← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၃ + ၃၄

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန် အလွန်အမင်း မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ပြေးလွှားသွားရာ သူ၏ ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ ပေါက်ကွဲထွက်မတတ် ဖြစ်သွားပြီး လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင် ဖြစ်သွား၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းချန်သည် တောင်ပေါ်သို့ တက်ရသော ကျောက်လှေကားထစ်ရှည်ကြီးများကို ဖြတ်ကျော်သွားတော့သည်။

ထိုလှေကားထစ်ရှည်ကြီးများအတိုင်း ဆက်လက်တက်သွားပါက နတ်ဓားဂိုဏ်း၏ အတွင်းပိုင်း ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်ပြီး မရေမတွက်နိုင်သော တံတားများဖြင့် ချိတ်ဆက်ထားသည့် တောင်တန်းကြီးများကိုပါ တွေ့မြင်ရမည်ပင် ဖြစ်၏။

ဤတံတားများပေါ်၌ သွားလာရသည်ကို အလွန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော လင်းချန်သည် တောင်ထွတ်တစ်ခုပြီးတစ်ခုအား ဖြတ်ကျော်သွားကာ နောက်ဆုံးတွင်မူ အဆောက်အအုံ အနည်းငယ်သာရှိသော တောင်ထွတ်တစ်ခုသို့ ဆိုက်ရောက်ခဲ့သည်။

မော်ချင်းတောင်...။ ဤတောင်ထွတ်ကား လင်းချန်နှင့် သူ၏ ဆရာသခင်တို့ နှစ်ဦးတည်းသာ နေထိုင်ရာ တောင်ထွတ် ဖြစ်လေ၏။ တောင်ထိပ်ပေါ်တွင် ကျယ်ဝန်းသော အိမ်တော်ကြီးတစ်လုံးက ခန့်ညားစွာ နေရာယူထားသည်။

လင်းချန် အိမ်တော်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားပြီး နောက်ဘက်ရှိ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။ တံခါးပွင့်သွားသည်နှင့် အခန်းထဲရှိ လူနှစ်ယောက်သည် သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။

လင်းချန် ကုတင်ဘေးသို့ အလျင်အမြန် တိုးကပ်သွားလိုက်၏။ ကုတင်ပေါ်တွင် ထိုင်နေသူမှာ ဖြူရော်နေသော မျက်နှာဖြင့် ငွေရောင်ဆံပင်များရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင် ဖြစ်သည်။

“ဆရာ... အခြေအနေ ဘယ်လိုနေသေးလဲ...”

လင်းချန် ကုတင်ဘေးတွင် ဒူးထောက်ချလိုက်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားက လင်းချန်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို ကြည့်လိုက်ပြီး ပခုံးအား လှမ်းပုတ်ကာ ပြောလိုက်သည်။

“ဒီအဆိပ်က အရိုးတွေထဲ ၊ အဆုတ်တွေထဲအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီကွ...။ မင်း အောင်မြင်လာမယ့် နေ့ကို ငါ မမြင်ရတော့မှာပဲ စိုးရိမ်မိတော့တယ်...”

ငွေရောင်ဆံပင်နှင့် အမျိုးသား၏ လေသံမှာ အေးဆေးတည်ငြိမ်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုက ခိုတွဲနေဆဲ ဖြစ်ကာ သူသေဆုံးရတော့မည့် ကံကြမ္မာကိုပင် ဂရုမစိုက်သကဲ့သို့ ရှိနေ၏။

ကုတင်ပေါ်ရှိ ထိုအမျိုးသားမှာ လင်းချန်၏ ဆရာသခင်ဖြစ်သူ ၊ နတ်ဓားဂိုဏ်း၏ စစ်ဧကရာဇ်ဝေဝူရွှမ်ပင် ဖြစ်သည်။

သူသည် တစ်ချိန်က နတ်ဓားဂိုဏ်း၏ အမြွှာကြယ်ပွင့်များအဖြစ် ကျော်ကြားခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးပင် ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်တွင် ကမ်းရိုးတန်းပြည်နယ်မှ ထွက်ခွာသွားခဲ့ပြီးနောက် အနှစ် ၃၀ အကြာတွင်မှ ပြန်လည်ရောက်ရှိလာကာ ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး၌ ရှုံးပွဲမရှိ စိုးမိုးနိုင်ခဲ့သူပင် ဖြစ်၏။

သို့သော် နှစ်နှစ်ခန့်အကြာတွင် ဝေဝူရွှမ်သည် နတ်ဓားဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။

၅ နှစ်တိတိ ကြာမြင့်ပြီးနောက် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ လင်းချန်နှင့်အတူ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ပြင်ပလူများ လုံးဝမသိကြသောအချက်မှာ တစ်ချိန်က အလွန်နာမည်ကြီးခဲ့သော စစ်ဧကရာဇ်ဝေဝူရွှမ်သည် ယခုအခါ သေမင်းတံခါးဝသို့ ရောက်ရှိနေပြီ ဟူသောအချက်ပင် ဖြစ်သည်။

“ညီလေး... ဒီနေ့ကစပြီး လင်းချန်ကို မင်းလက်ထဲပဲ အပ်လိုက်တော့မယ်...”

ကုတင်ပေါ်တွင် ထိုင်နေသော ဝေဝူရွှမ်က သူ၏ဘေးနားရှိ လူအား လှမ်းပြောလိုက်၏။

ရိုးရှင်းသော ဝတ်ရုံဖြူအား ဝတ်ဆင်ထားပြီး နှုတ်ခမ်းမွေးရေးရေးနှင့် စူးရှထက်မြက်ကာ အာဏာပါသော မျက်လုံးများရှိသည့် ထိုလူသည် ဝေဝူရွှမ်ကို အလွန် လေးစားသော အကြည့်ဖြင့် ကြည့်နေလျက်ရှိသည်။

ချင်ဝူရွှမ်... ထိုသူကား ယခင် နတ်ဓားဂိုဏ်း၏ အမြွှာကြယ်ပွင့်များထဲမှ အခြားတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိ နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ ဝေဝူရွှမ်၏ ဂျူနီယာညီလေးပင် ဖြစ်၏။

သူတို့နှစ်ဦးကြားတွင် အလွန်နက်ရှိုင်းသော သံယောဇဉ် ရှိကြသည်။ ချင်ဝူရွှမ်သည် ဝေဝူရွှမ်၏ အသက်အား ဆွဲဆန့်ထားနိုင်ရန်အတွက် နေ့စဉ် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအခြေခံများကိုပင် အသုံးပြုကာ သိုင်းဝိညာဉ်စွမ်းအားများ လွှဲပြောင်းပေးနေသေး၏။

“အစ်ကိုကြီး... ကျွန်တော်တို့ ညီအစ်ကို သစ္စာဆိုခဲ့ကြတာလေ...။ အစ်ကို့ကို ဒီတိုင်းကြီး အသေမခံနိုင်ပါဘူး...”

ချင်ဝူရွှမ်က မျက်မှောင်ကြုတ်လျက် ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။

“ဟူး... ခေါင်းမာလိုက်တဲ့ကောင်...”

ဝေဝူရွှမ်သည် သူ၏ ဂျူနီယာညီလေး၏ စိတ်နေသဘောထားကို ကောင်းကောင်းသိသဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်တော့၏။

“ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်း ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီး ရှိသေးတယ်...။ မင်း သွားသင့်ပြီ...။ လင်းချန် ငါ့ကို ပြုစုဖို့ ရှိနေတာပဲ...။ ဘာမှ စိတ်မပူပါနဲ့...”

သူ၏ အစ်ကိုကြီးက ခက်ထန်စွာ စိုက်ကြည့်လာသောကြောင့် ချင်ဝူရွှမ်မှာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

မထွက်ခွာမီ လင်းချန်၏ ပခုံးအား ပုတ်လိုက်ပြီး ပြောလိုက်သေး၏။

“မင်းရဲ့ ဆရာကို ကောင်းကောင်း ဂရုစိုက်နော်...”

ချင်ဝူရွှမ် ထွက်ခွာသွားပြီးနောက် ဝေဝူရွှမ် လင်းချန်အား ပြုံးရင်း ကြည့်လိုက်သည်။

“ငါတို့ အကျဉ်းထောင်ကျွန်းမှာ တွေ့ခဲ့ကြတာ အခုဆို ၄ နှစ်တောင် ရှိသွားပြီနော်...”

လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ် နားထောင်နေပြီး ဝေဝူရွှမ်၏ လက်အား ကိုင်ကာ သူ၏ သိုင်းဝိညာဉ်စွမ်းအားများကို ညင်သာစွာ စီးဆင်းဝင်ရောက်စေလိုက်၏။

သူ့တပည့်၏ လုပ်ရပ်အား ဝေဝူရွှမ်း ခါးသက်သက် ပြုံးကြည့်နေရုံသာ တတ်နိုင်ပြီး မတားဆီးခဲ့ချေ။

“ငါက အဆိပ်မိပြီး သိုင်းဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးသွားတယ်...။ ပြီးတော့ ချောက်ချခံရပြီး ထောင်ကျခဲ့တယ်...။ မင်းလည်း မြို့ပြင်ထွက်ရင်း လူမှားပြီး ချောက်ချခံခဲ့ရတာပဲ...။ ငါတို့က တကယ့်ကို ရေစက်ပါပဲကွာ...”

ဝေဝူရွှမ် ပြောသော လူမှားခြင်းနှင့် ချောက်ချခံရခြင်းဆိုသည်မှာ ထိုစဉ်က လင်းချန် ပျောက်ဆုံးသွားခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

**--**--**--**--**--**--**--**

ဘာရှန်းမြို့၏ မြောက်ဘက်တွင် နတ်ဓားဂိုဏ်း၏ စီမံအုပ်ချုပ်မှုအောက်၌ ရှိသော ဧရာမ မြို့ကြီးတစ်မြို့ ရှိ၏။

ထိုမြို့ရှိ မိသားစုတစ်ခုမှ သခင်လေးတစ်ဦးသည် မြို့တော်၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။

လင်းချန် ထိုမြို့သို့ အနားယူလည်ပတ်ရန် ရောက်ရှိနေစဉ် ထိုသခင်လေးနှင့် ရုပ်ချင်းဆင်တူနေသဖြင့် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ကျွန်း၌ အကျဉ်းချခံခဲ့ရခြင်းပင် ဖြစ်သည်။

ထိုကျွန်းသည် လူသူကင်းဝေးသော ကျွန်းတစ်ကျွန်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်သားများစွာကို အကျဉ်းချထားသည့် နေရာဖြစ်၏။

ကျွန်းပေါ်၌ မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိဘဲ အစောင့်များအနေဖြင့် အကျဉ်းသားများ မလွတ်မြောက်သွားစေရန်သာ သေချာအောင် စောင့်ကြပ်ရ၏။

အကျဉ်းထောင်ကျွန်းတွင် အစားအစာ အလွန်ရှားပါးလှရာ ရက်စက်ကြမ်းကြုတ်သော အကျဉ်းသားအများအပြားသည် လူသားအချင်းချင်း ပြန်လည်စားသောက်သည်အထိပင် ဆိုးရွားတတ်ကြသည်။

လင်းချန်ကဲ့သို့ နူးညံ့သော အသားအရေရှိသည့် ၁၂ နှစ်သား အရွယ် ကောင်လေးတစ်ယောက်သည် ထိုရက်စက်ကြမ်းကြုတ်လှသော အကျဉ်းသားများအတွက်တော့ အရသာရှိသော ဟင်းပွဲသဖွယ် ဖြစ်နေတော့၏။

ထိုအချိန်၌ အကျဉ်းချခံထားရသော ဝေဝူရွှမ်က သူ့အား ကယ်တင်ပေးခဲ့ခြင်းပင် ဖြစ်သည်။

အဆိပ်ကြောင့် ဝေဝူရွှမ်သည် သိုင်းဝိညာဉ်စွမ်းအားများကို အသုံးမပြုနိုင်တော့ချေ။ သို့သော် စစ်ဧကရာဇ်တစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသက်သက်ဖြင့်ပင် ကျွန်းအား စောင့်ကြပ်နေသော အစောင့်များသည် သူ့ကို မယှဉ်နိုင်ကြပေ။ ထို့အပြင် အကျဉ်းသားများကလည်း သူ့အား အလွန်ကြောက်ရွံ့ကြ၏။

နောက်ပိုင်းတွင်မူ လင်းချန်သည် ဟွာရှာအင်ပါယာနှင့် ဆက်သွယ်ထားသော ကောင်းကင်လမ်းကြောင်းနှင့် ပြန်လည်ချိတ်ဆက်မိသွားပြီး ကျင့်ကြံခြင်းကို စတင်နိုင်ခဲ့သည်။ ထို့နောက် ကုသရေးဆေးရည်များကို ဖော်စပ်ရရှိခဲ့သဖြင့် ဝေဝူရွှမ်အား လွန်ခဲ့သော တစ်နှစ်ကျော်က အကျဉ်းထောင်ကျွန်းမှ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

ပြန်လည်မွေးဖွားလာသော လင်းချန်ထံ၌ သူ့အား ကာကွယ်ပေးမည့် မိဘများ ၊ သူ့အား ချစ်ခင်သော ယောက္ခထီးလောင်းနှင့် ငယ်ချစ်ဦး စေ့စပ်ထားသူတို့ ရှိသည်။

အကျဉ်းထောင်ကျွန်း ဖြစ်ရပ် မတိုင်မီအထိ သူ၏ဘဝသည် အမြဲတမ်း လှပနေခဲ့၏။

သို့သော် ထိုဖြစ်ရပ်တွင် သူသည် လူမှားအဖမ်းခံရပြီး ထောင်ကျခဲ့ရကာ အကျဉ်းသားများ လူသားအချင်းချင်း စားသောက်ကြသည်ကိုပါ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရ၏။

ထို့ကြောင့် လင်းချန် ဤကမ္ဘာ၌ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရန်အတွက် စွမ်းအားရှိမှသာ ဖြစ်မည်ကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့တော့သည်။

သူ၏ ဆရာသခင်ဝေဝူရွှမ်သည် ကမ်းရိုးတန်းပြည်နယ်မှ ထွက်ခွာသွားပြီး ပိုမိုကျယ်ပြန့်သော ပြင်ပကမ္ဘာကြီး၌ လှည့်လည်သွားလာခဲ့ကြောင်းကိုလည်း သူ သိရှိခဲ့ရသည်။

သို့သော် သေစေလောက်သော အဆိပ်မိသွားသောကြောင့် အိမ်ပြန်လာခဲ့ရပြီး လမ်းခုလပ်တွင် မထင်မှတ်ဘဲ အကျဉ်းထောင်ကျွန်းသို့ ရောက်ရှိသွားခဲ့ရခြင်းပင် ဖြစ်၏။

**--**--**--**--**--**--**--**

လင်းချန်၏ ကုသရေးဆေးရည်များနှင့် သူ၏ ဂျူနီယာညီလေး ချင်ဝူရွှမ်၏ သိုင်းဝိညာဉ်စွမ်းအားများ ပေါင်းစပ်ပံ့ပိုးမှုကြောင့် ဝေဝူရွှမ်သည် နောက်ထပ် တစ်နှစ်ခန့် အသက်ဆက်နိုင်ခဲ့သည်။ ယခုမူကား သူ ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

“မင်းလို တပည့်မျိုးကို မသေခင် ရလိုက်တဲ့အတွက် ငါ နောင်တမရဘဲ သေပျော်ပါပြီ...”

ဝေဝူရွှမ် တိတ်ဆိတ်နေသော လင်းချန်အား ကြည့်ကာ နှစ်သိမ့်စကား ဆိုလိုက်၏။

“ဒါက ငါ့ကံတရားပါပဲကွာ...။ ဝမ်းမနည်းပါနဲ့...”

လင်းချန်ကမူ ခေါင်းငုံ့ထားရာမှ ဖြည်းညင်းစွာ မော့ကြည့်လာသည်။ ဝေဝူရွှမ် အံ့ဩသွားရသည်မှာ လင်းချန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင် လုံးဝ မရှိနေခြင်းပင် ဖြစ်၏။

ဝေဝူရွှမ်သည် သူ၏တပည့်အား ကောင်းကောင်း သိသည်။ သူသည် သံယောဇဉ်ကို အလွန်တန်ဖိုးထားသော လူတစ်ယောက်ပင် ဖြစ်သည်။ သို့ပါလျက်နှင့်... သူ၏ ဆရာသခင် သေဆုံးရတော့မည့်အရေးကို မည်သည့်အတွက်ကြောင့်များ လျစ်လျူရှုနိုင်ရသနည်း...။

“ဆရာ... ကျွန်တော် အပြင်ကို ခဏလောက် သွားလိုက်ဦးမယ်...”

လင်းချန် ဝေဝူရွှမ်ထံသို့ စီးဆင်းနေသော သိုင်းဝိညာဉ်စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး တိုတိုတုတ်တုတ် ပြောကာ အခန်းထဲမှ လှည့်ထွက်သွားတော့၏။

ထွက်ခွာသွားသော လင်းချန်၏ ကျောပြင်အား ကြည့်ရင်း ဝေဝူရွှမ်သည် အပြုံးတစ်ခုဖြင့် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

“ဒီကောင်စုတ်လေး... ငါ သေခါနီးနေပြီကိုတောင် ငါ့နားမှာ ကြာကြာလေး မနေပေးဘူး...”

ထို့နောက် ဝေဝူရွှမ်သည် ဖြည်းညင်းစွာ လှဲချလိုက်ပြီး မျက်နှာကြက်ကိုသာ တွေဝေစွာ စိုက်ကြည့်နေလိုက်​တော့သည်။

“ဒီလိုပုံစံမျိုးနဲ့ သေရမှာ ငါ တကယ် မကျေနပ်နိုင်ဘူးကွာ...”

**--**--**--**--**--**--**--**

အခန်းထဲမှ ထွက်လာပြီး ခြံဝင်းထဲတွင် ရပ်နေသော လင်းချန်၏ ရှေ့၌ သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော ဖန်သားပြင်ချပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုဖန်သားပြင်ပေါ်တွင် ကျူးကော့မင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ထင်ရှားစွာ ပေါ်လွင်နေ၏။

“အရှင်မင်းကြီး... အရှင့်ရဲ့ ဆရာသခင်အတွက် ကုသရေးအစီအစဉ်ကို ရေးဆွဲပြီးပါပြီ...”

လင်းချန် လေဟာပြင်ကိုကြည့်ကာ သူ့ဘာသာသူ ခေါင်းညိတ်နေသည်မှာ အကြောင်းမသိသူများအဖို့တော့ အတော်လေး ရယ်စရာကောင်းနေလိမ့်ပေမည်။

သို့သော် အမှန်တကယ်တော့ လင်းချန် ကျူးကော့မင်၏ သုတေသန အစီရင်ခံစာအား အာရုံစိုက် နားထောင်နေခြင်းပင် ဖြစ်၏။

**--**--**--**--**--**--**--**

"ဝုန်းးးး"

အခန်းထဲ၌ ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်လုနီးပါး ဖြစ်နေသော ဝေဝူရွှမ်သည် တံခါးအား ဝုန်းကနဲ ဖွင့်လိုက်သံကြောင့် လန့်နိုးသွားရ၏။

ထို့နောက် ဝေဝူရွှမ် ကိုယ်ကိုမတ်လိုက်ချိန်တွင် ပုလင်းများနှင့် အိုးများအား သယ်ဆောင်လာသော လင်းချန် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့ဩသွားရသည်။

ထိုပုလင်းများထဲတွင် တောက်ပသော အရောင်အသွေးစုံလင်သည့် ဆေးရည်များက လှုပ်ခါနေကြ၏။

“ဆရာ... ထတော့... ထတော့... ဆေးသောက်ရမယ့် အချိန်ရောက်ပြီ...”

ဝေဝူရွှမ် ကုတင်ပေါ်တွင် ထိုင်လျက် ထွင်းဖောက်မြင်နိုင်သော ထူးဆန်းသည့် ဆေးပုလင်းများအား စိုက်ကြည့်နေမိသည်။ အထူးသဖြင့် အထဲရှိ လှုပ်ခါနေသော မြစိမ်းရောင် ဆေးရည်က သူ့အား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေ၏။

အကျဉ်းထောင်ကျွန်းတွင် ရှိစဉ်ကတည်းက သူ၏ တပည့် ဖော်စပ်ထားခဲ့သော ဤဆေးရည်များအား သူ မြင်ဖူးထားပြီးသား ဖြစ်လေ၏။ ဤကမ္ဘာ၌ သိုင်းဝိညာဉ်ပညာရှင်များသည် ကျင့်ကြံရန်အတွက်ဖြစ်စေ ၊ ကုသရန်အတွက်ဖြစ်စေ သူတို့ သောက်သုံးလေ့ရှိကြသည်မှာ အဂ္ဂိရတ်ပညာရှင်များ ဖော်စပ်ထားသော ဆေးလုံးများကိုသာ ဖြစ်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၃ + ၃၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters