စီနီယာရုန်ကို ကူညီခြင်း
Vol. 23 Ch. 241
လက်ရှိတွင် ရုန်ကျင့်ယွမ်၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး အသက်ရှူသံမှာလည်း မမှန်တော့ပေ၊ ဝိညာဉ်စွမ်းအင်လည်း အလွန်အမင်း ကုန်ခမ်းနေသည့် ပုံစံမျိုး ပေါက်နေသည်။ ထိုအကြောင်းကြောင့်ပင် သူမသည် ဒုတိယအဆင့် ဝိညာဉ်သားရဲတစ်ကောင်၏ရန်မှ အသည်းအသန် ထွက်ပြေးနေရခြင်း ဖြစ်သည်။
စုန့်ဝမ် ဝမ်းသာသွားသည်။ ရုန်ကျင့်ယွမ်သည် ယင်ယန်သွေးမျက်ရည်ပင် တည်ရှိရာ မြေအောက်မြစ်သို့ သွားရာလမ်းကြောင်းကို သိထားသူဖြစ်သည် မဟုတ်ပါလား။
"စီနီယာရုန်... တောင့်ထား ကျွန်တော် လာကူမယ်"
စုန့်ဝမ်သည် ပုန်းကွယ်နေရာမှ ထွက်လိုက်ပြီး လှမ်းအော်လိုက်သည်။ စကားပင် မဆုံးသေးခင်မှာပင် ဓားစီးနင်းကာ တစ်ဖက်ကမ်းသို့ အရှိန်ဖြင့် ပျံသန်းသွားတော့သည်။
စုန့်ဝမ်၏ အသံကို ကြားလိုက်ရသောအခါ ရုန်ကျင့်ယွမ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး အံ့ဩသည့် အမူအရာ ပေါ်လာသည်။ စုန့်ဝမ်နှင့် ဤနေရာတွင် ဆုံရသည်ကို အံ့ဩမိသလို၊ သူမကို ကူညီရန် ရှေ့ထွက်လာသည်ကိုလည်း အံ့ဩနေမိသည်။ သို့သော် သတိတော့ မလျှော့ပေ။ စုန့်ဝမ်၏ စကားအနည်းငယ်ကြောင့်နှင့် သူမအနေဖြင့် အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။ စုန့်ဝမ်နှင့် သူမကြားတွင် အနည်းငယ် ပတ်သက်မှု ရှိခဲ့ဖူးသော်လည်း ၎င်းက အသက်စွန့် ကူရလောက်သည့် ပတ်သက်မှုမျိုး မဟုတ်ပေ။
စုန့်ဝမ်က မိုးကြိုးလှံ ၃ စင်းဖြင့် သားရဲကို ပစ်ခွင်း တိုက်ခိုက်လိုက်သည်။ သားရဲက ရှေ့လက်ဖြင့် လှံနှစ်စင်းကို ပုတ်ထုတ်လိုက်သော်လည်း တစ်စင်းမှာမူ ခေါင်းကို ထိမှန်သွားသည်။ မိုးကြိုးလှံမှ လျှပ်စီးများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည်။
အဆိုပါသားရဲမှာ သင်းခွေချပ်နှင့် တူသော သတ္တဝါတစ်ကောင် ဖြစ်ပြီး ခန္ဓာကိုယ်မှာ မီးခိုးရင့်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ၊ ချွန်ထက်သော သွားလေးများ ပါရှိသည့် ပြားချပ်သော နှုတ်သီးနှင့် ချွန်ထက်သော လက်သည်းများ ပါသည့် ခြေလက်များ ရှိသည်။ ဤသတ္တဝါကို ကျင့်ကြံမှုလောကတွင် မြေတွင်းအောင်းသားရဲဟု ခေါ်ပြီး မြေအောက်တွင် ကျင်းတူးနေထိုင်လေ့ရှိကာ မြေကြီးနှင့် ကျောက်ဆောင်များကို ဖောက်ထွင်းရာတွင် ကျွမ်းကျင်သော သားရဲဖြစ်သည်။
မိုးကြိုးလှံမှာ မြေတွင်းအောင်းသားရဲကို ဒဏ်ရာမရစေဘဲ ၎င်း၏ ဒေါသကိုသာ ဆွပေးလိုက်သလို ဖြစ်သွားသည်။ သားရဲက ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး ဆူးများပါသော လျှာဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
စုန့်ဝမ်က လိပ်မြွေဒိုင်းဖြင့် အလျင်အမြန် ကာလိုက်သည်။
"ဒုန်း"
ရှည်လျားသော လျှာမှာ ဆူးပါသော တုတ်အကြီးကြီးဖြင့် ရိုက်လိုက်သလိုမျိုး ဒိုင်းကို လာရိုက်သဖြင့် စုန့်ဝမ်မှာ အနောက်သို့ ယိုင်သွားသည်။
စုန့်ဝမ်လည်း ဘေးသို့ ရှောင်လိုက်ပြီး ရုန်ကျင့်ယွမ်၏ အနားသို့ တိုးသွားသည်။
"စီနီယာရုန်... ဒီကောင်က သန်လှချည်လား၊ ကျွန်တော် တစ်ယောက်တည်းတော့ မနိုင်လောက်ဘူး"
စုန့်ဝမ်က ပြောရင်းနှင့် သားရဲ အနားမကပ်နိုင်အောင် မိုးကြိုးလှံ သုံးစင်း ထပ်ပစ်လိုက်သည်။ ယခုတစ်ခေါက် ပစ်လိုက်သော လှံများမှာ ပုံမှန်ထက် ထက်ဝက်ခန့်သာ ရှည်ပြီး စွမ်းအားလည်း သိပ်မရှိလှပေ။ သားရဲက ရှေ့လက်ဖြင့် ပုတ်ထုတ်လိုက်ရာ မိုးကြိုးလှံများမှာ မီးပွားများအဖြစ် လွင့်စင်သွားသည်။
ထိုအချိန်တွင် ဓားပျံတစ်လက် ရုတ်တရက် ပေါ်လာပြီး မိုးကြိုးလှံများကို အာရုံရောက်နေသော သားရဲ သတိမမူမိခင် ညာဘက်မျက်လုံးထဲသို့ စိုက်ဝင်သွားရာ သွေးများ ပန်းထွက်လာတော့သည်။ ရုန်ကျင့်ယွမ်က သားရဲ အာရုံများနေချိန် အခွင့်ကောင်းယူပြီး မျက်လုံးမှတဆင့် ဦးခေါင်းခွံကို ဖောက်ကာ အသေသတ်ရန် ကြိုးစားခြင်း ဖြစ်သည်။ မြေအောင်းသားရဲ၏ အကြေးခွံများမှာ အလွန်မာကြောသဖြင့် မျက်လုံးသည်သာ အားနည်းချက် ဖြစ်သည်။ သို့သော် သားရဲက လျင်မြန်စွာ တုံ့ပြန်ပြီး ခေါင်းကို ခါယမ်းကာ ဓားကို ဖယ်ထုတ်ပစ်လိုက်သည်။
မြေအောင်းသားရဲက ကျန်ရှိသော ဘယ်ဘက်မျက်လုံးဖြင့် ရုန်ကျင့်ယွမ်ကို အငြိုးတကြီး စိုက်ကြည့်ပြီးနောက် ရုတ်တရက် လှည့်ကာ ရေထဲသို့ ခုန်ဆင်းပြီး ထွက်ပြေးသွားတော့သည်။ ရုန်ကျင့်ယွမ်က ဓားဖြင့် ရေထဲသို့ လိုက်လံတိုက်ခိုက်စေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ရုန်ကျင့်ယွမ် စိတ်ပျက်သွားသော်လည်း မလိုက်သွားတော့။ သူမ၏ လက်ရှိအခြေအနေနှင့် ထိုသားရဲကို တစ်ယောက်တည်း မနိုင်နိုင်မှန်း သိနေသဖြင့် မစွန့်စားရဲတော့ပေ။
စုန့်ဝမ်က ရုန်ကျင့်ယွမ်ကို အံ့ဩချီးကျူးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"စီနီယာရဲ့ အစွမ်းက တကယ့်ကို နက်နဲပါပေတယ်။ ဓားတစ်ချက်တည်းနဲ့ မြေအောင်းသားရဲကို မောင်းထုတ်နိုင်တာပဲ"
ရုန်ကျင့်ယွမ်က စုန့်ဝမ်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်ကာ ပြန်ပြောသည်။
"အကြီးအကဲဝူ... ကျွန်မတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်။ ကျွန်မမှာ တောင်းဆိုစရာတစ်ခု ရှိလို့ ရှင့်အနေနဲ့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အစွမ်းကို ဖုံးကွယ်မနေပါနဲ့တော့။ အကြီးအကဲဝူ အခုပြသခဲ့တဲ့ စွမ်းအားအရဆို ဒုတိယအဆင့် သားရဲတစ်ကောင်ကို အလွယ်တကူ နှိမ်နင်းနိုင်မှာပါ"
စုန့်ဝမ်က အံ့ဩသည့် မျက်နှာပေးကို ဖျောက်လိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် "စီနီယာရုန် ကျွန်တော့်ဆီက ဘာအကူအညီ လိုချင်လို့လဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်မှာလည်း စီနီယာ့ဆီက အကူအညီတောင်းစရာ တစ်ခု ရှိနေတယ်"ဟု ဆိုလိုက်သည်။
ရုန်ကျင့်ယွင်က "ကျွန်မရဲ့ ခင်ပွန်းကို ကယ်ပေးဖို့ အကူအညီတောင်းချင်တာပါ" ဟု ဖြေသည်။
"အကြီးအကဲဟန် ဘာဖြစ်လို့လဲ"
"ကျွန်မခင်ပွန်းက ဟွန်းယွမ်ကျောင်းတော်က ဘုန်းကြီးတွေ လက်ချက်ကြောင့် ဒဏ်ရာရပြီး သတိမေ့နေတာပါ။ သူတို့လက်က လွတ်အောင်ပြေးပြီး ကျောက်ဂူတစ်ခုမှာ ဒဏ်ရာကုနေတုန်း ခုနက မြေအောင်းသားရဲက ဂူထဲဝင်လာပြီး ရန်ပြုဖို့ ကြိုးစားတယ်။ ကျွန်မလည်း ဒဏ်ရာရထားလို့ အဲဒီသားရဲကို မနိုင်ဘဲ ထွက်ပြေးခဲ့ရတယ်။ အလောတကြီး ပြေးခဲ့ရလို့ ခင်ပွန်းကို ခေါ်မလာနိုင်ခဲ့ဘူး"
"ပွင့်ပွင့်လင်းလင်း ပြောရရင် အကြီးအကဲဟန်က ဒဏ်ရာရပြီး အစောင့်အရှောက်မရှိ ကျန်ခဲ့တာဆိုတော့ ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အချိန်ဆို သူ အသက်ဘေးနဲ့ ကြုံနေလောက်ပြီ။ စီနီယာကိုယ်တိုင်လည်း ဒဏ်ရာ ပြင်းထန်နေတာပဲ၊ အရင်ဆုံး ဒဏ်ရာ ကုလိုက်ပါဦး၊ ကျွန်တော် စောင့်ရှောက်ပေးပါ့မယ်"
ရုန်ကျင့်ယွမ်က ခေါင်းခါပြသည်။
"မဟုတ်ဘူး... ကျွန်မခင်ပွန်းက ရန်ကွမ်းတင့်အိုးထဲမှာ ရှိနေတာ၊ အဲဒါက သူ့ကို ကာကွယ်ပေးထားလိမ့်မယ်။ သားရဲက သူ့ကို ချက်ချင်း အန္တရာယ် မပေးနိုင်သေးဘူး။ အကြီးအကဲဝူ... ကျွန်မခင်ပွန်းကို ကယ်ပေးဖို့ တောင်းပန်ပါတယ်။ အချိန်ထပ်ဆွဲနေရင် သားရဲက အိုးကို ဖျက်ဆီးပြီး သူ့ကို အန္တရာယ်ပြုမှာ စိုးလို့ပါ"
စုန့်ဝမ်က ရုန်ကျင့်ယွမ်ကို ထူးဆန်းသလို ကြည့်လိုက်သည်။ ရန်ကွမ်းတင့်အိုးမှာ အစွမ်းထက်ပြီး ကာကွယ်ရေးရော တိုက်စစ်ပါ ကောင်းသည်မှာ မှန်သော်လည်း ၎င်းမှာ ဆေးဖော်စပ်သည့် မီးဖိုတစ်ခုသာ ဖြစ်သည်။ ဒဏ်ရာရထားသူကို ၎င်းအတွင်း ထည့်ထားခြင်းမှာ ကုသပေးခြင်းထက် ဆေးဖော်သလို ကျိုချက်လိုက်သလိုမျိုး ဖြစ်နေသည်။ ရုန်ကျင့်ယွမ်က သူ့ခင်ပွန်းကို ကုသချင်သည်လား၊ ဆေးဖော်စပ်ချင်သည်လား စုန့်ဝမ်လည်း မတွေးတတ်တော့။
ရုန်ကျင့်ယွမ်က သူ့အစွမ်းအစကို ရိပ်မိနေပြီဖြစ်၍ စုန့်ဝမ်လည်း ဆက်လက် ဖုံးကွယ်မနေတော့ပေ။
"ကျွန်တော် ကူညီပါ့မယ်၊ ဒါပေမဲ့ စီနီယာက ရေခဲမြစ်ရှိတဲ့ဂူကို သွားတဲ့ လျှို့ဝှက်လမ်းကြောင်းကို ပြောပြရမယ်"
ရုန်ကျင့်ယွမ်မှာ စုန့်ဝမ်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။
"ကျွန်မ ရေခဲမြစ်ရှိတဲ့ဂူကို ရောက်ခဲ့တာ အကြီးအကဲ ဘယ်လိုသိတာလဲ"
"ဟွန်းယွမ်ကျောင်းတော်က ကျဲ့ဟွေ ပြောပြလို့ပါ"
"ကျဲ့ဟွေလား" ရုန်ကျင့်ယွမ် သံသယဝင်သွားသည်။ ကျဲ့ဟွေအနေဖြင့် စုန့်ဝမ်ကို ဤအကြောင်းများ ပြောပြစရာ အကြောင်းမရှိပေ။ ဒါဆို ကျဲ့ဟွေရဲ့ကံကြမ္မာ... ရုန်ကျင့်ယွမ် အခြေအနေကို ရိပ်စားမိသွားသဖြင့် စုန့်ဝမ်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။
"ရေခဲမြစ်ထဲမှာ ဂျယ်လီငါးသားရဲ ရှိနေတာလေ။ အကြီးအကဲဝူက အဲဒီကို ဘာသွားလုပ်မလို့လဲ။ ဒါမှမဟုတ် အဲဒီက..." ရုန်ကျင့်ယွမ် မယုံနိုင် ဖြစ်သွားသည်။ စုန့်ဝမ်က ထိုမြစ်အကြောင်း မေးသည်မှာ ယင်ယန်သွေးမျက်ရည်ပင်ကို လိုချင်၍သာ ဖြစ်ရမည်။ ၎င်းကို ရရန် ထိုသားရဲကြီးကို နှိမ်နင်းရမည် ဖြစ်သည်။ ကျဲ့ဟွေအပါအဝင် အခြေတည် အထွတ်အထိပ် ကျင့်ကြံသူ သုံးဦးပင် မနိုင်ခဲ့သော သားရဲကို ဝူရှန်းတစ်ယောက်တည်းက လိုချင်နေခြင်းမှာ မယုံနိုင်စရာပင်။
စုန့်ဝမ်က သူမ၏ အမူအရာကို ကြည့်ပြီး "စီနီယာရုန်... ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့" ဟု ဆိုသည်။
"စိတ်ချပါ အကြီးအကဲဝူ။ အကြီးအကဲရဲ့ အစွမ်းတွေရော၊ ရေခဲမြစ်ဂူနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုပါ ဘယ်သူ့မှ မပြောဘူးလို့ ကျွန်မ ဝိညာဉ်သစ္စာ ဆိုနိုင်ပါတယ်"
စုန့်ဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူသည် ရုန်ကျင့်ယွမ်အပေါ် ရန်ငြိုးမရှိပေ။ ဆေးဖော်စပ်ပညာနဲ့ ပတ်သတ်လျှင် ဆရာဟုပင် ဆိုနိုင်သည်။ ဝိညာဉ်ရည် တစ်ပုလင်းမှအပ သူမထံတွင် သူလိုချင်သော ပစ္စည်းမရှိပေ။ ထို့အပြင် သူ့ထံတွင်လည်း ၅ ပုလင်း ရှိနေပြီ ဖြစ်သည်။ သူမကို ကူညီပြီး ဟန်ချန်းကို ကယ်ထုတ်ပေးခြင်းဖြင့် ရေခဲမြစ်ဂူသို့သွားမည့် လမ်းကြောင်းကို ရရှိခြင်းက အချိန်အများကြီး သက်သာစေလိမ့်မည်။
"အချိန်မရှိတော့ဘူး၊ အကြီးအကဲဟန်ကို သွားကယ်ကြစို့" ဟု စုန့်ဝမ်က ဆိုသည်။
ရုန်ကျင့်ယွမ်က ကျေးဇူးတင်စွာဖြင့် ကြည့်ကာ "ကျေးဇူးတင်ပါတယ် အကြီးအကဲဝူ၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ" ဟု ပြောပြီး ဓားစီးကာ ရှေ့မှ ဦးဆောင်သွားသည်။
၎င်းတို့နှစ်ဦး မြစ်အောက်ပိုင်းသို့ မိုင်အနည်းငယ် ပျံသန်းသွားပြီးနောက် ရုန်ကျင့်ယွမ်က မြစ်ထဲသို့ ခုန်ဆင်းသွားသည်။ စုန့်ဝမ်လည်း တုံ့ဆိုင်းမနေဘဲ ကူပိုးကောင်ကို အရင်လွှတ်ပြီး ရေထဲသို့ လိုက်ဆင်းခဲ့သည်။ ပေ ၃၀ ကျော် ငုပ်ဆင်းပြီး ရေအောက်လိုဏ်ဂူတစ်ခုထဲ ရောက်သွားကြသည်။ ရေအောက်ဂူမှာ ကွေ့ကောက်နေပြီး ၁၀ မိုင်ခန့် သွားပြီးနောက် လမ်းနှစ်ခွ တွေ့ရသည်။ တစ်လမ်းမှာ ရှေ့သို့ ဆက်သွားပြီး အခြားတစ်လမ်းမှာ အပေါ်သို့ တက်သွားသည်။ ရုန်ကျင့်ယွမ်က အပေါ်တက်သည့်လမ်းကို ရွေးလိုက်သည်။
အနည်းငယ် ဆက်သွားပြီးနောက် ရုန်ကျင့်ယွမ်က ရပ်လိုက်ပြီး စုန့်ဝမ်ကို အသံထုတ်လွှင့်နည်းဖြင့် လှမ်းပြောသည်။
"ကျွန်မတို့ ရေမျက်နှာပြင်နဲ့ သိပ်မဝေးတော့ဘူး။ အပေါ်မှာ ကျွန်မခင်ပွန်းရှိတဲ့ မြေအောက်ဂူ ရှိတယ်။ သားရဲက ဂူဝမှာ စောင့်နေလောက်ပြီ။ အထဲရောက်ရင် အကြီးအကဲဝူက သားရဲကို တားထားပေးပါ၊ ကျွန်မက ရန်ကွမ်းတင့်အိုးကို ပြန်လုမယ်။ သားရဲကို သတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့"
စုန့်ဝမ်က ခေါင်းညိတ်ပြီး ရုန်ကျင့်ယွမ်၏ ရှေ့မှ တက်သွားသည်။ ရေမျက်နှာပြင်သို့ ရောက်ခါနီးတွင် ကူပိုးကောင်ကို အရင်လွှတ်၍ အခြေအနေကို ကြည့်စေသည်။ ဂူမှာ အတော်လေး ကျယ်ဝန်းသည်။ ဂူ၏ ထောင့်တစ်နေရာတွင် ရန်ကွမ်းတင့်အိုးကြီးမှာ မြေပေါ်တွင် လဲနေပြီး မျက်လုံးတစ်ဖက်တည်း ကျန်တော့သော မြေအောင်းသားရဲက ၎င်းကို လက်သည်းဖြင့် ကုတ်ခြစ်နေသည်။ သားရဲက ရန်ကွမ်းတင့်အိုးကို ကိုက်ရန် ကြိုးစားသော်လည်း မရသဖြင့် ဒေါသထွက်ကာ အမြီးဖြင့် ရိုက်ပုတ်လိုက်ရာ အိုးမှာ လေထဲသို့ လွင့်စဉ်သွားပြီး နံရံကို တိုက်မိသွားသည်။
စုန့်ဝမ်လည်း မြေအောင်းသားရဲ အာရုံများနေသည်ကို အခွင့်ကောင်းယူပြီး ရေအောက်မှနေ၍ မိုးကြိုးလှံ သုံးစင်း ပစ်လွှတ်ပြီး လူကိုယ်တိုင် ရေထဲမှ ခုန်ထွက်ကာ သားရဲထံသို့ ပြေးဝင်သွားသည်။ မြေအောင်းသားရဲသည် စုန့်ဝမ်ကို မြင်သည်နှင့် မျက်လုံးများ မီးဝင်းဝင်း တောက်လာသည်။ မကြာမီက ဤလူ၏ မိုးကြိုးလှံကြောင့် အာရုံများသွားပြီး မျက်လုံးတစ်ဖက် ဒဏ်ရာရခဲ့ခြင်းကို သူမမေ့နိုင်သေး။ ဤလူသားမှာ မိုးကြိုးမှာလည်း ယားရုံသာ ရှိသည်ဟု သိထားသဖြင့် တစ်ယောက်တည်း သေတွင်းထဲ တိုးဝင်လာခြင်းဟု မှတ်ယူကာ အားကုန်သုံးပြီး ခုန်အုပ်လိုက်သည်။ ခုန်အုပ်စဥ် ၎င်း၏ ကိုယ်ပေါ်တွင် အဝါရောင် မြေဓာတ်အလင်းတန်းများဖြင့် အကာအကွယ် တစ်ခု ဖန်တီးလိုက်သည်။
"သားရဲကောင်... သေစမ်း"
စုန့်ဝမ်က အော်ဟစ်ကြိမ်းမောင်းရင်း မိုးကြိုးလှံနည်းစနစ်ကို အပြည့်အဝ အသက်သွင်းလိုက်ရာ လူတစ်ဖက်စာအရွယ် မိုးကြိုးလှံ ၃ စင်း ထွက်ပေါ်လာပြီး မြေအောင်းသားရဲအား ဆက်တိုက်ထိမှန်သွားသည်။
မြေအောင်းသားရဲ၏ မြေဓာတ်အကာအကွယ်မှာ ချက်ချင်း ပျက်စီးသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။ သားရဲမှာ ဒေါသထွက်သွားသလို ကြောက်လည်း ကြောက်သွားသည်။ လူသားများမှာ အမှန်ပင် ကောက်ကျစ်စဉ်းလဲပြီး ကိုယ့်အစွမ်းကို ဖုံးကွယ်ထားကြသည်။ ယခုမိုးကြိုးမှာ အရင်အကြိမ်ထက် အဆပေါင်းများစွာ ပိုပြင်းထန်သည်။
မြေအောင်းသားရဲ လူးလဲထချိန်တွင် စုန့်ဝမ်က မဟာဂူမိုးကြိုးအား အသက်သွင်းပြီး ဖြစ်နေသည်။ ထိုမိုးကြိုး၏ ကြောက်မက်ဖွယ် ဖိအားကြောင့် မြေအောင်းသားရဲမှာ ထိတ်လန့်သွားပြီး အဝါရောင် မြေဓာတ်အကာအကွယ်ကို အစွမ်းကုန် ထုတ်လွှတ်ကာ မြေကြီးကို အသည်းအသန် တူးတော့သည်။ တူးထုတ်လိုက်သော ကျောက်သားများက ၎င်း၏ ကိုယ်ပေါ်တွင် အလိုအလျောက် ရစ်ပတ်သွားရာ အဝေးမှကြည့်လျှင် ကျောက်သားရဲကြီးတစ်ကောင် မြေပေါ်တွင် ဝပ်နေသလို ဖြစ်သွားသည်။ ထိုစဉ် မိုးကြိုးကြီးမှာ သားရဲအပေါ် ကျဆင်းလာတော့သည်။
"ဂျိမ်း…"
ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ကျောက်စိုင်ကျောက်ခဲများ လွင့်စင်သွားသည်။ သားရဲ၏ ကျောက်အကာအကွယ်မှာ ကြေမွသွားသော်လည်း သားရဲကိုမူ မတွေ့ရတော့ပေ၊ မြေပေါ်တွင် တွင်းကြီးတစ်ခုသာ ကျန်ရစ်သည်။ အချိန်တိုအတွင်းမှာပင် ၎င်းမှာ မြေအောက်သို့ တိုးဝင်သွားခြင်း ဖြစ်သည်။
"သားရဲကောင်... မင်း ပြေးလို့လွတ်မယ် ထင်နေလား"
စုန့်ဝမ် ကြိမ်းမောင်းရင်း တွင်းဝသို့ အမြန်ချဥ်းကပ်သွားသည်။ သားရဲ၏ အမြီးကို မြင်နေရဆဲ ဖြစ်ပြီး ၎င်းမှာ မြေကြီးကို အသည်းအသန် တူး၍ ထွက်ပြေးနေသည်။ မိုးကြိုးဒဏ်ကြောင့် အကြေးခွံများစွာ ပျက်စီးပြီး သွေးများလည်း ထွက်နေသည်။ စုန့်ဝမ်က မိုးကြိုးလှံများဖြင့် ပစ်ထည့်လိုက်ရာ လှံများမှာ ပျက်စီးနေသော အကြေးခွံများကြားမှ ဖောက်ဝင်သွားပြီး၊ ကိုယ်ထဲတွင် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲသွားသဖြင့် မြေအောင်းသားရဲမှာ အသက်ပျောက်သွားတော့သည်။