အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၉ + ၃၀
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
သက်လတ်ပိုင်းအမျိုးသားသည်လည်း ရုတ်တရက် သေဆုံးသွားရသော သူ၏ဆရာ သခင်ကြီးယန်၏ အလောင်းကို ပွေ့ချီကာ အလွန်တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် ခြေသံပြင်းပြင်းနင်းကာ ထွက်ခွာသွားတော့၏။ အနောက်၌ ကျန်ရစ်ကြသူများမှာမူ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်အမ်းအမ်း ကြည့်နေမိကြရင်း သူတို့၏ ရင်ထဲရှိ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေမှုများကို လုံးဝ ဖုံးကွယ်မထားနိုင်ကြပေ။
ထိုသူများထဲတွင်မှ အံ့ဩတုန်လှုပ်မှုအဖြစ်ရဆုံးသူမှာ အကြီးအကဲဖူပင် ဖြစ်၏။ ကနဦး၌ သူသည် ဤတစ်ကြိမ်တွင်တော့ သခင်လေး၏ တည်နေရာအတိအကျကို ကျိန်းသေပေါက် ရှာတွေ့သွားလိမ့်မည်ဟု ထင်မှတ်ထားမိသည်။ သို့သော် အလွန်စွမ်းအားကြီးမားလှပါသည်ဆိုသော သခင်ကြီးယန်တစ်ယောက် မည်သည့်အကြောင်းရင်းမျှ မရှိပါဘဲ ရုတ်တရက်ကြီး တန်ပြန်ဒဏ်ရာရကာ မျက်စိရှေ့တွင်ပင် သွေးအန်သေဆုံးသွားလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားပါမည်နည်း။
ဤဖြစ်ရပ်များ အားလုံးသည် သခင်လေး၏ လက်ချက်သာ ဖြစ်ပုံရ၏။
“ခုနက အသံက… သခင်လေးရဲ့ အသံများ ဖြစ်နေမလား…”
အကြီးအကဲဖူက မြေပြင်ပေါ်၌ ပြန့်ကျဲနေဆဲဖြစ်သော သွေးကွက်များကို ငေးကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်မိ၏။
“သခင်မလေးနဲ့ သခင်ကြီးတို့ရဲ့ ကလေးက… တော်တော်လေးကို ထူးခြားပုံရတယ်…”
**--**--**--**--**--**--**--**
ဟွာရှာအင်ပါယာ ၊ ကောင်းကင်လက်မှုပညာဌာန၏ နည်းဗျူဟာခန်းမကြီးအတွင်း၌...
“တောက်…”
လင်းချန်၏ ဒေါသတကြီး အော်ဟစ်လိုက်သော အသံကြီးက ဧရာမ နည်းဗျူဟာခန်းမကြီး တစ်ခုလုံး၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ လက်ရှိအချိန်၌ လေထုထဲတွင် ဝဲပျံနေသော နည်းဗျူဟာမှန်ပြင်များပေါ်၌ ပုံရိပ်အချို့ ထင်ရှားစွာ ပေါ်ထွက်နေပြီး အများစုမှာ ရေအကျဉ်းထောင်ထဲ၌ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံနေရသော အမျိုးသားတစ်ဦး၏ ပုံရိပ်များပင် ဖြစ်၏။ ယ
ထိုရေအကျဉ်းထောင်ထဲ၌ အကျဉ်းချခံထားရသူမှာ သူ၏ဖခင်အရင်းဖြစ်ကြောင်း လင်းချန် ချက်ချင်းပင် မှတ်မိလိုက်၏။ ဤပုံရိပ်အချက်အလက်များကို ရန်သူ၏ ကျိန်စာအစီအရင်တွင် ပါဝင်သော သွေးစက်မှတစ်ဆင့် လျှို့ဝှက်စွာ ထုတ်ယူရရှိခြင်းပင် ဖြစ်သည်။
“အရှင်မင်းမြတ်…။ ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရဆိုရင်… သူတို့ရဲ့ အင်အားက လက်ရှိ အရှင်မင်းမြတ်ရဲ့ အခြေအနေနဲ့ ယှဉ်လိုက်ရင် အဆမတန်ကို ပိုအားကောင်းနေပါတယ်…။ ပြီးတော့ တည်နေရာအတိအကျကို ရှာဖွေဖို့ အချိန်ကလည်း နည်းလွန်းသွားတဲ့အတွက်… နောင်တစ်ချိန် အထွတ်အထိပ်ဧကရာဇ်ကို ကယ်တင်မယ့် အစီအစဉ်တွေအပေါ်မှာ အများကြီး သက်ရောက်မှု ရှိသွားနိုင်ပါတယ်…။ အရှင်မင်းမြတ်… ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ…”
ထိုသို့ လေးနက်စွာ လျှောက်တင်ပြီးနောက် ကျူးကော့မင်က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချရန် ပြင်လိုက်သော်လည်း လင်းချန်က သူ၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲ၍ ထူလိုက်၏။
“အမတ်ချုပ်မှာ… အပြစ်မရှိပါဘူး…”
လင်းချန်က မှန်ပြင်မှ ပုံရိပ်များကို စူးရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ ကြိမ်းဝါးလိုက်၏။ “သူတို့တွေ လူ့လောကထဲကို ရောက်လာပြီးတော့… နောင်တဆိုတာ ဘာလဲဆိုတာကို သေချာပေါက် သိစေရမယ်…”
**--**--**--**--**--**--**--**
ဘာရှန်းမြို့ရှိ ယီအိမ်တော်၏ လူသူကင်းမဲ့တိတ်ဆိတ်နေသော အိပ်ခန်းအတွင်း၌ လူငယ်တစ်ယောက်၏ ပုံရိပ်သည် လေထုကိုခွင်းကာ ရုတ်တရက် ပေါ်ထွက်လာ၏။ ဟွာရှာအင်ပါယာအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ကြောက်ခမန်းလိလိ သိပ်သည်းနေသော်ငြား ထိုပတ်ဝန်းကျင်၌ ကျင့်ကြံခြင်းက ပြင်ပကမ္ဘာသို့ ထွက်ခွာ၍ ကျင့်ကြံခြင်းလောက်ပင် အကျိုးသက်ရောက်မှု မရှိချေ။
ထို့ကြောင့်ပင် ဟွာရှာအင်ပါယာမှ ထွက်ခွာလာပြီးနောက် လင်းချန်သည် သူ၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်လမ်းကြောင်းသည်လည်း ပြန်လည်ပွင့်ဟသွားပေလိမ့်မည်။ ထိုအချိန်သို့ရောက်မှသာ ကောင်းကင်လက်မှုပညာဌာနသည် လင်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ လိုအပ်သော စိတ်ဝိညာဉ်စွမ်းအင်များကို အတိအကျ တွက်ချက်ကာ ထည့်သွင်းပေးနိုင်မည်ဖြစ်၏။
ထိုသို့ ကျင့်ကြံမှုအမြန်နှုန်းက ကောင်းကင်ဘုံကို စိန်ခေါ်နိုင်လောက်သည်အထိ အံ့မခန်း မဟုတ်သော်ငြား အကျိုးသက်ရောက်မှုမှာမူ ကောင်းကင်ဘုံကိုပင် အမှန်တကယ် စိန်ခေါ်နိုင်သည်။ လင်းချန် ကျင့်ကြံနေသော ကျင့်စဉ်ကိုလည်း ကျူးကော့မင် ဦးဆောင်သည့် ကောင်းကင်လက်မှုပညာဌာနမှ သေသပ်စွာ ပြန်လည်မွမ်းမံပေးထားရာ ယခုအခါ သူ့အတွက် အသင့်တော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည့် ဧကရာဇ်အမိန့်တော်ကျင့်စဉ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်၏။
ဧကရာဇ်အမိန့်တော်ကျင့်စဉ်မှာ ပုံသေကားချပ်တစ်ခု မဟုတ်ပေ။ ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များက လင်းချန်၏ ခန္ဓာကိုယ်ပြောင်းလဲမှုများအပေါ် အသေးစိတ် အခြေခံ၍ ကျင့်စဉ်ကို အဆက်မပြတ် ချိန်ညှိပေးကာ အချက်အလက်များ ပေးပို့နေမည်ဖြစ်၏။ ထိုအခါ လင်းချန်က သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော လေထုထဲရှိ အချက်အလက်စာသားများကို ဖတ်ရှု၍ ဆက်လက်ကျင့်ကြံနိုင်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် လင်းချန်၏ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းသည် အသင့်တော်ဆုံးနှင့် အပြီးပြည့်စုံဆုံးသော လမ်းကြောင်းကြီးတစ်ခု ဖြစ်လာမည်ဟု ရဲဝံ့စွာ ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူသည် သာမန်လူမဟုတ်ပေ။ ဟွာရှာအင်ပါယာ၏ အရှင်သခင် ဧကရာဇ်ဖြစ်ကာ အကြွင်းမဲ့အာဏာစက်ဖြင့် လွှမ်းမိုးချုပ်ကိုင်ထားသော ကြောက်မက်ဖွယ် အင်ပါယာကြီးကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ ဤကမ္ဘာမှ ပါရမီရှင်များ မည်မျှပင် ထူးချွန်ပြောင်မြောက်နေစေကာမူ သူနှင့် ယှဉ်နိုင်မည် လုံးဝ မဟုတ်ပေ။
