သတ်ဖြတ်၊ နှုတ်ပိတ်မယ်
Vol. 23 Ch. 240
တစ်ဖက်တွင် စုန့်ဝမ်သည် ငွေအလောင်းရုပ်သေးနှင့်အတူ ကျိရုရွယ်ကို ဝိုင်းထားသည်။ ကျိရုရွယ်သည် သူမ၏ အစွမ်းထက်ဆုံး မိစ္ဆာနှိမ်နင်းမိုးကြိုးဓားပညာကို အသုံးပြုရန် ကြိုးစားစဉ် စုန့်ဝမ်က "မိုးကြိုးလား၊ ငါလည်း သုံးတတ်တာပေါ့" ဟု ဆိုကာ ပိုမိုပြင်းထန်သော မဟာဂူမိုးကြိုးဖြင့် အရင်ဦးအောင် ပစ်ခတ်လိုက်သည်။ ကျိရုရွယ်မှာ စုန့်ဝမ်လည်း မိုးကြိုးနည်းစနစ် တတ်မြောက်ထားသည်ကို သိပြီး အံ့ဩသွားသော်လည်း မရှောင်နိုင်ခဲ့ပေ။ မိုးကြိုးထိမှန်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ထွက်ပြေး၍ မရတော့ချိန်တွင် ငွေအလောင်းရုပ်သေးက လည်ပင်းကို လက်သည်းရှည်များဖြင့် ဖြတ်ချလိုက်ရာ ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြင့် သေဆုံးသွားတော့သည်။ စုန့်ဝမ်လည်း ကျိရုရွယ်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ချက်ချင်း ချိတ်ပိတ် သိမ်းဆည်းလိုက်သည်။
စုန့်ဝမ် ဖုန်ချီဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ဖုန်ချီမှာ ဝိညာဉ်စွမ်းအားများ ကုန်လုနီးပါး ဖြစ်နေပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ ယခုထိလည်း တစ္ဆေနဲ့ အလောင်းရုပ်သေးများ ပိတ်ဆို့မှုမှ ဖောက်မထွက်နိုင်သဖြင့် အကြပ်ရိုက်နေချိန် စုန့်ဝမ်ကပါ ထပ်တိုးလာသဖြင့် ဖုန်ချီ စိုးရိမ်လာသည်။
"အကြီးအကဲဝူ... ငါတို့ ညိနှိုင်းရအောင်။ မင်း ဘာလိုချင်လဲ ပြော၊ ငါ အကုန်ပေးမယ်။ ငါတို့ကြားမှာ ရန်ငြိုးမရှိပါဘူး"
စုန့်ဝမ်က အေးဆေးစွာ ပြန်ပြောသည်။
"ဖုန်ချီ... ငါနဲ့ ဝမ်မင်ကြားမှာ ရန်ငြိုးရှိတာ မင်းသိသားပဲ။ ဒါကို မင်းက သူ့ကို တိတ်တဆိတ် ကယ်ထားတယ်။ ဝိညာဉ်ရည်ခန်းမမှာလည်း ဝမ်မင်က မင်းခိုင်းလို့ ငါ့နေရာကို လုခဲ့တာ မဟုတ်လား။ ရန်ငြိုးမရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ"
"အကြီးအကဲဝူ... ဝမ်မင်က သေပြီလေ၊ မင်းကိုယ်တိုင် သတ်ခဲ့တာပဲ။ မင်း ကလဲ့စားချေပြီးပြီ မဟုတ်လား။ ဝိညာဉ်ရည်ခန်းမက ကိစ္စအတွက် ငါ ရတနာတွေနဲ့ လျော်ကြေးပေးပါ့မယ်"
စုန့်ဝမ်က ပြုံးလိုက်သည်။
"မင်းကို သတ်လိုက်ရင် မင်းပိုင်ဆိုင်သမျှ အကုန်လုံးက ငါ့ဟာ ဖြစ်သွားမှာပဲလေ၊ အခုမှ အသက်ဝယ်ဖို့ ရတနာပေးမယ်ဆိုတာ ရယ်စရာမကောင်းဘူးလား"
