အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အခန်း ၂၇၇ - ဒီဓားရဲ့ ဝိညာဉ်က မင်းရဲ့ မျက်စိရှေ့မှာပဲ ရှိတယ်
အနန္တတာအိုဂိုဏ်းချုပ်က ကောင်းကင်ယံမှ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်လေ၏။
သူက အထက်သို့ ခုန်တက်ကာ ရှောင်မိုနှင့် အခြားသူများ၏ အရှေ့တွင် ပေါ်လာခဲ့ပေသည်။
ချင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး မှော်မန္တန်တစ်ခု ရွတ်ဆိုလိုက်ရာ နဂါးပြာက အနန္တတာအိုဂိုဏ်းချုပ်ထံသို့ ခုန်အုပ်သွားလေတော့သည်။
"ဂါး"
နဂါးပြာက ဟိန်းဟောက်လိုက်ပြီး ပြိုင်ဘက်ကို အပိုင်းပိုင်း အစစ ကိုက်ဖြတ်ရန် ရည်ရွယ်ထားလေ၏။
သို့သော် နောက်တစ်ခဏတွင် အနန္တတာအိုဂိုဏ်းချုပ်က နဂါးပြာ၏ ခေါင်းကို ဖမ်းဆုပ်ကာ အတင်းအကျပ် ဆွဲဖြဲပစ်လိုက်ပေသည်။
ချက်ချင်းဆိုသလိုပင် ထိုနဂါးပြာက နှစ်ခြမ်းကွဲသွားပြီး ကောင်းကင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားခဲ့လေ၏။ စက္ကူတစ်ရွက်ကို ဆုတ်ဖြဲလိုက်သည့်အလား ရိုးရှင်းလွန်းလှပေသည်။
"အရင်တုန်းက ငါက နဂါးအသည်းနဲ့ ဖီးနစ်ရိုးတွင်းခြင်ဆီကိုတောင် စားသောက်ခဲ့တာပဲ။ မင်းရဲ့ နဂါးပြာဆိုတဲ့ အရုပ်က ဘာလုပ်နိုင်မှာလဲ။"
စကားသံ အဆုံးတွင် အနန္တတာအိုဂိုဏ်းချုပ်က ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ အောက်သို့ ခုတ်ချလိုက်ရာ ဓားချီက ရှောင်မိုနှင့် အခြားသူများထံသို့ ထက်ပိုင်းပိုင်းရန် ဦးတည်သွားခဲ့လေ၏။
ချင်းယွမ်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး လိပ်မည်းကို အရှေ့သို့ ကာကွယ်ရန် ချက်ချင်း ထိန်းချုပ်လိုက်ပေသည်။
ထိုပေါ့ပေါ့ပါးပါး ဓားခုတ်ချက်က လိပ်မည်း၏ အခွံပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်သွားစေခဲ့လေ၏။
ဤအခွင့်အရေးကို အသုံးချကာ ချင်းယွမ်က မီးငှက်နီကို ထိန်းချုပ်၍ အခြား အရပ်မျက်နှာတစ်ခုဆီသို့ လွတ်မြောက်ရန် ကြိုးစားလိုက်ပေသည်။
သို့သော် ချင်းယွမ်က အရပ်မျက်နှာတစ်ခုမှ ဖောက်ထွက်ရန် ကြိုးစားတိုင်း သူမ အောင်မြင်တော့မည့် ဆဲဆဲမှာပင် အနန္တတာအိုဂိုဏ်းချုပ်က ချက်ချင်း ပေါ်လာလေ့ရှိလေ၏။
ထို့အပြင် အနန္တတာအိုဂိုဏ်းချုပ်တွင် ရှောင်မိုနှင့် အခြားသူများကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် အခွင့်အရေးများ မရေမတွက်နိုင်အောင် ရှိနေခဲ့ပေသည်။
သို့သော် အကြိမ်တိုင်းတွင် အနန္တတာအိုဂိုဏ်းချုပ်က သေစေနိုင်သော တိုက်ခိုက်မှုကို မပြုလုပ်ခဲ့ချေ။
ရှောင်မိုနှင့် အခြားသူများက အနန္တတာအိုဂိုဏ်းချုပ် တကယ် ဘာလုပ်ချင်နေသလဲ ဆိုတာကို သဘာဝကျစွာပင် နားလည်သွားခဲ့ကြလေ၏။
အနန္တတာအိုဂိုဏ်းချုပ်က ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ သူတို့ကို တစ်ဆင့်ချင်းစီ ကစားနေခဲ့ခြင်း ဖြစ်ပေသည်။
သူတို့ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားမှသာ သူတို့ကို နှိပ်စက်၍ သတ်ဖြတ်ပစ်မည့်အလားပင်။
အနန္တတာအိုဂိုဏ်းချုပ်က သူတို့သုံးဦးနှင့် ကြောင်နှင့်ကြွက် ကစားနေခြင်းက လုံးလုံးလျားလျားပင် ရှောင်မိုကြောင့် ဖြစ်လေ၏။
သူက သူတို့ကို အဆုံးတိုင်သည်အထိ ကစားချင်နေပြီးနောက် ရှောင်မို ဂရုစိုက်သော သူတိုင်းကို သူ၏ မျက်စိရှေ့တွင် သေဆုံးသွားစေကာ နောက်ဆုံးမှ ရှောင်မိုကို ဓားချက်ပေါင်း ထောင်ချီ၍ အပိုင်းပိုင်း ခုတ်ပိုင်းချင်နေခြင်း ဖြစ်ပေသည်။
သို့သော် ရိုးရိုးသားသား ပြောရလျှင် ရှောင်မိုက သူ့အနေဖြင့် အနန္တတာအိုဂိုဏ်းချုပ်နှင့် မည်မျှအထိ နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိနေသလဲ ဆိုတာကို တကယ်ပင် မသေချာခဲ့ချေ။
သူက သူ့ကို သိနေပုံရသော်လည်း သူက ဘယ်သူလဲဆိုတာကို လုံးဝ မသိခဲ့ပေ။
"ဒါက အတိတ်ဘဝ ဒါမှမဟုတ် ဒီဘဝအတွေ့အကြုံရဲ့ အကြိုဇာတ်လမ်းမှာ ငါလုပ်ခဲ့တဲ့ တစ်ခုခုများ ဖြစ်နေမလား။ ချင်းရီ၊ ရုရွှယ်၊ သူတို့နဲ့ အတူရှိခဲ့တဲ့ ဘဝတွေတုန်းက ငါ ဘယ်သူ့ကို ဘာလုပ်ခဲ့မိသေးလဲ" ရှောင်မိုက တွေးတောလိုက်ပြီး ဤဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ ရှာတွေ့ခဲ့လေ၏။
"ချင်းယွမ်၊ ဆက်ပြီး မရုန်းကန်ပါနဲ့တော့။ အဲဒီကောင်က ငါတို့ကို ဒီအတိုင်း ထွက်သွားခွင့် ပြုမှာ မဟုတ်ပါဘူး။" ရှောင်မို၏ ပခုံးကို မှီထားသော သွေးမိစ္ဆာက ချောင်းဆိုးလိုက်လေ၏။ သူမ၏ မျက်နှာက ဖြူရော်နေပြီး သူမ၏ သက်စောင့်မီးတောက်ကလည်း ပို၍ပို၍ အားနည်းလာနေခဲ့ပေသည်။
ချင်းယွမ်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေ၏။
ချင်းယွမ် ကိုယ်တိုင်လည်း သူမအတွက် လွတ်မြောက်ရာလမ်း လုံးဝမရှိတော့ကြောင်း သိထားပေသည်။
သို့သော် သူမက ဤအတိုင်း အလွယ်တကူ လက်နက်ချ အညံ့မခံချင်ခဲ့ချေ။ သူမက နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်ရမည် ဖြစ်၏။
"အစ်မကြီးချင်းယွမ်၊ သွေးမိစ္ဆာကို ခေါ်ပြီး ထွက်သွားလိုက်ပါ။ ငါ မင်းတို့အတွက် အချိန်ဆွဲပေးထားမယ်။"
ရှောင်မိုက သူ၏ နလင်ဓားကို ကိုင်ဆောင်ကာ မတ်တတ်ရပ်လိုက်လေသည်။
"ခွေးကောင်လေး၊ နင့်ရဲ့ လက်ရှိ အခြေအနေနဲ့က သူ့ရဲ့ ဓားတစ်ချက်ကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး။" သွေးမိစ္ဆာက ခေါင်းခါလိုက်ပြီးနောက် ရှောင်မို၏ နလင်ဓားကို ညင်သာစွာ ပုတ်လိုက်လေ၏။
ချက်ချင်းဆိုသလိုပင် နလင်ဓား၏ ကိုယ်ထည်က နှစ်ပိုင်းကျိုးသွားခဲ့လေတော့သည်။
ချင်းယွမ်၏ ပါးစပ်က အံ့သြစွာဖြင့် အနည်းငယ် ပွင့်ဟသွားခဲ့ပေသည်။
နလင်ဓားက အဆင့်လေး မှော်ရတနာ တစ်ပါးဖြစ်သော်လည်း ၎င်းက ၎င်း၏ မာကျောမှုအတွက် ကျော်ကြားပြီး ရှောင်မိုက ၎င်းကို သွေးချီများဖြင့် အဆက်မပြတ် အာဟာရ ဖြည့်တင်းပေးထားခဲ့သဖြင့် ၎င်း၏ ခိုင်ခံ့မှုက အဆင့်တစ် မှော်ရတနာထက် လုံးဝ မနိမ့်ကျချေ။
သို့သော် မမျှော်လင့်ဘဲ ဤလေးလံသော ဓားကြီးက တကယ်ပင် ကျိုးသွားခဲ့ချေပြီ။
"ကောင်လေး၊ အေးအေးဆေးဆေး ထိုင်နေလိုက်။ နင့်ဆရာမှာ အစီအစဉ် ရှိတယ်။" သွေးမိစ္ဆာက သူတို့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေသော အနန္တတာအိုဂိုဏ်းချုပ်ကို ကြည့်လိုက်လေ၏။
"ဘာ အစီအစဉ်လဲ။" ချင်းယွမ်၏ မျက်လုံးများက တောက်ပသွားခဲ့ပေသည်။
သွေးမိစ္ဆာက အနန္တတာအိုဂိုဏ်းချုပ်ကို ပြန်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။ "ငါ နားလည်ထားသလောက်ဆိုရင် ဒီရှေးဟောင်း နတ်ဘုရားတွေ အားလုံးမှာ တူညီတဲ့ ထူးခြားချက်တစ်ခု ရှိကြတယ်။ အဲဒါက မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာပဲ။
သူက အခု ငါတို့ကို ကြောင်တစ်ကောင်လို ကစားနေတယ် ဆိုတဲ့အချက်က သူတို့ရဲ့ သဘာဝက ဘယ်လောက်ပဲ အချိန်တွေ ကြာသွားပါစေ၊ ဘာတွေပဲ ကြုံတွေ့ခဲ့ရပါစေ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ။
ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့ရဲ့ စွမ်းအားက အပြည့်အဝ ပြန်မရသေးပါဘူး။ သူ့ရဲ့ အထွတ်အထိပ် အချိန်နဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတုန်းပါပဲ။
ဒီအချိန်မှာ သူက အရင် အနန္တတာအိုဂိုဏ်းချုပ်ထက် နည်းနည်းလေးပဲ ပိုအားကောင်းနေတာပါ။
သူက ဒဏ္ဍာရီထဲက ပျောက်ဆုံးသွားတဲ့ ဒုတိယအဆင့် မဟုတ်ဘူးဆိုရင်တော့ ငါတို့မှာ အခွင့်အရေး အနည်းငယ် ရှိနေသေးတယ်။"
သွေးမိစ္ဆာက ချင်းယွမ်ကို ကြည့်ကာ ငြင်းပယ်၍ မရနိုင်သော လေသံဖြင့် ပြောလိုက်လေ၏။ "ဝိညာဉ်ရတနာ ခန်းမဆောင်ထဲက လက်နက်သွန်းလုပ်ရေး ရေကန်ဆီကို သွားရအောင်။"
"လက်နက်သွန်းလုပ်ရေး ရေကန်ဆီကို သွားမယ် ဟုတ်လား။" ချင်းယွမ်က ခဏတာ အံ့သြသွားခဲ့ပေသည်။ "ဘာလုပ်ဖို့လဲ။"
"ဘာလုပ်ရမှာလဲ။" သွေးမိစ္ဆာက အနည်းငယ် ပြုံးလိုက်လေ၏။ "ဒီကောင်လေးရဲ့ ဓားက ကျိုးသွားပြီဆိုတော့ သူ့အတွက် သင့်တော်မယ့် ဓားအသစ်တစ်လက် သွားယူရမှာပေါ့။"
"ဒါပေမဲ့ အဲဒီ လက်နက်က..."
ချင်းယွမ်က စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်ပြီး သွေးမိစ္ဆာ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့ပေသည်။
သူမက သွေးမိစ္ဆာကို ကြောင်ငေးကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများက နင် ငါ့ကို နောက်နေတာလားဟု မေးနေသည့်အလားပင်။
သို့သော် သွေးမိစ္ဆာက သူမကို ပြုံးပြရုံသာ ပြုံးပြလိုက်လေ၏။
"ငါ နားလည်ပါပြီ။"
ချင်းယွမ်က သူမ၏ အချစ်ဆုံးသူငယ်ချင်း၏ စရိုက်ကို သိသဖြင့် သက်ပြင်းချလိုက်လေသည်။
ချင်းယွမ်က ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ အနန္တတာအိုဂိုဏ်း၏ အလယ်ဗဟိုရှိ တောင်ထွတ်တစ်ခုဆီသို့ ပျံသန်းရန် မီးငှက်နီကို ချက်ချင်း ထိန်းချုပ်လိုက်လေတော့သည်။
"အို"
အနန္တတာအိုဂိုဏ်းချုပ်က ရပ်တန့်သွားပြီး သူတို့ ဘာလုပ်ဖို့ ကြိုးစားနေသလဲဟု တွေးတောကာ ခေါင်းကို စောင်း၍ ကြည့်လိုက်လေ၏။
သူတို့က လွတ်မြောက်ရန် မကြိုးစားကြတော့ဘဲ ဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ပို၍ နက်ရှိုင်းစွာ ပျံသန်းသွားခဲ့ကြလေသည်။
အနန္တတာအိုဂိုဏ်းချုပ်က သူတို့ကို မတားဆီးခဲ့ချေ။ သူတို့က လမ်းဆုံးသို့ ရောက်နေကြပြီဖြစ်ပြီး သူတို့ကို ချေမှုန်းရန်က အသေးအဖွဲ ကိစ္စတစ်ခု သက်သက်သာ ဖြစ်၏။
သူတို့က ဘယ်လိုမျိုး ထပ်မံ ရုန်းကန်နိုင်ဦးမလဲ ဆိုတာကို သူ ယခုအခါ စပ်စုချင်လာခဲ့လေပြီ။
အနန္တတာအိုဂိုဏ်းချုပ်က ဝိညာဉ်ရတနာ ခန်းမဆောင်ဆီသို့ သူတို့နောက် လိုက်သွားတော့မည့် ဆဲဆဲမှာပင်။
ချင်းယွမ်က ကျားဖြူ၊ မီးငှက်နီနှင့် လိပ်မည်းတို့ကို ထိန်းချုပ်လိုက်ရာ ယန္တရားသားရဲကြီး သုံးကောင်က အနန္တတာအိုဂိုဏ်းချုပ်ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြလေတော့သည်။
အသက်သုံးရှူစာ အချိန်ပင် မပြည့်မီမှာပင် အနန္တတာအိုဂိုဏ်းချုပ်က ချင်းယွမ်၏ ကျန်ရှိနေသော ယန္တရားသားရဲကြီး သုံးကောင်ကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်လိုက်လေ၏။
သို့သော် ဤအချိန်တိုလေးအတွင်းမှာပင် ချင်းယွမ်တို့ သုံးဦးက မှော်ဝင်္ကပါတစ်ခုကို ဖြတ်သန်းသွားကာ ဝိညာဉ်ရတနာ ခန်းမဆောင် တည်ရှိရာ တောင်ထွတ်၏ မြေအောက်သို့ ပျံသန်းဝင်ရောက်သွားခဲ့ကြချေပြီ။
ဝိညာဉ်ရတနာ ခန်းမဆောင်တွင် အနန္တတာအိုဂိုဏ်း၏ ဂိုဏ်းဘဏ္ဍာတိုက်ကဲ့သို့ ကောင်းကင်နှင့်မြေကြီး ရတနာများနှင့် မှော်ရတနာ အမျိုးမျိုးကို သိမ်းဆည်းထားသောကြောင့် ၎င်းတွင် သီးခြား မှော်ဝင်္ကပါတစ်ခု ရှိပြီး ၎င်း၏ စွမ်းအားက အနန္တတာအိုဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး မှော်ဝင်္ကပါပြီးလျှင် ဒုတိယ အင်အားအကောင်းဆုံး ဖြစ်ပေသည်။
ချင်းယွမ်၏ အမြင်တွင် ဝိညာဉ်ရတနာ ခန်းမဆောင်၏ မှော်ဝင်္ကပါက အနန္တတာအိုဂိုဏ်းချုပ်ကို အချိန်တိုအတွင်း တားဆီးထားနိုင်လိမ့်မည်ဟု ယုံကြည်ထားလေ၏။
သိပ်မကြာမီမှာပင် ရှောင်မိုတို့ သုံးဦးက လိုဏ်ဂူ၏ အောက်ခြေသို့ ရောက်ရှိသွားခဲ့ကြပေသည်။
ဤလိုဏ်ဂူ၏ အောက်ခြေတွင် ဧရာမ ထုံးကျောက်လိုဏ်ဂူကြီး တစ်ခုရှိပြီး ၎င်း၏ အလယ်ဗဟိုတွင် ပူပြင်းလှသော ဧကရာဇ်နှလုံးသား မြေရည်ပူများ စီးဆင်းနေခဲ့လေ၏။
၎င်းထဲတွင် မရေမတွက်နိုင်သော လက်နက်ရှည်များကို ထိုးစိုက်ထားပြီး အထင်ရှားဆုံးကတော့ ထိုအမည်းရောင် ဓားရှည်ကြီးပင် ဖြစ်ပေသည်။
၎င်းက လက်နက်သွန်းလုပ်ရေး ရေကန်၏ အလယ်ဗဟိုတွင် ထိုးစိုက်ထားပြီး ၎င်း၏ ပတ်ဝန်းကျင်ရှိ အခြားသော လက်နက်များ အားလုံးကို ဖိနှိပ်ထားသည့်အလား ထင်မှတ်ရလေ၏။
"ဒီဓားက..."
ရှောင်မိုက ထန်ဟိန်ဓားကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
ရှောင်မို အနီးသို့ မကပ်ရသေးခင်မှာပင် ဓားထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်သည့် အငွေ့အသက်ကို သူ ခံစားနေရလေ၏။
"အရင်တုန်းက ငါ ဟွန်တွန်း လျှို့ဝှက်နယ်မြေကို သွားတဲ့ လမ်းပြမြေပုံ တစ်ခုကို ရခဲ့တယ်။ ပြီးတော့ အဲဒီ မြေပုံကို အသုံးပြုပြီး နတ်သံမဏိ တစ်တုံးနဲ့ လဲလှယ်ခဲ့တယ်။"
သွေးမိစ္ဆာက ပုံစံပေါ်နေပြီဖြစ်သော မသေမျိုးလက်နက်ကို ကြည့်ရင်း ပြုံးလိုက်လေသည်။
"အဲဒီနောက် ငါက ကောင်းကင်နဲ့မြေကြီး ရတနာ အမျိုးမျိုးကို စုဆောင်းခဲ့ပြီး ချင်းယွမ်ရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ ဒီဓားကို သွန်းလုပ်နိုင်ခဲ့တယ်။ ဓားအကြောင်း သက်သက် ပြောရရင် ဒါက မွေးရာပါ မသေမျိုးလက်နက် တစ်ပါးပဲ။"
"ဒါပေမဲ့ မသေမျိုးလက်နက် တစ်ပါးဖြစ်လာဖို့ အလွန် အရေးကြီးတဲ့ အချက်တစ်ခု လိုအပ်နေပါသေးတယ်။" ချင်းယွမ်က ဖြည့်စွက် ပြောလိုက်လေ၏။ "အဲဒါက လက်နက်ဝိညာဉ်ပဲ။ ဒါပေမဲ့ လက်နက်တစ်ခုကနေ လက်နက်ဝိညာဉ်တစ်ခု ပေါက်ဖွားလာဖို့ဆိုတာ ပုံမှန်အားဖြင့် နှစ်တစ်ထောင်လောက် ကြာတတ်တယ်။"
"ဒါပေမဲ့ အခုတော့ နှစ်တစ်ထောင် ကြာဖို့ မလိုတော့ပါဘူး။"
သွေးမိစ္ဆာက ရှေ့သို့ လျှောက်သွားကာ မျက်လုံးများ ကွေးညွတ်သွားသည်အထိ ရှောင်မိုကို ပြုံးပြလိုက်လေ၏။
"ဒီဓားရဲ့ ဝိညာဉ်က မင်းရဲ့ မျက်စိရှေ့မှာပဲ ရှိတယ်။"
အခန်း ၂၇၈- မင်းတို့အားလုံးကို ငါသတ်ရမယ့် အချိန်တန်ပြီ
"သွေးမိစ္ဆာ၊ ခင်ဗျား ဘာပြောနေတာလဲဆိုတာ ခင်ဗှားသိရဲ့လား။"
ရှောင်မို၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး သွေးမိစ္ဆာ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်လေ၏။
ရှောင်မိုက လက်နက်များနှင့် ပတ်သက်၍ အမှန်တကယ် များများစားစား မသိထားချေ။ သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းတွင်သာ ကုန်ဆုံးခဲ့လေသည်။
သို့သော် ရှောင်မိုက မသေမျိုးလက်နက်များအကြောင်းကိုလည်း နားလည်ထားပြီး လက်နက်ဝိညာဉ်များနှင့် ပတ်သက်၍လည်း သိရှိထားပေသည်။
မသေမျိုးလက်နက်များကို မသေမျိုးလက်နက်များဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့ကို သွန်းလုပ်ရာတွင် ကောင်းကင်နှင့်မြေကြီး ရတနာ အမျိုးမျိုးကို အသုံးပြုထားပြီး လက်နက်၏ ကိုယ်ထည်က ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
သို့သော် အခြား အရေးကြီးသော အချက်တစ်ချက် ရှိသေးပြီး ၎င်းမှာ လက်နက်ဝိညာဉ်များ၏ တည်ရှိမှုပင် ဖြစ်ချေသည်။
လက်နက်ဝိညာဉ် တစ်ခု ပါဝင်မှသာ ဤမသေမျိုးလက်နက်၏ စွမ်းအား အားလုံးကို ထုတ်လွှတ်နိုင်မည် ဖြစ်၏။
မသေမျိုးလက်နက်များ၏ ဝိညာဉ် အများစုက အလိုအလျောက် ပေါက်ဖွားလာကြခြင်း ဖြစ်ပေသည်။
လက်နက်သည်ကား လက်နက်ဝိညာဉ်၏ ပြင်ပအခွံတစ်ခု သက်သက်သာ ဖြစ်လေသည်။
သို့သော်လည်း မသေမျိုးလက်နက် တစ်ပါးတိုင်းက လက်နက်ဝိညာဉ်တစ်ခုကို မလွဲမသွေ ပုံဖော်နိုင်မည်ဟု မဆိုလိုချေ။
အကယ်၍ မသေမျိုးလက်နက် တစ်ပါး၏ ဝိညာဉ် ပေါက်ဖွားလာမှုက ကျရှုံးသွားခဲ့မည်ဆိုပါက ထိုမသေမျိုးလက်နက်ကို မသေမျိုးလက်နက် ဟူ၍ ဘယ်သောအခါမျှ ခေါ်ဆိုနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် အကယ်၍ လူတစ်ယောက် သေဆုံးသွားရုံဖြင့် မသေမျိုးလက်နက် တစ်ပါး၏ ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားနိုင်မည်ဆိုပါက ဤလောကကြီးတွင် ဝိညာဉ်ပါရှိသော မသေမျိုးလက်နက်များက ဤမျှလောက် ရှားပါးနေမည် မဟုတ်ချေ။
ကျင့်ကြံသူ တစ်ဦးက လက်နက်ဝိညာဉ် တစ်ခုအဖြစ် ပြောင်းလဲသွားရန်မှာ အလွန်တရာ မြင့်မားသော သတ်မှတ်ချက်များ ရှိပြီး ကြီးမားလှသော ပေးဆပ်မှုများနှင့်လည်း ရင်ဆိုင်ရပေသည်။
လက်နက်ဝိညာဉ် တစ်ခုအဖြစ် ပြောင်းလဲမည့် ကျင့်ကြံသူက မသေမျိုးအဆင့်တွင် ရှိနေရမည်ဖြစ်ပြီး နတ်ဝိညာဉ်နှင့် လက်နက် ပေါင်းစပ်သည့် လုပ်ငန်းစဉ်အတွင်း နတ်ဝိညာဉ်က အပိုင်းပိုင်း အစစ ခုတ်ထစ်ခံရသည့်အလား ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရမည်ဖြစ်ကာ အောင်မြင်နိုင်ခြေကလည်း အလွန်အမင်း နည်းပါးလှပေသည်။
အကယ်၍ နောက်ဆုံးတွင် အောင်မြင်သွားခဲ့လျှင်တောင်မှ ကျင့်ကြံသူက လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်နှင့် သူတို့၏ အသက်က မသေမျိုးလက်နက်နှင့် ချည်နှောင်ခံသွားရပြီဖြစ်ရာ လက်နက် ပျက်စီးသွားပါက ဝိညာဉ်လည်း ပျက်စီးသွားမည်ဖြစ်ပြီး သံသရာလည်ခြင်းသို့ နောက်ထပ် ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသော ကျင့်ကြံသူ၏ မှတ်ဉာဏ်များ အားလုံးလည်း ဖျက်ဆီးခံရမည် ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော် လက်နက်ဝိညာဉ်၏ အတိတ်ဘဝမှ မှတ်ဉာဏ်များက မသေမျိုးလက်နက်အတွက် အညစ်အကြေးများ ဖြစ်နေသောကြောင့်ပင်။
မသေမျိုးလက်နက်က ထိုအညစ်အကြေးများကို ဖယ်ရှားပစ်မှသာ ပြင်ပမှ ဝင်ရောက်လာသော လက်နက်ဝိညာဉ်ကို မသေမျိုးဓား၏ ပင်မကိုယ်ထည်ကဲ့သို့ သန့်စင်သွားစေမည်ဖြစ်ပြီး ထိုအခါမှသာ ထိုနှစ်ခုက စစ်မှန်စွာ ပေါင်းစပ်သွားနိုင်မည် ဖြစ်ပေသည်။
ထိုအချိန်သို့ ရောက်လာသောအခါ လက်နက်ဝိညာဉ်က လက်နက်ဝိညာဉ် သက်သက်သာ ဖြစ်သွားပေတော့မည်။
ထို့ကြောင့် ရှောင်မိုက လုံးဝကို သဘောမတူနိုင်ခဲ့ချေ။
"ဘာလဲ။ နင့်ဆရာကို နင် အခုမှ သနားနေတာလား။" သွေးမိစ္ဆာက အနည်းငယ် ပြုံးလိုက်ပြီး ရှောင်မို၏ နဖူးကို သူမ၏ လက်ညှိုးဖြင့် ညင်သာစွာ ခေါက်လိုက်လေ၏။
"အတိုချုပ်ပြောရရင် ငါ သဘောမတူနိုင်ဘူး။" ရှောင်မိုက သွေးမိစ္ဆာ၏ လက်ထဲမှ ဓားရှည်ကို တိုက်ရိုက် လုယူလိုက်လေသည်။ "ဒီဓားနဲ့ဆိုရင်တောင် သူ့ကို ငါ သတ်နိုင်ပါသေးတယ်။"
ရှောင်မိုက သွေးမိစ္ဆာ၏ ဓားရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်ပေသည်။
"ရပ်လိုက်စမ်း ခွေးကောင်လေး။" သွေးမိစ္ဆာက လှည့်လိုက်ပြီး နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်လေ၏။ "နင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။"
ရှောင်မိုက သွေးမိစ္ဆာကို လျစ်လျူရှုထားလိုက်ပြီး သူမကို ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ချက်မျှ လှည့်ကြည့်လိုက်ကာ ရှေ့သို့ ဆက်လက် လျှောက်သွားခဲ့လေသည်။
"တကယ်တော့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။"
ချင်းယွမ်က သူမ၏ လက်နှစ်ဖက်ကို ဖြန့်တန်းကာ ရှောင်မိုကို သေတွင်းထဲသို့ ပြေးမဝင်စေရန် လမ်းပိတ်ရပ်လိုက်လေ၏။
"နင့်မှာ ဘယ်လိုနည်းလမ်းများ ရှိနေလို့လဲ။"
သွေးမိစ္ဆာက ခေါင်းခါလိုက်ပေသည်။
ဤကောင်လေး ကြီးပြင်းလာသည်ကို ကလေးဘဝကတည်းက သူမ စောင့်ကြည့်လာခဲ့ခြင်း ဖြစ်သည်။ သူက သတ်ဖြတ်ရာတွင် ပြတ်သားပြီး သူမအပေါ် ထားရှိသော ခံစားချက်များကလည်း သာမန်မျှသာ ဖြစ်ကြောင်းကို သူမ သိထားလေ၏။
အကယ်၍ သူမ သေဆုံးသွားပြီး သူက မသေမျိုးလက်နက် တစ်ပါးကို ရရှိမည်ဆိုပါက မည်သူကမျှ ၎င်းကို ငြင်းဆန်မည် မဟုတ်ချေ။
သို့သော် မမျှော်လင့်ဘဲ ဤကောင်လေးက တကယ်ကို ငြင်းဆန်ခဲ့လေသည်။
ခဏတာမျှ သွေးမိစ္ဆာက ငိုရမလား ရယ်ရမလားပင် မသိနိုင်အောင် ဖြစ်သွားခဲ့ရပေသည်။
"ဒါကို သုံးလိုက်ပါ။"
ချင်းယွမ်က သူမ၏ ရင်ခွင်ထဲမှ ယင်နှင့်ယန် ကျောက်စိမ်းဆွဲကြိုးတစ်ခုကို ထုတ်ယူလိုက်လေ၏။
သူမက သွေးမိစ္ဆာကို သံသရာလည်ခြင်းအတွက် အခွင့်အရေးလေး တစ်ခုကိုမျှ အဆုံးရှုံးမခံစေချင်သလို သွေးမိစ္ဆာ၏ မှတ်ဉာဏ်များ အားလုံး ဆုံးရှုံးသွားပြီး အေးစက်သော လက်နက်ဝိညာဉ် တစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားမည်ကိုလည်း အဖြစ်မခံချင်ခဲ့ချေ။
"ဒါက ငါ့ဆရာ ငါ့ကို ပေးထားခဲ့တဲ့ ဝိညာဉ်ချည်နှောင်ကျောက်စိမ်းလို့ ခေါ်တဲ့ ပစ္စည်းလေးပဲ။ လူတစ်ယောက်ရဲ့ နတ်ဝိညာဉ်က ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်ဆိုပြီး နှစ်ပိုင်းကွဲပြားတယ်။ ဒီဝိညာဉ်ချည်နှောင်ကျောက်စိမ်းက လူတစ်ယောက်ရဲ့ နတ်ဝိညာဉ်ကို နှစ်ပိုင်း ခွဲထုတ်ပေးနိုင်တယ်။"
ချင်းယွမ်က လေးနက်စွာ ပြောလိုက်လေသည်။
"သွေးမိစ္ဆာ၊ နင့်ရဲ့ နတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ ဝိညာဉ်ချည်နှောင်ကျောက်စိမ်းကို နင် အသုံးပြုနိုင်တယ်။ ပြီးရင် နင့်ရဲ့ ယန်ဝိညာဉ်နဲ့ မင်စွန်းဓားထဲကို ဝင်ရောက်သွားလိုက်။ ဒီလိုနည်းနဲ့ဆိုရင် အဲဒါက လက်နက်ဝိညာဉ် တစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်ိလိမ့်မယ်။"
"ဒါပေမဲ့ ရှောင်မို"
ချင်းယွမ်က ရှောင်မိုကို ကြည့်လိုက်ရာ သူမ၏ အကြည့်များက လေးလံနေခဲ့ပေသည်။
"မင်းမှာ နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ပဲ ရှိတယ်။ အဲဒီအချိန် ကျော်လွန်သွားတာနဲ့ သွေးမိစ္ဆာရဲ့ နတ်ဝိညာဉ်က မင်စွန်းဓားထဲကနေ ပြန်ထွက်လာရမယ်။ မဟုတ်ရင် သူမရဲ့ ယင်ဝိညာဉ်ရော ယန်ဝိညာဉ်ပါ နှစ်ခုစလုံး လွင့်စင်ပျက်စီးသွားလိမ့်မယ်။"
"ကျွန်တော် နားလည်ပါပြီ။" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "အစ်မကြီးချင်းယွမ် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"
"ဟင့်အင်း၊ ဒါက အရမ်း ခက်ခဲလွန်းတယ်။" သွေးမိစ္ဆာက ခေါင်းခါလိုက်ပေသည်။
ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားက သာမန်လူများထက် သာလွန်နေကြောင်းကို သွေးမိစ္ဆာ သိထားလေ၏။
သို့သော် အနန္တတာအိုဂိုဏ်းချုပ်နှင့် တိုက်ပွဲကြီး ဆင်နွှဲပြီးနောက် သူ၏ ခန္ဓာကိုယ်အခြေအနေကလည်း ကောင်းမွန်မနေခဲ့ချေ။
ယခုအခါ ထိုအရာ၏ စွမ်းအားက အနန္တတာအိုဂိုဏ်းချုပ်ထက် အနည်းငယ် သာလွန်နေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ရှောင်မိုက မသေမျိုးလက်နက်ကို ကိုင်ဆောင်ထားလျှင်တောင်မှ ရှောင်မိုအနေဖြင့် အနန္တတာအိုဂိုဏ်းမှ အောင်မြင်စွာ လွတ်မြောက်နိုင်မည်ကိုသာ သွေးမိစ္ဆာ အာမခံနိုင်ပေသည်။
သို့သော် ယခုအခါ ရှောင်မိုက ထိုအရာကို နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်အတွင်း သတ်ဖြတ်ရန် လိုအပ်နေခဲ့ချေပြီ။
"မခက်ခဲပါဘူး။" ရှောင်မိုက လှည့်လိုက်ပြီး သွေးမိစ္ဆာ၏ ဓားရှည်ကို မြေကြီးထဲသို့ ထိုးစိုက်လိုက်လေသည်။ "အစ်မကြီးချင်းယွမ် ပြောတဲ့အတိုင်းပဲ လုပ်ပါ။"
"ခွေးကောင်လေး။" သွေးမိစ္ဆာက ဘာမှမတတ်နိုင်စွာဖြင့် ပြောလိုက်လေ၏။ "နင်က ဆရာလား၊ ဒါမှမဟုတ် ငါက ဆရာလား။"
"ကျွန်တော် ခင်ဗျားကို ဆရာလို့ တစ်ခါလောက်များ ခေါ်ဖူးလို့လား။" ရှောင်မိုက ပြန်လည် ချေပလိုက်လေသည်။ "ခင်ဗျားက ရဲ့ရွှယ်တောင်ထွတ်ကို ဘယ်တုန်းကမှ မစီမံခဲ့ဘူးလေ။ ကျွန်တော်ကပဲ အမြဲတမ်း တာဝန်ယူခဲ့ရတာ။ အရင်ကလည်း ဒီလိုပဲ၊ အခုလည်း ဒီလိုပဲ။ ခင်ဗျားက ခင်ဗျားရဲ့ ဧကရာဇ်ဦးလေးငယ် ဝတ္ထုကိုပဲ သွားဖတ်နေလိုက်။"
"နင်..."
သွေးမိစ္ဆာက ရှောင်မို၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်ရာ ကျိန်ဆဲချင်နေသည့် အသွင်အပြင် ပေါက်နေခဲ့ပေသည်။
သို့သော် ရှောင်မို၏ လျှော့မပေးသော အသွင်အပြင်ကို မြင်သောအခါ သွေးမိစ္ဆာက တောက်ခေါက်လိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်လေ၏။ "ထားလိုက်တော့၊ ထားလိုက်ပါတော့ ခွေးကောင်လေး။ အသေသာ ခေါင်းမာနေလိုက်တော့။"
သွေးမိစ္ဆာက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေကာ မှုန်ကုပ်ကုပ်ဖြင့် ထိုင်လိုက်လေသည်။ "မြန်မြန် လုပ်ကြစို့။ ဒီကောင်လေးကို မြန်မြန်သာ သေခိုင်းလိုက်တော့။"
ခဏကြာပြီးနောက်။
ချင်းယွမ်က ဝိညာဉ်ချည်နှောင်ကျောက်စိမ်းကို နှစ်ပိုင်းခွဲလိုက်ပြီး ယင်ငါးရုပ်လေးကို သွေးမိစ္ဆာ၏ ခေါင်းပေါ်တွင် တင်ထားလိုက်ကာ ယန်ငါးရုပ်လေးကိုမူ မင်စွန်းဓားပေါ်တွင် တင်ထားလိုက်လေ၏။
ချက်ချင်းဆိုသလိုပင် ချင်းယွမ်က ကျောက်စိမ်းပြားတစ်ခုကို ပစ်ချလိုက်ရာ ၎င်းပေါ်တွင် ရေးထွင်းထားသော ဝင်္ကပါပုံစံက ကွာကျလာပြီး မင်စွန်းဓားနှင့် သွေးမိစ္ဆာတို့၏ အထက်တွင် လွင့်မျောနေခဲ့ပေသည်။
ချင်းယွမ်က မှော်မန္တန်ကို ရွတ်ဆိုလိုက်လေ၏။
မှော်ဝင်္ကပါက အသက်ဝင်လာပြီး မင်စွန်းဓားနှင့် သွေးမိစ္ဆာတို့ကို ပါးလွှာသော မျဉ်းကြောင်းလေး တစ်ကြောင်းဖြင့် ဆက်သွယ်ပေးလိုက်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ကျယ်လောင်သော ဟိန်းဟောက်သံကြီးများက မြေအောက်သို့ မှေးမှိန်စွာ ပဲ့တင်ထပ်သွားပြီး မြေကြီး၏ တုန်ခါမှုများက ပို၍ပို၍ ပြင်းထန်လာခဲ့ပေသည်။
အနန္တတာအိုဂိုဏ်းချုပ်က ဝင်္ကပါကို ချိုးဖျက်နေပြီး အချိန်အများကြီး ထပ်ကြာတော့မည် မဟုတ်ကြောင်းကို ရှောင်မို သိထားလေ၏။
ချင်းယွမ်၏ မန္တန်ရွတ်ဆိုမှုက မြန်ဆန်လာပြီး သူမ၏ နဖူးပေါ်တွင် ချွေးအေးများ ပြန်လာခဲ့ပေသည်။ လက်ဖက်ရည်တစ်ခွက်စာ လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာတွင် သွေးမိစ္ဆာ၏ ယန်ဝိညာဉ်က သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ဝိညာဉ်ချည်နှောင်ကျောက်စိမ်း၏ လမ်းညွှန်မှုအောက်တွင် မင်စွန်းဓားထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့လေတော့သည်။
မင်စွန်းဓားက အဆက်မပြတ် တုန်ယင်နေခဲ့လေ၏။
မင်စွန်းဓားကို ချည်နှောင်ထားသော သံကြိုးများက ကျယ်လောင်စွာ ချလွမ်ခနဲ မြည်ဟည်းသွားခဲ့ပေသည်။
"ရှောင်မို" ချင်းယွမ်က ရှောင်မိုကို လှမ်းခေါ်လိုက်လေသည်။
"နားလည်ပါပြီ။"
ရှောင်မိုက ချော်ရည်ပူများပေါ်သို့ ခြေလှမ်းလိုက်ပြီး မင်စွန်းဓားဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေ၏။
သူ၏အရှေ့ရှိ အနက်ရောင် ဓားရှည်ကြီးကို ကြည့်ရင်း ရှောင်မိုက လက်လှမ်းကာ ဓားရိုးကို ဆုပ်ကိုင်လိုက်ပေသည်။
"ဝုန်း"
အနက်ရောင်နှင့် အနီရောင် သွေးချီများနှင့် ဓားချီများက ရှောင်မို၏ လက်ဖဝါးမှ ပေါက်ကွဲထွက်လာပြီး သူ၏ ဆံကေသာရှည်များနှင့် အနက်ရောင်ဝတ်ရုံကို အဆက်မပြတ် လွင့်စင်သွားစေခဲ့လေ၏။
ချင်းယွမ်က တံတွေးမြိုချလိုက်ပြီး သူမ၏ လက်ဖဝါးများမှ ချွေးများပင် စိမ့်ထွက်နေခဲ့ချေပြီ။
မင်စွန်းဓားက ပစ္စည်းရွေးချယ်မှု၊ သွန်းလုပ်မှု နည်းပညာ သို့မဟုတ် အသုံးပြုထားသော မြေရည်ပူများနှင့် ထူးဆန်းသော မီးတောက်များ စသည့် မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။
ထို့ကြောင့် မင်စွန်းဓားကို ပထမဆုံးအကြိမ် ဆွဲထုတ်လိုက်ချိန်တွင် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီတစ်ခုကို ထုတ်လွှတ်လိမ့်မည် ဖြစ်၏။
ရှောင်မိုအတွက် ၎င်းကို ဆွဲထုတ်ရန် နည်းလမ်း တစ်ခုတည်းသာ ရှိလေသည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်းကို အသုံးပြု၍ မင်စွန်းဓား၏ လွှမ်းမိုးနိုင်စွမ်းကို ဖိနှိပ်ရန်ပင် ဖြစ်ချေသည်။
"ထွက်လာစမ်း"
ရှောင်မိုက တိုးညင်းစွာ ဟိန်းဟောက်လိုက်ရာ သူ၏ ယှဉ်ပြိုင်ဘက်ကင်းသော လွှမ်းမိုးနိုင်စွမ်းရှိသည့် သွေးချီများက မင်စွန်းဓား၏ ဓားချီများကို လုံးဝ ဝါးမြိုပစ်လိုက်လေတော့သည်။
မင်စွန်းဓားကို ရှောင်မိုက ဧကရာဇ်နှလုံးသား ချော်ရည်ပူများထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ဧကရာဇ်နှလုံးသား ချော်ရည်ပူများက မင်စွန်းဓား၏ ဓားသွားပေါ်မှ အဆက်မပြတ် စီးကျနေခဲ့လေ၏။
ရှောင်မိုက မင်စွန်းဓားကို မြှောက်ကာ အလျားလိုက် ခုတ်ပိုင်းလိုက်ရာ သံကြိုးများ အားလုံး အပိုင်းပိုင်း အစစ ကွဲအက်သွားခဲ့လေတော့သည်။
"မင်းတို့အားလုံးကို ငါ သတ်ရမယ့် အချိန်တန်ပြီ။"
တောင်ထွတ်ပေါ်တွင် အနန္တတာအိုဂိုဏ်းချုပ်က လက်ဖက်ရည်နှစ်ခွက်စာ အချိန်ယူကာ မှော်ဝင်္ကပါကို အပိုင်းပိုင်း အစစ ရိုက်ချိုးပစ်လိုက်လေ၏။
သို့သော် မှော်ဝင်္ကပါ ပျက်စီးသွားသည့် အခိုက်အတန့်မှာပင် အနက်နှင့် အနီရောင် ရောယှက်နေသော ဓားအလင်းတန်းတစ်ခုက အောက်ဘက်မှနေ၍ အထက်သို့ ပစ်လွှတ်လာပြီး သူ့ထံသို့ ရိုက်ခတ်သွားခဲ့ပေသည်။
"ဟင်"
သူက ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ညာဘက်လက်မောင်းက လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်ကို ကြည့်နေလိုက်လေတော့သည်။