← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း ၂၇၁ - ငါ့ကို သတ်လိုက်ပါ

"ဘုန်း"

ရှောင်မိုက ဝမ်ရှင်းထံသို့ ခုတ်ချလိုက်သော အခိုက်အတန့်မှာပင် ဝမ်ရှင်း၏ ရင်ခွင်ထဲရှိ ဗုဒ္ဓရုပ်ပွားတော် ကျောက်စိမ်းဆွဲကြိုးလေးထံမှ အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာကာ ထိုခုတ်ချက်ကို ကာကွယ်ပေးလိုက်လေ၏။

ကျယ်လောင်သော ပေါက်ကွဲသံကြီးက တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ဝမ်ရှင်း၏ အနောက်ဘက် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။

ကြမ်းတမ်းလှသော ဓားချီများအောက်တွင် ဝမ်ရှင်းက နောက်သို့ လွင့်စင်သွားပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက သစ်ပင်အတော်များများကို ရိုက်ချိုးမိသွားလေတော့သည်။

ဝမ်ရှင်းက မြေပြင်ပေါ်မှ ပြန်ထလာချိန်မှာပင် ရှောင်မိုက နောက်ထပ် ဓားတစ်ချက်ဖြင့် ထပ်မံ ခုတ်ချလာပြန်ချေပြီ။

ဝမ်ရှင်းက ခြေဖျားလေးများကို ညင်သာစွာ ထောက်လိုက်ရာ ကြာပန်းများ ပွင့်လန်းလာပြီး ဘေးဘက်သို့ သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့လေ၏။

"ရှောင်မို"

ရှောင်မို၏ အသွင်အပြင်ကို ကြည့်ရင်း ဝမ်ရှင်းက သူမ၏ ပါးလွှာသော နှုတ်ခမ်းလေးများကို တင်းတင်းစေ့လိုက်မိသည်။ ရှောင်မိုက သူ၏ ဝိညာဉ်သွေးကြောများနှင့် မူလအရိုးများကို ပြုပြင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သလဲဆိုတာကို သူမ သိလိုက်ပေသည်။

ယခုလေးတင် ပြုလုပ်ခဲ့သော ထိုခုတ်ချက်အရ ရှောင်မိုက အောင်မြင်သွားပုံရပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ဓားတစ်ချက်တည်းနှင့်ပင် ကျောင်းထိုင်ဆရာတော်ကြီး ပေးထားခဲ့သော အကာအကွယ် ကျောက်စိမ်းဆွဲကြိုးကို အက်ကွဲသွားစေခဲ့လေသည်။

သို့သော် ဤအချိန်တွင် ရှောင်မိုက လူသားသဏ္ဌာန် သားရဲဆိုးကြီးတစ်ကောင်ကဲ့သို့ သူ၏ အသိစိတ်ကို လုံးဝ ဆုံးရှုံးနေခဲ့ချေပြီ။

ဝမ်ရှင်းက ဘာဆက်လုပ်ရမလဲဟု တွေးတောနေချိန်မှာပင် ရှောင်မိုက သူ၏ တတိယမြောက် ဓားခုတ်ချက်ကို လွှဲချလိုက်ပြန်လေသည်။

"ဘုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ အဝေးရှိ ဖုန်းဆိုးတောင်တစ်တောင်၏ ထိပ်ပိုင်းက ရှောင်မို၏ ခုတ်ချက်ကြောင့် တိုက်ရိုက် ပြိုကျသွားကာ ကျောက်စရစ်ခဲများက အောက်သို့ လိမ့်ကျသွားလေတော့သည်။

ဝမ်ရှင်းက လှည့်ကာ ပျံသန်းသွားပြီး ရှောင်မိုကို ပို၍ ဝေးကွာသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားလိုခဲ့သည်။

သူ၏ သားကောင်က အဝေးသို့ ပျံသန်းသွားသည်ကို မြင်သောအခါ အသိစိတ်လွတ်နေသော ရှောင်မိုက သဘာဝကျစွာပင် အလျင်အမြန် လိုက်ပါသွားလေ၏။

သို့သော် သူတို့နှစ်ဦး လွင်ပြင်တစ်ခုပေါ်မှ ဖြတ်ပျံသွားချိန်တွင် ရှောင်မိုက မြေပြင်ဆီသို့ ရုတ်တရက် ဆင်းသက်သွားခဲ့သည်။

ဝမ်ရှင်းက အောက်သို့ ငုံ့ကြည့်လိုက်မိသည်။

ထိုလွင်ပြင်ငယ်လေးပေါ်တွင် သက်တော်စောင့် အဖွဲ့တစ်ဖွဲ့က ကုန်ပစ္စည်းများကို စောင့်ရှောက်ကာ သယ်ဆောင်လာကြပေသည်။

"ဒုက္ခပါပဲ" ဝမ်ရှင်း၏ ရင်ထဲတွင် ကြီးမားသော စိုးရိမ်ပူပန်မှုတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

ဤအချိန်တွင် ရှောင်မိုက သတ်ဖြတ်ရေး လက်နက်တစ်ခုနှင့် တူနေချေပြီ။ သူက သက်ရှိလူတစ်ယောက်ကို မြင်သည်နှင့် သူ၏ဓားဖြင့် ခုတ်ပိုင်းပစ်တော့မည် ဖြစ်သည်။

ထိုသိုင်းလောက သက်တော်စောင့်များ၏ သွေးချီများက ထူးထူးကဲကဲ အားကောင်းနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ရှောင်မို၏ အမြင်တွင် သူတို့က ဘာမှမလုပ်လျှင်တောင်မှ ရန်စနေသည်နှင့် ခြားနားမှု ရှိမည်မဟုတ်ပေ။

"ဆရာ၊ ဟိုမှာကြည့်ပါဦး။ ကျင့်ကြံသူတစ်ယောက် ငါတို့ဆီကို ပျံသန်းလာနေတယ်။"

လွင်ပြင်ပေါ်တွင် ဥက္ကာပျံသံမဏိလုံးကို လွယ်ထားသော လူတစ်ယောက်က ဦးဆောင်နေသည့် သက်တော်စောင့်ကို ပြောလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ မသေမျိုးတွေကလည်း သာမန်လူတွေရဲ့ ငွေကို နှစ်သက်ကြလို့လား။" ဆရာလီက နားမလည်နိုင်စွာဖြင့် မေးလိုက်လေ၏။

"ဆရာ၊ ငါတို့ ဘာလုပ်ကြမလဲ။ လာတဲ့သူက ငါတို့အပေါ် အကြံအစည်မကောင်းတဲ့ပုံပဲ။" အခြား သက်တော်စောင့် အတော်များများ၏ နဖူးပေါ်တွင် ချွေးအေးများ ပြန်လာခဲ့ကြသည်။ ရှောင်မို ပို၍ နီးကပ်လာသည်နှင့်အမျှ သတ်ဖြတ်လိုသော ဆန္ဒများက သူတို့ကို အသက်ရှူကျပ်လုနီးပါး ဖြစ်စေခဲ့လေပြီ။

"ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ မြန်မြန် ပြေးကြ။"

ဆရာလီက အော်ဟစ်လိုက်လေသည်။

သူတို့လို သိုင်းလောကမှ သာမန်သိုင်းသမားတွေက ဒီကျင့်ကြံသူတွေကို ဘာပြန်လုပ်နိုင်ပါမည်နည်း။ အရင်ဆုံး ပြေးတာကသာ အကောင်းဆုံးပင်။

ဒါပေမဲ့ ရှောင်မိုက သူတို့ကို ပြေးခွင့်ပြုမည် မဟုတ်ချေ။

ရှောင်မို၏ ဓားခုတ်ချက်က သူတို့ကို ဝိညာဉ်လွင့်စင် ပျက်စီးခြင်းသို့ ရောက်သွားစေရန် ရည်ရွယ်ထားပေသည်။

ဤအချိန်လေးမှာပင် မိန်းကလေးငယ်တစ်ဦးက သူတို့၏ အရှေ့တွင် ရပ်တန့်ကာကွယ်ပေးလိုက်လေ၏။

ရွှေရောင် ဗုဒ္ဓအလင်းတန်းများက အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ထိုဓားခုတ်ချက်ကို တားဆီးပေးလိုက်သည်။

ဝမ်ရှင်းက လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ ဥက္ကာပျံတစ်ခုကဲ့သို့ ထိုးကျသွားလေတော့သည်။

ရှောင်မိုက မြေပြင်ပေါ်သို့ ဆင်းသက်လာကာ ဝမ်ရှင်းကို လျစ်လျူရှုလိုက်ပြီး ဓားရှည်တစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်လေ၏။

သူက ဓားရှည်ကို မြင့်မားစွာ မြှောက်လိုက်ရာ သွေးရောင် မိစ္ဆာချီများက ဓားကို ရစ်ပတ်သွားပြီး ဓားအလင်းတန်းက ဆယ်ကျန်းခန့်အထိ ရှည်ထွက်သွားခဲ့သည်။

ထိုသက်တော်စောင့်များက ရှောင်မို၏ မိစ္ဆာချီများကြောင့် နေရာမှာပင် အသေချုပ်နှောင်ခံလိုက်ရပြီး ခြေတစ်လှမ်းပင် လှမ်း၍ မရနိုင်တော့ချေ။

လွှမ်းမိုးနေသော မိစ္ဆာချီများနှင့် သတ်ဖြတ်လိုသော ဆန္ဒများကို ခံစားလိုက်ရချိန်တွင်။

သက်တော်စောင့်များ၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားခဲ့ပြီး သူတို့ထဲမှ အများအပြားက ခြေထောက်များ အားပျော့ကာ ဒူးထောက်ကျသွားကြသော်လည်း တောင်းပန်စကား တစ်ခွန်းကိုပင် မဟဟနိုင်ခဲ့ကြပေ။

"ရှောင်မို၊ မလုပ်နဲ့"

ရှောင်မိုက သူ၏ဓားကို လွှဲချတော့မည့်ဆဲဆဲတွင် ဝမ်ရှင်းက တွင်းနက်ကြီးထဲမှ တွယ်တက်လာခဲ့ပြီး ရှောင်မိုကို ပြေးဖက်လိုက်လေသည်။

ရင်ခွင်ထဲရှိ နူးညံ့သော နွေးထွေးမှုနှင့် မိန်းကလေးထံမှ ရင်းနှီးနေသော ရနံ့တို့ကို ခံစားလိုက်ရသောအခါ ရှောင်မို၏ မျက်လုံးများထဲတွင် တုံ့ဆိုင်းသွားမှုတစ်ခု လက်ခနဲ ပေါ်ထွက်လာခဲ့၏။

"ရှောင်မို၊ နင်က ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။ ရှောင်မို၊ သတိထားပါဦး။"

ဝမ်ရှင်းက ရှောင်မိုကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။ အကယ်၍ ရှောင်မိုသာ ထိုဓားဖြင့် ခုတ်ချလိုက်ပြီး အပြစ်ကင်းစင်သော သူများ၏ သွေးများဖြင့် စွန်းထင်းသွားမည်ဆိုပါက သူ လုံးဝ လမ်းပျောက်သွားတော့မည်ဆိုသည်ကို သူမ သိထားပေသည်။

ရှောင်မို၏ လက်ထဲရှိ ဓားရှည်က အဆက်မပြတ် တုန်ယင်နေခဲ့သော်လည်း ထိုခုတ်ချက်က လုံးဝ ကျဆင်းမလာခဲ့ချေ။

သူ၏ မျက်လုံးများက တစ်ခါတစ်ရံတွင် ပို၍ သွေးရောင်လွှမ်းသွားတတ်ပြီး တစ်ခါတစ်ရံတွင် မှေးမှိန်သွားတတ်ကာ သူ၏ အတွင်းစိတ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေရသည့်အလားပင် ဖြစ်၏။

လူတိုင်း၏ အကြည့်များက ရှောင်မိုထံတွင် စူးစိုက်နေပြီး ဤအမည်မသိ ကျင့်ကြံသူက သူတို့ကို သတိထားမိသွားမည်ကို စိုးရိမ်ကာ အသက်ကိုပင် ပြင်းပြင်း မရှူရဲကြပေ။

အသက်တစ်ရှူစာ။

အသက်နှစ်ရှူစာ။

အသက်သုံးရှူစာ။

အချိန်တွေ ဤမျှလောက် နှေးကွေးစွာ ကုန်ဆုံးသွားသည်ကို မည်သူကမျှ အရင်က မခံစားဖူးခဲ့ကြချေ။

"ကဲ၊ မြန်မြန် လွှတ်လိုက်တော့။ နင်က ဘာသာရေးလုပ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ငါ့ကို ဒီလောက် တင်းကျပ်နေအောင် ဖက်ထားတယ်။ ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေမှာ ဒီလို နီးနီးကပ်ကပ် မထိတွေ့သင့်ဘူးဆိုတာ နင် မသိဘူးလား။"

အသက်ဆယ်ရှူစာ ကုန်လွန်သွားပြီးနောက် ဝမ်ရှင်း၏ ခေါင်းပေါ်မှ ရှောင်မို၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

ဝမ်ရှင်းက ရှောင်မို၏ ရင်ခွင်ထဲမှ သူမ၏ ခေါင်းလေးကို မော့ကြည့်လိုက်လေ၏။

ရှောင်မို၏ မျက်လုံးများထဲရှိ သွေးရောင်များက တဖြည်းဖြည်း လျော့ပါးသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများကလည်း ဖြည်းညှင်းစွာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ရှောင်မိုက ဓားရှည်ကို အောက်ချလိုက်လေသည်။ သာမန် သံမဏိဖြင့် သွန်းလုပ်ထားသော ဤဓားရှည်က မိစ္ဆာချီများနှင့် ဓားချီများကို အလွန်အမင်း ခံနိုင်ရည်ရှိခဲ့ရသောကြောင့် မြေပြင်ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်မှာပင် သံမှုန့်လေးများအဖြစ် ပြိုကွဲပျက်စီးကာ ပျောက်ကွယ်သွားလေတော့သည်။

"ရှောင်မို" ဝမ်ရှင်းက ရှောင်မိုကို ကြောင်ငေးကြည့်ရင်း "နင်..."

"မြန်မြန် လွှတ်လိုက်ပါတော့" ရှောင်မိုက ထပ်ပြောလိုက်သည်။

"အာ၊ အို၊ ကောင်းပါပြီ။" ရှောင်မိုက တကယ်ပင် သတိပြန်လည်လာပုံရသည်ကို မြင်သောအခါ နောက်ဆုံးတွင် ဝမ်ရှင်းက သူ့ကို လွှတ်ပေးလိုက်လေ၏။

"မင်းတို့ရဲ့ ကံက ကောင်းပါတယ်။ မြန်မြန် ထွက်သွားကြတော့။" ရှောင်မိုက ခေါင်းမော့ကာ သက်တော်စောင့်များကို ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ အသက်တွေကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မသေမျိုးသခင်။"

"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မသေမျိုးသခင်။"

ဘာတွေဖြစ်သွားသလဲ ဆိုတာကို မည်သူကမျှ မသိကြသော်လည်း သူတို့ အသက်ရှင်နေသေးကြောင်း သိလိုက်ရသဖြင့် လူတိုင်းက အလွန်အမင်း ပျော်ရွှင်သွားကြပြီး ကျေးဇူးတင်စကားဆိုကာ အဆက်မပြတ် ဦးညွှတ်ကန်တော့နေခဲ့ကြလေသည်။

"မြန်မြန်၊ မြန်မြန် သွားကြစို့။"

ဆယ်ကြိမ်ထက်မနည်း ဦးညွှတ်ကန်တော့ပြီးနောက် ဆရာလီက မသေမျိုးသခင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ၏ဘေးရှိ လူများကို အလျင်အမြန် ပြောလိုက်သည်။

ထိုအဖွဲ့က နောက်ကိုပင် လှည့်မကြည့်ရဲတော့ဘဲ သူတို့၏ ကုန်ပစ္စည်းများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားကြလေတော့သည်။

"ဘာတွေ ငေးနေတာလဲ။ ပြန်ကြစို့။"

ရှောင်မိုက ဝမ်ရှင်း၏ ခေါင်းလေးကို ပုတ်လိုက်ပြီး တောင်ပေါ်ကျေးရွာရှိရာ အရပ်ဆီသို့ လှည့်ကာ ပျံသန်းသွားလေ၏။

"အာ၊ အို..." ဝမ်ရှင်းက အလျင်အမြန် လိုက်ပါသွားခဲ့သည်။

ရှောင်မို၏ ဘေးမှ ယှဉ်ပျံသန်းလာရင်း ဝမ်ရှင်းက သူ၏ ဘေးတိုက်မျက်နှာကြမ်းပြင်ကို ကြည့်ကာ စကားဘယ်လိုစရမလဲဟု တွေးတောနေချိန်မှာပင် ရှောင်မိုက အရင်စတင်ကာ "ဝမ်ရှင်း" ဟု ခေါ်လိုက်သည်။

"ဟင်" ဝမ်ရှင်းက ပြန်ထူးလိုက်လေ၏။

"နောက်တစ်ခါ ငါ ဒီလို ထပ်ဖြစ်ခဲ့ရင်..." ရှောင်မို၏ မျက်လုံးများထဲတွင် အေးစက်သော အငွေ့အသက်များ ပါဝင်နေခဲ့သည်။ "...အဲဒီအခါကျရင် ငါ့ကို သတ်လိုက်ပါ။"

လဝက်ခန့် ကြာပြီးနောက်၊ ကွမ်းဖုန်းမြို့တော်တွင်။

ဆရာလီနှင့် သူ၏အဖွဲ့က ကုန်ပစ္စည်းများ ပို့ဆောင်ပြီးစီးသွားပြီးနောက် မြို့ထဲရှိ အကျော်ကြားဆုံး စားသောက်ဆိုင်သို့ အရက်သောက်ရန် သွားရောက်ခဲ့ကြသည်။

"ဆရာ၊ လွင်ပြင်မှာ ငါတို့တွေ့ခဲ့တဲ့ အဲဒီကျင့်ကြံသူက ဘာဖြစ်လို့ ရင်းနှီးနေသလို ခံစားရတာလဲ။" သိုင်းသမားတစ်ယောက်က မေးလိုက်သည်။

"အို၊ မင်းက အဲဒီလို မသေမျိုးကို အရင်က မြင်ဖူးလို့လား။" ဆံပင်တိုတိုနှင့် အခြား သိုင်းသမားတစ်ယောက်က ပြုံးကာ ပြောလိုက်လေ၏။

"တကယ်တော့ အဲဒီလူက ဘယ်သူလဲဆိုတာကို ငါ ခန့်မှန်းမိနေပါပြီ။" ဆရာလီက အရက်တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည်။

"ဆရာ၊ အဲဒါ ဘယ်သူလဲဟင်။" တပည့်ဖြစ်သူက စပ်စုလိုစိတ်ဖြင့် အရှေ့သို့ ကိုင်းညွတ်ကာ မေးလိုက်သည်။

"အဲဒီလူက ရှောင်မို ဖြစ်ရမယ်။" ဆရာလီက သက်ပြင်းချလိုက်လေ၏။ "မင်း သူ့ကို ရင်းနှီးနေရတဲ့ အကြောင်းရင်းက အရင်တုန်းက မြို့ထဲမှာ ကပ်ထားတဲ့ သူ့ရဲ့ အလိုရှိသည်ဆိုတဲ့ ကြေညာစာရွက်ကို မြင်ဖူးလို့ပဲ ဖြစ်မယ်။"

"ရှောင်မို"

ဆံပင်တိုတိုနှင့် သိုင်းသမား၏ ရင်ဘတ်က တင်းကျပ်သွားခဲ့ပေသည်။

"အဲဒါက ဂိုဏ်းအတော်များများက ပူးပေါင်းပြီး အလိုရှိနေတဲ့၊ လူပေါင်းမရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီး သွေးမိစ္ဆာလို့ နာမည်ကြီးနေတဲ့ အဲဒီ ရှောင်မိုလား။ ဒါသာ တကယ်ဆိုရင်တော့ သူ့လက်ထဲကနေ ငါတို့ အသက်ရှင်လျက် လွတ်လာခဲ့တာ တကယ်ကို ကံကောင်းလွန်းလို့ပဲ။"

"မှန်တာပေါ့။" ဆရာလီက ခေါင်းညိတ်လိုက်လေ၏။

"လူကြီးမင်းတို့၊ ခင်ဗျားတို့ မြင်တွေ့ခဲ့ရတဲ့ ရှောင်မိုက ဒီလိုပုံစံမျိုးလား။"

ဆရာလီနှင့် သူ၏အဖွဲ့ ညည်းညူပြောဆိုနေကြချိန်မှာပင် သက်ကြီးရွယ်အို ကျင့်ကြံသူနှစ်ဦးက အရှေ့သို့ ထွက်လာကာ ပုံတူပန်းချီကားတစ်ချပ်ကို ထုတ်ပြရင်း မေးလိုက်လေသည်။

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။" ထိပ်ပြောင်ပြောင်နှင့် သိုင်းသမားက အဆက်မပြတ် ခေါင်းညိတ်လိုက်လေ၏။ "သူ့ရဲ့ပုံစံက ဒါနဲ့ တစ်ပုံစံတည်းပါပဲ။"

သူတို့၏ အတည်ပြုချက်ကို ကြားသောအခါ သက်ကြီးရွယ်အို ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အပြုံးများ ထွက်ပေါ်လာခဲ့လေသည်။

"သူ့ကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲဆိုတာ ကျေးဇူးပြုပြီး အသေးစိတ် ပြောပြပေးပါ။"

အခန်း ၂၇၂ - တော်တော်လေး မဆိုးပါဘူး

"ဘုန်း"

ပင်လယ်ပြင်ထံမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

ရှောင်မိုက နလင်ဓားကို ကိုင်ဆောင်လျက် တစ်ချက် လွှဲခုတ်လိုက်ရာ သွေးရောင် ဓားချီများက ပင်လယ်ပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်လေတော့သည်။

သွေးရောင် ဓားချီများက ပင်လယ်ရေကို တစ်ဖက်တစ်ချက်စီသို့ ခွဲထုတ်သွားခဲ့သည်။ ရှောင်မိုက ဓားရှည်ကို အိမ်ထဲသို့ ပြန်သွင်းလိုက်ချိန်တွင် ဓားချီများ ပြယ်လွင့်သွားပြီး ပင်လယ်ရေများက "ဝုန်း" ခနဲ ပြန်လည် ပေါင်းဆုံသွားလေ၏။

"ဒီလောက်ဆို လုံလောက်ပြီပဲ။"

ငြိမ်သက်သွားသော ပင်လယ်ပြင်ကို ကြည့်ရင်း ရှောင်မိုက အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပေသည်။

ရှောင်မိုက သူ၏ ဝိညာဉ်သွေးကြောအသစ်များကို တည်ဆောက်ကာ မူလအရိုးကို သွေးချီများဖြင့် ပြုပြင်ပြီးသည့်အချိန်မှစ၍ တစ်လတိတိ ကုန်လွန်သွားခဲ့ချေပြီ။

ဤတစ်လတာ ကာလအတွင်း ရှောင်မို၏ ကျင့်ကြံခြင်းအဆင့်က ကျောက်စိမ်းသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

သို့သော်ငြားလည်း။

ရှောင်မိုက ဖြိုခွဲပြီးမှ အသစ်ပြန်လည် တည်ဆောက်ခြင်းကို အောင်မြင်ခဲ့သော်လည်း ပေးဆပ်ရမှုများကတော့ ကင်းလွတ်မနေခဲ့ချေ။

ယခင်က သွေးမိစ္ဆာဓားသိုင်းကို အသုံးပြုတိုင်း အားကောင်းသော စိတ်စွမ်းအားဖြင့် ထောက်ပံ့ပေးရန် လိုအပ်ရုံသာမက သူ၏ ခန္ဓာကိုယ်အခြေအနေပေါ် မူတည်၍ ခန္ဓာကိုယ်တွင်းရှိ သွေးချီများကို ထုတ်လွှတ်ရန်နှင့် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းရန် အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်ခဲ့ပေသည်။

ယခုမူ ရှောင်မိုက သွေးချီများကို သူ၏ ဝိညာဉ်သွေးကြောများနှင့် မူလအရိုးများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုထားသဖြင့် သွေးချီများက ရှောင်မို၏ ခန္ဓာကိုယ်ကို ပိုမို လွယ်ကူစွာ တိုက်စားလာနိုင်လေ၏။

သူ၏ ခန္ဓာကိုယ်တွင်း၌ စုဆောင်းနေသော သွေးချီများကို ထုတ်လွှတ်ရန်မှာလည်း ပို၍ ခက်ခဲလာခဲ့သည်။

ယခင်နှင့် နှိုင်းယှဉ်ပါက ရှောင်မိုက ပို၍ လွယ်ကူစွာ အသိစိတ် လွတ်သွားနိုင်ပြီး သူ၏ သက်တမ်းကပင် အတိုင်းအတာတစ်ခုအထိ ထိခိုက်ခံရမည် ဖြစ်လေသည်။

သို့သော် ရှောင်မိုအတွက်မူ ထိုအရာများကို သိပ်၍ ဂရုမစိုက်လှပေ။

တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူ၏ သက်တမ်းက ရာခိုင်နှုန်းသုံးဆယ်ခန့် လျော့ကျသွားမည် ဆိုလျှင်တောင်မှ ရှောင်မို၏ အမြင်တွင် ၎င်းက နှစ်ထောင်ပေါင်းများစွာ ကျန်ရှိနေသေးဆဲပင် ဖြစ်၏။

အချိန်တွေက သေချာပေါက် လုံလောက်ရုံသာမက ပိုလျှံနေပါသေးသည်။

ရှောင်မိုက လှည့်ကာ ကျေးရွာရှိရာသို့ ပြန်လည် ပျံသန်းသွားလေတော့သည်။

ဘေးဒဏ်ခံယူရန် နေရာတစ်ခု ရှာဖွေရမည့် အချိန်တန်ပြီဟု ရှောင်မို ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင်မူ ရှောင်မိုက အလွန်အမင်း ယုံကြည်မှု ရှိနေခဲ့ပေသည်။

ဘေးဒဏ်ခံယူပြီးနောက် သူက အနန္တတာအိုဂိုဏ်းသို့ ပြန်သွားမည် ဖြစ်၏။

အနန္တတာအိုဂိုဏ်းတွင် တစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူ အမြဲတမ်း ခံစားနေရပြီး ၎င်းက သွေးမိစ္ဆာနှင့် ပတ်သက်နေသော အဓိက အဖြစ်အပျက်ကြီး တစ်ခုပင် ဖြစ်နိုင်ချေရှိလေသည်။

"အစ်ကိုကြီးရှောင်၊ ထမင်းစားလို့ ရပြီ။"

ရှောင်မို ခြံဝင်းထဲသို့ ပြန်ရောက်လာသည်နှင့် နင်ဝေ့က ချက်ချင်းပင် ဆီးကြို နှုတ်ဆက်လိုက်လေသည်။

"အင်း"

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ရေအနည်းငယ် ခပ်ကာ သူ၏ လက်များကို ဆေးကြောလိုက်၏။

ခြံဝင်းထဲတွင် ဟွန်တွန်းလေးက ကြက်မကို လိုက်ဖမ်းနေဆဲပင် ဖြစ်သည်။

မီးဖိုချောင်ထဲမှ အစားအစာ ရနံ့များက သင်းပျံ့လျက် ရှိနေလေ၏။

မကြာမီမှာပင် ဝမ်ရှင်းက သခင်မဝမ်ကို ကူညီ၍ ဟင်းပွဲများကို ယူဆောင်လာကာ ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ပေသည်။

လူတိုင်းက ကျောက်စားပွဲကို ဝိုင်းထိုင်လိုက်ကြပြီး ရှောင်မိုက ပထမဆုံး တစ်လုတ် စားလိုက်ပြီးမှသာ သခင်မဝမ်နှင့် အခြားသူများက စတင် စားသောက်ကြလေတော့သည်။

နေ့လယ်စာ တစ်ဝက်ခန့် စားပြီးချိန်တွင် ဝမ်ရှင်း၏ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားခဲ့ပြီး သူမက ရှောင်မိုကို မော့ကြည့်လိုက်လေသည်။

"ငါသိတယ်၊ စိတ်မပူပါနဲ့။" ရှောင်မိုက သူ၏ နောက်ဆုံး ထမင်းတစ်လုတ်ကို စားလိုက်ပြီး တူများကို ပန်းကန်လုံးပေါ်တွင် တင်လိုက်၏။ "ငါ ဗိုက်ဝသွားပြီ။"

"အစ်ကိုကြီးရှောင်၊ ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား။" နင်ဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။" ရှောင်မိုက နင်ဝေ့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏။ "ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တချို့ ရောက်လာလို့ပါ။ အစ်ကိုကြီးရှောင် သွားပြီး ဖြေရှင်းလိုက်ဦးမယ်။"

"ငါလည်း နင့်နောက်ကို လိုက်ခဲ့မယ်လေ" ဟု ဝမ်ရှင်းက စိုးရိမ်မကင်းဖြစ်စွာဖြင့် ပြောလိုက်ပေသည်။

"မလိုပါဘူး၊ နင် ဒီမှာပဲ နေခဲ့ပါ။" ထိုသို့ပြောပြီးနောက် ရှောင်မိုက မတ်တတ်ရပ်ကာ သူ၏ နလင်ဓားကို ယူ၍ ခြံဝင်းထဲမှ လျှောက်ထွက်သွားလေတော့သည်။

ရှောင်မို ထွက်သွားပြီး သိပ်မကြာမီမှာပင် ဝမ်ရှင်းက စိတ်မချနိုင်သေးဘဲ မတ်တတ်ရပ်လိုက်ကာ "အန်တီဝမ်၊ ဝေ့ဝေ့၊ ငါ သွားကြည့်လိုက်ဦးမယ်။" ဟု ပြောလိုက်လေသည်။

"ဒါပေမဲ့ အစ်မကြီးဝမ်ရှင်း၊ အစ်ကိုကြီးရှောင်က စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။" နင်ဝေ့က စိုးရိမ်တကြီး မေးလိုက်၏။

"သူ စိတ်ဆိုးမှာ မဟုတ်ပါဘူး။"

ဝမ်ရှင်းက သူမ၏ လက်သေးသေးလေးများကို အားနည်းစွာဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပေသည်။

"ငါ အဝေးကနေပဲ ကြည့်မှာပါ။ သူ သိမှာ မဟုတ်ပါဘူး။"

"ညီအစ်ကိုကျောက်၊ ရှောင်မိုက ချွန်းရဲကျေးရွာမှာ ရှိနေတာ သေချာရဲ့လား။"

လေထဲတွင် ချွန်းရဲကျေးရွာဆီသို့ ပျံသန်းလာရင်း ဟောင်ရှန်အမည်ရှိသော အမျိုးသားက သူ၏ဘေးရှိ မိတ်ဆွေဖြစ်သူကို စကားပြောလိုက်လေသည်။

သူတို့က အရင်တုန်းက ရှောင်မို ဒဏ်ရာရနေသည်ကို တွေ့ရှိခဲ့သော ကျင့်ကြံသူနှစ်ဦးပင် ဖြစ်၏။

လွန်ခဲ့သော တစ်လခန့်က သက်တော်စောင့်များထံမှ ရှောင်မို၏ သတင်းကို ကြားသိရပြီးနောက် သူတို့က ထိုလွင်ပြင်ဆီသို့ ချက်ချင်း သွားရောက်ခဲ့ကြပြီး လွင်ပြင်ကို ဗဟိုပြုကာ အဆက်မပြတ် ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။

လွင်ပြင်၏ လီတစ်ရာ ပတ်လည်အတွင်းတွင် ကျေးရွာများစွာ ရှိနေပြီး ရှောင်မို၏ တည်နေရာကို သူတို့က ဗေဒင်တွက်ချက်၍ မရနိုင်သောကြောင့် ကျေးရွာတစ်ရွာပြီးတစ်ရွာ လိုက်လံ ရှာဖွေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

တစ်လတိတိ အချိန်ယူခဲ့ရပြီး ချွန်းရဲကျေးရွာမှ ရွာသားတစ်ယောက်က ရှောင်မိုကို မြင်ဖူးသည်ဟု ပြောသောအခါ သူတို့က ချွန်းရဲကျေးရွာဆီသို့ ချက်ချင်း ဦးတည်လာခဲ့ကြလေတော့သည်။

ယခင်က ရှောင်မိုက ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့သဖြင့် ရှောင်မို လုံးဝ ပြန်လည် ကောင်းမွန်လာမည် မဟုတ်ကြောင်းကို သူတို့ ယုံကြည်ထားကြပေသည်။ ၎င်းက အလွန် ရှားပါးလှသော အခွင့်အရေးကြီး တစ်ရပ်ပင် ဖြစ်၏။

သို့သော် သူတို့နှစ်ဦး ချွန်းရဲကျေးရွာနှင့် လီသုံးဆယ်ခန့် အကွာသို့ ရောက်ရှိလာချိန်မှာပင် သူတို့၏ အရှေ့၌ ကျောခိုင်းရပ်နေသော အမျိုးသားတစ်ဦး ပေါ်လာခဲ့လေသည်။

ထို မသေမျိုးအဆင့် သက်ကြီးရွယ်အို ကျင့်ကြံသူနှစ်ဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လာသူက ရည်ရွယ်ချက် မကောင်းကြောင်းကို သိလိုက်ကြသည်။

သူတို့က ထိုလူသည် မည်သူဖြစ်ကြောင်း မေးမြန်းတော့မည့် ဆဲဆဲမှာပင်။

ထိုအမျိုးသားက လှည့်လာပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ဓားဖြင့် ခုတ်ချလိုက်လေတော့သည်။

ကြိုတင် သတိထားနေခဲ့ကြသော ကျင့်ကြံသူနှစ်ဦးက ဓားခုတ်ချက်ကို ရှောင်တိမ်းလိုက်ကြပြီး အကွာအဝေးတစ်ခုအထိ နောက်ဆုတ်သွားပြီးနောက် ပြိုင်ဘက်၏ အသွင်အပြင်ကို နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။

"ရှောင်မို"

မသေမျိုးအဆင့် သက်ကြီးရွယ်အို ကျင့်ကြံသူနှစ်ဦးက သူတို့ အမြင်မှားသွားသည်ဟု ထင်လိုက်မိကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများက ပြည့်နှက်သွားခဲ့ပေသည်။

ဘာတွေ ဖြစ်နေတာလဲ။

အရင်တုန်းက ရှောင်မို ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့တာ မဟုတ်ဘူးလား။

သို့သော် ယခုလေးတင် ရှောင်မို ထုတ်လွှတ်လိုက်သော ဓားခုတ်ချက်အရဆိုလျှင် သူက လုံးဝ ကျန်းမာနေသည့်ပုံပင်။

ရှောင်မိုက သူတို့နှင့် စကားပြောကာ အချိန်မဖြုန်းတော့ဘဲ သူ၏ဓားကို ဆက်လက် ခုတ်ပိုင်းနေခဲ့လေသည်။ သူ့ကို ဗဟိုပြုကာ သွေးရောင် မိစ္ဆာချီများနှင့် ဓားချီများက ပြန့်နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးကို သွေးရောင်အဖြစ် ပြောင်းလဲသွားစေတော့၏။

အကြိမ်နှစ်ဆယ်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ဟောင်ရှန်နှင့် သူ၏အဖော်ဖြစ်သူမှာ အရေးနိမ့်နေခဲ့ချေပြီ။

သို့တိုင် ရှောင်မိုက တိုက်ခိုက်လေ ပို၍ အားကောင်းလာလေပင် ဖြစ်သည်။

"ညီအစ်ကိုကျောက်၊ သွားကြစို့။"

ဟောင်ရှန်က အနိုင်မရနိုင်ကြောင်း သိလိုက်သဖြင့် ကျောက်ချန်ကို အလျင်အမြန် ပြောလိုက်လေ၏။

ကျောက်ချန်က ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်ကလည်း ခဏတာ ဆုတ်ခွာရန် ရည်ရွယ်ထားပြီးသား ဖြစ်၏။

သို့သော် ရှောင်မိုက သူတို့ကို ဤမျှ လွယ်ကူစွာ ထွက်သွားခွင့် မပြုခဲ့ချေ။

ရှောင်မိုက သူ၏ ဝိညာဉ်စွမ်းအင်များနှင့် မိစ္ဆာချီများကို ထုတ်လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သိပ်သည်းလှသော တာအိုစည်းမျဉ်းများက လီတစ်ရာ ပတ်လည်အတွင်း အဆက်မပြတ် ပြန့်နှံ့သွားခဲ့ပေသည်။

နောက်တစ်ခဏတွင် ပြင်းထန်လှသော ကောင်းကင်တာအို အငွေ့အသက်ကြီးက ကျောက်ချန်နှင့် ဟောင်ရှန်တို့ကို ပစ်မှတ်ထားလိုက်လေတော့သည်။

"ရှောင်မို၊ မင်း ရူးသွားပြီလား။"

ကျောက်ချန်နှင့် သူ၏အဖော်ဖြစ်သူက ထိတ်လန့်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာတော့မည်ကို ခံစားလိုက်ရလေ၏။

ရှောင်မိုက တမင်တကာပင် သူတို့ကို သူ၏ မိုးကြိုးဘေးဒဏ်ထဲသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြပေသည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် ကောင်းကင်ဘေးဒဏ်က သူတို့ကို ရှောင်မို၏ အကူအညီပေးသူများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး မိုးကြိုးဘေးဒဏ်က သူတို့ကိုပါ စမ်းသပ်လိမ့်မည် ဖြစ်သည်။

သို့သော် ပြဿနာက ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ရှောင်မို ကိုယ်တိုင်က ပို၍ အားကောင်းသော ကောင်းကင်ဘေးဒဏ်ကို ရင်ဆိုင်ရမည် ဖြစ်၏။ သူက သေရမှာကို မကြောက်ဘူးလား။

ဒါမှမဟုတ် သူတို့နှစ်ယောက်လုံးနှင့် အတူတကွ သေဆုံးရန် ကြိုးစားနေတာလား။

ဒီလိုလုပ်ဖို့ တကယ် လိုအပ်လို့လား။

ကျောက်ချန်နှင့် ဟောင်ရှန်တို့၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားနေချိန်မှာပင် လျှပ်စီးမိုးကြိုးများနှင့် မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသော သွေးရောင် ရှောင်မိုတစ်ဦးက ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့လေသည်။

သွေးရောင် ရှောင်မိုက ကျောက်ချန်နှင့် ဟောင်ရှန်တို့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်လေ၏။ သူတို့နှစ်ဦးစလုံး အော်ဟစ်သံ တစ်ချက်ကိုမျှ မထုတ်လွှတ်လိုက်ရခင်မှာပင် ဝိညာဉ်လွင့်စင် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။

သွေးရောင် ရှောင်မိုက ဓားကို အိမ်ထဲသို့ ပြန်မသွင်းဘဲ ရှောင်မိုကိုသာ တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

ရှောင်မိုကလည်း သူ့ကို တည်ငြိမ်စွာပင် ပြန်လည် ကြည့်ရှုနေခဲ့လေ၏။

နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံး မူလနေရာများမှ ပျောက်ကွယ်သွားခဲ့ကြလေတော့သည်။

"ဝုန်း"

ကြမ်းတမ်းလှသော မိစ္ဆာချီများ၊ ပျံ့နှံ့နေသော သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ထက်မြက်လှသော ဓားဆန္ဒများက တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး မိုးခြိမ်းသံကြီးများက လီတစ်ထောင်တိုင်တိုင် ပဲ့တင်ထပ်သွားခဲ့ပေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ မိုးခြိမ်းသံများ ရပ်တန့်သွားပြီးနောက် ကောင်းကင်ယံရှိ တိမ်မည်းများက တဖြည်းဖြည်း လွင့်စင်သွားကာ နေရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်လျက် ဓားကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးအပေါ်သို့ ကျရောက်လာခဲ့လေတော့သည်။

အနန္တတာအိုဂိုဏ်း၊ ရဲ့ရွှယ်တောင်ထွတ်။

ခြံဝင်းထဲတွင် ထိုင်ကာ ဧကရာဇ်ဦးလေးငယ် အချစ်ဇာတ်လမ်းခပ်ကြမ်းကြမ်းဝတ္ထုစာအုပ်ကို သွားရည်တမြားမြားနှင့်ဖတ်နေသော သွေးမိစ္ဆာက တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား သူမ၏ ခေါင်းကိုမော့ကာ အရပ်မျက်နှာ တစ်ခုဆီသို့ လှမ်းကြည့်လိုက်လေ၏။

အမျိုးသမီး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားလေသည်။

"တော်တော်လေး မဆိုးပါဘူး။"

All Chapters