အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၇ + ၃၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
မိုးတိမ်များကြားသို့ ထိုးဖောက်ဝင်ရောက်တော့မတတ် မြင့်မားလှသော တောင်တန်းကြီး၏ နက်ရှိုင်းသည့် နေရာတစ်ခု၌ ရိုးရှင်းသော တဲအိမ်လေးတစ်လုံး ရှိနေ၏။
ထိုတဲအိမ်လေးအတွင်း၌ မိန်းကလေးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ နက်မှောင်သန်စွမ်းလှသော ဆံနွယ်များသည် ကျောပြင်ထက်၌ ရေတံခွန်တစ်ခုအလား လှပစွာ ဖြာကျနေလျက်ရှိ၏။
မိန်းကလေး၏ မျက်နှာသွင်ပြင်သည် နူးညံ့သိမ်မွေ့လှလေပြီး အသားအရေမှာ နှင်းပွင့်များထက်ပင် ဖြူဖွေးကာ တိုင်းပြည်တစ်ပြည်ကိုပင် မှောက်မှားစေနိုင်လောက်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။
သူမ၏ မျက်နှာအမူအရာကား တည်ငြိမ်နူးညံ့နေလျက်ရှိသော်ငြား တောက်ပသော မျက်ဝန်းများအတွင်း၌မူ လွမ်းဆွတ်မှု အရိပ်အယောင်တို့က အနည်းငယ် စွန်းထင်းနေလျက်ရှိ၏။
သူမ၏ စိတ်အာရုံအတွင်း၌ သူမထက် နှစ်ဝက်ခန့်ငယ်သော ကောင်လေးတစ်ယောက်၏ ပုံရိပ်က ရံဖန်ရံခါဆိုသလို ပေါ်လာတတ်သည်။
သူမအား အမြဲတစေ ရယ်မောပျော်ရွှင်စေခဲ့သော ထိုကောင်လေး၏ စကားသံများသည် နားထဲ၌ ပဲ့တင်ထပ်နေဆဲပင် ဖြစ်၏။
“ရှင်းရှင်း... သမီးရဲ့စိတ်က မငြိမ်သက်သေးဘူးလား...”
သူမ အတွေးထဲ၌ မျောပါနေစဉ်မှာပင် အနောက်ဘက်ဆီမှ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။ သူမ နေရာမှ မတ်တတ်ရပ်ကာ နောက်သို့လှည့်လိုက်ပြီး အရှေ့ရှိ အမျိုးသမီးအား တောင်းပန်လိုက်သည်။ “တပည့်... ဆရာသခင်ကို စိတ်ပျက်စေမိပါပြီ...”
ထိုအမျိုးသမီးသည် အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံရပြီး အလွန်အမင်း လှပသူမဟုတ်ငြား သူမ၏ ကိုယ်ပိုင်ဆွဲဆောင်မှုဖြင့် အတော်လေး ကြည့်ကောင်းသူတစ်ဦး ဖြစ်၏။
သို့သော် အမှန်တကယ်တွင်မူ သူမသည် အသက် ၆၆ နှစ် ရှိပြီဖြစ်သော ဓားနတ်ဘုရားဂိုဏ်း၏ ဓားသူတော်စင်မယ်ပင် ဖြစ်၏။
သူမရှေ့၌ တည်ငြိမ်စွာ ရပ်နေသော မိန်းကလေးကမူ လင်းချန်နှင့် စေ့စပ်ထားသူ ယီစင်းပင် ဖြစ်၏။
ဓားသူတော်စင်မယ်က ယီစင်း၏ဘေးတွင် အသာဝင်ထိုင်လိုက်ပြီး အနည်းငယ် အံ့ဩဟန်ပါသော လေသံဖြင့် မေးလိုက်၏။ “အဲဒီကောင်လေးဆီမှာ ဘယ်လိုဆွဲဆောင်မှုမျိုး ရှိလို့... မင်းကို ဒီလောက်တောင် ဖမ်းစားနိုင်ခဲ့တာလဲဆိုတာ... ဆရာ တကယ် သိချင်မိတယ်... မင်းရဲ့ ဆရားကို... မပြောပြချင်ဘူးလား...”
