← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း ၃၅ - စိုးရိမ်ရမယ့်သူက အဲ့ဒီတားမြစ်နယ်မြေရဲ့ အရှင်သခင်ပဲ၊ အဆင့်များကို ဆက်တိုက်ဖြတ်ကျော်ခြင်း၊ နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၆၆

တာအိုပြည်နယ်သုံးထောင်တစ်လွှားရှိ မရေတွက်နိုင်သော သက်ရှိများနှင့် ပညာရှင်အပေါင်းတို့သည် သူတို့လုပ်ဆောင်နေသမျှကို ရပ်တန့်လိုက်ကြပြီး နားထဲတွင် ဟိန်းထွက်လာသော အသံကို အလွန်အမင်း အံ့အားသင့်သော မျက်နှာအမူအရာများဖြင့် နားစွင့်နေကြသည်။

ဒါက ဘယ်လိုအခြေအနေမျိုးလဲ။ လင်းချန်က ဘယ်လိုလုပ်ပြီး နတ်ဘုရားမျှော်စင်ရဲ့ ၁၄ ထပ်မြောက်ကို ရုတ်တရက်ကြီး ရောက်သွားရတာလဲ။ အရေးကြီးဆုံးအချက်မှာ သူက ထိုအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုစဉ်မှာပင် ကောင်းကင်ယံ၏အနက်ရှိုင်းဆုံးဆီမှ ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံ၏ အသံကြီး ဆက်တိုက် ပဲ့တင်ထပ်လာခဲ့သည်။

“ရှေးဟောင်းလင်းမိသားစုမှ လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်၏ ၁၄ ထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၈၆ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါပြီ။”

တာအိုပြည်နယ်သုံးထောင်မှ ပညာရှင်များ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ ယခင်က လင်းချန်သည် ပင်မမျှော်စင်၏ စတုတ္ထထပ်ကိုသာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မကြာမီအချိန်အတွင်းမှာပင် လင်းချန်သည် အဆင့်များကို တိုက်ရိုက်ကျော်တက်သွားပြီး ပင်မမျှော်စင်၏ ၁၄ ထပ်မြောက်ကို အောင်မြင်သွားခဲ့လေပြီ။

အင်အားစုအသီးသီးမှ ပညာရှင်များသည် ကောင်းကင်ယံရှိ အလွန်တရာ ထင်ရှားလှသော ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို မသိစိတ်မှ လှမ်းကြည့်လိုက်ကြ၏။ သူတို့ ထင်ထားသည့်အတိုင်းပင် လင်းချန်၏အမည်မှာ အဆင့် ၈၆ နေရာသို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

[နတ်ဘုရားအဆင့်စာရင်း၊ အဆင့် ၈၆ - ရှေးဟောင်းလင်းမိသားစု၊ လင်းချန်။]

နတ်ဘုရားအဆင့်စာရင်းရှိ အဆင့်သတ်မှတ်ချက်အရ လင်းချန်သည် ပင်မမျှော်စင်၏ ၁၄ ထပ်မြောက်ကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ကြောင်း သက်သေပြနေခဲ့လေသည်။

လင်းချန်သည် အဘယ်ကြောင့် စတုတ္ထထပ်မှ ၁၄ ထပ်သို့ တိုက်ရိုက်ခုန်တက်သွားနိုင်သနည်းဆိုသည်ကို သူတို့မသိသော်လည်း ယခုအခါ ဤအကြောင်းအရာမှာ သူတို့အတွက် ပြောင်းလဲ၍မရသော အမှန်တရားတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

နတ်ဘုရားမျှော်စင် အပြင်ဘက်တွင်မူ...

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဤနေရာတွင် ကျန်ရှိနေသော ပါရမီရှင်များမှာ အလွန်ပင် နည်းပါးသွားခဲ့ပြီဖြစ်သည်။ မျှော်စင်စိန်ခေါ်ရာ၌ ရှုံးနိမ့်ပြီး မျှော်စင်အတွင်းမှ ထုတ်ပယ်ခံလိုက်ရသော ပါရမီရှင်အချို့သာ ရံဖန်ရံခါ ပေါ်ထွက်လာတော့သည်။

နတ်ဘုရားမျှော်စင်သို့ ရောက်ရှိလာကြသော ပါရမီရှင်အားလုံးမှာ ပင်မမျှော်စင်ကို စိန်ခေါ်ရန် ဇွတ်မှိတ်မကြိုးစားကြတော့ဘဲ မျှော်စင်ခွဲများအတွင်းသို့သာ စုပြုံဝင်ရောက်ကာ စိန်ခေါ်မှုများကို စတင်နေကြပြီ ဖြစ်သည်။ သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် မျှော်စင်ခွဲများ၏ သက်ဆိုင်ရာ အထပ်များကို ဖြတ်ကျော်ပြီးနောက် ရရှိလာသော ဆုလာဘ်များက သူတို့၏ ခွန်အားကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေခဲ့သည်။

ဤကဲ့သို့သော တိုးတက်မှုမှာ ပါရမီရှင်တိုင်းအတွက် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပါရမီရှင်အဆင့်စာရင်းမှ ထိပ်တန်းပါရမီရှင်များအတွက်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။

