ဖုန်ချီနဲ့ ထိပ်တိုက်တိုးပြီ
Vol. 23 Ch. 239
အခြေအနေ ရှုပ်ထွေးနေစဥ် ကျဲ့ဟွေက ဆေးပင်ကို လှမ်းယူရန် အမြန် ပြေးဝင်သွားခဲ့သည်။ သို့သော် သူသည်လည်း မြစ်ထဲမှ ရုတ်တရက် တိုးထွက်လာသော လက်တံတစ်ခု၏ ရိုက်ချက်ကြောင့် နောက်ပြန် လွင့်စင်ထွက်သွားသည်။ ကျဲ့ဟွေ မျက်နှာပျက်သွားသည်။ လက်တံပိုင်ရှင် ရေသားရဲကြီးမှာ အလွန်ရှည်လျားသော ခန္ဓာကိုယ် ရှိနေကြောင်း သဘောပေါက်လိုက်သည်။ ယင်ယန်သွေးမျက်ရည်အပင် ရှိရာနေရာနှင့် ရုန်ကျင့်ယွမ် ရှိနေသည့်နေရာမှာ တစ်မိုင်ကျော် ဝေးကွာသော်လည်း ဤသားရဲက တပြိုင်တည်းနီးပါး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဤသားရဲ၏ ခန္ဓာကိုယ် အရှည်မှာ ယုံနိုင်စရာမရှိအောင်ပင်။
ကျဲ့ဟွေသည် အနောက်သို့ အမြန်ဆုတ်ခွာပြီး ဗုဒ္ဓတံဆိပ်တော် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ရာ ချက်ချင်းပင် ပေ ၃၀ ခန့်မြင့်သည့် ဗုဒ္ဓရုပ်ပွားတော် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုရုပ်ပွားတော်က ဗုဒ္ဓစည်းတံဆိပ်ကို ကိုင်စွဲကာ ရေသားရဲ၏ ရှည်လျားသော လက်တံကို ရိုက်ချလိုက်သည်။ အင်အားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံသွားရာ လက်တံမှာ အနည်းငယ် တုန်ခါသွားပြီး မြစ်ထဲသို့ လွင့်ထွက်သွားသလို၊ ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝါးမှာလည်း ပျက်ပြယ်သွားသည်။
ရေသားရဲမှာ အားကောင်းလွန်းနေသဖြင့် ကျဲ့ဟွေတို့လည်း သုံးယောက်ပေါင်းပြီး တိုက်ခိုက်ကြရသည်။ ကျဲ့ဝူက ရဟန္တာရွှေခန္ဓာနည်းစနစ် အသက်သွင်းပြီး ထိုးနှက်တိုက်ခိုက်ရာ ရေသားရဲ၏လက်တံတစ်ခု ပြတ်ထွက်သွားသော်လည်း နောက်လက်တံတစ်ခု ထွက်ပေါ်လာပြီး ရစ်ပတ်ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ကျဲ့ဝူ အစွမ်းကုန် ရုန်းကန်သော်လည်း ပျော့ဖက်ဖြစ်လုမတတ် ဖြစ်ညှစ်ထားသည့် လက်တံကြီးထံမှ ရုန်းမထွက်နိုင်ဘဲ မြစ်ထဲသို့ ဆွဲချခံလိုက်ရသည်။
ကျဲ့စဲလည်း လက်တံများကို တိုက်ခိုက်နေ၍ အကျိုးမရှိကြောင်း နားလည်သဖြင့် ရေသားရဲ ရှိနိုင်မည့် ဗဟိုချက်နေရာကို မှန်းဆပြီး မိစ္ဆာနှိမ်တုတ်ဖြင့် အားကုန်သုံး ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ မိစ္ဆာနှိမ်တုတ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရေထဲသို့ စိုက်ဝင်သွားသည်။
ချက်ချင်းပင် မြစ်တွင်းမှ ကျယ်လောင်စူးရှသော အော်သံကြီး ထွက်ပေါ်လာပြီး ပုန်းအောင်းနေသော ရေသားရဲကြီး ထွက်ပေါ်လာသည်။ ၎င်းမှာ ဂျယ်လီငါးနှင့် တူပြီး ကိုယ်ထည်မှာ ကြည်လင်နေသဖြင့် အတွင်းအင်္ဂါများကိုပင် မြင်နေရသည်။ ကိုယ်ထည်မှာ အချင်း ပေ ၂၀ ခန့်သာ ရှိသော်လည်း တုတ်ခိုင်ရှည်လျားသော လက်တံ ၈ ခု ပါရှိသည်။ လက်တံနှစ်ခုမှာ ကျဲ့ဝူနှင့် ရုန်ကျင့်ယွမ်ကို ရစ်ပတ်ထားသည်။ ထိုသားရဲ၏ ဦးခေါင်းပေါ်တွင် မိစ္ဆာနှိမ်တုတ် ထိမှန်သွားသည့် အပေါက်ကြီး တစ်ခု ဖြစ်နေပြီး စေးကပ်သော အရည်များ စီးကျနေသည်။
ဦးခေါင်းတွင် ဒဏ်ရာရသွားသဖြင့် သားရဲကြီးမှာ အလွန်အမင်း ဒေါသထွက်သွားပြီး လက်တံများကို လေထဲတွင် ရမ်းခါကာ ကျဲ့ဝူနှင့် ရုန်ကျင့်ယွမ်ကို လွှင့်ပစ်လိုက်သည်။ ကျဲ့ဝူမှာ အမြောက်ဆန်တစ်ခုလို လွင့်စဉ်သွားပြီး ကျောက်စက်တိုင်များစွာကို တိုက်မိပြီးမှ ရပ်တန့်သွားသည်။ ဤပြင်းထန်သော ရိုက်ခတ်မှုကြောင့် ကျဲ့ဝူ၏ အရိုးအားလုံးနီးပါး ကျိုးကြေသွားပြီး ရဟန္တာရွှေခန္ဓာပညာလည်း ပျက်ပြယ်ကာ မြေပေါ်တွင် ပုံလျက်သား လဲကျသွားတော့သည်။
ရုန်ကျင့်ယွမ်မှာမူ ကံကောင်းထောက်မစွာဖြင့် မြစ်ထဲသို့ လွင့်ကျသွားသောကြောင့် ပြင်းပြင်းထန်ထန် မထိခိုက်ခဲ့ပေ။ သို့သော် ရရှိထားသော အတွင်းဒဏ်ရာများမှာ ပိုမိုပြင်းထန်လာသဖြင့် ပျံသန်းရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ မြစ်အောက်ပိုင်းရှိ လိုဏ်ဂူလမ်းကြောင်းဆီသို့ အရောက်သွားရန်သာ ကြိုးစားရတော့သည်။ ရေသားရဲ၏ အာရုံမှာ ကျဲ့စဲထံ ရောက်နေသဖြင့် ရုန်ကျင့်ယွမ် ကံကောင်းသွားသည်။
ဒေါသထွက်နေသော ရေသားရဲ၏ လက်တံ ၈ ခုလုံးမှာ ကျဲ့စဲထံသို့ စုပြုံကျရောက်သွားသည်။ ကျဲ့စဲမှာ အလွန်တရာ ထိတ်လန့်သွားပြီး နောက်သို့ အမြန်ဆုတ်သော်လည်း မလွတ်တော့။ လက်တံတစ်ခုက မိစ္ဆာနှိမ်တုတ်ကို အဝေးထိ ရိုက်ထုတ်ပစ်လိုက်သဖြင့် လက်နက်မဲ့ ဖြစ်သွားပြီး ခုခံမှု အားလျော့ကျသွားသည်။ ထို့နောက် အသက် ၃ ရှိုက်စာ ကြာချိန်အတွင်းမှာပင် လက်တံများအလယ်တွင် ပိတ်မိသွားတော့သည်။ ဝတ်ရုံမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းသာ မရှိပါက အသားစိုင်တစ်ခုအဖြစ် ကြေမွသွားမည်မှာ ကျိန်းသေပင်။
