အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း ၃၃ - နတ်ဘုရားမျှော်စင်အား ဆက်တိုက်ဖြတ်ကျော်ခြင်း၊ တားမြစ်နယ်မြေအတွင်း မငြိမ်မသက်ဖြစ်မှု၊ မျှော်စင်ခွဲများအတွင်းသို့ အတူတကွ ဝင်ရောက်ခြင်း
ထိုပါရမီရှင်များသည် ပါရမီရှင်အဆင့်စာရင်းဝင်များ ဘာကို ရှာဖွေတွေ့ရှိသွားသနည်းဟု သိချင်နေကြစဉ်မှာပင် ကောင်းကင်ယံ၏အနက်ရှိုင်းဆုံးနေရာမှ ခန့်ညားထည်ဝါလှသော အသံကြီးတစ်ခု ဟိန်းထွက်လာခဲ့ပြန်သည်။
“ရှေးဟောင်းလင်းမိသားစုမှ လင်းချန်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်၏ တတိယထပ်ကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ သူသည် ကံတရားကောင်းချီး မိုင်နှစ်ထောင်နှင့် ကောင်းကင်ဘုံတာအို၏ လက်ဆောင်တစ်ခုကို ရရှိသည်။”
ထိုအသံသည် တာအိုပြည်နယ်သုံးထောင်လုံးတွင် ပဲ့တင်ထပ်သွားပြီး မရေတွက်နိုင်သော သက်ရှိများအားလုံး ကြားလိုက်ကြရသည်။ မျှော်စင်အပြင်ဘက်တွင် ကျန်ရှိနေသော ပါရမီရှင်အားလုံးမှာ ထိုအသံကို ကြားလိုက်ရချိန်၌ ကျောက်ရုပ်ကြီးများသဖွယ် အံ့အားသင့်ကာ မှင်သက်သွားကြတော့သည်။
ဘာ... သူတို့ အခု ဘာကြားလိုက်ရတာလဲ။
ရှေးဟောင်းလင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်က... မျှော်စင်ရဲ့ နောက်ထပ်တစ်ထပ်ကို ထပ်ပြီး အောင်မြင်သွားပြန်ပြီလား။ သူ အောင်မြင်သွားတာ မကြာသေးဘူး မဟုတ်ဘူးလား။
ဒီလူက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်မျိုးလဲ။
သူတို့သည်မူ ပင်မမျှော်စင်၏ ပထမထပ်ကို နောက်တစ်ကြိမ် ထပ်မံစိန်ခေါ်ပြီး အကွက်အနည်းငယ်လောက် ပို၍ခံနိုင်ရည်ရှိမလား၊ တိုက်ခိုက်ရေးအတွေ့အကြုံတွေ ရမလားဆိုသည်ကိုပင် ဝေခွဲမရဖြစ်နေကြဆဲပင်။ အကြောင်းမှာ ပင်မမျှော်စင်၏ ပထမထပ်တွင် လင်းချန် မရှိတော့ဘဲ မူလက အဆင့် ၉၈ ရှိခဲ့သော လော့ဝူကျီကသာ စောင့်ကြပ်နေတော့မည် ဖြစ်သောကြောင့်ပင်။
ထိုမိစ္ဆာကောင် လင်းချန်သာ ထိုနေရာမှာ မရှိတော့လျှင် သူတို့အနေဖြင့် အနည်းဆုံးတော့ အကွက်အနည်းငယ် ပို၍ခံနိုင်ရည်ရှိပြီး တိုက်ခိုက်ရေးအတွေ့အကြုံအချို့ ရနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ ပါရမီရှင်များနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားလျှင်ပင် ကြာရှည်ခံနိုင်လေလေ အသိအမြင်သစ်များ ပိုမိုရရှိနိုင်လေလေ မဟုတ်ပါလော။
သို့သော်လည်း ယခုမူ ကောင်းကင်ဘုံတာအိုက လင်းချန်သည် ပင်မမျှော်စင်၏ တတိယထပ်အထိ တိုက်ရိုက်ထိုးဖောက်သွားပြီဖြစ်ကြောင်း အသိပေးလိုက်လေပြီ။ ဤမိစ္ဆာကောင်သည် သူနှင့်ခေတ်ပြိုင် ပါရမီရှင်အားလုံးကို တစ်ဟုန်ထိုး အလှမ်းကွာဝေးအောင် ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။
တာအိုပြည်နယ်သုံးထောင်တစ်လွှားရှိ သက်ရှိများစွာတို့သည် ကောင်းကင်ဘုံတာအို၏ အသံကြောင့် သတိပြန်ဝင်လာကြပြီး ကောင်းကင်အနက်ပိုင်းရှိ ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို အတူတကွ မော့ကြည့်လိုက်ကြသည်။
အမှန်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းချန်၏အမည်မှာ အဆင့် ၉၇ နေရာသို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ကြရလေသည်။
[နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၉၇ - ဖူကွမ်းမြင့်မြတ်ပြည်နယ်၊ ရှေးဟောင်းလင်းမိသားစု၊ လင်းချန်။]
ဤမြင်ကွင်းကို မြင်လိုက်ရသော သက်ရှိအားလုံးမှာ ဆွံ့အသွားကြရသည်။ လင်းချန်၏ ပါရမီအဆင့်အတန်းအပေါ် သူတို့၏ အမြင်မှာ နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားခဲ့ရချေပြီ။ နတ်ဘုရားအဆင့်စာရင်းဝင်များဆိုသည်မှာ သမိုင်းတစ်လျှောက် တာအိုပြည်နယ်သုံးထောင်၏ အသန်မာဆုံး ပါရမီရှင်များဖြစ်ကြပြီး တစ်ဦးချင်းစီမှာ ထာဝရအမည်တွင်မည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။
သို့သော် လင်းချန်အတွက်မူ သူတို့ကို တူညီသောအဆင့်တွင် အနိုင်ယူရန်မှာ အဘယ်ကြောင့် ဤမျှလောက်အထိ လွယ်ကူနေရသနည်း။ သူတို့အားလုံးတွင် ပြင်းထန်သော ကြိုတင်ခန့်မှန်းချက်တစ်ခု ရှိနေကြပြီဖြစ်သည်။ ယခုတစ်ကြိမ် နတ်ဘုရားမျှော်စင် အခွင့်အရေးသည်လည်း ယခင်ပါရမီရှင်အဆင့်စာရင်းကဲ့သို့ပင် လင်းချန်တစ်ဦးတည်းကသာ အရာအားလုံးကို လွှမ်းမိုးသွားတော့မည် ဖြစ်သည်။
အခြားသော ပါရမီရှင်များအတွက်မူ သူတို့၏ ကစားကွင်းမှာ ပင်မမျှော်စင် မဟုတ်ဘဲ မျှော်စင်ခွဲသာ ဖြစ်ပေလိမ့်မည်။ ပင်မမျှော်စင်ဆိုသည်မှာ လင်းချန်နှင့် သမိုင်းတစ်လျှောက် အသန်မာဆုံး ပါရမီရှင်များအတွက်သာ သီးသန့်ချန်ထားသော စင်မြင့်တစ်ခု ဖြစ်နေခဲ့လေပြီ။
ရှေးဟောင်းလင်းမိသားစု၊ သူတော်စင်အပေါင်းတို့၏ ရင်ပြင်...။
လင်းမေရှန်းသည် ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို ကြည့်ရင်း ပြုံးရွှင်စွာ လက်ခုပ်တီးလိုက်၏။
“ဟောက်ရန်... ချန်အာက နောက်ဆုံးမှာ ပင်မမျှော်စင်ရဲ့ ဘယ်နှစ်ထပ်အထိ ရောက်သွားနိုင်မယ်လို့ မင်းထင်လဲ။”
သူတို့မိသားစု၏ နတ်ဘုရားသားတော်သည် တာအိုပြည်နယ်သုံးထောင်လုံးကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေခဲ့ချေပြီ။ မိသားစု၏ ဘိုးဘေးကြီးတစ်ဦးအနေဖြင့် ဤအချိန်တွင် သူ၏ရင်ထဲ၌ ခံစားနေရသော ပီတိကို သူတစ်ဦးတည်းသာ သိနိုင်ပေသည်။
“ဘယ်နှစ်ထပ်လဲ ဟုတ်လား။”
အနီးနားတွင် ရပ်နေသော လင်းဟောက်ရန်သည် ထိုစကားကို ကြားသောအခါ ခေါင်းခါကာ ပြုံးလိုက်မိ၏။
“ချန်အာ ပိုင်ဆိုင်ထားတဲ့ ပါရမီက နတ်ဘုရားအဆင့်စာရင်းထဲက ဘယ်မိစ္ဆာကောင်ထက်မဆို မနိမ့်ကျတဲ့အပြင် တကယ်တော့ ပိုတောင် အစွမ်းထက်ပါသေးတယ်။”
“မျှော်စင်စိန်ခေါ်မှုမှာ ချန်အာရဲ့ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးမှာက သူကိုယ်တိုင်ရဲ့ တိုက်ခိုက်လိုစိတ်နဲ့ ဇွဲလုံ့လပဲ ရှိတော့တယ်။”
“ဒီအချက်နှစ်ခုစလုံးမှာလည်း ချန်အာက အမြင့်ဆုံးအဆင့်မှာ ရှိနေတာမို့ သူ နောက်ဆုံး ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာ ကျုပ်လည်း မခန့်မှန်းနိုင်တော့ဘူး။”
ဤနေရာသို့ ရောက်သောအခါ လင်းဟောက်ရန်၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
“ဒါပေမဲ့ အခုလက်ရှိ အဆင့်ကတော့ ချန်အာရဲ့ အကန့်အသတ်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းမေရှန်း၏ မျက်နှာ၌ မသိစိတ်မှ မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
“အကန့်အသတ် မဟုတ်သေးဘူးလား။ ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့။”
ထိုသို့ပြောရင်း လင်းမေရှန်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူသည် ကောင်းကင်ယံမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
“ဒါပေမဲ့ အခု ရွှေရောင်ခေတ်ကြီး ရောက်လာပြီဆိုတော့ တားမြစ်နယ်မြေထဲက ဟိုကောင်တွေလည်း စပြီး မငြိမ်မသက် ဖြစ်လာကြပြီ။”
“တတိယ၊ စတုတ္ထနဲ့ ကိုးယောက်မြောက် ဘိုးဘေးတွေအားလုံး နိုးထလာကြပြီး ငါတို့ ရှေးဟောင်းလင်းမိသားစု စောင့်ကြပ်ဖို့ တာဝန်ယူထားရတဲ့ မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေရဲ့ အစွန်အဖျားက မိစ္ဆာကောင်တွေကို ရှင်းထုတ်ဖို့ သွားနေကြပြီ။”
“အခြား အင်အားစုတွေ စောင့်ကြပ်နေတဲ့ တားမြစ်နယ်မြေတွေမှာလည်း အခုချိန်မှာ အခြေအနေက အလားတူပဲ ဖြစ်နေလိမ့်မယ်။”
တားမြစ်နယ်မြေ...။
လင်းဟောက်ရန်တစ်ယောက် သူ၏ မျက်လုံးများကို မှေးစင်းလိုက်၏။
“သေရမှာကို ငြင်းဆန်နေကြတဲ့ အဲ့ဒီလူတွေက မဟာဧကရာဇ် ဖြစ်လာဖို့ သူတို့ရဲ့ အိမ်မက်ကို မစွန့်လွှတ်နိုင်ကြသေးဘူးလား။”
“ချင်းရိုကလည်း ကျုပ်ကို တစ်ခါ ပြောဖူးတယ်။ ရှေးဟောင်းယွမ်မိသားစု စောင့်ကြပ်နေတဲ့ မဟာကန္တာရ တားမြစ်နယ်မြေကလည်း မကြာသေးခင်က မငြိမ်မသက် ဖြစ်နေတယ်တဲ့။
အဲ့ဒီလူတွေက မရေတွက်နိုင်တဲ့ သက္ကရာဇ်တွေအထိ အသက်ရှင်ခဲ့ပြီးတာတောင် အခုထိ ထွက်လာပြီး ပြဿနာရှာနေကြတုန်းပဲ။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။
ဒါပေမဲ့ ဒီခေတ်မှာတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝဖို့ မျှော်လင့်ချက် ရှိတော့မှာမဟုတ်ဘူး။
ချန်အာ ရှိနေသရွေ့ မဟာဧကရာဇ် နေရာက ပိုင်ရှင်ရှိပြီးသားပဲ။”
ထိုစကားကို ကြားသောအခါ လင်းမေရှန်းသည် ငြင်းဆိုခြင်း မပြုသော်လည်း သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“နတ်ဘုရားမျှော်စင် ပွဲတော်ပြီးတာနဲ့ ငါလည်း မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေရဲ့ အစွန်အဖျားကို သွားမယ်။ အဲ့ဒီနောက်ပိုင်း မိသားစုကိစ္စတွေကိုတော့ မင်းဆီမှာပဲ လွှဲထားခဲ့မယ်။
မင်းရဲ့ ခွန်အားနဲ့ဆိုရင် ငါ စိတ်ချပါတယ်။ ငါလည်း တိုက်ပွဲမဝင်ရတာ ကြာပြီပဲ။ ကိုယ်လက်လှုပ်ရှားဖို့ အချိန်တန်ပြီ။”
လင်းဟောက်ရန်က အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းမေရှန်းကို လက်ယှက်ကာ အနည်းငယ် ဂါရဝပြုလိုက်သည်။
“ဘိုးဘေး... ကျေးဇူးပြုပြီး ဂရုစိုက်ပါ။”
တားမြစ်နယ်မြေမှ ထိုလူများသည် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း အထင်သေး၍မရပေ။ သူတို့ကိုယ်တိုင် လှုပ်ရှားမှု မရှိသေးဘဲ ကွာစီဧကရာဇ်အောက်က အကောင်လေးတွေကိုသာ လွှတ်နေသေးခြင်း ဖြစ်သော်လည်း တားမြစ်နယ်မြေနှင့် ရင်ဆိုင်ရသည်ြအခါ ဘယ်လိုပေါ့ဆမှုမျိုးမှ ရှိ၍မဖြစ်ချေ။
လင်းမေရှန်းက လက်ကာပြလိုက်ပြီး ရွှေနက်ရောင် နတ်ဘုရားအဆင့်စာရင်းကို ပြန်မော့ကြည့်လိုက်သည်။
“ချန်အာက ဒီမျိုးဆက်မှာ ငါတို့ ရှေးဟောင်းလင်းမိသားစုရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ။ အကယ်၍ သူသာ မဟာဧကရာဇ် နေရာကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ရင်...