“အဖေ… သားကို စောင့်နေပေးပါ…။ သား အဖေ့ကို ကျိန်းသေပေါက် လာကယ်ပါ့မယ်…”
လင်းချန်က အိပ်ခန်းရှိ ကုတင်ပေါ်၌ ထိုင်လျက် ရှေ့တည့်တည့်ရှိ လေဟာပြင်ကို စူးရဲစွာ စိုက်ကြည့်ကာ ရွှေရောင်ကွပ်ထားသော ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် ပုလင်းအတွင်းမှ မြစိမ်းရောင်ဆေးရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံတော့သည်။
ထိုအညစ်အကြေးကင်းစင်ဆေးရည်ကို သောက်သုံးပြီးနောက် လင်းချန်သည် အဆိပ်မျိုးစုံကို အပြည့်အဝ ခံနိုင်ရည်ရှိသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားမည်ဖြစ်ရာ ယခင်က လီယန်ရန်နှင့် ဖြစ်ပျက်ခဲ့ရသော အခြေအနေဆိုးမျိုး ထပ်မံကြုံတွေ့ရတော့မည် မဟုတ်ပေ။ ဆေးအာနိသင်ကို ချေဖျက်ပြီး အညစ်အကြေးကင်းစင်ဆေးရည်၏ အစွမ်းသတ္တိများကို ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့စေချိန်၌ လင်းချန်သည် သူ၏ စိတ်ကို အေးချမ်းငြိမ်သက်အောင်ထားကာ ကျင့်ကြံခြင်း၌ နက်ရှိုင်းစွာ ဈာန်ဝင်စားလိုက်တော့၏။
အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အင်ပါယာကြီးက သူ၏ ကျောထောက်နောက်ခံအဖြစ် ရှိနေကာ ဧကရာဇ်၏ ဘုန်းအာဏာပါရမီကြောင့် လက်အောက်ငယ်သားများက ခြွင်းချက်မရှိ သစ္စာစောင့်သိကြသော်ငြား တကယ့်လက်တွေ့တွင် သူ၏ ကိုယ်ပိုင်အစွမ်းအစကသာလျှင် အရေးအကြီးဆုံး ဖြစ်သည်။ ထို့အပြင် သူ၏စွမ်းအား တိုးတက်မြင့်မားလာမှသာ သူ၏ ခန္ဓာကိုယ်က ပိုမိုခံနိုင်ရည်ရှိလာမည်ဖြစ်ကာ အဆင့်မြင့်စစ်သည်များနှင့် တပ်မမှူးများကို ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ကမ္ဘာသို့ ဆင့်ခေါ်နိုင်မည်ဖြစ်၏။
လက်ရှိအချိန်တွင် ကျူးကော့မင် ဦးဆောင်သော ကောင်းကင်လက်မှုပညာဌာနသည် လင်းချန်အား ကူညီရန်အတွက် တပ်မမှူး ၅ ဦးကို ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်နိုင်ရန် အပူတပြင်း စမ်းသပ်နေကြ၏။
ကျူးကော့မင်နှင့် အခြားသူများသည် အင်အားနှင့် စွမ်းအင်ကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိကြသော်လည်း သူတို့၏ အစစ်အမှန်နယ်ပယ်အဆင့်အတန်းမှာ ကြီးမားစွာ တည်ရှိနေဆဲဖြစ်၏။ လင်းချန်၏ ခံနိုင်ရည်စွမ်းအားအလိုက် ချိန်ညှိနိုင်သော ပုံစံကိုမူ စစ်သူကြီးကျောက်လုံ တစ်ယောက်တည်းသာလျှင် တိကျစွာ ထိန်းချုပ်နိုင်စွမ်းရှိကာ ကောင်းကင်လမ်းကြောင်းကို အောင်မြင်စွာ ဖြတ်သန်းသွားလာနိုင်၏။ ထိုပါရမီကြောင့်ပင် ကျူးကော့မင်နှင့် အခြားတပ်မမှူး ၅ ဦးမှာ ကျောက်လုံအား မနာလိုဖြစ်ကာ ရူးသွပ်မတတ်ပင် ဖြစ်နေကြရသည်။
