အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း ၃၉ - နတ်ဘုရားအဆင့်စာရင်း အဆင့် ၁၂ သို့ တက်လှမ်းခြင်း၊ သမိုင်းမှတ်တမ်းတိုင်း၌ အကြီးကျယ်ဆုံးသော ပါရမီရှင် ဖြစ်လာခြင်း
နတ်ဘုရားမျှော်စင်၏ အပြင်ဘက်၌...။
လင်းရှန်ဟဲ၊ လင်းထင်ထောင်းနှင့် ရှေးဟောင်း လင်းမိသားစုမှ အခြားမိစ္ဆာဆန်သော ပါရမီရှင်များသည် မှင်သက်နေရာမှ သတိပြန်ဝင်လာကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသော အမူအရာများ ပြသလိုက်ကြသည်။
နတ်ဘုရားသားတော်... နတ်ဘုရားသားတော်က တူညီတဲ့နယ်ပယ် အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုနဲ့ ဘိုးဘေး လင်းတုန်ကို အမှန်တကယ် အနိုင်ယူလိုက်ပြီ။
သူတို့ လင်းမိသားစုရဲ့ ဘိုးဘေးက ရှေးဟောင်း မြင့်မြတ်ခန္ဓာ အယောက်တစ်ရာကျော်ကို ပေါင်းစပ်ထားနိုင်တဲ့ အစွမ်းထက် ပါရမီရှင်ကြီးလေ။
သူက ပုဗ္ဗကမ္ဘာဦးခေတ် နောက်ပိုင်း သမိုင်းတစ်လျှောက်မှာ တကယ့်ကို နံပါတ်တစ် ပါရမီရှင်ကြီး ဖြစ်ခဲ့တာကွ။
ဒါတောင်မှ သူ အယုံကြည်ဆုံးနဲ့ အသန်မာဆုံးဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်နယ်ပယ်မှာ အခုခေတ် လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်ဆီမှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရပြီ။
လင်းမိသားစုမှ ပါရမီရှင်အသီးသီးတို့သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ဘဲ အကျယ်ကြီး ကြွေးကြော်ကာ အောင်ပွဲခံလိုက်ကြလေတော့သည်။
“နတ်ဘုရားသားတော်ရဲ့ ဘုန်းတန်ခိုး ထာဝရအဓွန့်ရှည် တည်တံ့ပါစေ။”
“နတ်ဘုရားသားတော်ရဲ့ ဘုန်းတန်ခိုး ထာဝရအဓွန့်ရှည် တည်တံ့ပါစေ။”
“...”
ဤအချိန်တွင် လင်းရှန်ဟဲကဲ့သို့သော ရှေးဟောင်းလူထူးဆန်းများပင်လျှင် လင်းချန်အပေါ် စစ်မှန်သော လေးစားကြည်ညိုမှုများ ဖြစ်ပေါ်လာခဲ့ပြီး ဤမျိုးဆက်သစ်လူငယ်ကို လုံးဝအသိအမှတ်ပြုသွားကြပြီ ဖြစ်သည်။
လင်းချန်သည် သူတို့၏ ရှေးဟောင်း လင်းမိသားစုကို စတင်တည်ထောင်ချိန်မှစ၍ အစွမ်းထက်ဆုံးသော ပါရမီရှင်ဟူသော ဘွဲ့အမည်နှင့် ထိုက်တန်လှပေသည်။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များသည် လင်းမိသားစု၏ အောင်ပွဲခံသံများကို ကြားလိုက်ရသောအခါ ရှုပ်ထွေးသော အမူအရာများကို ပြသလာခဲ့ကြသည်။
သူတို့နှင့် လင်းချန်ကြားရှိ ကွာဟချက်မှာ ပို၍ပို၍ ကြီးမားလာသည်ဟု ခံစားလိုက်ရ၏။
ဤလူသည် တကယ့်ကို ထာဝရထူးခြားဆန်းကြယ်သော မိစ္ဆာကောင်ပင် ဖြစ်ပေသည်။
စစ်မှန်သော နဂါးဧကရာဇ်သားတော် အောက်ထျန်းကျွင်း သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်နှာတွင် မကြုံစဖူးသော လေးနက်တည်ကြည်မှုများ ပေါ်ထွက်လာခဲြသည်။
“လင်းချန်က ဒီ ရွှေခေတ်ကြီးမှာ အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူဟာ ငါအလေးစားဆုံးနဲ့ အကြည်ညိုဆုံး ပြိုင်ဘက်လည်း ဖြစ်လာလိမ့်မယ်။”
သူ၏အသံ ထွက်ပေါ်လာချိန်၌ သူ၏ဘေးတွင် ရှိနေသော မသေမျိုး ဖီးနစ်မျိုးနွယ်စုမှ ပါရမီရှင် မိန်းမလှလေး ဟွမ်ကျိုးယိုကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမ၏ မျက်နှာပေါ်ရှိ မာန်မာနအချို့မှာ ပျောက်ကွယ်သွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“မှန်တယ်။ လင်းချန်က ငါတို့ရဲ့ ကြီးမားတဲ့ပြိုင်ဘက် ဖြစ်လာမှာ ဖြစ်သလို ငါတို့ ဆက်လက် ကြီးထွားလာအောင် တွန်းအားပေးမယ့် လမ်းပြမီးရှူးတန်ဆောင်လည်း ဖြစ်လာလိမ့်မယ်။
အခုချိန်မှာ သူက ငါတို့ထက် ရှေ့ရောက်နေပေမယ့် ရှေ့ကလမ်းက ရှည်သေးတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
ဒီနေ့ကစပြီး ငါသူ့ကို အမီလိုက်နိုင်ဖို့နဲ့ ကျော်တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်။”
ကျားဖြူဦးခေါင်းနှင့် လူငယ် ပိုင်ကူနှင့် လိပ်ခွံကို ကျောပိုးထားသော သန်မာသည့်လူထွားကြီး ရွှမ်းကျွင်းတို့မှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့ စကားမပြောသော်လည်း သူတို့၏ နှုတ်ခမ်းထောင့်များမှာမူ အနည်းငယ် ကွေးညွှတ်သွားခဲ့ကြသည်။
အမှန်စင်စစ် ရှေ့ကလမ်းမှာ ရှည်လျားလှပေသည်။ အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