ထိုအခါ ယီစင်း၏ ပါးပြင်လေးများသည် ရဲတက်သွားပြီး အနည်းငယ် ရှက်သွေးဖြာသွားရသည်။
“အရမ်းကြီးချောပြီး ဆွဲဆောင်မှုရှိလို့တော့ မဟုတ်ပါဘူး...။ ချန်လေးဆီမှာ... ထူးဆန်းတဲ့ စိတ်ကူးလေးတွေ အများကြီး ရှိလို့ပါ... သူက စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်လေးတွေကို မကြာခဏ ပြောပြတတ်တယ်...။ အဲဒီပုံပြင်တွေက တော်တော်လေးကို ရယ်ရတယ်...။ သမီး ဓားသိုင်းလေ့ကျင့်လို့ မောပန်းနေတဲ့ အချိန်တွေဆိုရင်... သူက သမီး ပျော်အောင် အမြဲတမ်း လာလုပ်ပေးတတ်တယ်...”
“ဆောင်းရာသီ နှင်းကျလို့ လူတော်တော်များများ အပြင်မထွက်ရဲတဲ့ အချိန်တွေဆိုရင်လည်း... ချန်လေးက သူကိုယ်တိုင် တီထွင်ထားတဲ့ နှင်းလျှောစီးတာတို့ ၊ နှင်းဘောလုံးပစ်တာတို့လို ကစားနည်းတွေကိုတောင် သင်ပေးတတ်သေးတယ်...”
“ချန်လေးက အရမ်းကို ဉာဏ်ကောင်းတယ်...။ ဟာသဉာဏ်လည်း ရွှင်သလို သတ္တိလည်း အရမ်းရှိတယ်...။ တစ်ခါတုန်းက... သမီး အဖေနဲ့ စကားများပြီး မြို့ပြင်ထွက်သွားတုန်း... သိုင်းဝိညာဉ်သားရဲတစ်ကောင်နဲ့ သွားတွေ့ခဲ့တယ်...။ အဲဒီတုန်းက သမီး အရမ်းကြောက်ပြီးတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့တာ...”
“သမီး ကြောင်အပြီး ရပ်နေတဲ့အချိန်မှာပဲ... ချန်လေးက သမီးကို လာရှာပြီးတော့... လက်ကိုဆွဲပြီး အဝေးကြီးကို ထွက်ပြေးခဲ့ကြတယ်... နောက်ဆုံး... သိုင်းဝိညာဉ်သားရဲရဲ့ လက်သည်းချက်ကိုတောင်... သူကပဲ ကိုယ်စားဝင်ပြီး ကာကွယ်ပေးခဲ့တာ...”
“ချန်လေးရဲ့ ဝမ်းဗိုက်ကြီး ပွင့်ထွက်သွားပြီးတော့... အဲဒီနားတဝိုက်က နှင်းတွေအကုန်လုံး သွေးရောင်လွှမ်းသွားတာကို... သမီး အခုအချိန်ထိ မှတ်မိနေတုန်းပဲ...။ ဦးလေးလင်းသာ အချိန်မီ ရောက်မလာခဲ့ဘူးဆိုရင်... သမီးတို့ နှစ်ယောက်စလုံး သေသွားလောက်ပြီ...”
“ကံကောင်းလို့ ဒေါ်လေးယွင်က ဆေးပညာနားလည်နေလို့သာ ချန်လေး အသက်ရှင်ခဲ့တာ...။ မဟုတ်ရင်တော့လေ...”
ထိုစကားကို ကြားလိုက်ရသောအခါ ဓားသူတော်စင်မယ်က ရုတ်တရက် သဘောပေါက်သွားသည့်အလား အသာခေါင်းညိတ်လိုက်၏။
သူမ၏ တပည့်မလေးနှင့် ထိုကောင်လေးသည် ငယ်စဉ်ကတည်းက စေ့စပ်ထားသူများ ဖြစ်ကြသလို ငယ်သူငယ်ချင်းများလည်း ဖြစ်ကြ၏။ ထို့အပြင် ထိုကောင်လေးသည် သူမ၏ တပည့်မလေးအား သူရဲကောင်းတစ်ယောက်အလား အသက်စွန့်ကာ ကယ်တင်ခဲ့ဖူးသေးသည်။
ထို့ကြောင့်ပင် လင်းချန်က ယီစင်း၏ နှလုံးသားအတွင်း၌ မည်သို့မျှ ဖျောက်ဖျက်၍မရနိုင်သော နေရာတစ်နေရာကို အခိုင်အမာ ယူထားနိုင်ခဲ့ခြင်း ဖြစ်ပုံရ၏။
ယီစင်း ထိုသို့ ပြောပြနေစဉ်မှာပင် သူမ၏ မျက်နှာထက်၌ ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်များက အထင်းသား ပေါ်လွင်လာ၏။ “အဖေက သမီးကို အပြစ်ပေးတဲ့အနေနဲ့... ချန်လေးရဲ့ ကုတင်ဘေးမှာ ဒူးထောက်ခိုင်းထားတယ်...။ ဦးလေးလင်းနဲ့ ဒေါ်လေးယွင်က ဘယ်လောက်ပဲ တောင်းပန်တောင်းပန်... အဖေက သမီးကို မတ်တတ်ရပ်ခွင့် မပေးခဲ့ဘူး...။ နောက်ပိုင်း ချန်လေး သတိရလာမှပဲ... အဖေကို ဖျောင်းဖျလို့ ရသွားခဲ့တာ...”
“ဟင်... ငါတောင် စိတ်ဝင်စားလာပြီ...။ သူက ဘာများ ပြောလိုက်လို့လဲ...”
“သူက အဖေ့ကို စူးစူးရဲရဲ ကြည့်ပြီးတော့... ‘ကျွန်တော့်ကောင်မလေးကို အနိုင်မကျင့်နဲ့... မဟုတ်ရင် ကျွန်တော် ထပြီး ခင်ဗျားနဲ့ ချမှာနော်’ လို့ ပြောတာလေ...”
ပြောရင်းဆိုရင်းဖြင့် ယီစင်း ဒေါသထွက်နေသည့် မျက်နှာထားကိုပါ ချစ်စဖွယ် လုပ်ပြလိုက်ရာ ဓားသူတော်စင်မယ်သည်လည်း အားပါးတရ ရယ်မောလိုက်တော့း၏။ “ဟား... ဟား...။ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ...”
ဓားသူတော်စင်မယ် တခစ်ခစ် ရယ်မောနေရင်းပင် အသာခေါင်းခါလိုက်မိ၏။
ယီစင်းသည်လည်း ရုတ်တရက် သတိပြုမိသွားပြီးနောက် သူမ၏ ဆရာသခင်အား နားမလည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ “ဆရာသခင်...။ ထူးဆန်းလိုက်တာ...။ ပုံမှန်ဆိုရင် သမီး ချန်လေးအကြောင်း ပြောတာကို ဆရာသခင်က မကြိုက်ဘူး မဟုတ်လား...။ အခုကျမှ... ဘာလို့ မေးရတာလဲ...”
ဓားသူတော်စင်မယ် လေးပင်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယီစင်း၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ကာ ဆိုလိုက်သည်။ “ဆရာက မင်းကို သမီးရင်းတစ်ယောက်လို သဘောထားတာလေ...။ မင်းလိုမျိုး ထူးချွန်တဲ့ တပည့်က... ကျင့်ကြံလို့မရတဲ့ သာမန်လူတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုတာ သိရတော့... ဆရာ အတော်လေး စိတ်မကောင်း ဖြစ်မိတာပေါ့...”
“သူက ကျင့်ကြံဖို့အတွက် သိုင်းဝိညာဉ် မနိုးထနိုင်ပေမဲ့... တကယ်ကို ထူးချွန်တဲ့သူပါ...”
“ကောလာဟလတွေက... သူ စိတ်ဝိညာဉ်လက်နက် မကိုင်နိုင်ဘူးလို့ ပြောကြတာ မဆန်းပါဘူး...။ သူက သိုင်းဝိညာဉ်မှ မရှိတာကိုး...။ ဒါပေမဲ့... အဲဒီလိုဆိုရင် သူက ဘယ်လိုလုပ်ပြီး အဲဒီလောက်အထိ စွမ်းအားကြီးနေရတာလဲ... ရှင်းရှင်း...။ မဟာလှံတံဂိုဏ်းက မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဥ်ကို နှောင့်ယှက်ဖို့အတွက်... ဘာရှန်းမြို့က ယီမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့... သတင်းရတယ်...”
ချက်ချင်းပင် ယီစင်း၏ လှပသော မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး အလွန်အမင်း ထိတ်လန့်သွားရှာ၏။ “ရှင်...။ ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ...”
ဓားသူတော်စင်မယ်က တပည့်မဖြစ်သူအား သာယာသောအသံဖြင့် နှစ်သိမ့်လိုက်ပြီး အခြေအနေအရပ်ရပ်ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ “စိတ်မပူပါနဲ့... ယီမိသားစု ဘေးကင်းပါတယ်...။ နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ်က ဖြေရှင်းပေးလိုက်ပြီ...”
အကြောင်းစုံကို နားထောင်ပြီးသွားသောအခါ ယီစင်းတစ်ယောက် အတော်လေးပင် တုန်လှုပ်သွားရသည်။
“နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ်က... ကောလာဟလတွေ ထွက်နေတဲ့အတိုင်း တကယ်ကို ထူးခြားတာပဲ...။ ဒီတစ်ခါတော့... သူ့ကို တကယ်ပဲ ကျေးဇူးတင်ရမယ်... စကားမစပ်... ဒီလူငယ်ဧကရာဇ်ရဲ့ နာမည်က... ချန်လေးနဲ့ တူနေတယ်နော်...”
ယီစင်း သက်ပြင်းချရင်းဖြင့် သူမ၏ ဆရာသခင်အား မော့ကြည့်လိုက်၏။
သို့သော် သူမ၏ ဆရာသခင် ဓားသူတော်စင်မယ်ကမူ သူမအား အလွန်ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေကြောင်း ရုတ်တရက် သတိထားမိလိုက်၏။
“သမီးအဖေ ဆီက သတင်းရတယ်...။ သမီး တမြတ်တနိုး ချစ်ရတဲ့ လင်းချန်... ဘာရှန်းမြို့ကို ပြန်ရောက်နေပြီတဲ့...။ နောက်ပြီးတော့... အဲဒီ လူငယ်ဧကရာဇ်ဆိုတာက... လင်းချန်ပဲတဲ့...”
“...”
တဲအိမ်လေး အတွင်း၌ အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်သွား၏။ ယီစင်း သူမ၏ ဆရာသခင်ကို မယုံကြည်နိုင်လောက်အောင် အံ့ဩတကြီး စိုက်ကြည့်နေမိပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ထို လူငယ်ဧကရာဇ် လင်းချန်သည် သူမနှင့် စေ့စပ်ထားသူများ ဖြစ်နေလေမလားဟု ယီစင်း တစ်ခါက တွေးတောခဲ့ဖူး၏။
သို့သော် သူမ၏ လင်းချန်သည် သိုင်းဝိညာဉ် မနိုးထနိုင်သဖြင့် သိုင်းကျင့်ကြံ၍မရနိုင်သောကြောင့် လုံးဝမဖြစ်နိုင်ဟု တွေးကာ ထိုစိတ်ကူးယဉ်မှုကို သူမကိုယ်တိုင်ပင် ပယ်ဖျက်ခဲ့ဖူး၏။ သာမန်လူတစ်ယောက်က မည်ကဲ့သို့လုပ်ပြီး လူငယ်ဧကရာဇ် ဖြစ်လာနိုင်ပါမည်နည်း။
သို့သော် ယခုအခါ သူမ၏ ဆရာသခင်က နတ်ဓားဂိုဏ်း၏ လူငယ်ဧကရာဇ်ဆိုသည်မှာ... သူမ နေ့စဉ်နှင့်အမျှ မျှော်လင့်တောင့်တနေခဲ့ရသော ၊ ၄ နှစ်တိုင်တိုင် ပျောက်ဆုံးနေခဲ့သော လင်းချန်ပင် ဖြစ်ကြောင်း ပြောပြလာ၏။
သူမ၏ ဆရာသခင်သည် သူမကို လုံးဝ လိမ်ညာမည်မဟုတ်ကြောင်း ယီစင်း အကြွင်းမဲ့ ယုံကြည်ထားသည်။ ဓားသူတော်စင်မယ်သည် ယီစင်း၏ မိသားစုထံမှ ပေးပို့လာသော စာတစ်စောင်ကို ချန်ထားရစ်ခဲ့ကာ တဲအိမ်လေးထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့၏။
ဖခင်ဖြစ်သူ၏ ကိုယ်ပိုင်လက်ရေးဖြင့် ရေးသားထားသော ထိုစာကို ကိုင်လျက် ယီစင်း၏ မျက်ဝန်းအစုံမှ မျက်ရည်များ အဆက်မပြတ် စီးကျလာတော့၏။ သို့သော် ထိုမျက်ရည်များကား ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ အတိုင်းမသိ ပျော်ရွှင်ခြင်း မျက်ရည်များသာ ဖြစ်လေသည်။
အတန်ကြာသောအခါ ယီစင်းသည် သူမ၏ မျက်ရည်များကို အသာအယာ သုတ်ဖယ်လိုက်၏။ သူမ၏ ရှည်လျားသော မျက်တောင်ကော့လေးများသည် အနည်းငယ် တုန်ခါသွားပြီးနောက် မျက်လုံးများကို မှိတ်ကာ အပြုံးလေးဖြင့် နက်ရှိုင်းစွာ တွေးတောနေမိ၏။
**--**--**--**--**--**--**--**
ဓားသူတော်စင်မယ်၏ ဘေး၌ ရပ်နေသော လှပသည့် အမျိုးသမီးကြီးတစ်ဦးက သူမအား စူးစိုက်ကြည့်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ညီမလေး...။ စိတ်များ ပြောင်းသွားပြီလား...”
“အစက အစ်မကြီးရဲ့ မြေးကို ရှင်းရှင်းနဲ့ တွဲဖက်ပေးဖို့ စဉ်းစားခဲ့တာက... တကယ်ကို ကောင်းမွန်တဲ့ ကိစ္စပါ...။ အစ်မကြီးရဲ့ မြေးက ပါရမီထူးကဲပြီးတော့... ကမ်းရိုးတန်းပြည်နယ်မှာတောင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ...။ ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားတဲ့ လူတစ်ယောက်ထက်တော့... အများကြီး ပိုသာတာပေါ့...”
“ဒါပေမဲ့... အခုတော့ အခြေအနေတွေက ကွာခြားသွားပြီ...။ ပြီးတော့ သူက အသုံးမကျတဲ့ကောင်လည်း မဟုတ်တော့ဘူး...။ သူက စစ်ဧကရာဇ်ရဲ့ တပည့် ၊ နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ်တောင် ဖြစ်နေပြီလေ...။ အရေးအကြီးဆုံးက ရှင်းရှင်းကလည်း သူ့မှသူ ဖြစ်နေတာကိုး...”
ညီမဖြစ်သူက ထိုသို့ တည်ငြိမ်စွာ ဆိုလိုက်သည်ကို ကြားပြီးနောက် လှပသော အမျိုးသမီးကြီးသည် မကျေနပ်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
“စစ်ဧကရာဇ်... ဟုတ်လား...။ ငါကြားတာတော့ သူက သေခါနီးနေပြီဆို...။ ပြီးတော့ နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ် ဆိုတာကလည်း... သိုင်းဝိညာဉ် မနိုးထနိုင်တဲ့ နိဗ္ဗာန်အဆင့်ကို ဘယ်တော့မှ မရောက်နိုင်တဲ့ လူညံ့တစ်ယောက်ပဲလေ...”
“အဲဒီလို လူမျိုးကများ ငါ့မြေးနဲ့ ယှဉ်လို့ ရမလား...။ စစ်ဧကရာဇ် သေသွားတာနဲ့ ဒီလူငယ်ဧကရာဇ်ဆိုတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...။ တကယ်လို့ လူငယ်ဧကရာဇ်သာ မရှိတော့ဘူးဆိုရင်... ရှင်းရှင်းလည်း ဒီစိတ်ကူးယဉ်မှုတွေကို အလိုလို စွန့်လွှတ်လိုက်မှာပဲ...”
ဤနေရာသို့အရောက်တွင် လှပသော အမျိုးသမီးကြီး၏ မျက်လုံးများ၌ သွေးအေးရက်စက်သော အရိပ်အယောင်များသည် လက်နက်တစ်ခုအလား တောက်ပလာပြီး ဓားသူတော်စင်မယ်အား စူးစူးရဲရဲ ကြည့်လိုက်၏။ “ညီမလေး...။ နင်... ငါ့ကို တားမှာလား...”
“ညီမ ဒီကိစ္စကို လုံးဝ ဝင်မစွက်ဖက်ဘူး...။ အစ်မကြီးသာ သူ့ကို သတ်နိုင်တယ်ဆိုရင်လည်း... သူ အရည်အချင်းမရှိလို့ပဲလို့ မှတ်လိုက်ရုံပေါ့...”
ဓားသူတော်စင်မယ်သည် သူမ၏ ချစ်လှစွာသော တပည့်မလေး၏ စေ့စပ်ထားသူ အသက်အန္တရာယ် ကြုံတွေ့ရမည်ကိုပင် လုံးဝဂရုမစိုက်သကဲ့သို့ အေးစက်စွာ လျစ်လျူရှုကာ တုံ့ပြန်လိုက်၏။
လှပသော အမျိုးသမီးကြီးသည် ညီမဖြစ်သူ၏ ပြတ်သားသော စကားကြောင့် အနည်းငယ် အံ့ဩသွားရသော်ငြား သူမ၏ ညီမဖြစ်သည် ပြောသည့်အတိုင်း တိကျစွာ လုပ်တတ်ကြောင်းကိုမူ ကောင်းကောင်း သိထား၏။
အစောပိုင်းက သူမ၏ မြေးနှင့် ရှင်းရှင်းကို နေရာချထားပေးရန် ရည်ရွယ်ချက်မှာ သာမန် အကြံပြုချက်တစ်ခုသာ ဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကား မဟုတ်ခဲ့ချေ။
သို့သော် ယခုကဲ့သို့ နှုတ်မှ အတိအလင်း ထုတ်ဖော်ပြောလိုက်ပြီဖြစ်သော ဆုံးဖြတ်ချက်ကမူ မည်သို့မျှ ပြောင်းလဲလိမ့်မည် မဟုတ်တော့ချေ။
ဓားသူတော်စင်မယ်သည် သူမ ဝင်မစွက်ဖက်ဘူးဟု ပြောလိုက်ပြီဆိုလျှင် အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။
အစ်မကြီးဖြစ်သူ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဓားသူတော်စင်မယ် ဖွင့်ဖောက်ထားပြီးသော စာတစ်စောင်ကို အသာအယာ ထုတ်ယူလိုက်၏။
သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို တစ်ချက်မျှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကြည်လင်ပြတ်သားသော ဓားမြည်သံတစ်ခုသည် လေထုကို ခွင်း၍ ထွက်ပေါ်လာပြီး စာရွက်သည်လည်း အဖြူရောင်စက္ကူမှုန်လေးများအဖြစ် လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
“စစ်ဧကရာဇ် ဝေဝူရွှမ်ရဲ့ ရောဂါကို... အဲဒီကောင်လေး လင်းချန် အရှင်းပျောက်ကင်းအောင် ကုသပေးလိုက်ပြီလေ...။ စစ်ဧကရာဇ်ရဲ့ တပည့်ကို သတ်ချင်တာက... တကယ်ကို မိုက်မဲလွန်းရာ ကျတယ်...”
ဓားသူတော်စင်မယ် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် နေရာမှ လှည့်ထွက်သွားတော့သည်။
လှပသော အမျိုးသမီးကြီးသာ ဤစကားကို ကြားလိုက်ရမည်ဆိုပါက ကျိန်းသေပေါက် အလွန်အမင်း ထိတ်လန့်သွားပေမည်။
ထို့အပြင် နတ်ဓားဂိုဏ်း၏ ဓားသူတော်စင်မယ်သည် ဤမျှများပြားလှသော လျှို့ဝှက်ကိစ္စရပ်များကို အဘယ်ကြောင့် တိတိကျကျ သိရှိနေရသည်နည်း။
**--**--**--**--**--**--**--**
“စီနီယာအစ်ကိုကြီး... ခင်... ခင်ဗျား...”
ချင်ဝူရွှမ် တစ်ယောက် သူ၏ စီနီယာအစ်ကိုကြီး ဝေဝူရွှမ်အား မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။ သူ၏ ဂိုဏ်းချုပ်တစ်ဦးအသွင် ခန့်ညားတည်ငြိမ်မှုများအားလုံး လုံးဝ ပျောက်ဆုံးသွားရကာ အလွန်အမင်း အံ့အားသင့်စွာဖြင့် အာမေဋိတ် ပြုလိုက်မိခြင်းပင် ဖြစ်သည်။
ယနေ့၌ သူသည် စီနီယာအစ်ကိုကြီး ဝေဝူရွှမ်ကို လာရောက်တွေ့ဆုံခြင်း ဖြစ်သော်ငြား ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စီနီယာအစ်ကိုကြီးအား အသက်အရွယ်နှင့် မလိုက်ဖက်အောင် နက်မှောင်သန်စွမ်းနေသော ဆံပင်များနှင့်အတူ တွေ့လိုက်ရသည်။
ထို့အပြင် ဝေဝူရွှမ်သည် သူ၏ ကြီးမားလှသော စွမ်းအားများကို ထိန်းချုပ်ထားကာ လင်းချန်နှင့် အားကြိုးမာန်တက် တိုက်ခိုက်လေ့ကျင့်နေသည်ကိုပါ မြင်တွေ့လိုက်ရသေး၏။
သေလုမျောပါး ဖြစ်နေသော စီနီယာအစ်ကိုကြီး ရုတ်တရက်ဆိုသလို အပြည့်အဝ ပြန်လည်သက်သာလာခြင်းက ချင်ဝူရွှမ်အတွက် လုံးဝကို မယုံကြည်နိုင်စရာ ကိစ္စရပ်ကြီးပင် ဖြစ်နေတော့၏။
မနေ့ကအထိ စီနီယာအစ်ကိုကြီးမှာ သေမင်းနှင့် လက်တစ်ကမ်းအလို နောက်ဆုံးအချိန်များကို ဖြတ်သန်းနေရသကဲ့သို့ ဖြစ်နေခဲ့သော်လည်း ယနေ့တွင်မူ မယုံနိုင်လောက်အောင် တက်ကြွလန်းဆန်းနေပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေများသည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ့စီနီယာအစ်ကိုကြီးအား မည်သို့မည်ပုံ ဖြစ်ခဲ့သနည်းဟု အံ့ဩတကြီး မေးလိုက်သောအခါ ဝေဝူရွှမ် စကားထစ်အသွားသဖြင့် လင်းချန်ကသာ အသေးစိတ် ဝင်ရောက်ရှင်းပြလိုက်၏။
“ဦးလေး...။ ဖြစ်ပုံက ဒီလိုပါ...။ မနေ့ညက... ကျွန်တော် အိပ်မက်မက်နေတုန်း... အဘိုးကြီးတစ်ယောက်နဲ့ ရုတ်တရက် ဆုံတယ်... အဲဒီအဘိုးကြီးက... သူ့ကိုယ်သူ ဆေးနတ်ဘုရားပါတဲ့...။ တော်တော်လေးကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ...။ သူက ကျွန်တော်နဲ့ ဆရာ့ကြားက သံယောဇဉ်နက်ရှိုင်းမှုကို အားကျသလို... ကျွန်တော်က ချောမောပြီး ကြင်နာတတ်တဲ့ စိတ်ထားရှိလို့ဆိုပြီးတော့ သဘောကျနေတာ...”
“ဒါနဲ့... သူက ကျွန်တော်တို့ကို သနားသွားပြီးတော့ မြင့်မြတ်သောဉာဏ်ပညာ စိတ်ဝိညာဉ်ဆေးရည်ကို ဖော်စပ်ပေးခဲ့တယ်...။ အဲဒီဆေးကို ဆရာသောက်ပြီးတဲ့အခါမှာတော့... အခုလို အဆိပ်ပြေသွားတာပဲ...”
ချင်ဝူရွှမ် သူ့ရှေ့တွင် မသိနားမလည်ဟန် ရိုးသားသောအပြုံးဖြင့် ပြောဆိုနေသော လင်းချန်ကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိ၏။
“လင်းချန်...။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက... မင်း စီနီယာအစ်ကိုကြီးကို ကုသဆေး ပေးတုန်းကကျတော့... အိပ်မက်ထဲမှာ ဆေးဧကရီ အဘွားကြီး ပေးတာလို့ ပြောတယ်နော်... အခုကျတော့လည်း... ဆေးနတ်ဘုရား အဘိုးကြီးပါ ထွက်လာပြန်ပြီလား...”
“ဪ...။ ဦးလေးဆရာသခင် မသိသေးတာ ရှိပါသေးတယ်...။ ဆေးနတ်ဘုရားဆိုတာက... ဆေးဧကရီရဲ့ ခင်ပွန်းလေ...။ အဘွားကြီးက ကျွန်တော် ဉာဏ်ကောင်းပြီး သွက်လက်ချက်ချာလို့ဆိုပြီးတော့ သဘောကျနေတာ... အရင်က ကျွန်တော် ပြောဖူးတယ်မလား... ဆေးဧကရီ အဘွားကြီးက ကြင်နာပြီး သဘောကောင်းတယ်လို့...။ ကျွန်တော့်အထင် ပြောရရင်လေ... ဆေးဧကရီ အဘွားကြီးက ခိုင်းလိုက်လို့... ဆေးနတ်ဘုရား အဘိုးကြီးက အိပ်မက်ထဲမှာ လာကူညီပေးတာ နေမှာ...”
“...”
ချင်ဝူရွှမ် ရှုပ်ထွေးလှသော ခံစားချက်များဖြင့် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
စီနီယာအစ်ကိုကြီး၏ တပည့်သည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေလေပြီး အထူးသဖြင့် ပေါက်ကရစကားများကို အတည်ပေါက် ပြောဆိုရာ၌ အလွန်ကို တော်လွန်းလှ၏။
သို့သော် သူ စီနီယာအစ်ကိုကြီး၏ တပည့်အား အတော်လေး ခင်မင်လေးစားမိ၏။ အထူးသဖြင့် လင်းချန်၏ ဆန်းကြယ်လှသော အတွေးအခေါ်များကို ဖြစ်သည်။
ဥပမာအားဖြင့် လင်းချန်သည် တစ်ခါက ဆိုဖူးသေး၏။ ဘန်... ဟု အမည်ရသော နတ်တစ်ဝက် မိစ္ဆာတစ်ဝက် ပုဂ္ဂိုလ်တစ်ဦးက သူ၏ အိပ်မက်ထဲသို့ လာပေးသည်ဟု ဆို၏။ ဂိုဏ်းသားများကို အတန်းလိုက် ခွဲခြားကာ သင်ကြားပေးခြင်းသည် အားစိုက်ရ သက်သာစေရုံသာမက အကျိုးကျေးဇူး နှစ်ဆ ရရှိစေနိုင်သည်ဟု အတိအလင်း ဆိုခဲ့၏။
အတန်းများဆိုသည်မှာ မည်သည့်အရာများဖြစ်ကြောင်းကိုလည်း လင်းချန် ရှင်းရှင်းလင်းလင်း ရှင်းပြပေးခဲ့၏။
ထို့အပြင် 'နှစ်ဝက်' နှင့် 'နှစ်ဆုံး' ဟု အမည်ရသော ညီအစ်ကိုနှစ်ယောက်ကလည်း အိပ်မက် လာပေးသေးသည်ဟု ဆိုကာ အရာရာကို သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီးနောက်... နှစ်ဝက်နှင့် နှစ်ဆုံး အချိန်များတွင် စာမေးပွဲစစ်ဆေးခြင်းများ ပြုလုပ်သင့်သည်ဟုပါ အကြံပြုခဲ့သေး၏။
လင်းချန်၏ အိပ်မက်ထဲတွင် ပါလာသော လူများ၏ အမည်များသည် အလွန်တရာ ထူးဆန်းနေသည်ဟု ချင်ဝူရွှမ်သည် ထင်မိသော်ငြား ထိုနည်းလမ်းများကမူ အလွန်ပင် လက်တွေ့ကျကြောင်းကိုတော့ ဝန်ခံရပေမည်။
လင်းချန် အကြံပြုသော နည်းလမ်းများကို လိုက်နာကျင့်သုံးပြီးနောက်တွင်တော့ နတ်ဓားဂိုဏ်းရှိ တပည့်များ၏ ကျင့်ကြံခြင်းရလဒ်သည် သိသိသာသာကို တိုးတက်လာခဲ့သည်။
ချင်ဝူရွှမ် သူ၏ စီနီယာအစ်ကိုကြီး ဝေဝူရွှမ်အား လှမ်းကြည့်ပြီး သက်ပြင်းချကာ ပြုံးလိုက်၏။ “အခုတော့ စီနီယာအစ်ကိုကြီးလည်း လုံးဝ အဆင်ပြေသွားပြီဆိုတော့... ကျွန်တော် စိတ်အေးရပါပြီ... ဒါပေမဲ့... အစ်ကိုကြီး ပြန်ကောင်းလာတဲ့ သတင်းကိုတော့ လောလောဆယ် ဖုံးထားလိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်...”
ဝေဝူရွှမ် အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ၏ ဂျူနီယာညီလေး၏ နက်ရှိုင်းသော ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။
ကမ်းရိုးတန်းပြည်နယ်ကြီး တစ်ခုလုံးကို ထိပ်ဂိုဏ်းကြီး ၃ ဂိုဏ်းနှင့် ဂိုဏ်ကြီးငါးဂိုဏ်းတို့က အသီးသီး ခွဲခြားအုပ်ချုပ်ထားကြလေပြီး မရေမတွက်နိုင်အောင် များပြားလှသော မြို့ပေါင်းများစွာသည်လည်း ထိုသူတို့၏ လက်အောက်၌သာ အကြွင်းမဲ့ တည်ရှိနေကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၄ ၊ အတွဲ ၁ ၊ အပိုင်း ၃၇ + ၃၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team