး ဒီနယ်မြေစိမ်းကို ရောက်လာခဲ့ကြတာ အင်ပါယာကနေ အပြင်ထွက်တဲ့ ကောင်းကင်လမ်းကြောင်း က အရှင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာလေ။ မင်းရဲ့ အခုလက်ရှိ စွမ်းအားနဲ့သာ အဲ့ဒီလမ်းကြောင်းကို ဖြတ်သန်းသွားမယ်ဆိုရင် အရှင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး ၊ အရှင်မင်းမြတ်ကို သေစေချင်နေတာလား"

တောင်ကြားထဲတွင် ရှိနေစဉ် ဟွာရှာအင်ပါယာသို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့သည့် အချိန်တုန်က လင်းချန် ကျူးကော့မင်နှင့် စကားပြောပြီးဖြစ်ရာ အကြောင်းအရာများစွာကို သိရှိထားပြီး ဖြစ်သည်။

ကောင်းကင်လမ်းကြောင်းဆိုသည်မှာ ဟွာရှာအင်ပါယာ မြို့တော်၏ ကောင်းကင်ထက်တွင် ရှိသော ဝဲဂယက်တစ်ခုဖြစ်ပြီး လင်းချန်၏ ဒန်ထျန်နှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။

လင်းချန် ဟွာရှာအင်ပါယာသို့ ပြန်ရောက်လာသည့်အချိန်တွင် ကောင်းကင်လမ်းကြောင်းသည် ပျောက်ကွယ်သွားတတ်သည်။

ဟွာရှာအင်ပါယာမှ အသက်မဲ့သော အရာဝတ္ထုများသည် အတားအဆီးမရှိ ထွက်ခွာနိုင်သော်လည်း အသက်ရှိလာကြသည့် စစ်သူကြီးများနှင့် တပ်ဖွဲ့များသည် အလွယ်တကူဖြတ်သန်းသွားလာ၍ မရနိုင်ပေ။

ဟွာရှာအင်ပါယာ တည်ရှိရာ ဧရာမဂြိုဟ်ကြီးသည် မူလက ဂိမ်းတစ်ခု၏ ဆာဗာတစ်ခုလုံးဖြစ်ပြီး သူတစ်ယောက်တည်းကသာ သိမ်းပိုက်ကြီးစိုးထားခြင်းဖြစ်သည်။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် ယခင်ဘဝ ဂိမ်းထဲမှ ဟွာရှာအင်ပါယာသည် မည်မျှ စွမ်းအားကြီးမားခဲ့ကြောင်း သိသာထင်ရှားလှသည်။

ယခု ဟွာရှာအင်ပါယာအတွင်းတွင် ရှိနေကြသည့် တပ်မမှူးများကို မဆိုထားနှင့် တိုက်ခိုက်ရေးစွမ်းရည်မရှိသော စာပေပညာရှင် ကျူးကော့မင် နှာချေ ချောင်းဆိုးလိုက်လျှင်ပင် နတ်ဓားဂိုဏ်း တစ်ခုလုံး ပြားပြားဝပ်သွားနိုင်သည်။

သို့သော် သူတို့မည်မျှပင် စွမ်းအားကြီးမားပါစေ ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းသည့်အခါ လင်းချန်၏ ခန္ဓာကိုယ်သည် ဒဏ်မခံနိုင်ဘဲ ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် စွမ်းအားကို စိတ်ကြိုက်ထိန်းချုပ်နိုင်ပြီး လင်းချန်၏ ခံနိုင်အားနှင့်အညီ လိုက်ပါပြောင်းလဲနိုင်သော ကျောက်လုံ တစ်ယောက်တည်းသာ လှံကိုင်တပ်သားများကို ဦးဆောင်၍ ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းလာနိုင်ခြင်း ဖြစ်ပေ၏။

ကျီချင်း မျက်နှာပေါ်တွင် အေးစက်သော အမူအရာဖြင့် ကြိမ်းဝါးလိုက်သည်။

"ငါသာ ထွက်သွားလို့ရရင် အရှင်မင်းမြတ်ကို ဆန့်ကျင်တဲ့ကောင်တွေကို အကုန်ရှင်းပစ်လိုက်မှာ"

ကျီချင်း၏ စကားကြောင့် ဘေးနားရှိ အရပ်ရှည်ရှည်နှင့် ရွှီမုန်က မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

"မင်းက ကြွက်တစ်ကောင်လိုပဲ လူတွေကို နောက်ကွယ်ကနေပဲ လုပ်ကြံတတ်တယ်"

"ဟီးဟီး... ငါက မင်းလို ဒိုင်းကာကြီး ကိုင်ပြီး ရဲရင့်ချင်ယောင်ဆောင်နေတဲ့သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာလား"

"ပါးစပ်ပိတ်ထားစမ်း... မင်းရဲ့ ပိန်ညောင်ညောင် ခန္ဓာကိုယ်ကို ငါ နင်းချေပစ်လိုက်မယ်နော်"

"လုပ်လိုက်လေ... မင်း ငါ့ကို ထိတောင်ထိနိုင်လို့လား"

ထိုစဉ် လီရုံက အနေရခက်စွာဖြင့် ကျီချင်းနှင့် ရွှီမုန်ကြားသို့ ဝင်ရပ်ကာ တားမြစ်လိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်... အရှင်မင်းမြတ်ရှေ့မှာ ရန်ဖြစ်နေတာ ရပ်လိုက်ကြစမ်းပါ"

ကွမ်ရီက အားရပါးရ ရယ်မောရင်း မြှောက်ပေးလိုက်သည်။

"ဟားဟားဟား... ဟုတ်တယ်... စကားများနေမယ့်အစား ဓားထုတ်ပြီး ချလိုက်ကြပါလားကွ"

ဟွာလင်းကတော့ သူတို့ကို စိတ်ပျက်သည့်အလား ကျောခိုင်းထားလိုက်တော့သည်။

"အရှင်မင်းမြတ်ကလွဲရင် နင်တို့အကုန်လုံးက အလကားပဲ"

ကျောက်လုံမှာမူ ကျူးကော့မင်နှင့်အတူ ရပ်နေပြီး လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးရောင်အလင်းတန်းများကို ကြည့်ကာ ဖြေရှင်းရန် ဆွေးနွေးနေကြသည်။

နဂါးပလ္လင်ထက်မှ လင်းချန်ကမူ ထိုအရာအားလုံးကို ပြုံး၍ ကြည့်နေမိသည်။ ယခင်ဘဝက ဤဟွာရှာနန်းတော်ထဲမှ လူများသည် သတ်မှတ်ထားသော စကားများကို စက်ရုပ်ကဲ့သို့သာ ပြောဆိုနိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုမူ လုံးဝကွဲပြားသွားပြီဖြစ်ပြီး ငြင်းခုံသံများဖြင့် သက်ဝင်လှုပ်ရှားနေတော့၏။ လင်းချန် စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်လိုက်မိသည်။

"ဘုရားသခင်... ကျွန်တော့်ရဲ့ လှပတဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သေခါနီးလူတစ်ယောက်၏ ဆန္ဒများ ပြည့်ဝလာခြင်းနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မရှိပေ။

လင်းချန် တားမြစ်လိုက်သည်။

"ကဲ... ရန်ဖြစ်နေတာတွေ ရပ်လိုက်ကြတော့"

ထိုစကားသည် လွန်ဆန်၍မရသော အမိန့်တစ်ခုဖြစ်ရာ အောက်မှလူများသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး တန်းစီရပ်လိုက်ကြသည်။

ကျောက်လုံက ဘယ်ဘက်တန်း၏ ထိပ်ဆုံးတွင်ရပ်ပြီး ဟွာလင်း ၊ ရွှီမုန်နှင့် ကျီချင်းတို့ကမူ သူ၏ဘေးတွင် ရပ်လိုက်ကြ၏။ ကျူးကော့မင်က ညာဘက်တန်း၏ ထိပ်ဆုံးတွင်ရပ်ပြီး ကွမ်ရီနှင့် လီရုံတို့က သူ၏ဘေးတွင် ရပ်လိုက်ကြသည်။

လင်းချန် နဂါးပလ္လင်ထက်မှနေ၍ ကျူးကော့မင်ကို မေးလိုက်သည်။

"ဒီကမ္ဘာအကြောင်းကို ငါ့ရဲ့ အချက်အလက်တွေကနေတစ်ဆင့် အမတ်ချုပ် လေ့လာပြီးလောက်ပြီ ထင်တယ်။ အခု ငါ့ရဲ့ သိုင်းဝိညာဉ်လည်း နိုးထလာပြီဆိုတော့ ဘာတွေဖြစ်နေလဲ ဆုံးဖြတ်လို့ ရပြီလား"

ကျူးကော့မင် ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး လက်သီးဆုပ်အရိုအသေပြုကာ လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်... သိုင်းဝိညာဉ်ဆိုတာ စိတ်ဝိညာဉ်ကို အခြေခံထားတာပါ အရှင်မင်းမြတ်က ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာတာဖြစ်လို့ စိတ်ဝိညာဉ်က ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရတဲ့အတွက် သိုင်းဝိညာဉ်နှစ်ခု ပါလာတာပါ"

"အင်ပါယာက လုံးဝ အဆင့်မြှင့်ပြီးသွားပြီဖြစ်လို့ အရင်လို ရှုပ်ထွေးမနေတော့ဘဲ အရှင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ထိန်းချုပ်ထားခြင်း မရှိတော့တဲ့အတွက် သိုင်းဝိညာဉ်က သဘာဝအတိုင်း နိုးထလာတာပါ"

"အနက်ရောင်ဓားက ဧကရာဇ်မင်းမြတ်ရဲ့ ဖခင်ဆီကရပြီး အဖြူရောင်ဓားက ဧကရာဇ်မယ်တော်ရဲ့ မိခင်ဆီက ရတာလို့ ကျွန်တော်မျိုး ယူဆပါတယ်"

ကျူးကော့မင် ပြောပြီးသည်နှင့် လင်းချန် ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"အမတ်ချုပ် ပြောတာ ယုတ္တိရှိတယ်"

လင်းချန် နှစ်များစွာကြာအောင် သူ၏ ခန္ဓာကိုယ်အခြေအနေကို ကောင်းကင်လမ်းကြောင်းမှ တစ်ဆင့် ကောင်းကင်လက်မှုပညာဌာနထံ ပေးပို့နေခဲ့သည်။

ပြောရလျှင် ကျူးကော့မင်သည် လင်းချန်၏ ခန္ဓာကိုယ်အခြေအနေကို လင်းချန်ထက်ပင် ပိုမို နားလည်ထားသည်။

ကောင်းကင်လက်မှုပညာဌာနသည် ဟွာရှာအင်ပါယာ၏ နည်းပညာ သုတေသနအချက်အချာဖြစ်ပြီး ယခင်ဘဝက အင်ပါယာအဆင့်မြှင့်တင်ခြင်း စစ်သူကြီးများကို ပြုပြင်ပြောင်းလဲခြင်း အစရှိသဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ ရင်းမြစ်ပင် ဖြစ်၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၅ + ၂၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters