← Chapters

ကျဲ့ဟွေကိုယ်တော်ကို သုတ်သင်ခြင်း

Vol. 23 Ch. 238

ကျဲ့ဟွေကိုယ်တော်ကို သုတ်သင်ခြင်း

Vol. 23 Ch. 238

ဖုန်ချီ ထွက်သွားသည်နှင့် ကူပိုးကောင် တစ်ကောင် ကျောက်သားအက်ကြောင်းထဲမှ တွားထွက်လာပြီး၊ ဖုန်ချီ၏ နောက်ခပ်လှမ်းလှမ်းမှ နောက်ယောင်ခံ လိုက်ပါသွားတော့သည်။

စုန့်ဝမ်သည် မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီး လမ်းခွဲပေါင်း ၁၀ ခုကျော်ကို ဖြတ်ကျော်ခဲ့သည်။ သို့သော် ပြဿနာတစ်ခုကို သူ သတိပြုမိလိုက်သည်။ မြေအောက်မြစ်ဆီ ရောက်ရန် အောက်ဘက်သို့ ဦးတည်သော လမ်းများကိုသာ ရွေးချယ်သွားခြင်းမှာ လက်တွေ့မကျပေ။ အကြောင်းမှာ လမ်းတစ်ခုစီသည် မိုင်အနည်းငယ်အထိ ရှည်လျားပြီး လမ်းခွဲများစွာ ထပ်မံ ပေါ်လာတတ်သည်။ ရှေ့လမ်းခွဲတွင် အောက်ဘက်သို့ ဆင်းသွားသော်လည်း နောက်လမ်းခွဲသို့ ရောက်သောအခါ လမ်းအားလုံးမှာ အထက်သို့ ပြန်တက်သွားတတ်သည်။ အချို့လမ်းများမှာလည်း ရုတ်တရက် လားရာ ပြောင်းလဲသွားတတ်သည်။ ဤသည်မှာ လမ်းပျောက်စေရန် တမင်ဖန်တီးထားသော ထောင်ချောက်တစ်ခုအလား ဖြစ်နေသဖြင့် အလွန် စိတ်ပျက်သွားခဲ့သည်။

စုန့်ဝမ်လည်း မဆင်မခြင် ဆက်မသွားတော့ဘဲ လက်ထဲရှိ လျှို့ဝှက်နယ်မြေ မြေပုံကို ထုတ်ကြည့်သည်။ ဤမြေပုံမှာ ဂိုဏ်းရှိ မှတ်တမ်းများအရ ရေးဆွဲထားခြင်းဖြစ်သော်လည်း အမှားအတော်များများ ပါဝင်နေသည်ကို ရှာတွေ့ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆက်မသွားသေးဘဲ နောက်မှ လိုက်ပါလာမည့် ဖုန်ချီကို ဤနေရာ၌ စောင့်ဆိုင်းပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

စောင့်ဆိုင်းနေစဉ် ဝမ်မင်နှင့် လျန်ထျန်းလုတို့၏ အလောင်းများကို ထုတ်ကာ ဝိညာဉ်ရှာဖွေနည်းစနစ်ဖြင့် စစ်ဆေးကြည့်ရာ ဖုန်ချီတွင် ပိုမိုတိကျသော မြေပုံတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ စုန့်ဝမ်လက်ထဲရှိ မြေပုံမှာ လူတိုင်းသိသော အခြေခံမြေပုံသာ ဖြစ်သော်လည်း လျှို့ဝှက်လမ်းကြောင်းများပါသော မြေပုံများကိုမူ လျှို့ဝှက်စွာဖြင့် အရောင်းအဝယ် ပြုလုပ်ကြခြင်း ဖြစ်သည်။ ဖုန်ချီကဲ့သို့ နောက်ခံတောင့်သူများသာ လက်လှမ်းမီကြသည်။ ထို့အပြင် ဖုန်ရှင်းဟိုင်က ဝမ်မင်ကို အသက်ချမ်းသာပေးသည့် အကြောင်းရင်းကိုလည်း သိလိုက်ရသည်။ ဝမ်မင်၏ ဝိညာဉ်သားရဲဖြစ်သော ဖောက်ထွင်းကြွက်မှာ ကြွက်ဘုရင် ဖြစ်နေပြီး အဆင့်နိမ့်ကြွက်သားရဲများကို ထိန်းချုပ်နိုင်သည်။ ၎င်းတို့ကို အသုံးပြု၍ ဝိညာဉ်အာရုံ ဖိနှိပ်ခံထားရသော လျှို့ဝှက်နယ်မြေအတွင်းတွင် လမ်းကြောင်းများကို ရှာဖွေနိုင်သောကြောင့် ဖြစ်သည်။

ဝိညာဥ်ရှာဖွေမှု ပြီးစီးသည်နှင့် အလောင်းနှစ်လောင်းမှ သွေးအဆီအနှစ်နှင့် ဝိညာဉ်များကို စုပ်ယူပြီးနောက် အလောင်းကို ပြာချလိုက်သည်။ သားရဲသခင်ဂိုဏ်းဝင်များ၏ အလောင်းကို သယ်ဆောင်သွားရန်မှာ အန္တရာယ် များလွန်းလှသည် မဟုတ်ပါလား။ တစ်နာရီခန့် စောင့်ပြီးနောက် ဖုန်ချီနှင့် လေ့ယွီဟွာတို့ ရောက်မလာသဖြင့် သူ လမ်းမှားနေပြီဖြစ်ကြောင်း စုန့်ဝမ် ရိပ်မိသွားသည်။

ထို့ကြောင့် အခြားသူများအား ခြေရာခံရန် ဝိညာဉ်ရည်ခန်းမ အဝင်ဝသို့ ပြန်သွားခဲ့သည်။ ထိုနေရာတွင် မည်သူမျှ မရှိသော်လည်း ခန်းမအတွင်းပိုင်းမှ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ခံစားနေရဆဲ ဖြစ်သည်။ လိုဏ်ဂူအဝင်ဝရှိ ကြမ်းပြင်ထောင့်ကို ကြည့်လိုက်ရာ ကူပိုးကောင်က ချန်ထားခဲ့သော အမှတ်အသား အစင်းကြောင်း သုံးခုကို ရှာတွေ့လိုက်သည်။ အမှတ်အသားများအတိုင်း လိုက်သွားရာ တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် လိုဏ်ဂူလမ်းများမှ လွန်မြောက်ကာ ကျယ်ပြောလှသော မြေအောက်မြစ်တစ်ခုသို့ ရောက်ရှိသွားသည်။ မြစ်ရေမှာ ပြင်းထန်စွာ စီးဆင်းနေပြီး တဝုန်းဝုန်း မြည်သံများက လိုဏ်ဂူအတွင်း ဟိန်းထွက်နေသည်။ မြစ်ကမ်းတစ်လျှောက်တွင် ထူးဆန်းသော အပင်ငယ်လေးများ ပေါက်နေပြီး ကြယ်ကလေးများအလား မှိန်ဖျော့ဖျော့ အလင်းများ ထွက်နေသည်။

စုန့်ဝမ်လည်း မြစ်ကို ဖြတ်ကူးကာ ကူပိုးကောင်၏ လမ်းညွှန်ချက်အတိုင်း မြစ်အထက်ပိုင်းသို့ ဆက်သွားခဲ့သည်။ မြစ်အတွင်း၌ အစွမ်းထက်သော ရေသားရဲများ ရှိနိုင်သဖြင့် ပျံသန်းခြင်းမပြုဘဲ သတိထားကာ လမ်းလျှောက်သွားသည်။ မိုင်ပေါင်းဆယ်ချီ ခရီးနှင်ပြီးနောက် ကျောက်နံရံတစ်ခုတွင် လူတစ်ကိုယ်စာ ဝင်နိုင်သော လိုဏ်ဂူပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ လူသားများ တူးဖော်ထားသော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ထိုဂူအတွင်းသို့ ဝင်သွားသောအခါ ဒုတိယမြောက် မြေအောက်မြစ်ငယ်တစ်ခုကို တွေ့ရပြန်သည်။ ဤမြစ်မှာ ပထမတစ်ခုထက် သေးငယ်ပြီး ရေစီးလည်း နှေးသည်။ ထိုနေရာတွင် မထင်မှတ်ထားဘဲ လူအချို့နှင့် တည့်တည့်တိုးပါတော့သည်။

တစ်ဖက်လူက စုန့်ဝမ်ကို သတိပြုမိသွားသော်လည်း မကြောက်မရွံ့ဘဲ ရှေ့သို့ တိုးလာခဲ့သည်။

"ဒကာ... ငါက ဟွန်းယွမ်ကျောင်းတော်က ကျဲ့ဟွေပါ။ ဒကာ့နာမည်ကို သိပါရစေ"

ကျဲ့ဟွေက စကားပြောရင်း တည်ကြည်လေးနက်သော ဟန်ပန်အမူအရာဖြင့် အေးအေးဆေးဆေး လျှောက်လာသည်။ အကယ်၍ စုန့်ဝမ်သာ ဤသူ၏ သရုပ်မှန်ကို မသိပါက အရူးလုပ်ခံရပေလိမ့်မည်။ ထိုစဉ်မှာပင် ကူပိုးကောင်ဆီမှ ကျဲ့ဝူနှင့် ကျဲ့စဲတို့ အနားတွင် မရှိဘဲ ကျဲ့ဟွေ တစ်ဦးတည်းသာ ရှိနေကြောင်း သတင်းပို့လာသည်။

ကျဲ့ဟွေ့သည် စုန့်ဝမ်ကို ရှင်းရှင်းလင်းလင်း မြင်သည်နှင့် မျက်လုံးများ တောက်ပသွားသည်။ စုန့်ဝမ်တွင် ဝိညာဉ်ရည်များ ရှိနေကြောငး သိထားသလို၊ အခြေတည် အလယ်အဆင့်ရှိ ဤကျင့်ကြံသူကို နှိမ်နင်းနိုင်မည်ဟု ယုံကြည်နေသဖြင့် ဆူဖြိုးသောသားကောင်ဟု မြင်လာသည်။

"ဩော်... သားရဲသခင်ဂိုဏ်းက ဒကာဝူရှန်းပါလား။ ကဲ … ဝူရှန်း ဝိညာဉ်ရည်ကို အခု အပ်စမ်း။ ဒါဆိုရင် မင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးမယ်။ မဟုတ်ရင်တော့ မင်းရဲ့ ဝိညာဉ်ကို မိစ္ဆာတွေ ဝါးမျိုတာ ခံရလိမ့်မယ်"

ကျဲ့ဟွေက စကားပြောနေစဉ်မှာပင် လူအရေပြားဗုံကို ပုတ်လိုက်ရာ စုန့်ဝမ်၏ ရှေ့တွင် ကမ္ဘာကြီး ချာချာလည်သွားပြီး ပေတစ်ထောင်မြင့်သော တောင်ကြီးတစ်လုံး ပေါ်လာသည်။ ထိုတောင်တွင် ရွေ့လျားနေသော နှာမောင်း ၁၈ ချောင်း ပါရှိရာ ၎င်းမှာ သားရဲသခင်င်ဂိုဏ်း၏ အစောင့်အရှောက်သားရဲ သွေးစွေ့၏ ပုံရိပ်ပင် ဖြစ်သည်။

ရုတ်တရက် ကြောင်သွားသော်လည်း စုန့်ဝမ် ချက်ချင်းပင် သတိဝင်လာသည်။ ကျဲ့ဟွေက သူ့ထုံးစံအတိုင်း စိတ်ဝိညာဥ်တိုက်ခိုက်မှု ပြုလုပ်လိုက်သည်ကို ရိပ်မိသဖြင့် အာရုံကို စုစည်းပြီး မဟာဂူမိုးကြိုးနည်းစနစ် ထုတ်သုံးလိုက်ရာ ပြင်းထန်သော လျှပ်စီးတန်းကြီး တစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာပြီး သွေးစွေ့၏ ပုံရိပ်ကို မှန်ရိုက်ခွဲသကဲ့သို့ တစစီ ချေဖျက်လိုက်သည်။ စုန့်ဝမ်၏ အမြင်အာရုံ ပြန်လည် ကြည်လင်လာချိန်တွင် အရိုးလှံတစ်ချောင်းမှာ သူနဖူးထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသဖြင့် ကြေးခေါင်းလောင်းကို အလျင်အမြန် အသက်သွင်းကာ ခုခံလိုက်ရသည်။ ထိခိုက်မှု မရှိသော်လည်း ထိုလှံ၏ ပြင်းအားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

