← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၇ + ၂၈

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ဟွာရှာအင်ပါယာ၏ အမတ်ချုပ် ကျူးကော့မင်သည် ဧရာမ ကောင်းကင်လက်မှုပညာဌာနကြီးအား ကြီးကြပ်ကွပ်ကဲသူဖြစ်၏။ သူ၏ လက်အောက်၌ ပညာရှင်ပေါင်း သန်းတစ်ထောင်ခန့်ရှိလေပြီး နည်းပညာအမျိုးမျိုးကို အပူတပြင်း သုတေသနပြုနေကြလျက်ရှိသည်။

လင်းချန်၏ ယခင်ဘဝ၌ အခြားသောဆာဗာများနှင့် ဆင်နွှဲခဲ့ရသည့် နိုင်ငံတော်အဆင့် စစ်ပွဲကြီးအတွင်း၌ ဟွာရှာအင်ပါယာသည် အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့သော်ငြား ဆုံးရှုံးမှုများစွာလည်း ရှိခဲ့သည်။

ထိုသို့ ပျက်စီးယိုယွင်းနေသော ဟွာရှာအင်ပါယာကြီးသည် လင်းချန်နှင့်အတူ ဤကမ္ဘာသစ်ထံသို့ လိုက်ပါလာခဲ့လေ၏။ ထို့အပြင် ကျူးကော့မင်အပါအဝင် ယခင်က ပုံသေညွှန်ကြားချက်များအတိုင်းသာ ရွေ့လျားခဲ့ကြသည့် ဇာတ်ကောင်အားလုံးသည်လည်း ပကတိလူသားများအလား အသက်ဝင်လာခဲ့ကြလေတော့သည်။

ထိုအခါ ကောင်းကင်လက်မှုပညာဌာန၏ အကြီးအကဲဖြစ်သူ ကျူးကော့မင်က ဟွာရှာအင်ပါယာ ပြန်လည်တည်ဆောက်ရေးကို ဦးဆောင်ခဲ့လေ၏။

အင်ပါယာ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ဆိုးရွားစွာ ပျက်စီးနေခဲ့သဖြင့် အရှင်သခင် လင်းချန်အား မထိခိုက်စေရန်အလို့ငှာ ကျူးကော့မင်သည် အင်ပါယာတစ်ခုလုံးကို အတင်းအဓမ္မ ချိပ်ပိတ်ထားခဲ့ရသည်။ အခြေအနေအရပ်ရပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိလာသည့် အချိန်ရောက်မှသာ ကောင်းကင်လမ်းကြောင်းကို ပြန်ဖွင့်ကာ လင်းချန်အား ကျင့်ကြံခွင့်ပြုခဲ့ခြင်းပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် လင်းချန်ထံ၌ တစ်စုံတစ်ခု လိုအပ်လာပါက သူ၏ဆန္ဒသည် ဟွာရှာအင်ပါယာအတွင်းသို့ တိုက်ရိုက်ရောက်ရှိလာလေ့ရှိသည်။ ထိုသို့သောအခါမျိုးတွင် ကျူးကော့မင်က လင်းချန်နှင့် အသင့်တော်ဆုံးဖြစ်မည့် ပစ္စည်းများကို ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ချက်ချင်းဆိုသလို ပို့ဆောင်ပေးလေ့ရှိ၏။

ကမ္ဘာသစ်၏ ပြောင်းလဲလာမှုများနှင့်အညီ အင်ပါယာကို ပြုပြင်မွမ်းမံရာတွင် သူတို့သည် ငွေကြေးစနစ်ကိုပါ စိတ်ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြ၏။

အရည်အသွေးမြင့် စိတ်ဝိညာဉ်ကျောက်တုံးများ အားလုံးကို အင်ပါယာပြုပြင်ရေး၌ အကုန်အစင် သုံးစွဲခဲ့ပြီးဖြစ်ရာ ယခုအခါ နောက်ဆုံးအဆင့်အတွက် တစ်တုံးသာ လိုအပ်နေတော့သည်။ သို့သော် နည်းပညာကို အသုံးပြုကာ အဆင့်နိမ့်ကျောက်တုံးများမှနေ၍ အဆင့်မြင့်ကျောက်တုံးများအဖြစ် ပေါင်းစပ်ရန်မှာ အနည်းဆုံး နောက်ထပ် ၃ နှစ်မှ ၄ နှစ်ခန့်အထိ အချိန်ကြာမြင့်ဦးမည် ဖြစ်၏။

သို့သော် လင်းချန်က သူ၏မိဘများ ချန်ထားခဲ့သည့် သူတော်စင်စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိခဲ့ပြီးနောက် ဟွာရှာအင်ပါယာအတွင်းသို့ ထည့်သွင်းပေးလိုက်သောအခါ ပြုပြင်ရေးလုပ်ငန်းစဉ်မှာ အံ့မခန်း မြန်ဆန်သွားခဲ့လေတော့သည်။

ထို့ကြောင့်ပင် ယမန်နေ့က ကျူးကော့မင်အနေဖြင့် နောက်ဆုံးကျန်ရှိနေသော အားနည်းချက် ၃ ခုကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက် ဟွာရှာအင်ပါယာကြီးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်၏။

အင်ပါယာကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နေခဲ့သော ဖိနှိပ်မှုများအားလုံး ချက်ချင်း ပျောက်ကွယ်သွားရကာ သူ၏ သိုင်းဝိညာဉ်မှာလည်း သဘာဝအတိုင်း နိုးထလာခဲ့လေတော့သည်။ မည်သို့ပင်ဆိုစေကာမူ ဟွာရှာအင်ပါယာကြီးမှာ သူ၏ ကိုယ်ပိုင်အင်ပါယာသာဖြစ်လေပြီး သူ၏ သိုင်းဝိညာဉ် မဟုတ်ခဲ့ပေ။

ဤအကြောင်းအရာများအားလုံးကို ကျူးကော့မင်ထံမှ သိလိုက်ရချိန်တွင်တော့ လင်းချန်တစ်ယောက် အတော်လေးပင် အံ့အားသင့်သွားခဲ့ရ၏။

အကယ်၍များ ယခင်ဘဝက သူ မသေဆုံးမီ ပိုင်ဆိုင်သမျှသော ငွေကြေး သန်းတစ်ထောင်လုံးကို အကုန်အစင်သုံးစွဲကာ ကျဆုံးသွားခဲ့ရသည့် စစ်သူကြီးများ ၊ တပ်သားများနှင့် ယန္တရားစနစ်အများအပြားကို ပြန်လည်အသက်မသွင်းခဲ့ပါက ယခုကဲ့သို့ လူအင်အားနှင့် အရင်းအမြစ်များ ပြည့်စုံနေလျှင်တောင်မှ ဆာဗာစစ်ပွဲကြီးအပြီး ပျက်စီးသွားသည့် အခြေအနေကို ပြန်လည်ပြုပြင်ရန် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းခန့် ကြာမြင့်ပေလိမ့်မည်မှာ အသေအချာပင်။

လင်းချန်က ခမ်းနားလှသော နဂါးပလ္လင်ထက်မှ မတ်တတ်ရပ်လိုက်ကာ ကျူးကော့မင်အား မေးမြန်းလိုက်၏။ “ငါ့ခန္ဓာကိုယ်ကို စုံစမ်းနေတဲ့ ဒီအစီအရင်ကို ဖြေရှင်းဖို့ နည်းလမ်းရှိလား…။ ကျိန်စာတန်ပြန် မဟာဗျူဟာကို သုံးလို့ရမလား…”

ကျူးကော့မင်က ယုံကြည်ချက်အပြည့်ရှိနေသည့် အပြုံးဖြင့် လင်းချန်အား အလေးအနက် ဦးညွှတ်ကာ ပြန်လည်လျှောက်တင်လိုက်၏။ “စိတ်ချတော်မူပါ အရှင်မင်းမြတ်…။ ကျွန်တော်တို့ ကောင်းကင်လက်မှုပညာဌာနရဲ့ စွမ်းအားနဲ့ဆိုရင် ကျိန်စာတန်ပြန် မဟာဗျူဟာကို သုံးပြီးတော့ အရှင်မင်းမြတ်ကို စုံစမ်းဖို့ ကြိုးစားနေသူတွေကို ရာနှုန်းပြည့် သုတ်သင်ရှင်းလင်းနိုင်ပါတယ်…”

လင်းချန်က လက်နောက်ပစ်လျက် နဂါးပလ္လင်စင်မြင့်ထက်မှ ဖြည်းညင်းစွာ ဆင်းလာကာ ဟွာရှာနန်းဆောင် အပြင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။ “ကောင်းကင်လက်မှုပညာဌာနကို သွားကြစို့... ဘယ်သူမှန်းမသိရတဲ့ ရန်သူကို အံ့အားသင့်သွားအောင် လုပ်ပြလိုက်ကြတာပေါ့…”

ဟွာရှာနန်းတော်မှ ထွက်ခွာလာပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန်နှင့် သူ၏ နောက်လိုက်များအပေါ်သို့ အလွန်စူးရှတောက်ပသော အဖြူရောင်အလင်းတန်းတစ်ခု ကျရောက်လာပြီး သူတို့အားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားကြလေတော့၏။

ပြောရလျှင် ဟွာရှာအင်ပါယာဆိုသည်မှာ လင်းချန် အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်ထားသော ကမ္ဘာတစ်ခုဖြစ်ရာ အားစိုက်ထုတ်နေစရာမလိုဘဲ တစ်နေရာမှ တစ်နေရာသို့ ချက်ချင်းဆိုသလို ကူးပြောင်းရောက်ရှိနိုင်သည်။ ထို့အပြင် ဤအထူးစွမ်းရည်ကို ကျောက်လုံ ၊ ကျူးကော့မင်နှင့် တပ်မမှူးငါးဦးတို့အား ပေးသနားထားခဲ့သဖြင့် သူတို့သည်လည်း ဟွာရှာအင်ပါယာအတွင်း၌ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြ၏။

ခဏအကြာတွင်တော့ ကောင်းကင်ယံကို ထိုးဖောက်တော့မတတ် မြင့်မားလှသော မြို့တော်ကြီး၏ ရှေ့မှောက်၌ လင်းချန်နှင့် သူ၏လူများ ပြန်လည်ပေါ်ထွက်လာကြသည်။

ရှုပ်ထွေးပွေလီစွာ ဆက်သွယ်ထားသော ပျံသန်းရေးစင်္ကြံများနှင့် ခေတ်မီလှသော အဆင့်မြင့် စက်မှုယန္တရားများကို နေရာအနှံ့အပြားတွင် မြင်တွေ့နိုင်၏။ ယန္တရားများဖြင့် ပြည့်နှက်နေသော အဆောက်အအုံများအတွင်း၌ ပညာရှင်အပေါင်းတို့မှာ ဇယ်ဆက်သကဲ့သို့ အလုပ်များနေကြသည်။

လင်းချန် ရောက်ရှိလာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားကြပြီး ဒူးတစ်ဖက်ထောက်ကာ လေးစားစွာ အရိုအသေပေးလိုက်ကြ၏။

“အရှင်မင်းမြတ်…”

ယခင်ဂိမ်းကမ္ဘာအတွင်း၌ ကောင်းကင်လက်မှုပညာဌာနသည် နည်းပညာများကို အဆင့်မြှင့်တင်ရာ နေရာတစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း ယခုအချိန်၌မူ ဟွာရှာအင်ပါယာတစ်ခုလုံး၏ နည်းပညာဗဟိုချက်မကြီး ဖြစ်လာခဲ့ပြီဖြစ်၏။

ကနဦးတွင် ကောင်းကင်လက်မှုပညာဌာန၏ အဓိကတာဝန်မှာ ဟွာရှာအင်ပါယာကို ပြန်လည်တည်ဆောက်ရန်သာ ဖြစ်သည်။ သို့သော် လင်းချန်နှင့် အဆက်အသွယ်ရပြီးနောက်ပိုင်းတွင်မူ သူတို့သည် အရှင်မင်းမြတ် လင်းချန်၏ ခန္ဓာကိုယ်ကို အသေးစိတ် လေ့လာဆန်းစစ်ရမည့် နောက်ထပ် အလွန်အရေးကြီးသော တာဝန်တစ်ခုကိုပါ ထမ်းဆောင်လာကြရ၏။

ကောင်းကင်လက်မှုပညာဌာနရှိ ပညာရှင် သန်းတစ်ရာကျော်အနက် သန်းသုံးဆယ်ခန့်သည် လင်းချန်၏ ခန္ဓာကိုယ်အခြေအနေကို အထူးပြုလေ့လာနေကြလေပြီး သူ၏ အသေးစားပြောင်းလဲမှုများအပေါ် မူတည်ကာ ဟွာရှာအင်ပါယာမှ သဘာဝစိတ်ဝိညာဉ်စွမ်းအင် တုံ့ပြန်မှုများကို ဂရုတစိုက် ထိန်းချုပ်ပေးနေကြခြင်းပင် ဖြစ်သည်။

ဟွာရှာအင်ပါယာသို့ ပြန်ရောက်လာပြီးနောက်တွင်တော့ ဝဲဂယက်အတွင်းမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအင်များမှာ ဤဂြိုဟ်ကြီးထံမှ လာခြင်းဖြစ်ကြောင်း လင်းချန် ကောင်းစွာ သဘောပေါက်သွား၏။

ယခုကဲ့သို့ သူ၏ခန္ဓာကိုယ် ဤမျှလောက်အထိ သန်မာနေရခြင်းမှာ သူ၏ဆရာ သင်ပေးလိုက်သော ကျင့်စဉ်ကြောင့် မဟုတ်သလို အဆက်မပြတ် စီးဆင်းနေသော စိတ်ဝိညာဉ်စွမ်းအင်များကြောင့်လည်း မဟုတ်ခဲ့ပေ။ ထိုအရာကား ကောင်းကင်လက်မှုပညာဌာနရှိ ပညာရှင် သန်းသုံးဆယ်၏ စုပေါင်းဉာဏ်ပညာကြောင့်သာ ဖြစ်တော့၏။

အမှန်စင်စစ် ကောင်းကင်လက်မှုပညာဌာနသည် ဟွာရှာအင်ပါယာ မြို့တော်၌သာမက ဤဂြိုဟ်ပေါ်ရှိ တိုက်ကြီးအသီးသီးနှင့် ပင်လယ်ရေအောက်တို့၌ပင် ဌာနခွဲများစွာ ရှိနေသေးသည်။

မကြာမီမှာပင် လင်းချန်နှင့် သူ၏အဖွဲ့သည် ကျယ်ဝန်းလှသော ဧရာမ အဆောက်အအုံတစ်ခုသို့ ရောက်ရှိလာကြ၏။ လေးထောင့်ပုံစံ အဆောက်အအုံကြီးသည် အလွန်တရာမှ ကြီးမားကျယ်ပြန့်လှပြီး လူပေါင်း နှစ်သိန်းကျော်ခန့်အထိ ဆံ့လေသည်။

ယခင်ဂိမ်းကမ္ဘာ၌မူ ဤနေရာသည် နည်းဗျူဟာခန်းမဖြစ်လေပြီး လင်းချန်က တိုက်ပွဲမစတင်မီ စစ်သူကြီးများကို ခေါ်ယူစုရုံးကာ အမိန့်ပေးခြင်း ကြိုတင်အစီအစဉ်ချမှတ်ခြင်းနှင့် ကင်းထောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိရာနေရာဖြစ်၏။

နည်းဗျူဟာခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းချန် မော့ကြည့်လိုက်ရာ အရွယ်အစားမျိုးစုံရှိသော ထူးဆန်းသည့် ကြေးမုံပြင်များ လေထုထဲတွင် တိတ်ဆိတ်စွာ ဝဲပျံနေကြသည်ကို တွေ့လိုက်ရသည်။ ထိုကြေးမုံပြင်များ၏ မျက်နှာပြင်သည် ချောမွတ်ကြည်လင်နေလျက်ရှိပြီး သတ္တုကွင်းများဖြင့် သေသပ်စွာ ချိတ်ဆက်ဝန်းရံထား၏။

လင်းချန် ထိုထူးဆန်းသော ကြေးမုံပြင်များကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “နည်းဗျူဟာမှန်ပြင်တွေပဲ…”

အတိတ်ကို လွမ်းဆွတ်တသဖြစ်သွားရသော်ငြား ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာထားက တင်းမာသွားကာ သွေးအေးရက်စက်စွာ ပြုံးလိုက်၏။ “ငါ့ကို စမ်းသပ်ဖို့ ကျိန်စာအစီအရင်ကို သုံးရဲတယ်ပေါ့…။ သေလမ်းရှာနေတာပဲ…”

ထို့နောက် သူက အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်၏။ “အမတ်ချုပ်... စလိုက်တော့…”

ကျူးကော့မင်က လင်းချန်အား ရိုသေစွာ ဦးညွှတ်ကာ ပြန်လည်လျှောက်တင်လိုက်၏။ “အမိန့်တော်မြတ်အတိုင်းပါ…”

ထို့နောက် ကျူးကော့မင်က ရှေ့သို့ခြေသုံးလှမ်းတိုးလိုက်ကာ လက်ဟန်ပြလိုက်ရာ ထူးဆန်းသော ကြေးမုံပြင်များသည် သူတို့ထံသို့ လျင်မြန်စွာ ပျံသန်းလာကြတော့၏။ နည်းဗျူဟာမှန်ပြင် ရှစ်ခုသည် လင်းချန်၏ပတ်လည်တွင် နေရာယူ ဝန်းရံလိုက်ပြီး ကျူးကော့မင် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ပြာလဲ့လဲ့ စိတ်ဝိညာဉ်စွမ်းအားများက ထိုမှန်ပြင်ရှစ်ခုအတွင်းသို့ အဆက်မပြတ် စီးဝင်သွားလေတော့သည်။

ဤကမ္ဘာသစ်ထံသို့ လင်းချန်နှင့်အတူ ရောက်ရှိလာပြီးနောက်တွင်တော့ ဟွာရှာအင်ပါယာရှိ အရာအားလုံးသည် ဤကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်အောင် အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီး အဖွဲ့အစည်းအားလုံးရှိ စွမ်းအားများမှာ စိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ကျူးကော့မင်သည်လည်း ထိုနည်းလည်းကောင်းပင်။

ကျူးကော့မင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စွမ်းရည် အကာအကွယ်... နည်းဗျူဟာမှန်ပြင် စွမ်းအားမြှင့်တင်မှု…”

ထိုသို့ ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် နည်းဗျူဟာမှန်ပြင်နှစ်ခုထံမှ စူးရှသော အပြာရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာကာ လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်စိတ်ဝိညာဉ်အလင်းတန်းများကို ဖြတ်သန်း၍ သူ၏ ကိုယ်ပေါ်၌ တင်းကျပ်စွာ ကပ်ငြိသွားတော့၏။

ထိုအပြာရောင်အလင်းတန်းက လင်းချန်အား ဝတ်ရုံကြီးတစ်ထည်သဖွယ် လွှမ်းခြုံထားလိုက်သဖြင့် သွေးရောင်စိတ်ဝိညာဉ်အလင်းတန်းသည် မည်သည့်သတင်းအချက်အလက်ကိုမျှ ဆက်လက် ထောက်လှမ်းနိုင်ခြင်း မရှိတော့ချေ။ ကျူးကော့မင်၏ စကားသံအဆုံးတွင် အပြာရောင်အလင်းတန်းသည် ဒီရေလှိုင်းကြီးတစ်ခုအလား ရုတ်တရက် ဆောင့်တက်သွားပြီး သွေးရောင်စိတ်ဝိညာဉ်အလင်းတန်းအတွင်းသို့ အလွန်နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားလေတော့၏။

“ဂျွတ်…”

ကြွပ်ဆတ်လှသော ကွဲအက်သံတစ်ချက် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီးနောက် လင်းချန်အား လွှမ်းခြုံထားသည့် သွေးရောင်စိတ်ဝိညာဉ်အလင်းတန်းသည် ကြက်သွေးရောင် သလင်းကျောက်များအလား တစ်စစီ ကွဲကြေသွားရကာ အနီရောင်အလင်းစက်လေးများအဖြစ် လေထုထဲသို့ ပြန့်ကျဲသွားလေတော့၏။

တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာရှိ အဆောက်အအုံမြင့်တစ်ခု၏ ထိပ်တွင်တော့ အကြီးအကဲဖူအပါအဝင် လူတစ်စုသည် သွေးရောင်အစီအရင်အထက်ရှိ သွေးစက်ကို စူးစိုက်ကြည့်နေကြလျက်ရှိ၏။ သွေးစက်ပေါ်ရှိ ရှုပ်ထွေးပွေလီလှသော အနီရောင်အလင်းတန်းများ ပိုမိုထင်ရှားလာသည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်နှလုံး အလွန်အမင်း ပူပန်လာရပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တော့သည်။

အကြီးအကဲဖူက အစီအရင်ကို ဝိုင်းဝန်းစောင့်ကြည့်နေကြသူများအကြားမှ လှုပ်ရှားရန် ပြင်ဆင်ရင်း ဖြည်းညင်းစွာ တိုးကပ်သွားကာ စိတ်ထဲမှ တွေးလိုက်၏။ “သခင်လေးကို လုံးဝ အရှာတွေ့ခံလို့ မဖြစ်ဘူး…။ တကယ်လို့ အခြေအနေမကောင်းရင်တော့ ငါသူတို့ကြားမှာ ပုန်းနေတာကို စွန့်လွှတ်ပြီး ဝင်ရောက်ဖျက်ဆီးပစ်မှ ရတော့မယ်…”

ထိုအချိန်၌ပင် သွေးရောင်အစီအရင်အတွင်း၌ ပြာလဲ့လဲ့အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာပြီး သွေးစက်ပေါ်ရှိ ရှုပ်ထွေးပွေလီသော အနီရောင်အလင်းများကို ချက်ချင်းဆိုသလို လုံးဝ ဖြိုခွင်းဖျက်ဆီးပစ်လိုက်လေ၏။

အလွန်အမင်း စွမ်းအားပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရာတစ်ခုသည် အစီအရင်တစ်လျှောက် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး တဖျပ်ဖျပ်လက်နေသော အနီရောင်အလင်းတန်းမှတစ်ဆင့် အစီအရင်ကို ထိန်းချုပ်နေသည့် အဘိုးအို၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် စီးဝင်သွားတော့၏။

အဘိုးအိုထံမှ ထိတ်လန့်တကြား အာမေဋိတ်သံထွက်ပေါ်လာသည်။ “ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

သူ၏ စကားမဆုံးခင်မှာပင် ဒွါရခုနစ်ပေါက်မှ သွေးများ တသွင်သွင် ယိုစီးကျလာရပြီး အသက်စွမ်းအင်များ လုံးဝချုပ်ငြိမ်းသွားကာ မြေပြင်ပေါ်သို့ “ဘုန်းးး” ခနဲ လေးလံစွာ လဲကျသွားလေတော့၏။

“ဝုန်းးး”

လေထုတုန်ခါသံတစ်ချက် ပြင်းထန်စွာ ထွက်ပေါ်လာပြီးနောက် အပြာရောင်အလင်းတန်းသည် ဧရာမလက်ဝါးကြီးတစ်ခုအသွင် ရုတ်တရက် ပြောင်းလဲသွားကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော အနီရောင်အလင်းတန်းဆီသို့ ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။

ရုတ်တရက် သေဆုံးသွားသော အဘိုးအိုဘေးရှိ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အလွန်အမင်း စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။ “အခြေအနေ မဟန်တော့ဘူး... တစ်ဖက်လူက တန်ပြန် ခြေရာခံနေပြီ…”

ထို့နောက် သူက မြေကြီးကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ သူ၏လက်ဝါးထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး မြေပြင်ကို ရိုက်ခတ်သွားကာ သွေးရောင်အစီအရင်တစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။ လေထဲတွင် ဝဲပျံနေကြသော သွေးစက်များသည်လည်း မြေပြင်ပေါ်သို့ အသက်မဲ့စွာ ပြုတ်ကျကုန်တော့သည်။

တစ်ချိန်တည်းမှာပင် အပြာရောင်အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်သွားလေ၏။ သို့သော် လုံးဝပျောက်ကွယ်မသွားမီလေးမှာပင် အေးစက်ခက်ထန်လှသော လူငယ်တစ်ယောက်၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ “မင်းတို့က ဘယ်သူတွေလဲဆိုတာ ငါမသိပေမဲ့… ၊ ဒီလိုနည်းလမ်းမျိုးသုံးပြီး ငါ့ကို ထောက်လှမ်းဖို့ ထပ်ကြိုးစားမယ်ဆိုရင်တော့… အလောင်းတွေ ဆက်ကောက်ဖို့သာ ပြင်ထားကြပေတော့…”

ထိုစကားသံအဆုံးတွင်တော့ အဆောက်အအုံထိပ်ရှိ အပြာရောင်အလင်းတန်းသည်လည်း လုံးဝ ပျောက်ကွယ်သွားလေတော့၏။

မုတ်ဆိတ်ဖားဖားနှင့် အဘိုးအိုတစ်ဦးက သေဆုံးသွားသော အဘိုးအိုအား စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “တောက်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွ…”

ထို့နောက် အံကြိတ်လျက် ဆက်ပြောလိုက်၏။ “သခင်ကြီးယန် သေရတာ မင်းတို့ကြောင့်ပဲ…။ အိမ်တော်သခင်ရဲ့ ဒေါသကို ရင်ဆိုင်ဖို့သာ ပြင်ထားကြပေတော့…”

ထိုသို့ ကြုံးဝါးပြီးနောက် မုတ်ဆိတ်ဖားဖားနှင့် အဘိုးအိုသည် ခြေသံပြင်းပြင်း​ဖြင့် ဒေါသတကြီး ထွက်ခွာသွားလေတော့၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၇ + ၂၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters