အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း ၃၈၂
မှော်ဆရာ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။ တစ်ဖက်လူသည် သူတို့ဘာသာစကားကို ပြောနေခြင်းမဟုတ်သော်လည်း သူမည်သို့နားလည်နိုင်သည်ကို သူမသိခဲ့ပေ။
ရှောင်းယီသည် ဖုန့်၏တုံ့ပြန်မှုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါ့ရဲ့စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။”
“ဒါက နတ်ဘုရားရဲ့အလိုတော်ပဲ။”
ဖုန့်သည် ရှောင်းယီတို့ကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် အနည်းငယ်မြင့်မြတ်သည့်အရိပ်အယောင်များဖြင့် ပြန်ဖြေလိုက်သည်။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကနေ လက်ခံလိုက်တဲ့ နောက်ထပ်တာဝန်တစ်ခုလား။ ဒါဆို မင်းတို့ရဲ့နတ်ဘုရားက ဘာလို့ ဦးတည်ချက်ကျောက် မပေးခဲ့တာလဲ။”
“ဘာ ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်အကြောင်း မင်းဘယ်လိုသိတာလဲ။”
ဖုန့်က ပိုပြီးအံ့အားသင့်သွားခဲ့၏။
သို့သော် ဖူရှီသည် ရန်သူ့ထံအညံ့ခံကာ သစ္စာဖောက်ခဲ့သည်ဟု တွေးမိလိုက်ပြီးနောက် သူသည် နားလည်သွားဟန်ရပြီး လှောင်ပြောင်လိုက်၏။
“ဟမ့် သစ္စာဖောက်တစ်ယောက်ဆီကနေ ဒီသတင်းကိုရရင်တောင် ဘာအကျိုးရှိလို့လဲ။ မင်းတို့က ဘယ်တော့မှ နတ်ဘုရားတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။”
“နတ်ဘုရားဟုတ်လား။ သူတို့ကို မင်းမြင်ဖူးလို့လား။”
ကျန်းယွင်ထျန်းက ဘေးမှနေ၍ လှောင်ပြောင်လိုက်၏။
“ဟမ့် နတ်ဘုရားတွေက အရမ်းမြင့်မြတ်တယ်။ မင်းတို့ ငါတို့ မြင်ချင်တိုင်း မြင်လို့ရတာမျိုးမဟုတ်ဘူး။”
ဖုန့်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
“နောက်ထပ် ဦးနှောက်ဆေးခံထားရတဲ့လူတစ်ယောက်ပဲ။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့သွားဟန်ဖြင့် ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက ဖုန့်ကိုစိုက်ကြည့်လိုက်၏။
“ငါ့မေးတာကိုဖြေစမ်း။”
“ဟမ့် အိပ်မက်မက်နေလိုက်။”
ဖုန့်က ပြတ်သားခိုင်မာစွာပင် ပြန်ဖြေလိုက်သည်။
ထိုအခါ ရှောင်းယီသည် လက်ဟန်ပြကာ ပြောလိုက်တော့၏။
“အစ်ကိုကျန်း သူ့ကို မင်းဆီအပ်လိုက်ပြီ။”
“စိတ်မပူနဲ့ ငါ့နဲ့ထားခဲ့လိုက်စမ်းပါ။”
ကျန်းယွင်ထျန်းသည် ထိုသို့ပြောလိုက်ပြီးနောက် သူ၏ဓားမြှောင်ကို ဆွဲထုတ်ကာ ဖုန့်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။
ရှောင်းယီသည် ထရပ်ပြီး သင်္ဘောအပြင်သို့ ထွက်သွားလိုက်သည်။ ထိုအရာကိုကြည့်ရင်း ပိုင်ချီက အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။
ဒီလိုပဲထွက်သွားတော့မလို့လား။
ထိုအခါ ရှောင်းယီက နောက်လှည့်ကာ ပိုင်ချီကိုကြည့်ပြီး ပြောလိုက်သည်။
“ဒီမြင်ကွင်းက ကလေးတွေအတွက် မသင့်တော်ဘူး။ မင်းဒီမှာကြည့်ချင်တာသေချာလား။”
ပိုင်ချီတစ်ယောက် ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
ဘာလို့ ကလေးတွေအတွက် မသင့်တော်ရမှာလဲ။
စူးစမ်းလိုစိတ်ဖြင့် ပိုင်ချီသည် သင်္ဘောခန်းမှ ထွက်မသွားခဲ့ပေ။
ခဏကြာသောအခါ သင်္ဘောခန်းအတွင်းမှ ဖုန့်၏ ကြောင်လန့်တကြားအော်ဟစ်သံများကို ကြားလိုက်ရပြီး မကြာမီမှာပင် ပိုင်ချီသည် မျက်နှာဖြူဖတ်ဖြူယော်ဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။
“မိစ္ဆာကောင်... မင်းက မိစ္ဆာကောင်ပဲ။”
ဖုန့်က အော်ဟစ်လိုက်၏။
သို့သော် ကံမကောင်းစွာပဲ ကျန်းယွင်ထျန်းသည် သူ၏စကားများကို နားမလည်ခဲ့ပေ။ သူသည် ဘာစကားမှမပြောဘဲ တိုက်ရိုက်ညှဉ်းပန်းနှိပ်စက်တော့လေသည်။
နယရီဝက်ကြာ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ပြီး နောက်ဆုံးတွင် ဖုန့်သည် သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်သည်။
“ငါပြောမယ်...ငါပြောမယ်...ငါ ဘာမဆိုပြောပါ့မယ်။ မင်း ငါ့ကိုကောင်းကောင်းပဲ ဆက်ဆံပေးပါကွာ။”
“ရပ်တော့။”
ရှောင်းယီက အော်ပြောလိုက်ပြီးနောက် အပြင်ဘက်မှဝင်လာခဲ့၏။ ထိုအခါ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူလုပ်နေသည့်အလုပ်များကို ရပ်တန့်လိုက်လေသည်။
“မင်း ဒီကျွန်းကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ငါတို့ ပထမဆုံးကျွန်းကို အောင်အောင်မြင်မြင်နဲ့ သိမ်းပိုက်ပြီးတော့ နတ်ဘုရားရဲ့အလိုတော်ကိုရခဲ့တယ်။ နတ်ဘုရားက မြေပုံတစ်ခုပေးပြီး လာတိုက်ခိုက်ဖို့ပြောခဲ့တယ်။”
ဖုန့်က စိတ်သက်သာရာရစွာဖြင့် အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိ၏။
“သူက မင်းကို ဦးတည်ချက်ကျောက် မပေးခဲ့ဘူးလား။”
“မပေးဘူး။”
ဖုန့်က ပြန်ဖြေသည်။
“ဒီကျွန်းက နည်းနည်းအန္တရာယ်ရှိတယ်လို့ပဲသတိပေးခဲ့တယ်။ အဲ့ဒါကြောင့် ကိုင်တွယ်တဲ့နေရာမှာ ဂရုစိုက်ဖို့ပဲ ပြောခဲ့တာ။”
ဤကဲ့သို့သော ထူးဆန်းသောလုပ်ဆောင်မှုသည် ရှောင်းယီအား ပို၍ပင် ရှုပ်ထွေးစေခဲ့သည်။
ကုထောင်ချွေ့ရှန်း၏ကျွန်းသည် အလွန်ထူးခြားနေသလော။
ရှောင်းယီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၏။
“ကုထောင်ချွေ့ရှန်းက အတားအဆီးကို ချိုးဖျက်ခဲ့လို့ သူ့ကို အထူးအခွင့်အရေးပေးတာကို ခံနေရတာများလား။”
သူ၏အကျွန်းသည် ယခင်ကကဲ့သို့ပင် သာမန်ကျွန်းများထက် ပိုမိုတိုက်ခိုက်ခံရပြီး ပြင်းထန်မှုသည်လည်း ပိုမိုများပြားပေသည်။
သို့သော် ဤကိစ္စသည် ခန့်မှန်းချက်သာဖြစ်ပြီး အထက်မှ တိုက်ရိုက်ရှင်းပြခြင်းမှလွဲ၍ မည်သူမျှ အကြောင်းရင်းအမှန်ကို မသိရှိနိုင်ပေ။
ရှောင်းယီက ခေါင်းညိတ်ကာ ဆက်မေးလိုက်သည်။
“မင်းရဲ့သေနတ်တွေနဲ့ ယမ်းမှုန့်တွေက ဘယ်ကရလာတာလဲ။”
“သေနတ်ပုံစံကွက်တွေကို ရတနာမြေပုံတွေကို တူးဖော်ပြီးတော့ ရလာတာ။ ယမ်းမှုန့်ကိုတော့ နတ်ဘုရားက ပေးခဲ့တာ။”
ဖုန့်၏မျက်နှာက သွေးဆုတ်ဖြူရော်သွားခဲ့သည်။
ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းသည်လည်း လုံးဝဆွံ့အသွား၏။
ဒီလိုအရာမျိုးက အထက်ကဆုချပေးတယ်ပေါ့။ ဒါက လုံးဝညစ်ပတ်နေတာပဲ။
ရှောင်းယီက ဆက်မေးသည်။
“ယမ်းမှုန့်တွေ ပြင်ဆင်ဖို့ ကုန်ကြမ်းတွေကို ဘယ်ကရတာလဲ။”
“နတ်ဘုရားက ဓာတ်သတ္တုရိုင်းနှစ်မျိုးပေးခဲ့တယ်။ တစ်မျိုးကဆာလဖာ၊ နောက်တစ်မျိုးက ယမ်းစိမ်းပဲ။”
ဖုန့်က ပြန်ဖြေလိုက်သည်။
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ညွှန်ပြပြီး ထပ်ပြောလိုက်၏။
“ဈေးကွက်စာမျက်နှာကိုကိုပြောင်းပြီး ဒီလိုမျိုး များပြားတဲ့အရင်းအမြစ်တွေကို ဘယ်သူရောင်းပေးခဲ့တာလဲဆိုတာ ကြည့်လိုက်။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ဖုန့်ကိုကိုင်မြှောက်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထားလိုက်သည်။
ပိုင်ရှင် မသေသေးပါက ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ အခြားမည်သူမျှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသက်သွင်း၍မရပေ။
အင်အားသုံးကာ အပိုင်သိမ်းလိုက်နိုင်သော်လည်း ပိုင်ရှင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်အတွင်း အထက်လူများနှင့် ဆက်သွယ်ရေးထားသည့် လုပ်ငန်းအစိတ်အပိုင်းများကိုပါ ရှင်းလင်းသွားမည်ဖြစ်သည်။
သို့သော် ဆောက်လုပ်ရေးအင်တာဖေ့စ်၏ပုံစံကွက်ကိုမူ သိမ်းဆည်းထားမည်ဖြစ်ပြီး ပိုင်ရှင်ပြောင်းသောအခါတွင်ပင် ပျောက်ကွယ်သွားမည်မဟုတ်ပေ။
ဖုန့်သည် ဈေးကွက်စာမျက်နှာသို့ ပြောင်းလိုက်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အရ တစ်ဖက်လူသည် အမည်မဖော်ဘဲ အရောင်းအဝယ်ပြုလုပ်ဆဲဖြစ်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်၏။
“အသံသုံးပြီး သူ့ကို သီးသန့်စာပို့လိုက် ငါပြောမယ်။”
“ဟုတ်ကဲ့”
ဖုန့်က ပြန်ဖြေပြီး တစ်ဖက်လူဆီသို့ သီးသန့်စာပို့လိုက်သည်။
“ပူးပေါင်းဆောင်ရွက်မယ်။ မိတ်ဆွေထည့်ပါ! @#¥%*။”
ရှောင်းယီသည် ရှားဘာသာစကားကို ပထမဆုံးသင်ယူခဲ့သည့် ဒေသလံများ၏အသံထွက်ကို တမင်အတုခိုးကာ နောက်ဆုံးတွင် ရှုပ်ထွေးသော ဒေသခံဘာသာစကားဖြင့် ထည့်သွင်းခဲ့သည်။
ထိုအချိန်တွင် ဖူရှိသည်လည်း သူတို့နားသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီက သူ့အား တိတ်ဆိတ်နေရန် အချက်ပြလိုက်၏။
ဖူရှီသည် ရှောင်းယီပြောခဲ့သည့်စကားများကို အရင်ကြားဖူးပေသည်။ သူသည် အမှန်တကယ် တိုက်ရိုက်စကားပြောခဲ့ခြင်းဖြစ်သော်လည်း စစ်မှန်သော ဒေသခံဘာသာစကားဖြင့် ပြောခဲ့ခြင်းဖြစ်ပေသည်။
ရှောင်းယီသည် တဒင်္ဂတုန်လှုပ်သွား၏။ ထို့နောက်နောက် အသံဖိုင်ကို ပို့လိုက်ပြီးနောက် လက်မထောင်ပြလိုက်၏။
“မဆိုးဘူး။ တုန့်ပြန်တာက လုံလောက်အောင် လျင်မြန်တယ်။”
ထိုအခိုက်တွင် ဈေးကွက်ကို စောင့်ကြည့်နေသော ရွှမ်းယွမ်ဝူဝေ့သည် ရုတ်တရက် သီးသန့်စာတစ်စောင်ကို တွေ့လိုက်ရလေသည်။
သီးသန့်စာထဲရှိအမည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ လင်းလက်သွားတော့သည်။ ဤသည်မှာ သင်္ဘောကိုယ်ထည်ကို ပြန်လည်ပြင်ဆင်ရန်အတွက် ကုန်ကြမ်းများဝယ်ယူခဲ့သူဖြစ်ပေသည်။
“ဒါက အသံစာတစ်စောင်လား။”
ရွှမ်းယွမ်ဝူဝေ့သည် ပို၍ပင် အံ့အားသင့်သွားခဲ့လေသည်။ နှစ်ဖက်စလုံး၏ ဘာသာစကားများမှာ ကွဲပြားခြားနားပြီး အသံဖြင့် ဆက်သွယ်၍မရနိုင်ပေ။
အသံဖိုင်ကိုနှိပ်လိုက်သောအခါ တောင့်တင်းနေသော ရှားဘာသာစကားဖြင့်ပြောထားသည့်အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းနောင်မှ သူနားမလည်နိုင်သော ဘာသာစကားတစ်ချို့ဆက်လိုက်၏။ နောက်ဆုံးတွင် ဒေသခံဘာသာစကားဖြင့် စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။
“သူတို့ကတကယ်ပဲ ငါတို့ဘာသာစကားကို သင်ယူနေကြတာလား။”
ရွှမ်းယွမ်ဝူဝေ့ အံ့အားသင့်သွားခဲ့သည်။
သူ၏အမြင်အရ ဤဒေသခံများသည် ရှားနိုင်ငံမှ ညီအစ်ကိုအချို့ကို ဖမ်းဆီးပြီး ဖြည်းဖြည်းချင်းလေ့လာခဲ့ကြခြင်းဖြစ်နိုင်ပေသည်။
နောက်ဆုံးဒေသခံစကားလုံးများက သူ့ကို တစ်ဖက်လူသည် ဒေသခံဖြစ်ရမည်ဟု အပြည့်အဝယုံကြည်သွားစေခဲ့သည်။
“ငါတို့ ဆက်သွယ်ပြောဆိုနိုင်သ၍ အခြေခံအားဖြင့် ပူးပေါင်းဆောင်ရွက်လို့ရတယ်။”
ရွှမ်းယွမ်ဝူဝေ့က ထိုသို့တွေးလိုက်ပြီး ပြန်ဖြေလိုက်သည်
“ကောင်းပြီ။”
ရှောင်းယီသည် ဖုန့်ကို ချက်ချင်း မိတ်ဆွေဖွဲ့ရန် တောင်းဆိုခိုင်းလိုက်၏။
ရွှမ်းယွမ်ဝူဝေ့သည် ဤတောင်းဆိုမှုကို လက်ခံရရှိပြီးနောင် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ တိုက်ရိုက်သဘောတူခဲ့သည်။
“သင့်အား ရွှမ်းယွမ်ဝူဝေ့မှ မိတ်ဆွေအဖြစ် ထထည့်သွင်းလိုက်ပါပြီ။”
“ခွေးသား...မင်းကတကယ်ကို မိမစစ်ဖမစစ်ပဲ။”
ကျန်းယွင်ထျန်းက တိုက်ရိုက်ပင် အော်ဟစ်ကျိန်ဆဲမိလိုက်၏။
ရှောင်းယီသည်လည်း အလွန်မင်းဒေါသထွက်နေခဲ့ပြီး ဆက်ပြောလိုက်သည်။
“အသံဖိုင်ထပ်ပို့လိုက်။”
ဖုန့်၏ထိန်းချုပ်မှုအောက်တွင် ရှောင်းယီသည် တောင့်တင်းသော ရှားဘာသာစကားကို ဆက်လက်အသုံးပြုကာ ပြောလိုက်သည်။
“ဘာလို့...ငါ့ကို...ကူညီတာလဲ။”
“ဟားဟား...ရှေးစကားတစ်ခွန်းရှိတယ်လေ။ ထာဝရရန်သူဆိုတာမရှိဘူး ထာဝရအကျိုးစီးပွားပဲရှိတယ်။ အခြားအုပ်စုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုချိန်ခွင်လျှာကို ချိန်ညှိဖို့အတွက် မင်းကိုငါလိုအပ်တယ်။ အဲ့ဒါကြောင့် မင်းကိုငါကူညီတယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေသည်။
“မင်းကို ရှာတွေသွားမှာကို မကြောက်ဘူးလား။”
“ရှာတွေ့သွားမှာကိုလား။ မဟုတ်ဘူး ဒီမှာ အမည်မဖော်ဘဲ လုပ်ဆောင်နေသရွေ့ ဒါက ငါဆိုတာကို ဘယ်သူသိမှာလဲ။”
ရွှမ်းယွမ်ဝူဝေ့က ဆက်ပြောလိုက်သည်။
“ငါတို့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းပြီး အတွင်း၊ အပြင်ကို ပူးပေါင်းဆောင်ရွက်နိုင်တယ်။ မင်းကကျွန်းတွေကို ပိုသိမ်းပိုက်ပြီး အနာဂတ်ရဲ့ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ ငါ့ကိုကူညီနိုင်တယ်။ ဒါက မင်းရော ငါရောနှစ်ယောက်လုံးအတွက် အကျိုးရှိတယ်လေ။”
“ကောင်းတယ်...ကောင်းတယ်... ရွှမ်းယွမ်ဝူဝေ့...”
ရှောင်းယီက အသံနက်ကြီးဖြင့် ပြောလိုက်၏။
ရွှမ်းယွမ်ဝူဝေ့သည် ထိုကျွမ်းကျင်သော ရှားဘာသာစကားကိုကြားရသောအခါ သူ၏မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ မေးမြန်းလိုက်သည်။
“မင်းဘယ်သူလဲ။”
“ငါ့ယီးလိုပဲ ခွေးမသား။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။
“ရှားလူမျိုးတစ်ရပ်လုံးရဲ့ဖမ်းဝရမ်းထုတ်ခံရဖို့ စောင့်နေလိုက်တော့။”
ရွှမ်းယွမ်ဝူဝေးသည် တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်တော့မည့်ဖြစ်ကြောင်း သိရှိသွားခဲ့လေသည်။ သူသည် တစ်ဖက်လူက တိုက်ခိုက်လာသော ဒေသခံများကို ဖမ်းမိသွားပြီဟု ယူဆလိုက်၏။ သူပြောခဲ့သည့်စကားများအား မည်သို့ပြန်၍ အဖတ်ဆယ်ရမည်ကို စဉ်းစားရင်း ဒေသခံများ၏ အသုံးမကျမှုများကို စိတ်ထဲမှကျိန်ဆဲနေလိုက်သည်။
အခန်း ၃၈၃
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ချက်တင်တွင် ပြန်လည်ရုပ်သိမ်းရန်အတွက် ရွေးချယ်စရာမရှိပေ။
ထိုကမ္ဘာရှိလူများသည် မူလက ပြန်လည်ရုပ်သိမ်းခြင်းလုပ်ဆောင်ချက်ကို မုန်းတီးခဲ့ကြသော်လည်း ရွှမ်းယွမ်ဝူဝေ့သည် ယခုအခါ ၎င်းကို အလွန်အမင်း လိုအပ်နေခဲ့လေသည်။