"ဝူရှန်း... ငါ ရှုံးပြီလို့ မထင်နဲ့ဦး။ ကျောက်စိမ်းမီးတောက်ကို အားကုန်ထုတ်သုံးလိုက်ရင် မင်းလည်း အကောင်းအတိုင်း လွတ်မှာမဟုတ်ဘူး"
စုန့်ဝမ်က လက်ပိုက်ကာ ပြုံးလျက် "ဖုန်ချီ... မင်းမှာ ဝိညာဉ်စွမ်းအား ဘယ်လောက်ကျန်သေးလို့လဲ။ အဲဒီမီးတောက်ကို ဘယ်နှစ်ခါ ထပ်သုံးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"ဟု ပြောလိုက်သည်။
ဖုန်ချီသည် အံကြိတ်ကာ ကျန်ရှိသမျှ ဝိညာဉ်စွမ်းအားကို သုံး၍ မီးလျှံများကို ပိုမိုကြီးထွားအောင် လုပ်လိုက်ပြီး "ဝူရှန်း၊ ငါသေရင်တောင် မင်းကိုပါ တစ်ပါတည်း ခေါ်သွားမယ်" ဟု ဟိန်းဟောက်လိုက်သည်။ ၎င်းမှာ စုန့်ဝမ်ကို ခြောက်လှန့်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
စုန့်ဝမ်က ဖုန်ချီ၏ ရူးသွပ်မှုကို မြင်သောအခါ စိုးရိမ်ဟန်ဆောင်ကာ အနောက်သို့ ဆုတ်လိုက်ပြီး "အကြီးအကဲဖုန်... ငါတို့က ဂိုဏ်းတူတွေပဲလေ။ ကောင်းပြီ... မင်း ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ဝိညာဉ်သစ္စာဆိုပြီး ဝိညာဥ်ပစ္စည်းတွေ အကုန်ပေးမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ်" ဟု အလျှော့ပေးလိုက်သည်။
စုန့်ဝမ် အလျှော့ပေးသည်ကို မြင်သောအခါ ဖုန်ချီ ဝမ်းသာသွားသော်လည်း သတိထားနေဆဲ ဖြစ်သည်။
"မင်း တကယ်ပြောတာလား"
"တကယ်ပေါ့။ ငါလည်း ဝိညာဉ်သစ္စာ ဆိုနိုင်ပါတယ်။ အကြီးအကဲဖုန်... ဝိညာဉ်စွမ်းအားကို ချွေတာဖို့ အဲဒီမီးကို အရင်သိမ်းလိုက်ပါဦး"
ဖုန်ချီ တွေဝေနေစဉ် စုန့်ဝမ်က "ငါ့ရိုးသားမှုကို ပြတဲ့အနေနဲ့ တစ္ဆေတွေနဲ့ အလောင်းရုပ်သေးတွေကို အရင်သိမ်းပေးမယ်" ဟု ဆိုကာ တစ္ဆေများနှင့် အလောင်းရုပ်သေးများကို ပြန်သိမ်းလိုက်သည်။
ထိုအခါမှ ဖုန်ချီသည် အနည်းငယ် စိတ်အေးသွားပြီး ကျောက်စိမ်းမီးတောက်ကို ရုပ်သိမ်းလိုက်သည်။ သို့သော် မီးလျှံများပါသော အိုးကိုမူ စုန့်ဝမ် ကတိဖျက်ပါက ချက်ချင်း ပြန်သုံးနိုင်ရန် သူ့ရှေ့တွင် အသင့်ပြင်ထားသည်။
ဖုန်ချီက စုန့်ဝမ်ကို မျက်စိဒေါက်ထောက် ကြည့်ရင်း ကျောက်စိမ်းပုလင်းငယ်တစ်ခု ထုတ်ယူလိုက်သည်။ စုန့်ဝမ်ဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရသဖြင့် ပုလင်းကိုဖွင့်၍ ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးအချို့ကို မျိုချလိုက်သည်။
