← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း ၂၇၃ - သို့သော် မိန်းကလေးငယ်တွင် ဆံနွယ်မည်း တစ်သောင်းခန့် ပေါက်ရောက်နေခဲ့ချေပြီ

ရှောင်မိုက နေရောင်ခြည်အောက်တွင် ရပ်နေခဲ့လေသည်။

ကောင်းကင်ယံတွင် တိမ်တစ်လိပ်မျှမရှိဘဲ နေရောင်ခြည်များက တောက်ပစွာ ဖြာကျနေသော်လည်း သည်းထန်သော မိုးပေါက်များက စတင် ကျဆင်းလာခဲ့ပေသည်။ ဘေးဒဏ်ကြီးကို ဖြတ်ကျော်ပြီးနောက် ရရှိလာသည့် လက်ဆောင်တစ်ခုဖြစ်သော ဤတာအိုမိုးက ပတ်ဝန်းကျင် လီတစ်ထောင်အတွင်းရှိ မြေပြင်ကို အာဟာရဖြည့်တင်းပေးနေပြီး ရှောင်မို၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများကိုလည်း ပြုပြင်ပေးနေခဲ့လေ၏။

ရှောင်မိုက မျက်လုံးများကို မှိတ်ထားလိုက်ပြီး သည်းထန်နေသော မိုးရေများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားစေရန် ခွင့်ပြုထားလိုက်သည်။

မသေမျိုးအဆင့်သို့ တက်လှမ်းပြီးသွားပြီးနောက် ရှောင်မိုက ပတ်ဝန်းကျင်ရှိ တာအိုစည်းမျဉ်းများ၏ စီးဆင်းမှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လာခဲ့ပေသည်။

ဒါက ကျောက်စိမ်းသန့်စင်ခြင်းအဆင့်နှင့် လုံးဝ ကွဲပြားခြားနားသော အမြင်တစ်ရပ်ပင် ဖြစ်ချေသည်။

သည်းထန်သော မိုးများ ရပ်တန့်သွားသည်နှင့် ရှောင်မိုက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်လေ၏။

တာအိုမိုး၏ ရေစင်သွန်းလောင်းခံရပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအချို့ ကျန်ရှိနေသေးသော်လည်း အများကြီး ပိုမို သက်သာလာသည်ဟု သူ ခံစားလိုက်ရပေသည်။

ကျန်ရှိနေသော ဒဏ်ရာများနှင့် ပတ်သက်၍ သူ၏ မသေမျိုးအဆင့် ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ပြုပြင်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်ရုံ သက်သက်သာ ဖြစ်၏။

ရှောင်မိုက ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး ဘေးဘက်ရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ "ပုန်းမနေနဲ့တော့၊ ထွက်ခဲ့တော့။"

ရှောင်မို၏ အသံကို ကြားသောအခါ ဝမ်ရှင်း၏ နူးညံ့သော ခန္ဓာကိုယ်လေးက သစ်ပင်အကွယ်တွင် အနည်းငယ် တုန်ယင်သွားခဲ့ပြီးနောက် သူမက နောက်ဆုံးတွင် အပြင်သို့ ထွက်လာခဲ့လေတော့သည်။

ဝမ်ရှင်းက ခေါင်းငုံ့ထားပြီး သူမ၏ လက်သေးသေးလေးများကို အဆက်မပြတ် ပွတ်သပ်နေခဲ့ပေသည်။

ဝမ်ရှင်း၏ အမြင်တွင် သူမက ရှောင်မို၏ စကားကို နားမထောင်ခဲ့သောကြောင့် သူ့ထံမှ ဆူပူကြိမ်းမောင်းမှုကို သေချာပေါက် ခံရမည်ဟု ထင်နေခဲ့မိ၏။

သို့သော် ဝမ်ရှင်းက ရှောင်မို၏ ဆူပူကြိမ်းမောင်းမှုကို စောင့်ဆိုင်းနေချိန်မှာပင် ရှောင်မိုက ပေါ့ပေါ့ပါးပါးဖြင့်ပင် "သွားကြစို့၊ ငါတို့ ပြန်မယ်။" ဟု ပြောလိုက်လေသည်။

"ဟင်"

ရှောင်မိုက သူမကို ဆူပူခြင်း မရှိသည်ကို မြင်သောအခါ ဝမ်ရှင်းက မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်သော်လည်း ရှောင်မိုက အဝေးသို့ ပျံသန်းသွားခဲ့ချေပြီ။

ကျေးရွာလေးထဲတွင် သခင်မဝမ်နှင့် နင်ဝေ့တို့က ခြံဝင်းတံခါးဝတွင် ရပ်ကာ စိုးရိမ်တကြီးဖြင့် လှမ်းမျှော်ကြည့်နေခဲ့ကြသည်။

သူတို့က ရှောင်မို ပြန်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားခဲ့လေ၏။

"အစ်ကိုကြီးရှောင်၊ အဆင်ပြေရဲ့လား။" နင်ဝေ့က အလျင်အမြန် ရှေ့တိုးလာကာ မေးလိုက်သည်။

"ငါ အဆင်ပြေပါတယ်။" ရှောင်မိုက နင်ဝေ့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏။ "အားလုံးကို ဖြေရှင်းပြီးသွားပါပြီ။"

ရှောင်မိုက သခင်မဝမ်ကို ထပ်မံ ကြည့်လိုက်ပြီး အရိုအသေပေးလိုက်သည်။ "သခင်မဝမ်၊ ဒီကာလအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"သခင်လေးရှောင်၊ ဒါက..." သခင်မဝမ်က ရှောင်မို၏ ဆိုလိုရင်းကို ခပ်ရေးရေးမျှ ရိပ်မိသွားခဲ့ပေသည်။

"ကျွန်တော့်ရဲ့ ဒဏ်ရာတွေက အခုဆိုရင် အများကြီး သက်သာသွားပါပြီ။ ကျင့်ကြံခြင်းအဆင့်ကလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ။ ကျွန်တော် အနန္တတာအိုဂိုဏ်းကို ပြန်ရမယ့် အချိန်ရောက်ပါပြီ။ ဟိုမှာ တစ်ခုခု ဖြစ်နေလောက်တယ်။" ရှောင်မိုက အမှန်အတိုင်း ပြောပြလိုက်လေသည်။

"သခင်လေးက ဒီနေ့ပဲ ထွက်သွားတော့မလို့လား။" သခင်မဝမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်။" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "အချိန်ဆွဲနေရင် ပြဿနာတွေ ထပ်တက်လာနိုင်တဲ့အတွက် အချိန်မဖြုန်းသင့်တော့ပါဘူး။"

"သခင်လေးက ဒီလိုပြောနေမှတော့ ကျွန်မအနေနဲ့လည်း ဆက်နေဖို့ အတင်းမတိုက်တွန်းတော့ပါဘူး..." သခင်မဝမ်၏ မျက်လုံးများထဲတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ "လမ်းခရီးမှာ ဂရုစိုက်ပါ သခင်လေး။ တောင်ထွတ်သခင်ကိုလည်း ကျွန်မရဲ့ နှုတ်ခွန်းဆက်စကားလေး ပါးပေးပါဦး။"

"လမ်းမှာ ဂရုစိုက်သွားပါ အစ်ကိုကြီးရှောင်။" နင်ဝေ့က ရှောင်မို၏ အင်္ကျီစလေးကို ညင်သာစွာ ဆွဲလိုက်လေသည်။ "အစ်ကိုကြီးရှောင်၊ အားတဲ့အခါ ရွာကို ခဏခဏ လာလည်ပါဦးနော်။"

"စိတ်မပူပါနဲ့။ အစ်ကိုကြီးရှောင်က ဝေ့ဝေ့ကို လာခေါ်ဖို့ မကြာခင် ပြန်လာခဲ့ပါ့မယ်။"

ဝမ်ချန်နှင့် သူမ၏သမီးဖြစ်သူတို့နှင့် နောက်ဆုံးအကြိမ် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ရှောင်မိုက သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ ကျေးရွာလေးထဲမှ ထွက်ခွာလာခဲ့လေတော့သည်။

ရှောင်မို ထွက်ခွာသွားချိန်တွင် ဝမ်ရှင်းက သဘာဝကျစွာပင် သူ၏နောက်သို့ လိုက်ပါသွားခဲ့ပေသည်။

သို့သော် မကြာမီမှာပင် ဝမ်ရှင်းက ရှောင်မို ပျံသန်းနေသော ဦးတည်ရာက အနည်းငယ် လွဲချော်နေသည်ကို သတိပြုမိလိုက်လေ၏။

နောက်ဆုံးတွင် ရှောင်မိုက တောင်ထွတ်တစ်ခု၏ အထွတ်အထိပ်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။

"ရှောင်မို၊ ဘာဖြစ်လို့လဲ။" ဝမ်ရှင်းက သူ၏ဘေးတွင် ရပ်လျက် မေးလိုက်လေသည်။

"ဒီတောင်ကို ဗုဒ္ဓမိစ္ဆာတောင်လို့ ခေါ်တယ်။"

ရှောင်မိုက အဝေးသို့ ငေးကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

"ဗုဒ္ဓဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေကြားက နောက်ဆုံးဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးက ဒီလိုနေရာမျိုးမှာ ဖြစ်ပွားခဲ့တာ။

အဲဒီအချိန်ကစပြီး၊ အရှေ့ဘက်က နင်တို့ရဲ့ မဟာဗုဒ္ဓကျောင်းတော်ကြီးဆယ်ခု တည်ရှိတဲ့ နယ်မြေဖြစ်လာတယ်။

အနောက်ဘက်ကတော့ မဟာမိစ္ဆာဂိုဏ်းကြီးဆယ်ခု နေထိုင်တဲ့ ဒေသဖြစ်လာခဲ့တယ်။

ဒီတော့ နင်က ဟွန်တွန်းလေးကို ခေါ်ပြီး အရှေ့ဘက်ကို ဆက်သွားပါ။ ငါကတော့ အနောက်ဘက်ကို ပြန်သွားမယ်။"

"ငါ... ငါ နင့်နောက်ကို လိုက်ပြီး အနန္တတာအိုဂိုဏ်းကို ပြန်လိုက်ချင်တယ်။" ဝမ်ရှင်း၏ မျက်နှာလေးက အနည်းငယ် ဖြူရော်သွားခဲ့ပြီး သူမ၏ မျက်နှာအမူအရာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပါဝင်လာကာ ဟွန်တွန်းလေးကို ပို၍ တင်းကျပ်စွာ ဖက်ထားမိသွားလေတော့သည်။

"နင့်လို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ငါ့လို မိစ္ဆာတစ်ကောင်နောက်ကို လိုက်ပြီး မိစ္ဆာတွင်းထဲကို ဝင်ချင်တယ်ပေါ့လေ။" ရှောင်မိုက လှောင်ပြောင်သော လေသံဖြင့် ပြုံးကာ ပြောလိုက်သည်။

"နင်သွားမယ့် နေရာက မိစ္ဆာတွင်း ဖြစ်နေရင်တောင်မှ ငါ မကြောက်ပါဘူး..." ဝမ်ရှင်းက မသိစိတ်အလျောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းရန် ကြိုးစားလိုက်လေ၏။

သို့သော် သူမ ထိုခြေလှမ်းကို မလှမ်းရသေးခင်မှာပင် ရှောင်မိုထံမှ ဓားအလင်းတန်း တစ်ချက်က သူမ၏ ခြေဖျားအနီးသို့ ကျရောက်လာခဲ့ပေသည်။

ဘုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်။

ရှောင်မို၏ ဓားချီကို နယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ကာ တောင်ထွတ်တစ်ခုလုံးက အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲသွားလေတော့သည်။

ရှောင်မိုနှင့် ဝမ်ရှင်းတို့က မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်စီတွင် ရပ်နေခဲ့ကြ၏။

"မိကူ... မိကူ..." ဟွန်တွန်းလေးက သခင်ဖြစ်သူနှင့် သခင်မလေးကြားတွင် ဘာတွေဖြစ်သွားမှန်း မသိသဖြင့် ဘယ်ညာကို လိုက်ကြည့်နေခဲ့သည်။

"နင် ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင်လည်း ရပါတယ်။"

ရှောင်မိုက ဝမ်ရှင်းကို တည့်တည့် စိုက်ကြည့်လိုက်လေ၏။

"ငါ့ရဲ့ မေးခွန်းတစ်ခုကို ဖြေပါ။ နင် အဖြေမှန်တယ်ဆိုရင် ငါ့နောက်ကို လိုက်ခွင့်ပြုမယ်။ နင် ဖြေတာ မှားသွားရင်တော့ ထွက်သွားလိုက်တော့။"

"နင်... နင် မေးလေ..." ဝမ်ရှင်းက ထိတ်လန့်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အရမ်း ရိုးရှင်းပါတယ်။"

ရှောင်မိုက တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

"ဒီရက်ပိုင်းအတွင်း ငါ နင်တို့ရဲ့ ဗုဒ္ဓဘာသာ ကျမ်းစာတွေကို ဖတ်ခဲ့ပြီး နင်ကလည်း ဗုဒ္ဓကျမ်းဂန်တွေ အများကြီးကို ငါ့ကို ပြောပြခဲ့တယ်။ အဲဒီအထဲမှာ ငါ အများဆုံး ကြားခဲ့ရတာက သတ္တဝါဝေနေယျ အားလုံးကို ကယ်တင်မယ်ဆိုတဲ့ နင်တို့ ဗုဒ္ဓဘာသာရဲ့ အဆိုအမိန့်ပဲ။ ဒါကြောင့် တစ်နေ့နေ့မှာ ငါက ဒီလောကကြီးထဲက လူသားအားလုံးကို သတ်ပစ်ချင်လာခဲ့မယ်ဆိုရင်၊ ပြီးတော့ ဒီကမ္ဘာပေါ်မှာ နင်တစ်ယောက်တည်းကပဲ ငါ့ကို သတ်နိုင်မယ်ဆိုရင်၊ နင် ဘယ်လို ရွေးချယ်မှုမျိုးကို ပြုလုပ်မလဲ။"

ဝမ်ရှင်း: "..."

"ငါ သုံးအထိ ရေတွက်မယ်။"

ရှောင်မိုက သူမကို အချိန်အများကြီး မပေးခဲ့ချေ။

ရေတွက်သံကို ရင်ဆိုင်လိုက်ရချိန်တွင် ဝမ်ရှင်း၏ ပါးစပ်လေးက အနည်းငယ် ပွင့်ဟသွားပြီး ဖြေကြားချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာနိုင်ခဲ့ပေ။

ရှောင်မိုက သုံးအထိ ရေတွက်ပြီးသွားသော်လည်း ဝမ်ရှင်းက တိတ်ဆိတ်စွာပင် ကျန်ရစ်နေဆဲ ဖြစ်လေ၏။

"ပြန်သွားပြီး နင့်ရဲ့ ဗုဒ္ဓတာအိုကိုပဲ သေချာ လေ့ကျင့်ပါတော့။"

ရှောင်မိုက လှည့်ကာ အနန္တတာအိုဂိုဏ်းရှိရာသို့ ပျံသန်းသွားလေတော့သည်။

"ငါပြောခဲ့တဲ့နေ့က မဖြစ်လာနိုင်ဘူးလို့ မထင်လိုက်နဲ့။ အနည်းဆုံး အဲဒီနေ့ ရောက်လာတဲ့အခါ နင့်မှာ ငါ့ကို သတ်နိုင်တဲ့ စွမ်းရည် ရှိနေရမယ်။"

ရှောင်မို၏ ပုံရိပ်က ဝမ်ရှင်း၏ အမြင်အာရုံထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပေသည်။ သူ လုံးဝ ထွက်ခွာသွားပြီးနောက်တွင်ပင် ဝမ်ရှင်းက ထိုနေရာ၌ ကြောင်ငေးကာ ကျန်ရစ်နေခဲ့ပြီး သူ ထွက်သွားသော အရပ်မျက်နှာဆီသို့ စိုက်ကြည့်နေခဲ့လေ၏။

"ဟူး..."

အချိန်မည်မျှ ကြာသွားသည်မသိ၊ တိမ်တိုက်များထဲမှ သက်ပြင်းချသံ တစ်ခုသာ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေသည်။

ခုန်းနျန်ကျောင်းတော်မှ ကျောင်းထိုင်ဆရာတော် ရွှီကျင်းက တိမ်တိုက်များကြားမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပေသည်။

"ကျောင်းထိုင်ဆရာတော် ဘိုးဘိုး..." ဝမ်ရှင်းက သတိပြန်လည်လာကာ သူမ၏ ကျောင်းထိုင်ဆရာတော် ဘိုးဘိုးကို အံ့သြစွာဖြင့် ကြည့်လိုက်လေ၏။ "ဘိုးဘိုးက ဘာလို့ ဒီကို ရောက်နေတာလဲ..."

"အရင်က ဒါယကာရှောင်က ငါ့ဆီကို ဓားပျံသဝဏ်လွှာလေး တစ်စောင် ပို့ခဲ့ပြီး မြေးလေးကို လာခေါ်ဖို့ ပြောခဲ့တယ်။ ငါ ဒီကို မနေ့ကတည်းက ရောက်နေတာ။"

ရွှီကျင်းက သူ၏ တပည့်လည်းဖြစ်သလို မြေးလည်းဖြစ်သော ဤမိန်းကလေးငယ်ကို ကြည့်လိုက်လေသည်။

"သွားကြစို့ ဝမ်ရှင်း။ မြေးလေး ပြန်သင့်ပြီ..."

"ဟုတ်ကဲ့... ကျောင်းထိုင်ဆရာတော် ဘိုးဘိုး..." ဝမ်ရှင်းက ခေါင်းငုံ့ထားလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ခုန်းနျန်ကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် ဝမ်ရှင်းက ခြံဝင်းထဲတွင် ရုပ်တုတစ်ခုကဲ့သို့ နေ့စဉ်နေ့တိုင်း ထိုင်နေခဲ့ပြီး ကောင်းကင်ဘုံရှိ ဗုဒ္ဓ၏ အကြည့်နှင့် ဆုံတွေ့နေရသည့်အလား ကောင်းကင်ယံကို မော့ကြည့်နေလေ့ရှိပေသည်။

"တစ်နေ့နေ့မှာ ငါက ဒီလောကကြီးထဲက လူသားအားလုံးကို သတ်ပစ်ချင်လာခဲ့မယ်ဆိုရင်၊ ပြီးတော့ ဒီကမ္ဘာပေါ်မှာ နင်တစ်ယောက်တည်းကပဲ ငါ့ကို သတ်နိုင်မယ်ဆိုရင်၊ နင် ဘယ်လို ရွေးချယ်မှုမျိုးကို ပြုလုပ်မလဲ။"

ရှောင်မို ထွက်မသွားခင် ပြောခဲ့သော စကားများက ဝမ်ရှင်း၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့လေ၏။

သူမက အဖြေကို တွေးတောနေဆဲပင် ဖြစ်သည်။

သို့သော် သူမ ရှာမတွေ့နိုင်ခဲ့ပေ။

"မိကူ..."

ဟွန်တွန်းလေးက ခေါင်းမော့လာပြီး သခင်မလေးကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

သို့သော် ၎င်းက သူမကို မနှောင့်ယှက်ရဲသဖြင့် ဝမ်ရှင်း၏ ခြေရင်းတွင်သာ တိတ်ဆိတ်စွာ လှဲလျောင်းနေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ချေ။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ။

တစ်နေ့တွင်။

ဟွန်တွန်းလေးက အိပ်ရာမှ နိုးလာပြီး ဝမ်ရှင်းကို မော့ကြည့်လိုက်သောအခါ ကြောက်လန့်တကြား ခုန်ပေါက်သွားခဲ့လေတော့သည်။

"မိကူ"

ဟွန်တွန်းလေးက ခုန်းနျန်ကျောင်းတော်၏ အရှေ့ဘက် ခန်းမဆောင်သို့ အလျင်အမြန် သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ရွှီကျင်း၏ သင်္ကန်းကို ကိုက်ဆွဲလိုက်လေ၏။

ရွှီကျင်းက ဟွန်တွန်းလေး၏ ဆိုလိုရင်းကို နားလည်သွားပြီး ဝမ်ရှင်း၏ ခြံဝင်းထဲသို့ မကြာမီ ရောက်ရှိလာခဲ့ပေသည်။

ရွှီကျင်းက သူ၏တပည့်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့လေတော့သည်။

"ဟူး... အမိတာဘာ..." ခြံဝင်းအပြင်ဘက်တွင် ကျောင်းထိုင်ဆရာတော် ရွှီကျင်းက သက်ပြင်းကို ညင်သာစွာ ချလိုက်ပြီး လက်အုပ်ချီကာ ဗုဒ္ဓဘာသာ ဘွဲ့တော်ကို ရွတ်ဆိုလိုက်လေ၏။

ခြံဝင်းထဲတွင်၊ ကျောက်ခုံပေါ်၌ ထိုင်နေသော မိန်းကလေးငယ်က လုံးဝ မလှုပ်မယှက်ဘဲ ကောင်းကင်ကို မော့ကြည့်နေဆဲပင် ဖြစ်သည်။

သို့သော် မိန်းကလေးငယ်၏ ခေါင်းထက်တွင်တော့ ဆံနွယ်မည်း တစ်သောင်းခန့် ပေါက်ရောက်နေခဲ့ချေပြီ။

အခန်း ၂၇၄ - သို့သော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ

အနန္တတာအိုဂိုဏ်း၊ ရဲ့ရွှယ်တောင်ထွတ်။

လွန်ခဲ့သောလအနည်းငယ်က သွေးမိစ္ဆာက ဝမ်ချန်နှင့် သူမ၏သမီးဖြစ်သူတို့ကို အဝေးသို့ ပို့ဆောင်ခဲ့လေ၏။

လွန်ခဲ့သောတစ်လခန့်က သွေးမိစ္ဆာက တာဝန်တစ်ခုကို အကြောင်းပြကာ ယွီယွင်ဝေ့ကိုလည်း အဝေးသို့ စေလွှတ်ခဲ့ပြန်ပေသည်။

တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော တောင်ထွတ်ပေါ်တွင် ယခုအခါ ခြံဝင်းထဲ၌ အရက်သောက်ကာ ဧကရာဇ်ဦးလေးငယ် ဝတ္ထုကို ဖတ်နေသော သွေးမိစ္ဆာ တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့လေတော့သည်။

သွေးမိစ္ဆာက ယခင်ကလည်း ဤကဲ့သို့ နေထိုင်ခဲ့ဖူးသော်လည်း ယခုတစ်ဖန် တောင်ထွတ်ပေါ်တွင် တစ်ယောက်တည်း ပြန်လည်နေထိုင်ရသောအခါ အထီးကျန်မှု အနည်းငယ်ကို မလွှဲမသွေ ခံစားနေရလေ၏။

"သွေးမိစ္ဆာ၊ နင်လိုချင်တဲ့ ပစ္စည်းရပြီ။" မွန်းတည့်ချိန်တွင် ချင်းယွမ်က ရဲ့ရွှယ်တောင်ထွတ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး အရုပ်တစ်ရုပ်နှင့် တူသော အရာတစ်ခုကို သူမထံသို့ ကမ်းပေးလိုက်လေသည်။

"ပင်ပန်းသွားပြီပဲ။" သွေးမိစ္ဆာက အနည်းငယ် ပြုံးလိုက်ပြီး အရုပ်ကို ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်၏။ "မဆိုးပါဘူး၊ တော်တော်လေး သေသပ်လှပတာပဲ။"

"ငါ့လက်ထဲက ထွက်လာတဲ့ ဘယ်အရာမဆို နင် စိတ်ချယုံကြည်လို့ ရပါတယ်။" ချင်းယွမ်က ကျောက်ခုံပေါ်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို ငှဲ့သောက်လိုက်လေသည်။ "ဒါပေမဲ့ သွေးမိစ္ဆာ၊ နင် သေချာ စဉ်းစားဖို့တော့ လိုလိမ့်မယ်။ နင် တကယ်ပဲ ဒီလိုလုပ်ချင်တာလား။ နင့်ဆရာကို ရှာတွေ့နိုင်မလား ဆိုတာကို ခဏထား၊ ဂိုဏ်းချုပ်သာ သိသွားရင် ပြဿနာ တက်လိမ့်မယ်နော်။"

သွေးမိစ္ဆာက ပြုံးလိုက်ပေသည်။ "ငါ့ဆရာကို ရှာနေခဲ့တာ နှစ်ပေါင်း သုံးထောင်တောင် ရှိနေပြီပဲ။ ဒါက မျှော်လင့်ချက် အရှိဆုံး အကြိမ်ပဲလေ။ ငါက လက်လျှော့လိုက်မယ်လို့ နင် ထင်နေတာလား။"

"ကောင်းပြီလေ..." ချင်းယွမ်က သက်ပြင်းချလိုက်လေ၏။

တကယ်တော့ သူမက သွေးမိစ္ဆာ၏ လုပ်ရပ်များကို သဘောမကျသေးချေ။

ဒါက တကယ်ကို အန္တရာယ် များလွန်းလှပေသည်။

သို့သော် သူမ၏ အချစ်ဆုံးသူငယ်ချင်းက ဆုံးဖြတ်ချက် တစ်ခုချပြီးသွားလျှင် သူမ ဘာပဲပြောပြော အသုံးဝင်မည် မဟုတ်ကြောင်းကိုလည်း သူမ သိထားလေ၏။

"စိတ်မပူပါနဲ့၊ ဒီကိစ္စက နင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ နင့်ကို ဒုက္ခမရောက်စေရပါဘူး။" သွေးမိစ္ဆာက ပြုံးလိုက်သည်။ "တကယ်လို့ ငါ့ကို မိသွားရင်တောင် နင့်ခြံဝင်းထဲကနေ ဒီအရုပ်ကို ငါ ခိုးလာတာလို့ပဲ ပြောလိုက်မယ်။ တာဝန်အားလုံးကို ငါတစ်ယောက်တည်း ယူပါ့မယ်။"

"ငါတို့ကြားမှာ ဒုက္ခရောက်စေတယ် ဆိုတာတွေ ပြောနေစရာ လိုသေးလို့လား။" ချင်းယွမ်က သွေးမိစ္ဆာကို မျက်စောင်းထိုးလိုက်လေ၏။ "အရင်တုန်းက နင် ငါ့အသက်ကို ကယ်ခဲ့တာပဲ။ အဆိုးဆုံးဖြစ်လာရင်လည်း ငါ့အသက်နဲ့ ပြန်ဆပ်ရုံပေါ့။"

"ဒီလောက်အထိလည်း မဆိုးဝါးပါဘူး။ အဆိုးဆုံး အခြေအနေ ရောက်လာရင်တောင် ငါတို့နှစ်ယောက် ပူးပေါင်းပြီး အနန္တတာအိုဂိုဏ်းထဲကနေ တိုက်ခိုက် ထွက်ခွာကြတာပေါ့။ ငါတို့ရဲ့ အစွမ်းအစတွေနဲ့ဆိုရင် အနန္တတာအိုဂိုဏ်းထဲက ဘယ်သူကမှ ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။"

ထိုသို့ပြောပြီးနောက် သွေးမိစ္ဆာက အရုပ်ကို မြေပြင်ပေါ်တွင် မတ်တတ်ရပ်စေလိုက်ပြီး အရုပ်ပေါ်သို့ ချီစွမ်းအင်တစ်ချက် မှုတ်ထုတ်လိုက်ကာ သူမ၏ နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို အရုပ်ထဲသို့ ထည့်သွင်းလိုက်လေတော့သည်။

အရုပ်က အဆက်မပြတ် ကြီးထွားလာပြီး နောက်ဆုံးတွင် ပုံမှန်လူတစ်ယောက်၏ အရွယ်အစားခန့်အထိ ရောက်ရှိသွားခဲ့လေ၏။

"သွားတော့။"

သွေးမိစ္ဆာက အရုပ်၏ ခေါင်းကို ပုတ်လိုက်သည်။ အရုပ်က ကလစ် ဟူသော အသံတစ်သံ ထွက်ပေါ်လာကာ လှုပ်ရှားလာပြီးနောက် အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားလေတော့၏။

သွေးမိစ္ဆာက မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမ၏ နတ်အာရုံကို အရုပ်နှင့် ချိတ်ဆက်ကာ အရုပ်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပေသည်။

ချင်းယွမ်က သွေးမိစ္ဆာ၏ ဘေးတွင် ထိုင်ကာ သူမအတွက် အစောင့်အရှောက်အဖြစ် နေပေးနေခဲ့သည်။

နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် မပြည့်မီမှာပင် အရုပ်ကို ထိန်းချုပ်ထားသော သွေးမိစ္ဆာက အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်သို့ ရောက်ရှိသွားခဲ့လေ၏။

သွေးမိစ္ဆာက အရုပ်ကို အထဲသို့ ပျံသန်းဝင်ရောက်ရန် အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤအရုပ်ကို မှော်ဝင်္ကပါ တစ်ခုဖြင့် စီစဉ်ထားပြီး ၎င်း၏ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်သော ကောင်းကင်နှင့်မြေကြီး ရတနာ အချို့ကို အသုံးပြုထားသောကြောင့် ပင်မတောင်ထွတ်၏ မှော်ဝင်္ကပါက အသက်ဝင်နေသည့် အခြေအနေတွင် ရှိနေသော်လည်း အရုပ်ကို မထောက်လှမ်းနိုင်ခဲ့ပေ။

တောင်ပေါ်သို့ ဝင်ရောက်လာသည်နှင့် သွေးမိစ္ဆာက သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်လေသည်။

ထိုသံလိုက်အိမ်မြှောင်ကို ချင်းယွမ်က အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ယခင် ရဲ့ရွှယ်တောင်ထွတ်သခင် ကျိုးရူရှီ၏ သွေးအဆီအနှစ်များကို ၎င်းထဲသို့ ချပေးထားခဲ့ခြင်း ဖြစ်၏။

အကွာအဝေးက ကျန်းသုံးဆယ်ထက် မကျော်လွန်သရွေ့ သံလိုက်အိမ်မြှောင်က ကျိုးရူရှီကို အာရုံခံနိုင်ပေသည်။ သွေးမိစ္ဆာက ပင်မတောင်ထွတ်ပေါ်တွင် အဆက်မပြတ် လျှောက်သွားနေခဲ့သော်လည်း သံလိုက်အိမ်မြှောင်က လုံးဝ ငြိမ်သက်နေခဲ့လေ၏။

နာရီဝက်ခန့် ကြာပြီးနောက် သွေးမိစ္ဆာက ကျောက်နံရံတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့ပေသည်။

ဤကျောက်နံရံကို ကြည့်ရင်း သူမ၏ မျက်မှောင်များက ကြုတ်သွားခဲ့သည်။ ဤနံရံတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ အမြဲတမ်း ခံစားနေရလေ၏။

သွေးမိစ္ဆာက ရှေ့သို့ လျှောက်သွားကာ ကျောက်နံရံကို လက်လှမ်း၍ ထိတွေ့ကြည့်လိုက်ရာ ၎င်း၏ အတွင်းပိုင်းက ဟာလာဟင်းလင်း ဖြစ်နေကြောင်းကို ရှာဖွေတွေ့ရှိလိုက်လေတော့သည်။

သူမက အရုပ်၏ ပေါင်တံရှိ လျှို့ဝှက်အခန်းငယ်လေးထဲမှ ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ကျောက်နံရံပေါ်တွင် ကပ်ထားလိုက်လေ၏။

ထိုကျောက်တုံးပေါ်တွင် အင်းကွက်များ ရေးထွင်းထားပြီး ၎င်းက မှော်ဝင်္ကပါ အတားအဆီးများကို ချိုးဖျက်ရန်အတွက် အလွန် အစွမ်းထက်သော ရတနာတစ်ပါးပင် ဖြစ်ပေသည်။

ကျောက်တုံးက အဆက်မပြတ် တုန်ယင်နေပြီး ၎င်းပေါ်ရှိ ပုံစံများက စက္ကန့်တိုင်းတွင် ပြောင်းလဲနေခဲ့လေသည်။

နောက်ဆုံးတွင် ဝင်္ကပါချိုးဖျက်ခြင်း ပုံတူ ပေါ်ရှိ ပုံစံများ တည်ငြိမ်သွားသောအခါ သွေးမိစ္ဆာ၏ အရှေ့ရှိ ကျောက်နံရံက တစ်ကျန်းခန့် မြင့်သော ကွာဟချက်တစ်ခုအဖြစ် ပွင့်ဟသွားခဲ့လေတော့သည်။

သွေးမိစ္ဆာက အလွန်အမင်း ဝမ်းသာသွားပြီး အထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားခဲ့ပေသည်။

ဤလိုဏ်ဂူက အလွန် နက်ရှိုင်းပြီး မြေအောက်သို့ တိုက်ရိုက် ဆက်သွယ်ထားလေ၏။

အချိန်မည်မျှ ကြာအောင် လျှောက်လာခဲ့သည်မသိ၊ နောက်ဆုံးတွင် သံလိုက်အိမ်မြှောင်ပေါ်ရှိ အပ်တံလေးက တုံ့ပြန်မှု စတင်ပြသလာခဲ့ချေပြီ။

သွေးမိစ္ဆာက သူမ၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရဲ့ရွှယ်တောင်ထွတ်ပေါ်ရှိ သွေးမိစ္ဆာ၏ နဖူးပေါ်တွင် ချွေးအေးများ ပြန်လာခဲ့ပြီး သူမ၏ နှလုံးခုန်နှုန်းကလည်း တဖြည်းဖြည်း ပို၍ မြန်ဆန်လာခဲ့ပေသည်။

ချင်းယွမ်က သွေးမိစ္ဆာ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်ပြီး သူမကိုယ်တိုင်လည်း အလွန်အမင်း ပျော်ရွှင်သွားခဲ့လေ၏။

သွေးမိစ္ဆာက သူမ၏ ဆရာဖြစ်သူနှင့် ပတ်သက်သော သဲလွန်စများကို ရှာတွေ့သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ မဟုတ်ပါက သွေးမိစ္ဆာက ဤမျှလောက် စိတ်လှုပ်ရှားပြီး ထိတ်လန့်နေမည် မဟုတ်ချေ။

ချလွမ်

အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်တွင် သွေးမိစ္ဆာ နောက်ဆုံး၌ ရပ်တန့်လိုက်ချိန်တွင် သူမ မြင်တွေ့လိုက်ရသမျှ အရာအားလုံးက သူမ၏ နတ်ဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့လေတော့သည်။

ကျင့်ကြံသူ ဆယ်ဦးက သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး လိုဏ်ဂူ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေခဲ့ကြပေသည်။

သူတို့၏ ခြေအောက်တွင် မှော်ဝင်္ကပါ တစ်ခုကို ရေးဆွဲထားပြီး သူတို့၏ ခန္ဓာကိုယ်များကို ဝိညာဉ်ချည်နှောင်သံမှို အမြောက်အမြားဖြင့် ဖောက်ထွင်းထားခဲ့လေ၏။

"ဆရာ"

မကြာမီမှာပင် သွေးမိစ္ဆာက သူမ၏ ဆရာဖြစ်သူကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန် ပြေးသွားလိုက်လေသည်။

ဆရာဖြစ်သူ၏ ပိန်ချုံးကာ သတိလစ်နေသော အသွင်အပြင်ကို ကြည့်ရင်း သွေးမိစ္ဆာ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး သူမ၏ လက်ချောင်းများက တုန်ယင်လာခဲ့ပေသည်။

သွေးမိစ္ဆာအတွက်မူ သူမ၏ ဆရာဖြစ်သူက ဆရာတစ်ယောက်မျှသာ မဟုတ်ဘဲ မိခင်တစ်ဦးနှင့် ပို၍ တူညီလှပေသည်။

"ဆရာ၊ သတိထားပါဦး... ဆရာ..."

သွေးမိစ္ဆာက ဆရာဖြစ်သူကို သတိရလာစေရန် ကြိုးစားနှိုးခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့လေ၏။

သံကြိုးများနှင့် ပတ်သက်၍မူ အရုပ်၏ လက်ရှိ စွမ်းအားဖြင့် ၎င်းတို့ကို ချိုးဖျက်ရန် မဖြစ်နိုင်သလို ဆရာဖြစ်သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်နှောင်ဝင်္ကပါကို အတင်းအကျပ် ထုတ်ပစ်ရန်လည်း နည်းလမ်းမရှိခဲ့ပေ။

သွေးမိစ္ဆာက ဘာဆက်လုပ်ရမလဲဟု တွေးတောနေချိန်မှာပင်။

ကျင့်ကြံသူ ဆယ်ဦး၏ ခြေအောက်ရှိ မှော်ဝင်္ကပါက အသက်ဝင်လာခဲ့ပြီး သူတို့၏ ဝိညာဉ်များနှင့် သက်စောင့်မူလအရင်းအမြစ်များက အရှေ့ဆုံးရှိ ရုပ်တုဆီသို့ စမ်းချောင်းတစ်ခုအလား စီးဆင်းသွားခဲ့လေတော့သည်။

အစပိုင်းတွင် သွေးမိစ္ဆာက ဤရုပ်တုကို သိပ်၍ ဂရုမစိုက်ခဲ့ဘဲ ရိုးရှင်းသော ရုပ်တုတစ်ခု သက်သက်သာဖြစ်မည်ဟု ထင်နေခဲ့မိ၏။

သို့သော် ယခုအခါ သူမ၏ ဆရာဖြစ်သူထံမှ သက်စောင့်မူလအရင်းအမြစ်နှင့် ချီစွမ်းအင်များကို စုပ်ယူထားသော ထိုရုပ်တုထံမှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့ချေပြီ။

သူမက သားရဲသားရေဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံကေသာရှည်များက ပခုံးပေါ်တွင် ကျဆင်းနေကာ အဝေးသို့ ငေးကြည့်နေခဲ့လေသည်။ သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်နေပြီး ပြုံးသလိုလို မပြုံးသလိုလို အသွင်အပြင်ကို ဖြစ်ပေါ်စေခဲ့ပေသည်။

သူမ၏ ခန္ဓာကိုယ်ထံမှ ချီစွမ်းအင် လှိုင်းဂယက်များ ဖြာထွက်နေခဲ့၏။

ဤရုပ်တုက အသက်ဝင်လာတော့မည့် အလားပင် ဖြစ်ချေသည်။

သွေးမိစ္ဆာက ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကိုပင် ခံစားလိုက်ရလေတော့သည်။

ဤခံစားချက်က သားရဲအားလုံးအပေါ် သက်ရောက်နေသော စစ်မှန်သည့် နဂါးတစ်ကောင်၏ သွေးဆက်ဖိနှိပ်မှုနှင့် တူညီလှပေသည်။

မသေမျိုးအဆင့်ရှိ လူသားမျိုးနွယ် ကျင့်ကြံသူဖြစ်သော သူမကိုယ်တိုင်ပင် ၎င်းကို ဒူးထောက် အညံ့ခံချင်စိတ်များ ပေါ်ပေါက်လာခဲ့ရလေ၏။

"သူက ဘယ်သူလဲဆိုတာ မင်းသိလား။"

ရုတ်တရက် သွေးမိစ္ဆာ၏ အနောက်ဘက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

သွေးမိစ္ဆာ၏ စိတ်က တင်းကျပ်သွားခဲ့ပေသည်။ အရုပ်၏ လက်မောင်းမှ ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး သူမက လှည့်ကာ ခုတ်ချလိုက်လေ၏။

ချလွမ်

အရုပ်၏ လက်ထဲရှိ ဓားရှည်ကို အနန္တတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော အနန္တတာအိုဂိုဏ်းချုပ်က သူ၏ ဓားရှည်ဖြင့် ကာကွယ်လိုက်လေသည်။

"သူမက ဒီလောကကြီးမှာ ပြီးပြည့်စုံဆုံး တည်ရှိမှုပဲ။ ငါလည်း အဲဒီလို တည်ရှိမှုမျိုး ဖြစ်လာရမယ်။"

အနန္တတာအိုဂိုဏ်းချုပ်က ဆက်ပြောလိုက်လေသည်။ သူ၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများကမူ ရူးသွပ်လုမတတ် ဖြစ်နေခဲ့ချေပြီ။

"ဒါပေမဲ့ မင်းလို မျိုးဆက်သစ်က ဒီနေရာကို ရှာတွေ့လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အချိန်နှောင်းသွားခဲ့ပါပြီ။"

ထိုသို့ပြောပြီးနောက် အနန္တတာအိုဂိုဏ်းချုပ်က သွေးမိစ္ဆာ၏ လက်ထဲရှိ ဓားရှည်ကို ပုတ်ချလိုက်ပြီး အရုပ်၏ ခေါင်းကို ဓားတစ်ချက်တည်းဖြင့် ဖြတ်ချလိုက်လေတော့သည်။

အဟွတ်၊ အဟွတ်၊ အဟွတ်...

ရဲ့ရွှယ်တောင်ထွတ်ပေါ်တွင် သွေးမိစ္ဆာက သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ပြီး သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပေသည်။

"သွေးမိစ္ဆာ..." ထိုမြင်ကွင်းကို မြင်သောအခါ ချင်းယွမ်က စိုးရိမ်တကြီးဖြင့် အလျင်အမြန် ရှေ့တိုးလာခဲ့လေ၏။

"သွား"

သွေးမိစ္ဆာက ချင်းယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

"မြန်မြန် ပြေးကြစို့"

All Chapters