“ညီအစ်ကို ငါခုနကပြောလိုက်တဲ့ စကားတွေက ဒေသခံတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး သူတို့ရဲ့တည်နေရာကို ထောင်ချောက်ဆင်ဖို့ ပြောလိုက်တာပါ။ ငါလည်း သူတို့အားလုံးကို ဖမ်းဖို့အတွက် စီစဉ်နေခဲ့တာပါ။”
ရွှမ်းယွမ်ဝူဝေ့သည် စောစောက သူ၏အပြုအမူများအတွက် ရှင်းပြရန် ကြိုးစားလိုက်၏။
“သောက်ကျိုးနည်း...ငါတို့က သုံးနှစ်သားကလေးတွေမဟုတ်ဘူးကွ။ ဒီစကားကို မင်းကိုယ်တိုင်ရော ယုံလို့လား။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ပြီးခဲ့တဲ့အခေါက် အနောက်ဘက်မှာ ပူးပေါင်းတိုက်ခိုက်တုန်းကလည်း ဒေသခံတွေ ထွက်ပြေးသွားနိုင်တာ မင်းရဲ့ကျေးဇူးကြောင့်ပဲဖြစ်ရမယ်။”
“မဟုတ်ဘူး မဟုတ်ဘူး မင်းတစ်ခြားသူတွေကို စွပ်စွပ်စွဲစွဲမပြောနဲ့။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်၏။
“ကောင်းပြီ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်လိုက်တော့။ မင်း ငါတို့ဖမ်းဝရမ်းထုတ်တဲ့အထိ စောင့်နေလိုက်ပါ။”
ရှောင်းယီသည် ထိုသို့ပြောပြီး စကားပြောဆိုမှုကို ရပ်တန့်လိုက်တော့သည်။
ထို့နောက် ဖုန့်ကို သူ့ကို ဖုန့်၏မိတ်ဆွေအဖြစ်ထည့်ခိုင်းလိုက်ပြီး ထိုအသံဖိုင်ကို သူ့ဆီသို့ ကိုယ်တိုင်ပို့ခိုင်းလိုက်ကာ ယီထျန်းအဖွဲ့ထဲသို့ တိုက်ရိုက်မျှဝေခိုင်းလိုက်၏။
လူတိုင်းသည် ထိုအသံဖိုင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရူးသွပ်သွားကြတော့လေသည်။
“အဲ့ဒါက ရွှမ်းယွမ်လိပ်ပဲလို့ ငါပြောခဲ့သားပဲ။ အရင်က သူ့အမည်ကို ဘယ်သူရှင်းပေးခဲ့တာလဲ။ ထွက်လာပြီးအဆဲခံစမ်း။”
“ငလူး အဲ့ဒါ ငါပဲကွ။ ငါ ဒီမှာမတ်တတ်ရပ်နေတယ်။ ဆက်ပြီးဆဲကြစမ်းပါ။ ရွှမ်းယွမ်လိပ်က ဒီလောက်ထိယုတ်ညံ့မယ်လို့ ငါမထင်ခဲ့မိဘူး။ ရှားနိုင်ငံက ငါတို့ညီအစ်ကိုတွေကိုတောင် သတ်ချင်နေတာပဲ။”
“မဟုတ်ဘူး သူဘယ်မှာလဲဆိုတာ သိတဲ့သူရှိလား။ ငါ့ကိုပြောစမ်းပါ။ ငါသူ့ကျွန်းကိုသွားပြီး သူ့ကိုသတ်ပစ်မယ်။”
“စိတ်လိုက်မာန်ပါမလုပ်နဲ့ ရွှမ်းယွမ်လိပ်ရဲ့ ခန္ဓာကိုယ်က အဆင့်သိပ်မနိမ့်သင့်ဘူး။”
“ငါအရမ်းဒေါသထွက်တယ်။ သူ့ ခန္ဓာကိုယ်ဘယ်လောက်ကောင်းကောင်းကွာ...ဒီလိုမျိုးခွေးသူတောင်းစားမျိုး တွေ့တာနဲ့ အသက်စွန့်ပြီးတောင် သတ်ပစ်မယ်။”
“ဟုတ်တယ် သူ့ကိုဖြုတ်ပစ်လိုက်။”
လူတိုင်း အလွန်အမင်း ဒေါသထွက်သွားခဲ့ကြ၏။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“လူတိုင်းပဲ စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့။ ဒီလူက ငါ့ရဲ့သတ်ကိုသတ်ပစ်ရမယ့်စာရင်းထဲမှာရှိနေပြီ။ ဘယ်သူမဆို သူ့ရဲ့တည်နေရာသိရင် ငါ့ကိုပြောပါ။ ငါကိုယ်တိုင်သွားသတ်မယ်။”
“ဟားဟား!!! ခေါင်းဆောင်ကြီးသာ ဒီလိုလုပ်မယ်ဆိုရင် အဲ့ဒီလိပ်ကလေး သေမှာပဲ။!”
“ဘယ်သူသိမှာလဲ။ ဂရုထဲမှာ ရွှမ်းယွမ်ဂိုဏ်းက သူလျှိုတွေရှိလား။ မင်းတို့သခင် ဘာလုပ်ခဲ့တယ်ဆိုတာ မင်းတို့ကြည့်စမ်း။ မင်းတို့သာ ရှားနိုင်ငံကလူဆိုရင် အမြန်သစ္စာဖောက်လိုက်တော့။ ငါ့ကို မင်းတို့ကိုအထင်သေးအောင် ဖိအားမပေးကြနဲ့။”
“သေစမ်း! ငါအရင်က ရွှမ်းယွမ်တပ်ဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူက ဒီလိုလူမျိုးဖြစ်မယ်လို့ လုံးဝမမျှော်လင့်ခဲ့မိဘူး။ ငါ ရွှမ်းယွမ်တပ်ဖွဲ့ကနေထွက်လိုက်ပြီ။ ရွှမ်းယွမ်လိပ်က သူ့ရဲ့တည်နေရာကို အရမ်းလျှို့ဝှက်ထားတယ်။ ငါတို့ဘယ်သူမှမသိဘူး။ ဒါပေမယ့် တစ်ယောက်ကတော့ သိမှာသေချာတယ်။”
“ဘယ်သူလဲ။”
လူတိုင်းက မေးလိုက်သည်။
“ကျူးချန်းကလန်ပဲ။”
ထိုစာကြောင်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ရုတ်တရက် သူ့ကိုယ်သူ ဒေါသထွက်သွားမိ၏။ ချူရှန်းသည် ရွှမ်းယွမ်ဝူဝေ့ထံသို့ လူများပို့ပေးခဲ့ဖူးသည်ကို သူသတိရလိုက်မိသည်။ ထို့ကြောင့် ချူရှန်းက သေချာပေါက် သိရမည်ဖြစ်သည်။
သို့သော်လည်း ရှောင်းယီ ချူရှန်းကို မဆက်သွယ်မီမှာပင် ချူရှန်းသည် ရွှမ်းယွမ်ဝူဝေ့၏တည်နေရာကို ပို့ပေးခဲ့ပြီးဖြစ်လေသည်။
“သူဌေး သူ့ကိုသတ်ပစ်လိုက်။”
ချူရှန်းက စာတစ်စောင်ပို့ပြီး ပြောထားခဲ့သည်။
“စိတ်မပူပါနဲ့ ငါသူ့ကို လုံးဝအလွတ်မပေးဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့၏ကျွန်းသည် လက်ရှိတည်နေရာမှ ကီလိုမီတာရှစ်ထောင်၊ ကိုးထောင်ခန့် ကွာဝေးပြီး ရှိရင်းစွဲလမ်းကြောင်းသုံးခုပေါ်တွင်မရှိကြောင်း တွေ့လိုက်ရလေသည်။ ထို့ကြောင့် ထိုနေရာသို့ အပျော်စီးသင်္ဘောဖြင့် တိုက်ရိုက်သွားရန်မှာ အလွန်အန္တရာယ်များလှပေသည်။
ရွှမ်းယွမ်ဝူဝေ့သည် အလွန်အန္တရာယ်ရှိသည်ဟု မဆိုလိုပေ။ သို့သော် လမ်းကြောင်းပေါ်တွင်မရှိပါက အပျော်စီးရွက်သင်္ဘဪသည် စွမ်းအားကြီးမားသော ရှေးဦးသတ္တဝါများကို ဆွဲဆောင်မိမည်ဖြစ်သည်။
“ဂရုတစိုက်စီစဉ်ဖို့လိုတဲ့ပုံပဲ။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိ၏။
စကားပြောဆိုမှု ပြီးဆုံးသွားသောအခါ ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ်ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။ ထိုအသံဖိုင်များသာ ပျံ့နှံ့သွားခဲ့ပါက သူသည် ရှားနိုင်ငံရှိလူတိုင်း၏ ရန်သူဖြစ်လာမည်ကို သူသိထားသည်။
“ဦးလေးချန်း ကျုပ်အခုဘာလုပ်သင့်လဲ။”
ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် ဦးလေးချန်းအား အခြေအနေများကို ပြောပြခဲ့သည်။ ဦးလေးချန်းသည်မူ ပင်လယ်ထဲတွင် ဆက်လက်ရွက်လွှင့်နေဆဲဖြစ်၏။
နောက်ဆုံးအကြိမ် ရတနာမြေပုံတူးပြီးနောက် သူသည် ဘာမှမရရှိခဲ့ဘဲ ကျွန်းသို့လည်း ယခုအချိန်ထိ ပြန်မရောက်သေးပေ။
ဦးလေးချန်းသည် သူ၏ဇာတ်လမ်းကိုကြားလိုက်ရသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်မိလေသည်။
“မင်းက ငယ်ရွယ်သေးပြီး ပုန်ကန်တတ်နေတုန်းပဲ။ ဒါပေမယ့် မင်းက ကောင်းကောင်းမတွေးခေါ်ခဲ့ဘူး။”
“ဒီလိုဆိုရင် မင်းအရင်က ဂရုထဲမှာပြောခဲ့တဲ့အတိုင်း အရင်ပြောလိုက်ပါ။ တစ်ဖက်လယရဲ့လှုပ်ရှားမှုကိုသိဖို့ ဆက်သွယ်နေတယ်လို့ အခိုင်အမာပြောလိုက်။ တစ်ချိန်တည်းမှာပဲ အနောက်ဘက်ကို ဝင်ရောက်စီးနင်းတဲ့ ဒေသခံတွေကို ငါတို့ကူညီခဲ့တယ်ဆိုတာကို အပြတ်အသတ်ငြင်းလိုက်။ အနောက်ဘက်ကိုဝင်ရောက်စီးနင်းတဲ့ ဒေသခံတွေကို တစ်စုံတစ်ယောက်က ကူညီနေတယ်ဆိုတာကို မြင်လိုက်ရမှသာ ဒီနည်းလမ်းကိုရခဲ့တာလို့ ပြောလိုက်ပါ။”
ဦးလေးချန်းက အချိန်တစ်ခုကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ ဒါပေမယ့် ဒါကို ဘယ်သူမှယုံမှာလဲ။”
ရွှမ်းယွမ်ဝူဝေ့က စိုးရိမ်စွာမေးလိုက်၏။
“အခုချိန်မှာ တခြားနည်းလမ်းမရှိတော့ဘူး။ ဒါပဲပြောလို့ရတယ်။”
ဦးလေးချန်းက ပြောလိုက်သည်။
“ဒါ့အပြင် ကာကွယ်ရေးကို အရမ်းဂရုစိုက်ရမယ်။ ကျူးချန်းကလန်က ငါတို့ကျွန်းရဲ့တည်နေရာကိုသိတယ်။ ကျူးချန်းကလန်နဲ့ ယီရန်ပင်းကြားက ဆက်ဆံရေးအရ ကိုးဆယ့်ကိုးရာခိုင်နှုန်းက ငါတို့ရဲ့တည်နေရာကို ထုတ်ဖော်ပြောဆိုမှာပဲ။ မင်းက ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေရမယ်။”
ထိုစကားကိုကြားလိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့ လုံးဝခြောက်ခြားသွားခဲ့သည်။ ယခင်က သူသည် ရှောင်းယီကို လုံးဝမထီမဲ့မြင်ပြုခဲ့ပြီး ကံကောင်းခြင်းအနည်းငယ်သာရှိသော သူဌေးအသစ်တစ်ဦးဟုသာ ထင်ထားခဲ့ခြင်းဖြစ်သည်။
ရှောင်းယီက ပိုမိုအဆင့်မြင့်သောလက်နက်များနှင့် အစားအစာများကို ထုတ်ယူလာသည်နှင့်အမျှ သူသည်လည်း တစ်ဖက်စွမ်းအားကို ဖြည်းဖြည်းချင်း သတိပြုမိလာခဲ့သည်။ သို့သော်လည်း သူသည် ဤမျှနှင့် မကျေနပ်နိုင်သေးပေ။ သူ၏ကိုယ်ပိုင်ကျွန်းပေါ်တွင် တပ်ဖွဲ့တစ်ခုဖွဲ့နိုင်လျှင် ရှောင်းယီကို မကြာမီ အမီလိုက်မိလိမ့်မည်ဟု ထင်ထားခဲ့၏။
ထို့အပြင် ဤကဲ့သို့ အလွန်တရာ ကျယ်ပြောလှသောပင်လယ်ပြင်ကြီးထဲတွင် မည်သူမျှ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနိုင်ခြင်းမရှိပေ။ တစ်ဖက်လူက သန်မာနေလျှင်ပင် သူသည် ဖြည်းဖြည်းချင်း လိုက်မီနိုင်ပေသည်။
သို့သော် ယခုအခါ သူဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်သေးမီမှာပင် သူ၏တည်နေရာကို ထုတ်ဖော်ခံလိုက်ရပြီဖြစ်ပြီး ရှောင်းယီ၏တိုက်ခိုက်မှုများကိုလည်း ဆွဲဆောင်လိုက်မိပေသည်။ အဘယ်ကြောင့်ဆိုသော် အနောက်ဘက်ပူးပေါင်းဆောင်ရွက်မှု၏ရလဒ်များကို သူအမှန်တကယ်ဖျက်ဆီးခဲ့သောကြောင့်ဖြစ်၏။
သူ အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။
“အား...ငါဘာလုပ်ရမလဲ ဘာလုပ်ရမလဲ...။”
ရွှမ်းယွမ်ဝူဝေ့က အနည်းငယ် ကမောက်ကမဖြစ်သွားခဲ့သည်။
ထိုစဉ် ဦးလေးချန်းက ပြောလိုက်၏။
“အရင်က ခန့်မှန်းချက်အရ ယီရန်ပင်းက အလယ်ပိုင်းနဲ့အနောက်ပိုင်းမှာ ရှိသင့်တယ်။ ကျုပ်တို့ကျွန်းနဲ့ အတော်လေးဝေးသေးတယ်။ သူက ကျုပ်တို့ကျွန်းအနီးကို ဖြတ်သွားတဲ့လမ်းကြောင်းကို ရှာမတွေ့သရွေ့ သူ့ကိုယ်ပိုင်ဘေးကင်းရေးအတွက် သူ့ရဲ့အပျော်စီးရွက်သင်္ဘဪနဲ့ တိုက်ရိုက်လာနိုင်မှာမဟုတ်ဘူး။”
“ဟုတ်တယ်...ဟုတ်တယ်။ အပျော်စီးရွက်သင်္ဘောက နောက်ဆုံးတော့ ရှေးဟောင်းသတ္တဝါတွေကို ဆွဲဆောင်မှာပဲ။ အန္တရာယ်အရမ်းများတယ်။”
ရွှမ်းယွမ်ဝူဝေ့က ဦးလေးချန်း၏အဆိုကို သဘောတူလိုက်ပြီး သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။
“အမှန်ပဲ ဒီနှစ်ကြိမ်လောက်နဲ့ သူ့ကို သိပ်မထိခိုက်စေဘူး။ အဲ့ဒါကြောင့် သူက သူ့အသက်ကိုစွန့်ပြီး ဒီကိုလာမှာမဟုတ်ဘူး။”
ဦးလေးချန်းက ပြောလိုက်၏။
“ဒါပေမယ့် ကျုပ်တို့နဲ့နီးတဲ့ကျွန်းတွေက လူတွေကိုတော့ ဂရုစိုက်ရမယ်။ စိတ်လိုက်မာန်ပါလှုပ်ရှားတတ်သူတွေ ရှိကောင်းရှိနေနိုင်တယ်။ သူတို့က မင်းကိုလာပြီးတိုက်ခိုက်နိုင်တယ်။”
“ဟမ့်! ယီရန်ပင်းမဟုတ်ရင် တခြားကျွန်းကလူတွေကို ငါလုံးဝဂရုမစိုက်ဘူး။”
ထိုအချက်ကြောင့် ရွှမ်းယွမ်ဝူဝေ့ သူ၏ယုံကြည်မှုကို ပြန်ရရှိလာခဲ့သည်။
“မပေါ့ဆမိစေနဲ့။”
ဦးလေးချန်းက ပြောလိုက်၏။
“အင်းပါ ကျုပ် ကျွန်းကို ကောင်းကောင်းကာကွယ်မှာပါ။”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ယီထျန်းဂရုထဲတွင် ချူရှန်းကို @ လုပ်ကာ ကြိုးစားနေသူများလည်း ရှိပေသည်။
လူတိုင်းသည် ရွှမ်းယွမ်ဝူဝေ့၏တည်နေရာကို သိလိုနေကြ၏။
“သူဌေး ကျုပ် လူတိုင်းကိုပြောလိုက်သင့်လား။”
ချူရှန်းက မေးလိုက်၏။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“လူတိုင်းကိုပြောပြလိုက်ပါ၊ မဟုတ်ရင် မင်းကိုလည်း ဝိုင်းဆဲကြလိမ့်မယ်။”
ချူရှန်းသာ ရွှမ်းယွမ်ဝူဝေ့၏တည်နေရာကို မထုတ်ဖော်ပါက သူသည် သူ့ကိုကာကွယ်ပေးနေခြင်းဖြစ်ပြီး လူတိုင်းက သူ့ကို သေချာပေါက် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ထိုအခါ ချူရှန်းက ခေါင်းညိတ်ကာ ရွှမ်းယွမ်ဝူဝေ့၏တည်နေရာကို ဂရုထဲသို့ တိုက်ရိုက်တင်ပေးလိုက်၏။
ရှောင်းယီက ဆက်ပြောလိုက်သည်။
“လူတိုင်းဒေါသထွက်နေတယ်ဆိုတာသိပေမယ့် စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့။ ရွှမ်းယွမ်ဝူဝေ့က လုံးဝအားမနည်းဘူး။”
“သူဌေး စိတ်မပူပါနဲ့ ကျုပ်တို့ စိတ်လိုက်မာန်ပါမလုပ်ပါဘူး။”
“ဟုတ်တယ် သူဌေး။ ခင်ဗျား သူ့ကိုကိုင်တွယ်တဲ့အခါ ဂရုထဲမှာ အသံတစ်ချက်လောက်ပေးပေးပါ။ အနည်းဆုံး ကျုပ်တို့လာပြီးကူညီအားပေးနိုင်တယ်။”
“မှန်တယ် ငါက အဲ့ဒီလိပ်နဲ့သိပ်မဝေးဘူး။ အဲ့အချိန်ရောက်ရင်သာ တစ်ခုခုပြောလိုက်။ အနည်းဆုံးတော့ ငါလိုက်သွားပြီး သူ့ကိုရိုက်ပစ်မယ်။”
အခန်း ၃၈၄
လူတိုင်း၏တောင်းဆိုမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ အချိန်ကျလာရင် ကျုပ် ဂရုထဲကို ပြောလိုက်မယ်။ ကျုပ်က ရွှမ်းယွမ်ဝူဝေ့နဲ့ ဝေးတယ်။ သူက ကျုပ်ရထားတဲ့လမ်းကြောင်းပေါ်မှာမရှိဘူး။ အဲ့ဒါကြောင့် ဒီကိစ္စကို ရေရှည်ဆွေးနွေးဖို့လိုတယ်။”
“ကောင်းပြီ ခင်ဗျားသွားတဲ့အခါ ကျုပ်တို့ကိုခေါ်လိုက်ပါ။”
ထိုစဉ် ရှောင်းယီသည် ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်၏။
“မြောက်ဘက်က အရေးပေါ်အခြေအနေရောက်နေပြီ။ ဝင်ရောက်စီးနင်းလာတဲ့ ဒေသခံတွေကို ကျုပ်ကိုင်တွယ်ဖြေရှင်းပြီးပြီ။ အရင်စုဆောင်းထားတဲ့ အဖွဲ့တွေ ပြန်လို့ရပါပြီ။”
“ဝိုး သူဌေးက အရမ်းကြမ်းတာပဲ။ သူတစ်ယောက်တည်းနဲ့ တစ်ဖက်လူကို ကိုင်တွယ်လိုက်နိုင်တယ်။”
“သူဌေးက ဒီအသံဖိုင်ကိုရနိုင်ခဲ့တာ မဆန်းတော့ဘူး။ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ မြင်ခဲ့ရတာပဲဖြစ်ရမယ်။”
“ကောင်းတယ်။ ဒါဆို မြောက်ပိုင်းအတွက် စိတ်ပူစရာမလိုတော့ဘူး။”
ယီထျန်းဂရုအတွင်းရှိ သတင်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အပြင်ဘက်တွင် အမျိုးမျိုးသောအသံများ ပေါ်ပေါက်လာခဲ့သည်။
“ယီရန်ပင်းက မြောက်ပိုင်းစစ်ပွဲကို ဒါရိုက်တာလုပ်ပြီး ရွှမ်းယွမ်ဝူဝေ့ကို အပြစ်တင်ဖို့ ကြံစည်ခဲ့တယ်။”
ရှောင်းယီကိုယ်တိုင်မှလွဲ၍ အခြားမည်သူမျှ ဤတိုက်ပွဲတွင် မပါဝင်ခဲ့သောကြောင့် အချို့သောလူများက ချက်ချင်းမေးခွန်းထုတ်ကြတော့သည်။
ဟုတ်ပါသည်။ ဦးလေးချန်းက ၌သံသယကို ဖြန့်ဝေခိုင်းခဲ့ခြင်းပင်။
ရှားနိုင်ငံသည် စကားပြောဂရုများစွာကို တည်ထောင်ထားခဲ့ပြီး သူသည် စကားပြောဂရုတစ်ခုချင်းစီတွင် ဤသတင်းကို တင်ခဲ့ခြင်းဖြစ်သည်။
ဦးလေးချန်းသည် အများသုံးချန်နယ်ပေါ်တွင်ပင် ထိုသတင်းများကို ထုတ်ဝေရန် စီစဉ်ခဲ့သည်။
ယီထျန်းဂရုထဲရှိ ယီရန်ပင်း၏ထောက်ခံသူများသည် ဤသတင်းကို သဘာဝအတိုင်း မမြင်မနေကြပေ။ သူတို့သည် ထိုလူများနှင့် ချက်ချင်းပင် စတင်ရန်ဖြစ်တော့လေသည်။
“ယီရန်ပင်းသူဌေးက ဒေသခံမှော်ဆရာကို ဖမ်းမိခဲ့တယ်။ ဒါက သူကိုယ်တိုင် ဒါရိုက်တာလုပ်တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ပြီးတော့ အဲ့ဒီစကားဝိုင်းက အမြဲတမ်းအတွက် အမှန်တရားပဲမဟုတ်ဘူးလား။ ရွှမ်းယွမ်ဝူဝေ့က မြောက်ဘက်ကနေ ဝင်ရောက်စီးနင်းလာတဲ့ ဒေသခံတွေနဲ့ ကုန်သွယ်မှုလုပ်ခဲ့တယ်။ ဒါကို မင်းငြင်းလို့မရဘူး။”
“ပထမဆုံး သူမှော်ဆရာကိုဖမ်းမိခဲ့တယ်ဆိုတာကို ဘယ်လိုသက်သေပြမှာလဲ။ မင်းကိုယ်တိုင်မြင်ခဲ့တာလား။ ဒုတိယအနေ အဲ့ဒီစကားဝိုင်းကရော အတုမဖြစ်နိုင်လား။ ဒါဆို ရွှမ်းယွမ်ဝူဝေ့က အဲ့ဒီဒေသခံတွေနဲ့ ကုန်သွယ်ခဲ့တယ်လို့ မဆိုနိုင်ဘူး။ အနည်းဆုံးပြောရရင် သူသည် ကုန်သွယ်ခဲ့တယ်ဆိုရင်တောင် ရွှမ်းယွမ်ဝူဝေ့က မသိတဲ့အတွက် အပြစ်မရှိတာက အမှန်တရားပဲ။။”
“အမှန်ပဲ ကုန်သွယ်ရေးခန်းမှာ ရောင်းဝယ်ဖောက်ကားမှုတွေ အများကြီးရှိတယ်။ လိုအပ်တာကို ပစ္စည်းတွေနဲ့လဲလှယ်တာက ပုံမှန်ပဲမဟုတ်ဘူးလား။ မင်းပြောတဲ့အတိုင်းဆိုရင် အရင်က နိုင်ငံခြားသားတွေနဲ့ ကုန်သွယ်ဖူးတာနဲ့တင် ရန်သူလို့မှတ်ယူရမှာလား။ ဒါဆိုရင် ယိရန်ပင်းက ရန်သူရဲ့အကြီးဆုံးရင်းနှီးမြုပ်နှံသူဖြစ်ပြီး သူ့ထက်ပိုပြီး နိုင်ငံခြားသားတွေနဲ့ စီးပွားရေးလုပ်တဲ့သူမရှိတော့ဘူး။”
“မင်းက ရှင်းရှင်းလင်းလင်းကို အယူလွဲနေပြီ။ နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေဆိုတာ လုံးဝကွဲပြားတဲ့လူတွေပဲ မင်းမသိပါရင် ဝင်မပြောနဲ့။ ယီရန်ပင်း ယီထျန်းဂရုထဲမှာ ထုတ်ပြန်တဲ့အရာတွေက အပြင်ထက် ပိုများတယ်။ နိုင်ငံခြားကို စီးဆင်းနေတဲ့လူတွေလက်ထဲမှာ နည်းနည်းပဲရှိတာကွ။!”
“ဟုတ်တယ် ဒေသခံတွေက ငါတို့ရဲ့ဘုံရန်သူတွေပဲ။ နိုင်ငံခြားသားတွေကလည်း ငါတို့နဲ့အတူ စည်းလုံးညီညွတ်နိုင်တယ်။”
“အဲ့လိုပြောတာက အဓိပ္ပါယ်မရှိဘူး။ ဒါဆို ရွှမ်းယွမ်ဝူဝေ့ကလည်း ဒေသခံတွေလက်ထဲကို နည်းနည်းပဲပေးခဲ့တာ။ အများစုက ငါတို့ ရှားလူမျိုးတွေထဲမှာပဲ ရောင်းဝယ်ဖောက်ကားခဲ့တယ်လို့ ပြောနိုင်တာပဲ။”
စကားပြောဂရုတစ်ခုချင်းစီတွင် အငြင်းပွားမှုများ ဖြစ်ပွားနေခဲ့သည်။
သို့သော် ထိုအချိန်တွင် ရှောင်းယီသည် လေမျိုးနွယ်စု၏ အလတ်စားရွက်သင်္ဘောသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။
“မှော်ဆရာ ဘယ်မှာလဲ။”
ရှောင်းယီသည် ဖုန့်ကို မောင်းသူခန်းထဲတွင် မတွေ့ရသောကြောင့် မေးလိုက်သည်။
“သေပြီ။”
ကျန်းယွင်ထျန်းက စိတ်မဝင်စားဟန်ဖြင့် ပခုံးတွန့်ပြပြီး ပြန်ဖြေလိုက်၏။
“ငါသူ့ကို အညံ့ခံဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် သူက အညံ့ဖို့ထက် ပိုပြီးသေချင်နေတယ်လေ။ အဲ့ဒါကြောင့် နာ့နားကို မကယ်ခိုင်းခဲ့ဘူး။”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက််သည်။
“သူတို့ရဲ့ ဦးတည်ချက်ကျောက်ကိုရော ရှာတွေ့ခဲ့လား။”
“တွေ့ခဲ့တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းဆီက ဦးတည်ချက်ကျောက်ကိုယူလိုက်၏။
“ငါတို့ သူတို့ရဲ့ကျွန်းကို ဆက်သွားရမယ်။ သူတို့ကျွန်းပေါ်က ဆာလဖာရိုင်းနဲ့ ယမ်းစိမ်းတွေက ယမ်းမှုန့်လုပ်ဖို့အတွက် ကုန်ကြမ်းတွေပဲ။”
ထိုအခါ ကျန်းယွင်ထျန်းက စဉ်းစားပြီး ပြောလိုက်သည်။
“ဖူရှီကို ဖြတ်သွားခိုင်းလိုက်လို့ရတယ်။”
“သူတို့ဒီကိုရောက်နေပြီ။ အဲ့တော့ သူတို့နဲ့အတူသွားပြီး ကြည့်ရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီသည် အလတ်စားရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံတစ်ခုအဖြစ် ယူဆောင်လိုက်၏။ ထို့နောက် အပျော်စီးရွက်သင်္ဘောကို အားသွင်းရန် ပြန်ပို့ပေးလိုက်ကာ ပိုလျှံနေသော လှေအားလုံးကိုလည်း ပြန်ပို့ပေးလိုက်ပြီး ဒေသခံအားလုံးကို ဖူရှီ၏ အကြီးစားရွက်လှေကြီးပေါ်တွင် စုရုံးစေခဲ့သည်။
ရှောင်းယီနှင့် အခြားသူများသည် ကုထောင်ချွေ့ရှန်း၏ကျွန်းပေါ်တွင်ပင် အလွယ်တကူ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။
အစည်းအဝေးမစမီ ကုထောင်ချွေ့ရှန်းသည် ရှောင်းယီနှင့် စာချုပ်ချုပ်ဆိုရာတွင် တက်ကြွစွာပါဝင်ခဲ့၏။ ရှောင်းယီသည် ကုထောင်ချွေ့ရှန်း၏ အမည်ရင်းမှာ စွန်းကုထောင်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။
“ဒီနေ့စပြီး မင်းရဲ့ကျွန်းက ငါတို့ ရှားနိုင်ငံရဲ့ မြောက်ဘက်ဂိတ်တံခါးဖြစ်လာလိမ့်မယ်။ ငါတို့ ဒါကို ကာကွယ်ထားရမယ်။”
ရှောင်းယီက စွန်းကုထောင်အား ကြည့်ကာ ပြောလိုက်သည်။