ကျဲ့စဲက ကျဲ့ဝူအား အသက်ကယ်ဆေး တိုက်ကျွေးကယ်တင်နေသော ကျဲ့ဟွေအား အသည်းအသန် အော်ဟစ် အကူအညီ တောင်းတော့သည်။ ကျဲ့ဟွေလည်း လူအရေပြားဗုံကို ပုတ်ကာ ရေသားရဲကို စိတ်ဝိညာဥ်တိုက်ခိုက်မှုဖြင့် ထိုးနှက်လိုက်သည်။ သို့သော် ရေသားရဲမှာ တခဏ ယိမ်းယိုင်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာပြီး ကျဲ့စဲကို ဆက်လက်ညှစ်ထားပြန်သည်။
ကျဲ့ဟွေ တွေဝေသွားသည်။ ဤရေသားရဲမှာ ဒုတိယအဆင့် အထွတ်အထိပ်သားရဲ ဖြစ်သည်။ အခြားနေရာတွင် ရင်ဆိုင်ရပါက အနိုင်ရရန် ဖြစ်နိုင်သော်လည်း ဝိညာဥ်အာရုံ ဖြန့်ကြတ်မှု ကန့်သတ်ခံထားရသော ဤနယ်မြေတွင် လက်တံရှည်များ ပိုင်ဆိုင်ထားသည့် ဤသားရဲကို အနိုင်ယူရန် ခဲယဥ်းလွန်းလှသည်။ ကျဲ့ဟွေသည် ခေတ္တတွေဝေပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ကျဲ့ဝူကို ဆွဲယူပြီး လာရင်းရေခဲမြစ်ထဲသို့ ပြန်လည်ခုန်ချပြီး ကိုယ်လွတ်ရုန်းတော့သည်။ ရေလမ်းကြောင်းအတွင်းမှ မထွက်မီ နောက်လှည့်ကြည့်ရာ ကျဲ့စဲမှာ လက်တံများကြားတွင် အသားပုံတစ်ခုအဖြစ် ကြေမွသွားသည်ကိုသာ မြင်လိုက်ရတော့သည်။
ကျဲ့ဟွေသည် ဒဏ်ရာရနေသော ကျဲ့ဝူကို ဆွဲကာ ဝိညာဉ်ရည်ခန်းမသို့ ပြန်ရောက်လာသည်။ ခန်းမမှာ လူသူကင်းမဲ့နေပြီ ဖြစ်သည်။ ကျဲ့ဝူမှာ မြေအောက်မြစ်၏ အအေးဒဏ်ကြောင့် ဒဏ်ရာများ ပိုမိုဆိုးရွားလာပြီး မြေပေါ်တွင် မလှုပ်မယှက် လဲကျနေသည်။ ကျဲ့ဟွေလည်း ပါလာသမျှ ဆေးများဖြင့် ကျဲ့ဝူကို မကယ်နိုင်တော့ကြောင်း နားလည်သွားသဖြင့် တစ္ဆေများကို ထုတ်ယူကာ အဟာရအဖြစ် ကျွေးမွေးလိုက်ပါတော့သည်။ ကျဲ့ဝူမှာ ဝိညာဉ်ပါ ဝါးမျိုခံလိုက်ရသဖြင့် လူဝင်စားခြင်းသံသရာသို့ မဝင်ရောက်နိုင်တော့ဘဲ အပြီးတိုင် ချုပ်ငြိမ်းသွားသည်။
ထို့နောက် ကျဲ့ဟွေလည်း ခန်းမထဲမှ ထွက်ခွာလာခဲ့သည်။ ယင်ယန်သွေးမျက်ရည်အပင်ကို လိုချင်သော်လည်း ရေသားရဲနှင့် ရင်ဆိုင်နိုင်စွမ်း မရှိသဖြင့် အခြားနေရာများတွင် ကံစမ်းရန် လျှောက်သွားရင်း စုန့်ဝမ်နှင့် တည့်တည့်တိုးခဲ့ခြင်း ဖြစ်သည်။
စုန့်ဝမ်လည်း ဝိညာဉ်ရှာဖွေခြင်းမှ ရရှိသော အချက်အလက်များကို စစ်ဆေးပြီး အလွန်ဝမ်းသာသွားသည်။ ယင်ယန်သွေးမျက်ရည်အပင် ရှိနေကြောင်းကို သိလိုက်ရသော်လည်း ဒုတိယအဆင့် ရေသားရဲမှာ အခက်အခဲတစ်ခု ဖြစ်နေပြန်သည်။ ဆေးပင်မှာ ထိုရေသားရဲကြီး စောင့်နေသဖြင့် အခြားသူများ အလွယ်တကူ ယူနိုင်မည်မဟုတ်သောကြောင့် နောက်မှ သွားရန် ဆုံးဖြတ်လိုက်သည်။
ဦးစားပေးအနေဖြင့် ဖုန်ချီကို သုတ်သင်ရှင်းလင်းရန်က ပိုအရေးကြီးသည်။ ဖုန်ချီအနေဖြင့် ဝမ်မင်အား လျှို့ဝှက်ကူညီခြင်းက ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်သည်။ ဝမ်မင်တို့အား သတ်ဖြတ်ခဲ့သည့်နေရာကို စစ်ဆေးပါက မည်သူ့လက်ချက်ဖြစ်မည်ကို သိသွားနိုင်ခြေ မြင့်မားသည်။ ဖုန်ချီအား လျှို့ဝှက်နယ်မြေမှ အသက်ရှင်လျက် ထွက်ခွင့်ပေး၍ မဖြစ်တော့။
စုန့်ဝမ်လည်း ဖုန်ချီကို ခြောရခံနေသော ကူပိုးကောင်၏ အမှတ်အသားများအတိုင်း လိုက်သွားရာ မြစ်အထက်ပိုင်း မိုင်ပေါင်းရာချီအကွာသို့ ရောက်ရှိသွားသည်။ ထိုစဉ် ရှေ့တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။ တိုက်ပွဲဖြစ်နေကြခြင်း ဖြစ်သည်။ စုန့်ဝမ်လည်း တိတ်တဆိတ် ချဥ်းကပ်ပြီး အနားသို့ တိုးသွားကြည့်လိုက်ရာ တိုက်ခိုက်နေသူများမှာ ကျိရုရွယ် နှင့် ဖုန်ချီတို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကျိရုရွယ်သည် မိစ္ဆာနှိမ်နင်းဓားဝင်္ကပါကို အသုံးပြုကာ ဖုန်ချီကို ပိတ်ဆို့တိုက်ခိုက်နေသည်။ လျှပ်စီးများနှင့် ဓားအလင်းတန်းများက ဖုန်ချီကို ဆက်တိုက် တိုက်ခိုက်နေသော်လည်း ဖုန်ချီမှာ အားနည်းသူမဟုတ်ပေ။ ဓားဝင်္ကပါအတွင်း၌ပင် အေးအေးဆေးဆေး ခုခံနေသည်။ တစ်ဖက်တွင်မူ ကျိရုရွယ်မှာ ဝိညာဉ်စွမ်းအား အမြောက်အမြား သုံးစွဲနေရသဖြင့် အားနည်းလာပုံ ပေါ်သည်။
"ဟိုတစ်ခါက မင်းရဲ့ ဆရာနဲ့ ဟယ်ဟွမ်းဂိုဏ်းက လူတွေကြောင့် အသက်ဘေးက လွတ်ခဲ့တာ။ ဒီတစ်ခါတော့ မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"
ဖုန်ချီက ကျိရုရွယ်ကို လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
ကျိရုရွယ်က အံကြိတ်ကာ ဓားဝင်္ကပါ၏ အစွမ်းကို မြှင့်တင်လိုက်ရာ မိုးကြိုးလျှပ်စီးများနှင့် ဓားချီများ ပိုမိုပြင်းထန်လာသည်။ ဖုန်ချီမှာ ဖိအားကို ခံနေရသော်လည်း ဝမ်းသာနေသည်။ ကျိရုရွယ်အနေဖြင့် ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို ကြာရှည် ထိန်းထားနိုင်မည် မဟုတ်သောကြောင့်ပင်။
ဖုန်ချီသည် မီးလျှံခေါင်းလောင်းကို အသုံးပြုကာ ခုခံနေစဉ် ဓားချီတစ်ခုနှင့် မိုးကြိုးတစ်ချက် ထိမှန်သွားပြီး ခေါင်းလောင်းမှာ ပေါက်ကွဲသွားခဲ့သည်။ ကျန်ရှိနေသော အရှိန်ကြောင့် ဖုန်ချီ၏ ဝိညာ်စွမ်းအင် အကာအကွယ်ပင် ပျက်စီးသွားပြီး ဓားချီက သူ့ရင်ဘတ်ကို ထိမှန်သွားသလို မိုးကြိုးကလည်း သူ့ခေါင်းပေါ်သို့ ကျရောက်သွားသည်။ ဖုန်ချီမှာ လွင့်စဉ်သွားပြီး တစ်ကိုယ်လုံး မည်းတူးသွားသော်လည်း အမှန်တကယ်တွင် ဒဏ်ရာမှာ မပြင်းထန်လှပေ။ ချက်ချင်းပင် ဝိညာဉ်စွမ်းအားကို လည်ပတ်စေကာ သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော လျှပ်စီးများကို ဖယ်ရှားလိုက်သည်။ သူ၏ အပြင်ပန်း ဒဏ်ရာများမှာလည်း သာမန်ထိခိုက်မှုများသာ ဖြစ်သဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိခိုက်မှု မရှိပေ။
ဓားဝင်္ကပါကြောင့် ဖုန်ချီ ဒဏ်ရာရသွားသော်လည်း ကျိရုရွယ်က အသာစီးရနေစဉ် ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ ဖုန်ချီကို ဒဏ်ရာရအောင် သုံးလိုက်သည့် ထိုဓားကွက်မှာ သူမ၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သော်လည်း မျှော်လင့်သလောက် ရလဒ်မထွက်ခဲ့ဘဲ ဝိညာဉ်စွမ်းအားများသာ အမြောက်အမြား ကုန်ဆုံးသွားခဲ့သည်။ ဆက်လက် တိုက်ခိုက်နေလျှင် အခြေအနေ ပိုဆိုးလာနိုင်သဖြင့် ကျိရုရွယ်သည် မိစ္ဆာနှိမ်နင်းဓားဝင်္ကပါမှ ဓားပျံ ၉ လက်ကို ပြန်သိမ်းကာ အမြန်ဆုတ်ခွာခဲ့သည်။
ကျိရုရွယ် ထွက်ပြေးသည့် လမ်းကြောင်းမှာ မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ ဖြစ်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် စုန့်ဝမ် ရှိနေသည့် အရပ်သို့ ဦးတည်နေမိလျက်သား ဖြစ်သွားသည်။ မြစ်ကမ်းဘေး လမ်းကြောင်းမှာ ကျဉ်းမြောင်းလှသဖြင့် ပုန်းကွယ်ရန် နေရာမရှိပေ။
စုန့်ဝမ်သည် ကျိရုရွှယ် သူ့ထံ ပြေးလာသည်ကို မြင်သော်လည်း ပုန်းရှောင်ရန် အစီအစဉ်မရှိခဲ့ပေ။ ကျိရုရွယ်သည် ဓားစီး၍ ပြေးလာစဉ် ရှေ့တွင် တစ်စုံတစ်ယောက် လမ်းပိတ်ထားသည်ကို မြင်ပြီး ထိတ်လန့်သွားသည်။ ထိုသူမှာ သားရဲသခင်ဂိုဏ်းဝတ်စုံကို ဝတ်ထားသည်ကို တွေ့ရသဖြင့် ဖုန်ချီ၏ အပေါင်းအပါဟု ထင်မှတ်ကာ ဓားပျံဖြင့် လှမ်းတိုက်ခိုက်လိုက်သည်။
စုန့်ဝမ်လည်း လိပ်မြွေဒိုင်းဖြင့် ခုခံလိုက်သည်။ ထိုစဉ် ကျိရုရွယ်မှာ အရှိန်မသတ်ဘဲ အနားသို့ ရောက်လာရာ စုန့်ဝမ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူမ လူမှားပြီး တိုက်ခိုက်မိပြီဖြစ်ကြောင်း သိသွားသည်။ ဝိညာဉ်ရည်ခန်းမတွင် ဖုန်ချီ၏ တပည့်က စုန့်ဝမ်၏ နေရာကို လုယူခဲ့သည်ကို မြင်ခဲ့သဖြင့် ထိုသူမှာ ဖုန်ချီ၏ ရန်သူဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ ရန်သူ၏ ရန်သူမှာ မိတ်ဆွေပင် ဖြစ်သည် မဟုတ်လား။
"တာအိုရောင်းရင်း... ခုနက ငါ သတိလက်လွတ် ဖြစ်သွားလို့ စော်ကားမိတာ တောင်းပန်ပါတယ်"
ကျိရုရွယ်က တောင်းပန်စကား ဆိုသော်လည်း အရှိန်ကိုမူ မလျှော့ပေ။ သူမ စဉ်းစားသည်မှာ စုန့်ဝမ်နှင့် ဖုန်ချီတို့ကြား တိုက်ခိုက်မှုဖြစ်စေရန် ဖန်တီးပြီး လွတ်အောင် ပြေးမည်ဟူ၍ ဖြစ်သည်။
သို့သော် ကျိရုရွယ် တစ်ယောက် စုန့်ဝမ်၏ ခေါင်းပေါ်မှ ဖြတ်ကျော်ရန် ပြင်စဉ်မှာပင် ငါးပေခန့် ရှည်လျားသော မိုးကြိုးလှံ ၃ စင်း ပေါ်လာကာ ကျိရုရွယ်ထံသို့ ကြယ်တံခွန်အလား ပြေးဝင်သွားတော့သည်။ ကျိရုရွယ် မျက်နှာပျက်သွားပြီး ဓားဖြင့် မိုးကြိုးလှံများကို ခုခံလိုက်ရသည်။
"တာအိုရောင်းရင်း... ဒါက ဘာသဘောလဲ"
"မင်းက ငါ့ကို အကြောင်းမရှိ တိုက်ခိုက်ပြီးတော့ တောင်းပန်ပါတယ်ဆိုရုံနဲ့ ပြီးသွားမယ် ထင်နေတာလား"
စုန့်ဝမ်က ရန်ငြိုးထားသည့် အမူအရာဖြင့် ခက်ထန်စွာ ပြောလိုက်သည်။
ရှေ့နောက်ညှပ်ပိတ်မိနေသော ကျိရုရွယ်က စိုးရိမ်တကြီးဖြင့် ရှင်းပြသည်။
"ငါတို့နှစ်ယောက်လုံး ဖုန်ချီနဲ့ ရန်ငြိုးရှိတာပဲ၊ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်မယ့်အစား ပူးပေါင်းသင့်တယ်လေ၊ မဟုတ်ရင် ဖုန်ချီပဲ အမြတ်ထွက်သွားလိမ့်မယ်"
စုန့်ဝမ်က ကျိရုရွယ်စကားကို လက်မခံဘဲ မိုးကြိုးလှံ သုံးစင်း ထပ်မံ ဖန်တီးကာ တိုက်ခိုက်ရင်း အနောက်မှ လိုက်လာသော ဖုန်ချီကို တစ်ချက်ကြည့်ကာ "မင်းတို့ နှစ်ယောက်လုံး လွတ်မှာမဟုတ်ဘူး" ဟု ဆိုလိုက်သည်။ စုန့်ဝမ်အနေဖြင့် ကျိရုရွယ်နှင့် ရန်ငြိုးမရှိသော်လည်း ဖုန်ချီကို သတ်မည့်ကိစ္စအတွက် သက်သေချန်ခဲ့ရန် စိတ်ကူးမရှိချေ။
အနားသို့ ရောက်လာသော ဖုန်ချီက စုန့်ဝမ် ကျိရုရွယ်အား တားထားသည်ကို မြင်သောအခါ ဝမ်းသာသွားသည်။
"ဝူရှန်း.. မင်းကို ကျေးဇူးတင်ရမယ်။ မင်းက ထောင်ချောက်ထဲ ကိုယ်တိုင် တိုးဝင်လာရုံတင်မကဘဲ ဒီမိန်းမယုတ်ကိုပါ တားပေးထားတာကိုး"
ကျိရုရွယ် မျက်နှာ ပျက်သွားပြီး စုန့်ဝမ်ကို "လမ်းဖယ်စမ်းပါ"ဟု အော်ဟစ်ရင်း ဓားပျံ ၉ လက်လုံးဖြင့် စုန့်ဝမ်ကို ဆက်တိုက် တိုက်ခိုက်တော့သည်။
စုန့်ဝမ်က အေးစက်စွာဖြင့် "ငါပြောပြီးပြီလေ၊ မင်းတို့ နှစ်ယောက်လုံး မလွတ်ဘူးလို့"ဟု ဆိုကာ မြေကမ္ဘာစေတီကို အသက်သွင်းပြီး ဓားပျံ ၉ လက်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ တပြိုင်နက်တည်း အလောင်းရုပ်သေးများနှင့် တစ္ဆေဘုရင်ကို ထုတ်လိုက်သည်။ ချပ်ဝတ်တန်ဆာဝတ် တစ္ဆေဘုရင်က ဖုန်ချီထံသို့ ပြေးဝင်သွားပြီး၊ ငွေအလောင်းရုပ်သေးက ကျိရုရွယ်ကို တိုက်ခိုက်လိုက်သည်။
ဖုန်ချီမှာ သရဲဘုရင်နှင့် ငွေအလောင်းရုပ်သေးကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကာ အလောတကြီးပင် ကြီးမားသော မီးဖီးနစ်ငှက်ကြီး တစ်ကောင်ကို ဖန်တီးကာ တစ္ဆေဘုရင်ကို တိုက်ခိုက်စေသည်။ မီးလျှံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်ကာ အပူရှိန်များ မြင့်တက်လာသည်။ သို့သော် တစ္ဆေဘုရင်သည် အေးစက်သော တစ္ဆေစွမ်းအင်များဖြင့် ထိုမီးလျှံများကို ဖောက်ထွက်ကာ ဧရာမဓားကြီးဖြင့် မီးဖီးနစ်ကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ သာမန်မီးလျှံများမှာ တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်ကို မတားဆီးနိုင်ပေ။
ဖုန်ချီက မီးတောင်ပံများ ဖန်တီးပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ဒုတိယအဆင့် တစ္ဆေနှင့် အလောင်းရုပ်သေး ၂ ကောင်က လမ်းပိတ်ထားသည်။ ဒုတိယအဆင့် ဆံနီတစ္ဆေက တစ္ဆေအလံကို ဝှေ့ယမ်းပြီး တစ္ဆေစွမ်းအင်များဖြင့် တိုက်ခိုက်ရာ ဖုန်ချီ၏ မီးတောင်ပံများမှာ ငြိမ်းလုနီးပါး ဖြစ်သွားပြီး အရှိန်လျော့သွားခဲ့သည်။
ဖုန်ချီသည် အခြေအနေ မကောင်းတော့သည်ကို သိသဖြင့် ဝှက်ဖဲဖြစ်သော ကျောက်စိမ်းမီးလျှံကို ထုတ်လိုက်သည်။ ၎င်းမှာ အလွန်ခဲယဥ်းစွာ စုဆောင်းထားရသော ယန်စွမ်းအား အလွန်ပြင်းထန်သည့် မီးလျှံဖြစ်သည်။ ဖုန်ချီက ဝိညာဉ်စွမ်းအင် အသုံးပြုပြီး ထိုမီးလျှံကို အသက်သွင်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဖွေးသော အလင်းရောင်များဖြင့် လင်းထိန်သွားပြီး အလွန်အမင်း ပြင်းထန်သော အပူရှိန်ကြောင့် တစ္ဆေများနှင့် အလောင်းရုပ်သေးများမှာ အနားသို့ မကပ်ရဲဘဲ အနည်းငယ် ဆုတ်ခွာသွားကြသည်။
ဖုန်ချီသည် ထိုမီးလျှံကို အသုံးပြု၍ ခုခံနေသော်လည်း သူကိုယ်တိုင်မှာလည်း ထိုအပူရှိန်ကြောင့် အရှင်လတ်လတ် မီးကင်ခံရသလို ခံစားနေရသည်။ တစ္ဆေများနှင့် အလောင်းရုပ်သေးများက ဖုန်ချီ၏ ဝိညာဉ်စွမ်းအား ကုန်ဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။