ထိုအချိန်တွင် မျှော်စင်စိန်ခေါ်မှု ရှုံးနိမ့်ပြီး မျှော်စင်အတွင်းမှ ထုတ်ပယ်ခံလိုက်ရသော ပါရမီရှင်များသည် မြေပြင်နှင့် ကောင်းကင်ကြား ဟိန်းထွက်နေသော ကောင်းကင်ဘုံ၏ အသံကြီးကို ကြားလိုက်ကြရ၏။ ခုနကတင် ရရှိခဲ့သော သူ၏ဝမ်းသာပီတိများမှာ ချက်ချင်းပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

နေပါဦး... အခု ဘာတွေ ထပ်ဖြစ်နေတာလဲ။

သူတို့ကတော့ မျှော်စင်ခွဲတွေမှာ ယုံကြည်မှုအနည်းငယ် ပြန်ရလာပြီး အဲ့နေရာက အခွင့်အရေးတွေကို သုံးပြီး နောက်ကနေ လိုက်မှီနိုင်မယ်လို့ ထင်နေခဲ့တာလေ။ ဒါပေမဲ့ အခု လင်းချန်က ပင်မမျှော်စင်ရဲ့ ၁၄ ထပ်မြောက်ကိုတောင် ဖြတ်ကျော်သွားပြီတဲ့လား။

ဒါကို ဘယ်လိုလုပ်ပြီး ယှဉ်လို့ရတော့မှာလဲ။ ဘယ်လိုလုပ်ပြီး လိုက်မှီနိုင်တော့မှာလဲ။

လင်းချန်နှင့် နှိုင်းယှဉ်လျှင် ဤပါရမီရှင်ဟု ခေါ်ဝေါ်ခံရသူများမှာ သာမန်လူတန်းစားများသာ ဖြစ်နေကြသည်။ သူတို့ထဲမှ အချို့မှာ မျှော်စင်ခွဲ၏ ၁၄ ထပ်မြောက်ကိုပင် မဖြတ်ကျော်နိုင်ကြသေးချေ။

စိတ်ဓာတ်ကျသွားသော ပါရမီရှင်များသည် မျှော်စင်ခွဲများကို စိန်ခေါ်ခြင်းအား ရပ်တန့်လိုက်ကြပြီး ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို ကြောင်တောင်တောင်ဖြင့် မော့ကြည့်နေကြတော့သည်။ လင်းချန်၏ ထူးဆန်းအံ့ဩဖွယ် လုပ်ဆောင်ချက်များမှာ ဤမျှနှင့် မပြီးဆုံးသေးကြောင်း၊ ခဏအကြာတွင် ကောင်းကင်ဘုံတာအို၏ ကြေညာချက် နောက်တစ်ကြိမ် ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း သူတို့ ခံစားနေရသည်။

နတ်ဘုရားမျှော်စင်၏ မျှော်စင်ခွဲများတွင် ရှုံးနိမ့်ပြီး မျှော်စင်အတွင်းမှ ထုတ်ပယ်ခံလိုက်ရသော ပါရမီရှင် အရေအတွက်မှာ အချိန်နှင့်အမျှ ပိုမိုများပြားလာခဲ့သည်။

ပင်မမျှော်စင်၏ ၁၄ ထပ်မြောက်ကို လင်းချန် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ကြရပြီးနောက် ထိုရှုံးနိမ့်သွားသူများသည် အစောပိုင်းကတည်းက အပြင်ရောက်နေသူများနှင့် ပူးပေါင်းကာ ကြောင်တောင်တောင်ဖြင့် ရပ်နေရင်း တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေကြတော့လေသည်။

“ဒါက လူပြောများနေကြတဲ့ ရှေးဟောင်းလင်းမိသားစုရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် လင်းချန် ဆိုတာလား။”

“အမှန်ပဲ။ ဒီလူက ဒီရွှေရောင်ခေတ်ကြီးရဲ့ သူ့မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းနေပြီ။”

“သူက ပါရမီရှင်အဆင့်စာရင်းမှာ ပထမရခဲ့သလို အခု နတ်ဘုရားမျှော်စင် စိန်ခေါ်မှုမှာလည်း နောက်တစ်ကြိမ် ပထမရဦးမှာပဲ။”

“ဘယ်သူမှ ယှဉ်လို့မရတဲ့ ပထမနေရာပေါ့။”

၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီးနောက်တွင် ရင်းနှီးနေပြီဖြစ်သော ကောင်းကင်ဘုံတာအို၏ ခန့်ညားထည်ဝါသော ကြေညာသံကြီးမှာ ကောင်းကင်ယံအနက်ပိုင်းမှ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်၏ ၂၄ ထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၇၆ နေရာသို့ ရောက်ရှိသွားပါပြီ။”

ထိုအသံနှင့်အတူ ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းမှာ အလင်းတန်းများဖြင့် တဖျတ်ဖျတ် တုန်ခါသွားခဲ့၏။ ထိုအလင်းတန်းများကြားတွင် မူလက အဆင့် ၈၆ ၌ ရှိနေသော လင်းချန်၏ အမည်သည် အဆင့် ၇၆ နေရာရှိ ပါရမီရှင်၏ အမည်ကို တိုက်ရိုက် အစားထိုးလိုက်တော့လေသည်။ တစ်ချိန်တည်းမှာပင် ထိုအကွာအဝေးအတွင်းရှိ အခြားပါရမီရှင်များ၏ အဆင့်မှာလည်း တစ်ဆင့်စီ နိမ့်ကျသွားခဲ့ရသည်။

ကောင်းကင်ဘုံတာအို၏ ခန့်ညားထည်ဝါသော အသံကို ကြားလိုက်ရပြီး နတ်ဘုရားအဆင့်စာရင်း၏ ပြောင်းလဲမှုကို ကြည့်ရင်း ပါရမီရှင်အားလုံး၏ ခန္ဓာကိုယ်များမှာ တုန်ယင်သွားကြ၏။

“ထင်ထားတဲ့အတိုင်းပဲ... အဲ့ဒီ မိစ္ဆာကောင် လင်းချန်က မရပ်သေးဘူး။”

“သူ... သူက တကယ်ပဲ အဆင့်ကျော်စိန်ခေါ်မှုကို နောက်တစ်ကြိမ် အောင်မြင်သွားပြန်ပြီ။ ၁၄ ထပ်ကနေ ၂၄ ထပ်ကို တိုက်ရိုက် ထိုးဖောက်သွားတာပဲ။”

“၁၅ မိနစ်...။ ၁၅ မိနစ်ပဲ ကြာသေးတယ်။”

ပါရမီရှင်အားလုံးမှာ အလွန်အမင်း မိန်းမောတွေဝေနေသော မျက်နှာအမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြ၏။ အကယ်၍ ၎င်းမှာ နုတ်ထွက်၍ရသော ဂိမ်းတစ်ခုသာ ဖြစ်ပါက သူတို့အားလုံး အခုချက်ချင်းပင် လက်လျှော့ချင်နေကြပြီ ဖြစ်သည်။ ဤကဲ့သို့သော မိစ္ဆာကောင်မျိုး ပါဝင်နေမှတော့ သူတို့ ဆက်ကစားနေလို့ ဘာထူးတော့မှာလဲ။ အညံ့ခံလိုက်တာကမှ ပိုကောင်းပေဦးမည်။

ကံမကောင်းစွာဖြင့် ၎င်းမှာ ဂိမ်းတစ်ခုမဟုတ်ဘဲ ရွှေရောင်ခေတ်ကြီးဖြစ်ကာ ဤပြိုင်ဆိုင်မှုမှာ သူတို့၏ အနာဂတ်နှင့် သက်ဆိုင်နေခဲ့သည်။ ယခုအချိန်တွင်မူ လင်းချန်နှင့် ယှဉ်ပြိုင်ရန် သူတို့တွင် ဘာမှမကျန်တော့သည်မှာ အမှန်ပင်။

တာအိုပြည်နယ် သုံးထောင်၏ ရှေးဟောင်းအင်အားစုများနှင့် အစွမ်းထက်သော မိသားစုများတွင် ကျန်ရှိနေသော ပညာရှင်များသည်လည်း ကောင်းကင်ယံကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေကြသည်။ ဤမျိုးဆက်တွင် လက်ရှိရှိနေသော ရှေးဟောင်းအင်အားစုအားလုံးကို တည်ထောင်သူများထက်ပင် ပို၍ ထူးခြားကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာတော့မည်လော။

ဖြစ်နိုင်သည်မှာ လောကတစ်ခုလုံးကို ဧကရာဇ်ကျဆုံးချိန် အမှောင်သောခေတ် ထဲသို့ ကျရောက်စေခဲ့သော ထိုလူထက်ပင် သာလွန်သွားနိုင်ပါမည်လော။ သို့မဟုတ် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့၏ ကျင့်စဉ်များကို ဖန်တီးခဲ့ကြသော ထိုမဟာပညာရှင်ကြီး နှစ်ဦးနှင့်ပင် ပခုံးချင်းယှဉ်နိုင်မည်လော။

ဤကဲ့သို့သော အတွေးမျိုးမှာ မယုံကြည်နိုင်စရာ ကောင်းသော်လည်း မျှော်လင့်ချက်တော့ ရှိနေသည်ဟု သူတို့ ခံစားနေရသည်။ အကြောင်းမှာ လင်းချန်၏ မျှော်စင်ဖြတ်ကျော်မှု အရှိန်အဟုန်မှာ အလွန်ပင် ပြင်းထန်နေပြီး နောက်ပိုင်းတွင် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့်ပင်။ သို့သော် အကယ်၍သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် တာအိုပြည်နယ်သုံးထောင်၏ ဖွဲ့စည်းပုံတစ်ခုလုံးသည် လင်းချန်ကြောင့် အကြီးအကျယ် ပြောင်းလဲသွားပေလိမ့်မည်။

မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေ...။

“ဝုန်း... ဝုန်း... ဝုန်း”

“ဝေါင်း....”

“ဝေါ....”

အမည်မသိ နယ်မြေများအတွင်းမှ အနက်ရောင် မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ လွင့်တက်လာခဲ့ပြီး မျက်လုံးအစုံ၌ အရောင်မှိန်နေသော သတ္တဝါကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။

ထိုမိစ္ဆာသတ္တဝါကြီးများသည် ပြင်ပလောကသို့ ရောက်ရှိလာသည်နှင့် သူတို့၏ အရောင်မှိန်နေသော မျက်လုံးအစုံမှာ ရုတ်တရက် နီရဲသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ရန်အတွက် သက်ရှိသတ္တဝါများကို စတင်ရှာဖွေကြတော့သည်။

သူတို့၏ ပုံပန်းသဏ္ဌာန်မှာ နတ်ဆိုးမျိုးနွယ်နှင့် ဆင်တူသော်လည်း နတ်ဆိုးမျိုးနွယ်ဝင်များ မဟုတ်ကြချေ။ သူတို့၏ တစ်ကိုယ်လုံးမှာ သက်ရှိတို့၏ ရှင်သန်ခြင်းစွမ်းအား အားလုံးကို ဝါးမြိုပစ်လိုသည့်အလား အနက်ရောင် အငွေ့အသက်များဖြင့် စုစည်းဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံး ညှိုးနွမ်းသွားပြီး သက်ရှိစွမ်းအားများ ကုန်ဆုံးကာ ထိုမိစ္ဆာကြီးများ၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။

အစစ်အမှန်မဟုတ်သကဲ့သို့ ထူးဆန်းသော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေကို နောက်ခံပြုထားသည့် ထိုသတ္တဝါများသည် မြင်သမျှ သက်ရှိမှန်သမျှကို သတ်ဖြတ်ရန် ကြံစည်နေကြ၏။ သို့သော် ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ရပ်တန့်နေသော အစွမ်းထက်သည့် ပုဂ္ဂိုလ် သုံးဦးမှာ သူတို့၏ လက်များကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော တိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြသည်။

မည်သည့်အသံမျှ မထွက်ဘဲ ထိုအနက်ရောင် မိစ္ဆာကြီးများအားလုံးမှာ အမှုန့်အမွှားဖြစ်ကာ ပျောက်ကွယ်သွားခဲ့ရကြတော့သည်။ သူတို့ ပျောက်ကွယ်သွားသော်လည်း သူတို့ ချန်ထားရစ်ခဲ့သော လွှမ်းမိုးမှုများကြောင့် မြေပြင်မှာ အသက်စွမ်းအားများမှာ ပြန်မရနိုင်တော့ဘဲ သေဆုံးနေသော မြေရိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့လေသည်။

ကောင်းကင်ယံထက်တွင်မူ...

ထိုအစွမ်းထက် ပုဂ္ဂိုလ် သုံးဦးမှာ လက်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြပြီး သူတို့၏ မျက်မှောင်များမှာလည်း အနည်းငယ် ကြုတ်နေခဲ့ကြသည်။

“ဒီတားမြစ်နယ်မြေရဲ့ မငြိမ်မသက်မှုတွေကို ကြည့်ရတာ... ဟိုကောင်က လောကထဲကို တကယ်ပြန်ထွက်လာတော့မယ့် ပုံပဲ။”

ရွှေရောင်သရဖူ ဆောင်းထားသော လူငယ်လေးတစ်ယောက်အသွင်ဖြင့် ကိုးယောက်မြောက်ဘိုးဘေးသည် သူ၏ ဝတ်ရုံကို သပ်ရပ်အောင် လုပ်ရင်း လေးနက်သော မျက်နှာအမူအရာဖြင့် ဆို၏။ သူ၏ ဘေးတွင်ရှိသော ဆံပင်ဖြူအနည်းငယ် ပါသည့် လူလတ်ပိုင်းအရွယ် စတုတ္ထမြောက် ဘိုးဘေးကမူ ထိုစကားကို ကြားသောအခါ ခပ်ဖွဖွ ပြုံးလိုက်သည်။

“နဝမ... အဲ့လောက်လည်း အများကြီး စိုးရိမ်မနေပါနဲ့။ သူက အခုအချိန်မှာ တကယ်ပဲ နိုးထလာပြီး ထွက်လာဖို့ ရွေးချယ်ခဲ့ရင်တောင်...

ငါတို့ ရှေးဟောင်းလင်းမိသားစုက သူ့ကို နည်းနည်းလေးမှ ကြောက်နေမှာ မဟုတ်ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့ သူ့ကို နှိမ်နင်းထားနိုင်ပြီး တားမြစ်နယ်မြေထဲမှာပဲ ငြိမ်ငြိမ်လေး နေခိုင်းထားနိုင်ခဲ့တာပဲ။

အဲ့ဒီတော့ နောက်ပိုင်းမှာလည်း အရင်အတိုင်းပဲ ဖြစ်နေမှာပါ။ သူ ဘယ်လို လှိုင်းတံပိုးမျိုးမှ ထကြွအောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

နောက်ဆုံး ကျန်ရှိနေသည့် သာမန်ကာလျှံကာ ပုံစံရှိသော အမျိုးသားကမူ သူ၏ နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး ခေါင်းပေါ်ရှိ ရွှေနက်ရောင် စာရင်းကို မော့ကြည့်ကာ ပြောလိုက်သည်။

“စတုတ္ထ၊ နဝမ... ပဉ္စမ ဘိုးဘေးက ပြောတယ်။ သူလည်း ပထမ၊ ဒုတိယနဲ့ အခြားလူတွေနဲ့အတူ မကြာခင် ရောက်လာတော့မယ်တဲ့။

သူတို့သာ ရောက်လာရင် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေထဲက အဲ့ဒီကောင်အတွက် လောလောဆယ် ငါတို့ အများကြီး စိုးရိမ်စရာ မလိုတော့ဘူး။

ဒါ့အပြင် အခုချိန်မှာ အစိုးရိမ်ဆုံး ဖြစ်သင့်တဲ့သူက သူပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ငါတို့ ရှေးဟောင်းလင်းမိသားစုမှာ မဟာဧကရာဇ်ထက်တောင် သာလွန်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာနေပြီမို့လို့ပဲ။

သူ ဧကရာဇ် ဖြစ်လာတဲ့နေ့ဟာ အဲ့ဒီကောင် လုံးဝ အမြစ်ပြတ် သုတ်သင်ခံရမယ့်နေ့ပဲ။”

ထိုစကားများ ပြောပြီးသည်နှင့် ရွှေရောင်သရဖူဆောင်းထားသော နဝမဘိုးဘေးနှင့် ဆံပင်ဖြူစတုတ္ထမြောက် ဘိုးဘေးတို့မှာ ကောင်းကင်ယံထက် မြင့်မားသော နေရာရှိ ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာထက်တွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများ မသိစိတ်မှ ပေါ်ထွက်လာခဲ့သည်။

အမှန်ပင်။ သူတို့ ရှေးဟောင်းလင်းမိသားစု၏ ပါရမီရှင်မှာ ထွန်းတောက်လာနေပြီ ဖြစ်သည်။ သူ ဧကရာဇ် ဖြစ်လာသောအချိန်ဟာ တားမြစ်နယ်မြေမှ ထိုအဖိုးကြီး အသက်ပျောက်ရမည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။

ထိုစဉ်မှာပင် ကောင်းကင်ဘုံတာအို၏ အမြင့်မြတ်ဆုံးနှင့် ခန့်ညားထည်ဝါသော အသံကြီးသည် တာအိုပြည်နယ်သုံးထောင်လုံးတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြန်၏။

“ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်၏ ၃၄ ထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၆၆ နေရာသို့ ရောက်ရှိသွားပါပြီ။”

အခန်း ၃၆ - ယန်လျိုရှား ပထမထပ်ကို ရှင်းထုတ်နိုင်တော့မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေချိန်၌: ဘာ... သူက ၄၄ ထပ် တောင်ရောက်သွားပြီလား

ကောင်းကင်ဘုံတာအို၏ ခန့်ညားထည်ဝါသော ကြေညာသံကို နားထဲတွင် ကြားလိုက်ရချိန်၌ သူတို့ သုံးယောက်သား တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်မိကြသည်။

ထိုမသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေ အတွင်းရှိ တားမြစ်နယ်မြေ၏ အထွဋ်အမြတ် ပုဂ္ဂိုလ်များသည် ကြာရှည်စွာ သောင်းကျန်းနိုင်တော့မည် မဟုတ်ပေ။

သူတို့ကို ပြဿနာရှာခွင့် ပေးထားလိုက်ပါဦး။ အချိန်ရှိခိုက် သူတို့ကို ဆူပူသောင်းကျန်းခွင့် ပေးထားလိုက်ပါ။

သို့မဟုတ်ပါက နောက်ပိုင်းတွင် သူတို့အတွက် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေနှင့် တာအိုပြည်နယ်သုံးထောင် အတွင်းရှိ တားမြစ်နယ်မြေအားလုံးသည် တာအိုပြည်နယ်သုံးထောင်နှင့် ဆက်စပ်နေသော်လည်း ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်နေပြီး အမည်မသိ နယ်ပယ်များအတွင်း၌ တည်ရှိနေကြသည်။

သို့သော် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ထိုပုဂ္ဂိုလ်သည် ပြင်ပကမ္ဘာ၏ အခြေအနေကို ယခုအချိန်တွင် သိရှိနေပြီဖြစ်ကြောင်း သူတို့ သိကြသည်။

သို့မဟုတ်ပါက တားမြစ်နယ်မြေမှ စေလွှတ်လိုက်သော မိစ္ဆာကောင်များသည် ဤမျှ စိပ်နေမည်မဟုတ်ပေ။ သူသည် သူတို့၏ ခံစစ်စည်းကို ဖောက်ထွက်ပြီး တာအိုပြည်နယ်သုံးထောင်သို့ သွားကာ မိမိအတွက် ခြိမ်းခြောက်မှုများကို ဖယ်ရှားလိုနေခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက် အားအကောင်းဆုံး မိစ္ဆာဆန်သော ပါရမီရှင်များကိုပင် အလွယ်တကူ အနိုင်ယူနိုင်သည့် ပါရမီရှင်တစ်ဦး ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ အကယ်၍ သူသာ ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက သာမန် မဟာဧကရာဇ် တစ်ပါးထက်ပင် ပိုမို အစွမ်းထက်ပေလိမ့်မည်။

တားမြစ်နယ်မြေ အထွဋ်အမြတ် ပုဂ္ဂိုလ်များအတွက် ခြိမ်းခြောက်မှုမှာလည်း ပိုမို ကြီးမားလာမည်ဖြစ်သည်။

ယခု သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ တားမြစ်နယ်မြေကို သေချာစွာ စောင့်ကြပ်ရန်နှင့် အတွင်းရှိ ကောင်များကို ပြဿနာရှာရန် ခိုးထွက်မသွားစေရန်ပင် ဖြစ်သည်။

“ဝုန်းးး”

“ဝူးးး”

“ရှူးးး...”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေအတွင်းမှ ပိုမိုအစွမ်းထက်သော အနက်ရောင် မိစ္ဆာကောင်ကြီးများသည် သက်ရှိအားလုံးကို သတ်ဖြတ်လိုသည့်အလား ထပ်မံ၍ အလုံးအရင်းနှင့် ထွက်ပေါ်လာပြန်၏။

ရှေးဟောင်း လင်းမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးဦးသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သတ်ဖြတ်ခြင်းအလုပ်၌သာ အာရုံအပြည့်အဝ ထည့်ထားလိုက်ကြတော့သည်။

အကယ်၍ ဤတားမြစ်နယ်မြေမှ မိစ္ဆာတစ်ကောင်သာ ထွက်ပြေးလွတ်မြောက်သွားပြီး သက်ရှိများကို သတ်ဖြတ်ကာ ပိုမိုအစွမ်းထက်လာခဲ့ပါက မည်မျှအထိ အသေအပျောက် များပြားမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့အပြင် ဤမိစ္ဆာများသည် သူတို့၏ ရှေးဟောင်း လင်းမိသားစုမှ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်ကိုလည်း ခြိမ်းခြောက်လာနိုင်ဖွယ်ရှိရာ ထိုမိစ္ဆာများထဲမှ တစ်ကောင်ကိုမျှ လွတ်မြောက်ခွင့် မပေးနိုင်ပေ။

ယခုအချိန်တွင် မသေမျိုးမြှုပ်နှံရာ တားမြစ်နယ်မြေ တစ်ခုတည်းသာ မဟုတ်ပေ။ ရှေးဟောင်းဝါဒအဖွဲ့အစည်းများ စောင့်ကြပ်နေသော တားမြစ်နယ်မြေများ အားလုံးတွင်လည်း ဤကဲ့သို့ပင် ဖြစ်ပျက်နေခဲ့သည်။

အစွမ်းထက်သော တားမြစ်နယ်မြေ မိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် ရူးသွပ်နေသည့်အလား တားမြစ်နယ်မြေများအတွင်းမှ အလုံးအရင်းနှင့် ထွက်လာနေကြသည်။

သူတို့သည် တစ်စုံတစ်ခုသော ရည်ရွယ်ချက်ရှိပုံရပြီး တားမြစ်နယ်မြေများမှ ထွက်ခွာကာ ပြင်ပကမ္ဘာသို့သွား၍ တစ်စုံတစ်ခုကို အမြစ်ပြတ်ချေမှုန်းလိုနေကြသည်။

ကံမကောင်းစွာပင်...တားမြစ်နယ်မြေ မိစ္ဆာများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပြင်ပတွင် အသင့်စောင့်ဆိုင်းနေသော တာအိုပြည်နယ်သုံးထောင်မှ ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်ကြီးများ၏ သတ်ဖြတ်ခြင်းကို အကုန်အစင် ခံလိုက်ရလေသည်။

တာအိုပြည်နယ်သုံးထောင်မှ ပညာရှင်များအနေဖြင့် ပုံမှန်အားဖြင့် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးရန်စများနှင့် အငြင်းပွားမှုများ ရှိကြသော်လည်း တားမြစ်နယ်မြေများနှင့် ပတ်သက်လာလျှင်မူ သူတို့သည် ညီညွတ်သော တပ်ဦးတစ်ခုအဖြစ် ရပ်တည်ကြမည်ဖြစ်သည်။

တားမြစ်နယ်မြေမှ သတ္တဝါများသည် တာအိုပြည်နယ်သုံးထောင်အတွင်းသို့ ခြေတစ်လှမ်းမျှပင် ချ၍မစေရပေ။

အကယ်၍ မည်သည့်အဖွဲ့အစည်းမဆို တားမြစ်နယ်မြေတစ်ခုခုနှင့် ပူးပေါင်းကြံစည်ပါက ၎င်းတို့သည် တာအိုပြည်နယ်သုံးထောင်ရှိ အဖွဲ့အစည်းအားလုံးနှင့် ပညာရှင်အားလုံး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

တာအိုပြည်နယ်သုံးထောင်၏ နေရာအနှံ့အပြား၊ အဖွဲ့အစည်းအားလုံးတွင် သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေ၏။

ကျန်ရှိနေခဲ့သော ပညာရှင်များနှင့် တပည့်များအားလုံးသည် ရွှေနက်ရောင် နတ်ဘုရားအဆင့်သတ်မှတ်ချက် စာရင်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြသည်။

သူတို့သည် ယခင်က ရဲရဲဝံ့ဝံ့ ခန့်မှန်းခဲ့ကြဖူးသော်လည်း နတ်ဘုရားမျှော်စင် ဆင်းသက်လာခဲ့သည်မှာ နာရီဝက်ပင် မပြည့်သေးချေ။

နာရီဝက်မပြည့်မီ အချိန်အတွင်းမှာ လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကြီး၏ တစ်ဝက်ခန့်ကို ရှင်းထုတ်နိုင်တော့မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အကယ်၍ ထိုသို့သာဆိုလျှင် နောက်ထပ် နာရီဝက်အတွင်း လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်သည့် မျှော်လင့်ချက် ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ယင်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် သူတို့အလွန်အမင်း မျှော်လင့်ချက်ထားခဲ့ကြသော ခေတ်ပြိုင် မိစ္ဆာဆန်သော ပါရမီရှင်များနှင့် ရှေးဟောင်း ထူးချွန်သူများမှာမူ နတ်ဘုရားအဆင့်စာရင်း၌ အရိပ်အယောင်ပင် မတွေ့ရသေးပေ။

သူတို့သည် ယခုအချိန်အထိ နတ်ဘုရားမျှော်စင်၏ မျှော်စင်ခွဲ အဆင့်သတ်မှတ်ချက်များအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်နေကြရဆဲပင်။

ထိုခေတ်ပြိုင် ပါရမီရှင်များနှင့် ရှေးဟောင်းလူထူးဆန်းများသည် လင်းချန်၏ ရှေ့မှောက်တွင်မူ လုံးဝကို ကွဲပြားခြားနားသွားကြသည်။

လောကကြီးရှိ မိစ္ဆာဆန်သော ပါရမီရှင်များကို ယခုအခါ နှစ်မျိုးခွဲခြားနိုင်ပြီဟု သူတို့ ခံစားနေရ၏။ တစ်မျိုးမှာ လင်းချန် ဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ကျန်ရှိသောသူအားလုံးပင် ဖြစ်သည်။

နတ်ဘုရားမျှော်စင်၏ အပြင်ဘက်တွင်...။

ကောင်းကင်ယံထက်၌ ယခင်ကကဲ့သို့ပင် ပါရမီရှင်များစွာဖြင့် ပြည့်နှက်နေပြန်သည်။

ယခုအခါ ခေတ်ပြိုင်ပါရမီရှင်ဖြစ်စေ၊ ရှေးဟောင်းလူထူး‌ဆန်းများဖြစ်စေ ပါရမီရှင်တိုင်း၏ မျက်နှာပေါ်တွင် အလွန်အမင်း မိန်းမောတွေဝေနေသော အမူအရာများ ရှိနေကြသည်။

လင်းချန်နှင့် ယှဉ်ပြိုင်နိုင်မည့် အချက်တစ်ချက်ကိုမျှ သူတို့ စဉ်းစား၍မရ၊ ရှာ၍လည်းမတွေ့နိုင်တော့ပေ။

သူတို့ အခိုင်အမာ ရှိလှပြီဟု ယူဆထားသော တာအိုနှလုံးသားများသည် လင်းချန်၏ ဆက်တိုက်ရိုက်ခတ်မှုများအောက်တွင် အက်ကွဲလုမတတ် ဖြစ်နေကြရ၏။

“ဝုန်းးး”

ထိုအချိန်တွင် နတ်ဘုရားမျှော်စင်ကြီး တုန်ခါသွားပြီး တုနှိုင်းမရအောင် လှပသော ပုံရိပ်လေးတစ်ခု နတ်ဘုရားမျှော်စင်၏ ဝင်ပေါက်မှ လျှောက်လှမ်းလာခဲ့သည်။

ထိုလှပသော ပုံရိပ်ကို မြင်လိုက်ရသောအခါ ပါရမီရှင်အားလုံးသည် သူတို့၏အတွေးများကို ရုပ်သိမ်းလိုက်ကြပြီး တည်ငြိမ်လေးနက်သော အမူအရာများ ဖြစ်သွားခဲ့ကြသည်။

သူမကား ပါရမီအဆင့်သတ်မှတ်ချက်စာရင်း၏ တတိယနေရာတွင် ရှိနေသူ၊ လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေမှ ရှေးဟောင်းလူထူးဆန်း ယန်လျိုရှားပင် ဖြစ်သည်။

သူမသည် မျှော်စင်ခွဲတွင် ကြိုးစားမှုကို လက်လျှော့လိုက်ပြီလော။ သို့မဟုတ် နောက်ဆုံးတွင်... နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်ကြီးကို စိန်ခေါ်ရန် ကြံရွယ်နေပြီလော။

ထိုသို့တွေးတောရင်း ပါရမီရှင်အားလုံး၏ မျက်နှာပေါ်တွင် ပြင်းထန်သော မျှော်လင့်စောင့်စားမှုများ ပေါ်ပေါက်လာတော့သည်။

ယန်လျိုရှားအနေဖြင့် ပင်မမျှော်စင်ကြီးကို စိန်ခေါ်ရာတွင် အောင်မြင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့အောင်မြင်မှသာ လင်းချန်နှင့် ယှဉ်ပြိုင်နိုင်သူ ရှိသေးကြောင်း သက်သေပြနိုင်မည် ဖြစ်သောကြောင့်ပင်။

ယန်လျိုရှားသည် သူမ၏မျက်နှာပေါ်တွင် ယုံကြည်ချက်အပြည့်ရှိသော အပြုံးဖြင့် ရွှေဖျော့ရောင် နတ်ဘုရားမျှော်စင်ခွဲ အဆင့်သတ်မှတ်ချက်စာရင်းကို မော့ကြည့်လိုက်၏။

[နတ်ဘုရားအဆင့်စာရင်း (မျှော်စင်ခွဲ) အဆင့် ၁ - လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေ၊ ယန်လျိုရှား နတ်ဘုရားမျှော်စင်ခွဲ၏ ၆၆ ထပ်မြောက်အထိ ရှင်းထုတ်နိုင်ခဲ့သည်။]

ထိုအဆင့်ကို မြင်လိုက်ရသောအခါ ယန်လျိုရှား၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

သူမ၏ အစွမ်းမှာ အတော်အတန် ကောင်းမွန်ကြောင်း အချက်အလက်များက သက်သေပြနေ၏။ မျှော်စင်ခွဲ၏ ၆၆ ထပ်အထိ တက်လှမ်းရာတွင် သူမအနေဖြင့် ဖိအားများစွာ မခံစားခဲ့ရပေ။ယင်းအစား သူမ၏ အစွမ်းကို သိသိသာသာ တိုးတက်လာစေခဲ့သည်။

သူမ၏ ကျင့်စဉ်အဆင့်မှာ တိုးမလာသော်လည်း သူမ၏ အခြေခံအုတ်မြစ်နှင့် တူညီသော နယ်ပယ် အတွင်းရှိ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