ကျဲ့ဟွေ အံ့ဩသွားသည်။ သူ၏ အလစ်ဖမ်းတိုက်ခိုက်မှုကို စုန့်ဝမ်က ခုခံနိုင်ခဲ့ရုံသာမက ထိုသူမှာ သန်မာသော ခန္ဓာကိုယ်ကျင့်ကြံသူပင် ဖြစ်နေသည်။ ကျဲ့ဟွေက သူ့ပါးစပ်မှ အမည်းရောင် အဆိပ်ငွေ့များကို အလုံးအရင်းနှင့် မှုတ်ထုတ်လိုက်ပြန်သည်။ အခြားသူဆိုလျှင် ဤအဆိပ်ငွေ့များကြောင့် အဆိပ်သင့်ပြီး ဒုက္ခရောက်မည်မှာ ကျိန်းသေသော်လည်း အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျင့်ကြံထားသော စုန့်ဝမ်မှာမူ တုန်လှုပ်ခြင်း မရှိပေ။

သူ့အဆိပ်ငွေ့ မထိရောက်သဖြင့် ကျဲ့ဟွေ အံ့ဩနေစဉ်မှာပင် စုန့်ဝမ်၏ ခန္ဓာကိုယ်မှ အလောင်းချီ အငွေ့အသက်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ် မာကျောသွားပြီး ရှည်လျားသော လက်သည်းများနှင့် အစွယ်များ ထွက်ပေါ်လာတော့သည်။

"နတ်ဆိုးလမ်းစဉ် အလောင်းကျင့်ကြံသူလား၊ ဘယ်လို ဖြစ်နိုင်မှာလဲ"

ကျဲ့ဟွေ မျက်လုံးပြူးသွားသည်။ လူတစ်ဦးတည်းက လမ်းမှန်နှင့် နတ်ဆိုးလမ်းစဉ်နှစ်ခုလုံးကို မည်သို့ ကျင့်ကြံနိုင်သနည်း။

ကျဲ့ဟွေ သတိလက်လွတ် ငေးကြောင်ကြည့်နေစဥ် စုန့်ဝမ်၏ ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်နှစ်ခု ပေါ်လာပြန်သည်။ ဘယ်ဘက်တွင် ငွေအလောင်းရုပ်သေးနှင့် ညာဘက်တွင် တစ္ဆေဘုရင်တို့ ဖြစ်သည်။ ၎င်းတို့မှာ တတိယအဆင့် တစ်ပိုင်းဖြစ်ပြီး အလွန်အစွမ်းထက်ကြသည်။ တတိယအဆင့် နတ်ဆိုးများသည် ရွှေအမြုတေ ကျင့်ကြံသူနှင့် ခွန်အားတူညီရာ သူ့လို အခြေတည် အထွတ်အထိပ်အဆင့် ရှိသူအတွက် အလွန်ခက်ခဲသောပြိုင်ဘက် ဖြစ်သည်။ ယခုလို နှစ်ကောင်ဆိုပါက ရင်ဆိုင်ခြင်းသည် သေလမ်းရှာခြင်းပင် မဟုတ်ပါလား။ ကျဲ့ဟွေလည်း ဟန်ပင်မဆောင်နိုင်တော့ဘဲ အလန့်တကြား ထွက်ပြေးပါတော့သည်။

"မင်း အခုမှ ပြေးချင်နေတာလား။ နောက်ကျသွားပြီ"

စုန့်ဝမ်က ရက်စက်စွာ ပြုံးရင်း ပြောလိုက်သည်။ ဤနေရာမှာ အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသဖြင့် သူ့အစွမ်းအစအကုန် ထုတ်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျဲ့ဟွေမှာ ချက်ချင်း ထွက်ပြေးသော်လည်း ပေ ၃၀ ပင် မရောက်လိုက်၊ တစ္ဆေဘုရင်က ချက်ချင်း လိုက်မီသွားပြီး ကျောကုန်းကို အားကုန် ကန်ထုတ်လိုက်ရာ ကျဲ့ဟွေ၏ ဝိညာဥ်စွမ်းအင် အကာအကွယ်မှာ တစ်စစီ ကြေမွသွားတော့သည်။

“ဗုန်း”

တစ္ဆေဘုရင်၏ ကန်ချက်က ကျဲ့ဟွေ့၏ ကျောတည့်တည့်သို့ ကျရောက်သွားရာ သူ့ခန္ဓာကိုယ်မှာ ရှေ့ဘက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာသည်။ အသက်မသေသော်လည်း တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေကုန်သည့်အလား ခံလိုက်ရသဖြင့် ထပင် မထနိုင်တော့။

ထိုအချိန်မှာပင် စုန့်ဝမ်က လဲကျနေသာ ကျဲ့ဟွေအနား ရောက်လာသည်။ စုန့်ဝမ်၏မျက်နှာမှာ လူနှင့်မတူတော့၊ အသားအရေမှာလည်း မည်းနက်ခြောက်ကပ်နေပြီး အစွယ်များလည်း ပြူးထွက်နေသည်။ အသက်ရှူလိုက်တိုင်း နှာခေါင်းမှ အလောင်းချီ အငွေ့အသက်များ ဝဲလည်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

"ဆရာတော်... ခုနကပဲ ကျွန်တော့်ကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်၊ မိစ္ဆာနှိမ်နင်းမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခုရော ဘယ်နှယ့်လဲ"

စုန့်ဝမ်၏ မီးခိုးရောင် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လှောင်ပြောင်ကာ သူ၏ ထက်မြက်သော လက်သည်းများဖြင့် ကျဲ့ဟွေ၏ ဦးခေါင်းကို ထိုးစိုက်ရန် ပြင်လိုက်သည်။

"နေပါဦး... ဒကာကြီး..."

ကျဲ့ဟွေ၏ ထိတ်လန့်နေသော အသံကြောင့် စုန့်ဝမ်၏ လက်သည်းများမှာ သူ့ခေါင်းနှင့် လက်မဝက်ခန့်အကွာတွင် ရပ်တန့်သွားသည်။

"ဩော်... ဆရာတော်မှာ နောက်ဆုံးစကားများ ရှိသေးလို့လား။ မြန်မြန်ပြောပါ။ ပြောပြီးရင်တော့ ဒီမိစ္ဆာက ဆရာတော့်ကို ဘုရားဖူးဖို့ အနောက်ဘက် နိဗ္ဗာန်ဘုံဆီ ပို့ပေးပါ့မယ်"

ကျဲ့ဟွေက ပျာပျာသလဲ ပြန်ပြောသည်။

"လောကမှာ လူသားအားလုံး တန်းတူပါပဲ၊ မိစ္ဆာဆိုတာ မရှိပါဘူး။ မြတ်စွာဘုရားမှာ ပုံသဏ္ဌာန်ပေါင်း တစ်ထောင်ရှိတယ်... ဒကာကြီးဟာ မိစ္ဆာမဟုတ်ပါဘူး၊ လောကက မိစ္ဆာတွေကို နှိမ်နင်းဖို့ ပွင့်လာတဲ့ ဘုရားလောင်းရဲ့ ကိုယ်ပွားတစ်ခုပါပဲ"

ထိုစကားကို ကြားသောအခါ စုန့်ဝမ်ပင် ကြောင်သွားသည်။ ကျဲ့ဟွေထံမှ အသက်နှင့်လဲရလောက်သော အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုခု ကြားရလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခုမူ သေခါနီးအချိန်ထိ လှည့်ဖြားရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် စုန့်ဝမ်၏ လက်သည်းများက ကျဲ့ဟွေ၏ ဦးခေါင်းခွံကို ဖောက်ထွက်သွားပါတော့သည်။

ကျဲ့ဟွေကို အပြတ်ရှင်းပြီးသည်နှင့် စုန့်ဝမ်လည်း နတ်ဆိုးနည်းစနစ်ကို ရုပ်သိမ်းပြီး သက်ရှည်ကျင့်စဥ်ကို ပြန်အသက်သွင်းလိုက်သည်။ ထို့နောက် အချိန်မဆိုင်းဘဲ ကျဲ့ဟွေ၏ မှတ်ဉာဏ်ကို ရှာဖွေရန် ဝိညာဉ်ရှာဖွေနည်းစနစ်ကို အသုံးပြုလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ အခြေတည်အဆင့် အထွတ်အထိပ်တွင် ရှိကြသော်လည်း စုန့်ဝမ်၏ ဝိညာဉ်အာရုံက ပိုမိုအားကောင်းသဖြင့် ကျဲ့ဟွေ၏ နောက်ဆုံးရက်ပိုင်းအတွင်း မှတ်ဉာဏ်ကို အပြည့်အဝ ရှာတွေ့ခဲ့သည်။

ကျဲ့ဟွေ၏ မှတ်ဉာဏ်များအရ ဝိညာဥ်ရည်ခန်းမမှ ထွက်လာပြီးနောက် ဖြစ်ခဲ့သည်များကို စုန့်ဝမ် သိလိုက်ရသည်။ ဝိညာဉ်ရည်ခန်းမမှ ထွက်သည်နှင့် ကျဲ့ဟွေနှင့် သူ့အပေါင်းအပါများသည် ရုန်ကျင့်ယွမ်ကို မိုင်ပေါင်းရာချီ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ ချောက်ကမ်းပါးအဆုံးရှိ ရေကန်ကြီးတစ်ခုကို တွေ့လိုက်ရချိန်တွင် ရုန်ကျင့်ယွမ်လည်း ရွေးစရာ မရှိသည့်အဆုံး ရေခဲတမျှအေးသော ရေကန်ထဲသို့ ခုန်ချသွားသည်။ ရေမှာ အလွန်တရာ အေးစက်လွန်းသဖြင့် သူမ၏ အရေပြားနှင့် အသားများမှာ အေးခဲကာ ပျက်စီးလုမတတ် ဖြစ်လာသော်လည်း အလင်းမီးလျှံအိုးမှ မြေကမ္ဘာမီးလျှံအချို့ကို ခန္ဓာကိုယ်အတွင်း စီးဝင်စေပြီး အအေးဒဏ်ကို ကာကွယ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုရေကန်မှာ ပေ ၃၀ ခန့်သာ နက်ပြီး အောက်ခြေတွင် လိုဏ်ဂူလမ်းကြောင်းတစ်ခု ရှိနေသည်။

ကျဲ့ဟွေတို့လည်း ရေကန်အနီးသို့ ရောက်သောအခါ ဤကဲ့သို့ စိုစွတ်မှောင်မည်းသော နေရာတွင် ယင်ယန်သွေးမျက်ရည်ပင် ပေါက်ရောက်တတ်ကြောင်း သိထားသဖြင့် ရေကန်ပတ်ဝန်းကျင်တွင် ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် ရုန်ကျင့်ယွမ်သွားရာ ရေအောက်လမ်းအတိုင်း ဆက်လက်လိုက်ပါခဲ့ကြသည်။

ရုန်ကျင့်ယွမ်က ရေအောက်လမ်းအဆုံးတွင် အထက်သို့ ပြန်တက်လိုက်ရာ မြေအောက်လိုဏ်ဂူ တစ်ခုသို့ ရောက်ရှိသွားသည်။ သူမသည် မီးတောက်အဆော်တစ်ခု ပစ်လွှတ်ပြီး အလင်းပေးလိုက်ရာ ထိုနေရာတွင် ထူးဆန်းသော ကျောက်စက်ပန်းဆွဲများနှင့် မြေအောက်မြစ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုမြစ်တွင် ရေအောက်လမ်းကြောင်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရသော်လည်း မဝင်ရောက်နိုင်မီ နောက်မှလိုက်လာသော ကျဲ့ဟွေတို့အဖွဲ့ ရောက်ရှိလာပြီး ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

ရုန်ကျင့်ယွမ်လည်း တိုက်ခိုက်မှုများကို ရှောင်ရှားကာ ရေအောက်လမ်းဆီသို့ အရောက်သွားရန် ကြိုးစားသော်လည်း အင်အားမမျှသဖြင့် ဖောက်မထွက်နိုင်တော့ပေ။ ကျဲ့စဲ၏ မိစ္ဆာနှိမ်တုတ်ရိုက်ချက် ထိမှန်ပြီး သွေးအန်ပြီး လွင့်စင်သွားခဲ့သည်။ ပြန်ထရန် ကြိုးစားနေချိန် ကျဲ့ဝူက ကြီးမားသော ကျောက်စက်တိုင်ကြီးမကို ချိုးကာ အားကုန် ပစ်ပေါက်လိုက်သဖြင့် ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရကာ မြစ်ကမ်းနားတွင် လဲကျသွားခဲ့သည်။ ကျဲ့စဲက ဒဏ်ရာအပြင်းအထန် ရသွားသော ရုန်ကျင့်ယွမ်အနားသို့ ရောက်လာပြီး ရမ္မက်ကြီးစွာဖြင့် ကြည့်ကာ မသတ်ခင် စော်ကားရန် ကြံစည်ပြန်သည်။

ထိုစဉ် ကျဲ့ဟွေက မြစ်ကမ်းနားရှိ ကျောက်တိုင်များကြားတွင် ယင်ယန်သွေးမျက်ရည်အပင်ကို တွေ့ရှိသွားခဲ့သည်။ ထိုအပင်မှာ အရွက် ၂၄ ရွက် ရှိနေသဖြင့် သက်တမ်း နှစ်ပေါင်းငါးရာနီးပါး ရှိနေပြီဖြစ်ကာ ရွှေအမြုတေဆေးလုံး ဖော်စပ်ရန် အသင့်လျော်ဆုံးပင် ဖြစ်သည်။ ကျဲ့ဟွေသည် အပင်နားတွင် သားရဲများ ရှိနိုင်သဖြင့် တစ်ဦးတည်း ရယူဖို့ စိတ်မကူးဘဲ အပေါင်းအပါများကို အသိပေးလိုက်သည်။

ဆေးပင်ကို တွေ့သွားပြီဖြစ်၍ ကျဲ့စဲလည်း ရုန်ကျင့်ယွမ်ဖြင့် အချိန်ဖြုန်းရန် စိတ်မကူးတော့ဘဲ မိစ္ဆာနှိမ်တုတ်ဖြင့် ရိုက်ချကာ အဆုံးသတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရုတ်တရက် မြစ်အတွင်းမှ ကြီးမားသော ရေခဲတိုင်လုံးတစ်ခု ထိုးထွက်လာပြီး ကျဲ့စဲ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ရုန်ကျင့်ယွမ်ရော ကျဲ့စဲပါ အံ့ဩသွားစဉ် မြစ်ရေအောက်မှ လူတစ်ကိုယ်စာခန့် တုတ်ခိုင်ပြီး ကြည်လင်နေသော နှာမောင်းလက်တံတစ်ခု ထွက်ပေါ်လာသည်။ ထိုနှာမောင်းမှာ အလွန်ကြည်လင်သဖြင့် ရေထဲတွင် ငြိမ်နေပါက သတိပြုမိရန် ခက်ခဲလှသည်။ ထိုနှာမောင်းသည် ဒဏ်ရာရနေသော ရုန်ကျင့်ယွမ်နှင့် သူမဖက်ထားသော ရန်ကွမ်းတင့်အိုးကို ရစ်ပတ်ကာ ရေအောက်သို့ ဆွဲခေါ်သွားတော့သည်။

All Chapters