← Chapters

သူလုကိုယ်လု

Vol. 23 Ch. 235

သူလုကိုယ်လု

Vol. 23 Ch. 235

"မုယွမ်ရှင်း... ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ မင်းက ဘာလို့ ဝင်ပါနေရတာလဲ" ဟု ဖုန်ချီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ညီမလေးကျိနဲ့ ကျွန်မက ညီအစ်မတွေလို သံယောဇဉ်ရှိကြတာလေ။ ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက အကျိုးစီးပွားချင်း တူညီကြတော့ အတူတူ လက်တွဲရမှာပေါ့"

"ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက လူအင်အားနဲ့ပဲ အနိုင်ကျင့်ရဲတာလား"

မုယွမ်ရှင်းက စွဲမက်ဖွယ် ပြုံးလိုက်ပြီး "ဟုတ်တယ်လေ... ကျွန်မတို့က လူအင်အားနဲ့ အနိုင်ကျင့်နေတာ။ လူနည်းတဲ့ ရှင်က ဘာတတ်နိုင်မှာလဲ" ပြောလိုက်သည်။

ဖုန်ချီက မျက်မှောင်ကြုတ်ကာ မုယွမ်ရှင်းကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုန်ကျင့်ယွမ်ထံ လှည့်ကြည့်သည်။

"စီနီယာရုန်... တစ်ဂိုဏ်းတည်းသားချင်းအနေနဲ့ ရန်သူကို တိုက်ထုတ်ဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မလား"

ရုန်ကျင့်ယွမ်မှာလည်း အခြေတည်အဆင့် အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်သည်။ အကယ်၍ သူမသာ ဖုန်ချီနှင့် ပူးပေါင်းပါက နှစ်ဖက်စလုံးတွင် အထွတ်အထိပ်ကျင့်ကြံသူ နှစ်ဦးစီ ရှိလာမည်ဖြစ်ပြီး အင်အားချင်း ညီမျှသွားပေလိမ့်မည်။

ရုန်ကျင့်ယွမ်က ဖုန်ချီကို တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာထားမှာ အေးစက်နေဆဲပင်။

"ဂျူနီယာဖုန်... မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ဂိုဏ်းကို ဆွဲမသွင်းပါနဲ့။ ငါက ဝိညာဉ်ရည်ကိုပဲ လိုချင်တာ။ မင်းတို့ရဲ့ ပဋိပက္ခတွေထဲ ပါဝင်ပတ်သက်ဖို့ ဆန္ဒမရှိဘူး"

ရုန်ကျင့်ယွမ်သည် ဖုန်ချီကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သလို မုယွမ်ရှင်းတို့အဖွဲ့ကိုလည်း သူမ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်း ဖြစ်သည်။

ဖုန်ချီ မျက်နှာပျက်သွားသည်။

"စီနီယာရုန်... ဂိုဏ်းတူအချင်းချင်းကို မငဲ့ဘူးလား"

ရုန်ကျင့်ယွမ်က ရယ်မောလိုက်ပြီး "ဂိုဏ်းတူအချင်းချင်း ဟုတ်လား။ မင်း ဂျူနီယာဝူကို အနိုင်ကျင့်နေတုန်းကတော့ အဲဒါကို ထည့်မတွက်ခဲ့ဘူးနော်"ဟု ဆိုလိုက်သည်။

"ဟားဟားဟား..."

မုယွမ်ရှင်းက ရုတ်တရက် ရယ်မောလိုက်သည်။

"တော်လှချည်ရဲ့ ဆိုတဲ့ ဖုန်ချီမှာလည်း အကူအညီ တောင်းရတဲ့ အချိန်ရှိသေးသားပဲ။ ဖုန်ချီ... ရှင့်ရဲ့ ခွေးတွေကို ခေါ်ပြီး ဒီဝိညာဉ်ရည်ခန်းမထဲကနေ အခုချက်ချင်း ထွက်သွားတော့။ မဟုတ်ရင် ဒီခန်းမထဲမှာ သွေးချောင်းစီးကုန်လိမ့်မယ်"

မုယွမ်ရှင်းစကား ဆုံးသသည်နှင့် ဓားပြ ၆ ဦး၊ ရွှယ်ကူး၊ မုယွမ်ရှင်းနှင့် ကျိရုရွယ်တို့ စုစုပေါင်း ၉ ဦးသည် ဝိညာဉ်လက်နက်များကို တပြိုင်တည်း ထုတ်ဖော်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ခဏချင်းမှာပင် ခန်းမ၏ လေထုမှာ တင်းမာသွားပြီး လူသတ်လိုစိတ်အရှိန်အဝါများ လွှမ်းမိုးလာသည်။

ဖုန်ချီ၏မျက်နှာမှာ မည်းမှောင်လာသည်။ ဟယ်ဟွမ်းဂိုဏ်းနှင့် မဟာကောင်းကင်ဓားဂိုဏ်းတို့ ပူးပေါင်းပြီး ဝိညာဉ်ရည်လုပွဲမှ ထွက်ခွာရန် ဖိအားပေးလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"မုယွမ်ရှင်း... သိပ်ပြီး အတင့်မရဲနဲ့။ ငါ ကျောက်ဖျာ တစ်ခုကို လက်လွှတ်ပေးဖို့ သဘောတူပြီးပြီလေ"

သို့သော် မုယွမ်ရှင်းက လုံးဝဂရုမစိုက်။

"ထွက်သွား၊ မဟုတ်ရင် သေဖို့သာပြင်"

ဖုန်ချီ၏မျက်နှာ ပြာနှမ်းသွားပြီး အံကြိတ်လိုက်မိသည်။ ဒေါသအထွတ်အထိပ်သို့ ရောက်နေသော်လည်း အင်အားချင်း မမျှသဖြင့် ခေါင်းငုံ့ရုံသာ ရှိတော့သည်။

"တောက်"

ဖုန်ချီလည်း မုယွမ်ရှင်းတို့ကို အငြိုးတကြီး စိုက်ကြည့်ပြီး ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။ လျန်ထျန်းလုနှင့် ဒဏ်ရာရထားသော မျက်နှာဖုံးစွပ်ထားသူတို့သည်လည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားကြပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။

ဖုန်ချီသည် မျက်နှာဖုံးစွပ်ထားသူကို အသုံးချကာ ဝိညာဉ်ရည် ဝေစုပိုရရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင်မူ မိမိကိုယ်မိမိ ပြန်လည် ဒုက္ခပေးသလို ဖြစ်သွားပြီး ရရှိမည့် ဝိညာဉ်ရည်ဝေစုကိုပင် လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

ဓားပြ ၆ ဦးထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် လွတ်နေသော ကျောက်ဖျာနှစ်ခုထံသို့ အပြေးအလွှား သွားကြသည်။ ထိုစဉ်မှာပင် ကျဲ့ဟွေဘေးတွင် တစ္ဆေ ၅ ကောင် ပေါ်လာပြီး လွတ်နေသော ကျောက်ဖျာတစ်ခုထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။ ထိုကျောက်ဖျာမှာ ကျဲ့ဟွေနှင့် ကပ်လျက်ဖြစ်ပြီး ဖုန်ချီ ထိုင်ခဲ့သည့် နေရာဖြစ်သည်။ အကွာအဝေး ပိုနီးသဖြင့် တစ္ဆေ ၅ ကောင်က အရင်ရောက်သွားပြီး ကျောက်ဖျာကို ဝိုင်းရံထားလိုက်သည်။

"ဟွမ်းယွန်ကျောင်းတော်က ကတုံးတွေ.. ဒါ ဘာသဘောလဲ" ဟု ကျိရုရွယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျောက်ဖျာပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသော ကျဲ့ဟွေက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။ သူ့မျက်နှာမှာ တည်ငြိမ် အေးချမ်းနေသည်။

"ဒကာမလေး... ဒီဘုန်းကြီးကလည်း အခွင့်အရေးလေး တစ်ခုလောက် ရယူချင်ရုံပါပဲ"

"ဒီကျောက်ဖျာတွေက ငါတို့တွေ ဖုန်ချီဆီကနေ လုထားတာ။ အစောတုန်းကတော့ ရှင်တို့ကတုံးတွေက ငြိမ်နေပြီး အခုမှ အခွင့်အရေး ယူချင်တာလား"