အဲ့ဒီ တားမြစ်နယ်မြေကလူတွေ နောက်ထပ် ပြဿနာရှာနိုင်မှာ မဟုတ်တော့ဘူး။ ဖြစ်နိုင်ရင် သူက တားမြစ်နယ်မြေ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ကိုတောင် ငြိမ်သက်သွားအောင် လုပ်နိုင်လိမ့်မယ်။”
တားမြစ်နယ်မြေ အသီးသီးမှ အရှင်သခင်ဟု ခေါ်ဝေါ်ကြသူများသည် သာမန် ကွာစီဧကရာဇ် အထွတ်အထိပ်အဆင့် ပညာရှင်များထက် ပိုမိုအစွမ်းထက်သော်လည်း စစ်မှန်သော မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်လျှင်မူ များစွာ အားနည်းကြပေသည်။ ကွာစီဧကရာဇ် အထွတ်အထိပ် ပညာရှင်အများအပြား ပူးပေါင်းပါက တားမြစ်နယ်မြေ အရှင်သခင်တစ်ဦးကို ယှဉ်ပြိုင်နိုင်သော်လည်း သတ်ဖြတ်နိုင်ခြင်းတော့ မရှိပေ။
စစ်မှန်သော မဟာဧကရာဇ်တစ်ပါး ပေါ်ထွန်းလာမှသာလျှင် တားမြစ်နယ်မြေ အရှင်သခင်ကို သတ်ဖြတ်နိုင်ပြီး တားမြစ်နယ်မြေကိုလည်း ငြိမ်သက်သွားအောင် လုပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင်ပင် ကောင်းကင်ယံအနက်ရှိုင်းဆုံးဆီမှ ခန့်ညားထည်ဝါလှသော အသံကြီး နောက်တစ်ကြိမ် ဟိန်းထွက်လာပြန်သည်။
“ရှေးဟောင်းလင်းမိသားစုမှ လင်းချန်သည် နတ်ဘုရားမျှော်စင်၏ စတုတ္ထထပ်ကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ သူသည် ယခုအခါ နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၉၆ နေရာသို့ ရောက်ရှိသွားပါပြီ။”
လင်းဟောက်ရန်နှင့် လင်းမေရှန်းတို့ နှစ်ဦးစလုံးသည် ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်းသာပီတိဖြစ်ရသော အရိပ်အယောင်များ ပေါ်ထွက်လာကြ၏။ ချန်အာ၏ ပါရမီသည် သမိုင်းတစ်လျှောက်လုံးကို အမှန်တကယ်ပင် ဖိနှိပ်လွှမ်းမိုးထားနိုင်ပေသည်။
တာအိုပြည်နယ်သုံးထောင် တစ်လွှားရှိ ပညာရှင်များနှင့် သက်ရှိများမှာမူ ကောင်းကင်ဘုံတာအို၏ ခန့်ညားထည်ဝါသော အသံကို ကြားရဖန်များလွန်း၍ အာရုံခံစားမှုများပင် ထုံထိုင်းနေကြပြီ ဖြစ်သည်။
ရှေးဟောင်းလင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားမျှော်စင် တစ်ခုလုံးကို တိုက်ထုတ်သိမ်းပိုက်ရန် ကြံစည်နေခြင်းလော။ သူသည် တစ်ထပ်ကို အောင်မြင်ပြီး၍ ၁၅ မိနစ်ပင်မပြည့်သေးမီ နောက်ထပ်တစ်ထပ်ကို ထပ်မံဖြတ်ကျော်နိုင်ခဲ့ပြန်ပြီ။
နတ်ဘုရားမျှော်စင် အပြင်ဘက်တွင်မူ...
ပင်မမျှော်စင်ကို နောက်တစ်ကြိမ် ထပ်မံစိန်ခေါ်ရန် ဝေခွဲမရဖြစ်နေကြသော ပါရမီရှင်အများအပြားသည် သူတို့၏နားထဲတွင် ဟိန်းထွက်လာသော အသံကြီးကို ကြားလိုက်ရပြီးနောက်တွင်မူ မတွန့်ဆုတ်တော့ဘဲ ထိုအကြံအစည်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ကြတော့သည်။
သူတို့အနေဖြင့် ပင်မမျှော်စင်ကို ဆက်လက်အာရုံစိုက်မနေသင့်တော့ပေ။ ထိုနေရာတွင် အချိန်ဖြုန်းနေမည့်အစား မျှော်စင်ခွဲကိုသာ သွားရောက်စိန်ခေါ်သင့်ပေသည်။ အနည်းဆုံးတော့ မျှော်စင်ခွဲ၏ အထပ်အချို့ကို ဖြတ်ကျော်နိုင်ပြီး ထိုအဆင့်များအတွက် ဆုလာဘ်များကို ရယူနိုင်မည်ဖြစ်သည်။
ပါရမီရှင်အဆင့်စာရင်းရှိ ထိပ်တန်းပါရမီရှင်များသည်လည်း ပင်မမျှော်စင်ကို ထပ်မံမကြိုးစားကြတော့သည်ကို သူတို့ သတိထားမိလိုက်ကြသည်။ ထိုအစား ကြိုတင်ချိတ်ဆက်ထားသကဲ့သို့ပင် သူတို့အားလုံးသည် မျှော်စင်ခွဲအတွင်းသို့ အုန်းအုန်းကျွက်ကျွက် ဝင်ရောက်သွားကြပြီ ဖြစ်သည်။
၎င်းကို သူတို့ အတည်ပြုနိုင်ခြင်းမှာ ပါရမီရှင်အဆင့်စာရင်းမှ ထိုပုဂ္ဂိုလ်များသည် ယခုအခါ ရွှေရောင်ဖျော့ဖျော့ မျှော်စင်ခွဲအဆင့်စာရင်းပေါ်၌ ပေါ်ထွက်လာသောကြောင့်ပင်။
လက်ရှိတွင် မျှော်စင်ခွဲအဆင့်စာရင်း၏ ပထမနေရာ၌ ရှိနေသူမှာ လျိုရှားကောင်းကင်ပြည်နယ်မှ ယန်လျိုရှားဖြစ်ပြီး သူမသည် ပထမဆုံးဝင်ရောက်သူဖြစ်ကာ မျှော်စင်ခွဲ၏ (၃၅) ထပ်အထိ အောင်မြင်ထားပြီးဖြစ်သည်။ သူမ၏နောက်တွင်မူ ရှေးဟောင်းလင်းမိသားစုမှ ရှေးဟောင်းလူထူးလူဆန်း လင်းရှန်ဟဲက (၃၄) ထပ်ဖြင့် ကပ်လျက်လိုက်ပါနေခဲ့သည်။ လင်းရှန်ဟဲ၏နောက်တွင်မူ စစ်မှန်သောနဂါးဧကရာဇ်သားတော် အောက်ထျန်းကျွင်းက (၃၃) ထပ်ဖြင့် ရှိနေ၏။
မူလက ရှိနှင့်ပြီးသား မျှော်စင်ခွဲအဆင့်စာရင်းမှာ ပါရမီရှင်အဆင့်စာရင်းမှ ထိပ်တန်းပါရမီရှင်များကြောင့် လုံးဝနီးပါး အသစ်လဲလှယ်ခြင်း ခံလိုက်ရပြီဖြစ်သည်။
မျှော်စင်အပြင်ဘက်တွင် ကျန်ရှိနေသော ပါရမီရှင်များစွာတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မတွန့်ဆုတ်တော့ဘဲ အလင်းတန်းများသဖွယ် နတ်ဘုရားမျှော်စင်အတွင်းသို့ တိုးဝင်သွားကြတော့လေသည်။ သူတို့သည်လည်း သူတို့၏ စစ်မှန်သော မျှော်စင်စိန်ခေါ်မှုကို စတင်တော့မည် ဖြစ်သည်။
မျှော်စင်ခွဲသည်သာ သူတို့အတွက် အစစ်အမှန် ရည်မှန်းရာ ပန်းတိုင် ဖြစ်ပေတော့သည်။
အခန်း ၃၄ - တာအိုအငွေ့အသက်များကို အစားအစာထဲသို့ ပေါင်းစပ်ခြင်း၊ ယွမ်ရှင်း၏ မိန်းမောတွေဝေမှု၊ နတ်ဘုရားမျှော်စင်၏ ၁၄ ထပ်မြောက်ကို ဖြတ်ကျော်ခြင်း
နတ်ဘုရားမျှော်စင် ပင်မမျှော်စင်အတွင်းရှိ ဟင်းလင်းပြင်တစ်ခုတွင်...။
လင်းချန်သည် လက်တစ်ဖက်ကို နောက်ပစ်ထားရင်း မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခုဖြင့် ရပ်နေခဲ့သည်။
“သမိုင်းတစ်လျှောက် တာအိုပြည်နယ်သုံးထောင်ရဲ့ အသန်မာဆုံး ပါရမီရှင်တွေဆိုတဲ့အတိုင်း တကယ်ကို နာမည်နဲ့လိုက်ဖက်ပါပေတယ်။ သူတို့နဲ့ တိုက်ခိုက်ရတာ ငါ့အတွက်တောင် အသိအမြင်တွေ အများကြီး ရစေခဲ့တယ်။”
သူသည် နတ်ဘုရားမျှော်စင်၏ အလွှာနှစ်ထပ်ကို ဆက်တိုက်ဖြတ်ကျော်နိုင်ခဲ့ပြီး ယခင်က သတိမထားမိခဲ့သော အသေးစိတ် အချက်အလက်များစွာကို နားလည်သဘောပေါက်ခဲ့သည်။ ထိုအချက်များကို ပြုပြင်ဖြည့်စွက်လိုက်ပြီးနောက် သူ၏ အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ် မြင့်တက်လာခဲ့သည်။
သူ၏ အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များကို ပေါင်းစပ်အသုံးပြုပုံမှာလည်း ပိုမိုကျွမ်းကျင်ပိုင်နိုင်လာခဲ့သည်။ ထိုစဉ်မှာပင် ဟင်းလင်းပြင်အတွင်း ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“စိန်ခေါ်သူ လင်းချန် မျှော်စင်အတွင်း သင်၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်ကို ထောက်ရှု၍ နတ်ဘုရားမျှော်စင်က သင့်အတွက် ခွင့်ပြုချက်အသစ်များကို ဖွင့်လှစ်ပေးလိုက်ပါပြီ။”
“နောက်နောင်တွင် သင်သည် နတ်ဘုရားအဆင့်စာရင်းရှိ သင်၏ လက်ရှိအဆင့်ထက် ၁၀ ဆင့်အထိ ပိုမြင့်သော မျှော်စင်အစောင့်အရှောက်များကို တိုက်ရိုက်စိန်ခေါ်နိုင်ပါပြီ။”
“စိန်ခေါ်သူ လင်းချန် သင်စိန်ခေါ်လိုသော မျှော်စင်အစောင့်အရှောက်၏ အဆင့်ကို ဆုံးဖြတ်ပေးပါ။”
ထိုအသံကို ကြားလိုက်ရချိန်တွင် လင်းချန်၏ မျက်နှာ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ဒီလိုမျိုးလည်း ကစားလို့ရတာလား။”
ယခု သူသည် အဆင့် ၉၆ နေရာတွင် ရှိနေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် အဆင့် ၈၆ ရှိ မျှော်စင်အစောင့်အရှောက်ကို တိုက်ရိုက်စိန်ခေါ်နိုင်ပြီ မဟုတ်ပါလော။ အကယ်၍ ထိုသို့သာဆိုလျှင် သူ၏အချိန်များကို များစွာ သက်သာစေမည် ဖြစ်သည်။
သူ၏ ပန်းတိုင်မှာ နတ်ဘုရားအဆင့်စာရင်း၏ တတိယနေရာတွင် ရှိနေသော ‘လွမ်’ ဆိုသည့် ကောင်ပင် ဖြစ်သည်။ ထိုကောင်ကို ကောင်းကောင်းဆုံးမ၍ မပြီးမချင်း သူသည် မျှော်စင်စိန်ခေါ်မှုကို လုံးဝရပ်တန့်မည်မဟုတ်ပေ။
ခဏတာ စဉ်းစားပြီးနောက် လင်းချန်က မေးလိုက်သည်။
“အကယ်၍ ငါက အဆင့်ကျော်ပြီး စိန်ခေါ်လို့ အောင်မြင်သွားမယ်ဆိုရင် ငါကျော်ခဲ့တဲ့ အဆင့်တွေအားလုံးအတွက် ဆုလာဘ်တွေကိုရော ရမှာလား။”
အကယ်၍ သူသည် တစ်ထပ်ချင်းစီ စိန်ခေါ်သွားမည်ဆိုလျှင် အောင်မြင်သည့် အဆင့်တိုင်းအတွက် ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ နတ်ဘုရားမျှော်စင်၏ အလွှာတစ်ထပ်ကို ဖြတ်ကျော်နိုင်ခြင်းမှာ ကောင်းကင်ဘုံလက်ဆောင် တစ်ခုနှင့် ကံတရား၏စွမ်းအားများစွာကို ရရှိခြင်းပင် ဖြစ်သည်။ အကယ်၍ အဆင့်ကျော်စိန်ခေါ်မှုက ထိုဆုလာဘ်များကို မပေးဘူးဆိုလျှင်တော့ ထိုအချိန်ကို ချွေတာနေစရာ မလိုပေ။
ရွှေရောင်ခေတ်ကြီး၏ အခွင့်အရေးများထဲမှ တစ်ခုအနေဖြင့် အခွင့်အရေးများကို ရယူပြီး ခွန်အားမြှင့်တင်ရန်မှာ အချိန်ထက် ပို၍အရေးကြီးသည် မဟုတ်ပါလော။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခန့်ညားထည်ဝါသော အသံကြီးက ပြန်လည်ဖြေကြားလိုက်သည်။
“စိန်ခေါ်သူသည် အဆင့်ကျော်စိန်ခေါ်မှုတွင် အောင်မြင်ပါက ကျော်လွန်ခဲ့သော အဆင့်အားလုံးအတွက် ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။”
“သင် မျှော်စင်စိန်ခေါ်မှု ပြီးဆုံးပြီး နတ်ဘုရားမျှော်စင်မှ ထွက်ခွာချိန်တွင် ဆုလာဘ်အားလုံးကို တစ်ပေါင်းတည်း တွက်ချက်ပေးအပ်မည် ဖြစ်သည်။”
ထိုစကားကို ကြားမှ လင်းချန်သည် စိတ်အေးလက်အေးဖြင့် ပြုံးလိုက်နိုင်တော့သည်။ ထိုသို့ဆိုလျှင် အဆင့်ကျော်ပြီး ပိုမြင့်သော အထပ်များရှိ မျှော်စင်အစောင့်အရှောက်များကို စိန်ခေါ်ရာတွင် ပြဿနာမရှိတော့ပေ။
မတွန့်ဆုတ်တော့ဘဲ လင်းချန်သည် လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။
“ငါ နတ်ဘုရားမျှော်စင်ရဲ့ ၁၄ ထပ်မြောက်ကို စိန်ခေါ်ချင်တယ်။”
“သင်၏ ဆန္ဒအတိုင်း ဖြစ်စေရပါမယ်။ နတ်ဘုရားမျှော်စင်၏ ၁၄ ထပ်မြောက်သို့ ပို့ဆောင်ပေးနေပါပြီ။”
လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မျှော်လင့်ချက်အပြည့်ရှိသော အပြုံးဖြင့် စောင့်ဆိုင်းနေ၏။ နတ်ဘုရားမျှော်စင်၏ ၁၄ ထပ်မြောက်ရှိ မျှော်စင်အစောင့်အရှောက်မှာ သမိုင်းတစ်လျှောက် အသန်မာဆုံး ပါရမီရှင်များထဲတွင် အဆင့် ၈၆ ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ထိုပါရမီရှင်အကြောင်း ပြောရလျှင် သူသည် လက်ရှိ ရှေးဟောင်းလင်းမိသားစုနှင့်ပင် အချို့သော ပတ်သက်မှုများ ရှိနေ၏။ အကြောင်းမှာ နတ်ဘုရားအဆင့်စာရင်း၏ အဆင့် ၈၆ နေရာတွင် ရှိနေသူမှာ ယွမ်ထျန်း နတ်ဘုရားတိုက်ကြီးရှိ လက်ရှိ ရှေးဟောင်းယွမ်မိသားစု၏ ဘိုးဘေးယွမ်ရှင်း ဖြစ်သောကြောင့်ပင်။
ထိုစဉ်မှာပင် ဟင်းလင်းပြင်ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားပြီး လင်းချန်မှာ တိတ်ဆိတ်ငြိမ်သက်သော လျှိုမြောင်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ လင်းချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုတိတ်ဆိတ်သော လျှိုမြောင်အတွင်း၌ မီးခိုးများ အူထွက်နေသည့် သက်ငယ်မိုး အိမ်လေးတစ်လုံးကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒီယွမ်မိသားစု ဘိုးဘေးက နတ်ဘုရားမျှော်စင်ထဲမှာ တကယ်ပဲ မီးမွှေးပြီး ထမင်းချက်နေတာလား။”
တွန့်ဆုတ်မနေတော့ဘဲ လင်းချန်သည် ခြေတစ်လှမ်းလှမ်းလိုက်ကာ ထိုအိမ်လေး၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ အိမ်အတွင်း၌ ကြမ်းတမ်းသော လျှော်တေအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေပြီး လင်းချန် ရောက်ရှိလာသည်ကိုပင် သတိထားမိပုံမရချေ။
ဤသည်ကို မြင်သောအခါ လင်းချန်၏ မျက်နှာတွင် ရယ်ချင်ပတ်ကျိ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ယွမ်မိသားစု ဘိုးဘေး ယွမ်ရှင်းမှာ တကယ်ကို ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦးပင်။ လင်းချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အိမ်ထဲရှိ ယွမ်ရှင်းကို လက်ယှက်ကာ ဂါရဝပြုလိုက်သည်။
“မျိုးဆက်သစ် လင်းချန်က ဘိုးဘေးကို ဂါရဝပြုပါတယ်။”
သူ၏ မိခင်မှာ ယွမ်မိသားစုမှ ဖြစ်သဖြင့် သူ့ကို ယွမ်မိသားစုဝင်တစ်ဝက်ဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် ယွမ်ရှင်းကို ဘိုးဘေးဟု ခေါ်ဆိုခြင်းမှာ သူ့အတွက် လုံးဝ ပြဿနာမရှိပေ။
အိမ်အတွင်း၌ ယွမ်ရှင်းသည် သူ၏ လှုပ်ရှားမှုများကို ခေတ္တရပ်တန့်လိုက်ပြီး လက်ရှိ ရေများကို ခါထုတ်ကာ စူးစမ်းလိုသော အကြည့်ဖြင့် အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သူသည် လင်းချန်ကို အကဲခတ်ကြည့်ရင်း မမေးဘဲ မနေနိုင်တော့ပေ။
“မင်းက ဒီနေရာအထိ တိုက်ခိုက်ပြီး ရောက်လာတဲ့ စိန်ခေါ်သူလား။ ဒီနေရာကို ပါရမီရှင်တစ်ယောက် ရောက်လာတာ ငါတစ်ခါမှ မမြင်ဖူးဘူး။ မင်းက တကယ် တော်တာပဲ။”
“ဒါပေမဲ့ မင်းက ငါ့ကို ဘာလို့ ဘိုးဘေးလို့ ခေါ်တာလဲ။ ငါ့ရဲ့ ရှေးဟောင်းယွမ်မိသားစုက မျိုးရိုးနာမည် ပြောင်းလိုက်ပြီလား။”
ထိုစကားကြောင့် လင်းချန်၏ အမူအရာမှာ တစ်မျိုး ဖြစ်သွား၏။ ဤယွမ်မိသားစု ဘိုးဘေးမှာ စိတ်ဝင်စားဖို့ကောင်းရုံသာမက ဟာသဉာဏ်လည်း အနည်းငယ် ရှိသည်ကို သူ နားလည်လိုက်သည်။ ယွမ်မိသားစုက မျိုးရိုးနာမည် ပြောင်းရမည်လော...ရယ်စရာပင်။
လင်းချန်သည် သူ၏ ပါးပြင်ကို ပွတ်သပ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး။ ကျုပ်က ရှေးဟောင်းလင်းမိသားစုကပါ။ ဒါပေမဲ့ ကျုပ်ရဲ့ မိခင်ကတော့ ရှေးဟောင်းယွမ်မိသားစုရဲ့ မဟာအကြီးအကဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျုပ်က ဘိုးဘေးလို့ ခေါ်လိုက်တာပါ။”
လင်းချန်၏ ရှင်းပြချက်ကို ကြားမှ ယွမ်ရှင်းက သဘောပေါက်သွားသည့် အမူအရာ ဖြစ်သွားခဲ့သည်။
“ဩော်... အဲ့လိုလား။ ဒါဆိုရင်တော့ ဟုတ်ပြီလေ။
လင်းချန်လို့ ခေါ်တယ် မဟုတ်လား။ ငါ အခုလေးတင် စားစရာလေးတွေ လုပ်ထားတာနဲ့ အတော်ပဲ။ ငါတို့ မတိုက်ခိုက်ခင် အရင် စားကြမလား။”
ထိုသို့ပြောရင်း သူက လင်းချန်ကို မျှော်လင့်ချက်အချို့ဖြင့် ကြည့်လိုက်သည်။ ဤတောင်းဆိုချက်ကြောင့် လင်းချန်မှာ ပို၍ပင် အံ့အားသင့်သွားရ၏။
“ကျုပ်က ဘိုးဘေးကို စိန်ခေါ်ဖို့ လာတာပါ။ ဒါကို ဘိုးဘေးက အရင်စားပြီးမှ တိုက်ကြမယ် ဆိုလိုက်တာလား။”
“အင်း... ဒါက...”
သို့သော်လည်း တစ်ဖက်လူမှာ ယွမ်မိသားစု၏ ဘိုးဘေး ဖြစ်နေသဖြင့် လင်းချန်အနေဖြင့် မျက်နှာသာပေးသင့်သည်ဟု ခံစားမိသည်။ သူက ပြုံးကာ လက်ယှက်လိုက်သည်။
“ဒါဆိုရင်တော့ ဘိုးဘေးကို ဒုက္ခပေးရတော့မှာပဲ။”
ထိုသို့ပြောရင်းဖြင့် သူသည် အနီးနားရှိ သစ်သားစားပွဲသို့ သဘာဝကျကျ လျှောက်သွားကာ ထိုင်ချလိုက်၏။ ထိုသို့ ထိုင်လိုက်သော်လည်း လင်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေခဲ့သည်။ မျှော်စင်စိန်ခေါ်ရာတွင် သူ ပေါ့ဆ၍ မဖြစ်ပေ။ ယွမ်ရှင်းမှာ ရိုးသားဖြောင့်မတ်ပုံ ပေါ်သော်လည်း မတော်တဆမှုများ မဖြစ်အောင် ကြိုတင်ကာကွယ်ထားရပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူတို့၏ ပြိုင်ပွဲသည် ဤထမင်းဝိုင်းအတွင်းမှာတင် စတင်နေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလော။
လင်းချန်က သဘောတူလိုက်သည်ကို မြင်သောအခါ ယွမ်ရှင်းမှာ အလွန်ပင် ဝမ်းသာသွားပြီး သူပြင်ဆင်ထားသော ဟင်းလျာများကို ယူဆောင်ရန် အိမ်အတွင်းသို့ အမြန်ပြေးဝင်သွားခဲ့သည်။
ဟင်း သုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုး...အသားတစ်စက်မှ မပါဘဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်များသာ ဖြစ်သည်။ သာမန် လူသားတစ်ဦး စားသောက်သည့် အစားအစာနှင့် ဘာမှ မခြားနားပေ။ လင်းချန်သည် စားပွဲပေါ်ရှိ အစားအစာများကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့သည်။
ဤဟင်း သုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုးမှာ အလွန်ပင် သာမန်ဆန်လှသော်လည်း သူ၏ အနှိုင်းမဲ့ နှစ်မွှာမျက်လုံးဖြင့် ကြည့်လိုက်သောအခါ ၎င်းတို့မှာ ထိုမျှ မရိုးရှင်းကြောင်း သူ မြင်တွေ့လိုက်ရသည်။
ဤဟင်းလျာများထဲရှိ ရေစက်တိုင်းနှင့် အစားအစာ အစအနတိုင်းတွင် နက်ရှိုင်းလှသော အမှန်တရား၏ အငွေ့အသက်များ ကိန်းအောင်းနေ၏။
ရေတစ်စက်မှာ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး အသွင်ပြောင်းလဲထားသော ကြယ်တာရာကြီးတစ်ခုကဲ့သို့ပင်။ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် သာမန်ဟင်းရွက်ဖတ်လေး တစ်ဖတ်မှာလည်း အလွန်တရာ ခန့်ညားထည်ဝါပြီး အသွင်ပြောင်းထားသော ကျယ်ပြောလှသည့် အိုအေစစ်ကြီးတစ်ခုအလားပင်။
သို့ဆိုလျှင် ယွမ်ရှင်းသည် သူ၏ တာအိုအသိအမြင်အားလုံးကို ဤထမင်းဝိုင်းထဲသို့ ထည့်သွင်းထားခြင်းလော။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဤအစားအစာထဲ၌ ပါဝင်သော တာအိုကို မဖြေရှင်းနိုင်ပါက ထိုတာအိုအငွေ့အသက်များကြောင့် ပေါက်ကွဲထွက်သွားပြီး နတ်ဘုရားမျှော်စင်မှ တိုက်ရိုက် ထုတ်ပယ်ခံရမည်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင်။ ဤယွမ်ရှင်းသည် ရိုးသားဖြောင့်မတ်ပုံ ပေါက်သော်လည်း လက်တွေ့တွင်မူ အလွန်ပင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသော လူလည်တစ်ယောက်သာ ဖြစ်ချေသည်။ အကယ်၍ လင်းချန်သာ သတိမထားမိခဲ့ပါက သူသည် တိုက်ရိုက် အဖမ်းခံရနိုင်ချေ ရှိသည်။
ထိုစဉ်မှာပင် ယွမ်ရှင်းသည် ဖျင်ကြမ်းအဝတ်စဖြင့် သူ၏လက်များကို သုတ်ကာ စိတ်အားထက်သန်စွာ ပြောလာခဲ့လေသည်။
“သူငယ်ချင်းလေး လင်းချန်... ငါ့လက်ရာကို မြန်မြန်မြည်းကြည့်ပါဦး။ ဘယ်လိုနေလဲလို့။”
ထိုစကားကို ကြားသောအခါ လင်းချန်သည် ယွမ်ရှင်းကို မော့ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“ကောင်းပါပြီ...။ ဘိုးဘေးရဲ့ လက်ရာကို ကျုပ် မြည်းစမ်းကြည့်ပါ့မယ်။”
ပြောပြီးသည်နှင့် သူသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ တူကို တိုက်ရိုက်ကောက်ကိုင်ကာ အားပါးတရ စတင်စားသောက်တော့လေသည်။ ယွမ်ရှင်း၏ ချက်ပြုတ်မှု စွမ်းရည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ ပါဝင်ပစ္စည်းများမှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်သော်လည်း ယခုအခါတွင်မူ ထူးခြားသော အရသာမျိုးစုံဖြင့် ပြည့်နှက်နေခဲံသည်။
အရသာ ရှိလှ၏။ ဤရိုးရှင်းသော ဟင်းလျာများ၏ အရသာကို ဖော်ပြရန် ဤစကားလုံးတစ်လုံးတည်းသာ ရှိပေသည်။
“အင်း... မဆိုးဘူး၊ မဆိုးဘူး။ ဘိုးဘေးရဲ့ လက်ရာက တကယ်ကို စကားလုံးနဲ့ ဖော်ပြလို့ မရအောင် ကောင်းတာပဲ။”
ယွမ်ရှင်းမှာ အစပိုင်းတွင် တောက်ပစွာ ပြုံးနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ ဆက်မပြုံးနိုင်တော့ပေ။ လင်းချန် အားပါးတရ စားနေသည်ကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ မိန်းမောတွေဝေသွားခဲ့သည်။
အစားအစာများမှာ ပြောင်သလင်းခါလုနီးပါး ဖြစ်နေပြီဖြစ်သည်ယ ဘာကြောင့် လင်းချန်က ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ရှိနေရသနည်း။
သူသည် သူ၏ တာအိုအသိအမြင် အားလုံးကို ထိုထမင်းဝိုင်းထဲတွင် ပေါင်းစပ်ထားခဲ့သည် မဟုတ်ပါလော။ ၎င်းသည် အန္တရာယ်ကင်းပုံ ပေါက်သော်လည်း လက်တွေ့တွင်မူ မည်သည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် နည်းစနစ်ထက်မဆို ပို၍ အန္တရာယ်များလှသည်။ လင်းချန်က ဘယ်လိုလုပ် ဘာတုံ့ပြန်မှုမှမရှိဘဲ ဤမျှလောက်အထိ စားနိုင်နေရသနည်း။
မဟုတ်သေးဘူး၊ တုံ့ပြန်မှုတော့ ရှိတယ်။
လင်းချန်သည် ယခုအချိန်တွင် အလွန်ပင် ပျော်ရွှင်စွာ စားသောက်နေသည်မှာ ထင်ရှားလှ၏။
ယွမ်ရှင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသောအခါ လင်းချန်က စိတ်ထဲမှ ပြုံးလိုက်မိသည်။ ယွမ်ရှင်း၏ နည်းလမ်းမှာ တကယ်ပင် ပြောင်မြောက်လှ၏။ သူသည် ၅၀% နားလည်သဘောပေါက်ထားသည့် အမှန်တရား စွမ်းအား အမျိုးအစား သုံးမျိုးကို ဤအစားအစာထဲတွင် ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အခြားသော ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်ပါက ဤမျှများပြားသော စွမ်းအားများကို အချိန်တိုအတွင်း ချေဖျက်နိုင်မည် မဟုတ်ပေ။ သို့သော် ဖရိုဖရဲ အနှစ်သာရကို နားလည်ထားသော သူ့အတွက်မူ ၎င်းမှာ ဘာမှမဟုတ်ပေ။
သူသည် ဖရိုဖရဲ နတ်ဆိုးနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် မွေးဖွားကတည်းက ဖရိုဖရဲ သဘောတရားစွမ်းအားကို နားလည်ခဲ့ပြီး ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော် တရားထိုင်ပြီးနောက် သူ၏ ဖရိုဖရဲ သဘောတရားမှာ ဖရိုဖရဲ အနှစ်သာရအဖြစ်သို့ ပြောင်းလဲတိုးတက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
၎င်းသည် သူ၏ ဓားအနှစ်သာရကဲ့သို့ ပြီးပြည့်စုံသော အဆင့်သို့ မရောက်သေးသော်လည်း ဤစွမ်းအားများကို ချေဖျက်ပြီး ပျက်ပြယ်သွားအောင် ပြုလုပ်ရန်မှာမူ အလွန်ပင် လွယ်ကူလှပေသည်။ အမှန်တကယ်တော့ ယခုလေးတင် ၎င်းတို့ကို ချေဖျက်လိုက်ခြင်းက သူ၏ ဖရိုဖရဲ အနှစ်သာရအပေါ် နားလည်မှုကိုပင် ပိုမိုနက်ရှိုင်းစေခဲ့သည်။
သူ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ထိုးဖောက်မှုကို တိုက်ရိုက်ရရှိခဲ့ပြီး ဖရိုဖရဲ အနှစ်သာရ၏ ၄၀% အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဖရိုဖရဲစွမ်းအားသည် မဟာတာအို ၃၀၀၀ ထဲတွင် ပါဝင်သော်လည်း ၎င်းတို့ထက် သာလွန်ကာ တာအိုစွမ်းအား အားလုံးကို ပြောင်းလဲစေနိုင်ပြီး ပေါင်းစပ်နိုင်စွမ်း ရှိပေသည်။
ယွမ်ရှင်းသည် ဤနည်းဗျူဟာဖြင့် မှားယွင်းသောလူကို ပစ်မှတ်ထားမိသွားခြင်းပင်။
“အရမ်းစားလို့ ကောင်းတယ်။”
အစားအစာအားလုံးကို ပြောင်စင်အောင် စားသောက်ပြီးနောက် လင်းချန်သည် သူ၏ ပန်းကန်နှင့် တူကို ချလိုက်ကာ ကျေနပ်အားရစွာ သက်ပြင်းချလိုက်တော့လေသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အရသာရှိသော အစားအစာတစ်နပ်ကို သုံးဆောင်ခဲ့ရရုံသာမက သူ၏ ခွန်အားကိုလည်း တိုးတက်စေခဲ့သည်။
ယခုဆိုလျှင် သူ၏ ဖရိုဖရဲ အနှစ်သာရအပေါ် နားလည်သဘောပေါက်မှုမှာ ၄၀% အထွတ်အထိပ်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သည်။ ယွမ်ရှင်း၏ နည်းစနစ်မှာ တကယ်ပင် အလွန်ကျွမ်းကျင်လိမ္မာလှသည်ဟု ဆိုရပေမည်။ ဘေးနားတွင်မူ ဘာမှမဖြစ်ခဲ့သလို ရပ်နေသော လင်းချန်ကို ကြည့်ရင်း ယွမ်ရှင်း၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေတော့သည်။
သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း၊ ထိုသို့ရှုံးနိမ့်ရာတွင်လည်း အပြတ်အသတ် ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း သူ သိလိုက်ရ၏။ သို့သော် သူ၏ နည်းစနစ်များက အဘယ်ကြောင့် အနည်းငယ်မျှ သက်ရောက်မှုမရှိရသနည်းဆိုသည်ကိုမူ သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။
“မင်း... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
သူ၏အသံမှာ မိန်းမောတွေဝေမှုများဖြင့် ပြည့်နှက်နေပြီး စောစောက ဖြစ်ပျက်သွားခဲ့သည့် အရာများအပေါ် ယွမ်ရှင်း၏ ဇဝေဇဝါဖြစ်မှုကို ဖော်ပြနေခဲ့သည်။ လင်းချန်က ထရပ်လိုက်ပြီး ယွမ်ရှင်းကို သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။
“ခန့်မှန်းကြည့်လေ....။”
ထိုစဉ်မှာပင် ခန့်ညားထည်ဝါလှသော အသံကြီးတစ်ခုသည် တိတ်ဆိတ်သော လျှိုမြောင်အတွင်း ဟိန်းထွက်လာ၏။
“ဂုဏ်ယူပါတယ် စိန်ခေါ်သူ လင်းချန်။ သင်သည် နတ်ဘုရားမျှော်စင် ပင်မမျှော်စင်၏ ၁၄ ထပ်မြောက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။”
လင်းချန်၏ စကားကို ကြားသောအခါ ယွမ်ရှင်း၏ အမူအရာမှာ ပို၍ပင် ရှုပ်ထွေးသွားရ၏။ ဤသည်မှာ သူ့အပေါ် ကလဲ့စားချေလိုက်ခြင်းဟု မှတ်ယူရမည်လော။ သို့သော် လင်းချန်အနေဖြင့် ၎င်းကို မည်သို့လုပ်ဆောင်ခဲ့ပါသနည်း။
ကြီးမားလှသော သံသယများဖြင့် ယွမ်ရှင်း၏ ခန္ဓာကိုယ်နှင့် သက်ငယ်မိုး အိမ်လေးမှာ တဖြည်းဖြည်းနှင့် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
ယွမ်ရှင်း၏ ခန္ဓာကိုယ် လုံးဝ ပျောက်ကွယ်သွားတော့မည့် အချိန်တွင်မှ လင်းချန်က သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ ဖရိုဖရဲ အနှစ်သာရ၏ အငွေ့အသက် အစအနလေးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ ထိုအခိုက်မှာပင် ယွမ်ရှင်း၏ သံသယများအားလုံး လုံးဝ ရှင်းလင်းသွားခဲ့တော့သည်။
“ဩော်... ဒါကြောင့်ကိုး။ ဒါက ဖရိုဖရဲ အနှစ်သာရပဲ။”
ထိုသို့ဆိုလျှင် အရာအားလုံးက ကျိုးကြောင်းဆီလျော်သွားပြီဖြစ်သည်။ ဖရိုဖရဲ အနှစ်သာရရှိနေသရွေ့ သူ၏ ထိုနည်းလမ်းများမှာ ရယ်စရာတစ်ခုသာ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော...နှမြောစရာပင်။
အကယ်၍ လင်းချန်က ဖရိုဖရဲ အနှစ်သာရကို နားလည်ထားသည်ဟု သူသာ ကြိုသိခဲ့လျှင် သူ့ကို ရင်ဆိုင်ရန် ထိုကဲ့သို့သော နည်းလမ်းမျိုးကို သုံးမည်မဟုတ်ပေ။ တည့်တည့်တိုးပြီး အားရပါးရ တိုက်ခိုက်လိုက်ရခြင်းက ပို၍ မကောင်းပေဘူးလား။
လင်းချန်သည် ယွမ်ရှင်း၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။
“ငါ မျှော်စင်ကို ဆက်ပြီး ဖြတ်ကျော်ချင်သေးတယ်။ နတ်ဘုရားမျှော်င်ရဲ့ ၂၄ ထပ်မြောက်ကို စိန်ခေါ်မယ်။”
သူသည် ၁၄ ထပ်မြောက်တွင် မည်သည့်စွမ်းအင်ကိုမျှ အသုံးမပြုခဲ့ရဘဲ ထိုအစား သူ၏ အခြေအနေကိုပင် ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။ လာမည့် ၂၄ ထပ်မြောက်မှ မျှော်စင်အစောင့်အရှောက်က သူ့ကို အားရပါးရ တိုက်ခိုက်ခွင့် ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိလေသည်။
“နတ်ဘုရားမျှော်စင်၏ ၂၄ ထပ်မြောက်သို့ ပို့ဆောင်ပေးနေပါသည်။”