အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း ၂၇၅ - ရှောင်မို၊ မင်း ငါ့ကို သတ်လို့ မရနိုင်ပါဘူး
"ချင်းယွမ်၊ မြန်မြန်သွားတော့။"
သွေးမိစ္ဆာက ချင်းယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ မျက်နှာအမူအရာက အလွန်အမင်း တင်းမာနေပြီး သူမ၏ အချစ်ဆုံးသူငယ်ချင်းကို ချက်ချင်းပင် တွန်းထုတ်ပစ်လိုက်ချင်နေခဲ့လေ၏။
"သွေးမိစ္ဆာ၊ ဘာဖြစ်လို့လဲ။ နင် ဘာတွေ မြင်ခဲ့လို့လဲ။"
ချင်းယွမ်က သွေးမိစ္ဆာ ဤမျှလောက် ထိတ်လန့်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အကယ်၍ သွေးမိစ္ဆာက အနန္တတာအိုဂိုဏ်းချုပ်၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရရုံ သက်သက်ဆိုပါက ဤမျှလောက်အထိ အခြေအနေ ဆိုးဝါးမည် မဟုတ်ပေ။
"ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး၊ အရင်သွားကြစို့။"
သွေးမိစ္ဆာက ချင်းယွမ်၏ လက်ကိုဆွဲကာ ပျံသန်းထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ဤအခိုက်အတန့်မှာပင် အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်ဆီမှ ဂိုဏ်းချုပ်ဖြစ်သော အနန္တတာအိုဂိုဏ်းချုပ်၏ အသံ ထွက်ပေါ်လာခဲ့လေ၏။ "အကြီးအကဲတို့၊ ဘာဖြစ်လို့ နောက်မှ မထွက်သွားကြတာလဲ။"
အနန္တတာအိုဂိုဏ်းချုပ်၏ စကားသံ အဆုံးတွင် သွေးမိစ္ဆာ၏ ရဲ့ရွှယ်တောင်ထွတ်ဆီသို့ ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေတော့သည်။
"သေစမ်း။"
သွေးမိစ္ဆာက ကျိန်ဆဲလိုက်ပြီး သူမ၏ မျက်မှောင်များ ကြုတ်သွားကာ ဓားတစ်ချက်ဖြင့် ပြန်လည် ခုတ်ချလိုက်လေ၏။
သွေးရောင် ဓားအလင်းတန်းက အနန္တတာအိုဂိုဏ်းချုပ်၏ ဓားချီနှင့် ရိုက်ခတ်သွားပြီး ကြမ်းတမ်းလှသော ဝိညာဉ်စွမ်းအင်များ ပြန့်နှံ့သွားကာ အသက်ရှူကျပ်လုမတတ် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။
အနန္တတာအိုဂိုဏ်းထဲရှိ ကျင့်ကြံသူအားလုံးက လန့်ဖျပ်သွားကြပြီး ရဲ့ရွှယ်တောင်ထွတ်ဆီသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြကာ ဘာတွေဖြစ်ပျက်နေသလဲဟု တွေးတောနေမိကြလေသည်။
ဂိုဏ်းချုပ်နှင့် ရဲ့ရွှယ်တောင်ထွတ်သခင်တို့က ဘာအကြောင်းကြောင့် ရုတ်တရက်ကြီး တိုက်ခိုက်နေကြပါသနည်း။
နောက်တစ်ခဏတွင် ဝိညာဉ်စွမ်းအင်ဖြင့် ချဲ့ထွင်ထားသော သွေးမိစ္ဆာ၏ အသံက ဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေတော့သည်။
"အနန္တတာအိုဂိုဏ်းချုပ်၊ တိရစ္ဆာန်ကောင်။ မင်းက ငါတို့ အနန္တတာအိုဂိုဏ်းရဲ့ တောင်ထွတ်သခင် အကြီးအကဲဆယ်ယောက်ကို မင်းရဲ့ ပင်မတောင်ထွတ်အောက်မှာ ဖိနှိပ်ထားတယ်။ ငါ့ဆရာနဲ့ တခြား တောင်ထွတ်သခင်ဆယ်ယောက်ရဲ့ သက်စောင့်မူလအရင်းအမြစ်တွေ၊ ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုပြီး ရှေးဟောင်းမသေမျိုးတစ်ပါးကို အာဟာရဖြည့်တင်းပေးနေပြီး တံဆိပ်ခတ်နှောင်မှုကို ချိုးဖျက်ဖို့ ကြိုးစားနေတာပဲ။ မင်း ရူးနေပြီလား။ ဒီလိုလုပ်တာရဲ့ အကျိုးဆက်တွေကို မင်း သိရဲ့လား။"
ချင်းယွမ်နှင့် ဂိုဏ်းထဲရှိ လူတိုင်းက သွေးမိစ္ဆာ၏ စကားများကြောင့် လုံးဝကို မှင်တက်အံ့သြသွားကြလေ၏။
သူတို့က သူတို့ နားကြားမှားသွားသလားဟုပင် တွေးတောနေမိကြပေသည်။
အကြီးအကဲ သွေးမိစ္ဆာက ယခုလေးတင် ဘာပြောလိုက်တာလဲ။
ဂိုဏ်းချုပ်က တောင်ထွတ်သခင် အကြီးအကဲဆယ်ယောက်ရဲ့ သက်စောင့်မူလအရင်းအမြစ်ကို သုံးပြီး ရှေးဟောင်းမသေမျိုးတစ်ပါးကို အာဟာရဖြည့်တင်းပေးနေတယ်ပေါ့။ တံဆိပ်ခတ်နှောင်မှုကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား။
သွေးမိစ္ဆာက လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြီး နတ်အာရုံတစ်ခုကို ထုတ်လွှတ်ကာ သူမ ပင်မတောင်ထွတ်ပေါ်တွင် မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို လေထဲတွင် ပုံဖော်ပြသလိုက်လေ၏။
မြင်ကွင်းထဲတွင် အနန္တတာအိုဂိုဏ်း၏ တောင်ထွတ်သခင် ဆယ်ဦးမှာ သေရသည်ထက် ဆိုးရွားသော ကံကြမ္မာကို ခံစားနေကြရပေသည်။
"ဆရာ။"
"အဖေ။"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"ငါ့ဆရာက အရိုးဖြူ လျှို့ဝှက်နယ်မြေမှာ သေသွားခဲ့တာ မဟုတ်ဘူးလား။ အနန္တတာအိုဂိုဏ်းရဲ့ ပင်မတောင်ထွတ်မှာ ဘယ်လိုလုပ် ရောက်နေရတာလဲ။"
လော်ချာခန်းမ၏ ခန်းမသခင်နှင့် အခြားသူများက သူတို့၏ ဆရာဖြစ်သူများကို ပင်မတောင်ထွတ်တွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး သက်စောင့်မူလအရင်းအမြစ်များကို အဆက်မပြတ် စုပ်ယူခံနေရသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကြလေတော့သည်။
သွေးမိစ္ဆာက သူတို့ကို လိမ်ညာမည် မဟုတ်ကြောင်းကို သူတို့ သိထားကြပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက အမှန် သို့မဟုတ် အမှား ဆိုသည်ကို ပင်မတောင်ထွတ်သို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုရုံဖြင့် သိနိုင်သောကြောင့်ပင်။
ဂိုဏ်းချုပ်က သူ့ကိုယ်သူ ခုခံကာကွယ်ရန် ကြိုးစားလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေချိန်မှာပင် အနန္တတာအိုဂိုဏ်းချုပ်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားကာ ပြုံးလိုက်လေ၏။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏ အသံက မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွားလျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဟုတ်တော့ရော ဘာဖြစ်လဲ။"
"..."
သွေးမိစ္ဆာ အပါအဝင် လူတိုင်းက အံ့သြမှင်တက်သွားကြလေတော့သည်။
အနန္တတာအိုဂိုဏ်းချုပ်က ခုခံချေပလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း သူက တိုက်ရိုက် ဝန်ခံလိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
"ဂိုဏ်းချုပ်၊ မင်းက တကယ်ကို ဘာရည်ရွယ်ချက် ရှိနေတာလဲ။" ချင်းယွမ်က ရှေ့သို့ ထွက်လာကာ မေးခွန်းထုတ်လိုက်လေ၏။
"ရည်ရွယ်ချက် ဟုတ်လား။" အနန္တတာအိုဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ငါကိုယ်တော်က မဟာတာအိုကို ရှာဖွေနေရုံ သက်သက်ပါ။ အဲဒါက ငါ့ရဲ့ အခြေခံအကျဆုံး ရည်မှန်းချက်ပဲ။"
အနန္တတာအိုဂိုဏ်းချုပ်က သူ၏ လက်နှစ်ဖက်ကို ဖြန့်တန်းလိုက်ပြီး အဆုံးမရှိသော ကောင်းကင်ယံကို မော့ကြည့်လိုက်လေ၏။ "မင်းတို့က ကောင်းကင်တက်လှမ်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်ဖူးကြတော့ ကောင်းကင်တက်လှမ်းခြင်းအဆင့်က ဘယ်လိုမျိုးလဲဆိုတာ မသိကြဘူး။ ရှေ့ကို ခြေတစ်လှမ်းတောင် ထပ်လှမ်းလို့ မရနိုင်တော့တဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း မင်းတို့ မသိကြဘူး။
ကောင်းကင်တက်လှမ်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်လာတဲ့အခါ၊ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တဲ့ စွမ်းရည်ရှိနေတာတောင် ကောင်းကင်ဘုံဆီ သွားမယ့်လမ်းကြောင်းက ဖြတ်တောက်ခံလိုက်ရတဲ့အခါ ခံစားရတဲ့ မျှော်လင့်ချက် ကင်းမဲ့မှုကို မင်းတို့ မသိနိုင်ဘူး။
အမြင့်ဆုံး နေရာမှာ ရပ်တည်နေပြီး ခုန်လိုက်တာနဲ့ ကြယ်လေးတွေကို လှမ်းဆွဲနိုင်ပြီလို့ ထင်ရပေမဲ့ လက်လှမ်းမမီနိုင်တဲ့ နာကျင်မှုကိုလည်း မင်းတို့ မသိနိုင်ဘူး။
အစပိုင်းတုန်းကတော့ ငါက ငါ့ရဲ့ ကံကြမ္မာကို လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနေ့တုန်းက၊ အရိုးဖြူ တားမြစ်နယ်မြေထဲမှာ ငါက နောက်ထပ် မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရတယ်။"
အနန္တတာအိုဂိုဏ်းချုပ် စကားပြောလေလေ၊ သူ၏ မျက်နှာအမူအရာက ပို၍ ရူးသွပ်လာလေလေပင်။ ဤအချိန်တွင် အနန္တတာအိုဂိုဏ်းချုပ်က အလွန်အမင်း စိတ်လှုပ်ရှားမှုထဲတွင် ပျောက်ဆုံးနေသည့်အလား ပေါက်နေခဲ့လေ၏။ "ငါ သူတို့ကို မြင်ခဲ့တယ်။ ကောင်းကင်ယံမှာ ပြည့်နှက်နေတဲ့ မသေမျိုးတွေကို ငါ မြင်ခဲ့တယ်။
လောကရဲ့ တာအိုစည်းမျဉ်းတွေကို သူတို့ ထိန်းချုပ်ပြီး ဒီလောကကြီးအတွက် စည်းမျဉ်းတစ်ခုပြီးတစ်ခု ချမှတ်နေတာကို ငါ မြင်ခဲ့တယ်။
အမျိုးသားတစ်ယောက်ရဲ့ မှုန်ဝါးနေတဲ့ ကျောပြင်ကိုလည်း ငါ မြင်ခဲ့တယ်။
သူ့ရဲ့ အသွင်အပြင်ကို သေချာ မမြင်ခဲ့ရပေမဲ့၊ လူသားမျိုးနွယ် တစ်ယောက်အနေနဲ့ ကောင်းကင်ယံအောက်မှာ မတ်တတ်ရပ်ပြီး၊ လူတစ်ယောက်၊ ဓားတစ်လက်နဲ့ မသေမျိုး အားလုံးကို အထင်အမြင်သေးနေခဲ့တာကို မြင်ခဲ့တယ်။
သူ ခုတ်ချလိုက်တဲ့ ဓားတစ်ချက်တိုင်းက မသေမျိုးတစ်ပါးကို ကျဆင်းသွားစေခဲ့တယ်။
သူ ကိုယ်တိုင်က များပြားလှတဲ့ တာအိုစည်းမျဉ်းတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူက ခေတ်ကာလတွေကို ဖြတ်တောက်လိုက်တယ်။ ကောင်းကင်နဲ့မြေကြီးဆက်စပ်မှုကို ဖြတ်ခဲ့တယ်"
အနန္တတာအိုဂိုဏ်းချုပ်က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူတို့နှစ်ဦးကို ဆက်ကြည့်လိုက်လေ၏။ "အဲဒီလူ လုပ်နိုင်ခဲ့တယ်ဆိုရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့လို မျိုးဆက်သစ်တွေက ဘာလို့ ဘိုးဘေးတွေထက် ညံ့ဖျင်းနေရမှာလဲ။"
"တိရစ္ဆာန်ကောင်"
သွေးမိစ္ဆာက သူမ၏ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
"မင်းရဲ့ ကိုယ်ကျိုးရှာ ဆန္ဒတွေအတွက် ဘိုးဘေးတွေရဲ့ သွေးတွေကို အလဟဿ စီးကျစေချင်တာလား။
ဒီအခြေအနေကို ရောက်လာဖို့ မျိုးနွယ်စုတွေအတွက် ဘယ်လောက်တောင် ခက်ခဲခဲ့လဲ ဆိုတာကို မင်း သိရဲ့လား။
မသေမျိုးတွေကို တံဆိပ်ခတ်နှောင်မှု ဖြုတ်ပေးလိုက်တာက ဘာကိုဆိုလိုသလဲ ဆိုတာကို မင်း သိလား။"
"ဟင့်အင်း။" အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းခါလိုက်လေ၏။ "မသေမျိုးတွေက ပြန်လည် ရှင်သန်လာမှာ မဟုတ်ဘူး။ သူတို့က ငါ့ရဲ့ အာဟာရတွေ ဖြစ်လာပြီး ငါ့ရဲ့ စုပ်ယူမှုကို ခံရလိမ့်မယ်။ ပြီးတော့ ငါက ဒီလောကကြီးရဲ့ တစ်ဆူတည်းသော နတ်ဘုရား ဖြစ်လာလိမ့်မယ်။"
အနန္တတာအိုဂိုဏ်းချုပ်က သွေးမိစ္ဆာနှင့် ချင်းယွမ်တို့ထံသို့ လက်ကမ်းပေးလိုက်လေ၏။ "ငါ မင်းတို့နှစ်ယောက်ကို လေးစားပါတယ်။ ငါ့ဆီမှာ အညံ့ခံပြီး ငါ့ရဲ့ အကူအညီပေးသူတွေ ဖြစ်လာခဲ့ရင် မင်းတို့ လုပ်ခဲ့သမျှ အရာအားလုံးကို ငါ ခွင့်လွှတ်ပေးနိုင်တယ်။"
"တောက်၊ စိတ်ကူးယဉ်မနေနဲ့။ ဒီအဘွားကြီးက မင်းကို ကြည့်ရတာနဲ့တင် ရွံရှာလွန်းလို့ အန်ချင်လာပြီ။" သွေးမိစ္ဆာက တံတွေးထွေးချလိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဓားတစ်ချက်ဖြင့် ခုတ်ချလိုက်လေတော့သည်။
သွေးရောင် ဓားအလင်းတန်းက အနန္တတာအိုဂိုဏ်း တစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားခဲ့လေ၏။
အနန္တတာအိုဂိုဏ်းချုပ်က သွေးမိစ္ဆာထက် အဆင့်ကြီးတစ်ခုလုံး ပိုမြင့်နေသော်လည်း သူက ပေါ့ပေါ့ဆဆ မနေရဲခဲ့ချေ။
ဂိုဏ်းစတင် တည်ထောင်ကတည်းက ရဲ့ရွှယ်တောင်ထွတ်က အနန္တတာအိုဂိုဏ်းတွင် အမြဲတမ်း အင်အားအကောင်းဆုံး မျိုးဆက်တစ်ခု ဖြစ်ခဲ့ပေသည်။ ကျင့်ကြံသူ အရေအတွက် နည်းပါးသော်လည်း မည်သူကမျှ အထင်မသေးရဲကြပေ။
အထူးသဖြင့် သွေးမိစ္ဆာဓားသိုင်း၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို တွေ့မြင်ရခဲလှပေသည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားခဲ့လေ၏။
သွေးရောင် ဓားချီများက တစ်ဖန် ရူးသွပ်စွာ ပြန့်ကျဲသွားခဲ့လေသည်။
အနန္တတာအိုဂိုဏ်းချုပ်က ဓားချီများကို ဖယ်ရှားလိုက်ပြီးနောက် ကောင်းကင်ယံတွင် ရပ်ကာ သူ၏ ဓားရှည်ကို ဇောက်ထိုး ကိုင်ထားလိုက်ပြီး ကိုင်တွယ်ထားမှုကို လျှော့ချလိုက်ရာ ဓားရှည်ကြီးတစ်ခုလုံးက လေထဲမှ ပြုတ်ကျသွားခဲ့ပေသည်။
သို့သော် ဤဓားက ရေကန်တစ်ခုထဲသို့ နစ်မြုပ်သွားသည့်အလား ဓားသွားက လေထဲတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သောင်းနှင့်ချီသော သစ်ရွက်များကို ချန်ရစ်ထားခဲ့လေ၏။
ထိုသစ်ရွက်များ အားလုံးက အပိုင်းပိုင်း အစစကွဲအက်သွားသော ဓားသွားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
"သွား"
အနန္တတာအိုဂိုဏ်းချုပ်က ရှေ့သို့ လက်ညှိုးထိုးလိုက်ရာ ဓားသွားသစ်ရွက်များက သွေးမိစ္ဆာထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြလေတော့သည်။
ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ယန္တရားအရုပ် အမြောက်အမြားကို ဖန်တီးလိုက်လေ၏။
မသေမျိုးအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ချင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက သတ်ဖြတ်ရန်အတွက် မွေးဖွားလာသော မသေမျိုးအဆင့် သွေးမိစ္ဆာနှင့် မယှဉ်နိုင်သော်လည်း လျှော့တွက်၍တော့ မရနိုင်ပေ။
ချင်းယွမ်၏ လက်ချောင်းဖျားလေးများ လှုပ်ရှားသွားသည်နှင့်တစ်ပြိုင်နက်။
ယန္တရားသားရဲကြီးလေးကောင်ဖြစ်သော နဂါးပြာ၊ ကျားဖြူ၊မီးငှက်နီနှင့် လိပ်မည်းတို့က လျင်မြန်စွာ ကြီးထွားလာခဲ့လေသည်။
သူတို့လေးကောင်၏ အရွယ်အစားနှင့် အသွင်အပြင်က စစ်မှန်သော သန့်စင်သည့် သားရဲလေးကောင်နှင့် ခြားနားမှု ရှိပုံမရချေ။
လိပ်မည်းက ဓားသွားသစ်ရွက်များကို ကာကွယ်လိုက်သည့် အခိုက်အတန့်မှာပင် အခြားသော သားရဲသုံးကောင်က ခုန်အုပ်လိုက်ကြပြီ ဖြစ်လေ၏။
တစ်ချိန်တည်းမှာပင် လော်ချာခန်းမ၏ ခန်းမသခင်နှင့် အခြားသူများကလည်း အနန္တတာအိုဂိုဏ်းချုပ်ထံသို့ ပြေးဝင်သွားကြလေတော့သည်။
အရာအားလုံးက အရမ်း ရုတ်တရက် ဆန်လွန်းနေခဲ့လျှင်တောင်မှ။
သူတို့၏ ဆရာဖြစ်သူက အာဟာရအဖြစ် အသုံးပြုခံနေရသည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍ မရနိုင်ပေ။
ဒီဒေါသကို သူတို့ ဘယ်လိုလုပ် မြိုသိပ်ထားနိုင်ပါမည်နည်း။
"တိုက်ပွဲထဲမှာ ရောမနေကြနဲ့။ အရင် သွားကြစို့။"
သွေးမိစ္ဆာက လူအုပ်ကို အော်ဟစ်ပြောလိုက်လေ၏။ တစ်ချိန်တည်းမှာပင် သူမက ချင်းယွမ်၏ လက်သေးသေးလေးကို တစ်ဖန် ပြန်ဆွဲကာ ဂိုဏ်းပြင်ပဆီသို့ ပျံသန်းသွားခဲ့ပေသည်။
သွေးမိစ္ဆာအတွက်မူ ပြိုင်ဘက်က ဂိုဏ်းကာကွယ်ရေး မှော်ဝင်္ကပါကို အသက်သွင်းလိုက်လျှင်တောင်မှ သူမ၏ စွမ်းအားဖြင့် ချင်းယွမ်ကို ခေါ်ဆောင်ကာ ဖောက်ထွက်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။
"ငါ ပြောခဲ့သားပဲ၊ မင်းတို့ ထွက်သွားလို့ မရနိုင်ပါဘူးလို့။"
အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းခါလိုက်လေ၏။
သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဂိုဏ်းကာကွယ်ရေး မှော်ဝင်္ကပါ အသက်ဝင်လာသည်နှင့် အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်မှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့လေတော့သည်။
အလင်းရောင်များက လေထဲတွင် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်လာခဲ့၏။
အသက်နှစ်ရှူစာ အချိန်ပင် မပြည့်မီမှာပင်။
ပြန့်ကျဲနေသော အလင်းရောင်များက အနန္တတာအိုဂိုဏ်း၏ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားပြီး လျင်မြန်စွာ စုစည်းသွားကာ ဧရာမ မှန်သားပြင် အကာအကွယ်ဒိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနန္တတာအိုဂိုဏ်း တစ်ခုလုံးကို ဖုံးအုပ်သွားလေတော့သည်။
"သွေးမိစ္ဆာ၊ ငါ မင်းကို ပြောခဲ့သားပဲ။ အကယ်၍ မင်းသာ စောစောစီးစီး ရှာတွေ့ခဲ့ရင် ငါ့အစီအစဉ်က နည်းနည်း ဒုက္ခရောက်နိုင်ပေမဲ့ အခုတော့ အချိန်နှောင်းသွားခဲ့ပါပြီ။"
အနန္တတာအိုဂိုဏ်းချုပ်က မှော်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေ၏။
အနန္တတာအိုဂိုဏ်း၏ ပင်မတောင်ထွတ်က ရုတ်တရက် ပေါက်ကွဲသွားပြီး မသေမျိုး ရုပ်တုက လေထဲတွင် ပေါ်ထွက်လာခဲ့ပေသည်။
ကျိုးရူရှီ အပါအဝင် တောင်ထွတ်သခင် ဆယ်ဦးက သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး ရုပ်တု၏ ပတ်လည်တွင် ရပ်နေခဲ့ကြလေ၏။
အနန္တတာအိုဂိုဏ်းချုပ်က မှော်မန္တန် ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်သောအခါ အနန္တတာအိုဂိုဏ်း၏ နယ်မြေအတွင်းရှိ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်နှင့် အောက်ရှိ ကျင့်ကြံသူအားလုံးက သူတို့၏ ခန္ဓာကိုယ်တွင် အပေါက်တစ်ခု ဖြစ်နေပြီး ရေများ အဆက်မပြတ် စီးထွက်နေသည့်အလား သူတို့၏ ကျင့်ကြံခြင်းအဆင့်များ အဆက်မပြတ် ကျဆင်းနေသည်ကို ခံစားလိုက်ကြရလေတော့သည်။
"အနန္တတာအိုဂိုဏ်းချုပ်။ မင်း တကယ်ကို ဘာလုပ်နေတာလဲ။"
ဓားတောင်ထွတ်သခင်နှင့် အခြားသူများက ဟိန်းဟောက်လိုက်ကြလေ၏။
အနန္တတာအိုဂိုဏ်းချုပ်က ဤမသေမျိုးကို ပြန်လည်အသက်သွင်းရန်အတွက် အနန္တတာအိုဂိုဏ်း တစ်ခုလုံး၏ ကံကြမ္မာအထောက်အပံ့များကို ယဇ်ပူဇော်နေခြင်း ဖြစ်ကြောင်းကို သူတို့ ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။
သူတို့နှင့် မပတ်သက်ပါက သူတို့ ဂရုစိုက်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ယဇ်ပူဇော်ခံရသူများက သူတို့မှ မဟုတ်ဘဲကိုး။
သူတို့က ပွဲကြည့်နေရုံ သက်သက်သာ ဖြစ်၏။
သို့သော် ယခုအခါ သူတို့၏ ကျင့်ကြံခြင်းအဆင့်များ အဆက်မပြတ် စီးထွက်နေသည်ကို ခံစားနေရပြီး သူတို့၏ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့မှုများက အလဟဿ ဖြစ်သွားတော့မည် ဖြစ်သည်။ ဒီအခြေအနေကို သူတို့ ဘယ်လို သည်းခံနိုင်ပါမည်နည်း။
"အမှိုက်တွေကတောင် ဆူညံနေကြသေးတာလား။" မဟာအကြီးအကဲ ရှာခုံးက လေထဲတွင် ခြေလှမ်းလိုက်လေ၏။ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် ဓားတောင်ထွတ်သခင်ကို သွေးမြူခိုးများအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်လေတော့သည်။
"ဂိုဏ်းချုပ်ကို အရိုအသေ ပေးပါတယ်။"
ရှာခုံးနှင့် အခြားသော မသေမျိုးအဆင့် ကျင့်ကြံသူ ငါးဦးက အနန္တတာအိုဂိုဏ်းချုပ်၏ ဘေးတွင် ရပ်လိုက်ကြလေ၏။
သူတို့က ဂိုဏ်းချုပ် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို အချိန်အကြာကြီးကတည်းက သိရှိထားခဲ့ကြခြင်းပင် ဖြစ်သည်။
သွေးမိစ္ဆာ၏ အကြည့်က လူတိုင်းအပေါ်သို့ ဖြတ်သန်းသွားခဲ့ပေသည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က အရိုးဖြူ လျှို့ဝှက်နယ်မြေ၏ ကပ်ဘေးကြီးအပြီးတွင် အနန္တတာအိုဂိုဏ်း၌ ယခုအခါ မသေမျိုးအဆင့် ကျင့်ကြံသူ ဆယ်ဦးရှိနေပြီး ယခုအခါ သူတို့ထဲမှ ငါးဦးက အနန္တတာအိုဂိုဏ်းချုပ်၏ ဘေးတွင် ရပ်တည်နေကြလေပြီ။
"အင်း။" အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး သွေးမိစ္ဆာနှင့် အခြားသူများကို ကြည့်ကာ "သူတို့က ငါကိုယ်တော့်အပေါ် သစ္စာမခံချင်ကြမှတော့ သူတို့ကို သတ်လိုက်ကြတော့။"
"ဟုတ်ကဲ့ပါ"
ရှာခုံးနှင့် အခြားသူများက အမိန့်ကို နာခံလိုက်ကြပြီး ကိုယ်ပိုင် မှော်ရတနာများကို ထုတ်ယူကာ ရှေ့သို့ ပြေးဝင်သွားကြလေတော့သည်။
သွေးမိစ္ဆာနှင့် အခြားသူများက ယခုအခါ သူတို့ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်းကို သိလိုက်ကြပေသည်။
မလွတ်မြောက်နိုင်တော့မှတော့ သူတို့အနေဖြင့် သေသည်အထိ တိုက်ခိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
သွေးမိစ္ဆာက သူမ၏ ဓားရှည်ကို ကိုင်ဆောင်ထားလိုက်ပြီး သူမကို ဗဟိုပြုကာ သွေးရောင် မိစ္ဆာချီများ ပြန့်နှံ့သွားပြီး သူမ၏ မျက်လုံးများကလည်း နက်ရှိုင်းသော သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့လေ၏။
ကောင်းကင်နှင့်မြေကြီး သွေးရောင်ဟင်းလင်းပြင်က ချက်ချင်းပင် ထွက်ပေါ်လာခဲ့လေတော့သည်။
သွေးမိစ္ဆာက အနီးသို့ ကပ်သွားကာ အနန္တတာအိုဂိုဏ်းချုပ်ထံသို့ တိုက်ရိုက် ဓားတစ်ချက် ခုတ်ချလိုက်ပေသည်။
အနန္တတာအိုဂိုဏ်းချုပ်၏ တွေးတောမှုအောက်တွင် ဓားသွားသစ်ရွက်များက သူ၏အရှေ့၌ စုစည်းသွားပြီး ဤဓားခုတ်ချက်ကို ကာကွယ်လိုက်လေ၏။
သို့သော် နောက်တစ်ခဏတွင် သွေးမိစ္ဆာ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သံကြိုးများကို ဖြတ်တောက်ရန် ရည်ရွယ်ကာ သူမ၏ ဆရာဖြစ်သူထံသို့ ပျံသန်းသွားခဲ့ပေသည်။
သို့သော် အနန္တတာအိုဂိုဏ်းချုပ်က သူမကို ဤမျှ လွယ်ကူစွာ အောင်မြင်ခွင့် ပြုပါမည်နည်း။
သောင်းနှင့်ချီသော ဓားသွားသစ်ရွက်များက နဂါးရှည်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သွေးမိစ္ဆာ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေတော့သည်။
သွေးမိစ္ဆာက ဓားနဂါးကြီး၏ ကြမ်းတမ်းစွာ ရိုက်နှက်မှုကို ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက လေထဲမှ ပြုတ်ကျသွားကာ တောင်ထွတ်တစ်ခုကို ရိုက်ခတ်သွားခဲ့လေ၏။
ကျန်းတစ်ရာခန့် မြင့်သော ဖုန်လုံးကြီးများ လွင့်စင်ထွက်ပေါ်လာခဲ့ပေသည်။
သို့သော် သွေးမိစ္ဆာက ဖုန်လုံးများကြားမှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး အနန္တတာအိုဂိုဏ်းချုပ်နှင့် တိုက်ခိုက်နေခဲ့ပြန်လေ၏။
အကယ်၍ ပုံမှန် အနန္တတာအိုဂိုဏ်းချုပ်သာ ဆိုပါက သွေးမိစ္ဆာက သူ့ကို သရေကျအောင် မနည်း တိုက်ခိုက်နိုင်မည်ဟု ခံစားရပြီး အများဆုံး အနည်းငယ်သာ အရေးနိမ့်မည် ဖြစ်သည်။
သို့သော် ယခုအခါ အနန္တတာအိုဂိုဏ်းချုပ်က ဂိုဏ်းကာကွယ်ရေး မှော်ဝင်္ကပါ၏ ထောက်ပံ့မှုအောက်တွင် ရှိနေပြီး ဂိုဏ်း၏ ကံကြမ္မာအထောက်အပံ့များကို စုပ်ယူထားသဖြင့် ပုံမှန်ထက် သိသိသာသာ ပိုမို အားကောင်းနေခဲ့ချေပြီ။
အကြိမ်ငါးဆယ်မျှ တိုက်ခိုက်ပြီးနောက်တွင်ပင် သွေးမိစ္ဆာက တဖြည်းဖြည်း အရေးနိမ့်သော အနေအထားသို့ ရောက်ရှိသွားခဲ့လေတော့သည်။
"ချင်းယွမ်"
သွေးမိစ္ဆာက ချင်းယွမ်ဆီသို့ အော်ဟစ်လိုက်လေ၏။
ချင်းယွမ်က သွေးမိစ္ဆာ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့ပေသည်။ "ဒါပေမဲ့ သွေးမိစ္ဆာ၊ နင့်ရဲ့ ခန္ဓာကိုယ်က—"
"ငါတို့ သေတော့မှာကို ဒါတွေ ပြောနေလို့ ဘာအသုံးကျတော့မှာလဲ။ ငါ့ကို မြန်မြန် ကူညီစမ်းပါ။" သွေးမိစ္ဆာက အော်ဟစ်လိုက်လေ၏။ သူမ၏ အချစ်ဆုံး သူငယ်ချင်းက အရာအားလုံးတွင် ကောင်းမွန်သော်လည်း ဆုံးဖြတ်ချက် ချရန် တွန့်ဆုတ်လွန်းနေသည်ဟု သူမ ခံစားလိုက်ရပေသည်။
ချင်းယွမ်က သူမ၏ ပါးလွှာသော နှုတ်ခမ်းများကို ကိုက်လိုက်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်လေ၏။
သူမက သန့်စင်သော သားရဲလေးကောင်ကို ထိန်းချုပ်ကာ အနန္တတာအိုဂိုဏ်းချုပ်ထံသို့ အတူတကွ ပြေးဝင်သွားစေလိုက်သည်။
သွေးမိစ္ဆာက ခုန်တက်သွားကာ နဂါးပြာ၏ ကျောပေါ်တွင် ရပ်လိုက်ပြီး သူမ၏ ဓားရှည်ကို မြင့်မားစွာ မြှောက်ထားလိုက်ရာ သွေးရောင် မိစ္ဆာချီများက သူမ၏ ဓားသွားပေါ်တွင် အဆက်မပြတ် စုစည်းလာခဲ့လေ၏။
ကောင်းကင်တာအိုကပင် အဆက်မပြတ် တုန်ယင်နေသည့်အလား ထင်မှတ်ရပေသည်။
သွေးမိစ္ဆာ၏ ဓားသွားပတ်လည်ရှိ လေဟာနယ်က ဟင်းလင်းပြင်အဆင့်ကို မှေးမှိန်စွာ ဆုတ်ဖြဲထားသည့်အလား ပေါက်နေခဲ့လေ၏။
လောကကြီး တစ်ခုလုံးက ၎င်း၏ အရောင်အသွေးများ ဆုံးရှုံးသွားပြီး အဖြူနှင့် အမည်းအဖြစ် ပြောင်းလဲသွားကာ သွေးမိစ္ဆာ၏ ဓားသွားမှ သွေးရောင် တစ်ခုတည်းသာ ကျန်ရစ်နေခဲ့လေတော့သည်။
သွေးမိစ္ဆာဓားသိုင်း နဝမမြောက်ကွက် - ကောင်းကင်ဖြိုခွဲခြင်း။
သွေးမိစ္ဆာဓားသိုင်းတွင် စုစုပေါင်း ကွက် ကိုးကွက်ရှိပြီး အဆင့်တစ်ဆင့်လျှင် တစ်ကွက် သင်ယူရခြင်း ဖြစ်ပေသည်။
သို့သော် သွေးမိစ္ဆာနှင့် ရှောင်မိုတို့က အလွန်အမင်း ပါရမီထူးချွန်ကြသဖြင့် သူတို့နှစ်ဦးစလုံးက မသေမျိုးအဆင့်မှာတင် သိုင်းကွက်များ အားလုံးကို သင်ယူတတ်မြောက်ထားခဲ့ကြချေပြီ။
ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်ကာ ဓားကွက်များကို အသုံးပြုခြင်းက ခန္ဓာကိုယ်အပေါ် ပိုမို ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံ သက်သက်သာ ဖြစ်၏။
သို့သော် ယခုအခါ သွေးမိစ္ဆာက ဤကဲ့သို့သော ကိစ္စများကို ဂရုစိုက်နေရန် အချိန်မရှိတော့ချေ။
ဓားအရှိန်အဟုန်က ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ သွေးမိစ္ဆာက ဓားတစ်ချက်ဖြင့် ခုတ်ချလိုက်လေတော့သည်။
"ရဲ့ရွှယ်တောင်ထွတ် မျိုးဆက်က တကယ်ကို ဒုက္ခပေးတာပဲ။"
အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းခါလိုက်လေ၏။
သူက ညာဘက်လက်ကို မြှောက်လိုက်ရာ ထောင်ပေါင်းများစွာသော ဓားသွားသစ်ရွက်များက ဓားရှည်တစ်လက်အဖြစ် စုစည်းသွားခဲ့ပေသည်။
မသေမျိုး ရုပ်တုထံမှ အလင်းရောင်များ ဖြာထွက်လာပြီး ဓားချီ နဂါးရှည်ကြီးကို စွမ်းအားများ ဖြည့်တင်းပေးလိုက်ရာ စစ်မှန်သော နဂါးတစ်ကောင် ဆင်းသက်လာသည့်အလားပင်။
"ဒါဆို ဒါက မသေမျိုးတစ်ပါးရဲ့ စွမ်းအားပေါ့။" အနန္တတာအိုဂိုဏ်းချုပ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ဓားဖြင့် ခုတ်ချလိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် ဝိညာဉ်စွမ်းအင်များနှင့် သွေးချီများ ပေါက်ကွဲထွက်လာခဲ့လေ၏။
အနန္တတာအိုဂိုဏ်းချုပ်နှင့် သွေးမိစ္ဆာတို့ကို ဗဟိုပြုကာ အနန္တတာအိုဂိုဏ်း၏ နယ်မြေများက ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားခဲ့လေတော့သည်။
"သွေးမိစ္ဆာ..."
ချင်းယွမ်က အော်ဟစ်လိုက်ပြီး သူမ၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားခဲ့ပေသည်။
သွေးမိစ္ဆာက ကောင်းကင်ယံမှ သစ်ရွက်တစ်ရွက်ကဲ့သို့ ဖြည်းညှင်းစွာ ပြုတ်ကျလာခဲ့လေ၏။
ချင်းယွမ်က ရှေ့သို့ တိုးကာ သွေးမိစ္ဆာကို ပွေ့ဖက်ချင်ခဲ့သော်လည်း ကျင့်ကြံသူ အချို့၏ ချက်ချင်း ပိတ်ဆို့ခြင်းကို ခံလိုက်ရပေသည်။
သွေးမိစ္ဆာ၏ မှုန်ဝါးနေသော အမြင်အာရုံထဲတွင် အနန္တတာအိုဂိုဏ်းချုပ်၏ လက်ထဲရှိ ဓားရှည်က သူမထံသို့ ထိုးစိုက်လာနေခဲ့လေ၏။
"ငါ သေရတော့မှာလား။ သေစမ်း။ ဟိုကောင်လေး ပြန်မလာတာပဲ ကောင်းပါတယ်။"
သွေးမိစ္ဆာက ဓားရှည်ကြီး သူမထံသို့ ပို၍ နီးကပ်လာသည်ကို ကြည့်နေခဲ့လေသည်။
သွေးမိစ္ဆာက သူမ၏ သေဆုံးခြင်းကို တည်ငြိမ်စွာ လက်ခံတော့မည့် ဆဲဆဲမှာပင် ရုတ်တရက် အနန္တတာအိုဂိုဏ်း တစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့လေ၏။
ယခင်က ချိုးဖျက်၍ မရနိုင်သော မှော်ဝင်္ကပါက ဤအခိုက်အတန့်တွင် ကွာဟချက်တစ်ခုအဖြစ် ပွင့်ဟသွားခဲ့လေတော့သည်။
ကောင်းကင်ပေါ်မှ အနီရောင် အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့ပေသည်။ အသက်တစ်ရှူစာ အချိန်ပင် မပြည့်မီမှာပင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက သွေးမိစ္ဆာ၏ အရှေ့တွင် ရပ်တန့်သွားခဲ့လေ၏။
ထိုအမျိုးသားက သူ၏ဓားကို အပေါ်သို့ ပေါ့ပေါ့ပါးပါးလေး လွှဲခုတ်လိုက်ရုံ သက်သက်သာ ဖြစ်သည်။
သွေးရောင် ဓားချီက အနန္တတာအိုဂိုဏ်းချုပ်ကို ရိုက်ခတ်သွားခဲ့လေ၏။
ရာနှင့်ချီသော ဓားအပိုင်းအစများက အနန္တတာအိုဂိုဏ်းချုပ်၏ အရှေ့တွင် ကာကွယ်ပေးထားသော်လည်း သွေးချီက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့ဆဲပင်။
အနန္တတာအိုဂိုဏ်းချုပ်က သွေးချီကို ဖယ်ရှားလိုက်ပြီး သူ၏အရှေ့ရှိ အမျိုးသားကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။
"မင်းမှာ အစွမ်းအစ အနည်းငယ်တော့ ရှိသားပဲ။ သွေးမိစ္ဆာက မင်းကို ဒီလောက်တောင် အလေးထားတာ အံ့သြစရာတော့ မဟုတ်ဘူး။"
အနန္တတာအိုဂိုဏ်းချုပ်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားကာ ပြုံးလိုက်လေ၏။
"မင်းရဲ့ မသေမျိုးအဆင့်က ငါ တစ်ခါမှ မမြင်ဖူးတဲ့ အသန်မာဆုံးအဆင့်မှာ ရှိနေတာပဲ။"
အနန္တတာအိုဂိုဏ်းချုပ်က ရှောင်မိုထံသို့ သူ၏ လက်ကို ကမ်းပေးလိုက်လေသည်။ "ငါ့ရဲ့ တပည့်ဖြစ်လာစမ်းပါ။ မင်းက တစ်ယောက်တည်းရဲ့အောက်၊ လူတစ်သောင်းရဲ့ အထက်မှာ ရှိနေလိမ့်မယ်။ မင်း လိုချင်တာ အားလုံးကို ငါ ပေးနိုင်တယ်။"
ရှောင်မိုက သူ၏ဓားကို ပေါ့ပေါ့ပါးပါး လွှဲခုတ်လိုက်ရာ ၎င်းထံမှ ပြန့်ကျဲထွက်လာသော ဓားချီများက မြေကြီးကိုပင် ခွဲထုတ်သွားခဲ့လေ၏။ "ဒါဆိုရင် ငါက မင်းရဲ့ အသက်ကို လိုချင်တယ်။"
အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာအမူအရာက အလွန် စိတ်ပျက်ပြီး နောင်တရနေသည့်အသွင် ပေါ်လွင်နေခဲ့ပေသည်။ "ရှောင်မို၊ မင်း သေချာ စဉ်းစားဖို့ လိုလိမ့်မယ်။ မင်း ငါ့ကို သတ်လို့ မရနိုင်ပါဘူး။"
"အဲဒီလိုလား။"
ရှောင်မို၏ စကားသံ အဆုံးတွင် သွေးရောင် ဓားချီများက ကောင်းကင်တစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့ချေပြီ။
"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့။"
အခန်း ၂၇၆ - ညီမလေး၊ ဒီသစ္စာဖောက်ယောက်ျားကို အခုချက်ချင်း သတ်ပစ်တော့မယ်
"စမ်းကြည့်ကြတာပေါ့" ဟူသော ရှောင်မို၏ စကားသံက လေထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း သူကိုယ်တိုင်ကမူ ပျောက်ကွယ်သွားခဲ့လေပြီ။
နောက်တစ်ခဏတွင် သွေးရောင် မျဉ်းကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည့်အလား အနန္တတာအိုဂိုဏ်းချုပ်၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်လာခဲ့လေ၏။
အနန္တတာအိုဂိုဏ်းချုပ်၏ မျက်ဝန်းအိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပေသည်။ သူ့ကို ဝန်းရံထားသော ထောင်ပေါင်းများစွာသော ဓားသွားအပိုင်းအစများက ချက်ချင်းပင် စုစည်းသွားကြပြီး သူ၏အရှေ့တွင် တစ်လွှာပြီးတစ်လွှာ ထပ်နေသော ဖောက်ထွင်း၍မရနိုင်သည့် ဓားဒိုင်းလွှားတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့လေ၏။
"ချလွမ်"
အလွန်အမင်း စူးရှလှသော ရိုက်ခတ်သံကြီးက ပေါက်ကွဲထွက်ပေါ်လာပြီး အနန္တတာအိုဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေတော့သည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော မည်သည့် ကျင့်ကြံသူမဆို ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ကြရပြီး လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကြရပေသည်။
သွေးရောင် မျဉ်းကြောင်းက ဓားဒိုင်းလွှားကို ရိုက်ခတ်သွားရာ မရေမတွက်နိုင်သော သွေးရောင် ဓားချီအပိုင်းအစများနှင့် ငွေရောင်ဓားအပိုင်းအစများ လွင့်စင်ထွက်ပေါ်လာခဲ့လေ၏။
ဓားချီနှစ်ခုက တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး အောက်ဘက်ရှိ ပျက်စီးနေပြီးသား မြေပြင်ကို အပေါက်ပေါင်း တစ်ထောင်မက ဖြစ်သွားစေရန် ထပ်မံ၍ ပိုင်းဖြတ်သွားကြလေတော့သည်။
"တော်တော်လေး အထင်ကြီးစရာပဲ။ မင်းကို ငါ ပိုပိုပြီးတောင် သဘောကျလာပြီ။ ဒါပေမဲ့ မင်းမှာ ဒါလေးပဲ ရှိတယ်ဆိုရင်တော့ ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး။" အနန္တတာအိုဂိုဏ်းချုပ်က လှောင်ပြုံးပြုံးလိုက်ပြီး ဓားဒိုင်းလွှားကို ရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်လေ၏။
"ဘုန်း"
ရှောင်မို၏ ဓားချီက အတင်းအကျပ် ဖြိုခွဲခံလိုက်ရသော်လည်း ရှောင်မို၏ ပုံရိပ်က အနန္တတာအိုဂိုဏ်းချုပ်၏ ဘယ်ဘက်တွင် ပေါ်လာခဲ့ပြီးပြီဖြစ်ကာ သူ၏ ဓားရှည်ဖြင့် ခါးနှင့် ဝမ်းဗိုက်ဆီသို့ အလျားလိုက် လွှဲခုတ်လိုက်ပေသည်။
"သွေးမြူခိုး"
ဤဓားခုတ်ချက်က သွေးမိစ္ဆာဓားသိုင်း၏ ပထမဆုံးကွက်သာ ဖြစ်သော်လည်း သွေးမိစ္ဆာဓားသိုင်း၏ ဓားကွက်ကိုးကွက်စလုံးတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြပေသည်။ အနီးကပ် တိုက်ခိုက်မှုအတွက်ဆိုလျှင် သွေးမြူခိုးက လုံးဝကို လွှမ်းမိုးနိုင်စွမ်း ရှိလုံလောက်လှပေသည်။
ရှောင်မို၏ ဓားအရှိန်အဟုန်က တောင်တစ်တောင်ကဲ့သို့ လေးလံလှပေသည်။
အနန္တတာအိုဂိုဏ်းချုပ်က ရှောင်တိမ်းခြင်း အလျဉ်းမရှိပေ။ သူက ညာဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ဓားသွားအပိုင်းအစများက ဓားရှည်တစ်လက်အဖြစ် တစ်ဖန် ပြန်လည် စုစည်းသွားပြီး အောက်သို့ တိကျစွာ ကာကွယ်လိုက်လေ၏။
"ချလွမ်"
ဓားနှစ်လက် ထိပ်တိုက်တွေ့ဆုံသွားရာ တောင်ထွတ်နှစ်ခု ရိုက်ခတ်သွားသည့်အလားပင် ဖြစ်ချေသည်။
သူတို့နှစ်ဦးကို ဗဟိုပြု၍ ကြမ်းတမ်းလှသော ချီလှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့လေ၏။ သူတို့၏ အောက်ဘက်ရှိ တောင်ထွတ်က ထိုအင်အားကို ဆက်လက် မခံနိုင်တော့ဘဲ တောင်ထွတ်၏ ထိပ်ပိုင်းက ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုကျသွားလေတော့သည်။ တောင်၏ သုံးပုံတစ်ပုံခန့်က ပြိုကျသွားပြီး ဧရာမ ကျောက်တုံးကြီးများ လိမ့်ကျသွားကာ ဖုန်လုံးကြီးများ ကောင်းကင်သို့တိုင် လွင့်စင်သွားခဲ့ပေသည်။
ရှောင်မိုက တန်ပြန်ရိုက်ခတ်မှု အင်အားကြောင့် မီတာဒါဇင်ပေါင်းများစွာ နောက်သို့ တွန်းပို့ခံလိုက်ရပြီး သူ၏ ခြေထောက်များက လေထဲတွင် အဖြူရောင် ချီလမ်းကြောင်းနှစ်ခုကို ချန်ရစ်ထားခဲ့လေ၏။ ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်က အနည်းငယ် ထုံကျင်သွားသော်လည်း သူ၏ အကြည့်များကမူ ပို၍ ထက်မြက်လာခဲ့ချေပြီ။
အနန္တတာအိုဂိုဏ်းချုပ်ကလည်း ခြေတစ်ဝက်ခန့် နောက်ဆုတ်သွားခဲ့ရသည်။ သူ၏ လက်ထဲတွင် စုစည်းထားသော ဓားရှည်ပေါ်၌ သေးငယ်သော အက်ကြောင်းလေးတစ်ခု ပေါ်လာခဲ့သော်လည်း ၎င်းက ဓားသွားအပိုင်းအစ အသစ်များဖြင့် ချက်ချင်းပင် အစားထိုး ပြည့်ဝသွားခဲ့ပေသည်။
အနန္တတာအိုဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်လေ၏။
ယခုလေးတင် သူက ရှောင်မိုကို မလုံလောက်ဘူး ဟု ပြောခဲ့သော်လည်း ယခုအခါ ထိုစကားများကို ပြန်လည် ရုပ်သိမ်းသင့်သည်ဟု အနန္တတာအိုဂိုဏ်းချုပ် ခံစားလိုက်ရပေသည်။
ဤအခိုက်အတန့်တွင် အနန္တတာအိုဂိုဏ်းချုပ်၌ ရှောင်မို၏ စွမ်းအားနှင့် ပတ်သက်၍ လုံးဝ အသစ်ဖြစ်သော နားလည်မှုတစ်ခု ရရှိသွားခဲ့လေပြီ။
သူက မသေမျိုးအဆင့်တွင်သာ ရှိနေသော်လည်း သူ၏ စွမ်းအားက သာမန် ကောင်းကင်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားထက်ပင် သာလွန်နေခဲ့လေ၏။
ဂိုဏ်း၏ ကံကြမ္မာအထောက်အပံ့များကို စုပ်ယူထားပြီး အနန္တတာအိုဂိုဏ်း၏ မှော်ဝင်္ကပါ အထောက်အပံ့များကို ရရှိထားလျှင်တောင်မှ သူက အသာစီး အများကြီး မရနိုင်ခဲ့ချေ။
"နှမြောစရာပဲ။ နှစ်သောင်းနဲ့ချီမှ တစ်ခါ တွေ့ရခဲတဲ့ ဒီလို ပါရမီရှင်မျိုးက ဒီနေ့ ဒီနေရာမှာ ကျဆုံးရတော့မယ်ပေါ့။"
အနန္တတာအိုဂိုဏ်းချုပ်က ထိုသို့ တွေးတော ခံစားနေချိန်မှာပင်။
သွေးမိစ္ဆာက ကုန်းရုန်းထလာပြီး သူမ၏ ဓားရှည်ကို ကိုင်ဆောင်ကာ အနန္တတာအိုဂိုဏ်းချုပ်ထံသို့ ပြေးဝင်လာခဲ့လေ၏။
သွေးမိစ္ဆာက ဟင်းလင်းပြင်ဖြိုခွဲခြင်း ဓားကွက်ကို ထုတ်လွှတ်လိုက်ပြီး ရှောင်မိုကလည်း ရှေ့သို့ ပြေးဝင်လာကာ ထို ဟင်းလင်းပြင်ဖြိုခွဲခြင်း ဓားကွက်ကိုပင် အသုံးပြုလိုက်ပေသည်။
သွေးမိစ္ဆာနှင့် ရှောင်မို ဆရာတပည့်နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်လိုက်ကြလေ၏။ အနန္တတာအိုဂိုဏ်းချုပ်က အဆက်မပြတ် နောက်ဆုတ်နေရပြီး ကာကွယ်ရုံသာ ကာကွယ်နိုင်ကာ တန်ပြန် မတိုက်ခိုက်နိုင်တော့ဘဲ သိသာထင်ရှားစွာပင် အရေးနိမ့်သော အနေအထားသို့ ကျရောက်သွားခဲ့ပေသည်။
"သူတို့ တကယ် နိုင်လောက်တယ်။"
တိုက်ပွဲ၏ အခြားတစ်ဖက်တွင် ချင်းယွမ်က အောင်ပွဲအတွက် မျှော်လင့်ချက် ရောင်ခြည်လေးကို မြင်တွေ့လိုက်ရလေ၏။
သို့သော် သွေးမိစ္ဆာ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို ကြည့်ရင်း ချင်းယွမ်က သူမ၏ လက်သေးသေးလေးများကို တင်းကျပ်စွာ မဆုပ်ကိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပေသည်။
သွေးမိစ္ဆာ၏ ခန္ဓာကိုယ်အခြေအနေက ယခင်ကတည်းက ဆိုးရွားနေပြီး လျှို့ဝှက်ဒဏ်ရာဟောင်းများက အမြဲတမ်း ရှိနေခဲ့လေ၏။ စောစောက ကောင်းကင်ဖြိုခွဲခြင်း ဓားကွက်ကို အတင်းအကျပ် အသုံးပြုခဲ့သည်ကို ထည့်မတွက်လျှင်တောင်မှ အနန္တတာအိုဂိုဏ်းချုပ်နှင့် တိုက်ခိုက်စဉ်အတွင်း ဒဏ်ရာအသစ်များစွာကို ရရှိထားခဲ့ချေပြီ။
ယခုအခါ သူမက သူမ၏ သက်စောင့်အဆီအနှစ်များကိုပင် လောင်ကျွမ်းစေကာ ဓားကို ကိုင်ဆောင်နေရခြင်း ဖြစ်သည်။
ဤတိုက်ပွဲကြီး၏ ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ သွေးမိစ္ဆာက ကြမ်းတမ်းသော ကံကြမ္မာတစ်ခုကို ရင်ဆိုင်ရရန် သေချာသလောက် ရှိနေလေ၏။
"ဘုန်း"
အနန္တတာအိုဂိုဏ်းချုပ်က သူတို့နှစ်ဦး၏ အရှေ့သို့ ဓားနဂါးကြီးကို ထိုးစိုက်လိုက်ရာ ၎င်းက ချက်ချင်း ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဓားသွားများက သည်းထန်သော မိုးသည်းထန်စွာ ရွာသွန်းသည့်အလား သူတို့ထံသို့ ကျဆင်းလာခဲ့လေတော့သည်။
သွေးမိစ္ဆာက ရှောင်မို၏ လက်ကောက်ဝတ်ကို ချက်ချင်း ဆွဲယူလိုက်ပြီး သူ့ကို သူမ၏ အနောက်တွင် ကွယ်ထားပေးလိုက်ကာ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းနီအုတ်ခဲတစ်ခုကို ခေါ်ထုတ်လိုက်လေ၏။
ကျောက်စိမ်းနီအုတ်ခဲက လျင်မြန်စွာ ကြီးထွားလာပြီး ဓားသွားများ အားလုံးကို တားဆီးကာကွယ်ပေးလိုက်ပေသည်။
ကျောက်စိမ်းနီ အုတ်ခဲ ပျက်စီးသွားသည့် အခိုက်အတန့်မှာပင် ဓားသွားမိုးများကလည်း တိုက်ဆိုင်စွာ ရပ်တန့်သွားခဲ့လေ၏။
သွေးမိစ္ဆာနှင့် ရှောင်မိုတို့က ရှေ့သို့ တစ်ဖန် ပြေးဝင်သွားကြပြီး အနန္တတာအိုဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုပြီးတစ်ခုကို ထပ်မံ ဖန်တီးလိုက်ကြလေတော့သည်။
"ကောင်းပြီ၊ ကောင်းပြီလေ။ ဒီအခြေအနေကို ရောက်လာမှတော့ မင်းတို့ကို သူရဲ့ စွမ်းအားကို ပြသရတော့မှာပေါ့။"
သူ၏ စကားသံ အဆုံးတွင် သူက သူ၏ ဓားရှည်ဖြင့် လက်ညှိုးထိုးလိုက်လေ၏။ သူ၏ အနောက်ဘက်ရှိ ဧရာမ နတ်ဘုရားရုပ်တုကြီး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည့်အလား ထင်မှတ်ရပြီး ကိုယ်ယောင်ဖျောက် ဖိအားတစ်ခုက သံကြိုးများပမာ ရှောင်မိုနှင့် သွေးမိစ္ဆာတို့ကို ရစ်ပတ်ကာ ရုတ်တရက် ကျဆင်းလာခဲ့ပေသည်။
ရှောင်မိုက သူ့ပတ်ဝန်းကျင်ရှိ လေထုက အလွန်အမင်း လေးလံလာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး သိပ်သည်းသော ရေထဲတွင် ကူးခတ်နေရသည့်အလား အသက်ရှူကျပ်မှုကိုပင် ခံစားလိုက်ရလေ၏။
သို့သော် နောက်တစ်ခဏတွင် ရှောင်မိုက သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးချီများကို ထုတ်လွှတ်လိုက်လေသည်။ ဆူပွက်နေသော သွေးပင်လယ်ကြီး တစ်ခုအလား သူက မမြင်ရသော ဖိအားများကို အတင်းအကျပ် တွန်းလှန်လိုက်ပြီး သူ့အတွက် နေရာတစ်ကွက် ဖန်တီးယူလိုက်ပေသည်။
"အား"
အခြားတစ်ဖက်တွင် ကျိုးရူရှီနှင့် ကျင့်ကြံသူ ဆယ်ဦးတို့က သနားစဖွယ် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြလေ၏။
သူတို့၏ မျက်လုံးများက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပေသည်။
"ဆရာ"
သွေးမိစ္ဆာက သူမ၏ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်သွားလေ၏။
"သွေးမိစ္ဆာ၊ ငါ့အတွက် စိတ်မပူနဲ့။ မြန်မြန် ထွက်သွားတော့။" ကျိုးရူရှီက သွေးမိစ္ဆာကို အော်ဟစ်လိုက်လေသည်။
"ငါ ပြောပြီးပြီလေ အချိန်နှောင်းသွားပြီလို့။" အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းခါလိုက်၏။ "ဒီနေ့ ဒီနေရာကနေ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
"ခလွမ်"
သံကြိုးများ ပြတ်တောက်သွားသည်နှင့်။
ကျိုးရူရှီနှင့် ယခင် တောင်ထွတ်သခင် အကြီးအကဲ ဆယ်ဦးတို့က အနန္တတာအိုဂိုဏ်းချုပ်၏ အပြည့်အဝ ထိန်းချုပ်မှုကို ခံလိုက်ရပြီး ရှောင်မိုနှင့် အခြားသူများထံသို့ ပြေးဝင်လာကြလေတော့သည်။
ဝါရင့် မသေမျိုးအဆင့် ကျင့်ကြံသူ ဆယ်ဦး တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီးနောက် ရှောင်မို၏ အခြေအနေက ပို၍ပို၍ ခက်ခဲလာခဲ့လေ၏။
သွေးမိစ္ဆာက သူမ၏ ဆရာဖြစ်သူနှင့် အကြိမ်သုံးဆယ်ခန့် တိုက်ခိုက်ခဲ့ရသည်။ သူမက ဆရာဖြစ်သူကို မထိခိုက်စေချင်သော်လည်း ယခုအခါ သူမကိုယ်သူမပင် သီသီလေးသာ ကာကွယ်နိုင်တော့ပေသည်။
ကျိုးရူရှီ၏ လက်ထဲရှိ ဓားရှည်က သွေးမိစ္ဆာ၏ ပခုံးပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ခုတ်ပိုင်းသွားခဲ့လေ၏။
ရှောင်မိုက ဒုက္ခရောက်နေပြီဟု စိတ်ထဲတွင် ကျိန်ဆဲလိုက်လေသည်။ သူက မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးကို ခုတ်ပိုင်းပြီးနောက် ခေါင်းဆောင်ကို အရင်ဖမ်းရန် ရည်ရွယ်ချက်ဖြင့် အနန္တတာအိုဂိုဏ်းချုပ်ထံသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။
ရှောင်မို၏ လက်ထဲရှိ ဓားရှည်က အပေါ်သို့ ပြောင်းပြန် ခုတ်ပိုင်းလိုက်လေ၏။ သွေးရောင် ဓားချီက စုစည်းထားသော မျဉ်းတစ်ကြောင်း မဟုတ်တော့ဘဲ ဧရာမ လခြမ်းကွေးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ အနန္တတာအိုဂိုဏ်းချုပ်ထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့ပေသည်။
အနန္တတာအိုဂိုဏ်းချုပ်က သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ ဓားရှည်က ချက်ချင်း ပြိုကွဲသွားပြီး ထောင်ပေါင်းများစွာသော အပိုင်းအစများအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့လေ၏။ ဤအပိုင်းအစများက ရှောင်မို၏ ဓားရှည်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မကြိုးစားတော့ဘဲ အသက်ဝင်နေသည့်အလား လခြမ်းကွေးကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွားကာ ပျားအုံတစ်ခုကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ ရှောင်မိုထံသို့ ပစ်လွှတ်လာကြလေတော့သည်။
အပိုင်းအစတိုင်းတွင် ထက်မြက်လှသော ဓားဆန္ဒနှင့် နတ်ဘုရားရုပ်တု၏ ထောက်ပံ့မှု ပါဝင်သော ဝိညာဉ်စွမ်းအင် အနည်းငယ်စီ ပါဝင်နေခဲ့ပေသည်။
ရှောင်မို၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းသွားခဲ့လေ၏။ သူက သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ သူ၏အရှေ့တွင် ဖောက်ထွင်း၍မရနိုင်သော သွေးရောင် ဓားကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
"ချလွမ်... ချလွမ်... ခလောက်"
ငှက်ပျောဖက်များပေါ်သို့ သည်းထန်စွာ ရွာသွန်းနေသော မိုးပေါက်များကဲ့သို့ သိပ်သည်းလှသော ရိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။
ဓားချီနှင့် ဓားဆန္ဒတို့က တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ချေဖျက်နေကြသဖြင့် မီးပွားများက နေရာအနှံ့ လွင့်စင်နေခဲ့ပေသည်။
ရှောင်မို၏ ဓားကွန်ရက်က ဓားသွားအပိုင်းအစများ အားလုံးကို တားဆီးပေးနိုင်ခဲ့သော်လည်း သူ၏ ပုံရိပ်က အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် နောက်သို့ အစဉ်မပြတ် တွန်းပို့ခံနေရကာ သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီနှင့် သွေးများကို ဆူပွက်လာစေခဲ့လေတော့သည်။
အခွင့်အရေးတစ်ခုကို ရယူကာ ရှောင်မို၏ အကြည့်များက ထက်မြက်သွားပြီး ဓားသွားအပိုင်းအစ အချို့ကို လျစ်လျူရှုလိုက်လေ၏။
ရှောင်မိုက ဓားကွန်ရက်ကို ဖောက်ထွက်သွားခဲ့ပေသည်။
ဓားရှည် အပိုင်းအစများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာများကို ခုတ်ပိုင်းသွားခဲ့ကြလေ၏။
သို့သော် ရှောင်မိုက ဂရုမစိုက်ခဲ့ချေ။
သူက သူ့ကိုယ်သူ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ၏အရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေတော့သည်။
သွေးမိစ္ဆာဓားသိုင်း၊ ဆဋ္ဌမမြောက်ကွက် - သွေးထောင်ချောက်
သူ၏ ဓားရှည် ထိုးစိုက်ထားသော ဟင်းလင်းပြင်ကို ဗဟိုပြု၍ အဆုံးမဲ့ သွေးရောင်များ ပြန့်နှံ့သွားခဲ့လေ၏။
၎င်းက သူ၊ အနန္တတာအိုဂိုဏ်းချုပ်နှင့် ထောင်ပေါင်းများစွာသော ဓားသွားအပိုင်းအစများကို သွေးထောင်ချောက်တစ်ခုကဲ့သို့ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ပေသည်။
လေထုထဲတွင် သိပ်သည်းလှသော သွေးရနံ့များနှင့် ရူးသွပ်လုမတတ် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်သွားခဲ့လေ၏။
ကောင်းကင်နှင့်မြေကြီး သွေးရောင်ဟင်းလင်းပြင်၏ ထောက်ပံ့မှုအောက်တွင် ရှောင်မို၏ ဓားဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။
"မင်းတို့ ရဲ့ရွှယ်တောင်ထွတ်ရဲ့ သွေးမိစ္ဆာဓားသိုင်း မျိုးဆက်အကြောင်းကို ငါ နည်းနည်းတော့ နားလည်ထားပါတယ်။ သွေးထောင်ချောက်နဲ့ ကောင်းကင်နဲ့မြေကြီး သွေးရောင်ဟင်းလင်းပြင် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း မင်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ။"
"မင်းကို သတ်ဖို့တော့ လုံလောက်မှာပါ။" ရှောင်မို၏ အသံက သွေးထောင်ချောက်ထဲတွင် ပဲ့တင်ထပ်သွားခဲ့လေ၏။
သူ၏ ပုံရိပ်က သွေးရောင် မြင်ကွင်းကျယ်ကြီးထဲသို့ ပေါင်းစပ်သွားသည့်အလား မှုန်ဝါးသွားခဲ့ပေသည်။
နောက်တစ်ခဏတွင် ရှောင်မို၏ ပုံရိပ်ယောင် ဒါဇင်ပေါင်း သို့မဟုတ် ရာပေါင်းများစွာက သွေးထောင်ချောက်၏ ထောင့်တိုင်းမှ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့လေ၏။
ရှောင်မိုတိုင်းက ဓားရှည်တစ်လက်စီကို ကိုင်ဆောင်ထားကြပြီး အနန္တတာအိုဂိုဏ်းချုပ်ထံသို့ လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြလေတော့သည်။
ဝန်းရံခံလိုက်ရသော အနန္တတာအိုဂိုဏ်းချုပ်က လက်မန္တန်များ ဖွဲ့စည်းလိုက်လေ၏။
ထောင်ပေါင်းများစွာသော ဓားသွားအပိုင်းအစများက သူတို့၏ ပြန့်ကျဲနေသော တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး လျင်မြန်စွာ ပြန်လည်ပျံသန်းလာကာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်သွားကြပြီး ဧရာမ ဖောက်ထွင်း၍မရနိုင်သော ဓားသွားမုန်တိုင်း စက်လုံးကြီး တစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့ပေသည်။
"ဓားတစ်သောင်း မူလသို့ပြန်လည်ခြင်း၊ ကာကွယ်စမ်း။"
အနန္တတာအိုဂိုဏ်းချုပ်၏ တိုးညင်းသော အော်ဟစ်သံနှင့်အတူ မရေမတွက်နိုင်သော ဓားချီ တိုက်ခိုက်မှုများက ဓားသွားမုန်တိုင်းပေါ်သို့ ခုတ်ချလိုက်ကြရာ အဆက်မပြတ် ဟိန်းဟောက်သံများ ပေါက်ကွဲထွက်ပေါ်လာခဲ့လေ၏။
ရုတ်တရက် ရှောင်မို၏ ပုံရိပ်ယောင်များ အားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သူ၏ စစ်မှန်သော ခန္ဓာကိုယ်က ဓားသွားမုန်တိုင်း၏ အထက်တည့်တည့်တွင် ပေါ်ထွက်လာခဲ့ပေသည်။
သူ၏ လက်ထဲရှိ ဓားရှည်က သွေးရောင် မဟုတ်တော့ဘဲ ခဲနေသော သွေးများကဲ့သို့ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ သေးငယ်သော အနက်ရောင် လျှပ်စီးတန်းလေးများကပင် ဓားသွားပေါ်တွင် တဖျစ်ဖျစ် မြည်နေခဲ့လေ၏။
တစ်ချိန်တည်းမှာပင် အနန္တတာအိုဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် သွေးရောင် မျက်လုံးစုံများ ထွက်ပေါ်လာခဲ့လေသည်။
ထိုမျက်လုံးများ အားလုံးအတွင်းတွင် တာအိုစည်းမျဉ်းများ စီးဆင်းနေခဲ့ပေသည်။
ဤမျက်လုံးများကို မြင်တွေ့ရသော မည်သည့် ကျင့်ကြံသူမဆို ရှောင်မို၏ ထိန်းချုပ်မှုကို ခံရမည်ဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်း ကြာမြင့်ချိန်က ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်နှင့် စိတ်စွမ်းအားပေါ်တွင် မူတည်လေ၏။
နှစ်များတစ်လျှောက် ရှောင်မိုက သွေးမိစ္ဆာဓားသိုင်းကိုသာမက ယွီယွင်ဝေ့၏ ကောင်းကင်ယောင်ပြပညာရပ်ကိုပါ အထွတ်အထိပ်သို့တိုင် ကျင့်ကြံထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ရှောင်မိုက သူတို့ကို မထိန်းချုပ်ချင်ခဲ့ချေ။ ယင်းအစား သူတို့အပေါ် သက်ရောက်နေသော အနန္တတာအိုဂိုဏ်းချုပ်၏ မှော်အတတ်ကို ချေဖျက်ရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးရူရှီနှင့် အခြားသူများက ခဏတာမျှ သတိပြန်လည်လာခဲ့ကြလေသည်။
"ဆရာ" သွေးမိစ္ဆာက သူမ၏ ဓားရှည်ကို ဆုပ်ကိုင်ထားရင်း သူမ၏ အရှေ့ရှိ ဖြူရော်နေသော အမျိုးသမီးကို ကြည့်လိုက်လေ၏။
"သွေးမိစ္ဆာ၊ နင့်ရဲ့ ဒီတပည့်က တကယ်ကို ထူးချွန်တာပဲ။" ကျိုးရူရှီက အနည်းငယ် ပြုံးလိုက်လေသည်။ "ဆရာက နင့်ကို ဆက်ပြီး အဖော်မပြုပေးနိုင်တော့တာ နှမြောစရာပဲ။ မှတ်ထား၊ သူ့ရဲ့ တံဆိပ်ခတ်နှောင်မှုကို အချိုးဖျက်မခံစေနဲ့။"
ဤခဏတာ သတိပြန်လည်လာမှုကို အခွင့်ကောင်းယူကာ ကျိုးရူရှီနှင့် အခြားသူများက သူတို့တွင် ရှိသမျှ အရာအားလုံးကို လောင်ကျွမ်းစေလိုက်ကြပြီး ရှောင်မိုကို ကူညီရန် သွေးထောင်ချောက်ထဲသို့ ပြေးဝင်သွားကြလေတော့သည်။
"သေစမ်း"
သွေးထောင်ချောက်ထဲတွင် ရှောင်မို၏ အနီရင့်ရောင် ဓားအလင်းတန်းက ကျဆင်းလာခဲ့လေ၏။ ၎င်းတွင် ယခင်ကကဲ့သို့ ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော အရှိန်အဟုန် မျိုး မရှိတော့ဘဲ ပြင်းထန်သော ဖိနှိပ်မှုနှင့် ဖျက်ဆီးခြင်း အငွေ့အသက်များ ပါဝင်နေခဲ့ပေသည်။
ဓားအလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးထောင်ချောက် ဟင်းလင်းပြင်က တည်ငြိမ်မှု ပျက်ပြားလာပြီး အက်ကွဲကြောင်းများ ပေါ်လာခဲ့လေ၏။
အနန္တတာအိုဂိုဏ်းချုပ်က သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရပေသည်။ သူက သူ၏ စိတ်ကို စူးစိုက်လိုက်ရာ ဓားသွားမုန်တိုင်းက ပွင့်လန်းလာသော ကြာပန်းတစ်ပွင့်ကဲ့သို့ ပြောင်းပြန် ဖြန့်ကျက်သွားလေတော့သည်။
မရေမတွက်နိုင်သော ဓားသွားများက အောက်ဘက်မှနေ၍ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ကြလေ၏။
တစ်ချိန်တည်းမှာပင် သူ၏ အနောက်ဘက်ရှိ နတ်ဘုရားရုပ်တုထံမှ စူးရှတောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး အခဲရုပ်လုံးပေါ်နေသော ရွှေရောင် အလင်းတိုင်ကြီး တစ်ခုက ဓားကြာပန်းထဲသို့ စီးဆင်းဝင်ရောက်သွားခဲ့ပေသည်။
အနီရင့်ရောင် ဓားအလင်းတန်းနှင့် တောက်ပသော ဓားကြာပန်းတို့က ပြင်းထန်စွာ ရိုက်ခတ်သွားကြလေ၏။
မည်သည့် အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
အချိန်နှင့် ဟင်းလင်းပြင် ရပ်တန့်သွားသည့်အလား လုံးဝ တိတ်ဆိတ်ငြိမ်သက်မှုတစ်ခု အရင်ဆုံး ပေါ်ထွက်လာခဲ့ပေသည်။
သို့သော် ဤအခိုက်အတန့်မှာပင် ကျိုးရူရှီနှင့် အခြားသူများက သူတို့တွင် ရှိသမျှ အရာအားလုံးကို ထုတ်ဖော်လိုက်ကြပြီး သူတို့၏ နောက်ဆုံး တိုက်ခိုက်မှုများကို အတူတကွ ပစ်လွှတ်ကာ အနန္တတာအိုဂိုဏ်းချုပ်ထံသို့ တိုက်ခိုက်လိုက်ကြလေတော့သည်။
"ဘုန်း"
ရှောင်မို၏ သွေးထောင်ချောက်က မှန်ကွဲများကဲ့သို့ တစ်လက်မချင်း အပိုင်းပိုင်း အစစကွဲအက်သွားခဲ့လေ၏။
ဤတိတ်ဆိတ်သော ရိုက်ခတ်မှုအတွင်း ပတ်ဝန်းကျင်ရှိ တောင်ထွတ်များစွာလည်း သက်ရောက်မှု ခံလိုက်ရပေသည်။ သူတို့၏ ကိုယ်ထည်များ ပြိုကျသွားပြီး မြစ်များပင် ပြတ်တောက်သွားခဲ့လေ၏။
ချင်းယွမ်နှင့် တိုက်ပွဲဝင်နေသော အခြား မသေမျိုးအဆင့် ကျင့်ကြံသူများ အားလုံးက ဤကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြောင့် အတင်းအကျပ် ရပ်တန့်လိုက်ကြရပြီး နောက်ဆုတ်ကာ အကာအကွယ် ပညာရပ်များကို အသုံးပြု၍ သူတို့၏ ပုံရိပ်များကို တည်ငြိမ်အောင် ထိန်းထားလိုက်ရလေတော့သည်။
သွေးရောင်များက လုံးဝ ပြယ်လွင့်သွားခဲ့ချေပြီ။
ရှောင်မိုက လေထဲတွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး သူ၏ ဓားကို အမှီပြုကာ လတ်ဆတ်သော သွေးတစ်လုတ် အကြီးကြီးကို အန်ထုတ်လိုက်လေ၏။
သူ၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေပြီး သူ၏ အငွေ့အသက်ကလည်း အလွန်အမင်း အားနည်းနေခဲ့ပေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားချီများနှင့် တန်ပြန်ရိုက်ခတ်မှုကြောင့် ပြဲလန်နေသော ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့လေ၏။
ကျိုးရူရှီနှင့် အခြားသူများက ရှောင်မိုနှင့် အခြားသူများကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သော်လည်း သူတို့၏ ကံကြမ္မာများက အဆုံးသတ်သွားခဲ့ချေပြီ။ သူတို့ အားလုံးက ဝိညာဉ်အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကြပြီး မဟာတာအိုဆီသို့ ပြန်လည်ဝင်ရောက်သွားကြလေတော့သည်။
အနန္တတာအိုဂိုဏ်းချုပ်က အရှေ့ဆုံးတွင် ရပ်နေခဲ့လေ၏။ သူ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပြဲလန်နေပြီး သူ၏ သက်စောင့်မီးတောက်က သေလုဆဲဆဲ ဖယောင်းတိုင်တစ်ခုကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့ပေသည်။ သူ့ပတ်လည်ရှိ ဓားသွားအပိုင်းအစများက မှေးမှိန်နေပြီး နေရာအနှံ့ ပြန့်ကျဲနေခဲ့လေ၏။
"ဟင့်အင်း၊ ငါ မရှုံးဘူး၊ ငါ မရှုံးဘူး။ ငါ လုံးဝ မရှုံးနိုင်ဘူး။"
အနန္တတာအိုဂိုဏ်းချုပ်က ရုပ်တုဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး တောင်းပန်လိုက်လေ၏။ "ငါ့ကို ကူညီပါ။ ငါ့ကို အသက်ရှင်ခွင့်ပေးပါ။ ငါ မသေချင်ဘူး။ မင်း ခိုင်းတာမှန်သမျှ အားလုံး ငါ လုပ်ပါ့မယ်။ ငါ..."
အနန္တတာအိုဂိုဏ်းချုပ်က သူ၏ နောက်ဆုံးစကားကို မဆုံးခင်မှာပင် ရုပ်တုထံမှ စူးရှတောက်ပသော အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေ၏။
အလင်းတန်းများက အနန္တတာအိုဂိုဏ်းချုပ်၏ မျက်နှာပေါ်ရှိ အာရုံခံအပေါက်ငါးခုထဲသို့ စီးဝင်သွားခဲ့ပေသည်။
"အား"
အနန္တတာအိုဂိုဏ်းချုပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။ သူက အဆက်မပြတ် တက်နေပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း လုံးဝ အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ နောက်တစ်ခဏတွင် ရွှေရောင် အလင်းတန်းများဖြင့် တစ်ဖန် ချက်ချင်း ပြည့်နှက်သွားခဲ့ပေသည်။
ရွှေရောင် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များက အနန္တတာအိုဂိုဏ်း တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေ၏။
ရှောင်မိုနှင့် အခြားသူများက အညစ်အကြေး အနည်းငယ်မျှပင် မပါဝင်သော ဤမျှ သန့်စင်သည့် ဝိညာဉ်စွမ်းအင်မျိုးကို တစ်ခါမှ မခံစားဖူးခဲ့ကြချေ။
အနန္တတာအိုဂိုဏ်းချုပ်၏ အော်ဟစ်သံ ရပ်တန့်သွားသောအခါ သူက ခေါင်းကို ရုတ်တရက် ငုံ့ချလိုက်လေ၏။
လူတိုင်းက အသက်အောင့်ထားလိုက်ကြပြီး အနန္တတာအိုဂိုဏ်းချုပ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြပေသည်။
"ထူးချွန်တယ်... တကယ်ကို ထူးချွန်တာပဲ။"
အနန္တတာအိုဂိုဏ်းချုပ်က ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ကာ ရှောင်မိုကို ကြည့်လိုက်လေ၏။ သူ၏ မျက်လုံးများထဲတွင် အံ့သြချီးကျူးမှုများပင် ပေါ်လွင်နေခဲ့ပေသည်။
"ငါ့ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရရှိထားတဲ့ ကောင်းကင်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်တာက မင်းနဲ့ တကယ်ကို ထိုက်တန်တယ်လို့ပဲ ပြောရတော့မယ်။ မင်းက အရင်ကလိုပဲ အမြင်ကတ်စရာ ကောင်းနေတုန်းပဲ။"
စကားသံ အဆုံးတွင် အနန္တတာအိုဂိုဏ်းချုပ်က သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်လေ၏။ ပြန့်ကျဲနေသော ဓားသွားအပိုင်းအစများက တစ်ဖန် ပြန်လည် ခေါ်ဆောင်ခံလိုက်ရပြီး တုန်ယင်စွာဖြင့် ပြန်လည် ပျံသန်းလာကြပေသည်။ သူတို့၏ အရေအတွက်က အလွန်အမင်း လျော့နည်းသွားသော်လည်း သူ၏ လက်ထဲတွင် ဓားရှည်တစ်လက်အဖြစ် စုစည်းသွားခဲ့ဆဲပင်။
အနန္တတာအိုဂိုဏ်းချုပ်က ရှောင်မိုထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ရာ သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့လေ၏။
ရှောင်မိုက မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်က ယိုင်နဲ့သွားပြီး တစ်ဖန် ပြန်လည် လဲကျလုနီးပါး ဖြစ်သွားခဲ့ပေသည်။
သူက နီးကပ်လာသော အနန္တတာအိုဂိုဏ်းချုပ်ကို ကြည့်လိုက်လေ၏။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု မရှိဘဲ နားမလည်နိုင်မှုသာ ရှိနေခဲ့သည်။ "မင်းက အနန္တတာအိုဂိုဏ်းချုပ် မဟုတ်ဘူး။"
"ငါက သူ မဟုတ်တာတော့ သေချာပါတယ်။"
အနန္တတာအိုဂိုဏ်းချုပ်က အနည်းငယ် ပြုံးလိုက်လေ၏။ သူက အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းက မိန်းမဆန်သော အမူအရာများ ပါဝင်နေခဲ့ပေသည်။
"ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သုံးရတာ ငါ တကယ် အသားမကျဘူး။ အဲဒီအထဲမှာမှ လူသားမျိုးနွယ် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတော့လေ။ သူ့ကို ဝင်ပူးရတာကိုက ညစ်ပတ်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဒီလိုပဲ ဖြစ်သလို နေလိုက်ပါတော့မယ်။"
အနန္တတာအိုဂိုဏ်းချုပ်က ရုပ်တုကို လှမ်းကြည့်လိုက်လေ၏။ "ငါ မင်းတို့အားလုံးကို သတ်ပြီး ယဇ်ကောင်တွေအနေနဲ့ အသုံးပြုလိုက်ရင် ငါ့ခန္ဓာကိုယ်ပေါ်က တံဆိပ်ခတ်နှောင်မှုကို ဖြတ်တောက်ဖို့ လုံလောက်သွားပါလိမ့်မယ်။"
အနန္တတာအိုဂိုဏ်းချုပ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရှောင်မိုကို ပြုံးကာ ကြည့်လိုက်လေသည်။ "စကားမစပ်၊ မင်းက တကယ်ကို အမြင်ကတ်ဖို့ ကောင်းတာပဲ။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်ဘဝရောက်ရောက်ကို မင်းက အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေတာပဲ။"
"မင်း ငါ့ကို သိလို့လား။" ရှောင်မိုက မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။
"ဟီးဟီးဟီးဟီး" အမျိုးသမီးက အနန္တတာအိုဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ရယ်မောလိုက်ရာ ယောက်ျားလိုလို မိန်းမလိုလို အသံထွက်ပေါ်လာခဲ့ပေသည်။ "မင်းကို သိလား ဟုတ်လား။ ငါ မင်းကို အရမ်းကို သိလွန်းနေတာပေါ့။"
အနန္တတာအိုဂိုဏ်းချုပ်က မတ်တတ်ရပ်လိုက်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ကို မြင့်မားစွာ မြှောက်ကာ ပိုးဟပ်တစ်ကောင်ကို ကြည့်နေသည့်အလား ရှောင်မိုကို ငုံ့ကြည့်လိုက်လေ၏။ "ငါတို့ နတ်ဘုရားတွေ အခုလို ခွေးသာသာဘဝရောက်နေရတာ အရာအားလုံးက မင်းကြောင့်ပဲ။ သေလိုက်စမ်း၊ ခွေးကောင်"
စကားသံ အဆုံးတွင် အနန္တတာအိုဂိုဏ်းချုပ်က သူ၏ ဓားဖြင့် ရှောင်မိုထံသို့ ထိုးစိုက်လိုက်လေတော့သည်။
"ဘုန်း"
ထိုအချိန်မှာပင် သွေးရောင် ဓားချီတစ်ခုက အနန္တတာအိုဂိုဏ်းချုပ်ထံသို့ ခုတ်ပိုင်းလာခဲ့လေ၏။
အနီရောင် ပုံရိပ်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပေသည်။ သွေးမိစ္ဆာက ရှောင်မိုကို မီးငှက်နီ၏ ကျောပေါ်သို့ ဆွဲတင်လိုက်ပြီး ချင်းယွမ်က မီးငှက်နီကို ထိန်းချုပ်ကာ အနန္တတာအိုဂိုဏ်း၏ ပြင်ပနယ်မြေဆီသို့ ပျံသန်းသွားလေတော့သည်။
"ပြေးချင်နေတာလား။ အဲဒီလောက် မလွယ်ပါဘူး။"
အနန္တတာအိုဂိုဏ်းချုပ်၏ နှုတ်ခမ်းများက ကွေးညွတ်သွားလေ၏။
သူက ယခုလေးတင်မှ နိုးထလာခဲ့ပြီး သူ၏ စွမ်းအားက သူ၏ အထွတ်အထိပ် အချိန်နှင့် ဝေးကွာနေဆဲဖြစ်ကာ သူ၏ နတ်ဘုရားအာဏာပိုင်ခွင့်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် နည်းလမ်း မရှိသေးပေ။
သို့သော် သူတို့ကို တားဆီးရန်ကတော့ အားစိုက်စရာပင် မလိုချေ။
"အစ်မကြီး။ စိတ်မပူပါနဲ့။"
သူက ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်လေ၏။ သူ၏ အကြည့်များက အထက်ဘုံက နတ်ဘုရားဗိမ္မာန်ကို ဦးတည်လျက်..
"ညီမလေးက ဒီသစ္စာဖောက်ယောက်ျားကို အခုချက်ချင်း သတ်ပစ်တော့မယ်။ လက်စားချေပေးမယ်"