ကျဲ့ဟွေက အေးအေးလူလူပင် ပြန်ပြောသည်။

"နှစ်တစ်သောင်းဝိညာဉ်ရည်ဆိုတာ မူလကတည်းက ပိုင်ရှင်မဲ့အရာပဲလေ။ ဒါကြောင့် သီလနဲ့ ပြည့်စုံသူပဲ ပိုင်ဆိုင်သင့်တာပေါ့။ ဘုန်းကြီးတို့ ဟွန်းယွမ်ကျောင်းတော်က သတ္တဝါဝေနေယျတွေကို ကယ်တင်နေသူ ဖြစ်သလို၊ ကြီးမားတဲ့ ကရုဏာနဲ့ သီလတရားတွေ ရှိပါတယ်။ ဒါကြောင့် ဘုန်းကြီးက ဒီဝိညာဉ်ရည်ကို ပိုရသင့်တာ သဘာဝကျပါတယ်"

ကျိရုရွယ် ဒေါသထွက်သွားပြီး "ဒီကတုံးစုတ်.. မင်းက ဝိညာဉ်တွေကို ချုပ်ကိုင်ပြီး တစ္ဆေတွေကို ခိုင်းစားနေတာ၊ ဘယ်မှာလဲ မင်းရဲ့ ကရုဏာနဲ့ သီလ"ဟု ဆဲဆို ကြိမ်းမောင်းပါတော့သည်။

ကျဲ့ဟွေက လက်အုပ်ချီကာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

"ဗုဒ္ဓက သတ္တဝါအားလုံး တန်းတူညီမျှတယ်၊ အရာအားလုံးက ဘုရားဖြစ်နိုင်တယ်လို့ မိန့်ကြားခဲ့တယ်။ တစ္ဆေတွေတောင် ဘုရားဖြစ်နိုင်တာပဲ။ ကိုယ်တော်က ဘယ်တစ္ဆေကိုမှ ကျွန်မပြုပါဘူး။ သူတို့ကို လမ်းပြပေးနေတာပါ။ ကိုယ်တော် ဘုရားဖြစ်တဲ့နေ့မှာ ဒီတစ္ဆေတွေက ကိုယ်တော်နဲ့အတူ နိဗ္ဗာန်ကို လိုက်ပါနိုင်မှာဖြစ်ပြီး သံသရာဝဲဩဃကနေ လွတ်မြောက်ကြမှာပါ။ ဒါဟာ အမြင့်မြတ်ဆုံးသော ကုသိုလ်တရားပဲလေ။ ဒကာမလေးက ဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပြီး စော်ကားနေရတာလဲ"

"မင်းတို့ ကတုံးတွေက တကယ်ကို စကားတတ်တာပဲ။ မင်းတို့ အယူအဆအရဆိုရင် တစ္ဆေလမ်းစဉ်ကို လိုက်စားတဲ့ နတ်ဆိုးကျင့်ကြံသူတွေက သီလရှိတဲ့သူတွေပေါ့လေ။ သူတို့က မင်းတို့ရဲ့ အနောက်အရပ် နိဗ္ဗာန်ဘုံမှာ ဘုရားတွေ၊ ရဟန္တာတွေ ဖြစ်ကုန်ကြတော့မှာပေါ့"

ကျိရုရွယ်၏ လှောင်ပြောင်မှုကို ကြားသောအခါ ကျဲ့ဟွေ ဒေါသထွက်သွားသည်။

"မိန်းမရိုင်း.. မင်းက ငါတို့ရဲ့ ဘုရားရှင်ကို စော်ကားရဲတယ်ပေါ့။ မင်း သေချင်နေပြီပဲ"

ကျဲ့ဟွေ၏ မျက်နှာပေါ်မှ ကရုဏာရိပ်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်သော လူသတ်လိုသည့် အရှိန်အဝါများ ဖုံးလွှမ်းသွားသည်။ သူ့လက်ထဲမှ ပုတီးကို အသာအယာ လှုပ်ရှားလိုက်ရာ တစ္ဆေ ၅ ကောင်မှာ ကျောက်ဖျာကို စွန့်ခွာပြီး သံချေးတက်နေသော ဓားရှည်များ ကိုင်ကာ ကျိရုရွယ်ထံသို့ ပြေးဝင်သွားကြသည်။ ထိုတစ္ဆေ ၅ ကောင်မှာ ဒုတိယအဆင့် နှောင်းပိုင်းတွင် ရှိကြပြီး တစ်ကောင်ချင်းစီ၏ အစွမ်းမှာ ကျိရုရွယ်နှင့် တန်းတူရှိသည်။

သို့သော် ကျိရုရွယ်မှာ ကြောက်ရွံ့ခြင်း မရှိပေ။

"တစ္ဆေတစ်သိုက်ကများ ငါ့ရှေ့မှာ လာကြွားနေသေးတယ်"

သူမ၏ စကားအဆုံးတွင် ဓားပျံ ၉ လက် ရုတ်တရက် ပေါ်လာခဲ့သည်။

ကျိရုရွယ်က မဟာဂူမိုးကြိုးဟု အော်လိုက်သည်နှင့် ဓားပျံ ၉ လက်ပေါ်တွင် လျှပ်စီးများ ဝင်းခနဲ လက်သွားခဲ့သည်။ ခန်းမအတွင်းရှိ လူတိုင်း အံ့ဩသွားကြသည်။ အထူးသဖြင့် လေ့ယွီဟွာနှင့် လေ့မိသားစုမှ လူ ၅ ဦးတို့ ဖြစ်သည်။ ဤပညာရပ်မှာ လေ့မိသားစု၏ မိုးကြိုးလျှို့ဝှက်နည်းစနစ် ၉ မျိုးထဲမှ ဒုတိယမြောက် ပညာရပ် ဖြစ်ပြီး အခြေတည်အဆင့် ရောက်မှသာ ကျင့်ကြံနိုင်သည်။ ဂိုဏ်းကြီးများ၏ ဖိအားကြောင့် လေ့မိသားစုက ပထမပညာရပ် နှစ်ခုကို ထုတ်ပေးခဲ့ဖူးသော်လည်း အခြားဂိုဏ်းသားများမှာ ထိုပညာရပ်၏ စွမ်းအားအစစ်အမှန်ကို မထုတ်ဖော်နိုင်ကြပေ။ ထို့ကြောင့် လေ့မိသားစု သွေးပါသူမှသာ ဤပညာရပ်ကို တတ်မြောက်နိုင်သည်ဟု ကောလာဟလ ထွက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျိရုရွယ်က ဤပညာရပ်ကို ကျင့်ကြံထားသည်မှာ မဆန်းသော်လည်း၊ ရန်သူကို တိုက်ခိုက်ရန် ထုတ်သုံးလိုက်သည်မှာ အံ့ဩစရာ ဖြစ်သည်။

ခန်းမ၏ ထောင့်တစ်နေရာတွင် ခိုကပ်နေသော စုန့်ဝမ်လည်း အံ့ဩသွားသည်။ ကျိရုရွယ် အသုံးပြုလိုက်သော လျှပ်စီးမှာ ဓား ၉ လက်ပေါ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သူအသုံးပြုသော နည်းလမ်းနှင့် မတူပေ။ စုန့်ဝမ် အသုံးပြုစဉ်က မိုးကြိုးလျှပ်စီးမှာ ကောင်းကင်ယံမှ ကျဆင်းလာခြင်း ဖြစ်သည်။ "မဟာကောင်းကင်ဓားဂိုဏ်းက ပညာရှင်တွေ ဒီမိုးကြိုးပညာရပ်ကို အဆင့်မြှင့်ထားတာလား" ဟု စုန့်ဝမ်က တွေးတောနေမိသည်။

လျှပ်စီးများ ဝင်းလက်နေသော ဓား ၉ လက်မှာ ကျိရုရွယ်၏ ပတ်လည်တွင် လည်ပတ်နေကြသည်။ သူမအသွင်က မိုးကြိုးလျှပ်စီးများအလယ်တွင် ကောင်းကင်နတ်သမီး တစ်ပါးအလား လှပဆန်းကြယ်နေသည်။ ကျိရုရွယ်လည်း လေထဲသို့ ခုန်တက်ကာ ဓား ၉ လက်နှင့်အတူ တစ္ဆေ ၅ ကောင်ထံသို့ ပြေးဝင်သွားခဲ့သည်။ လျှို့ဝှက်နယ်မြေထဲတွင် ဝိညာဉ်အာရုံ ဖြန့်ကြတ်နိုင်စွမ်းကို ကန့်သတ်ထားသဖြင့် တစ္ဆေများနှင့် နီးကပ်စွာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျဲ့ဟွေသည် ကျိရုရွယ်၏ လျှပ်စီးစွမ်းအားကြောင့် ခဏမျှ ကြောင်သွားသည်။ သူ ဘာမှမလုပ်ရသေးမီမှာပင် ကျိရုရွယ်က တစ္ဆေများထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျိရုရွယ်က လက်ဝဲလက်ဖြင့် ဓားကွက်ဖော်ကာ ရှေ့သို့ ညွှန်ပြလိုက်ရာ ဓား ၉ လက်မှာ တစ္ဆေများကို မတိုက်ခိုက်ဘဲ ၎င်းတို့ကို ပတ်လည်ဝိုင်းရံကာ ပိတ်ဆို့လိုက်သည်။

"မိစ္ဆာနှိမ်နင်းဓားဝင်္ကပါ... ထွက်ပေါ်လာစေ"

ကျိရုရွယ်၏ အမိန့်သံနှင့်အတူ ဓား ၉ လက်ကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာပြီး ငွေရောင်လျှပ်စီးများဖြင့် ပြုလုပ်ထားသော အလင်းနံရံကြီး တစ်ခု ပေါ်လာခဲ့သည်။ ၎င်းအလင်းနံရံ တစ္ဆေ ၅ ကောင်ကို အတွင်း၌ ပိတ်လှောင်ထားလိုက်တော့သည်။

ကျဲ့ဟွေ၏ မျက်နှာမှာ လေးနက်သွားသည်။ ကျိရုရွယ်သည် ဓားဝင်္ကပါအစီအရင်ကို ကျင့်ကြံထားရုံသာမက မိုးကြိုးလျှပ်စီးစွမ်းအားပါ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် ကျဲ့ဟွေအတွက် ကံကောင်းသည်မှာ ဝင်္ကပါအတွင်း ပိတ်မိနေသော တစ္ဆေများနှင့် ဆက်သွယ်မှု ပြတ်တောက်မသွားဘဲ ဆက်လက် ထိန်းချုပ်နိုင်ခြင်းပင်။

ကျဲ့ဟွေက ပုတီးကို လှည့်လိုက်ရာ တစ္ဆေ ၅ ကောင်မှာ ဓားဝင်္ကပါ၏ အားနည်းချက် တစ်နေရာကို စုပေါင်း တိုက်ခိုက်ကြသည်။

ယင်းကို မြင်သောအခါ ကျိရုရွယ်က အေးစက်စွာ ပြုံးလိုက်သည်။

"တစ္ဆေတစ်သိုက်က ငါ့ရဲ့ ဓားဝင်္ကပါကို ဖျက်ဆီးချင်တာလား... စိတ်ကူးယဉ်နေတာပဲ။ မိုးကြိုးလျှပ်စီး... ကျဆင်းစမ်း"

ဓား ၉ လက်ထံမှ ပြင်းထန်သော လျှပ်စီးတန်း ၉ ခုမှာ တစ္ဆေ ၅ ကောင်ထံသို့ တပြိုင်နက် ကျဆင်းသွားခဲ့သည်။ တစ္ဆေ ၅ ကောင်မှာ ဓားရှည်များဖြင့် ခုခံသော်လည်း တောက်ပသော မိုးကြိုးလျှပ်စီးများအောက်တွင် သူတို့၏ ပုံရိပ်များ ဖျော့တော့ အားနည်းသွားသည်။ လျှပ်စီးများ ငြိမ်သက်သွားသောအခါ တစ္ဆေ ၅ ကောင်မှာ အလွန်အမင်း အားနည်းသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှာ မှိန်ဖျော့ကာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ ခက်ခက်ခဲခဲ မွေးမြူထားသော တစ္ဆေများ ပျက်စီးလုနီးပါး ဖြစ်သွားသဖြင့် ကျဲ့ဟွေမှာ အလွန်ပင် နာကျည်းသွားသည်။

ကျဲ့ဟွေက လူအရေပြားဖြင့် ပြုလုပ်ထားသော ဗုံကို ထုတ်ကာ ခပ်ဖွဖွ ပုတ်လိုက်သည်။ ထိုဗုံသံကြောင့် ကျိရုရွယ်မှာ ခန္ဓာကိုယ် ယိမ်းထိုးသွားပြီး ထိတ်လန့်သော အမူအရာ ပေါ်လာသည်။ သူမ၏ ရှေ့တွင် ကြီးမားလှသော သားရဲကြီးတစ်ကောင် ပေါ်လာသည်။ ထိုသားရဲမှာ လူပုံသဏ္ဌာန် ရှိသော်လည်း နွားဦးခေါင်း ရှိနေပြီး မျက်လုံးများမှာ နီရဲကာ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။ ၎င်းသည် ပုရွက်ဆိတ်လေးသဖွယ် ဖြစ်နေသော ကျိရုရွယ်ကို အပေါ်မှ ငုံ့ကြည့်နေသည်။ ကျိရုရွယ်မှာ ချောက်ထဲသို့ ကျသွားသလို ခံစားရပြီး တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာမှ ထွက်ပြေးချင်သော်လည်း ခြေထောက်များမှာ ခဲဆွဲထားသလို လှုပ်မရ ဖြစ်နေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုသားရဲကြီးက သူမကို နင်းခြေရန် ခြေထောက်ကို မြှောက်လိုက်ခြင်းပင်။ သူမ၏ မျက်စိရှေ့တွင် ထိုခြေဖဝါးကြီးက ဖုံးလွှမ်းသွားပြီး သားရဲ၏ အနံ့ဆိုးများကိုပင် ရရှိနေသည်။ သူမ သေရတော့မည်ဟု ထင်နေစဉ်မှာပင် သူမ၏ နားထဲတွင် အော်ဟစ်သံတစ်ခု ပေါ်လာသည်။

"ညီမလေးကျိ... သတိထားစမ်း"

ထိုအသံကြောင့် ကျိရုရွယ်မှာ အိပ်မက်မှ နိုးလာသလို သတိပြန်ဝင်လာခဲ့သည်။ သူမသည် လျှို့ဝှက်နယ်မြေထဲက ဝိညာဉ်ရည်ခန်းမတွင် ရှိနေခြင်းဖြစ်ပြီး ကျဲ့ဟွေနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ခန်းမအတွင်း ထိုသားရဲကြီး ရောက်လာစရာ အကြောင်းမရှိ၊ စိတ်ဝိညာဥ်တိုက်ခိုက်မှု ခံလိုက်ရခြင်းဖြစ်ကြောင်း အသိဝင်လာသည်။

ကျိရုရွယ်လည်း သတိဝင်လာသည်နှင့် လက်ညှိုးဖြင့် ထိုသားရဲကြီးကို ထိုးညွှန်ပြီး ဓားချီတစ်ခု လွှတ်လိုက်ရာ သားရဲကြီးမှာ အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားသည်။ သူမ၏ အာရုံများ ပြန်လည် ကြည်လင်လာသော်လည်း ထိန်းချုပ်မှု လျော့ရဲသွားသဖြင့် ဓားဝင်္ကပါမှာ ပျက်စီးသွားပြီး တစ္ဆေ ၅ ကောင်ကိုလည်း ကျဲ့ဟွေ့က ပြန်သိမ်းပြီးသည်ကို တွေ့လိုက်ရသည်။

ကျောက်ဖျာမှာမူ အလွတ်ဖြစ်သွားသည်။

ကျိရုရွယ်မှာ ဒေါသထွက်ကာ နဖူးတွင်လည်း ထိတ်လန့်မှုကြောင့် ချွေးစေးများ ထွက်နေသည်။ ကျဲ့ဟွေ၏ ဗုံမှာ ထူးဆန်းသော်လည်း တစ်ကြိမ် မြင်ဖူးသွားပြီဖြစ်သဖြင့် နောက်တစ်ကြိမ် အလွယ်တကူ လှည့်စားခံရမည် မဟုတ်ပေ။

"ကတုံးကောင်... ငါ့ဓားကို ကြည့်စမ်း"

ဓား ၉ လက်မှာ လျှပ်စီးများ စုဆောင်းကာ ကျဲ့ဟွေကို တိုက်ခိုက်ရန် ပြင်နေစဉ် ကျဲ့ဟွေက အေးအေးလူလူပင် ပြောလိုက်သည်။

"ဒကာမလေး... ဒီကိုယ်တော်က ကျောက်ဖျာကို လက်လွှတ်ပေးလိုက်ပြီပဲ။ ဘာလို့ ဒီလောက်အထိ ရန်လိုနေရတာလဲ"

ကျဲ့ဟွေ့က အလျှော့ပေးလိုက်သော်လည်း ကျိရုရွယ်က မကျေနပ်သေးဘဲ ဓား ၉ လက်ဖြင့် တိုက်ခိုက်ရန် ကြိုးစားသည်။

ထိုစဉ်မှာပင် ကျဲ့ဝူက ရွှေရောင်ဘီလူးကြီးအဖြစ် အသွင်ပြောင်းကာ အော်ဟစ်လိုက်သည်။

"ဒီမိန်းမယုတ်၊ ငါ့နောင်တော်ရဲ့ စကားကို မကြားဘူးလား။ ဓားဝင်္ကပါလေးနဲ့များ ငါတို့ကို လာခြိမ်းခြောက်နေတာလား။ တိုက်ရဲရင် တိုက်ကြည့်စမ်း၊ မင်းကို အမှုန်အမွှားဖြစ်အောင် လုပ်ပစ်မယ်"

"ညီမလေးကျိ... မလိုအပ်ဘဲ ပြဿနာမရှာပါနဲ့တော့။ ပြန်လာခဲ့ပါ" ဟု မုယွမ်ရှင်းက ကြားဝင် ဖျန်ဖြေလိုက်သည်။

ကျိရုရွယ်လည်း နှာခေါင်းရှုံ့ကာ ဓားများကို ပြန်သိမ်းလိုက်ပြီး သူမ၏ ကျောက်ဖျာသို့ ပြန်သွားသည်။ ဟွန်းယွမ်ကျောင်းတော်တွင် အခြေတည် အထွတ်အထိပ် ကျင့်ကြံသူ ၃ ဦး ရှိနေရာ ၎င်းတို့ကို တိုက်ခိုက်ပါက နှစ်ဖက်စလုံး ပျက်စီးသွားနိုင်ပြီး ဘေးကလူများသာ အကျိုးအမြတ် ရသွားမည် ဖြစ်သည်။ လွတ်နေသော ကျောက်ဖျာကိုမူ မဟာကောင်းကင်ဓားဂိုဏ်းမှ တပည့်တစ်ဦးက နေရာယူလိုက်သည်။

ကျဲ့ဟွေသည် ကျောက်ဖျာပေါ်တွင် ပြန်ထိုင်လိုက်သော်လည်း တစ္ဆေ ၅ ကောင် ဒဏ်ရာရသွားသဖြင့် သူ့မျက်နှာမှာ ယခင်ကကဲ့သို့ ကရုဏာရိပ်များ မရှိတော့ဘဲ ညိုမှောင်နေသည်။ ရုတ်တရက် တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေသည်ကို သတိပြုမိလိုက်သဖြင့် မော့ကြည့်လိုက်သောအခါ ပေါ်တင်ပင် စိုက်ကြည့်နေသော မဟာကောင်းကင်ဓားဂိုဏ်းမှ ရွှယ်ကူးကို တွေ့လိုက်ရသည်။ ကျဲ့ဟွေ့မှာ ဒေါသထွက်သွားပြီး ပြန်စိုက်ကြည့်လိုက်ရာ ရွှယ်ကူး၏ အကြည့်က လေ့ယွီဟွာတို့ထံ လှည့်သွားသည်။

ခဏအကြာတွင်... ခန်းမတစ်ခုလုံး၌ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး တဖြည်းဖြည်း ထူထပ်လာသည်။ ခန်းမအတွင်းရှိ လူတိုင်းမှာ ကြီးမားသော ဝိညာဉ်ကြောကြီး တစ်ခုအတွင်း ရောက်နေသကဲ့သို့ ခံစားရပြီး အသက်ရှူလိုက်တိုင်း ကျင့်ကြံမှုများ တိုးတက်လာသလို ခံစားနေရသည်။ လူတိုင်း၏ မျက်နှာမှာ ဝင်းလက်သွားကြသည်။

နှစ်တစ်သောင်းဝိညာဉ်ရည်များ ဖြစ်တည်လာတော့မည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

All Chapters