အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) - အနှိုင်းမဲ့ဝံ့ကြွားမှု၊ လော့ဝူကျိလား။ လက်ဝါးတစ်ချက်တည်းနဲ့ အမှုန့်ချေပစ်မယ်
ကန္တာရကွင်းပြင်ကြီးတစ်ခုလုံးတွင် သက်ရှိအငွေ့အသက်ဟူ၍ အစအနမျှမရှိဘဲ ဝါကျင့်ကျင့် သဲဖုန်များသာ လေထဲတွင် လွင့်ပျံနေခဲ့သည်။
ဤအချိန်တွင် လင်းချန် မသိလိုက်သည်မှာ ပြင်ပကမ္ဘာတွင် ပါရမီရှင်အဆင့်သတ်မှတ်ချက်ဇယား၏ ထိပ်ဆုံးမှ မိစ္ဆာအဆင့်ပါရမီရှင် အများအပြားသည် သူစောင့်ကြပ်နေသော နတ်ဘုရားမျှော်စင်၏ ပထမထပ်ကိုပင် မကျော်ဖြတ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ကြပြီ ဖြစ်သည်။
အခြားသော မိစ္ဆာအဆင့်ပါရမီရှင်များကမူ လင်းချန်အနေဖြင့် မျှော်စင်၏ အထပ်သစ်တစ်ခုကို အောင်မြင်စွာ တက်လှမ်းနိုင်ပါစေဟု မျှော်လင့်နေကြသည်။ ထိုသို့ဖြစ်မှသာ ပထမထပ်၏မျှော်စင်အစောင့်နတ်ဘုရား နေရာတွင် အခြားတစ်ယောက်နှင့် အစားထိုးလဲလှယ်သွားမည် ဖြစ်သောကြောင့်ပင်။
ပြင်ပမှ ပါရမီရှင်များ ထိုသို့တွေးတောရခြင်းမှာ လင်းချန်သည် နတ်ဘုရားမျှော်စင်၏ ပထမထပ်တွင်သာ ရပ်တန့်နေမည့်သူမဟုတ်ဟု ယုံကြည်ထားကြသောကြောင့်ပင်။ သူသည် နတ်ဘုရားအဆင့်စာရင်းရှိ ဒုတိယထပ်မှ မျှော်စင်အစောင့်နတ်ဘုရားထက်ပင် ပိုမိုသန်မာနေပြီမဟုတ်ပါလော။
အကယ်၍ လင်းချန်သာ ပထမထပ်ကို ဆက်လက်စောင့်ကြပ်နေမည်ဆိုပါက အခြားပါရမီရှင်များအတွက် ထိုအထပ်ကို ကျော်ဖြတ်နိုင်ရန် လုံးဝအခွင့်အရေးရှိတော့မည်မဟုတ်ပေ။ ဒုတိယထပ်မှ မျှော်စင်စောင့်နတ်ဘုရားက ပထမထပ်သို့ အဆင့်လျော့ကျသွားမှသာ ပါရမီရှင်အဆင့်စာရင်းထိပ်ပိုင်းမှ ထိုသူများအတွက် အောင်မြင်ရန် အခွင့်အရေးအနည်းငယ် ရှိလာပေလိမ့်မည်။
“ဟူး...”
လင်းချန်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အကြောဆန့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူမှတ်မိသလောက်ဆိုလျှင် နတ်ဘုရားမျှော်စင်၏ ဒုတိယထပ်ကို စောင့်ကြပ်နေသူမှာ တာအိုပြည်နယ်သုံးထောင်ရှိ ရှေးဟောင်းအယူဝါဒတစ်ခုကို တည်ထောင်ခဲ့သူဖြစ်သည်။
ထိုသူကား ဗြဟ္မာမြင့်မြတ်နယ်မြေ၏ ဘိုးဘေး လော့ဝူကျိပင် ဖြစ်သည်။
“မင်းက ငါ့ကိုလာစိန်ခေါ်တဲ့ မျိုးဆက်သစ်လူငယ်လား။”
ထိုစဉ် လင်းချန်၏ နောက်ကျောဘက်မှ ဝံ့ကြွားလွန်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် လင်းချန် အသာအယာ လှည့်ကြည့်လိုက်မိသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် လက်ပိုက်ကာ သူ့ကို ရိုင်းစိုင်းဝံ့ကြွားသော အကြည့်များဖြင့် ကြည့်နေသည့် သန်မာထွားကြိုင်းသော လူတစ်ယောက်ကို သူမြင်လိုက်ရ၏။ ထိုသူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများနှင့် အားကောင်းသော အရှိန်အဝါများမှာ ဖုံးကွယ်ထားခြင်းမရှိဘဲ ထွက်ပေါ်နေသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ လင်းချန်နှင့် အတူတူပင် ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ကျင့်စဉ်: ကပ်ဘေးကိုးခုနယ်ပယ်၊ တတိယအဆင့်
ခန္ဓာကိုယ်ကျင့်စဉ်း: ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၊ ပထမအဆင့်
နတ်ဘုရားစိတ်ဝိညာဉ်ကျင့်စဉ်: ကပ်ဘေးကိုးခုနယ်ပယ်၊ အဋ္ဌမအဆင့်
ထိုဝံ့ကြွားလှသော လူထွားကြီးကို မြင်လိုက်ရသောအခါ လင်းချန်၏မျက်ဝန်းအတွင်း၌ စူးစမ်းလိုစိတ် အနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။
ဒါက ဗြဟ္မာမြင့်မြတ်နယ်မြေရဲ့ ဘိုးဘေး လော့ဝူကျိ ဆိုတာလား။
သူ့ပုံစံက ဝံ့ကြွားရုံတင်မကဘဲ နည်းနည်းတောင် လွန်နေသေးသည်။ သူ၏ဖခင်ဖြစ်သူ လင်းဟောက်ရန်၏ ယဉ်ကျေးသိမ်မွေ့မှုနှင့် ယှဉ်လျှင် သူတို့နှစ်ဦးမှာ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။
“မင်းက လော့ဝူကျိလား။”
လင်းချန်၏စကားကို ကြားသောအခါ လော့ဝူကျိသည် ခေါင်းကိုအနည်းငယ်မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
“မင်းက ငါ့နာမည်ကို ကြားဖူးပုံပဲ။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ငါ့ကို လာစိန်ခေါ်မနေနဲ့။”
“မင်းဘာသာမင်းပဲ အဆုံးစီရင်လိုက်။”
နှာခေါင်းထိပ်ဖြင့် ကြည့်နေသော လော့ဝူကျိကို စိုက်ကြည့်ရင်း လင်းချန် အံ့အားသင့်ကာ စကားပင်မပြောနိုင်တော့ပေ။
ကိုယ့်ကိုယ်ကိုယ် အသက်အဆုံးစီရင်ရမယ် ဟုတ်လား။
ဒီလော့ဝူကျိဆိုတဲ့လူက တော်တော်လေးကို ဝံ့ကြွားလွန်းပြီး သူတစ်ပါးကို လုံးဝလေးစားမှုမရှိတာပဲ။ ပြီးတော့ ဒီလို ရှေးဆန်ဆန် ဟန်ပန်တွေနဲ့ဆိုရင် ဒီလူက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုတောင် ရှိနေမလားမသိဘူး။
လင်းချန်သည် လော့ဝူကျိ၏ ပုံရိပ်ယောင်ဖန်တီးမှုနှင့် စကားများနေရန် စိတ်မပါတော့သဖြင့် တည်ငြိမ်သောအသံဖြင့် တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
“သုံးကွက်....။ မင်းကို သုံးကွက်တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ်။ အဲ့ဒီ သုံးကွက်အတွင်းမှာ မင်း ငါ့ရဲ့စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ဘူးဆိုရင်တော့...ငါ မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မယ်။”
စကားကြီးစကားကျယ် ပြောတတ်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူးကွ။
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ လော့ဝူကျိမှာ ဆွံ့အသွား၏။
သူ ခုနက ဘာကြားလိုက်ရတာလဲ။
မျိုးဆက်သစ်လူငယ်တစ်ယောက်က သူ့ကို သုံးကွက်တောင် အကြောပေးမယ်လို့ ပြောရလောက်အောင် သတ္တိရှိနေတာလား။
ပြီးတော့ သူ့ကို ရိုက်သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်နေသေးတယ်။
သူက ဘယ်သူမို့လို့တုန်း...။
သူက လော့ဝူကျိပဲ...။ ဗြဟ္မာတိုက်ပွဲခန္ဓာကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့်ဗြဟ္မာတိုက်ပွဲခန္ဓာပေါင်း ဒါဇင်နဲ့ချီပြီး ပေါင်းစပ်ထားတဲ့ မိစ္ဆာအဆင့် ကျွမ်းကျင်သူပဲ။
ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်ပိုင်းမှာဆိုလျှင် သူသည် အနှိုင်းမဲ့ပါရမီရှင်များထဲတွင်ပင် ထိပ်သီးအဆင့်၌ ရှိနေသူ ဖြစ်သည်။
“မင်း... မင်း ဘာပြောလိုက်တာလဲ။”
လော့ဝူကျိသည် တစ်ခဏမျှ ကြောင်အသွားပြီး မသိစိတ်ဖြင့် ပြန်မေးလိုက်မိသည်။ လင်းချန်က ခေါင်းခါယမ်းကာ ပြုံးလိုက်၏။
“မင်းလည်း နောက်ဆုံးတော့ လူလိုသူလို စကားပြောတတ်သွားပြီပဲ။”
“ဒါပေမဲ့ ငါခုနကပြောတဲ့စကားက အတည်ပဲ။ သုံးကွက်....။ ငါ မင်းကို သုံးကွက် အခွင့်အရေးပေးမယ်။”
“အဲဒီသုံးကွက်အတွင်းမှာ မင်းက ငါ့ကို စိတ်မလှုပ်ရှားအောင် မလုပ်နိုင်ဘူးဆိုရင်တော့... ငါ မင်းကို ရိုက်သတ်ပစ်မယ်။”
လင်းချန်က ထိုသို့ပြောရင်းနှင့် သူငယ်ချင်းဟောင်းတစ်ယောက်နှင့် စကားစမြည်ပြောနေသကဲ့သို့ တောက်ပစွာ ပြုံးလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လော့ဝူကျိ အသေအချာ ကြားလိုက်ရပြီဖြစ်သည်။
ဒီဝံ့ကြွားလွန်းတဲ့ လူငယ်ကတော့ တကယ်ကို... သေရမှာ မကြောက်ဘူးပဲ။
“လူငယ်လေး... မင်း ငါ့ဒေါသကို ကောင်းကောင်း ဆွပေးလိုက်တာပဲ။”
ထိုစကားသံပင် မဆုံးသေးမီ လော့ဝူကျိ၏ မျက်နှာမှာ အလွန်အမင်း ဒေါသထွက်သွားသည့်အမူအရာများ ဖြစ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ အဆုံးအစမဲ့သော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းတန်းများနှင့်အတူ ကြီးမားလှသော တိုက်ခိုက်လိုစိတ်များမှာလည်း ကန္တာရကွင်းပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
လင်းချန်၏ မျက်နှာအမူအရာမှာမူ ငြိမ်သက်နေသော ကန်ရေပြင်ကဲ့သို့ အေးဆေးနေဆဲပင်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ညှိုးတစ်ချောင်းဖြင့် လှမ်းခေါ်လိုက်သည်။
“လာလေ။”
သူ၏ခန္ဓာကိုယ်မှ မည်သည့်အရှိန်အဝါမှ ထွက်ပေါ်မနေပေ။ ကြည့်ရသည်မှာ ဟာကွက်များဖြင့် ပြည့်နှက်နေသည့်အတိုင်းပင်။
လင်းချန်က ဤအချိန်အထိ သူ့ကို အထင်သေးနေဆဲဖြစ်သည်ကို မြင်သောအခါ လော့ဝူကျိမှာ ဒေါသအလွန်ထွက်ကာ ရယ်မောလိုက်၏။
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ဒါဆိုရင် ငါ လော့ဝူကျိရဲ့ စွမ်းအားကို မင်းကို ပြလိုက်မယ်။”
“ဝုန်း...။”
ရှုပ်ထွေးသော ရုန်းများ ပါရှိသည့် ရွှေရောင်လှံရှည်တစ်စင်းမှာ လေဟာနယ်ထဲမှနေ၍ လော့ဝူကျိ၏ လက်ထဲ၌ ပေါ်ထွက်လာခဲ့သည်။ ထိုလှံမှာ ထက်ရှပြီး ထိုးဖောက်နိုင်စွမ်းရှိသည့် အရှိန်အဝါများကို သဘာဝအလျောက် ထုတ်လွှတ်နေခဲ့သည်။
ဤလှံမှာ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုဖြစ်ပြီး အလွန်တရာ အစွမ်းထက်လှသည်။
စကားအဆုံးတွင် လော့ဝူကျိသည် မြေပြင်ကို အားဖြင့်ဆောင့်နင်းကာ လှံဖြင့် လင်းချန်ထံသို့ ထိုးနှက်လိုက်တော့သည်။
“ဗြဟ္မာတိုက်ပွဲလှံ...ပထမပုံစံ။”
“ဘုန်း...”
အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါများ ပါရှိသည့် ရွှေရောင်လှံရိပ်ကြီးတစ်ခုသည် ပုံဆောင်ခဲအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဝင်ရောက်သွားတော့သည်။
ကန္တာရကွင်းပြင်ကြီးမှာ ထိုခဏ၌ပင် တစ်စစီ ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝါကျင့်ကျင့် သဲဖုန်များမှာလည်း လေထဲတွင် လွင့်ပျံသွားကာ အရှေ့မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သည်အထိ ဖုံးလွှမ်းသွားတော့သည်။
လင်းချန်သည် ရွှေရောင်လှံပုံရိပ်မှာ သူ့ထံသို့ အသေအချာ ဦးတည်လာသည်ကို ခံစားမိလိုက်ပြီး ခေါင်းကိုအနည်းငယ် ငြိမ့်လိုက်သည်။
“မဆိုးပါဘူး...။ ဒါပေမဲ့ ဒါအကုန်ပဲလား။”
ထိုသို့ပြောလိုက်သော်လည်း သူသည် မည်သည့် ကာကွယ်မှုမှ မလုပ်ဘဲ မလှုပ်မယှက်ဘဲ ထိုနေရာမှာပင် ရပ်နေခဲ့သည်။
လင်းချန်၏ ပုံစံကို မြင်သောအခါ လော့ဝူကျိကမူ လင်းချန်တစ်ယောက် သူ့အရှိန်အဝါကြောင့် ကြောက်လန့်တုန်လှုပ်သွားသည်ဟု ထင်မှတ်ကာ အရုပ်ဆိုးစွာ ပြုံးလိုက်တော့၏။
“မျှော်လင့်ထားတဲ့အတိုင်းပဲ...။ မင်းလိုကောင်က စကားကြီးစကားကျယ် ပြောတာကလွဲရင် တခြားဘာမှ မတတ်ဘူး။”
“အခု... ပျက်စီးလိုက်စမ်း...။”
သူ၏ဗြဟ္မာတိုက်ပွဲလှံမှာ အဆင့်မြင့်ဗြဟ္မာတိုက်ပွဲခန္ဓာ ဒါဇင်ပေါင်းများစွာကို ပေါင်းစပ်ခဲ့သည့် အတွေ့အကြုံများပေါ် အခြေခံပြီး သူကိုယ်တိုင် ဖန်တီးထားသည့် အစွမ်းထက်သော နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်။
၎င်းမှာ သူနှင့်သာ ထိုက်တန်ပြီး သူ့အတွက် အသင့်တော်ဆုံးဖြစ်သော အစွမ်းထက် စွမ်းရည်တစ်ခုပင်။
ဤလူငယ်မှာ သူ၏ ဗြဟ္မာတိုက်ပွဲလှံ တစ်ချက်တည်းနှင့်ပင် အမှုန့်ဖြစ်သွားရသည်မှာ ထိုက်တန်ပေသည်။
“ဝုန်း...ဝုန်း”
ရွှေရောင်လှံရိပ်ကြီးသည် လင်းချန်ရပ်နေသော နေရာကို ထိမှန်သွား၏။ ထိုခဏချင်းမှာပင် လင်းချန်၏ နောက်ဘက် မိုင်ပေါင်းသောင်းချီရှိသော အရာခပ်သိမ်းမှာ ပြာကျပျက်စီးသွားလေတော့သည်။
ဝါကျင့်ကျင့် သဲဖုန်များ၊ ကန္တာရကွင်းပြင်၊ ဟင်းလင်းပြင်နှင့် တဟူးဟူးတိုက်ခတ်နေသော လေပြင်းများပင်လျှင် အကုန်အစင် ပျက်စီးသွားရသည်။
လော့ဝူကျိသည် ရွှေရောင်လှံကို ကိုင်စွဲကာ ကောင်းကင်ထက်တွင် ရပ်နေရင်း အောက်ဘက်မှ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို ငုံ့ကြည့်လိုက်၏။
“ဒါက ငါ့ကို စော်ကားတဲ့ အကျိုးဆက်ပဲ။ အတိတ်မှာလည်း ဒီလိုပဲ။ အနာဂတ်မှာလည်း ဒီလိုပဲ ဖြစ်နေမှာပဲ။”
သူ၏ မျက်နှာထက်တွင် ဝံ့ကြွားသော အပြုံးတစ်ခု တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ထိုအခိုက်မှာပင် အောက်ဘက်ရှိ ပျက်စီးမှုများကြားမှ အနည်းငယ် စိတ်ပျက်နေသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။
“ဒါက မင်းရဲ့ စွမ်းရည်လား။ ဒါလေးပဲလား။”
“ငါ မင်းအပေါ် ထားခဲ့တဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်လွန်းသွားပုံပဲ။ သုံးကွက်အထိ စောင့်နေရတာက နည်းနည်းတော့ ခက်ခဲလွန်းနေပြီ ထင်တယ်...။”
အောက်ဘက်မှ အသံကို ကြားလိုက်ရသောအခါ လော့ဝူကျိ၏ မျက်နှာအမူအရာမှာ အေးခဲသွား၏။ နောက်တစ်အခိုက်၌မူ သူသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
လင်းချန်သည် သူ၏ ဗြဟ္မာတိုက်ပွဲလှံ၏ အရှိန်အဝါကြောင့် ကြောက်လန့်တုန်လှုပ်သွားသည့်ပုံစံဖြင့် မည်သည့်ကာကွယ်မှုမှ မလုပ်ဘဲ မလှုပ်မယှက် ရပ်နေခဲ့သည်ကို သူ အသေအချာ မြင်လိုက်ရသည် မဟုတ်ပါလော။
ဆိုလိုသည်မှာ လင်းချန်သည် သူ၏ ဗြဟ္မာတိုက်ပွဲလှံတိုက်ကွက်ကို ရုပ်ခန္ဓာသက်သက်ဖြင့်သာ ခံယူခဲ့ခြင်း ဖြစ်သည်။
ရုပ်ခန္ဓာဖြင့် ခုခံပြီးသည်တောင်မှ စကားပြောနိုင်သေးရုံတင်မကဘဲ သူ့ကိုပါ လှောင်ပြောင်နေနိုင်သည်မှာ မယုံနိုင်စရာပင်။
ထိုအချိန်တွင် အောက်ဘက်မှ ရွှေရောင်လှံရိပ်ကြီးများမှာ လွင့်ပြယ်သွားပြီး မူလနေရာ၌ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သော လင်းချန်၏ ပုံရိပ်မှာ ပေါ်ထွက်လာတော့သည်။ အခြားနေရာအားလုံးမှာ ပျက်စီး၍ ဘာမျှမရှိတော့သော်လည်း သူရပ်နေသော နေရာလေးမှာမူ အစောပိုင်းကအတိုင်း ဘာမှမဖြစ်ဘဲ အကောင်းပကတိ ရှိနေဆဲပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လော့ဝူကျိ၏ မျက်နှာမှာ ပိုမို၍ ကြောက်လန့်တုန်လှုပ်သွားကာ လေထဲတွင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
အမှန်ပင်... ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။
သူ၏ ဗြဟ္မာတိုက်ပွဲလှံကို ရုပ်ခန္ဓာဖြင့် တိုက်ရိုက်ခံယူပြီးသည်တောင်မှ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရရှိဘဲ အကောင်းအတိုင်း ရှိနေနိုင်သည်လော။
ဤအချိန်တွင် လင်းချန်၏ မှော်ရတနာ ဝတ်ရုံမှာ အနည်းငယ် ပျက်စီးသွားပြီး အတွင်းဘက်မှ ပြီးပြည့်စုံလှသော သူ၏ ကြွက်သားများကို မြင်နေရသည်ကလွဲလျှင် မည်သည့် ဒဏ်ရာမျှ မရှိပေ။
ကြည့်ရသည်မှာ စောစောက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးမှာ သူ့အပေါ်သို့ လုံးဝကျရောက်ခြင်း မရှိခဲ့သကဲ့သို့ပင်။
လင်းချန်သည် သူ၏ အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး လော့ဝူကျိကို စိတ်မရှည်သော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
“နောက်ထပ် နှစ်ကွက် ကျန်သေးတယ်။ မင်း ထပ်ပြီး မတိုက်ခိုက်ဘူးဆိုရင် ငါ မင်းကို တကယ်ရိုက်သတ်ပစ်တော့မှာနော်။”
ဒီလူက စောစောက စကားတွေ အများကြီးပြောပြီး အော်ဟစ်နေခဲ့ပေမဲ့ သူ့စွမ်းအားက ဒီလောက်ပဲလား။ ဒီစွမ်းအားက သူ့ဖခင် လင်းဟောက်ရန်လောက်တောင် မသန်မာဘူးလို့ သူ ခံစားရတယ်။
လင်းချန် စကားဆုံးသည်နှင့် လော့ဝူကျိသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး မယုံကြည်နိုင်မှုများနှင့်အတူ သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ကာ မြေပြင်ပေါ်သို့ လှံရိပ်များကို အရူးတစ်ယောက်ကဲ့သို့ တရစပ် ထိုးနှက်လိုက်တော့သည်။
“မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သေစမ်း....။ ငါ့လက်ထဲမှာပဲ အခုချက်ချင်း သေလိုက်စမ်း။”
“ဝုန်း ဝုန်း ဝုန်း”
ရွှေရောင်လှံရိပ်များသည် အဆက်မပြတ် ပေါ်ထွက်လာပြီး ကောင်းကင်မှ ကျဆင်းလာသော လိုက်ကာကြီးတစ်ခုကဲ့သို့ လင်းချန်ရပ်နေသော နေရာအား လွှမ်းခြုံသွားတော့သည်။
ထိုလိုက်ကာကြီးကို ဖြစ်ပေါ်စေသော ရွှေရောင်လှံရိပ် တစ်ခုချင်းစီ၏ စွမ်းအားမှာ ယခင်တိုက်ကွက်ထက်ပင် ပိုမို အားကောင်းလှပေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါမျိုးမှာ သာမန် ကောင်းကင်တက်လှမ်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးအတွက်ပင် သေချာပေါက် သေဆုံးနိုင်သော အင်အားမျိုး ဖြစ်သည်။
အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ တရစပ် ထိုးနှက်ပြီးနောက်တွင်မှ လော့ဝူကျိ ရပ်တန့်လိုက်ပြီး အောက်ဘက်မှ လင်းချန်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလိုက်သည်။
ဤမျှကြီးမားသော တိုက်ခိုက်မှုအောက်တွင် လင်းချန်အနေဖြင့် ဘာမှမဖြစ်ဘဲ နေနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ကန္တာရကွင်းပြင်ထက်တွင်....။
လင်းချန်သည် အပေါ်မှ ကျဆင်းလာသော ရွှေရောင်လှံရိပ် လိုက်ကာကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
“ငါ မင်းကို သုံးကွက် အကြဪပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက သုံးကွက်ထက် ပိုသုံးလိုက်ပြီ မဟုတ်လား။”
“အဲ့ဒီလိုဆိုရင်တော့... ငါ မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်တော့မယ်။”
ထိုသို့ပြောနေစဉ်မှာပင် လင်းချန်သည် ငွေရောင်နှင့် မီးခိုးရောင်များ ရောယှက်နေသော ဖိရိုဖရဲ ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားသည့် သူ၏ လက်ဝါးကို မြှောက်လိုက်လေသည်။
ထို့နောက် သူသည် အပေါ်မှ ကျဆင်းလာသော ရွှေရောင်လှံရိပ် လိုက်ကာကြီးထံသို့ အသာအယာ တွန်းထုတ်လိုက်တော့၏။
“ဖရိုဖရဲလက်ဝါး...။”
ဖရိုဖရဲလက်ဝါးသည် ဖရိုဖရဲလက်သီးကဲ့သို့ပင် သူကိုယ်တိုင် ဖန်တီးထားသည့် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော်လည်း အသုံးပြုပုံချင်းမှာမူ ကွာခြားသည်။ ဖရိုဖရဲလက်သီးမှာ တစ်ဦးချင်းတိုက်ခိုက်ရာတွင် အစွမ်းထက်ပြီး ဖရိုဖရဲလက်ဝါးမှာမူ အစုအဖွဲ့လိုက် တိုက်ခိုက်ချေမှုန်းရန်အတွက် ဖြစ်သည်။
လော့ဝူကျိကို လက်ဝါးနှင့်ရိုက်သတ်မည်ဟု သူပြောခဲ့ပြီးဖြစ်၍ ကတိအတိုင်း တည်ရပေမည်။ ဤလူက တကယ်ကို ဝံ့ကြွားလွန်းလှသည်မဟုတ်ပါလော။ ဤလက်ဝါးတိုက်ကွက်တွင် သူသည် မိမိ၏ အလုံစုံသောခွန်အားကို အသုံးပြုလိုက်၏။
“ဝုန်း...”
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ငွေရောင်နှင့် မီးခိုးရောင် ရောစပ်ထားသည့် လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်လှံရိပ် လိုက်ကာကြီးကို အရှိန်အဟုန်ဖြင့် တွန်းထုတ်ပစ်လိုက်သည်။ နောက်တစ်ခဏချင်းမှာပင် ကောင်းကင်ယံကြီးတစ်ခုလုံး တစ်စစီကွဲအက်သွားသကဲ့သို့ ဖြစ်သွားပြီး အရာခပ်သိမ်းမှာလည်း ချုပ်ငြိမ်းပျောက်ကွယ်သွားတော့သည်။
ရွှေရောင်လှံရိပ်လိုက်ကာကြီးမှာ ဘာဖြစ်သွားသနည်း။
ရွှေရောင်လှံရိပ်များ လုံးဝမကျန်ရှိတော့ဘဲ ကောင်းကင်ပြင်တစ်ခုလုံး၏နေရာတွင် အစားထိုးနေရာယူထားသည့် ငွေရောင်နှင့် မီးခိုးရောင် လက်ဝါးကြီးတစ်ခုသာ ကန္တာရကွင်းပြင်ထက်တွင် ကျန်ရစ်တော့လေသည်။
လော့ဝူကျိ၏ ပုံရိပ်မှာလည်း မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်းမသိရဘဲ အစအနပင် မကျန်ရှိတော့ချေ။
“နတ်ဘုရားမျှော်စင်၊ ပင်မမျှော်စင်၏ ဒုတိယထပ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် စိန်ခေါ်သူ လင်းချန်အား ဂုဏ်ပြုပါတယ်။”
အခန်း ၃၂- နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်နှင့် မျှော်စင်ခွဲတို့အကြား ဆက်နွယ်မှု၊ ပါရမီရှင်များ နတ်ဘုရားမျှော်စင်၏ မျှော်စင်ခွဲအတွက် စတင်ယှဉ်ပြိုင်ကြခြင်း
လင်းချန်သည် လူသူကင်းမဲ့သော လွင်ပြင်ထက်တွင် ရပ်နေရင်း သူ၏လက်ဖဝါးကို ပြန်ရုပ်သိမ်းကာ နှုတ်ခမ်းကို မဲ့လိုက်၏။
“ဒီလောက်လေးပဲ ရှိတာကို ဘာတွေ မောက်မာနေတာလဲ။”
သူသည် ဤသို့ပြုမူရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။ လော့ဝူကျီသည် အလွန်အမင်း မောက်မာလွန်းလှပြီး သူ့ထက်ပင် ပို၍ဆိုးနေသည်။ သူ လင်းချန်အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ့ထက် ပို၍မောက်မာခွင့် မပေးနိုင်ပေ။
“စိန်ခေါ်သူ လင်းချန် သင်သည် နတ်ဘုရားမျှော်စင်၊ ပင်မမျှော်စင်၏ ဒုတိယထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ မိုင်တစ်ထောင်စာ ကံတရားကောင်းချီးနှင့် ကောင်းကင်ဘုံတာအို၏လက်ဆောင် တစ်ခုကို ရရှိပြီပါသည်။”
“ပထမထပ်မှ ရရှိသောဆုလာဘ်များနှင့် ပေါင်းစပ်လိုက်လျှင် ယခုအခါ သင်သည် စုစုပေါင်း ကံတရားကောင်းချီး မိုင်ပေါင်း တစ်ထောင့်သုံးရာနှင့် ကောင်းကင်ဘုံလက်ဆောင် နှစ်ခုကို စုဆောင်းမိပြီဖြစ်သည်။”
“စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်မလား။ ဒါမှမဟုတ် အခုပဲ အဆုံးသတ်ပြီး သင့်ရဲ့ဆုလာဘ်တွေကို ရယူမလား။”
အလွန်တရာ ခန့်ညားထည်ဝါသော အသံတစ်ခုသည် လွင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်လာ၏။ ထိုအသံကို ကြားလိုက်ရသောအခါ လင်းချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“စိန်ခေါ်မှုကို ဆက်လုပ်မယ်။ ငါ့အတွက် အနားယူဖို့ အချိန်မလိုဘူး။ တတိယထပ်ကို အခုချက်ချင်း စလိုက်တော့။”
စောစောက လက်ဖဝါးရိုက်ချက်မှာ သူ သွေးပူရုံပင် ရှိသေးသည်။ ပင်ပန်းနွမ်းနယ်သွားခြင်း လုံးဝမရှိပေ။ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင် အနည်းငယ်မှာလည်း အသက်ရှူရုံမျှဖြင့် ပြန်လည်ပြည့်ဖြည့်သွားခဲ့ပြီဖြစ်သည်။
“ဒါဆိုရင်တော့... မင်း ကံကောင်းပါစေ။”
ခန့်ညားထည်ဝါသော ထိုအသံကြီး ထပ်မံထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲသွားခဲ့သည်။ လွင်ပြင်ကြီး ပျောက်ကွယ်သွားပြီး သမုဒ္ဒရာပြင်ကြီးဖြင့်သာ ဖွဲ့စည်းထားသော ကမ္ဘာတစ်ခု ရောက်ရှိလာခဲ့သည်။ ထိုသမုဒ္ဒရာပြင်ထက်တွင် အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။
လင်းချန် ရောက်ရှိလာသည်ကို မြင်သောအခါ ထိုအမျိုးသမီးက နူးညံ့စွာ ပြုံးပြလိုက်သည်။
“စိန်ခေါ်သူ... နောက်ဆုံးတော့ နင် ရောက်လာခဲ့ပြီပဲ။”
ထိုစကားကို ကြားသောအခါ လင်းချန်က မျက်ခုံးပင့်လိုက်မိသည်။ ဤအမျိုးသမီးက ဤထပ်အတွက် မျှော်စင်အစောင့်အရှောက်လော။ ဤအစောင့်အရှောက်မှာ ဟို လော့ဝူကျီ ထက်စာလျှင် ပို၍ သာမန်လူနှင့် တူနေပုံရသည်။
ပြင်ပလောကတွင်...။
ကောင်းကင်ထက်၌ ရွှေအိုရောင် နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းသည် ရုတ်တရက် တုန်ခါသွား၏။ မူလက နံပါတ် ၉၉ နေရာတွင် ရှိနေသော လင်းချန်၏ အမည်သည် နံပါတ် ၉၈ နေရာသို့ တိုးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မူလက နံပါတ် ၉၈ ဖြစ်သော လော့ဝူကျီမှာ အောက်ဆုံးအဆင့်သို့ ပြုတ်ကျသွားပြီး အဆင့် ၉၉ နေရာသို့ ရောက်ရှိသွားခဲ့သည်။ ထိုနှင့်အတူ ကောင်းကင်ဘုံ၏ ခန့်ညားထည်ဝါသော အသံသည် တာအိုပြည်နယ်သုံးထောင်လုံးသို့ ပျံ့လွင့်သွားခဲ့၏။
“ရှေးဟောင်းလင်းမိသားစုမှ လင်းချန်ဟာ နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ရဲ့ ဒုတိယထပ်ကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ သူသည် ကံတရားကောင်းချီး မိုင်တစ်ထောင်နှင့် ကောင်းကင်ဘုံတာအို၏လက်ဆောင် အခွင့်အရေးတစ်ခုကို ရရှိသည်။”
ထိုအသံ ထွက်ပေါ်လာသည်နှင့် တာအိုပြည်နယ်သုံးထောင်လုံး နောက်တစ်ကြိမ် ထပ်မံ လှုပ်ခတ်သွားခဲ့၏။ ရှေးဟောင်းပညာရှင် အချို့မှာ မယုံကြည်နိုင်စွာဖြင့် ကောင်းကင်သို့ ပျံတက်ကြည့်ရှုရင်း နတ်ဘုရားအဆင့်စာရင်းကို စိုက်ကြည့်နေကြသည်။
ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်က မျှော်စင်စိန်ခေါ်မှုကို တကယ်ပဲ ထပ်ပြီးအောင်မြင်သွားတာလား။ သူ တာအိုပြည်နယ်သုံးထောင်ရဲ့ သမိုင်းတစ်လျှောက် ၉၈ ယောက်မြောက် အသန်မာဆုံး ထာဝရပါရမီရှင် ဖြစ်လာခဲ့ပြီလား။
အမှန်ပင်။ နတ်ဘုရားအဆင့်စာရင်းတွင် လင်းချန်၏အမည်မှာ အဆင့် ၉၈ နေရာ၌ ထင်ရှားစွာ ပေါ်ထွက်နေခဲ့သည်။ လင်းချန်သည် အဆင့် ၉၈ နေရာရှိ လော့ဝူကျီကို အမှန်တကယ် အနိုင်ယူပြီး အဆင့်သစ်တစ်ခုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
ဗြဟ္မာပြည်နယ်၊ ဗြဟ္မာမြင့်မြတ်နယ်မြေ...။
ရှေးဟောင်း ကွာစီဧကရာဇ်တစ်ဦးသည် ကောင်းကင်တွင် ရပ်နေရင်း နတ်ဘုရားအဆင့်စာရင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီးနောက် စိတ်ကယောင်ကတမ်း အော်ဟစ်လိုက်တော့သည်။
“ငါတို့ ဗြဟ္မာမြင့်မြတ်နယ်မြေရဲ့ ဘိုးဘေး၊ အစွမ်းထက်လှတဲ့ ဘိုးဘေး လော့ဝူကျီက တူညီတဲ့ ကျင့်စဉ်အဆင့်မှာ လင်းချန်ကို ရှုံးနိမ့်သွားတာလား။”
“ဘိုးဘေး... သူက အောင်မြင်မှုအဆင့်ရှိတဲ့ ဗြဟ္မာတိုက်ပွဲခန္ဓာပေါင်း သုံးဆယ်ကျော်ကို ပေါင်းစပ်ထားနိုင်ခဲ့တာလေ။”
“သူ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ။”
ဗြဟ္မာမြင့်မြတ်နယ်မြေအတွင်းရှိ မရေတွက်နိုင်သော ပညာရှင်များနှင့် တပည့်များသည် သူတို့ ဘိုးဘေးကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြသည်။
အမှန်ပင်။ ဘိုးဘေးက ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မည်နည်း။ ဤခေတ်ကြီးထဲတွင် သူတို့ဗြဟ္မာမြင့်မြတ်နယ်မြေ၏ ဘိုးဘေး လော့ဝူကျီကို တူညီသော အဆင့်တွင် အနိုင်ယူနိုင်သည့် ပါရမီရှင်တစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့ချေပြီ။
ထိုလင်းချန်ဆိုသူက တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား။
ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ဖူကွမ်းမြို့တော်ရှိ နတ်ဘုရားမျှော်စင် အပြင်ဘက်တွင်မူ...
ယွမ်ချန်းချိုးသည် သူ၏အခြေအနေကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ပြီးကာစသာရှိသေးသော်လည်း ကောင်းကင်ဘုံ၏ ကြေညာချက်ကို ကြားလိုက်ရ၏။ ခဏတာမျှ သူ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့ရသည်။
လင်းချန်သည် နတ်ဘုရားမျှော်စင်တွင် နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်မံတိုးသွားခဲ့ပြန်ပြီ။
တစ်ဖက်တွင်မူ သူသည် လင်းချန်၏ ပုံရိပ်ယောင်ကို ရင်ဆိုင်ရာ၌ အကွက်နှစ်ဆယ်ကျော်အောင် မည်သို့ခံစစ်ကစားရမည်ကိုပင် ရုန်းကန်နေရဆဲ ဖြစ်သည်။
အနီးအနားတွင် ကြီးမားသော လိပ်နက်ကြီးတစ်ကောင်နှင့် ကျားဖြူဦးခေါင်းရှိသည့် သန်မာသော လူငယ်တစ်ဦးတို့ကလည်း တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ သူတို့သည် ပါရမီရှင်အဆင့်စာရင်း၏ အဆင့် (၈) နှင့် (၉) တွင် ရှိနေကြသော မိစ္ဆာမျိုးနွယ်မှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့နှင့် ယွမ်ချန်းချိုးတို့ အားလုံးသည် လင်းချန် စောင့်ကြပ်နေသော နတ်ဘုရားမျှော်စင်၏ ပထမထပ်ကို စိန်ခေါ်ရန် ကြိုးစားခဲ့ကြ၏။
ရလဒ်မှာမူ အလွန်ပင် ရက်စက်လှပေသည်။ သူတို့သည် ၁၀ ကွက် မပြည့်ခင်မှာပင် အရေးနိမ့်ခဲ့ကြပြီး မည်သည့်ခုခံမှုကိုမျှ မလုပ်ဆောင်နိုင်ခဲ့ကြချေ။ လင်းချန်သည် ထိုစဉ်က သူ၏ ခွန်အားအစစ်အမှန်ကိုပင် အသုံးမပြုဘဲ ပေါ့ပေါ့ပါးပါး တိုက်ခိုက်ရုံဖြင့် သူတို့ကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်ဟုပင် သူတို့ ခံစားနေရသည်။
ထိုထူးဆန်းသော လူသားသည် ယခုအခါ နောက်ထပ် အစစ်အမှန် ထာဝရပါရမီရှင်တစ်ဦးကို အနိုင်ယူလိုက်ပြန်ပြီလော။
ပတ်ဝန်းကျင်တွင် တာအိုပြည်နယ်သုံးထောင်မှ မရေတွက်နိုင်သော ထိပ်တန်း ပါရမီရှင်များသည် ဖူကွမ်းမြို့တော်၏ ကောင်းကင်ထက်၌ နေရာယူထားကြ၏။ သို့သော် သူတို့၏ မျက်နှာများတွင်မူ ထုံထိုင်းမှုနှင့် ခါးသီးသော အပြုံးများသာ ရှိနေကြတော့သည်။
သူတို့ထဲတွင် ခေတ်ပြိုင်ပါရမီရှင်များနှင့် ခေတ်တစ်ခုလုံးကို နင်းချေနိုင်သည်ဟု ယုံကြည်ထားကြသော ရှေးဟောင်းလူထူးလူဆန်းများလည်း ပါဝင်သည်။ သို့သော် ယခုအခါတွင်မူ သူတို့နှင့် စစ်မှန်သော မိစ္ဆာကောင်ကြားရှိ ကွာဟချက်ကို နားလည်သွားကြပြီ ဖြစ်သည်။
ယန်လျိုရှားသည် သူမ၏ ရွှေရောင်ရထားလုံးပေါ်တွင် ထိုင်နေရင်း နက်ရှိုင်းသော အပြုံးတစ်ခုကို ပြုံးလိုက်၏။
“လင်းချန်... နင်က တကယ်ကို စိတ်ကူးလို့မရနိုင်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။”
နတ်ဘုရားမျှော်စင်သို့ ရောက်ရှိလာကတည်းက သူမသည် ချက်ချင်း စိန်မခေါ်သေးဘဲ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့သည်။ ပထမဆုံး စိန်ခေါ်ခဲ့ကြသည့် ပါရမီရှင်များအားလုံး ပင်မမျှော်စင်တွင် ရှုံးနိမ့်ခဲ့ကြပြီး လင်းချန်တစ်ဦးတည်းသာ အောင်မြင်ခဲ့သည်ကို သူမ သတိထားမိသည်။
ပါရမီရှင်စာရင်း အဆင့် ၂ ဖြစ်သော လင်းရှန်ဟဲပင်လျှင် ရှေးဟောင်းလင်းမိသားစု၏ မိသားစုခေါင်းဆောင် လင်းဟောက်ရန်နှင့် တူညီသောအဆင့်တွင် ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်ခဲ့သည်။
ထို့နောက်တွင် လင်းရှန်ဟဲသည် ထပ်မံစိန်မခေါ်တော့ဘဲ ရှေးဟောင်းလင်းမိသားစုမှ အခြားပါရမီရှင်များနှင့်အတူ စုဝေးကာ တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ဤအချက်များအားလုံးက လင်းချန်၏ ခွန်အားသည် သူတို့ထက် များစွာ သာလွန်နေကြောင်း ထင်ရှားစေခဲ့သည်။
မဟာဧကရာဇ်တစ်ပါး၏ လူဝင်စားဖြစ်သော်လည်း လက်ရှိလင်းချန်မှာ သူမထက်ပင် ပို၍အစွမ်းထက်နေပြီး နှိုင်းယှဉ်၍မရနိုင်ကြောင်း သူမ ဝန်ခံရပေမည်။ ယန်လျိုရှားသည် သူမ၏စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် သူမ၏ ရွှေရောင်ရထားလုံးပေါ်မှ ပထမဆုံးအကြိမ်အဖြစ် ဆင်းသက်ကာ နတ်ဘုရားမျှော်စင်ရှိရာသို့ ချဉ်းကပ်သွားခဲ့သည်။
သူမသည် မျှော်စင်ကို စိန်ခေါ်ရန် ရည်ရွယ်ထားသော်လည်း ပင်မမျှော်စင်ကို မဟုတ်ဘဲ မျှော်စင်ခွဲကိုသာ စိန်ခေါ်ရန် ရွေးချယ်လိုက်တော့သည်။
မျှော်စင်ခွဲကို ကောင်းကင်ဘုံတာအိုက ခက်ခဲမှုလျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် တင်ပြထားသော်လည်း...၎င်းသည် ကောင်းကင်ဘုံတာအိုက ပြောသကဲ့သို့ ရိုးရှင်းမည်မဟုတ်ကြောင်း ယန်လျိုရှား မြင်နိုင်လေသည်။
၎င်းမှာ ကောင်းကင်ဘုံတာအိုက သူတို့အတွက် ချန်ထားရစ်ခဲ့သော နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ခြေ ရှိသည်။
ဤနတ်ဘုရားမျှော်စင်၏ မျှော်စင်ခွဲ တည်ရှိနေခြင်းသည် ဤထိပ်တန်း ပါရမီရှင်များ၏ ခွန်အား၊ အခြေခံအုတ်မြစ်နှင့် တူညီသောကျင့်စဉ်အဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည်တို့ကို မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်၏။ ဤသို့ဖြင့် သူတို့၏ ခွန်အားသည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကို စိန်ခေါ်ရန် လိုအပ်သော စံနှုန်းသို့ ရောက်ရှိလာမည် ဖြစ်သည်။
လင်းချန်ကဲ့သို့ မိစ္ဆာကောင်တစ်ဦးသာလျှင် စည်းမျဉ်းများကို တိုက်ရိုက်ချိုးဖျက်ကာ သူ၏ ကြီးမားလှသော အခြေခံအုတ်မြစ်နှင့် ခွန်အားကို အသုံးပြု၍ မျှော်စင်ခွဲ၏ တိုးတက်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး အရာအားလုံးကို အသာစီးဖြင့် အပြတ်အသတ် နင်းခြေသွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေအိုရောင် နတ်ဘုရားမျှော်စင်ကို စိုက်ကြည့်ရင်း ယန်လျိုရှား၏ မျက်လုံးများတွင် ယုံကြည်ချက်အပြည့် ရှိနေခဲ့လေသည်။ သူမ၏ တွေးဆချက်မှာ မှန်ကန်ကြောင်းနှင့် အမှန်တရားမှာ သူမထင်ထားသကဲ့သို့သာ ဖြစ်ရမည်ဟု သူမ ယုံကြည်သည်။ မည်သို့မျှ မတွန့်ဆုတ်တော့ဘဲ ယန်လျိုရှားသည် ရှေ့သို့လှမ်းကာ နတ်ဘုရားမျှော်စင်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့လေသည်။
ယန်လျိုရှား၏ လုပ်ဆောင်ချက်သည် ထိုနေရာရှိ ပါရမီရှင်အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့၏။ ပါရမီရှင်စာရင်း၏ တတိယနေရာတွင် ရှိနေသော ဤရှေးဟောင်းလူထူးလူဆန်းသည် နောက်ဆုံး၌ နတ်ဘုရားမျှော်စင်ကို စိန်ခေါ်တော့မည်လော။
ယန်လျိုရှားသည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကို အောင်မြင်စွာ စိန်ခေါ်နိုင်သည့် ဒုတိယမြောက် ပါရမီရှင် ဖြစ်လာမလားဟု သူတို့ သိချင်နေကြသည်။ ယန်လျိုရှားသည် ပင်မမျှော်စင်ကို မဟုတ်ဘဲ မျှော်စင်ခွဲကို စိန်ခေါ်ရန် ရွေးချယ်ခဲ့သည်ကိုမူ သူတို့ မသိကြချေ။
အနည်းငယ် ကျယ်ဝန်းသော နေရာတစ်ခုတွင် လင်းရှန်ဟဲ၊ လင်းထင်ထောင်း၊ လင်းဟွမ်ရှန်းနှင့် အခြားသော ရှေးဟောင်းလင်းမိသားစု၏ ပါရမီရှင်များ စုဝေးနေကြ၏။ ယခင်က သူတို့အားလုံးသည် ပင်မမျှော်စင်ကို စိန်ခေါ်ရန် ရွေးချယ်ခဲ့ကြသော်လည်း ချွင်းချက်မရှိ အားလုံး ရှုံးနိမ့်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့သည် မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမပြုလုပ်ဘဲ ထိုနေရာတွင်ပင် စုဝေးနေခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် ပင်မမျှော်စင်နှင့် မျှော်စင်ခွဲတို့အကြားရှိ ဆက်နွယ်မှုကို စဉ်းစားနေကြ၏။ ၎င်းတို့နှစ်ခုကြားတွင် တစ်စုံတစ်ရာသော ဆက်စပ်မှု ရှိရမည်ဟု သူတို့ ခပ်ရေးရေး ခံစားနေရသည်။ ကောင်းကင်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ လင်းရှန်ဟဲက အသက်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“နတ်ဘုရားသားတော်က နတ်ဘုရားမျှော်စင်ရဲ့ နောက်ထပ်တစ်ထပ်ကို ထပ်ပြီး အောင်မြင်သွားပြန်ပြီ။ ဒါက ငါတို့ စိန်ခေါ်ရမယ့် နောက်ထပ်ပြိုင်ဘက်ဟာ အဆင့် ၉၈ မှာ ရှိခဲ့တဲ့ လော့ဝူကျီ ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ငါတို့ရဲ့ လက်ရှိ အခြေခံအုတ်မြစ်တွေနဲ့ဆိုရင် စိန်ခေါ်မှုမှာ အောင်မြင်ဖို့ အခွင့်အရေး မရှိသေးဘူး။”
ထိုစကားကို ကြားသောအခါ လင်းထင်ထောင်းနှင့် အခြားသော လင်းမိသားစု ပါရမီရှင်များက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ မိသားစုခေါင်းဆောင် လင်းဟောက်ရန်သည် နတ်ဘုရားအဆင့်စာရင်း၏ အောက်ဆုံးတွင်သာ ရှိသော်လည်း သူတို့ကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။ အဆင့်တစ်ဆင့် ပိုမြင့်သော လော့ဝူကျီမှာ ပို၍ပင် အစွမ်းထက်မည်မှာ အသေအချာပင်။
လင်းရှန်ဟဲသည် ပါရမီရှင်များကို ကြည့်ကာ သူ၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။
“ဒါကြောင့် ငါကတော့ အခြေခံအုတ်မြစ်နဲ့ ခွန်အားတွေကို စုဆောင်းဖို့၊ ပြီးတော့ ငါ့ရဲ့ လက်ရှိအားနည်းချက်တွေကို ရှာဖွေဖို့အတွက် မျှော်စင်ခွဲကို အရင်ဆုံး စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီ။”
“တစ်ခါတည်းနဲ့ မျှော်စင်ခွဲထဲမှာ ငါ့ရဲ့ ခွန်အားနဲ့ အခြေခံကို မြှင့်တင်ပေးနိုင်မယ့် ရတနာတွေကိုတောင် ရရှိနိုင်မလားဆိုတာ မသိနိုင်ဘူးလေ။”
ထိုစကားကြောင့် လူတိုင်း၏ မျက်လုံးများ တောက်ပသွားခဲ့၏။ ဤဆုံးဖြတ်ချက်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်ပုံရလေသည်။ လက်ရှိတွင် ကောင်းကင်ထက်ရှိ ရွှေရောင်မျှော်စင်ခွဲ အဆင့်စာရင်းတွင် အများဆုံး အောင်မြင်ထားသည့် အထပ်အရေအတွက်မှာ (၃၁) ထပ် ဖြစ်သည်။ မျှော်စင်ခွဲစာရင်းတွင် အဆင့် (၁) ရရှိထားသော ပါရမီရှင်မှာလည်း ပါရမီရှင်စာရင်း၏ အဆင့် (၇၀) ဝန်းကျင်တွင် ရှိနေသူ ဖြစ်သည်။
သို့သော် ထိုပါရမီရှင်သည် စိန်ခေါ်မှုပြီးဆုံးသွားချိန်တွင် သူ၏ ခွန်အားနှင့် အခြေခံအုတ်မြစ်မှာ သိသိသာသာ တိုးတက်လာခဲ့သည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။ သူသည် ပါရမီရှင်စာရင်းတွင် အဆင့် (၇၀) ကျော်၌သာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် (၆၀) ကျော်ရှိသူများစွာကိုပင် ကျော်လွန်နေလောက်ပြီ ဖြစ်သည်။
အကယ်၍ သူတို့သာ မျှော်စင်ခွဲကို စိန်ခေါ်မည်ဆိုပါက အလားတူ တိုးတက်မှုမျိုးကို ရရှိနိုင်ပေလိမ့်မည်။ ထို့နောက်မှ ပင်မမျှော်စင်ကို ထပ်မံကြိုးစားပါက မျှော်လင့်မထားသော ရလဒ်ကောင်းများ ရရှိနိုင်ပေသည်။
လင်းထင်ထောင်းနှင့် အခြားပါရမီရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လေးနက်စွာ ပြောဆိုလိုက်ကြ၏။
“ကောင်းပြီ။ ငါတို့အားလုံး မျှော်စင်ခွဲကို သွားပြီး စိန်ခေါ်ကြစို့။”
နတ်ဘုရားသားတော်က ပင်မမျှော်စင်ရဲ့ ဒုတိယထပ်ကိုတောင် အောင်မြင်သွားပြီ။ သူတို့အနေနဲ့ ရှေးဟောင်းလင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ အဆင့်သတ်မှတ်ချက်စာရင်း တစ်ခုခုမှာ သူတို့နာမည်တွေကို ချန်ထားရစ်ခဲ့ရမယ်။
ရှေးဟောင်းလင်းမိသားစုမှ ပါရမီရှင်များသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နတ်ဘုရားမျှော်စင်ဆီသို့ ဦးတည်ကာ ထွက်ခွာသွားကြတော့သည်။ ရှေးဟောင်းလင်းမိသားစုမှ ပါရမီရှင်များ အစုလိုက်အပြုံလိုက် မျှော်စင်အတွင်းသို့ ဝင်ရောက်သွားသည့် မြင်ကွင်းက အခြားသော ပါရမီရှင်များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ဒီရှေးဟောင်းလင်းမိသားစုက ပါရမီရှင်တွေ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ။ သူတို့က ပင်မမျှော်စင်ကို စိန်ခေါ်ဖို့ လက်မလျှော့သေးတာလား။
ဤသည်ကို မြင်သောအခါ ယွမ်ချန်းချိုး၊ ကျားဖြူမျိုးနွယ်မှ ပိုင်ကူနှင့် လိပ်နက်မျိုးနွယ်မှ ရွှမ်းကျွင်းတို့၏ မျက်လုံးများ လှုပ်ခတ်သွားကြသည်။ သူတို့သည်လည်း အပြင်ဘက်တွင် ဆက်မနေတော့ဘဲ နတ်ဘုရားမျှော်စင်အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားကြပြန်သည်။
နတ်ဘုရားမျှော်စင်သည် သုံးရက်သာ ပေါ်ထွန်းမည်ဖြစ်သည်။ ဤသုံးရက်အတွင်း သူတို့သည် နတ်ဘုရားအဆင့်စာရင်းတွင် နာမည်ချန်ထားရစ်နိုင်ရန်နှင့် မိမိတို့၏ ခွန်အားကို ပြန်လည်သွေးယူရန် ကြိုးစားရမည်ဖြစ်သည်။ သူတို့သည်လည်း မျှော်စင်ခွဲကိုသာ စိန်ခေါ်ရန် ဆုံးဖြတ်လိုက်ကြတော့လေသည်။
စစ်မှန်သော နတ်ဘုရားအဆင့်စာရင်းတွင် နာမည်မသွင်းနိုင်သေးသရွေ့ ဒုတိယအကောင်းဆုံးအရာအဖြစ် မျှော်စင်ခွဲ၏ အဆင့်စာရင်းကိုသာ အရင်ဆုံး ရည်မှန်းလိုက်ကြခြင်း ဖြစ်သည်။
ထိုနေရာရှိ အခြားသော ပါရမီရှင်စာရင်းဝင်များမှာလည်း ထိပ်တန်းအဆင့်ရှိ ရွယ်တူများစွာ မျှော်စင်အတွင်း ဝင်ရောက်သွားသည်ကို မြင်သောအခါ ခဏတာ ဝေခွဲမရဖြစ်နေပြီးနောက် အားလုံး လိုက်ပါသွားကြတော့သည်။
ထားလိုက်ပါတော့...။ ပင်မမျှော်စင်ဆိုတာ လောလောဆယ် သူတို့နဲ့ မထိုက်တန်သေးဘူး။ အဲ့ဒီအစား မျှော်စင်ခွဲရဲ့ အဆင့်စာရင်းအတွက်ပဲ ယှဉ်ပြိုင်ကြတာပေါ့။
ခေတ္တခဏအတွင်းမှာပင် ပါရမီရှင်အဆင့်စာရင်းရှိ ပါရမီရှင်အားလုံးနီးပါး နတ်ဘုရားမျှော်စင်အတွင်းသို့ ဝင်ရောက်သွားကြသည်။ ကျန်ရှိနေသော အခြားပါရမီရှင်များမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြလေသည်။
ဒီပါရမီရှင်စာရင်းဝင်တွေ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားကြတာလား။