အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း ၃၇ - နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၁၆၊ မျိုးဆက်သစ် လင်းချန်... ဘိုးဘေးထံမှ လမ်းညွှန်မှုကို တောင်းခံပါတယ်
ယန်လျိုရှား၏ တုံ့ပြန်မှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာပင် အကြိမ်ကြိမ် စိတ်ဒဏ်ရာရခဲ့ကြသော ပါရမီရှင်များသည် ကောင်းကင်ဘုံတာအို၏ ကြေညာသံကို ကြားလိုက်ရချိန်၌...
သူတို့သည် တည်ငြိမ်သော အမူအရာများဖြင့် လင်းချန်၏ အဆင့်ကို အတည်ပြုရန် ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်ရုံသာ ပြုလုပ်ကြတော့သည်။
ထိုအပြင် အခြားသော အမူအရာ ပြောင်းလဲမှု သို့မဟုတ် လှုပ်ရှားမှုများမျှ မရှိကြတော့ပေ။
သူတို့ နေသားကျသွားပြီ ဖြစ်သည်။ လင်းချန်၏ အရှိန်အဟုန်ကို လုံးဝ အသားကျသွားကြပြီ ဖြစ်၏။ အချိန်အတိုင်းအတာတစ်ခု ကြာတိုင်းတွင် သူသည် နတ်ဘုရားပင်မမျှော်စင်ကြီး၏ မည်မျှအထိ ရှင်းထုတ်နိုင်ခဲ့ကြောင်း ကောင်းကင်ဘုံတာအို၏ ကြေညာချက်ကို ထွက်ပေါ်လာစေမြဲ ဖြစ်သည်။
ထို့အပြင် ဤအရာမှာ ပြီးဆုံးရန် ဝေးကွာနေသေးကြောင်းကိုလည်း သူတို့ ခန့်မှန်းနိုင်ကြ၏။ မကြာမီအချိန်အတွင်းမှာပင် ကောင်းကင်ဘုံတာအို၏ ကြေညာသံ ထပ်မံထွက်ပေါ်လာဦးမည် ဖြစ်သည်။
လင်းချန်သည် မျှော်စင်၏ ၅၄ ထပ်ကို ရှင်းထုတ်ပြီး နတ်ဘုရားအဆင့်စာရင်း၏ ၄၆ နေရာသို့ တက်လှမ်းသွားပြီဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပေလိမ့်မည်။
ပါရမီရှင်များ၏ ဂရုမစိုက်သော အမူအရာများကို မြင်လိုက်ရသောအခါ ယန်လျိုရှားသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိမိကိုယ်ကို သတိပြန်ဝင်လာအောင် အတင်းအကျပ် လုပ်ယူလိုက်ရသည်။
သူမသည် အင်အားစုဆောင်းရန်အတွက် နတ်ဘုရားမျှော်စင်ခွဲတွင် စိန်ခေါ်နေစဉ်အတွင်း ပြင်ပကမ္ဘာ၌ မယုံကြည်နိုင်စရာ ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ပုံရသည်။
ဤမျှ မြေလှန်မတတ် ထူးခြားသော သတင်းကို သူမတစ်ဦးတည်းသာ အံ့အားသင့်နေရသည်ဟု တွေးမိသောအခါ...
“ဟူးးး”
ညစ်ညမ်းသော လေများကို သက်ပြင်းရှည်ကြီးအဖြစ် မှုတ်ထုတ်လိုက်ပြီးနောက် ယန်လျိုရှား၏ အမူအရာမှာ အလွန်အမင်း ပြတ်သားသွားခဲ့သည်။
လင်းချန်သည် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ၄၄ ထပ်ကိုပင် ရှင်းထုတ်ပြီးနေပြီဖြစ်ရာ သူမအနေဖြင့်လည်း ပထမထပ်ကို အမြန်ဆုံး အောင်မြင်ရန် လိုအပ်ပေသည်။
အောင်မြင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိ၊ ရှုံးနိမ့်ခြင်းကို အဖြစ်မခံနိုင်။
မည်သို့ပင်ဆိုစေကာမူ သူမသည် မဟာဧကရီတစ်ပါး ပြန်လည်ဝင်စားလာသူဖြစ်ရာ မိမိကိုယ်မိမိ မိမိခေတ်၏ ပါရမီရှင်များနှင့် တစ်တန်းတည်း မယှဉ်ပြိုင်နိုင်ဘဲ ရှိနေခြင်းကို လုံးဝခွင့်မပြုနိုင်ပေ။
သူမ၏ ယခင်ဘဝထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများကို ဤတုနှိုင်းမဲ့ပါရမီရှင်က အနိုင်ယူပြီးနေပြီ ဖြစ်လင့်ကစား...။
လူအများ၏ စောင့်ကြည့်မှုအောက်တွင် ယန်လျိုရှားသည် ရှေ့သို့တက်လှမ်းလိုက်ပြီး အနက်ရောင်နှင့် ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော နတ်ဘုရားမျှော်စင်၏ ဝင်ပေါက်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့လေသည်။
ဤအကြိမ်တွင် သူမသည် မျှော်စင်ခွဲကို စိန်ခေါ်ရန် မရွေးချယ်တော့ဘဲ... နတ်ဘုရားပင်မမျှော်စင်ကြီးကို စိန်ခေါ်ရန်သာ ရွေးချယ်လိုက်တော့သည်။
ယန်လျိုရှား ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပါရမီရှင်များစွာ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အမူအရာများ မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ကြပေ။
သူတို့သည် လင်းချန်၏ မိစ္ဆာဆန်သော ပါရမီနှင့် အံ့ဖွယ်များကို တစ်ခုပြီးတစ်ခု ဖန်တီးတတ်သော အလေ့အထကို ကျင့်သားရနေပြီ ဖြစ်သော်လည်း.....
အကယ်၍ တစ်စုံတစ်ဦးက နတ်ဘုရားအဆင့်စာရင်း (စစ်စစ်)ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး လင်းချန်နှင့် တစ်ဆင့်တည်း ယှဉ်ပြိုင်နိုင်မည်ဆိုလျှင်...
ထိုအရာကို သူတို့ အလွန်ကြည့်ချင်နေကြဆဲပင်။ ယခုအချိန်တွင် ထိုသို့လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက် အရှိဆုံးသူများမှာ...
ယန်လျိုရှားနှင့် မျှော်စင်ခွဲများတွင် စွန့်စားနေကြဆဲဖြစ်သော ပါရမီအဆင့်စာရင်း၏ ထိပ်ဆုံးရှိ အချို့သော ပါရမီရှင်များသာ ဖြစ်သည်။
ပါရမီအဆင့်စာရင်း၏ တတိယနေရာဖြစ်သော ယန်လျုရှား၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် အခြားသော ပါရမီရှင်များအနေဖြင့် ပင်မမျှော်စင်ကြီးကို အောင်မြင်စွာ ရှင်းထုတ်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်ပေလိမ့်မည်။
တာအိုပြည်နယ်သုံးထောင်၏ အဖွဲ့အစည်းအသီးသီးမှ ကျန်ရှိနေသော ပညာရှင်များနှင့် တပည့်များစွာမှာမူ...
ကောင်းကင်နှင့် မြေကြီးကြားတွင် မပြတ်မတောက် ပဲ့တင်ထပ်နေသော ကောင်းကင်ဘုံတာအို၏ ကြေညာသံများကို ကြားနေကြရ၏။ မျှော်စင်အပြင်ဘက်ရှိ ပါရမီရှင်များကဲ့သို့ပင် သူတို့၏ အမူအရာများမှာလည်း ဂရုမစိုက်တော့သည့် အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လင်းချန်အနေဖြင့် ကြေညာချက်အသစ်တစ်ခု ထွက်ပေါ်လာစေရန် မည်မျှအထိ အချိန်ယူရမည်ကိုပင် သူတို့ စတင်ခန့်မှန်းနေကြပြီ ဖြစ်သည်။
သေမျိုးလောကတွင်မူ ကောင်းကင်ဘုံတာအိုက လင်းချန်၏ အမည်ကို အမြဲတစေ ကြေညာနေသောကြောင့် ကျင့်စဉ်မကျင့်ကြံနိုင်သော သာမန်လူသားများစွာမှာ လင်းချန်အတွက် “သက်ရှည်ကျန်းမာ ဂုဏ်ပြုဆုတောင်းစာလွှာ” များ တည်ဆောက်ကာ ဘေးကင်းရန် ဆုတောင်းပေးနေကြလေတော့သည်။
ကောင်းကင်ဘုံတာအိုမှ အမြဲတစေ နာမည်ထုတ်ဖော်၍ ကြေညာခြင်းခံရသူမှာ သာမန်လူတစ်ယောက် မဟုတ်သည်မှာ အသေအချာပင်။ အကယ်၍ သူတို့သာ ထိုသူ၏ ကျေးဇူးကို ခံစားခွင့်ရရှိမည်ဆိုပါက သူတို့၏ ဘဝတစ်လျှောက်လုံး မည်သည့်ဆင်းရဲဒုက္ခကိုမျှ စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။
ကစဉ့်ကလျားမြင့်မြတ်နယ်မြေ...။
ရှောင်ဖန်သည် နန်းတော်၏ အထက်တွင် ရပ်နေ၏။ သူ၏မျက်နှာပေါ်ရှိ အပြုံးများမှာ ပျောက်ကွယ်သွားပြီး အလွန်အမင်း တည်ငြိမ်လေးနက်သော အမူအရာများသာ အစားထိုးဝင်ရောက်လာခဲ့သည်။
“ငါက မင်းထက် နှစ်ပေါင်းသုံးထောင်လောက် ပိုပြီးကျင့်ကြံလာခဲ့တာတောင် မင်းကို ရင်ဆိုင်ရချိန်မှာ ဒီလောက်အထိ ကြီးမားတဲ့ ဖိအားကို ခံစားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“လင်းချန် .. မင်းက ငါတစ်ချိန်က နောက်လိုက်လုပ်ဖို့အထိ စဉ်းစားခဲ့ရတဲ့သူ ဖြစ်ရကျိုး တကယ်နပ်ပါတယ်။”
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ခေတ်ပြိုင်ပါရမီရှင်များအဖြစ် လင်းချန်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က ခံစားခဲ့ရသော ထိုဖိအားကို ယခု နှစ်ပေါင်းသုံးထောင်အကြာတွင် သူ နောက်တစ်ကြိမ် ထပ်မံခံစားနေရပြန်ပြီ ဖြစ်သည်။
ရှောင်ဖန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဒါဆို မင်းက နောက်ဆုံးမှာ ဘယ်အဆင့်အထိ ရောက်သွားမှာလဲ။ ဟိုပျက်သုဉ်းခြင်းခေတ်က ပါရမီရှင် လွမ်နဲ့ တန်းတူဖြစ်သွားမလား။”
“ဒါမှမဟုတ်... မိစ္ဆာဘိုးဘေးနဲ့ တာအိုဘိုးဘေးတို့နဲ့ ပခုံးချင်းယှဉ်နိုင်တဲ့အထိ ဖြစ်လာမလား။”
အချိန်များ ကုန်ဆုံးသွားခဲ့ရာ နာရီဝက်ခန့်မှာ လျင်မြန်စွာ ကျော်လွန်သွားခဲ့သည်။
ဤနာရီဝက်အတွင်း ကောင်းကင်ဘုံတာအိုက ကြေညာချက်များစွာကို ထပ်မံပြုလုပ်ခဲ့၏။
မျှော်လင့်ထားသည့်အတိုင်းပင် ဤကြေညာချက်အားလုံးမှာ လင်းချန်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သူသည် နတ်ဘုရားမျှော်စင်၏ အထပ်ပေါင်းများစွာကို ထပ်မံရှင်းထုတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကောင်းကင်ယံထက်ရှိ ရွှေရောင်ရင့်ရင့် နတ်ဘုရားအဆင့်စာရင်းတွင် လင်းချန်၏အမည်မှာ ထိပ်ဆုံးပိုင်း၌ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
[နတ်ဘုရားအဆင့်စာရင်း အဆင့် ၁၆ - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်း လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်။ ]
တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးသည် ကြည်ညိုလေးစားမှု၊ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ဤခေတ်ကာလတွင် ရှေးဟောင်း မဟာဧကရာဇ်များထက်ပင် ပိုမိုမိစ္ဆာဆန်သော တည်ရှိမှုတစ်ခု သူတို့၏ ပြည်နယ်များအတွင်း၌ မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
တူညီသော နယ်ပယ်အတွင်း တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် ထိုရှေးဟောင်း မဟာဧကရာဇ်များပင်လျှင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
တိုတောင်းလှသော တစ်နာရီ၊ နှစ်နာရီအတွင်းမှာပင် လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် မည်သည့်အဆင့်မှမရှိရာမှ နတ်ဘုရားမျှော်စင်၏ ၈၄ ထပ်မြောက်အထိ တိုက်ရိုက်ထိုးဖောက် တက်လှမ်းနိုင်ခဲ့သည်။
ဤသို့သော အောင်မြင်မှုမှာ ယခင်ကလည်း မရှိခဲ့ဖူးသလို နောင်တွင်လည်း ထပ်မံရှိလာတော့မည် မဟုတ်သော အောင်မြင်မှုပင် ဖြစ်သည်။
နတ်ဘုရားမျှော်စင်၏ အပြင်ဘက်တွင်...။
ရေတွက်၍မရနိုင်သော ပါရမီရှင်များ၏ ပုံရိပ်များသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေခဲ့၏။ တာအိုပြည်နယ်သုံးထောင်မှ ထင်ရှားသော ပါရမီရှင်အားလုံးနီးပါး ဤနေရာ၌ စုဝေးနေကြသည်။
သူတို့အားလုံးသည် လင်းချန်၏ နတ်ဘုရားမျှော်စင်အတွင်းမှ စွမ်းဆောင်ချက်များကို သိရှိကြသဖြင့် မျက်မြင်တွေ့ရှိနိုင်ရန် ဤနေရာသို့ လာရောက်စုဝေးကြခြင်း ဖြစ်သည်။
လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် လင်းမိသားစုမှ ပါရမီရှင်တစ်စုတို့သည် နတ်ဘုရားမျှော်စင်ကြီးကို ဂုဏ်ယူဝင့်ကြွစွာဖြင့် စိုက်ကြည့်နေကြသည်။
သူတို့၏ နတ်ဘုရားသားတော်သည် သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံးသော ပါရမီရှင်များနှင့် ယှဉ်ပြိုင်နေရသည့်တိုင်အောင် အတောက်ပဆုံးသော တည်ရှိမှုအဖြစ် ရှိနေဆဲပင်။
လင်းရှန်ဟဲနှင့် လင်းထင်ထောင်းတို့သည် နတ်ဘုရားမျှော်စင်ခွဲ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်မှာလည်း ဖော်ပြရမည့် အချက်တစ်ခုပင်။
ထိုသူနှစ်ဦးစလုံး၏ ကျင့်စဉ်အဆင့်နှင့် စွမ်းအားမှာ အသွင်ပြောင်းလဲသွားခဲ့ရာ ပင်မမျှော်စင်ကြီး၏ ပထမထပ်ကို စိန်ခေါ်နိုင်ရန် သူတို့၌ ယုံကြည်ချက်အချို့ ရှိနေကြပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူတို့ စိန်ခေါ်ရန် မရွေးချယ်ခဲ့ကြပေ။ သူတို့သည် သူတို့၏ နတ်ဘုရားသားတော် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိမည့် အချိန်ကိုသာ အတူတကွ သက်သေအဖြစ် စောင့်ကြည့်လိုနေကြပေသည်။
အနီးအနားတွင်လည်း ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးပိုင်း၌ ရှိနေကြသော အခြားပါရမီရှင်များသည်လည်း သူတို့၏ အဖွဲ့အစည်းအသီးသီးအလိုက် နေရာယူထားကြ၏။
လင်းရှန်ဟဲတို့ကဲ့သို့ပင် သူတို့သည်လည်း နတ်ဘုရားမျှော်စင်ခွဲ၏ ထိပ်ဆုံးသို့ ရောက်ရှိထားကြပြီး သူတို့၏ စွမ်းအားနှင့် ကျင့်ကြံဆင့်များကို သိသိသာသာ တိုးမြှင့်နိုင်ခဲ့ကြလေသည်။
လင်းရှန်ဟဲနှင့် ရှေးဟောင်း လင်းမိသားစုမှ အခြားပါရမီရှင်များကဲ့သို့ပင် သူတို့သည်လည်း လင်းချန်အနေဖြင့် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိကို သိလိုနေကြ၏။
ထို့ပြင် လျိုရှားသူတော်စင်နယ်မြေမှ သူတော်စင်သူကလေး ယန်လျိုရှာသည်လည်း နတ်ဘုရားပင်မမျှော်စင်ကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ နာရီဝက်မက ကြာမြင့်နေပြီဖြစ်သော်လည်း ယခုထက်ထိ ပြန်လည်ထွက်ပေါ်လာခြင်း မရှိသေးပေ။
သူမသည် ပင်မမျှော်စင်ကြီးကို အောင်မြင်စွာ စိန်ခေါ်နိုင်ပြီး နတ်ဘုရားအဆင့်စာရင်းတွင် ဒုတိယမြောက် ခေတ်ပြိုင်ပါရမီရှင်အဖြစ် စာရင်းဝင်လာနိုင်မလားဆိုသည်ကို သူတို့ သိချင်နေကြသည်။
ထိုစဉ် ဦးခေါင်းပေါ်တွင် နဂါးချိုများပါရှိသော ချောမောသည့် လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း နတ်ဘုရားမျှော်စင်ကြီးကို ငြိမ်သက်စွာ စိုက်ကြည့်နေ၏။
“လင်းချန်... ငါ ဧကရာဇ်သားတော်က ငါတို့ရဲ့ ပထမဆုံး တရားဝင် တွေ့ဆုံပွဲကို မျှော်လင့်နေမိပြီ...။”
သူ၏နောက်တွင်မူ ကျားဖြူဦးခေါင်းနှင့် ကျားဖြူမျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးနှင့် ကျောတွင် လိပ်ခွံပါရှိပြီး အရပ်ရှည်ကာ သန်မာလှသော လိပ်နက်မျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးတို့ ရှိနေကြလေသည်။
သူ့ဘေးတွင်မူ စစ်မှန်သော နတ်သမီးတစ်ပါးကဲ့သို့ လှပပြီး တစ်ကိုယ်လုံးမှ မြင့်မြတ်သော အရှိန်အဝါများ ဖြာထွက်နေသည့် မိန်းမလှလေးတစ်ဦး ရှိနေ၏။
သူတို့ကား ပါရမီအဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးဆယ်ဦးအတွင်း ရှိနေကြသော နတ်ဆိုးမျိုးနွယ်စု၏ စစ်မှန်သော ပါရမီရှင်များ၊ အစွမ်းထက်သော တည်ရှိမှုများပင် ဖြစ်ကြသည်။
သူတို့သည် လင်းချန် နတ်ဘုရားမျှော်စင်အတွင်းမှ ထွက်လာမည့်အချိန်ကို စောင့်ကြိုနေကြခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ... လင်းချန်ကို စိန်ခေါ်ရန်ပင်။
ယွမ်ချန်ချိုးသည် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့၏။
“လင်းချန်... ငါ မင်းနဲ့ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ မင်းလို ပါရမီရှင်မျိုးကပဲ ငါ့ကို ကျေနပ်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု ပေးနိုင်လိမ့်မယ်။”
မည်သူမျှ သတိမထားမိသော ထောင့်တစ်နေရာတွင်...။
အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားသော လူတစ်ဦးသည် ခံစားချက်မရှိသော မျက်နှာထားဖြင့် ရှိနေသော်လည်း သူ၏ အကြည့်များ နတ်ဘုရားမျှော်စင်ပေါ်သို့ ကျရောက်သွားချိန်တွင်မှ စိတ်ဝင်တစားရှိသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သူကား ကမ္ဘာကြီးက မေ့လျော့နေကြသော ရှေးဟောင်း ဝါဒအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဆန်လော့ ဝိညာဉ်နယ်ပယ်မှ လာသူဖြစ်ပြီး ပါရမီအဆင့်သတ်မှတ်ချက်စာရင်း၏ သတ္တမနေရာတွင် ရှိနေသော်လည်း လူအများ၏ လျစ်လျူရှုခြင်းကို ခံထားရသူဖြစ်သည်။
လင်းချန် နတ်ဘုရားမျှော်စင်အတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏အစွမ်းကို သက်သေပြပြီး ဆန်လော့ ဝိညာဉ်နယ်ပယ်မှာ တည်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာကြီးကို နောက်တစ်ကြိမ် သိစေမည်ဖြစ်သည်။
နတ်ဘုရားမျှော်စင်အတွင်း၌....။
ရင်းနှီးနေပြီဖြစ်သော ဟင်းလင်းပြင်အတွင်း၌ လင်းချန်၏ အားကောင်းလှသော အရှိန်အဝါများမှာ အတားအဆီးမဲ့ ဖြာထွက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဓားတာအို အနှစ်သာရ၏ ထက်ရှမှုနှင့် လက်သီးတာအို အနှစ်သာရ၏ လေးလံမှုတို့က ဝန်းရံလျက် ရှိသည်။
အရာအားလုံးကို လွှမ်းခြုံထားပြီး သက်ရှိအားလုံးကို ဆင့်ကဲပြောင်းလဲစေနိုင်သော ဖရိုဖရဲ အနှစ်သာရသည်လည်း မထင်မရှား ဖျတ်ခနဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည်။
လင်းချန်သည် သူ၏ စုတ်ပြဲနေပြီဖြစ်သော ခရမ်းရောင်ဝတ်ရုံကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ ကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
နတ်ဘုရားမျှော်စင်၏ အမြင့်ဆုံးအထပ်များရှိ မိစ္ဆာဆန်သော ပါရမီရှင်များနှင့် တိုက်ခိုက်ရခြင်းမှာ သူ့အတွက် များစွာ အကျိုးရှိခဲ့သည်။
ယခုအခါ သူသည် သူ၏ မွေးရာပါ ဧကရာဇ်လက်နက်နှစ်ခုနှင့် တံခါးရှစ်ပေါက်နိယာမမှလွဲ၍ သူ၏ နည်းဗျူဟာအားလုံးကို အသုံးပြုခဲ့ပြီးဖြစ်သည်။
သမိုင်းတစ်လျှောက် အားအကောင်းဆုံးဖြစ်ခဲ့သော ဤပါရမီရှင်များသည် ငြင်းချက်ထုတ်စရာမလိုအောင် အစွမ်းထက်ကြပေသည်။
ဤအချက်က လင်းချန်ကို ပိုမိုမြင့်မားသော အထပ်များရှိ မိစ္ဆာဆန်သော ပါရမီရှင်များမှာ မည်မျှအထိ အစွမ်းထက်မည်နည်းဟု ပို၍ပင် မျှော်လင့်စေခဲ့သည်။ သူတို့သည် သူ့ကို သူ၏ နည်းဗျူဟာအားလုံးနှင့် ဝှက်ဖဲအားလုံးကို ထုတ်သုံးရအောင် ဖိအားပေးနိုင်ကြမည်လော။
ထိုစဉ်မှာပင် ခန့်ညားထည်ဝါသော အသံတစ်ခုက လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
“စိန်ခေါ်သူ လင်းချန်... စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်လိုပါသလား။ သင် နတ်ဘုရားအဆင့်စာရင်း၏ ထိပ်ဆုံးအယောက် ၂၀ အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့အတွက် အကယ်၍ သင်သာ ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်မယ်ဆိုရင် သင့်ရဲ့ နောက်ဆက်တွဲ တိုးတက်မှုတွေကို တာအိုပြည်နယ်သုံးထောင်လုံးမှ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းချန်သည် တွေဝေခြင်းမရှိဘဲ ပြုံးလိုက်၏။
“ငါ ဆက်ပြီး စိန်ခေါ်မယ်။ နတ်ဘုရားမျှော်စင်ရဲ့ ၈၈ ထပ်မြောက် မျှော်စင်စောင့်နတ်ဘုရား... လင်းတုန်ကို စိန်ခေါ်ပါတယ်။”
သူ၏ တိုက်ပွဲကို တာအိုပြည်နယ်သုံးထောင်က မြင်ရမည်ဆိုသည်ကို သူ ဂရုမစိုက်ပေ။
သူ အမှန်တကယ် ဂရုစိုက်မိသည်မှာ ရှေးဟောင်း လင်းမိသားစုမှ သူ၏ဘိုးဘေးဖြစ်သူ လင်းတုန်သည် သူ့ကို တိုက်ပွဲဝင်ရန်အတွက် မွေးရာပါ ဧကရာဇ်လက်နက်ကို ထုတ်သုံးလာရအောင် ဖိအားပေးနိုင်မည်လား ဆိုသည်ကိုသာ ဖြစ်သည်။
“ကောင်းပါပြီ။ နတ်ဘုရားမျှော်စင်၏ ၈၈ ထပ်မြောက်သို့ ပို့ဆောင်ပေးနေပါပြီ။ စိန်ခေါ်သူ... ကံကောင်းပါစေ။”
ပတ်ဝန်းကျင်မြင်ကွင်းများမှာ ရုတ်ချည်းပြောင်းလဲသွားပြီး လင်းချန်သည် အထက်၊ အောက်၊ ဝဲ၊ ယာ ခွဲခြား၍မရဘဲ ဟင်းလင်းပြင်များ ပြောင်းပြန်ဖြစ်နေသော ဆန့်ကျင်ဘက်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ရှေးဟောင်းကြယ်တာရာများမှာ ကြေမွပျက်စီးနေပြီး ခန့်ညားထည်ဝါလှသော အဆောက်အဦးကြီးများသည်လည်း ပြောင်းပြန်ကြီး တည်ရှိနေကြသည်။
ပြောင်းပြန်ဖြစ်နေသော နန်းတော်တစ်ခု၏ အထက်တွင် မြင့်မားထွားကျိုင်းသော ပုံရိပ်တစ်ခုသည် လင်းချန်ကို ကျောခိုင်းလျက် ရပ်နေ၏။
“နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီနေရာကိုရောက်လာပြီး ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီလာခဲ့ပြီပဲ။ စိန်ခေါ်သူ... မင်းရဲ့နာမည်ကို ငါ သိခွင့်ရှိမလား။”
အနည်းငယ် စိုးမိုးလိုစိတ်ရှိသော အသံတစ်ခုသည် ထိုပုံရိပ်ထံမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။
ထိုအသံကို ကြားလိုက်ရချိန်တွင် လင်းချန်၏ တိုက်ခိုက်လိုစိတ်များမှာ ချက်ချင်းပင် ဆူပွက်လာပြီး သူက သွားပေါ်အောင် ပြုံးလိုက်မိလေသည်။
“မျိုးဆက်သစ် လင်းချန်... ဘိုးဘေးထံမှ လမ်းညွှန်မှုကို တောင်းခံပါတယ်။”
အခန်း ၃၈ - ပုဗ္ဗကမ္ဘာဦးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော ပါရမီရှင်ဘိုးဘေးကြီး၊ တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်
ထိုခန့်ညားထည်ဝါလှသော ပုံရိပ်ပိုင်ရှင်မှာ သူတို့၏ ရှေးဟောင် လင်းမိသားစုမှ ဘိုးဘေးဖြစ်သူ လင်းတုန်ဖြစ်ကြောင်း လင်းချန် သိရှိလိုက်သည်။
သူသည် ဒဏ္ဍာရီများထဲတွင်သာ တည်ရှိခဲ့သော၊ ရှေးဟောင်းခေတ်၏ အစောပိုင်းကာလများတွင် အထွဋ်အထိတ်အဖြစ် စိုးစံခဲ့ပြီး ဟင်းလင်းပြင်နယ်ပယ်ကို ရိုက်ခွဲကာ အထက်သို့ တက်လှမ်းသွားခဲ့သည့် ကြီးမြတ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ယခုခေတ် လင်းမိသားစုမှ ပညာရှင်များပင် တစ်ခါမျှ မမြင်ဖူးခဲ့ကြသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။
ရှေးဟောင်းခေတ်၏ ရွှေခေတ်ကြီးကို အဆင့်များစွာ ခွဲခြားထားပြီး အဆင့်တိုင်း၏ ရွှေခေတ်သည် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးများ ပေးအပ်လေ့ရှိသည်။
သူတို့၏ ဘိုးဘေး လင်းတုန်းမှာမူ ပထမအဆင့် ရွှေခေတ်ကြီးတိုက်ပွဲများမှ တိုက်ခိုက်အောင်မြင်ကာ မဟာဧကရာဇ်ရာထူးကို ဆွတ်ခူးနိုင်ခဲ့သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
ယခုအခါ လင်းချန်သည် ရှေးဟောင်းခေတ် နောက်ပိုင်းတွင် ဘိုးဘေး လင်းတုန်ကို ပထမဦးဆုံး တွေ့မြင်ခွင့်ရသူ ဖြစ်လာခဲ့သည်။
ဤအမည်သည် လင်းချန်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေသည်ဟု ဆိုရပေမည်။
အကယ်၍ သူ မှတ်မိသလောက်ဆိုလျှင် သူ၏ ယခင်ဘဝက မူလကမ္ဘာရှိ အလွန်ခေတ်စားသော အွန်လိုင်းဝတ္ထုတစ်ပုဒ်မှ ဇာတ်လိုက်၏ အမည်မှာလည်း ဤအမည်ပင် ဖြစ်သည်။
သို့သော် ထိုအရာက အရေးမကြီးပေ။ အမည်တူနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်ပြီး ကျန်ရှိသောအချက်များမှာမူ ကွဲပြားခြားနားမည်မှာ အသေအချာပင်။
“အို...။ ငါ့ရဲ့ မျိုးဆက်လား။ ဒါဆို မင်းက ရှေးဟောင်းကန္တာရ လင်းမိသားစုဝင် တစ်ယောက်ပေါ့။”
ခန့်ညားထည်ဝါသော ပုံရိပ်ထံမှ အသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သူ၏ စိုးမိုးခြယ်လှယ်လိုသော အရှိန်အဝါမှာ သုံးပုံတစ်ပုံခန့် လျော့ကျသွားပြီး စူးစမ်းလိုစိတ်နှင့် နူးညံ့မှုတို့ဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
သူစကားပြောနေစဉ်အတွင်း ထိုပုံရိပ်မှာ အနည်းငယ် လှုပ်ရှားကာ လှည့်ကြည့်လိုက်ရာ ပြတ်သားပြီး မွေးရာပါ စိုးမိုးခြယ်လှယ်လိုသော အသွင်ရှိသည့် လူငယ်တစ်ဦး၏ မျက်နှာကို တွေ့လိုက်ရ၏။
ယခုအချိန်တွင် သူ၏မျက်နှာ၌ စူးစမ်းလိုစိတ်နှင့် မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ရှိနေခဲ့သည်။ ထိုအရာကို မြင်လိုက်ရသောအခါ လင်းချန်က ပြုံးလိုက်၏။
“ဟုတ်ပါတယ် ဘိုးဘေးကြီး။ ကျုပ်က လင်းမိသားစုဝင် တစ်ယောက်ပါ။”
ဤသူက သူတို့မိသားစု၏ ဘိုးဘေး လင်းတုန်လား။
မိသားစု မှတ်တမ်းများထဲတွင် ဖော်ပြထားသော ပုံစံနှင့် အလွန်အမင်း ကွဲပြားခြားနားခြင်း မရှိပေ။
တစ်ခုတည်းသော ကွဲပြားချက်မှာ ယခုတွေ့ရသော လင်းတုန်သည် ပို၍ စိုးမိုးခြယ်လှယ်လိုစိတ် ရှိနေပြီး ခန့်မှန်းရခက်သော အရှိန်အဝါမျိုး အနည်းငယ် လျော့နည်းနေခြင်းပင် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ လင်းတုန်၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှုများ ဖြစ်ပေါ်လာ၏။
“ရှေးဟောင်းကန္တာရ လင်းမိသားစု... အခု ဘယ်လို အခြေအနေ ရှိနေပြီလဲ။”
ယခု သူ၏ အခြေအနေမှာ သူ၏ ကိုယ်ပွားစစ်စစ် မဟုတ်ဘဲ ပုံရိပ်ယောင်လွှင့်ထုတ်မှုကဲ့သို့သော တည်ရှိမှုမျိုးသာ ဖြစ်ကြောင်း သူသိပေသည်။
သူသည် သူ၏ပင်ကိုယ်စရိုက်ကို ထိန်းသိမ်းထားရန်အတွက် ပင်မခန္ဓာကိုယ်၏ မှတ်ဉာဏ်နှင့် ခံစားချက်အများစုကို ပိုင်ဆိုင်ထားသော်လည်း နောက်ဆုံးတွင်မူ သူသည် စစ်မှန်သော တည်ရှိမှုတစ်ခု မဟုတ်ပေ။
လင်းချန်သည် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်ပြီး တိုက်ရိုက် အဖြေမပေးဘဲ မေးခွန်းတစ်ခုဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။
“ကျုပ် ဘိုးဘေးကြီးဆီကို ဒီအထိ ရောက်လာနိုင်ပြီဆိုမှတော့ လင်းမိသားစု ဘယ်လို အခြေအနေရှိလဲဆိုတာ ဘိုးဘေးကြီး ခန့်မှန်းနိုင်မှာပါ ဟုတ်တယ်မလား။
ဒါပေမဲ့ ကျုပ် ဒီကို လာခဲ့တာက ဘိုးဘေးကြီးကို စိန်ခေါ်ဖို့ပါ။ ဘိုးဘေးကြီး... ကျုပ်ကို လမ်းညွှန်မှုပေးပါဦး။”
စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် ရူးသွပ်မတတ် ဆူပွက်လာခဲ့၏။ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည့် အတွင်းတံခါး ရှစ်ပေါက်ကို အသုံးမပြုသည်မှလွဲ၍ သူ၏ အစွမ်းရှိသမျှကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
ချက်ချင်းပင် အရာအားလုံး ပြောင်းပြန်ဖြစ်နေသော ကမ္ဘာကြီးသည် ပြင်းထန်သော ဖိအားများဖြင့် လွှမ်းခြုံသွားတော့သည်။
လင်းတုန်ပင်လျှင် ဤဖိအားကို ခံစားလိုက်ရသဖြင့် မျက်ခုံးများ တွန့်ချိုးသွားကာ တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာခဲ့သည်။
“ငါ့ရဲ့ လင်းမိသားစု မျိုးဆက်တွေထဲမှာ ဒီလောက်အထိ ထူးကဲတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
လင်းမိသားစုက အခုထိ စည်ပင်ဝပြောနေတုန်းဆိုတော့ ငါလည်း စိတ်အေးအေးထားပြီး မင်းနဲ့ အားရပါးရ တိုက်ခိုက်နိုင်ပြီ။
မင်း ငါ့ကို အနိုင်ယူနိုင်ပြီး ငါ့ထက်တောင် ပိုပြီး ခရီးဝေးဝေး သွားနိုင်ပါစေလို့ မျှော်လင့်တယ်။
လာစမ်း... တိုက်ကြရအောင်။”
သူ၏ အသံမဆုံးမီမှာပင် လင်းချန်၏ အရှိန်အဝါနှင့် တန်းတူနီးပါးရှိသော အစွမ်းထက်လှသော အရှိန်အဝါတစ်ခု လင်းတုန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ပြောင်းပြန်ဖြစ်နေသော ကမ္ဘာငယ်လေးအတွင်း၌ ဖိအားနှစ်ခုသည် အပြန်အလှန် အားပြိုင်တိုက်ခိုက်နေကြသော်လည်း မည်သူကမျှ အသာမစီးရဘဲ ဖြစ်နေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းချန်၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။
ဤသည်မှာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်သည်။ တူညီသော နယ်ပယ်အတွင်း ရှိသူတစ်ဦးဦးက သူ့ကို အစွမ်းချင်း ယှဉ်ပြိုင်နိုင်ပြီး မည်သည့် အားနည်းချက်မျှ မရှိဘဲ ရင်ဆိုင်နေနိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ရှေးဟောင်း လင်းမိသားစု၏ ဘိုးဘေးဖြစ်သူ၊ မွေးရာပါ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ကြီးမားသောအဆင့်ဖြင့် ပိုင်ဆိုင်ထားပြီး အလားတူ ခန္ဓာကိုယ်ပိုင်ရှင် အယောက်တစ်ရာကျော်၏ အရိုးစုများကို ပေါင်းစပ်ထားသူပီပီ အမှန်တကယ်ပင် ခန့်ညားလှပေသည်။
သူသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာပိုင်ရှင်များ ဧကရာဇ်မဖြစ်နိုင်ဟူသော အချုပ်အနှောင်များကို ရိုက်ချိုးကာ မဟာဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သက်ရှိအားလုံးကို သူ၏အရှိန်အဝါဖြင့် ဖိနှိပ်နိုင်ခဲ့သည့် ထူးကဲသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သာမန်ပါရမီရှင်တစ်ဦးအတွက်မူ မိမိနှင့် တူညီသော ကျင့်စဉ်ခန္ဓာပိုင်ရှင်၏ အရိုးစုတစ်ခုကို ပေါင်းစပ်နိုင်ရုံနှင့်ပင် ကောင်းကင်ဘုံ၏ ကောင်းချီးဟု ဆိုနိုင်ပေသည်။
ထိပ်တန်းပါရမီရှင်တစ်ဦးဆိုလျှင် အခုပေါင်းများစွာကို ပေါင်းစပ်နိုင်လိမ့်မည်ဖြစ်ပြီး ထိုအရာကို ကမ္ဘာတည်သရွေ့ တစ်ခါသာ ပေါ်ပေါက်တတ်သော ဖြစ်ရပ်ဟု ခေါ်ဆိုနိုင်သည်။ ဥပမာ ဗြဟ္မာသူတော်စင်နယ်မြေ၏ ဘိုးဘေးကဲ့သို့ပင်။
သို့သော် အလားတူ ခန္ဓာပိုင်ရှင် အယောက်တစ်ရာကျော်၏ အရိုးစုများကို ပေါင်းစပ်နိုင်ခြင်းမှာမူ သာမန်လူသားတို့ မအောင်မြင်နိုင်သော အရာပင် ဖြစ်သည်။
ထိုအရာကို ဖော်ပြရန်မှာ “ထာဝရပါရမီရှင်” ဟူသော စကားလုံးပင်လျှင် လုံလောက်မည်မဟုတ်ချေ။
သမိုင်း၌ မှတ်တမ်းတင်သမျှတွင် လင်းမိသား၏စုဘိုးဘေး လင်းတုန်၏ ပါရမီမှာ ပထမနေရာတွင် ရှိနေခဲ့ပြီး ဖြစ်သည်။
သူ၏အထက်တွင် ရှိနေသော တည်ရှိမှု (၁၁) ခုမှာမူ မည်သည့် သမိုင်းမှတ်တမ်းမျှ မရှိဘဲ ပုဗ္ဗကမ္ဘာဦးခေတ် မတိုင်မီကတည်းက တည်ရှိခဲ့သော သမိုင်းဦး ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် ဤကဲ့သို့ အားချင်းမျှနေခြင်းကပင် လင်းချန်အတွက် သူ၏ လက်ခြေများကို အားရပါးရ အစွမ်းကုန် ထုတ်သုံးနိုင်မည့်... စစ်မှန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်လာစေခဲ့သည်။
တွေဝေနေခြင်းမရှိဘဲ လင်းချန်သည် သူ၏ ဖရိုဖရဲ အနှစ်သာရနှင့် လက်သီး အနှစ်သာရတို့ကို စုစည်းကာ လေးလံသော လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်၏။
“ဖရိုဖရဲ လက်သီး...။”
ဤလက်သီးတွင် သူသည် မည်သည့်အရာကိုမျှ ချန်မထားဘဲ သူ၏ ၅၀ ရာခိုင်နှုန်းသော ဖရိုဖရဲ အနှစ်သာရနှင့် ၆၀ ရာခိုင်နှုန်းသော လက်သီး အနှစ်သာရတို့၏ စွမ်းအားအပြည့်ကို ထုတ်သုံးလိုက်သည်။
“ဝုန်းးး”
ငွေမီးခိုးရောင် လက်သီးရိပ်ကြီးသည် သူ၏လမ်းကြောင်းတွင် တည်ရှိနေသမျှ ပြောင်းပြန်ဖြစ်နေသော အဆောက်အဦးများ၊ လားရာမဲ့နေသော ဟင်းလင်းပြင်များ အားလုံးကို ချေမှုန်းပစ်လိုက်၏။ ငွေမီးခိုးရောင် လက်သီးရိပ်ကြီး၏ ရှေ့မှောက်တွင် အရာအားလုံးမှာ ရေပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားရသည်။
၎င်းမှာ မည်သည့် လှည့်ကွက်မှ မပါဝင်ဘဲ စစ်မှန်သော စွမ်းအားသက်သက်သာ ဖြစ်သည်။
ငွေမီးခိုးရောင် လက်သီးရိပ်ကြီးအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အာရုံခံမိသောအခါ လင်းတုန်သည် ထိတ်လန့်သွားခြင်းမရှိဘဲ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး အော်ဟစ်လိုက်မိ၏။
“ကောင်းတယ်”
သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ပို၍ ထူးခြားသည်မှာ အရိုးစုပေါင်း တစ်ရာကျော်ဖြင့် အဆင့်မြှင့်တင်ထားသော ရုပ်ခန္ဓာဖြစ်သည်။
သူ၏ ဂုဏ်အယူရဆုံးနှင့် အစွမ်းထက်ဆုံး အရာမှာ သူ၏ရုပ်ခန္ဓာပင် ဖြစ်သည်။
လက်သီးကျင့်စဉ်မှာ သူ၏ အထူးပြုကျွမ်းကျင်မှု ဖြစ်နေသဖြင့် လင်းချန်၏ တိုက်ခိုက်မှုမှာ သူ၏ ဆန္ဒနှင့် ကွက်တိကျနေခဲ့သည်။
ဤသည်မှာ သူ့ကို စိတ်နှစ်ထားစေနိုင်မည့် အားရပါးရရှိလိုက်သော တိုက်ပွဲကြီး ဖြစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
လင်းတုန်သည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ တိုးဝင်လိုက်၏။ ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် သူ၏အောက်ရှိ နန်းတော်မှာ ကြေမွသွားပြီး လင်းတုန်မှာ လေးညှို့မှ ထွက်လာသော မြားတစ်စင်းအလား ငွေမီးခိုးရောင် လက်သီးရိပ်ဆီသို့ ပြေးဝင်သွားတော့သည်။
လေထဲတွင်ပင် သူ၏ ရုပ်ခန္ဓာမှ အတိုင်းအဆမဲ့သော ရွှေရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာကာ လက်သီးတစ်ချက်ကို လွှဲ၍ ထိုးနှက်လိုက်သည်။
“ရှေးဟောင်း မြင့်မြတ်လက်သီး...။”
ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသော ရွှေရောင်လက်သီးရိပ်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး လူတို့ တည့်တည့်မကြည့်ဝံ့လောက်အောင် တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်လက်သီးရိပ်ကြီးနှင့် ငွေမီးခိုးရောင် လက်သီးရိပ်တို့ ထိပ်တိုက်တွေ့ဆုံသွားကြ၏။ ထူးဆန်းသည်မှာ မည်သည့်အသံမျှ ထွက်ပေါ်မလာခြင်းပင်။
လက်သီးရိပ်ကြီးနှစ်ခုမှာ တစ်ခုကိုတစ်ခု တိတ်ဆိတ်စွာ ချေဖျက်သွားကြပြီး ခဏချင်းမှာပင် နှစ်ခုစလုံး အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။
တိုက်ပွဲဖြစ်ပွားရာ အလယ်ဗဟို၌ ပေါ်ပေါက်လာသော ဟင်းလင်းပြင် တွင်းနက်ကြီး တစ်ခုတည်းကပင် ယခုလေးတင် ပေါက်ကွဲထွက်ပေါ်သွားသော စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေခဲ့လေသည်။
လင်းချန်ရော လင်းတုန်ပါ ထိုအရာကို ဂရုမစိုက်ကြပေ။ တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် လက်သီးများကို အကြိမ်ကြိမ် လွှဲယမ်းကာ ပြောင်းပြန်ဖြစ်နေသော ကမ္ဘာငယ်အတွင်း၌ အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်နေကြ၏။
“ဒုန်း ဒုန်း ဒုန်း”
ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုပစ်နိုင်သော ဟင်းလင်းပြင် တွင်းနက်ကြီးများသည် ပြောင်းပြန်ကမ္ဘာအတွင်း အဆက်မပြတ် ပေါ်ထွက်လာရသည်။
ဟင်းလင်းပြင် တွင်းနက်ကြီးတစ်ခု ပေါ်လာချိန်တိုင်းမှာ လင်းချန်နှင့် လင်းတုန်တို့ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်လိုက်ခြင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။
နာရီဝက်နီးပါး...နာရီဝက်အပြည့်...။
လင်းချန်နှင့် လင်းတုန်တို့၏ အပြန်အလှန် တိုက်ခိုက်မှုမှာ ပြီးဆုံးခြင်း မရှိသေးပေ။
သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်ပေါ်တွင် လက်သီးရာ ချိုင့်ခွက်များ ပေါ်ထွက်နေသော်လည်း မည်သူကမျှ ဂရုမစိုက်ကြပေ။ ယင်းအစား သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် စစ်မှန်သော ကျေနပ်အားရမှု အပြုံးများသာ ကိုယ်စီ ရှိနေကြ၏။
