လှည့်စားခံလိုက်ရတာပဲ
Vol. 23 Ch. 237
ရုန်ကျင့်ယွမ်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံရလိုက်ပြီး လှည့်ကြည့်လိုက်ရာ သူမ၏အနောက်တွင် ခင်ပွန်းဖြစ်သူ၏ ထူးဆန်းသော လှုပ်ရှားမှုများကို သတိပြုမိသွားသည်။
"ယောက်ျား... ဘာလို့ ဒီလိုလုပ်နေတာလဲ၊ အန္တရာယ်များတယ်၊ အမြန် ထွက်ပြေးကြရအောင်"
ဟန်ချန်းသည် ဇနီးဖြစ်သူကို နူးညံ့သော အကြည့်ဖြင့် ပြန်ကြည့်လိုက်သော်လည်း သူ၏လက်များမှာမူ မန္တန်လက်ကွက်ဖော်ခြင်းကို ရပ်တန့်မသွားပေ။
"ကျင့်ယွမ်.. တို့နှစ်ယောက်လုံး အတူတူ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူးဆိုတာ မင်း ကောင်းကောင်းသိပါတယ်။ ဒီမိစ္ဆာဘုန်းကြီးတွေလက်ထဲ နှစ်ယောက်လုံး အမိခံရမယ့်အစား တစ်ယောက်တော့ အသက်ရှင်လျက် လွတ်မြောက်သွားတာ ပိုကောင်းတယ်"
ဟန်ချန်း ပြောနေစဉ်မှာပင် သူ့ရှေ့တွင် မြင့်မားသော အစိမ်းရောင်ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ လက်တံပေါင်း များစွာပါရှိသော ကြီးမားသည့် မိစ္ဆာနွယ်ပင်ကြီး ဖြစ်သည်။ နွယ်ပင်တစ်ချောင်းစီမှာ လူတစ်ကိုယ်စာခန့် တုတ်ခိုင်ပြီး အစိမ်းရောင်အလင်းများ တောက်ပနေသည့် အကြေးခွံငယ်လေးများ ဖုံးလွှမ်းထားသည်။ ၎င်းတို့သည် ဒေါသထွက်နေသော မြွေကြီးများအလား လူးလိမ့်နေကြပြီး လေထုကို ထိုးခွဲကာ ဘုန်းကြီးသုံးပါးထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
တိုက်ခိုက်လိုက်သည့် ခဏမှာပင် ဟန်ချန်းသည် နောက်လှည့်ကြည့်ကာ "သွားတော့၊ မင်း အသက်ရှင်အောင် ကြိုးစားပြီး ဒီထဲကနေ ထွက်သွားပါ။ တို့သားလေး အိမ်မှာ စောင့်နေတယ်လေ၊ သူ မင်းကို ပြုစုစောင့်ရှောက်ပါလိမ့်မယ်"ဟု ပြောလိုက်သည်။ ဟန်ချန်း၏ လေသံတွင် ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုများ ရောနှောနေသည်။
ဒေါသထွက်နေသော စပါးအုန်းမြွေကြီးများကဲ့သို့ တိုက်ခိုက်လာသော နွယ်ပင်၏ လက်တံများကြောင့် ကျဲ့ဟွေတို့အဖွဲ့လည်း တုံ့ဆိုင်းသွားသည်။
"ဒါက ဝိညာဉ်အပင်အမျိုးအစား နတ်ဆိုးသားရဲလား... စိတ်ဝင်စားဖို့ကောင်းသားပဲ"
ကျဲ့ဟွေ့က တီးတိုးရေရွတ်ပြီး ကျဲ့ဝူနှင့် ကျဲ့စဲတို့၏ အနောက်ဖက်တွင် ချန်နေရစ်လိုက်သည်။ ဤကဲ့သို့ အသိဉာဏ်မရှိဘဲ အရေခွံထူသည့် ဝိညာဥ်အပင်သားရဲကို သူ့အနေဖြင့် ရင်ဆိုင်ရန် ခက်ခဲမည်သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်သော ကျဲ့ဝူနှင့် ကျဲ့စဲတို့ကို ရှေ့တင်လိုက်ခြင်း ဖြစ်သည်။
ကျဲ့ဝူက ရဟန္တာရွှေခန္ဓာနည်းစနစ်ကို အသက်သွင်းကာ ဧရာမလူကောင်ကြီးအဖြစ် အသွင်ပြောင်းလိုက်ပြီး ကျဲ့စဲကလည်း ကာကွယ်ရေးဝတ်ရုံကို အသက်သွင်းကာ နွယ်ပင်များထံသို့ မကြောက်မရွံ့ တိုးဝင်သွားကြသည်။ ကျဲ့ဝူ၏ ကြီးမားသည့် လက်သီးကြီးဖြင့် နွယ်ပင်၏ လက်တံတစ်ချောင်းကို ထိုးနှက်လိုက်ရာ ပြင်းထန်သော တုန်ခါမှုနှင့်အတူ နွယ်ပင်မှာ အစအနများအဖြစ် ကြေမွသွားခဲ့သည်။ သို့သော် လက်တံတစ်ချောင်း ကျိုးသွားတိုင်း အခြားလက်တံ ၁၀ ချောင်းခန့်က သူ့ကို ဝိုင်းရံလာသည်။ ကျဲ့ဝူသည် သံတူကြီးများကဲ့သို့ လက်မောင်းများကို ဝှေ့ယမ်းကာ နွယ်ပင်လက်တံများကို တစစီ ချေမှုန်းနေသည်။ ကျဲ့စဲမှာမူ ကျဲ့ဝူ၏အနောက်တွင် ပုန်းကွယ်ရင်း လွတ်ထွက်လာသော နွယ်ပင်များကို မိစ္ဆာနှိမ်တုတ်ဖြင့် ရှင်းလင်းပေးနေသည်။ ခဏချင်းမှာပင် နွယ်ပင်လက်တံ ထက်ဝက်ခန့် ပျက်စီးသွားပြီ ဖြစ်သည်။
ဟန်ချန်းက ထွက်မသွားသေးသော ရုန်ကျင့်ယွမ်ကို ကြည့်ပြီး "ဘာလို့ မသွားသေးတာလဲ၊ ငါနဲ့အတူ သေချင်လို့လား"ဟု အော်ဟစ်သတိပေးလိုက်သည်။ ဤနွယ်ပင်များမှာ သားရဲသခင်ဂိုဏ်း၏ ဝိညာဉ်ဆေးပင်တောင်တွင်သာ ရှိပြီး ဟန်ချန်းက မကြာသေးမီကမှ ရရှိထားခြင်းဖြစ်သည်။ ၎င်းတို့မှာ ဒုတိယအဆင့် နှောင်းပိုင်းသားရဲများနှင့် အင်အားချင်းတူသော်လည်း အသိဉာဏ်မရှိသဖြင့် သခင်ဖြစ်သူက တိုက်ရိုက်ထိန်းချုပ်ပေးနေရသည်။ ထို့ကြောင့် အခြားသားရဲများကဲ့သို့ သခင်က ချန်ထားရစ်ခဲ့လျှင် အလိုအလျောက် တိုက်ခိုက်နေရန် မဖြစ်နိုင်ပေ။
ရုန်ကျင့်ယွမ်က ခင်ပွန်းဖြစ်သူကို ကြင်နာစွာ ကြည့်လိုက်သည်။
"တို့တွေက လင်မယားအဖြစ် ဒီထဲကို အတူတူဝင်လာတာ၊ အတူတူပဲ ထွက်သွားရမယ်။ ယောက်ျားက ငါ့ကိုကယ်ဖို့ အသက်စွန့်နေတာကို ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ"
"တကယ်ကို အချစ်ကြီးပြီး သစ္စာရှိကြတာပဲ။ ဒါဆိုရင်လည်း နှစ်ယောက်လုံး ဒီမှာပဲ သေဖို့ပြင်ထားကြတော့"
နွယ်ပင်များကို ကွေ့ပတ်ရှောင်တိမ်းကာ ချဥ်းကပ်လာသော ကျဲ့ဟွေ၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ အော်ဟစ်ရင်း ဗုံကို အသာအယာ ပုတ်လိုက်သည်။
ဟန်ချန်းမှာ နွယ်ပင်များကို ထိန်းချုပ်နေရသလို ဇနီးဖြစ်သူနှင့်လည်း စကားပြောနေသဖြင့် သတိလက်လွတ် ဖြစ်သွားပြီး ကျဲ့ဟွေ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူ့မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး ကျိရုရွယ်ကဲ့သို့ပင် စိတ်အာရုံ ထိန်းချုပ်ခံလိုက်ရကာ နွယ်ပင်များ၏ တိုက်ခိုက်မှုမှာ ဖရိုဖရဲ ဖြစ်သွားတော့သည်။ ထိုအချိန်ကို အခွင့်ကောင်းယူပြီး ကျဲ့ဝူနှင့် ကျဲ့စဲတို့လည်း ထိုအတားအဆီးကို အလွယ်တကူ ဖြတ်ကျော်လာနိုင်ခဲ့သည်။
"ယောက်ျား... သတိထားဦး" ရုန်ကျင့်ယွမ်က စိုးရိမ်တကြီး အော်ဟစ်ရင်း ရန်ကွမ်းတင့်အိုးမှ ပြာလဲ့လဲ့မီးလျှံများကို ဘုန်းကြီးများဆီသို့ ထုတ်လွှတ်လိုက်သည်။ ဇနီးသည်၏ အော်သံကြောင့် ဟန်ချန်း သတိပြန်ဝင်လာသော်လည်း မိစ္ဆာနှိမ်တုတ်က သူ့ရင်ဘတ်နှင့် တစ်ထွာအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် ဟန်ချန်းလည်း ဝိညာဉ်စွမ်းအား အကာအကွယ်တစ်ခုကို အလျင်အမြန် ဖော်ဆောင်လိုက်ရသည်။ သို့သော် အခြေတည် နှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏ အကာအကွယ်မှာ အထွတ်အထိပ်ကျင့်ကြံသူ၏ အားကုန်သုံးတိုက်ခိုက်မှုကို မခံနိုင်ပေ။ တုတ်မှာ အကာအကွယ်ကို ချိုးဖျက်ပြီး ဟန်ချန်း၏ရင်ဘတ်ကို ဖောက်ထွက်သွားသည်။
ဟန်န်ချန်လည်း ရုန်ကျင့်ယွမ်ဘေးသို့ လွင့်စဉ်ကျသွားခဲ့သည်။ ရုန်ကျင့်ယွမ်က ဟန်ချန်းကို ဖမ်းထိန်းလိုက်စဉ် သူ့ရင်ဘတ်တွင် လက်သီးဆုပ်ခန့် အပေါက်ကြီး ဖြစ်သွားပြီး နှလုံးမှာ ကြေမွသွားပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။ အခြေတည် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့်သာ အသက်မထွက်သေးခြင်း ဖြစ်သည်။ ဟန်ချန်းသည် ဇနီးသည်၏ရင်ခွင်ထဲတွင် လဲလျောင်းရင်း တစ်စုံတစ်ခု ပြောချင်သော်လည်း ပါးစပ်မှ သွေးမြှုပ်များသာ ထွက်ကျလာသည်။
ရုန်ကျင့်ယွမ်လည်း ရင်ကွဲမတတ် ခံစားရပြီး တတိယအဆင့် အဖိုးတန်ဆေးပင်ဖြစ်သော ခရမ်းရောင်တိမ်တိုက်မှိုကို ထုတ်ယူကာ ဟန်ချန်း၏ ဒဏ်ရာထဲသို့ အလျင်စလို လောင်းထည့်ကာ ဝိညာဉ်စွမ်းအား ဖြည့်သွင်းပြီး ဆေးအာနိသင်ကို ပြန့်နှံ့စေလိုက်သည်။
"စကားမပြောနဲ့တော့၊ ယောက်ျားကို ငါ ဒီကနေ ခေါ်သွားမယ်"
ရုန်ကျင့်ယွမ်လည်း ဟန်ချန်းကို မီးလျှံအလင်းအိုးအတွင်းသို့ ထည့်လိုက်ပြီး ဓားပျံပေါ်တက်ကာ အရှိန်ပြင်းစွာ ထွက်ခွာသွားတော့သည်။ ဟန်ချန်းကို ချီထားရန် မလိုတော့သဖြင့် သူမ၏ အရှိန်မှာ ပိုမြန်လာပြီး နွယ်ပင်များ၏ တစ်ဖန်ပြန်လည် နှောင့်ယှက်မှုကို ရှင်းလင်းနေရသော ဘုန်းကြီးသုံးပါးနှင့် အကွာအဝေး တစ်ခုထိ ဖြတ်လိုက်သည်။ သူမရှေ့တွင် စုန့်ဝမ်၊ လေ့ယွီဟွာ၊ မုယွမ်ရှင်း၊ ရွှယ်ကူးနှင့် ဖုန်ချီတို့ ရှိနေကြသည်။ ရုန်ကျင့်ယွင်သည် ထိုသူများမှာ လွယ်ကူသူများမဟုတ်ကြောင်း သိသဖြင့် အဝင်လမ်းအတိုင်း မပြေးတော့ဘဲ ခန်းမ၏ အစွန်အဖျားရှိ အဆုံးမရှိသော ချောက်ကမ်းပါးအတွင်းသို့ ငုပ်လျှိုးဆင်းသွားခဲ့သည်။ ထိုနေရာသည် မည်သည့်နေရာသို့ ရောက်မည်ကို မသိသော်လည်း ဤအခြေအနေတွင် သူမအတွက် အကောင်းဆုံး ပုန်းကွယ်ရာ ဖြစ်သည်။
…..
စုန့်ဝမ်သည် ခန်းမထွက်ပေါက်ကို လှမ်းမြင်ရသောနေရာ ရောက်သည်နှင့် အနောက်ကို လှည့်ကြည့်လိုက်ရာ အခြားသူများနှင့် အတော်လေး အလှမ်းဝေးနေကြောင်း သေချာသွားသဖြင့် အနည်းငယ် စိတ်အေးသွားသည်။ သို့သော် ခန်းမအပြင်သို့အရောက် မှောင်မည်းနေသော လိုဏ်ဂူလမ်းအတွင်းမှ ဓားအလင်းတန်းနှစ်ခု မြွေဆိုးများကဲ့သို့ ပေါ်ထွက်လာပြီး သူ့ထံသို့ ဦးတည်လာခဲ့သည်။ စုန့်ဝမ်လည်း ချက်ချင်းပင် လိပ်မြွေဒိုင်းနှင့် ကြေးခေါင်းလောင်းတို့ကို အသက်သွင်းပြီး ကာကွယ်လိုက်ရသည်။ မြေကမ္ဘာစေတီမှာမူ ဝိညာဉ်စွမ်းအား သုံးစွဲမှု များသဖြင့် မသုံးသေးခြင်း ဖြစ်သည်။
စုန့်ဝမ်က ခုခံရုံသာမက မိုးကြိုးလျှပ်စီးလှံ ၃ ချောင်းကိုပါ ပြန်လည် ပစ်လွှတ်လိုက်သည်။ ရန်သူ၏ ဓားပျံနှစ်လက်မှာ သူ့အကာအကွယ်များကို ဆက်တိုက် ရိုက်ခတ်သော်လည်း ထိုးဖောက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ စုန့်ဝမ်လည်း အတင်းဖိတိုက်ရင်း လိုဏ်ဂူထဲသို့ တိုးဝင်သွားသည်။
ချောင်းမြောင်းတိုက်ခိုက်သူများမှာ လျန်ထျန်းလုနှင့် မျက်နှာဖုံးစွပ်ထားသူတို့ ဖြစ်သည်။ စုန့်ဝမ် ပစ်လွှတ်လိုက်သော မိုးကြိုးလျှပ်စီးလှံ ၃ ချောင်းမှာ အာရုံလွှဲရုံသာ ဖြစ်ပြီး ၎င်းတို့နောက်ကွယ်တွင် အစွမ်းထက်သော ကူပိုးကောင် ၆ ကောင် ပါရှိနေသည်။ မိုးကြိုးလျှပ်စီးများအား ကာကွယ်နေရသော လျန်ထျန်းလုတို့မှာ ကူကောင်များကို သတိမပြုမိလိုက်ကြပေ။ ကူကောင်များ အလွန်နီးကပ်သွားသောအခါမှ သတိပြုမိပြီး ဝိညာဉ်စွမ်းအား အကာအကွယ်များ ပြုလုပ်ကြသော်လည်း အချိန်မမီတော့၊ ကူကောင်များ၏ ထက်မြက်သော မေးရိုးများက အကာအကွယ်များကို မျက်စိတစ်မှိတ်အတွင်း ကိုက်ဖဲ့ဖျက်ဆီးပြီး ၎င်းတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။ အသက်တစ်ရှိုက်စာအတွင်း ကူကောင်များ ကိုက်ဖြတ်ဝါးမြိုမှုကြောင့် ကိုယ်တွင်းအဂ်ါများ ပျက်စီးပြီး နှစ်ဦးလုံး အသက်ပျောက်သွားတော့သည်။
စုန့်ဝမ်လည်း ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းပြီး မျက်နှာဖုံးစွပ်ထားသူ၏ မျက်နှာဖုံးကို ခွာကြည့်လိုက်ရာ လွန်ခဲ့သော ၃ နှစ်က ဖုန်ရှင်းဟိုင်က သေဒဏ်ပေးလိုက်သည်ဆိုသော ဝမ်မင် ဖြစ်နေခြင်းကြောင့် အလွန်အမင်း အံအားသင့်သွားသည်။ ဖုန်ရှင်းဟိုင်သည် လူတိုင်းကို လှည့်ဖြားပြီး ဝမ်မင်ကို အသက်ချမ်းသာပေးကာ ဖုန်ချီ၏ လက်အောက်တွင် အသုံးချနေခြင်း ဖြစ်သည်။ စုန့်ဝမ်အနေဖြင့် သားရဲသခင်ဂိုဏ်းအတွင်းမှ အဆင့်မြင့် အကြီးအကဲများ၏ မရိုးဖြောင့်မှုများကို အကြိမ်ကြိမ် တွေ့မြင်လာရသဖြင့် စိုးရိမ်စိတ် ပိုများလာသည်။ သေပြီထင်ပြီး လုံးဝထည့်မတွက်မိသူက တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်ကို တွေးမိပြီး ကျောမလုံသလို ခံစားမိလာသည်။
စုန့်ဝမ်လည်း ဝမ်မင်နှင့် လျန်ထျန်းလု၏ ဝိညာဉ်များကို ရုပ်အလောင်းအတွင်း၌ ဝိညာဉ်ချုပ်နှောင်အတတ်ဖြင့် ပိတ်လှောင်ပြီး အလောင်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ကူကောင်များ၏ အငွေ့အသက်ကို ရှင်းလင်းပြီး၊ လိုဏ်ဂူလမ်းကြောင်းများထဲမှ အောက်ဘက်သို့ ဦးတည်သော လမ်းများကိုသာ ရွေးချယ်ပြီး ဆင်းသွားခဲ့သည်။
စုန့်ဝမ် ထွက်သွားပြီးနောက် လေ့ယွီဟွာသည်လည်း လိုဏ်ဂူအတွင်းသို့ ဝင်သွားသည်။ မုယွမ်ရှင်းနှင့် ရွှယ်ကူးတို့မှာမူ လေ့ယွီဟွာကို လိုက်မမီတော့သဖြင့် ခန်းမကြီးအတွင်းသို့ ပြန်လှည့်သွားကြသည်။ ဖုန်ချီသည်လည်း ရန်သူများနှင့် မတွေ့လိုသဖြင့် လမ်းကြောင်းပြောင်းကာ သူ့လူများ ရှိရာဆီသို့ ထွက်လာခဲ့သည်။ ဝမ်မင်တို့ တိုက်ခိုက်ခဲ့သည့် နေရာသို့ ရောက်သောအခါ နှစ်ဦးစလုံးကို မတွေ့ရသော်လည်း ကျန်ရှိနေသော အငွေ့အသက်များကို ကြည့်ပြီး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူ့လူနှစ်ယောက်လုံး သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ မိုးကြိုးနည်းစနစ် တိုက်ခိုက်မှု အငွေ့အသက်များအရ လေ့ယွီဟွာနှင့် စုန့်ဝမ်သာ ဖြစ်နိုင်သည်။ လေ့ယွီဟွာက အခြားလမ်းတွင် ရောက်ရှိနေသဖြင့် စုန့်ဝမ် ဖြစ်မည်မှာ ကျိန်းသေပင်။
ဖုန်ချီ တစ်ယောက် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ခံစားနေရသည်။ စာရင်းအရဆိုလျှင် ဝမ်မင်မှာ သေဒဏ်ပေးခံရပြီး ဖြစ်သည်။ အကယ်၍ ဝမ်မင်၏ အလောင်းသာ ဝူရှန်း (စုန့်ဝမ်၏နာမည်လွှဲ) လက်ထဲ ရောက်သွားပြီး ဂိုဏ်းကို သတင်းပို့လိုက်မည်ဆိုပါက သူတို့အားလုံး ပြဿနာတက်ပေလိမ့်မည်။ ဝမ်မင်သည် ပထမအကြီးအကဲအတွက် အလွန်အရေးပါသော မြွေလူသား သန့်စင်မှုကို ဖျက်ဆီးခဲ့၍ သေဒဏ်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ဝူရှန်းကဲ့သို့ အဆင့်နိမ့်သောသူမှာ ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိသော်လည်း မဟာအကြီးအကဲ၏ မျက်နှာသာပေးမှုကို ရရှိထားချိန်တွင် ထိုသူကို ရန်ပြုမိပါက မဟာအကြီးအကဲ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။ ထို့ကြောင့်လည်း ဝမ်မင်က စုန့်ဝမ်၏ နေရာကို လုယူစဉ် ဖုန်ချီက ဝင်မပါဘဲ၊ ဝမ်မင်က လူအများရှေ့တွင် ရန်လိုသောအခါတွင်လည်း တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ရည်လုခြင်းမှာ သာမန်အရင်းအမြစ် အငြင်းပွားမှုသာဖြစ်၍ အကြီးအကဲ နားထဲရောက်လျှင်ပင် ဂရုစိုက်မည်မဟုတ်သော်လည်း စုန့်ဝမ်ကို သတ်မိပါက ပထမအကြီးအကဲကို အမှန်တကယ် စော်ကားရာ ရောက်ပေလိမ့်မည်။ လောလောဆယ်တွင် အကြီးအကဲက စုန့်ဝမ်ကို အသုံးချရန် ရှိနေသေးသဖြင့် ထိပါး၍ မဖြစ်ပေ။
"ဝူရှန်းက သူ့အရည်အချင်းကို ဖုံးကွယ်ထားတာပဲ။ ဝမ်မင်နဲ့ လျန်ထျန်းလုကို တစ်ယောက်တည်း သတ်နိုင်တယ်ဆိုတော့၊ သူပြထားတဲ့ အခြေတည် အလယ်အဆင့် ဆိုတာကလည်း အတုအယောင်ပဲ ဖြစ်ရမယ်။ ဒီလူကို အသက်ရှင်လျက် မထားသင့်ဘူး။ လျှို့ဝှက်နယ်မြေကနေ မထွက်ခင် တိတ်တဆိတ် ရှင်းပစ်ရမယ်။ မဟုတ်ရင် နောင်ရေးမှာ အဆုံးမရှိတဲ့ ဒုက္ခတွေ ရောက်လာနိုင်တယ်" ဟု ဖုန်ချီက တီးတိုးရေရွတ်လိုက်သည်။
ဖုန်ချီလည်း ဆုံးဖြတ်ပြီးသည်နှင့် မြေအောက်အနက်ပိုင်းသို့ ဆင်းသွားခဲ့သည်။ ဝူရှန်းသည် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို သတ်နိုင်သည်အထိ အစွမ်းထက်လျှင် ယင်ယန်သွေးမျက်ရည်အပင်ကို စိတ်ဝင်စားပေလိမ့်မည်။ မြေအောက်မြစ်ကမ်းတစ်လျှောက် ရှာဖွေလျှင် သို့မဟုတ် အခြားကျင့်ကြံသူများနှင့် သတင်းဖလှယ်လျှင် ထိုသူ၏ သဲလွန်စကို ရှာတွေ့နိုင်မည်ဟု ဖုန်ချီ ယုံကြည်နေသည်။