"အကြီးအကဲဖုန်... ငါတို့ သဘောတူထားတာက မင်းရဲ့ ဝိညာဉ်ပစ္စည်းအားလုံး ငါ့ဟာ ဖြစ်ရမယ်လေ။ အခု မင်းသောက်လိုက်တဲ့ ဆေးလုံးတွေကလည်း ငါ့ပိုင်ဆိုင်မှုထဲမှာ ပါသင့်တာပေါ့" ဟု စုန့်ဝမ်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဖုန်ချီက ဆေးအာနိသင်ကို တိတ်တဆိတ် ဖော်ထုတ်ရင်း ပြုံးလျက် "ဆေးလုံးလေး နည်းနည်းပါးပါးပါ၊ အကြီးအကဲဝူ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"ဟု ဆိုလိုက်သည်။
"နည်းနည်းပါးပါးကတော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ ဆေးသောက်ပြီးပြီဆိုတော့ မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေးတော့"
ဖုန်ချီသည် သူ့လက်ချောင်းရှိ လက်စွပ်ကို ကြည့်ကာ အနည်းငယ် တွေဝေသွားသည်။
"ဘာလဲ၊ အကြီးအကဲဖုန်က ကတိဖျက်ချင်လို့လား" ဟု စုန့်ဝမ်က မေးလိုက်ရာ ဖုန်ချီမှာ အခြေအနေအရ မတတ်သာတော့ဘဲ လက်စွပ်ကို ချွတ်၍ စုန့်ဝမ်ထံသို့ လှမ်းပစ်ပေးလိုက်ရသည်။ စုန့်ဝမ်က လက်စွပ်ကို လက်ဖြင့်မဖမ်းဘဲ ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ကာ ပေ ၁၀၀ ခန့်အကွာတွင် လေထဲ၌ ရပ်တန့်ထားလိုက်သည်။
"ငါ ဝိညာဉ်သစ္စာ ဆိုပါ့မယ်..."
ဖုန်းချီသည် သဘောတူညီချက်အရ သစ္စာဆိုရန် ပြင်စဉ်မှာပင် စုန့်ဝမ်က ကြားဖြတ်တားမြစ်လိုက်သည်။
"အကြီးအကဲဖုန်... နေဦး။ မင်း ငါ့ကို မပေးရသေးတဲ့ ပစ္စည်းတွေ ရှိနေသေးတယ်"
"ငါ့ပစ္စည်းအားလုံးက လက်စွပ်ထဲမှာပဲလေ၊ တခြား ဘာရှိဦးမှာလဲ"
"ရှိတာပေါ့... မင်းရှေ့က ရှေးဟောင်းအိုးနဲ့ ကျောက်စိမ်းမီးတောက် လေ"
ဖုန်ချီ ထိတ်လန့်သွားပြီး "ဘာ.. မင်းက ကျောက်စိမ်းမီးတောက်ကို လိုချင်တာလား။ ဒါတော့ မဖြစ်နိုင်ဘူး" ဟု အော်ဟစ်လိုက်သည်။ ဤမီးတောက်မှာ သူ၏ အသက်ကယ်ဝှက်ဖဲ ဖြစ်သဖြင့် ၎င်းမရှိပါက စုန့်ဝမ်နှင့် ညိနှိုင်းရန် မည်သည့်အင်အားမှ ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်မှာပင် စုန့်ဝမ်မျက်နှာမှာ တင်းမာသွားပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြန့်လွင့်လာသည်။ ချက်ချင်းဆိုသလိုပင် စုန့်ဝမ်၏ ခန္ဓာကိုယ်မှ သွေးမြူများ အလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။
