← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၁ + ၃၂

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

“အခုမှပဲ လူငယ်ဧကရာဇ်ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်သွားတော့တယ်…”

လင်းချန် သန့်ရှင်းသပ်ရပ်သော အဝတ်အစားတစ်စုံအား ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်တွင်းရှိ ကောင်းကင်လမ်းကြောင်းထဲမှ အလွန်သစ်လွင်တောက်ပနေသော ဝတ်ရုံရှည်ကြီးတစ်ထည်အား ထုတ်ယူ၍ ခန့်ညားထည်ဝါစွာ လွှမ်းခြုံလိုက်သည်။

ယီအိမ်တော်၏ ကျယ်ဝန်းလှသော ကွင်းပြင်ကြီးတစ်ခုလုံးတွင်တော့ အရာအားလုံးသည် မူလအခြေအနေအတိုင်း ပြန်လည်သက်ဝင်လှုပ်ရှားလာကြပြီ ဖြစ်၏။

ပြိုင်ပွဲစင်မြင့်ထက်၌ အစီအစဉ်များ ကြေညာရန် ဟန်ပြင်နေသော ပိုင်ရန်သည် ဟထားသော ပါးစပ်အား ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။ ထို့နောက် သူက လက်ထဲရှိ ခေါက်ယပ်တောင်ကို အသာဖြန့်လိုက်ပြီး အဓိပ္ပာယ်ပါပါ အပြုံးတစ်ခုဖြင့် စင်မြင့်ပေါ်မှ ဆင်းသွားတော့၏။

နောက်တစ်ခဏ၌ပင် ဝတ်ရုံရှည်ကြီးကို ခန့်ညားစွာ လွှမ်းခြုံထားသည့် အလွန်ချောမောလှသော လူငယ်တစ်ယောက် ပိုင်ရန် ရပ်နေသည့် နေရာသို့ လေဟာပြင်ကိုခွဲကာ ရုတ်တရက် ရောက်ရှိလာသည်။ ထိုဝတ်ရုံကြီး၏ ကျောဘက်တွင်ကား စုတ်တံဖြင့် အသက်ဝင်စွာ ရေးဆွဲထားသကဲ့သို့ အလွန်ထင်ရှားလှသော ‘ဝမ်’ ဟူသည့် စာလုံးမည်းကြီးတစ်ခုက အထင်းသား နေရာယူထားလျက်ရှိ၏။

လင်းချန် အောက်ဘက်မှ သူ့အား အံ့ဩမှင်သက်စွာ ငေးကြည့်နေကြသော လူအုပ်ကြီးကို အေးစက်စူးရှသော အကြည့်များဖြင့် တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက အသာအယာ ကွေးတက်သွားတော့၏။

လူရွေးချယ်ပွဲကြီး တရားဝင် စတင်ပြီ ဖြစ်လေ၏။

လင်းချန်၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ နတ်ဓားဂိုဏ်း၏ လူရွေးချယ်ပွဲကြီးသည် အလွန်တရာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေသည်။ ပွဲစင်မြင့်၏ အလယ်ဗဟို အကျဆုံးဖြစ်သော ရှေ့ဆုံးတန်း၌မူ လင်းချန်သည် ယီမိသားစုခေါင်းဆောင် ယီနန်ရှင်းနှင့်အတူ ယှဉ်တွဲထိုင်နေ၏။

ယခုအချိန်၌ ယီမိသားစုဝင်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အတင့်ရဲကာ ပေါက်ကရစကား တစ်ခွန်းကိုပင် မဟရဲကြတော့ချေ။ အချို့ဆိုလျှင် လင်းချန်၏ စူးရှလှသော အကြည့်ကိုပင် ရင်ဆိုင်ရဲသည့် သတ္တိမျိုး လုံးဝမရှိကြပေ။

ညနေစောင်း၍ နေဝင်သွားချိန်တွင်တော့ လူရွေးချယ်ပွဲကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကာ ဘာရှန်းမြို့မှ အတော်ဆုံးနှင့် ပါရမီအရှိဆုံး လူငယ် စုစုပေါင်း အယောက် ၅၀ တိတိကို ရွေးချယ်နိုင်ခဲ့သည်။ ထိုလူငယ်များအားလုံးသည် လင်းချန်နှင့်အတူ နတ်ဓားဂိုဏ်းဆီသို့ လိုက်ပါသွားကြရမည်ပင် ဖြစ်သည်။

အမှန်တကယ်တော့ ဘာရှန်းမြို့မှတစ်ဆင့် နတ်ဓားဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရှိသူမှာ ၅၁ ယောက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လင်းချန် ယီလင်းအတွက် နေရာတစ်နေရာကို သီးသန့် ဖယ်ချန်ပေးထားမည်ဟု ကတိပေးခဲ့ဖူးသည် မဟုတ်ပါလော။

ထိုည၌ ဘာရှန်းမြို့ကြီး တစ်မြို့လုံး အထူးပင် စည်ကားသက်ဝင်နေခဲ့သည်။ နတ်ဓားဂိုဏ်းသို့ ဝင်ခွင့်နေရာရရှိသွားကြသော လူငယ်တို့၏ မိသားစုများသည် သူတို့၏ နေအိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အလွန်ကြီးကျယ်ခမ်းနားလှသော ဂုဏ်ပြုပွဲများကို ပျော်ရွှင်စွာ ကျင်းပကြတော့၏။

ယီမိသားစုသည်လည်း ထိုနည်းလည်းကောင်းပင်။ ယီနန်ရှင်းသည် ပျော်ရွှင်လွန်းသဖြင့် အရက်များကို တစ်ခွက်ပြီးတစ်ခွက် အဆက်မပြတ် သောက်သုံးနေရင်း လင်းချန်၏ အံ့မခန်း အောင်မြင်မှုကို အကြိမ်ကြိမ်အခါခါ ချီးကျူးပြောဆိုနေတော့သည်။

**--**--**--**--**--**--**--**

သုံးရက်ခန့် ကြာမြင့်ပြီးနောက်တွင်တော့ ဘာရှန်းမြို့တံခါးဝ၌ လူအများအပြား စုရုံးရောက်ရှိနေကြပြီး သူတို့၏ ချစ်လှစွာသော ရင်သွေးငယ်များ အဝေးသို့ ထွက်ခွာသွားတော့မည်ဖြစ်ရာ ခရီးစဉ်အတွက် လိုက်လံပို့ဆောင် နှုတ်ဆက်နေကြ၏။ မိဘများ၏ မျက်ဝန်းအိမ်၌လည်း ဝမ်းနည်းမှုနှင့် ဂုဏ်ယူမှုတို့ ရောယှက်နေသော မျက်ရည်များက ဝဲခိုနေကြသည်။

ယီနန်ရှင်းက အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားကြသော လူငယ်များအား ငေးကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“လင်းချန်… မင်းတစ်နေ့ကျရင် အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ကျိန်းသေပေါက် ဖြစ်လာမယ်ဆိုတာ ဦးလေးယုံကြည်တယ်…”

မြို့စားမင်း ပိုင်ဇန်သည်လည်း အဝေးသို့ ငေးကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ခုကိုချရင်း ခပ်တိုးတိုး ဆိုလိုက်၏။

“ငါ့သားပြောတဲ့ ကျေးဇူးရှင်က လင်းချန်ဖြစ်နေမယ်လို့… ဘယ်သူကများ ထင်ထားမိမှာလဲ…”

“မနေ့ကမှ အမှိုက်လို့ လူတိုင်းက သတ်မှတ်ထားတဲ့သူက… ဒီနေ့တော့ နတ်ဓားဂိုဏ်းရဲ့ အလွန်ကျော်ကြားလှတဲ့ လူငယ်ဧကရာဇ်ကြီး ဖြစ်လာမယ်လို့… ဘယ်သူကများ ထင်ထားမိမှာလဲဗျာ…”

ယီနန်ရှင်းက အဝေးမှ တောက်ပနေသော နေမင်းကြီးအား မျက်လုံးအသာမှေးစင်းကြည့်လိုက်ရင်း ပြန်လည်တုံ့ပြန်လိုက်သည်။

“ဟားဟား… ဒီလောကကြီးမှာ ခန့်မှန်းရအခက်ဆုံးအရာက လူငယ်တွေပဲဗျ…။ သူတို့က အမြဲတမ်း အံ့ဖွယ်တွေကို ဖန်တီးတတ်ကြတယ်လေ…”

**--**--**--**--**--**--**--**

ကျယ်ဝန်းလှသော အဝေးပြေးလမ်းမကြီးပေါ်၌ လင်းချန် မြင်းနက်ကြီးတစ်ကောင်ကို ခန့်ညားစွာ စီးနင်းလျက် ဘာရှန်းမြို့မှ လူငယ် ၅၁ ဦးအား ဦးဆောင်လာ၏။

ထိုလူငယ်များ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ကျောက်ချောင်နှင့် ကျောက်ကျန့် ညီအစ်ကိုနှစ်ယောက်က လုံခြုံရေးအပြည့်ဖြင့် ခြံရံထားကြပြီး ပိုင်ရန်ကမူ အနောက်ဆုံးမှနေ၍ လိုက်ပါလာလျက်ရှိသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ခရီးစဉ်တစ်လျှောက် မည်သူတစ်ဦးတစ်ယောက်မျှ လမ်းတွင် ကျန်ရစ်မနေစေရန် သေချာစွာ စောင့်ကြပ်ပေးရန်ပင် ဖြစ်၏။

ညအမှောင်ထု ကြီးစိုးလာချိန်တွင်မူ သူတို့သည် ကျေးရွာများနှင့် တည်းခိုခန်းများ လုံးဝမရှိသော တောလမ်းတစ်နေရာသို့ ရောက်ရှိနေရာ လင်းချန် လူငယ်များနှင့်အတူ လမ်းဘေး ဟင်းလင်းပြင်၌ပင် ယာယီစခန်းချလိုက်ရတော့သည်။

ရိက္ခာခြောက်များအား စားသောက်ပြီးနောက် အချင်းချင်း စကားစမြည်ပြောဆိုကာ အနားယူနေကြသော လူငယ်များကို လင်းချန် ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

“ဒီကိုလာ တင်ပျဉ်ခွေထိုင်ကြစမ်း…”

လင်းချန်၏ အမိန့်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူငယ်များအားလုံး အပြေးအလွှား ရောက်လာကြကာ သူ၏ရှေ့တွင် သပ်ရပ်စွာ နေရာယူလျက် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ ပိုင်ရန်နှင့် ကျောက်ညီအစ်ကိုနှစ်ယောက်သည်လည်း ရောက်ရှိလာကြပြီး လူငယ်များကြားတွင် ဝင်ရောက် နေရာယူလိုက်ကြသည်။

လူအုပ်၏ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ယီလင်းက အားလုံး ထိုင်ပြီးသွားသည်နှင့် တစ်ပြိုင်နက် အနည်းငယ် စိတ်မရှည်တော့သည့်ဟန်ဖြင့် လှမ်းမေးသည်။

“ခဲအို… ဘာကိစ္စရှိလို့လဲ…”

လင်းချန် လူတိုင်းအား ဝေ့ဝဲကြည့်ကာ အပြုံးဖြင့် ရှင်းပြလိုက်သည်။

“အရေးကြီးတဲ့ ကိစ္စရှိလို့ပေါ့…”

“လူရွေးချယ်ပွဲကို အောင်မြင်ပြီးပြီဆိုတော့… မင်းတို့အားလုံးက နတ်ဓားဂိုဏ်းရဲ့ တရားဝင်အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ…”

“စစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့… ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ… ငါက မင်းတို့ကို နတ်ဓားဂိုဏ်းရဲ့ အခြေခံကျင့်စဉ်ဖြစ်တဲ့ နတ်ဓားလေဓာတ်ကျင့်စဉ်ကို သင်ပေးရလိမ့်မယ်…။ ဒါက အခြေခံကျင့်စဉ်တစ်ခုဆိုပေမဲ့လည်း မင်းတို့လက်ရှိ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေထက်တော့ အများကြီးကို ပိုကောင်းတယ်…”

“မင်းတို့တွေ နေယွမ်နယ်ပယ်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီဆိုရင်တော့ စစ်ဆေးမှုတစ်ခုကို ဖြေဆိုပြီး အပြင်စည်းတပည့် ဖြစ်လာနိုင်သလို… ပိုကောင်းတဲ့ ကျင့်စဉ်တွေကိုလည်း ရွေးချယ်ခွင့် ရကြလိမ့်မယ်…”

လင်းချန်က သူတို့ကို နတ်ဓားဂိုဏ်း၏ ကျင့်စဉ်အား သင်ကြားပေးတော့မည်ဟု ကြားလိုက်ရသောအခါ လူငယ်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့၏။ မောက်မာလှပါသည်ဆိုသော ယီလုံနှင့် ယီဖုန်းတို့ပင်လျှင် သူတို့၏ ရင်တွင်းမှ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများ အရောင်လက်လာကြသည်။

လူငယ်များအားလုံးကို စနစ်တကျ နေရာချထားပေးပြီးနောက် လင်းချန် နတ်ဓားလေဓာတ် ကျင့်စဉ်ကို အလွန်စေ့စပ်သေချာစွာ သင်ကြားပို့ချပေးလိုက်သည်။ ကျင့်စဉ်၏ အနှစ်သာရများကို အလွတ်မှတ်မိသွားကြသည်နှင့် တစ်ပြိုင်နက် ထိုလူငယ်များသည် ချက်ချင်းပင် မျက်လုံးများကိုမှိတ်ကာ အာရုံစူးစိုက်လျက် စတင်ကျင့်ကြံကြတော့၏။

တစ်ချိန်တည်းတွင် လင်းချန် ၊ ပိုင်ရန်နှင့် ကျောက်ညီအစ်ကို နှစ်ယောက်တို့သည် ကျင့်ကြံနေကြသော လူငယ်များအား အနီးကပ် စောင့်ကြည့်ပေးနေကြပြီး ကျင့်စဉ်လမ်းကြောင်း လွဲမှားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်း ဝင်ရောက်တည့်မတ်ပေးရန် အသင့်အနေအထားဖြင့် ရှိနေကြသည်။

“ဟမ်…”

ရုတ်တရက်ဆိုသလိုပင် ယီလုံ၏ တစ်ကိုယ်လုံး နီရဲလာပြီး အသက်ရှူနှုန်းများ အလွန်အမင်း မြန်ဆန်လာသည်ကို လင်းချန် သတိထားမိလိုက်၏။

ချက်ချင်းပင် ယီလုံ၏ အနီးသို့ အလျင်အမြန် ပြေးသွားလိုက်ပြီး ကျောပြင်ကို လက်ဖြင့် သုံးချက်ခန့် ခပ်ဆတ်ဆတ် ပုတ်လိုက်ကာ သတိပေးလိုက်၏။

“စိတ်ကို ငြိမ်ငြိမ်ထားစမ်း…။ စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှုကို ၃၀ ရာခိုင်နှုန်းလောက် ချက်ချင်း လျှော့ချလိုက်…။ စိတ်မလောနဲ့…”

လင်းချန် ညွှန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ယီလုံသည် တွေဝေခြင်းမရှိဘဲ ချက်ချင်း လိုက်နာဆောင်ရွက်လိုက်သည်။ လင်းချန် ပုတ်လိုက်သော လက်ချောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် အေးမြသော စိတ်ဝိညာဉ်စွမ်းအားများက ယီလုံ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို ချက်ချင်းပင် တည်ငြိမ်သွားစေတော့၏။

ခဏအကြာ၌ ယီလုံ သူ၏ ကျင့်ကြံခြင်းကို ဖြည်းညင်းစွာ အဆုံးသတ်လိုက်ကာ မျက်လုံးများအား ဖွင့်လိုက်၏။ ထို့နောက် သူက လင်းချန်အား ကျေးဇူးတင်စိတ်နှင့် အပြစ်ရှိသလို ခံစားရသည့်စိတ်တို့ ရောယှက်နေသော ရှုပ်ထွေးလှသည့် မျက်လုံးများဖြင့် မော့ကြည့်ကာ တောင်းပန်စကား ဆိုလိုက်သည်။

“လင်းချန်… အရင်တုန်းက… ကျွန်တော်…”

မှန်၏။ ယီလုံသည် ကနဦးက လင်းချန်အား အလွန်အမင်း အထင်သေးခဲ့ဖူးသည်။ သို့သော် လင်းချန်၏ ကြောက်မက်ဖွယ်ကောင်းလှသော အစစ်အမှန်စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ သိရှိလိုက်ရပြီးနောက်တွင်မူ သူတို့နှစ်ယောက်ကြားမှ ကြီးမားလွန်းလှသော ကွာဟချက်ကြီးကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားရပြီး မနာလိုဝန်တိုစိတ်များပင် လုံးဝ ပျောက်ဆုံးသွားရပြီ ဖြစ်တော့၏။

ယခင်က သူ ရိုင်းစိုင်းစွာ ပြောဆိုမိသည့် စကားများကို ပြန်လည်တွေးမိလိုက်တိုင်း ယီလုံတစ်ယောက် အလွန်အမင်း ရှက်ရွံ့နေမိတော့သည်။

“မင်းကလည်း ယီမိသားစုဝင်တစ်ယောက်ပဲလေ…။ အပြင်လောကကြီးက ဘာရှန်းမြို့လေးနဲ့ လုံးဝ မတူဘူး…။ မင်းကိုယ်ပိုင် နာမည်တစ်ခုရလာအောင် သေချာ ကြိုးစားရမယ်…”

ထိုသို့ အားပေးစကားဆိုပြီးသည်နှင့် လင်းချန် မတ်တပ်ရပ်လိုက်ကာ အခြားသူများ၏ ကျင့်ကြံမှုအား ဆက်လက်၍ ဂရုတစိုက် စောင့်ကြည့်နေလိုက်၏။

ယီမိသားစုဝင်များ ၊ အထူးသဖြင့် ယီလုံနှင့် ယီဖုန်းတို့ ပြောဆိုဖူးသော ရိုင်းစိုင်းသည့် စကားများကို လင်းချန်အနေဖြင့် ရင်ထဲ၌ အငြိုးအတေး ထားနေရန် စိတ်မပါချေ။ ယီနန်ရှင်းနှင့် ယီစင်းတို့ကို ထောက်ထားသောအားဖြင့်လည်း ထိုကိစ္စသေးသေးမွှားမွှားလေးများကို သူ၏ ခေါင်းထဲ၌ မထည့်ထားလိုတော့ပေ။

ယီလုံကမူ လင်းချန်၏ ခန့်ညားလှသော ကျောပြင်ကို ငေးကြည့်နေရင်း သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်၏။

လူငယ်အားလုံး ကျင့်ကြံခြင်းအား အောင်မြင်စွာ ပြီးမြောက်သွားကြသောအခါ အလွန်ဝမ်းမြောက်ပျော်ရွှင်နေသော မျက်နှာထားများဖြင့် သူတို့၏ မျက်လုံးများကို ဖွင့်လာကြလေသည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့နံနက် မိုးလင်းသည်နှင့် တစ်ပြိုင်နက် လင်းချန် လူငယ်များအား ဦးဆောင်ကာ နတ်ဓားဂိုဏ်းဆီသို့ ဆက်လက်၍ ခရီးဆက်လိုက်၏။

လဝက်ခန့် အချိန်ကြာမြင့်ပြီးနောက်တွင်တော့ သူတို့အားလုံးသည် နတ်ဓားဂိုဏ်း၏ ခမ်းနားလှသော တံခါးဝကြီးရှေ့သို့ အောင်မြင်စွာ ရောက်ရှိလာကြသည်။

“ဝိုး…”

ဘာရှန်းမြို့မှ လာကြသော လူငယ်များအားလုံး နတ်ဓားဂိုဏ်း၏ တောင်တံခါးဝရှေ့တွင် မတ်တပ်ရပ်လျက် ဂိုဏ်းအတွင်းမှ လှပဆန်းကြယ်လှသည့် ရှုခင်းများကို လှမ်းမျှော်ကြည့်ကာ အလွန်အမင်း အံ့ဩမှင်သက်နေကြမိသည်။

ကြီးကျယ်ခမ်းနားလှသော တောင်တန်းကြီးများသည် အဆုံးအစမရှိ ရှည်လျားတန်းစီနေလျက်ရှိပြီး ဆန်းကြယ်သော မြူခိုးမြူငွေ့များဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်။

အဝေးတစ်နေရာရှိ တောင်ထိပ်ပေါ်၌ ကြီးမားလှသော အဆောက်အအုံကြီးများကို ဝိုးတဝါး လှမ်းမြင်နေရပြီး တောင်နှစ်လုံးကြား၌လည်း ဧရာမတံတားကြီးတစ်စင်းက ဆက်သွယ်ထားသေးသည်။ အနီးအနားတွင်မူ တောင်ပေါ်သို့ တက်ရောက်ရမည့် ကျယ်ပြန့်လှသော ကျောက်ဖြူလှေကားရှည်ကြီးများသည် ဖြူလွှလွှ မြူခိုးများကြားသို့ နက်ရှိုင်းစွာ တိုးဝင်ပျောက်ကွယ်သွားလျက် ရှိနေ၏။

ထိုစဉ် လင်းချန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ လက်တစ်ဖက်အား ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

သူ ထိုသို့ လက်ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် တောင်တံခါးဝရှေ့၌ ဖောက်ထွင်းမြင်နိုင်သော ဧရာမ အလင်းအတားအဆီးကြီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။ သို့သော် လင်းချန်၏ လက်က ထိုအတားအဆီးပေါ်သို့ အသာအယာ တင်လိုက်သောအခါ ရေပြင်ကဲ့သို့ လှိုင်းဂယက်များ ထပ်ခါတလဲလဲ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင်တော့ ကြီးမားသော ဝင်ပေါက်ကြီးတစ်ခုက အလိုအလျောက် ပွင့်လာသည်။

“ဝင်တော့…”

လင်းချန် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူငယ်များအားလုံး ထိုဝင်ပေါက်ကြီးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြ၏။ အားလုံး အောင်မြင်စွာ ဝင်ရောက်သွားပြီးနောက်တွင်မှ လင်းချန် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး သူကိုယ်တိုင်လည်း အပေါက်ထဲသို့ ဝင်ရောက်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် တောင်ပေါ်သို့ တက်သည့် လှေကားရှည်ကြီးထက်မှနေ၍ နတ်ဓားဂိုဏ်းသားတစ်ဦးက အံ့မခန်း အရှိန်အဟုန်ဖြင့် ထိုးဆင်းလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဂိုဏ်းသားသည် လင်းချန်၏ ရှေ့မှောက်သို့ လျှပ်စီးတစ်ခုအလား ရောက်ရှိလာသည်။

ယီလင်းနှင့် အခြားသော လူငယ်များအားလုံးသည် ထိုနတ်ဓားဂိုဏ်းသား၏ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် အလွန်အမင်း လန့်ဖျပ်သွားကြ၏။ ထိုလူဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လယွမ်နယ်ပယ်အဆင့်သာ ရှိသေးသော်ငြား သူ၏ အမြန်နှုန်းမှာမူ သူတို့အထဲတွင် အသန်မာဆုံးဖြစ်သည့် ယီလုံထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။ နယ်ပယ်အဆင့် တူညီနေပါလျက်နှင့် နတ်ဓားဂိုဏ်းသားများက အဘယ်ကြောင့်များ ဤမျှလောက်အထိ ကွာခြားနေရသနည်း။

“စီနီယာအစ်ကိုလင်း… ပြန်ရောက်လာပြီပဲ…”

အောက်သို့ ဆင်းသက်လာသော ထိုဂိုဏ်းသားသည် လင်းချန်ကို မြင်သည်နှင့် တစ်ပြိုင်နက် အလွန်အမင်း စိုးရိမ်တကြီးဖြင့် အော်ဟစ်သတင်းပို့လိုက်၏။

“အစ်ကိုလင်းရဲ့ဆရာ… နေမကောင်း ဖြစ်နေတယ်…”

“ဘာ…”

လင်းချန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ချက်ချင်း ဖုံးလွှမ်းသွားရပြီး ပိုင်ရန်ဘက်သို့ အမြန်လှည့်ကာ မှာကြားလိုက်သည်။

“သူတို့ကို မင်းပဲ တာဝန်ယူပြီးတော့… ဂိုဏ်းသားသစ်မှတ်ပုံတင်ဌာနကို သေချာ ခေါ်သွားပေးလိုက်ပါ…”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန် အံ့ဖွယ်ကောင်းလှသော အမြန်နှုန်းဖြင့် ဂိုဏ်း၏ အတွင်းဘက်သို့ လျှပ်တစ်ပြက် ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး၏ မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားတော့၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၁ + ၃၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

All Chapters