လင်းချန်သည် လက်ရှိတွင် သူတို့ထက် ရှေ့ရောက်နေသော်လည်း သူတို့သည် အမီလိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားသွားကြရပေမည်။
ယောင်မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များအနေဖြင့် သူတို့သည် အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ပေ။
နဂါးဧကရာဇ်သားတော် အောက်ထျန်းကျွင်းနှင့် မသေမျိုးဖီးနစ် ဟွမ်ကျိုးယိုတို့၏ စကားများသည် ယွမ်ချန်းချိုးနှင့် ဝတ်ရုံခြုံထားပြီး အရှိန်အဝါ အလွန်နည်းပါးနေသော လူတို့၏ နားထဲသို့ ရောက်ရှိသွားခဲ့၏။
သူတို့နှစ်ဦးစလုံး၏ မျက်လုံးသူငယ်အိမ်အတွင်း၌ အလင်းတန်းများ ဖျတ်ခနဲ ဖြစ်ပေါ်လာခဲ့သည်။
သူတို့လည်း ထပ်တူပင် တွေးတောနေကြခြင်းဖြစ်သည်။ လင်းချန်သည် လက်ရှိတွင် သူတို့ထက် ရှေ့ရောက်နေကြောင်း သူတို့ ဝန်ခံကြရမည်ဖြစ်သည်။
သို့သော် သူတို့အားလုံးသည် ထိပ်တန်းပါရမီရှင်များ၊ ရှေးဟောင်းလူထူးဆန်းများ ဖြစ်ကြ၏။ သူတို့၏ မာနသည် သူ့ကို ကျော်တက်နိုင်သည်အထိ အစွမ်းကုန် လိုက်လံယှဉ်ပြိုင်ရန် သူတို့ကို တွန်းအားပေးနေပေလိမ့်မည်။
ထိုစဉ်မှာပင် ကောင်းကင်ယံရှိ ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းမှာ ဝင်းခနဲ ဖြစ်သွားပြီး အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားတော့လေသည်။
လင်းချန်၏အမည်မှာ နောက်ဆုံးပိုင်းမှနေ၍ ၁၂ နေရာအထိ တိုက်ရိုက်တက်လှမ်းသွားခဲ့ပြီး မူလနေရာတွင် ရှိနေသော လင်းတုန်ကို အစားထိုးလိုက်လေတော့သည်။
နတ်ဘုရားအဆင့်စာရင်းရှိ အခြားသော ပါရမီရှင်များ၏ အဆင့်သတ်မှတ်ချက်များသည်လည်း တစ်နေရာစီ အသီးသီး လျော့ကျသွားခဲ့သည်။
ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ခန့်ညားထည်ဝါလှသည့် ကောင်းကင်ဘုံတာအို၏ ကြေညာသံသည် တာအိုပြည်နယ်သုံးထောင်လုံးသို့ ပဲ့တင်ထပ်သွားခဲ့တော့သည်။
“ရှေးဟောင်း လင်းမိသားစုမှ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ၈၈ ထပ်မြောက်ကို ရှင်းထုတ်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၁၂ နေရာသို့ တက်လှမ်းသွားပါပြီ။”
“မျှော်စင်စိန်ခေါ်သူ လင်းချန်သည် စုစုပေါင်းဆုလာဘ်အဖြစ် မိုင်ပေါင်းသုံးသိန်းသုံးသောင်းစာ ကံတရားကောင်းချီးနှင့် ကောင်းကင်ဘုံတာအို၏ လက်ဆောင် ၈၈ ခုကို ရရှိပိုင်ဆိုင်သွားပါပြီ။”
ထိုဟိန်းဟောက်သံကြီးကို တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးက ရှင်းလင်းစွာ ကြားလိုက်ကြရ၏။
သေမျိုးလောကရှိ လင်းချန်၏ သက်ရှည်ကျန်းမာ ဂုဏ်ပြုစာလွှာများကို ကိုးကွယ်ထားကြသော သာမန်လူသားများသည် ထိုအသံကို ကြားရလျှင် ထိုနေရာများသို့ အပြေးအလွှား သွားရောက်ကာ စိတ်ရင်းမှန်ဖြင့် ဆုတောင်းမေတ္တာ ပို့သကြလေတော့သည်။
သူတို့သည် ရှေးဟောင်း လင်းမိသားစုမှ ဤနတ်ဘုရားသားတော် လင်းချန်ကို ယနေ့မှစ၍ သူတို့၏ ထာဝရဘုရားသခင်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
အဖွဲ့အစည်းအသီးသီး၊ ရှေးဟောင်းဝါဒများနှင့် ဂိုဏ်းကြီးများအတွင်းရှိ ပညာရှင်များနှင့် တပည့်များမှာမူ လင်းချန်၏ စွမ်းဆောင်ချက်များကြောင့် ထုံကျင်နေခဲ့ရသည်မှာ ကြာပြီဖြစ်ရာ သက်ပြင်းရှည်ကြီးကိုသာ ချနိုင်ကြတော့သည်။
ရှေးဟောင်း လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်ဟာ တကယ့်ကို လူသားတို့ရဲ့ အကန့်အသတ်တွေကို ကျော်လွန်သွားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။
လင်းမိသားစု၏ ဘိုးဘေး လင်းတုန်သည် ရှေးဟောင်းခေတ် အစောပိုင်းက ပါရမီရှင်အားလုံးနှင့် နောက်ပိုင်း၌ ဧကရာဇ်ဖြစ်လာမည့်သူများကိုပါ ဖိနှိပ်နိုင်ခဲ့သူဖြစ်သည်။
သူဟာ သမိုင်းတစ်လျှောက်၌ အကြီးကျယ်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း အခုတော့ ထိုဘွဲ့ထူးမှာ လက်ပြောင်းသွားခဲ့ချေပြီ။
လက်ရှိ လင်းချန်ဟာ ပုဗ္ဗကမ္ဘာဦးခေတ် နောက်ပိုင်း သမိုင်းမှတ်တမ်းတိုင်း၌ စစ်မှန်သည့် နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။
တစ်ချိန်က တာအိုပြည်နယ်သုံးထောင်မှာ ကောလာဟလအဖြစ်သာ ပျံ့နှံ့ခဲ့သည့် ဘွဲ့အမည်တစ်ခုကို လင်းချန်က တစ်နေ့မှာ အမှန်တကယ် ရယူနိုင်လိမ့်မယ်ဟု မထင်မှတ်ထားခဲ့ကြချေ။
ယခုအချိန်တွင်မူ လင်းချန်သည် သမိုင်းတစ်လျှောက် နံပါတ်တစ် ပါရမီရှင်ဖြစ်သည်ဟု ကမ္ဘာတစ်ခုလုံးကို ကြေညာရင်တောင် ဘယ်သူမှ ငြင်းဆိုဝံ့မှာ မဟုတ်သလို ငြင်းဆိုရန်လည်း အထောက်အထား မရှိတော့ပါချေ။
အဘယ်ကြောင့်ဆိုသော ဤသည်မှာ ငြင်းမရသည့် အမှန်တရား ဖြစ်နေသောကြောင့်ပင်။
တားမြစ်နယ်မြေ အသီးသီး၏ အပြင်ဘက်၌...။
ကွာစီဧကရာဇ် အဆင့် ပညာရှင်ကြီးများစွာသည် တားမြစ်နယ်မြေမှ မိစ္ဆာကောင်များကို သတ်ဖြတ်နေရင်းဖြင့် ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်လိုက်ကြ၏။
အဆင့် ၁၂ နေရာ၌ သိသိသာသာ ပေါ်လွင်နေသည့် ထိုအမည်ကို စိုက်ကြည့်ရင်း သူတို့အားလုံး အသက်ကို ပြင်းပြင်းရှူလိုက်မိကြသည်။
အကယ်၍ လင်းချန်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့မည်ဆိုလျှင် သူတို့၏ ပြည်နယ်များအတွက် တကယ့်ခြိမ်းခြောက်မှုဖြစ်သည့် တားမြစ်နယ်မြေများကို အမြစ်ပြတ် ချေမှုန်းနိုင်လိမ့်မည်ဟု သူတို့ ပိုပိုပြီး ယုံကြည်လာခဲ့ကြလေသည်။
သာမန် မဟာဧကရာဇ်များသည် တားမြစ်နယ်မြေများကို လုံးဝမငြိမ်သက်စေနိုင်ဘဲ အချိန်အတော်ကြာအောင် ပြဿနာမရှာနိုင်ရန် အစီအရင်များနှင့်သာ ချိတ်ပိတ်ထားနိုင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် လင်းချန်သာ ဧကရာဇ်ဖြစ်လာပါက သူသည် သာမန်ဧကရာဇ်တစ်ပါး ဖြစ်မည်မဟုတ်သည်မှာ သေချာပေသည်။
သူသည် တားမြစ်နယ်မြေများကို အပြီးတိုင် ငြိမ်သက်သွားစေပြီး တာအိုပြည်နယ်သုံးထောင်မှ တားမြစ်နယ်မြေဆိုသည့် ခြိမ်းခြောက်မှုကြီးကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့် အစွမ်းမျိုး ရှိမည်မှာ အမှန်ပင်။
သို့သော် တစ်ဖက်တွင်လည်း အဖွဲ့အစည်းအသီးသီးက ကွာစီဧကရာဇ်အဆင့် ပညာရှင်ကြီးများသည် စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးနေကြ၏။
အဘယ်ကြောင့်ဆို သူတို့မှာလည်း ကိုယ်ကျိုးအတ္တလေးများ ကိုယ်စီရှိနေသောကြောင့်ပင်။ သူတို့ကိုယ်တိုင်လည်း မဟာဧကရာဇ်ရာထူးကို ရယူပြီး ဧကရာဇ်တစ်ပါးရဲ့ ဘုန်းအာနုဘော်ကို ခံစားချင်ကြပေသည်။
ဤသည်မှာ မလွယ်ကူမှန်း သိသော်လည်း မဟာဧကရာဇ်ဖြစ်ရန် အခွင့်အရေးဆိုသည်က အလွန်ကို ဆွဲဆောင်မှု ရှိလွန်းလှ၏။
အရေးကြီးဆုံးအချက်မှာ သူတို့၏ ကိုယ်ပိုင်ပါရမီရှင်များသည်လည်း မဟာဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်ရန် လိုအပ်နေခြင်းပင်။
လင်းချန်ကိုသာ ဧကရာဇ်ဖြစ်ရန် ပံ့ပိုးပေးနေမည်ဆိုပါက အခြားပါရမီရှင်တွေအတွက်ရော သူတို့ကိုယ်တိုင်အတွက်ပါ မတရားသလို ဖြစ်နေပေလိမ့်မည်။
နောက်ဆုံးမှာတော့ အဖွဲ့အစည်းအသီးသီးက ကွာစီဧကရာဇ်အဆင့်ပညာရှင်ကြီးများသည် သက်ပြင်းတိုးတိုးလေးသာ ချနိုင်ကြတော့၏။
ထားလိုက်ပါတော့လေ... အခြေအနေကြည့်ပြီးပဲ လုပ်ဆောင်သွားကြတာပေါ့။
အနာဂတ်ကိစ္စရပ်များမှာမူ ရွှေခေတ်ကြီး ဆိုက်ရောက်လာသည်နှင့်အမျှ အချိန်မြစ်ကြီးအတွင်းမှတစ်ဆင့် အနာဂတ်၏ အရိပ်အယောင်ကိုပင် သူတို့ မမြင်တွေ့နိုင်ကြတော့ပေ။
သူတို့အနေဖြင့် အခြေအနေအရ ရင်ဆိုင်သွားကြရန်သာ ရှိတော့သည်။
ရှေးဟောင်း လင်းမိသားစုအတွင်း၌....။
လင်းမိသားစုမှ ရေတွက်၍မရနိုင်သော တပည့်များသည် ကောင်းကင်ယံကို မော့ကြည့်ရင်း သူတို့၏မျက်နှာထက်တွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။
သူတို့အတွက်မူ ဤအရာသည် အံ့ဖွယ်နိမိတ်တစ်ခုကဲ့သို့ပင်။
သူတို့ခေတ်၏ နတ်ဘုရားသားတော် လင်းချန်သည် ထာဝရဒဏ္ဍာရီလာ ဘိုးဘေး လင်းတုန်ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ချေပြီ။
ဤသည်မှာ အစဉ်အလာကို လက်ဆင့်ကမ်းခြင်းပင်။ ဤသည်မှာ... အမွေအနှစ်ပင် ဖြစ်သည်။
တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ဘိုးဘေးကြီးသည် သူ၏တာဝန်ကို သူတို့၏ နတ်ဘုရားသားတော် လင်းချန်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။
“ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်။ နတ်ဘုရားသားတော်ကို ဂုဏ်ပြုပါတယ်။”
“ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်။ နတ်ဘုရားသားတော်ကို ဂုဏ်ပြုပါတယ်။”
“...”
လင်းမိသားစုမှ တပည့်များသည် စိတ်တူကိုယ်တူ တစ်သံတည်းဖြစ်နေသကဲ့သို့ အလိုအလျောက်ပင် ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြလေတော့သည်။
နတ်ဘုရားမျှော်စင် ပင်မမျှော်စင်ကြီး၏ ၈၈ ထပ်မြောက်၊ ပြောင်းပြန်ကမ္ဘာအတွင်း၌.....။
လင်းတုန်သည် ပုံပျက်လျက် မြေပြင်ပေါ်တွင် ထိုင်နေရင်း အားကိုးရာမဲ့စွာ ပြုံးနေခဲ့သည်။
“ငါ မင်းကို ရှုံးသွားပြီထင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ တကယ်ကို ဝမ်းသာမိတယ်။ ငါ့ရဲ့ လင်းမိသားစုမှာ ထိုက်တန်တဲ့ ဆက်ခံသူတစ်ယောက် ရှိနေပြီပဲ။”
လင်းချန်သည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။
ဘိုးဘေး လင်းတုန်သည် သံသယဖြစ်ဖွယ်မရှိအောင် အစွမ်းထက်လှပေသည်။ သို့မဟုတ်ပါက ယခုကဲ့သို့ စည်ပင်ဝပြောသော လင်းမိသားစုကြီးကို တည်ထောင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ လင်းမိသားစု၌ သူ လင်းချန် ရှိနေပြီ ဖြစ်သည်။ လင်းတုန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး တဖြည်းဖြည်း စတင်ပျောက်ကွယ်လာခဲ့သည်။
ဝေဝါးလာသော သူ၏လက်ဖဝါးကို ကြည့်ရင်း လင်းတုန်သည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။
“ငါ့အချိန်ကုန်ပြီ။ လင်းချန်... ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ဖို့ မျှော်လင့်တယ်။ ပြီးတော့... စိန်ခေါ်မှုကို ဆက်ပြီးလုပ်ပါ။ တာအိုပြည်နယ်သုံးထောင်ရဲ့ နိယာမတွေကို ချိုးဖောက်ခဲ့တဲ့ အဲ့ဒီကောင်ကို ငါ့ကိုယ်စား ဆုံးမပေးစမ်းပါဦး။
ကောင်းပြီ... လင်းချန် ငါတို့ရဲ့ တွေ့ဆုံပွဲကို ဒီမှာပဲ ခေတ္တရပ်နားကြရအောင်...။”
သူ၏အသံ မဆုံးမီမှာပင် လင်းတုန်၏ ပုံရိပ်မှာ လုံးဝမရှိခဲ့ဖူးသည့်အလား ဗလာနယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လင်းတုန်၏ နောက်ဆုံးစကားများကို ကြားလိုက်ရသောအခါ လင်းချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွား၏။
ဒါဆို ဘိုးဘေးကြီးကလည်း သူ လုပ်သလိုမျိုးပဲ လွမ်ဆိုတဲ့ အဲ့ဒီကောင်ကို ရိုက်နှက်ဆုံးမချင်နေတာပေါ့။
ကောင်းပါပြီ ဘိုးဘေးကြီး။ ဒီဆန္ဒကို ကျုပ် အခု ချက်ချင်း ဖြည့်ဆည်းပေးပါ့မယ်။
ဒါပေမဲ့ ဘိုးဘေးနဲ့ နောက်တစ်ကြိမ် တွေ့ဆုံပွဲက ဘယ်တော့များ ဖြစ်မလဲ။
လင်းချန် ခေါင်းခါလိုက်မိ၏။
ထိုအချိန်ရောက်လျှင် သူသည် တာအိုပြည်နယ်သုံးထောင်မှ ထွက်ခွာပြီး အမည်မသိ ထိုအထက်ဘုံသို့ တက်လှမ်းသွားပြီးလောက်ပြီ မဟုတ်ပါလော။
ထိုအချိန်တွင် ပတ်ဝန်းကျင်မြင်ကွင်းမှာ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်နယ်မြေအတွင်းသို့ ပြန်လည်ရောက်ရှိသွားကာ ခန့်ညားထည်ဝါသော အသံကြီးသည်လည်း ထွက်ပေါ်လာခဲ့ပြန်သည်။
“ဂုဏ်ယူပါတယ် မျှော်စင်စိန်ခေါ်သူ လင်းချန်။ နတ်ဘုရားပင်မမျှော်စင်ကြီးရဲ့ ၈၈ ထပ်မြောက်ကို အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း အဆင့် ၁၂ နေရာကို ရောက်ရှိသွားပါပြီ။”
“သင့်ရံ့ မျှော်စင်စိန်ခေါ်မှု ဆုလာဘ်တွေက အလွန်အမင်း စုပုံနေပါပြီ။ စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်လိုပါသလား။”
လင်းချန်သည် နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
သူသည် ဤမျှအထိ ရောက်လာခဲ့ပြီဖြစ်ရာ ထိုကောင်နှင့် ယှဉ်ရန် တစ်လှမ်းသာ လိုတော့သည်။ ဤနေရာတွင် သူ မည်သို့ ရပ်တန့်နိုင်မည်နည်း။
“ငါ စိန်ခေါ်မှုကို ဆက်လုပ်မယ်။ ၉၇ ထပ်မြောက် မျှော်စင်စောင့်နတ်ဘုရား... လွမ်ကို စိန်ခေါ်ပါတယ်။”
လွမ်... မင်း အရိုက်တာ ခံဖို့ အဆင်သင့်ဖြစ်ပြီလား။
အခန်း ၄၀ - မင်းက လွမ်လား၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်းကို ပထမဆုံးရိုက်နှက်တဲ့လူက ငါဖြစ်လာလိမ့်မယ်၊ ယန်လျိုရှား ပထမထပ်ကို ရှင်းထုတ်နိုင်ခဲ့ပြီ...
“စိန်ခေါ်သူ လင်းချန် သင်၏တက်လှမ်းမှုကို ဆက်လက်လုပ်ဆောင်ပါ။ ပစ်မှတ် - နတ်ဘုရားပင်မမျှော်စင်ကြီး၏ ၉၇ ထပ်မြောက် မျှော်စင်စောင့်နတ်ဘုရား လွမ်။”
“သင်သည် နတ်ဘုရားအဆင့်စာရင်း၏ ထိပ်ဆုံးအယောက် ၂၀ အတွင်းသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လာမည့်စိန်ခေါ်မှုဖြစ်စဉ်တစ်ခုလုံးကို တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံး ကြည့်ရှုနိုင်ရန် လူသိရှင်ကြား ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။”
“ကံကောင်းပါစေ...စိန်ခေါ်သူ လင်းချန်။”
ခန့်ညားထည်ဝါသော အသံကြီးသည် ဟင်းလင်းပြင်နယ်မြေအတွင်း အဆက်မပြတ် ပဲ့တင်ထပ်လျက် ပြန်လည်ဖြေကြားလိုက်၏။
ထိုအသံ မဆုံးမီမှာပင် ပတ်ဝန်းကျင်မြင်ကွင်းမှာ လျင်မြန်စွာ စတင်ပြောင်းလဲလာခဲ့သည်။
မြင်ကွင်းများ လုံးဝပြောင်းလဲ၍မပြီးသေးမီမှာပင် လင်းချန်သည် သတ်ဖြတ်လိုစိတ် အရှိန်အဝါများနှင့် ပြင်းထန်လှသော သွေးညှီနံ့များကို လှိုင်းလုံးကြီးများသဖွယ် ခံစားလိုက်ရ၏။
ထိုအရာက လင်းချန်ကို မျက်ခုံးပင့်သွားစေပြီး ပတ်ဝန်းကျင်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့သည်။
ဤတစ်ကြိမ်တွင် မျှော်စင်တက်သည့် မြေပုံမှာ အနည်းငယ်... ကွဲပြားနေပုံရသည်။
ယခင်မြင်ကွင်းများမှာ အတော်အတန် ရိုးရှင်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် သွေး၏ရနံ့မှာ အလွန်တရာ စစ်မှန်လှသော သွေးညှီနံ့ကို ခံစားနေရခြင်း ဖြစ်သည်။
မကြာမီ ပတ်ဝန်းကျင်မြင်ကွင်းမှာ လုံးဝအစားထိုးသွားခဲ့၏။ သူ၏မျက်စိရှေ့မှောက်၌ တွေ့လိုက်ရသည်မှာ အဆုံးအစမဲ့သော သွေးရောင်လွှမ်းနေသည့် စစ်တလင်းကြီးတစ်ခုပင် ဖြစ်သည်။
မြေပြင်မှာ သွေးများစိမ့်ဝင်နေသကဲ့သို့ အနီရင့်ရောင်ဖြစ်နေပြီး ကောင်းကင်မှာလည်း ထိုနည်းတူပင်။ လေထုထဲ၌ပင် သွေးရောင်လွှမ်းသော မြူနှင်းများ၏ အရိပ်အယောင်များ ရှိနေခဲ့လေသည်။
ဤသွေးရောင်စစ်တလင်းအတွင်း၌ ရေတွက်၍မရနိုင်သော အရိုးစုများ စုပုံနေပြီး နေရာအနှံ့အပြားတွင် ဦးခေါင်းခွံများဖြင့် တည်ဆောက်ထားသော ပိရမစ်များ ရှိနေ၏။
အရိုးစုများထဲတွင် လူသားတို့၏ ရုပ်ကြွင်းများသာမက ကြီးမားလှသော မိစ္ဆာသားရဲအမျိုးမျိုး၏ အရိုးများလည်း ပါဝင်နေခဲ့သည်။
အစစ်အမှန် နဂါးများနှင့် အစစ်အမှန် ဖီးနစ်များ၏ ကြီးမားသော အရိုးစုများကိုလည်း အလွယ်တကူ တွေ့မြင်နိုင်ပြီး သူတို့၏ နတ်ဘုရားအရှိန်အဝါများမှာ ကွယ်ပျောက်နေကာ အရိုးခြောက်များအဖြစ်သာ ကျန်ရစ်တော့သည်။
ခေတ်အဆက်ဆက်၏ အရှိန်အဝါများသည် ထိုအရိုးစုများအပေါ် လွှမ်းမိုးတိုက်စားနေသော်လည်း ထိုသို့ဖြစ်နေသည့်တိုင်အောင် ၎င်းတို့မှာ ဖျော့တော့သော အလင်းတန်းလေးများ ထွက်ပေါ်နေဆဲပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းချန်သည် အသက်ကို ခေတ္တအောင့်ထားရင်း အာရုံစိုက်လိုက်မိ၏။
သူတို့ အသက်ရှင်စဉ်က ဤအရိုးစုပိုင်ရှင်များသည် အလွန်အမင်း အစွမ်းထက်သော တည်ရှိမှုများ ဖြစ်ခဲ့ကြပေလိမ့်မည်။ ဤမျှ ကြာမြင့်လှသော အချိန်ကာလပတ်လုံး ကျဆုံးခဲ့ရသော်လည်း သူတို့၏အရိုးများမှာ ယနေ့တိုင် ပုပ်သိုးပျက်စီးခြင်း မရှိသေးပေ။
ဤအရိုးစုများသည် အဘယ်ကြောင့် ဤနေရာ၌ စုပုံနေရသနည်း။ ဤစစ်ပွဲကြီးမှာ မည်သည့်အချိန်က ဖြစ်ပွားခဲ့သနည်းဆိုသည်ကိုသာ သူ သိချင်နေမိသည်။
ကြည့်ရသည်မှာ ဤစစ်ပွဲကြီးသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံခဲ့ပုံရသည်။
ယခု သူရောက်ရှိနေသော တိုက်ပွဲနေရာမှာ ရှေးဟောင်းစစ်တလင်းတစ်ခုအတွင်း၌ ဖြစ်ကြောင်း သူ သေချာသွားခဲ့သည်။
ဤစစ်တလင်းမှာ သမိုင်းမှတ်တမ်းများတွင် မရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ပုဗ္ဗကမ္ဘာဦးခေတ် မတိုင်မီက ဖြစ်ပွားခဲ့သော စစ်ပွဲတစ်ခုမှ ဖြစ်ပေါ်လာသည့် ကမ္ဘာဦးစစ်တလင်းတစ်ခု ဖြစ်နိုင်ပေသည်။
တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
ဤတစ်ကြိမ်တွင် သူစိန်ခေါ်နေသည်မှာ တာအိုပြည်နယ်သုံးထောင်၏ နိယာမများကို ပျက်စီးစေခဲ့သူ လွမ် ဖြစ်သည်။ ဤစစ်တလင်းမှာ ထိုလူနှင့် ပတ်သက်မှု အရှိဆုံးဖြစ်ပေလိမ့်မည်။
ဤစစ်ပွဲကြီးကြောင့်ပင် တာအိုပြည်နယ်သုံးထောင်၏ နိယာမများ ပျက်စီးသွားခဲ့ပြီး ဧကရာဇ်အဆင့်သို့ လွတ်လပ်စွာ တက်လှမ်းနိုင်ခြင်း မရှိတော့ဘဲ ဖြစ်သွားရခြင်းမှာလည်း အလွန်ပင် ဖြစ်နိုင်ခြေရှိလှပေသည်။
သို့သော် သူသည် ရှေးဟောင်းစစ်တလင်းကို မြင်တွေ့နေရသော်လည်း ဤအထပ်၏ မျှော်စင်စောင့်နတ်ဘုရားဖြစ်သော လွမ်မှာ မည်သည့်နေရာတွင် ရှိသနည်း။
ပတ်ဝန်းကျင်ရှိ အရိုးစုများထံမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လင်းချန်သည် ထိုနေရာတစ်ဝိုက်ကို စတင်ရှာဖွေလိုက်သည်။
အလွန်ဝေးကွာလှသော နေရာတစ်ခုတွင် လင်းချန်သည် သွေးပင်လယ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။ ထိုသွေးပင်လယ်အတွင်း၌ လူတစ်ယောက်... မဟုတ်သေးဘူး၊ အလွန်အမင်း အရပ်ရှည်လွန်းသော ပုံရိပ်တစ်ခု ရှိနေပုံရသည်။
သူ့ကို လူဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင်မူ သူသည် လူသားမျိုးနွယ်ဝင်တစ်ဦးနှင့် မတူပေ။ သူသည် ဆယ်ပေခန့် မြင့်မားပြီး တစ်ကိုယ်လုံးမှ သွေးရောင်အလင်းများ ဖြာထွက်နေခဲ့သည်။
အရပ်မြင့်မားသော်လည်း ဘီလူးမျိုးနွယ်များကဲ့သို့ ထုံထိုင်းလေးလံခြင်း မရှိဘဲ ယင်းအစား နတ်ဘုရားအရှိန်အဝါများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရပေသည်။
သူ၏နောက်ကျောတွင်မူ သွေးရောင်လွှမ်းသော စက်ဝန်းကွင်းတစ်ခု ငြိမ်သက်စွာ ဝဲပျံနေပြီး အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
သွေးပင်လယ်အတွင်းရှိ ထိုလူသားသဏ္ဌာန် သတ္တဝါကို စိုက်ကြည့်ရင်း လင်းချန်၏ ကျဉ်းမြောင်းနေသော မျက်လုံးများမှာ ပို၍ပင် တင်းကြပ်သွားလေတော့သည်။
ဤလူသားနှင့်တူသောသူမှာ လွမ် ပင်လော။
နတ်ဘုရားအဆင့်စာရင်း၏ မှတ်တမ်းများတွင် လွမ်၏ မျိုးနွယ်စုကို အတိအကျ ဖော်ပြထားခြင်းမရှိဘဲ နောင်မျိုးဆက်များအား ဧကရာဇ်မဖြစ်နိုင်အောင် လုပ်ဆောင်ခဲ့သည့် သူ၏ အောင်မြင်မှုကိုသာ ဖော်ပြထားခဲ့သည်။
လွမ်၏ မျိုးနွယ်စုမှာ လက်ရှိ တာအိုပြည်နယ်သုံးထောင်တွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော အစွမ်းထက်မျိုးနွယ်စုတစ်ခု ဖြစ်နေနိုင်ပါ၏လော။
လင်းချန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ သွေးပင်လယ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
ဘာမှမသိရှိသေးဟန်ရှိသော ထိုအရပ်ရှည်ရှည်ပုံရိပ်ကို မော့ကြည့်ရင်း သူက အေးစက်စွာ ပြောလိုက်သည်။
“မင်းက လွမ်လား။”
“ဗွက်... ဗွက်”
သွေးပင်လယ်အတွင်းရှိ သွေးများမှာ လှုပ်ခတ်သွားပြီး ရေပွက်သံများ ထွက်ပေါ်လာ၏။
လင်းချန်၏ စကားကို ကြားလိုက်ရချိန်တွင် သွေးရောင်လွှမ်းနေသော အရပ်ရှည်ရှည်ပုံရိပ်သည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး လင်းချန်ကို ကြည့်ရန် အနည်းငယ် လှည့်လာခဲ့သည်။
အလွန်အမင်း ချောမောလှပသော မျက်နှာတစ်ခု ပေါ်ထွက်လာပြီး ညင်သာစွာ ပြုံးပြလာခဲ့သည်။
“မှန်တယ်၊ ငါက လွမ်ပါ။ မင်းက... စိန်ခေါ်သူပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။”
“အဆုံးမဲ့တဲ့ ခေတ်တွေ ကုန်လွန်သွားခဲ့ပြီ။ မင်းက ငါ့ရှေ့မှာ လာရပ်နိုင်တဲ့ ပထမဆုံးသော ကောင်လေးပဲ။”
လင်းချန်သည် ရှေ့မှလူမှာ လွမ်အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“မင်းက လွမ်ဆိုရင်တော့ ကိစ္စတွေက ပိုလွယ်သွားပြီ။ မပူပါနဲ့ ငါက မင်းရှေ့မှာ လာရပ်တဲ့ ပထမဆုံးလူပဲ ဖြစ်မှာမဟုတ်ဘူး။ တာအိုပြည်နယ်သုံးထောင်ရဲ့ သက်ရှိအားလုံးရဲ့ ရှေ့မှာ မင်း မိဘကို တမ်းတပြီး ငိုယိုသွားတဲ့အထိ ပထမဆုံး ရိုက်နှက်ဆုံးမမယ့်သူကလည်း ငါပဲ ဖြစ်လာလိမ့်မယ်။”
ထိုသို့ပြောနေစဉ်အတွင်း လင်းချန်၏ ခန္ဓာကိုယ်ပေါ်၌ ငွေမီးခိုးရောင် နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး မွေးရာပါ ဧကရာဇ်လက်နက်ဖြစ်သော ဖရိုဖရဲ စစ်ချပ်ဝတ်ကို ချက်ချင်း ဝတ်ဆင်လိုက်တော့သည်။
သူ၏ လက်ဖဝါးအတွင်း၌မူ ထက်မြက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင် စစ်ဓားတစ်လက်မှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာပြီး ၎င်း၏ ထက်ရှလှသော ဓားသွားမှာ ဟင်းလင်းပြင်ကို စိတ်ကြိုက် ပိုင်းဖြတ်နေသကဲ့သို့ ရှိနေခဲ့လေသည်။
သူသည် အတွင်းတံခါး ရှစ်ပေါက်ကိုလည်း ချန်လှမထားတော့ဘဲ သူဖွင့်ထားပြီးသော တံခါးများကို တိုက်ရိုက် ဆက်သွယ်ကာ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်လိုက်တော့သည်။
ချက်ချင်းပင် လင်းချန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အပြည့်အဝ ပွင့်အံထွက်လာခဲ့ပြီး သွေးပင်လယ် ဧရိယာတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် လွှမ်းခြုံသွားခဲ့သည်။
ဤမျှ အစွမ်းထက်လှသော ဖိအားအောက်တွင် ယခုလေးတင် တည်ငြိမ်နေခဲ့သော လွမ်ပင်လျှင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် တောင့်တင်းသွားခဲ့၏။
သူသည် လင်းချန်၏ အစွမ်းကို အာရုံခံမိလိုက်သည်။ ၎င်းမှာ သူနှင့် အဆင့်တူရုံသာမက တစ်ဆင့်ပင် ပိုမြင့်နေနိုင်သည်။
“မင်းက တော်တော် ဒေါသကြီးတဲ့ ကောင်လေးပဲ။”
ထိုသို့ပြောပြီးနောက် သူသည် သွေးပင်လယ်အတွင်းမှ မတ်တပ်ထရပ်လိုက်ရာ သွေးညှီနံ့များ ပြည့်နှက်နေသည့် ဖိအားမုန်တိုင်းတစ်ခုမှာ အလိုအလျောက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း”
“ခရက်...”
ဖိအားနှစ်ခုမှာ တစ်ခုကိုတစ်ခု ပြင်းထန်စွာ စတင်တိုက်ခိုက်ကြတော့သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ထိုဒဏ်ကို မခံနိုင်တော့ဘဲ တိုက်ရိုက်ပင် ကြေမွပျက်စီးသွားတော့၏။
ပေါ်ထွက်လာသော ဗလာနယ်မြေမှာလည်း ၎င်းကို တောင့်ခံနိုင်စွမ်း ရှိပုံမရဘဲ ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
ပြင်ပရှိ တာအိုပြည်နယ်သုံးထောင်တွင်မူ...။
သက်ရှိအားလုံးသည် ၎င်းတို့၏ခေါင်းများကို မော့ကာ ကောင်းကင်ယံရှိ ကြီးမားလှသော အလင်းမျက်နှာပြင်ကို စိုက်ကြည့်နေကြ၏။
ပို၍ တိတိကျကျဆိုရလျှင် အလင်းမျက်နှာပြင်အတွင်းရှိ လွမ် ကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။
သက်ရှိတိုင်း၏ မျက်လုံးများအတွင်း၌ ပြင်းထန်သော မုန်းတီးမှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
ဤကောင်ကြောင့်ပင် သူတို့၏ ပြည်နယ်များမှ နိယာမများ ပျက်စီးခဲ့ရပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိဉာည်စွမ်းအင်များ ထိုးဆင်းသွားခဲ့ကာ ကျင့်စဉ်ကျင့်ကြံရန် ခက်ခဲမှုမှာ အဆပေါင်းများစွာ တိုးပွားခဲ့ရသည်။ ထို့ပြင် မဟာဧကရာဇ်များ လွတ်လပ်စွာ မပေါ်ထွန်းနိုင်အောင်လည်း တားဆီးထားခြင်း ခံခဲ့ရသည်။
ယခု သူ၏ မျက်နှာစစ်စစ်ကို မြင်တွေ့လိုက်ရချိန်တွင် သူတို့သည် သူ၏အရိုးများကို ပြာဖြစ်အောင် ကြိတ်ချေပစ်ချင်သည့်စိတ်များ ပေါက်နေကြပြီ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် သက်ရှိအားလုံးသည် သူတို့၏ စိတ်နှလုံးအတွင်း၌ ဆုတောင်းလိုက်ကြ၏။
လင်းချန်အနေဖြင့် ဤမုန်းတီးဖွယ်ကောင်းသော ကောင်ကို အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် သတ်ဖြတ်နိုင်ပါစေကြောင်း သူတို့ ဆုတောင်းလိုက်ကြသည်။
ထိုစဉ်မှာပင် ကောင်းကင်ဘုံတာအို၏ ခန့်ညားထည်ဝါလှသော ကြေညာသံမှာ တာအိုပြည်နယ်သုံးထောင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေတော့သည်။
“လျိုရှားသူတော်စင်နယ်မြေမှ သူတော်စင်ကလေး ယန်လျိုရှားသည် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ပထမထပ်ကို ရှင်းထုတ်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်စာရင်း၏ ၉၉ နေရာ၌ ရပ်တည်နိုင်ခဲ့ပါပြီ။”
“သူမသည် ကောင်းကင်ဘုံတာအို၏ လက်ဆောင်တစ်ခုနှင့် မိုင်သုံးရာစာ ကံတရားကောင်းချီးကို ရရှိပိုင်ဆိုင်သွားပါပြီ။”
ဤအသံကို ကြားလိုက်ရချိန်တွင် တာအိုပြည်နယ်သုံးထောင်မှ သက်ရှိအားလုံး သတိပြန်ဝင်လာကြပြီး အံ့ဩတုန်လှုပ်သော အမူအရာများ ပြသလိုက်ကြသည်။
ဒီမျိုးဆက်မှာ လင်းချန်ပြီးရင် နတ်ဘုရားပင်မမျှော်စင်ကြီးရဲ့ အထပ်တစ်ထပ်ကို ရှင်းထုတ်နိုင်တဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက် နောက်ဆုံးတော့ ပေါ်ထွက်လာပြီပေါ့။
လျိုရှားကောင်းကင်ပြည်နယ်၊ လျိုရှားသူတော်စင်နယ်မြေမှ သူတော်စင်သူကလေး ယန်လျိုရှား။
နတ်ဘုရားမျှော်စင်ကြီး၏ အပြင်ဘက်တွင်...။
မိစ္ဆာဆန်သော ပါရမီရှင်များစွာမှာ ထိတ်လန့်တုန်လှုပ်လျက် နတ်ဘုရားမျှော်စင်ကြီး၏ တောက်ပနေသော အဝင်ဝကို စိုက်ကြည့်နေကြသည်။
ပါရမီအဆင့်သတ်မှတ်ချက်စာရင်းရဲ့ တတိယနေရာမှာရှိတဲ့ ယန်လျိုရှားက နတ်ဘုရားပင်မမျှော်စင်ကြီးရဲ့ ပထမထပ်ကို တကယ်ပဲ ရှင်းထုတ်နိုင်ခဲ့တာလား။
တစ်နည်းအားဖြင့် ပြောရလျှင် သူမသည် ဤခေတ်ကာလတွင် နတ်ဘုရားအဆင့်စာရင်းထဲ ထည့်သွင်းခံရတဲ့ ဒုတိယမြောက်လူ ဖြစ်လာခဲ့ချေပြီ။
သူမသည် လင်းချန်နှင့် စင်မြင့်တစ်ခုတည်းပေါ်မှာ ယှဉ်ပြိုင်နေနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်ပေသည်။
“ဝုန်းးး”
နတ်ဘုရားမျှော်စင်ကြီးမှာ တုန်ခါသွားပြီး အဝင်ဝမှ ယန်လျိုရှား၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေခဲ့သည်။
ကြိုးစားမှုက အရာထင်ခဲ့ချေပြီ။
သူမ ...ဧကရီတစ်ပါး၏ ပြန်လည်ဝင်စားသူ ယန်လျိုရှားသည် နောက်ဆုံးတွင် နတ်ဘုရားပင်မမျှော်စင်ကြီး၏ ပထမထပ်ကို အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ယနေ့မှစ၍ သူမသည်လည်း သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင် ၉၉ ဦးထဲမှ တစ်ဦး ဖြစ်လာခဲ့ချေပြီ။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များ၏ အကြည့်များကို အာရုံခံမိသောအခါ ယန်လျိုရှား၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် တောက်ပလာခဲ့သည်။
သူမသည် စိတ်အလိုအလျောက်ပင် ကောင်းကင်ယံရှိ ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို မော့ကြည့်လိုက်မိသည်။
လင်းချန်က အခု နတ်ဘုရားအဆင့်စာရင်းမှာ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုသည်ကို သူမ သိချင်နေခဲ့သည်။
ဒီလောက် အချိန်အတော်ကြာသွားပြီဆိုတော့ သူလည်း အတော်လေး ရှေ့ရောက်နေလောက်ပြီ မဟုတ်လား။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ မြင်လိုက်ရသည်မှာ နတ်ဘုရားအဆင့်စာရင်း မဟုတ်ဘဲ ကြီးမားလှသော အလင်းမျက်နှာပြင်ကြီးတစ်ခု ဖြစ်နေခဲ့လေသည်။
ထိုအလင်းမျက်နှာပြင်အတွင်း၌ သွေးရောင်လွှမ်းသော ရှေးဟောင်းစစ်တလင်းကြီးရှိပြီး ထိုနေရာ၌ လင်းချန်၏ ပုံရိပ်နှင့်အတူ အရပ်ရှည်ရှည် ချောမောလှပသော သွေးရောင်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
သူတို့နှစ်ဦးမှာ... ထိပ်တိုက်ရင်ဆိုင်နေကြခြင်းပင်။
ယန်လျိုရှား၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး သူမ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ဘုရားရေ... လင်းချန်ရဲ့ စိန်ခေါ်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြီး ပြသနေပြီလား။
ကြည့်ရတာ တာအိုပြည်နယ်သုံးထောင်လုံးကို ထုတ်လွှင့်နေတာပဲ။ ဒီလောက်အထိ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ထူးခြားဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်ရအောင်...လင်းချန်က အခု ဘယ်အဆင့်အထိ ရောက်သွားလို့လဲ။
ရုတ်တရက်ပင် ယန်လျိုရှား၏ စိတ်ထဲမှ ပျော်ရွှင်မှုများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
နှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူမ၏ နတ်ဘုရားပင်မမျှော်စင်ကြီး ပထမထပ်ကို ရှင်းထုတ်နိုင်သည့် အောင်မြင်မှုမှာ အနည်းငယ်မျှပင် အရေးမပါတော့သကဲ့သို့ ဖြစ်နေလေတော့သည်။