“သူဌေး ဒီအတွက်တော့ စိတ်မပူပါနဲ့။ ကျုပ်အသက်ရှင်နေသရွေ့ ဒီမှာရှိနေမယ်။”
စွန်းကုထောင်က ပြန်ဖြေ၏။
ရှောင်းယီက ခေါင်းညိတ်ကာ ဆက်ပြောသည်။
“မင်းကို ဒီကျွန်းကိုကူညီကာကွယ်ဖို့အတွက် ဒေသခံအယောက် ၂၀ ပါတဲ့အဖွဲ့တစ်ဖွဲ့ချန်ထားပေးခဲ့မယ်။ ဖူရှီ ဒီမှာနေခဲ့ဖို့ ဒေသခံအယောက် ၂၀ ကို စီစဉ်ပေးလိုက်ပါ။ ပြီးတော့ သူတို့ကိုပြောလိုက်။ ဒါကို လေ့ကျင့်ရေးဆင်းတယ်လို့ မှတ်ယူလိုက်။ အချိန်တစ်ခုကြာရင် တစ်စုံတစ်ယောက်က သူတို့နေရာမှာ အစားထိုးလိမ့်မယ်။”
“ဟုတ်ကဲ့။”
ဖူရှီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေ။”
စွန်းကုထောင်က ဝမ်းသာအားရ ပြောလိုက်သည်။
ဆက်သွယ်ပြောဆိုနိုင်သော ဒေသခံအယောက် ၂၀ ၏အကူအညီဖြင့်ဆိုလျှင် ဤကျွန်းကို ကျိန်းသေကာကွယ်နိုင်မည်ဖြစ်သည်။
ထို့နောက် ရှောင်းယီက သူ၏လက်ကို ဝှေ့ယမ်းကာ ဆက်ပြောလိုက်သည်။
“နောက်ထပ်ဘာမှမရှိတော့ဘူးဆိုရင် ငါတို့တိုက်ရိုက်ထွက်ခွာပြီး ပထမဆုံး ဖူရှီရဲ့ကျွန်းကို ပြန်သွားမယ်။ ပြီးရင် အဲဒီမှာစုဝေးမယ်။ ဖူရှီရဲ့ကျွန်းက ပစ္စည်းတွေစုဆောင်းပြီးရင် လေမျိုးနွယ်စုကျွန်းကို အုပ်စုလိုက်တည်နေရာကူးပြောင်းမယ်။ လေမျိုးနွယ်စုကျွန်းက သူတို့ရဲ့ထောက်ပံ့ရေးပစ္စည်းတွေစုဆောင်းပြီးရင် အတူတူပြန်ကြတယပေါ့။”
“ဟုတ်ကဲ့။”
လူတိုင်းက တစ်ညီတစ်ညာတည်း ပြန်ဖြေလိုက်ကြသည်။
ဤအချိန်တွင် ဟွားလန်သည် သူတို့နားသို့ရောက်လာပြီး ပြောလိုက်သည်။
“သူဌေး အဖွဲ့ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ တစ်ချက်လောက် သွားမကြည့်တော့ဘူးလား။”
ရှောင်းယီသည် တဒင်္ဂတုန်လှုပ်သွားကာ မေးလိုက်သည်။
“ဘာမှားနေလို့လဲ။”
“တစ်ချို့လူတွေက မြောက်ဘက်စစ်ပွဲကို မင်းက ဒါရိုက်တာလုပ်ထားတာဖြစ်ပြီး ဒေသခံဝင်ရောက်စီးနင်းမှုက လုံးဝမရှိဘူးလို့ပြောနေကြတယ်။”
ဟွားလန်က ပြန်ဖြေလိုက်၏။
“အဓိပ္ပာယ်မရှိတာ! ငါ့ကျွန်းက သိမ်းပိုက်ခံရလုနီးဖြစ်ခဲ့ရတယ်။ သူတို့က ထေ့လုံးငေါ့လုံးတွေနဲ့ မှတ်ချက်ပေးနေကြတယ်ပေါ့!”
စွန်းကုထောင်က အော်ဟစ်လိုက်၏။
“မဟုတ်ဘူး ငါဂရုထဲကိုသွားပြီး ရှင်းပြလိုက်မယ်။”
ထိုအခါ ရှောင်းယီ သူ့ကိုတားမြစ်ကာ ပြောလိုက်သည်။
“ရှင်းပြမနေနဲ့။ ရှုပ်ထွေးအောင်တမင်လုပ်သူတွေက ပြောစရာတစ်ခုခုတော့ ရှိနေမှာပဲ။ ပြောရမယ်ဆိုရင် မင်းက စကတည်းက ငါနဲ့အတူရှိနေတယ်တာပဲ။ သူတို့ကိုခဏလောက် ပွဲဆူခွင့်ပေးလိုက်ပါ။”
“ဘာလို့ သွားပြီးမရှင်းပြတာလဲ။”
ဟွားလံက လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“မဟုတ်ဘူး။ ငါတို့ရဲ့စစ်ရေးအောင်ပွဲပစ္စည်းတွေဖြစ်တဲ့ ဦးတည်ချက်ကျောက်နဲ့ သေနတ်ပုံစံကွက်ကိုပဲ ပို့ပေးလိုက်ပါ။ ဒါမှ သူတို့မယုံသေးဘူးဆိုရင် သူတို့ကိုသွားခွင့်ပေးလိုက်တော့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ဟွားလန်က ပြန်ဖြေပြီးနောက် ဤနေရာမှ ထွက်ခွာသွားခဲ့သည်။
ရှောင်းယီနှင့် အခြားသူများသည် ဖူရှီမောင်းနှင်လာသော အကြီးရွက်သင်္ဘောကြီးပေါ်တက်ကာ ဖူရှီ၏ကျွန်းသို့ ရွက်လွှင့်သွားခဲ့ကြသည်။
အဘယ်ကြောင့် အပျော်စီးသင်္ဘောကို မသုံးရသနည်းဆိုလျှင်မူ ဖူရှီ၏ကျွန်းသို့သွားနိုင်သည့် လမ်းကြောင်းမရှိသောကြောင့်ဖြစ်ပြီး အပျော်စီးရွက်သင်္ဘောဖြင့် ထွက်ခွာရန်မှာ အန္တရာယ်များလွန်းသောကြောင့်ဖြစ်သည်။
သူတို့ ဤနေရာသို့ရောက်ရှိလာရန်ပင် ဆယ်နာရီကျော်ကြာခဲ့ပြီးဖြစ်၏။ ပြန်သွားသည့်အခါ စွမ်းအားခန်းထဲရှိ လူများသည် ဆက်တိုက်လှုပ်ရှားနေပြီး ဤနေရာသို့ကိုလာခဲ့သည်အချိန်ကအရှိန်ထက်ပင် ပို၍မြန်နေခဲ့သည်။
ရှောင်းယီတို့အဖွဲ့သည် ဖူရှီ၏ကျွန်းသို့ရောက်ရှိရန် ခုနှစ်နာရီခန့်သာ ကြာမြင့်ခဲ့လေသည်။
အချိန်မှာ ညဉ့်နက်နေပြီဖြစ်ပြီး ဖူရှီ၏ကျွန်းပေါ်တွင် လေမျိုးနွယ်စုမှ အစောင့်တပ်သားအချို့ရှိနေသေးသည်။ ဖူရှီတို့သည် စစ်တပ်အလုံးအရင်းနှင့်အတူ ပြန်လည်တိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် ခုခံရန်ရည်ရွယ်ချက်မပြဘဲ ရိုးရိုးရှင်းရှင်းပင် အညံ့ခံခဲ့သည်။
“အခုက ညနက်နေပြီဆိုတော့ နားလိုက်ကြတာပေါ့။ မနက်ဖြန်မှ ပစ္စည်းစုဆောင်းဖို့ကို ဆွေးနွေးကြမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ဖူရှီက ပြန်ဖြေလိုက်၏။
ထို့နောက် ရှောင်းယီသည် ညစာစားရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချက်အလက်များကို ဖတ်ရှုနေလိုက်လေသည်။