ပြင်လည်ဝင်စားလာသော ဧကရီတစ်ပါးအနေဖြင့် သူမ၏ မာနက သူမကို တွန်းအားပေးနေ၏။ သူမသည် နတ်ဘုရားပင်မမျှော်စင်၏ အနည်းဆုံး ပထမထပ်ကိုတော့ ရှင်းထုတ်နိုင်ရမည်။

“လင်းချန် ငါ နင့်ကို အမီလိုက်မှာပါ။”

ယုံကြည်ချက်အပြည့်ရှိသော အပြုံးကြီးဖြင့် ယန်လိုရှားသည် ရွှေဖျော့ရောင်စာရင်းဘေးရှိ ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို ကြည့်လိုက်၏။

လင်းချန်သည် ယခုအချိန်တွင် ပင်မမျှော်စင်ကြီး၏ အထပ်မည်မျှအထိ ရှင်းထုတ်ပြီးပြီလဲဆိုသည်ကို သူမ သိချင်နေခဲ့သည်။

သူ၏ ယခင်အရှိန်အရဆိုလျှင် ယခုအချိန်တွင် ၁၀ ထပ်မြောက်သို့ ချဉ်းကပ်နေလောက်ပြီ မဟုတ်ပါလော။

နောက်တစ်စက္ကန့်တွင်မူ ယန်လျိုရှား၏ ယုံကြည်ချက်ရှိသော အပြုံးများသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် အစားထိုးသွားတော့၏။

“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”

သူမသည် ထင်ယောင်ထင်မှားဖြစ်စေသော အစီအရင်တစ်ခုခုထဲသို့ ရောက်နေခြင်းလော။ ဒါမှမဟုတ် မျက်စိများ ပြာဝေနေခြင်းလော။

လင်းချန်သည် ပင်မမျှော်စင်ကြီး၏ ၃၄ ထပ်အထိ ရှင်းထုတ်ပြီးသွားပြီဟု သူမ အဘယ်ကြောင့် မြင်နေရသနည်း။

နတ်ဘုရားအဆင့်စာရင်းတွင် သူ၏ အဆင့်မှာလည်း ၆၆ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယန်လျိုရှားသည် မသိစိတ်ဖြင့် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ အာရုံစိုက်ကာ ကြည့်လိုက်သည်။

သို့သော်လည်း ရလဒ်မှာ ပြောင်းလဲသွားခြင်းမရှိပေ။ လင်းချန်၏အမည်မှာ နတ်ဘုရားအဆင့်စာရင်း၏ ၆၆ နေရာတွင်ပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ထိုသို့ဆိုလျှင်... လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကြီး၏ ၃၄ ထပ်မြောက်ကို အမှန်တကယ်ပင် ရှင်းထုတ်နိုင်ခဲ့ပြီဟု ဆိုလိုခြင်းလော။

ယန်လျိုရှားသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားပြီး မယုံကြည်နိုင်မှုများဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။

လင်းချန်သည် ဤအရာကို မည်သို့လုပ်ဆောင်ခဲ့သနည်း။

သူမအတွက်မူ ပင်မမျှော်စင်ကြီး၏ ပထမထပ်ကို ရှင်းထုတ်နိုင်ရန်သာ ယုံကြည်ချက်အပြည့်ရှိပြီး ဒုတိယထပ်ကို ရှင်းထုတ်နိုင်ရန်မှာ အခွင့်အရေး အနည်းငယ်သာ ရှိပေသည်။

သို့သော် လင်းချန်ကမူ ပင်မမျှော်စင်ကြီး၏ ၃၄ ထပ်အထိ အမှန်တကယ် ရှင်းထုတ်နိုင်ခဲ့သည်တဲ့လား။

ယန်လျိုရှား၏ မျက်နှာအမူအရာ ရုတ်တရက် ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ပါရမီရှင်များမှာလည်း သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။

နတ်ဘုရားမျှော်စင်ခွဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အစွမ်းထက်လှသော ဤရှေးဟောင်းလူထူးဆန်းပင်လျှင်...လင်းချန်၏ အောင်မြင်မှုများကို လက်ခံနိုင်ရန် ခက်ခဲနေပုံရသည်။

ထိုစဉ်မှာပင် အလွန်ရင်းနှီးနေပြီးဖြစ်သော ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံတာအို၏ ကြေညာသံမှာ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“ရှေးဟောင်း လင်းမိသားစုမှ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကြီး၏ ၄၄ ထပ်မြောက်ကို ရှင်းထုတ်ပြီး ဖြစ်သဖြင့် နတ်ဘုရားအဆင့်စာရင်း၏ ၅၆ နေရာသို့ ရောက်ရှိသွားပါပြီ။”

“ဒေါက် ဒေါက် ဒေါက်...။”

နားထဲတွင် ပဲ့တင်ထပ်သွားသော ထိုအသံကို ကြားလိုက်ရချိန်၌ ယန်လျိုရှားသည် သူမ၏ ရင်ဘတ်ကို ဖိထားရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ရုတ်တရက် ယိမ်းယိုင်သွားခဲ့၏။

သူမ၏ နှလုံးနှင့် အသည်းတို့မှာ နာကျင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤမိစ္ဆာကောင် လင်းချန်သည် လူမှ ဟုတ်ပါလေစ။

သမိုင်းတစ်လျှောက် အားအကောင်းဆုံးဖြစ်ခဲ့သော မိစ္ဆာဆန်သော ပါရမီရှင် ၉၉ ဦးကို အနိုင်ယူရခြင်းမှာ သူ၏အတွက် ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းလွယ်ကူနေပါသလော။

All Chapters