ရုတ်တရက် ဖြစ်လာသော အပြောင်းအလဲကြောင့် ဖုန်ချီ မျက်နှာပျက်သွားပြီး "ဝူရှန်း... မင်းက မရိုးသားဘူး။ ဒါဆိုရင်လည်း အတူတူ သေကြတာပေါ့" ဟု အော်ဟစ်ရင်း ရှိသမျှ ဝိညာဉ်စွမ်းအင်အားလုံး ရှေးဟောင်းအိုးထဲသို့ ပုံအောထည့်လိုက်ပြီး စုန့်ဝမ်ထံသို့ အားကုန် တွန်းလွှတ်လိုက်သည်။
စုန့်ဝမ်နှင့် ပေ ၁၀၀ ခန့် အကွာတွင် အိုးမှာ မှောက်ကျသွားပြီး ကျောက်စိမ်းရောင်မီးလျှံများ အထိန်းအကွပ်မဲ့သော တောမီးအလား လျင်မြန်စွာ ပြန့်နှံ့သွားကာ စုန့်ဝမ်ရှိရာသို့ လှိုင်းလုံးကြီးများသဖွယ် လိမ့်တက်သွားတော့သည်။
မီးလျှံများက ဝါးမြိုတော့မည့်ဆဲဆဲ စုန့်ဝမ်သည် သွေးမြူများကြားတွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ဖုန်ချီ၏ ရှေ့တည့်တည့် ၃ ပေအကွာသို့ ရောက်ရှိလာသည်။ စုန့်ဝမ်၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး ဝိညာဉ်စွမ်းအား ကုန်ခမ်းကာ ခုခံနိုင်စွမ်း မရှိတော့သော ဖုန်ချီ၏ ရင်ဘတ်ထဲကို တိုးဝင်သွားသည်။ ဖုန်ချီ၏ ရင်ဘတ်မှာ ကြေမွသွားပြီး "မင်း..." ဟု တစ်ခွန်းသာ ပြောနိုင်ကာ အသက်ပျောက်သွားတော့သည်။
စုန့်ဝမ်လည်း အချိန်မဆွဲဘဲ ဖုန်ချီ၏ နဖူးကို လက်ဖြင့်ဖိကာ ဝိညာဉ်ရှာဖွေနည်းကို အသုံးပြုလိုက်သည်။ အထူးသဖြင့် တောက်လောင်နေသော ကျောက်စိမ်းမီးတောက်ကို နှမြောမိသဖြင့် ထိန်းချုပ်နည်းစနစ်ကို ရှာဖွေလိုခြင်း ဖြစ်သည်။ စုန့်ဝမ်အနေဖြင့် ဆေးပညာ လိုက်စားရင်း မီးတောက်များအကြောင်း လေ့လာဖူးသဖြင့် ကျောက်စိမ်းမီးတောက်ကို သိသော်လည်း ထိန်းချုပ်နည်းကို မတတ်ပေ။ ဖုန်ချီ၏ မှတ်ဉာဏ်အရ ရှေးဟောင်းအိုးကို အသက်သွင်းပြီး မီးထိန်းချုပ်နည်းစနစ်ကို အသုံးပြုပါက မီးလျှံကို ထိန်းချုပ်နိုင်နိုင်ကြောင်း သိလိုက်ရသည်။ မီးတောက်အိုးကို သန့်စင်ရန် တစ်ရက်ခန့် ကြာမည်ဖြစ်ပြီး၊ မီးထိန်းချုပ်နည်းစနစ်မှာမူ အလွန်နက်နဲသဖြင့် အချိန်တိုအတွင်း တတ်မြောက်ရန် မလွယ်ကူပေ။ သို့သော် မီးတောက်ကို ပြန်သိမ်းရုံအတွက်ဆိုလျှင် အခြေခံကို သိရုံဖြင့် လုံလောက်သည်။
စုန့်ဝမ်လည်း ကူပိုးကောင်များကို အစောင့်ချထားပြီး မီးတောက်အိုးကို သန့်စင်ခြင်းနှင့် မီးထိန်းချုပ်နည်းစနစ် လေ့လာခြင်းတို့ကို လုပ်ဆောင်သည်။ နှစ်ရက်အကြာတွင် ကျောက်စိမ်းမီးတောက်ကို မီးတောက်အိုးထဲသို့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။ သို့သော် အဆက်မပြတ် တောက်လောင်နေမှုနှင့် စုန့်ဝမ်၏ မကျွမ်းကျင်မှုကြောင့် မီးလျှံမှာ မူလလက်သီးဆုပ်အရွယ်မှနေ၍ တစ်လက်မခန့်သာ ကျန်ရှိတော့သည်။ သို့သော်လည်း စုန့်ဝမ် အလွန်ကျေနပ်သွားသည်။ မီးတောက်အမြုတေ ကျန်နေသရွေ့ ၎င်းကို ပြန်လည်အားဖြည့်နိုင်မည့် နည်းလမ်း ရှိသည် မဟုတ်ပါလား။
စုန့်ဝမ် ထိုနေရာမှ ထွက်ခွာလာပြီး မြစ်ကမ်းနားရှိ လိုဏ်ဂူတစ်ခုတွင် ရပ်နားကာ ကျိရုရွယ်၏ အလောင်းကို ထုတ်ကာ ဝိညာဉ်ရှာဖွေမှု ပြုလိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ထူးခြားသော သတင်းအချက်အလက် မတွေ့ရသော်လည်း သူမနှင့် ယန်ယုရှန်တို့သည် လေ့မိသားစုခေါင်းဆောင် လေ့ကျွင်း ကို အလစ်ဖမ်း တိုက်ခိုက်ကာ မိုးကြိုးနည်းစနစ် ၉ မျိုးထဲမှ ပထမ ၄ မျိုးကို လုယူခဲ့သည် သိလိုက်ရသည်။
ကျိရုရွယ်၏ သိုလှောင်လက်စွပ်ကို မွှေနှောက်ရှာဖွေရာ ကျောက်စိမ်းပြားနှစ်ပြားကို တွေ့ရှိပြီး တစ်ခုတွင် လေ့မိသားစု၏ မိုးကြိုးနည်းစနစ် ၄ မျိုး သိမ်းဆည်းထားသည်ကို တွေ့လိုက်သဖြင့် စုန့်ဝမ် ဝမ်းသာသွားသည်။ သူ့အနေဖြင့် ပထမ ၂ မျိုးကို တတ်မြောက်ထားပြီးဖြစ်၍ ကျန်ရှိသော နည်းစနစ်များကို ရရန် ခဲယဉ်းမည်ဟု ထင်ထားသော်လည်း ယခုမူ တတိယနှင့် စတုတ္ထမြောက် နည်းစနစ်များကို အလွယ်တကူ ရရှိလိုက်ခြင်း ဖြစ်သည်။ ဒုတိယပြားတွင်မူ မိစ္ဆာနှိမ်နင်းဓားဝင်္ကပါ၏ ကျင့်စဉ်များ ပါဝင်သည်။ ထိုဓားဝင်္ကပါမှာ ကျင့်ကြံသူ၏ အဆင့်အလိုက် အလွှာ ၄ လွှာ ရှိကြောင်း သိရသည်။ ကျိရုရွယ်၏ လက်စွပ်ထဲတွင် ပထမ ၂ လွှာသာ ပါရှိသော်လည်း ၎င်းမှာ လုံလောက်ပြီ ဖြစ်သည်။ ဤဓားဝင်္ကပါမှာ အလွန်နက်နဲပြီး မိုးကြိုးနည်းစနစ်ပါ ကျွမ်းကျင်ရန် လိုအပ်သဖြင့် လူတိုင်း ကျင့်ကြံနိုင်သည့် အရာမဟုတ်ပေ။
ထို့နောက် ဖုန်ချီ၊ ကျဲ့ဟွေနှင့် ကျဲ့ဝူတို့၏ လက်စွပ်များကိုပါ စစ်ဆေးသည်။ ဖုန်ချီ၏ လက်စွပ်ထဲတွင် မီးဓာတ်နည်းစနစ်နှင့် ဆက်စပ်သော ဝိညာဥ်ပစ္စည်းများ ပါရှိပြီး ကျဲ့ဟွေတို့၏ သိုလှောင်လက်စွပ်များတွင်မူ မဟာယန ကျင့်ကြံမှု နည်းစနစ်များ ပါရှိသည်။ ကျဲ့ဟွေ၏ ပုတီးမှာ အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်ပြီး ၎င်းတွင် တစ္ဆေစစ်သည်များ ထည့်သွင်းထားနိုင်သည်။ စုန့်ဝမ်သည် ထိုပုတီးနှင့် လူအရေခွံဗုံတို့ကို စိတ်ဝင်စားသဖြင့် ၎င်းတို့ကို သန့်စင်ပြီး ထိန်းချုပ်လိုက်သည်။ ထို့အပြင် သိုလှောင်လက်စွပ်များထဲမှ ဝိညာဉ်ရည် ၄ ပုလင်း ရရှိခဲ့ပြီး ယခုဆိုလျှင် သူ့ထံတွင် စုစုပေါင်း ၅ ပုလင်း ရှိသွားပြီ ဖြစ်သည်။
စုန့်ဝမ်လည်း ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ လျှို့ဝှက်နယ်မြေပွင့်သည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်သော်လည်း ယင်ယန်သွေးမျက်ရည်ပင်ကို မရသေးသဖြင့် စိတ်လောနေသည်။ ထို့ကြောင့် ကျဲ့ဟွေ၏ မှတ်ဉာဏ်ထဲမှ ဆေးပင်ရှိရာသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
……
မြေအောက်မြစ်ကြောင်းအတိုင်း သတိကြီးစွာဖြင့် တစ်နာရီခန့် သွားလာပြီးနောက် ပထမဆုံးတွေ့ခဲ့သော မြစ်ကမ်းနားသို့ ပြန်ရောက်လာသည်။ ထို့နောက် လမ်းရှာနေစဥ် ရုတ်တရက် အဝေးမှ ရေပြင်လှုပ်ခတ်သံကို စုန့်ဝမ် ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ တစ်စုံတစ်ခု ရေထဲမှ ခုန်ထွက်လာသည့် အသံနှင့် တူသည်။ ထိုအသံမှာ တစ်မိုင်ခန့် ကျယ်သော မြစ်၏ တစ်ဖက်ကမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စုန့်ဝမ်က အာရုံစိုက် ကြည့်လိုက်ရာ တစ်ဖက်ကမ်းတွင် ပေ ၂၀ ကျော်ခန့်ရှိသော ဧရာမ သားရဲကြီးတစ်ကောင် ရေထဲမှ ခုန်ထွက်လာပြီး ကုန်းပေါ်တွင် တစ်စုံတစ်ခုအား လိုက်လံဖမ်းဆီးနေသည်ကို မြင်လိုက်ရသည်။ ထိုသားရဲ၏ ရှေ့တွင် သေးသွယ်သော ပုံရိပ်တစ်ခု လေထဲတွင် ပျံသန်းရင်း ထွက်ပြေးနေသည်။ ထိုသူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ထားသဖြင့် အမှောင်ထဲတွင် ခွဲခြားရန် ခက်ခဲလှသည်။
တစ်ယောက်ယောက် ရေသားရဲအား သွားဆွရာမှ အသက်လုပြေးနေရခြင်း ဖြစ်မည်ဟု စုန့်ဝမ် တွေးမိသည်။ ပြဿနာထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိသဖြင့် ကျောက်ဆောင်နောက်တွင် ပုန်းကွယ်ကာ ကူတစ်ကောင်ကို တစ်ဖက်ကမ်းသို့ လွှတ်၍ စုံစမ်းစေလိုက်သည်။ ကူပိုးကောင် အနားသို့ ရောက်သွားသောအခါမှ ထွက်ပြေးနေသူမှာ မည်သူမည်ဝါဖြစ်ကြောင်း စုန့်ဝမ် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ထိုသူမှာ ရုန်ကျင့်ယွမ်ပင် ဖြစ်ပါတော့သည်။