တူညီသော နယ်ပယ်အတွင်းရှိ ကျင့်ကြံသူတစ်ဦးနှင့် ဤမျှအထိ ပျော်ရွှင်စရာကောင်းအောင် တိုက်ခိုက်ခဲ့ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူတို့ ကျင့်ကြံခြင်းစတင် ကျင့်ကြံခဲ့ချိန်မှစ၍ အစောဆုံး စတင်ခဲ့ချိန်မှလွဲလျှင် ဤတစ်ကြိမ်သာလျှင် ထိုသို့သော ခံစားချက်မျိုး ရရှိခဲ့ခြင်း ဖြစ်ပုံရသည်။
“ဝုန်းးး”
နောက်ဆုံးတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင် သူတို့နှစ်ဦး နောက်ဆုံးတွင် သီးခြားစီ ကွဲထွက်သွားကြပြီး ဟင်းလင်းပြင်နယ်ပယ်၏ တစ်နေရာစီ၌ ရပ်တန့်လိုက်ကြသည်။
လင်းတုန်သည် သူ၏ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။
“မင်းက တကယ် တော်ပါတယ်။ ရုပ်ခန္ဓာသက်သက်နဲ့ ငါ့ကို ဒီအဆင့်အထိ ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသော တူညီတဲ့နယ်ပယ်က ကျင့်ကြံသူပဲ။ ဒါပေမဲ့ ငါတို့ ဒီလိုပဲ ဆက်တိုက်နေမယ်ဆိုရင် ဒါက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ တစ်ချက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ကြရင် ဘယ်လိုလဲ...။”
လင်းချန်သည်လည်း ထုံကျဉ်နေသော သူ၏လက်မောင်းများကို လှုပ်ခါလိုက်ပြီး ပြုံးလိုက်သည်။
“ကျုပ်လည်း အဲ့ဒီလိုပဲ တွေးနေတာပါ။ လာပါ... တစ်ချက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။”
ထိုသို့ပြောနေစဉ်အတွင်း လင်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား အားလုံးသည် သူ၏ ညာဘက်လက်သီးပေါ်သို့ စုစည်းသိပ်သည်းလာ၏။
အစွမ်းထက်ပြီး သန့်စင်လှသော သူ၏ ဖရိုဖရဲချီများသည် အကြိမ်ကြိမ် ဖိသိပ်ခံရမှုကြောင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲြသည်။
သူ၏ အနှစ်သာရများ အားလုံးသည်လည်း ဖရိုဖရဲ အနှစ်သာရ၏ ပေါင်းစပ်ညှိနှိုင်းမှုအောက်တွင် ခေတ္တမျှ တစ်သားတည်း ဖြစ်သွားခဲ့ပြီး အမည်မသိ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
လင်းတုန်သည်လည်း ငြိမ်မနေခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း မည်းမှောင်သွားပြီး ခန့်မှန်းရခက်သော ရွှေရောင်ရင့်ရင့် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်လုံးသူငယ်အိမ်အတွင်း၌ပင် ရွှေရောင်အလင်းတန်းများ ပွင့်အံလာခဲ့သည်။
ခဏအကြာတွင် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်ကြသည်။
“မြင့်မြတ်ခန္ဓာ... ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်း။”
“ဖရိုဖရဲ...တစ်ခုတည်းအဖြစ်သို့ ပြန်လည်ရောက်ရှိခြင်း။”
“ဝုန်းးး”
နောက်တစ်စက္ကန့်တွင် အဆုံးအစမဲ့သော ဟိန်းဟောက်သံများနှင့်အ စွမ်းအင်လှိုင်းလုံးကြီးများမှာ ပြောင်းပြန်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ရာ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
ရွှေရောင်ရင့်ရင့် လူသားပုံသဏ္ဌာန် အရိပ်တစ်ခုနှင့် တောက်ပသော ငွေမီးခိုးရောင် အလင်းလုံးတစ်ခုတို့ အပြန်အလှန် ရိုက်ခတ်နေသည်ကိုသာ မြင်တွေ့ကြရတော့သည်။
မကြာမီ စွမ်းအင်လှိုင်းလုံးကြီးများ လွင့်စင်သွားသောအခါ မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပုံရိပ်တစ်ခုမှာ လက်သီးထိုးနှက်ထားသော ပုံစံအတိုင်း ရှိနေပြီး အခြားပုံရိပ်တစ်ခုမှာမူ ဟင်းလင်းပြင်အတွင်း၌ အရှိန်အဝါများ တုန်ခါယိုင်နဲ့လျက် မတည်မငြိမ် ထိုင်နေခဲ့သည်။
လင်းချန်သည် သူ၏လက်သီးကို ပြန်ရုပ်လိုက်ပြီး ရှေ့မှလူကို ပြုံးပြကာ လက်ယှက်၍ ဂါရဝပြုလိုက်၏။
“ဘိုးဘေးကြီး...တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်။”
ထိုအချိန်တွင် ပြင်ပရှိ တာအိုပြည်နယ်သုံးထောင်၌....။
သက်ရှိအားလုံးနှင့် ပညာရှင်အားလုံးသည် ကောင်းကင်ယံထက်တွင် တာအိုပြည်နယ်သုံးထောင် တစ်ခုလုံးကို လွှမ်းခြုံပြသနေသော ကြီးမားလှသည့် အလင်းမျက်နှာပြင်ကြီးကို တိတ်ဆိတ်စွာ မော့ကြည့်နေကြ၏။
မျက်နှာပြင်အတွင်းရှိ ပုံရိပ်များမှာ လင်းချန်နှင့် လင်းတုန်တို့၏ တိုက်ပွဲပင် ဖြစ်သည်။ သူတို့သည် တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးကို အလင်းမျက်နှာပြင်မှတစ်ဆင့် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင်မှသာ သူတို့သည် လင်းချန်၏ အစွမ်းမှာ မည်မျှအထိ ရှိကြောင်းကို စစ်မှန်စွာနှင့် တိုက်ရိုက် သိမြင်နားလည်သွားကြလေတော့သည်။
ထိုကဲ့သို့ အစွမ်းထက်လှသော တည်ရှိမှုမျိုးနှင့် မိမိ၏ ရုပ်ခန္ဓာ သက်သက်ကိုသာ အသုံးပြု၍ ထိပ်တိုက်ရင်ဆိုင်ပြီး နောက်ဆုံးတွင် အောင်ပွဲဆင်နိုင်ခဲ့ခြင်း...။
၎င်းသည် ရိုးရှင်းစွာပင်... ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းလှပေသည်။