လင်းချန်၏ ဒန်ထျန်အတွင်း၌ လည်ပတ်နေသော အဖြူရောင်ကောင်းကင်လမ်းကြောင်းသည် လက်မှုပညာဌာနမှ အတိအကျ တွက်ချက်ထားသော စိတ်ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေလျက်ရှိ၏။ ထိုလမ်းကြောင်း၏ အထက်၌မူ တိမ်တိုက်ဓားနှင့် မိုးကြိုးလျှပ်စစ်ဓားတို့သည် တည်ငြိမ်စွာ ဝဲပျံနေကြပြီး ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် သူတို့ကိုယ်သူတို့ ဆက်တိုက် အားဖြည့်နေကြ၏။
အမြွှာသိုင်းဝိညာဉ် ပိုင်ဆိုင်ထားခြင်းကပင် အလွန်တရာမှ အံ့သြစရာကောင်းနေပြီဖြစ်ရာ လင်းချန်၏ သိုင်းဝိညာဉ်များသည် သူ၏ ခန္ဓာကိုယ်ထဲ၌ လုံးဝ တည်ငြိမ်နေပြီဖြစ်ကြောင်းကိုသာ ပြင်ပမှ လူအများ သိရှိသွားပါက မျက်လုံးပြူးကာ သေလောက်အောင် လန့်ဖျပ်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သိုင်းဝိညာဉ်တည်ငြိမ်ခြင်းဆိုသည်မှာ ကျင့်ကြံသူ၏ နယ်ပယ် အလွန်မြင့်မားသော အထွတ်အထိပ်အဆင့်သို့ ရောက်ရှိမှသာ ရရှိနိုင်သော အရာဖြစ်သောကြောင့်ပင် ဖြစ်၏။ လင်းချန်ကမူ ယခုအချိန်အထိ နိဗ္ဗာန်နယ်ပယ်သို့ပင် မတက်လှမ်းရသေးချေ။ သူ၏ သိုင်းဝိညာဉ်များသည် မည်သည့်စွမ်းရည်ကိုမျှ မနိုးထသေးသော်ငြား ယခုအခါတွင်မူ အံ့မခန်း တည်ငြိမ်နေပြီဖြစ်၏။ ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက လူအများကို သေလောက်အောင်ပင် ခြောက်လှန့်နိုင်စွမ်းရှိပေလိမ့်မည်။
လင်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများ နိုးထလာပြီးနောက် ကောင်းကင်လမ်းကြောင်းမှ ထွက်ပေါ်လာသော သဘာဝစိတ်ဝိညာဉ်စွမ်းအင်ပမာဏသည်လည်း သိသိသာသာကို တိုးများလာ၏။ ရုတ်တရက်ဖြစ်ပေါ်လာသော ဤအခြေအနေကို ရင်ဆိုင်ရသော်ငြား လင်းချန်ကမူ အနည်းငယ်မျှပင် အံ့ဩခြင်းမရှိဘဲ ဧကရာဇ်အမိန့်တော်ကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်စေကာ ထိုစွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ရိုက်ခတ်စေလိုက်တော့သည်။
စိတ်ဝိညာဉ်စွမ်းအားများ တရစပ် ဝင်ရောက်လာမှုအောက်၌ လင်းချန်၏ နယ်ပယ်အဆင့်တိုးတက်မှုသည် ဝါးကိုခွဲလိုက်သကဲ့သို့ မည်သို့မျှ တားဆီး၍မရနိုင်ဘဲ လျင်မြန်စွာ မြင့်တက်လာ၏။ တစ်နာရီခန့်ကြာပြီးနောက်တွင်တော့ လင်းချန် နေယွမ်နယ်ပယ် အဆင့် ၉ ထိပ်ဆုံးသို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်သွားတော့သည်။
သာမန်ကျင့်ကြံသူများသာဆိုလျှင် ဤကဲ့သို့သော နယ်ပယ်သို့ရောက်ရှိပါက နိဗ္ဗာန်နယ်ပယ်သို့ တက်လှမ်းရန်သာ အပူတပြင်း ကြိုးစားကြလိမ့်မည် ဖြစ်၏။ သို့သော် လင်းချန်ကဲ့သို့ ထူးကဲသော ပါရမီရှင်မှာမူ သဘာဝကျကျပင် နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကိုသာ သူ၏ ပစ်မှတ်အဖြစ် ထားရှိ၏။ ယခုဆိုလျှင် လင်းချန်သည် နိဗ္ဗာန်စက်ဝန်းနှစ်သွယ်အဆင့်၌ ရောက်ရှိနေပြီဖြစ်သည်။
နိဗ္ဗာန်စက်ဝန်းကိုးသွယ် ကျင့်ကြံခြင်းနည်းလမ်းသည် အသက် ၁၈ နှစ်မပြည့်မီ ချိုးဖျက်နိုင်မှသာလျှင် အပြည့်အဝ ထိရောက်မှုရှိ၏။ အသက် ၁၈ နှစ်မတိုင်မီ နိဗ္ဗာန်စက်ဝန်းတစ်သွယ်ကို တစ်ကြိမ်သာ ချိုးဖျက်ပြီးမြောက်လျှင်ပင် နိဗ္ဗာန်နယ်ပယ်အပေါ် ကောင်းသောအကျိုးသက်ရောက်မှု ကြီးမားစွာ ရှိနိုင်သည်။ လင်းချန်နှင့် အသက်အရွယ်တူဖြစ်သော ယီစင်းသည် အသက် ၁၆ နှစ်၌ပင် နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ပြီးမြောက်ခဲ့ရာ သတ်မှတ်ချက်ထက် နှစ်နှစ်စော၍ ပြီးမြောက်ခဲ့ခြင်းက သူမ၏ ပါရမီ မည်မျှအထိ ထူးချွန်ကြောင်းကို ထင်ရှားစွာ မီးမောင်းထိုးပြနေ၏။
နေယွမ်နယ်ပယ် အဆင့် ၉ ထိပ်ဆုံးသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လင်းချန်သည် အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ သူ၏ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို အကြွင်းမဲ့ ဖောက်ခွဲပစ်လိုက်တော့၏။ ချက်ချင်းဆိုသလိုပင် လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် လေလျှော့လိုက်သော ပူဖောင်းတစ်လုံးကဲ့သို့ လျင်မြန်စွာ အားနည်းရှုံ့တွသွားကာ သူ၏ အင်အားမှာလည်း နေယွမ်နယ်ပယ် အဆင့် ၁ သို့ ရုတ်တရက် ပြန်လည်ကျဆင်းသွားတော့၏။
အခြားသော သိုင်းဝိညာဉ်ပါရမီရှင်များသည် နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ကျင့်ကြံ၍ စိတ်ဝိညာဉ်စွမ်းအား ပေါက်ကွဲသွားသည့်အချိန်မျိုး၌ သူတို့၏ သိုင်းဝိညာဉ်ကို ကြီးစွာ ရိုက်ခတ်လှုံ့ဆော်မှု ဖြစ်စေတတ်၏။ ထို့နောက်တွင်မူ ဒန်ထျန်နှင့် သွေးကြောများအတွင်းသို့ အာဟာရဖြည့်ပေးခြင်းမှလွဲ၍ ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအား အများစုမှာ အလဟဿ လွင့်စဉ်ပျောက်ကွယ်သွားရသည်။ သို့သော် လင်းချန်၏ အခြေအနေမှာမူ သူတို့နှင့် လုံးဝကို ကွာခြားလှပေ၏။
စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲသွားပြီးနောက် ကောင်းကင်လမ်းကြောင်းမှ ထပ်မံထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင်များသည် ယခင်ကထက် ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ထပ်မံပေါက်ကွဲထွက်လာပြန်၏။ ပြင်းထန်လှသော သဘာဝစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါက်ကွဲသွားသော စိတ်ဝိညာဉ်စွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံသွားကြကာ လင်းချန်၏ အသားနှင့် အရိုးများထဲသို့ အတင်းအဓမ္မ ထိုးသွင်းလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
“ရှီးးး”
တစ်ပြိုင်နက်တည်းမှာပင် လင်းချန် လေကို တရှူးရှူး စုပ်လိုက်မိ၏။ အသားနှင့် အရိုးများထဲသို့ စိတ်ဝိညာဉ်စွမ်းအား ထိုးသွင်းခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ သံမဏိအပ်ပေါင်း ထောင်နှင့်ချီ၍ တစ်ပြိုင်နက် ရိုက်သွင်းလိုက်သကဲ့သို့ပင် အလွန်တရာမှ နာကျင်လှသည်။ ယ
ရုတ်တရက် ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှ ချွေးစေးများ အဆက်မပြတ် ထွက်လာကာ အဝတ်အစားများပင် ရွှဲနစ်သွားရတော့၏။ အညစ်အကြေးများနှင့် ရောနှောနေသော အနက်ရောင်သွေးပုပ်များသည် သူ၏ ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ စီးကျလာသည်။
ပထမအကြိမ် နိဗ္ဗာန်စက်ဝန်းတစ်သွယ်၌လည်း လင်းချန်၏ ခန္ဓာကိုယ်အတွင်း၌ အလားတူအခြေအနေမျိုး ဖြစ်ပျက်ခဲ့ဖူးပြီး ထိုစဉ်က နာကျင်လွန်းလှသဖြင့် သူ သတိလစ်ပင်သွားခဲ့ရ၏။ ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသော လင်းချန်သည် အမြွှာစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး အလွန်သန်မာသော စိတ်ဆန္ဒရှိသော်ငြား နာကျင်မှုကြောင့် သတိလစ်သွားရသည်ဆိုကတည်းက ထိုနာကျင်မှုသည် မည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသာလှ၏။
အကောင်းဆုံးဖြစ်ချင်လျှင် အခက်ခဲဆုံးသော ဒုက္ခများကို မလွဲမသွေ ခံနိုင်ရည်ရှိရမည်။ ကျင့်ကြံခြင်းဟူသည် သက်တောင့်သက်သာရှိလှသော အရာတစ်ခု လုံးဝ မဟုတ်ပေ။ ပိုမိုသန်မာလာစေရန်အတွက် အဆင့်ဆင့် တိုးတက်ပြုပြင်မှုများ၏ နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်လှ၏။
လင်းချန်သည် ယခုအခါ စိတ်ဝိညာဥ်စွမ်းအားများကို အလွန်အမင်း ဆာလောင်မွတ်သိပ်နေပြီး ပိုမိုသန်မာချင်စိတ်များကလည်း ရင်ထဲ၌ လွန်စွာပြင်းပြနေ၏။
အကြောင်းမှာ သူ၏ မိဘများကို ကယ်တင်ရန်အတွက် အလွန်ကြီးမားသော အင်အားများ လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်လမ်းကြောင်း၏ နောက်ကွယ်မှ သက်ရှိများသည် သူ၏ နောက်လိုက်ပြည်သူများဖြစ်ကြရာ သူတို့၏ ဧကရာဇ်အနေဖြင့် ဤမျှလောက် အားနည်းနေပါက အရှက်ရစရာ ကောင်းလွန်းနေလိမ့်ပေမည်။
ထို့အပြင် သူ ပို၍သန်မာလာမှသာလျှင် ထိုသူများ ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းပြီး ဤပြင်ပကမ္ဘာကြီးဆီသို့ အမှန်တကယ် ရောက်ရှိမြင်တွေ့နိုင်မည်ဖြစ်၏။ သူတို့သည် ရှင်သန်ခွင့်ရရှိထားပြီးသား ပကတိလူသားများ ဖြစ်ကြကာ ယခင်ဘဝ ဂိမ်းထဲမှ အချက်အလက်များဖြင့် ဖွဲ့စည်းထားသော အတုအယောင်များ မဟုတ်ကြတော့ပေ။ သူ့နောက်လိုက်ပြီး အခြားနယ်ပယ်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ရာ တိုင်းတစ်ပါးက ရှုခင်းများကို သူတို့လည်း ကျိန်းသေပေါက် မြင်တွေ့ရသင့်ပေ၏။
အရှေ့ဘက်ကောင်းကင်ယံမှ အရုဏ်ဦးအလင်းရောင်များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံနေသော လင်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ စူးရှလှသော စိတ်ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာတော့၏။
ထို့အပြင် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ကိန်းအောင်းနေသည့် ပြီးပြည့်စုံသော ခန္ဓာကိုယ်ကြီးကို သူ ပိုင်ဆိုင်သွားပြီ ဖြစ်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၃ ၊ အတွဲ ၁ ၊ အပိုင်း ၂၉ + ၃၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team