← Chapters

တွေ့သမျှအကုန် သိမ်းယူမယ်

Vol. 23 Ch. 243

တွေ့သမျှအကုန် သိမ်းယူမယ်

Vol. 23 Ch. 243

တိုက်ပွဲမှာ ရှုပ်ထွေးလွန်းလှသဖြင့် စုန့်ဝမ်ပင် ချက်ကောင်းရှာ အပြတ်ရှင်းရန် မလွယ်ဖြစ်နေသည်။ အလောင်းရုပ်သေး သုံးကောင်နှင့် တစ္ဆေနှစ်ကောင်၏ တိုက်ခိုက်မှုများသည် မိုးသက်မုန်တိုင်းကဲ့သို့ သားရဲကြီးပေါ်သို့ ကျရောက်လာသည်။ အသားစများနှင့် အသားတုံးများ နေရာအနှံ့ လွင့်စဉ်သွားသည်။ နောက်ဆုံးတွင် ရေသားရဲကြီးသည် မြစ်ထဲသို့ ပြန်မဆင်းနိုင်တော့ဘဲ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်တောက်ကာ အသားပုံကြီး ဖြစ်သွားတော့သည်။ ထိုအချိန်ရောက်မှ ကူပိုးကောင် ခြောက်ကောင်က ပြေးဝင်လာပြီး အငမ်းမရ စားသောက်ကြသည်။ မိစ္ဆာသားရဲ၏ အသားနှင့် သွေးမှာ ၎င်းတို့အတွက် အကောင်းဆုံး စားဖွယ်ပင် ဖြစ်သည်။

ကြေမွနေသော ကလီစာများကြားတွင် ကျိုးပဲ့နေသော အရိုးစုတစ်ခုကို စုန့်ဝမ် တွေ့ရှိခဲ့သည်။ ထိုအရိုးစု၏ လက်ချောင်းရိုးတစ်ခုတွင် သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသဖြင့် သိမ်းယူပြီး ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သောအခါ ဟွန်းယွမ်ကျောင်းမှ ဘုန်းကြီးတစ်ပါး၏ လက်စွပ်ဖြစ်နေသည်။ လက်စွပ်ထဲတွင် နှစ်တစ်သောင်းဝိညာဉ်ရည် ပါဝင်သော ကျောက်စိမ်းပုလင်းတစ်လုံး တွေ့ရသည်။ ထို့အပြင် မဟာယနဆိုင်ရာ မန္တန်များ၊ နည်းစနစ်များနှင့် ဝိညာဉ်ပစ္စည်း အချို့ကိုလည်း တွေ့ရသည်။ ထိုမန္တန်များသည် မဟာယနကျင့်ကြံသူများသာ သုံးနိုင်သဖြင့် စုန့်ဝမ်နှင့် မကိုက်ညီပေ။ ဝိညာဉ်ပစ္စည်းများကို ပြန်လည်ပြုပြင်ပြီး သုံးနိုင်သော်လည်း သူ့ထံတွင် ဝိညာဉ်ပစ္စည်းများ မရှားပါးသဖြင့် အချိန်ကုန်မခံတော့ပေ။

သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက် ယင်ယန်သွေးမျက်ရည်ပင်ကို ဆွဲနှုတ်ယူလိုက်သည်။ ထို့နောက် ရေခဲမြစ်အနားသို့ သွားလိုက်သည်။ ထိုမြေအောက်မြစ်မှာ ထူးခြားလှပြီး ဘေးတွင် ရပ်နေရုံနှင့်ပင် အရိုးထဲထိ အေးစိမ့်သွားစေသည်။ ဤကန်ကို မည်သည့်အရာက ဖန်တီးထားသနည်းဟု စုန့်ဝမ် သိချင်လာမိသည်။ ကျဲ့ဟွေနှင့် ရုန်ကျင့်ယွမ်တို့ထံမှ သိရသမျှဆိုလျှင် မြစ်အောက်ခြေတွင် မည်သည့်သားရဲမှ မရှိသဖြင့် ဆံနီတစ္ဆေနှင့် ကြေးနီအလောင်းရုပ်သေးများကို ပြန်သိမ်းကာ၊ တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေးကိုသာ အတူခေါ်၍ ဆင်းကြည့်ရန် ပြင်လိုက်သည်။

ကင်းထောက်ရန်အတွက် ကူကောင်များကို ဆင့်ခေါ်သောအခါ ၎င်းတို့မှာ ဗိုက်ကားအောင် စားထားသဖြင့် ပြန်လာရန် တွန့်ဆုတ်နေကြသည်။ သားရဲကြီး၏ အသားမှာ ဝိညာဉ်စွမ်းအား ကြွယ်ဝလှရာ အနည်းငယ်သာ စားရသေးသဖြင့် ကျန်နေသော အသားပုံကြီးကို စွန့်ခွာရန် မလိုလားကြဘဲ ပေကပ်ကပ် လုပ်နေကြသည်။ စုန့်ဝမ်က လွတ်နေသော သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ သားရဲကြီး၏ အသားစိုင် အကြွင်းအကျန်များကို သိမ်းဆည်းပေးလိုက်မှသာ ကူပိုးကောင်များမှာ သူ့ကိုယ်ထဲသို့ ကြည်ကြည်ဖြူဖြူ ပြန်ဝင်လာသည်။ ထိုသတ္တဝါလေးများမှာ သခင့်အမိန့်ကို နာခံသော်လည်း အလောင်းရုပ်သေးနှင့် တစ္ဆေများကဲ့သို့ အသိဥာဏ်မဲ့ ရုပ်ခန္ဓာသက်သက် မဟုတ်သဖြင့် အိမ်မွေးတိရစ္ဆာန် မွေးရသကဲ့သို့ အလိုက်လိုက်ရသည်။

ထို့နောက် ငွေအလောင်းရုပ်သေးကို မြစ်ထဲသို့ အလျင်ဆင်းစေပြီး စုန့်ဝမ်က နောက်မှ လိုက်ဆင်းခဲ့သည်။ တစ္ဆေဘုရင်ကလည်း နောက်ဆုံးမှ လိုက်ပါလာသည်။ ရေခဲမြစ်၏ ရေမှာ အရိုးထဲထိ အေးစိမ့်လှသည်။ သို့သော် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။ စုန့်ဝမ်မှာမူ ရေနှင့် ထိတွေ့လိုက်သည်နှင့် ချွန်ထက်သော ဓားငယ်လေးများစွာက လှီးဖြတ်နေသကဲ့သို့ ခံစားရသည်။ အလောင်းဘုရင် သွေးသန့်စင်ပညာ သုံး၍ ဖုတ်ကောင်ပုံစံသို့ ပြောင်းလဲမှသာ ထိုအအေးဒဏ်ကို ခုခံနိုင်တော့သည်။

တရွေ့ရွေ့နှင့် ရေအောက် ၃ မိုင်ခန့်ထိ ငုပ်ဆင်းသွားကြပြီး မြစ်အောက်ခြေသို့ ရောက်ရှိသွားသည်။ မြစ်အောက်ခြေ ရောက်ရှိပြီး ကူးခတ်သောအခါမှ မြစ်မဟုတ်ဘဲ ရှည်မျောမျော ရေကန်ကြီး ဖြစ်နေသည်ကို သိလိုက်ရသည်။ အပေါ်တွင် မြစ်ကြောင်းအတိုင်း လိုက်မကြည့်သလို၊ ဝိညာဥ်အာရုံလည်း ကန့်သတ်ခံထားရ၍ မြစ်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ကန်မှာ L ပုံသဏ္ဍာန် ရှိသည်။ စုန့်ဝမ်လည်း အောက်ခြေရှိ အလျားလိုက် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ရှာဖွေသွားသည်။ လမ်းကြောင်း၏ အလယ်သို့ ရောက်သောအခါ အအေးဒဏ်မှာ ပိုမိုပြင်းထန်လာသည်ကို သိသာစွာ ခံစားရသည်။ အလယ်ပိုင်းကို ကျော်သွားသောအခါ အအေးဒဏ်မှာ ပြန်လည်လျော့ပါးသွားသည်။

ထို့ကြောင့် ရေကန်အလယ်သို့ ပြန်သွားပြီး အသေးစိတ် သေချာရှာဖွေလိုက်သည်။ နောက်ဆုံးတွင် အောက်ခြေရှိ ထောင့်တစ်ခုမှာ တစ်ကန်လုံးတွင် အအေးဆုံးနေရာ ဖြစ်ကြောင်း တွေ့ရှိသွားသည်။ စုန့်ဝမ်လည်း ဖုတ်ကောင်လက်သည်းဖြင့် ကျောက်နံရံကို ကုတ်ခြစ်လိုက်ရာ ရေထဲတွင် မီးပွားတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ကျောက်ဆောင်၏ မာကျောမှုမှာ ထင်ထားသည်ထက် ပိုနေသည်။ အားကုန်သုံး၍ ကုတ်ခြစ်သော်လည်း ၃ လက်မပင် မနက်သော အစင်းကြောင်းသာ ထင်ကျန်ခဲ့သည်။ လက်တွင် ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရသဖြင့် လက်ကို ခါယမ်းလိုက်ရသည်။ အအေးဒဏ်မှာ အရိုးများကို ခဲသွားစေသကဲ့သို့ ခံစားရပြီး ကျောက်ဆောင်၏ တုံ့ပြန်မှုကြောင့် လက်တွင် အနည်းငယ် ဒဏ်ရာရသွားသည်။

စုန့်ဝမ်သည် ဘေးရှိ ငွေအလောင်းရုပ်သေးကို ကြည့်ကာ မိမိကိုယ်မိမိ မိုက်မဲလေခြင်းဟု ဆဲဆိုမိသည်။ မာကြောကြံ့ခိုင်ပြီး နာကျင်မှုကို မသိသော ငွေအလောင်းရုပ်သေးကို မသုံးဘဲ ကိုယ်တိုင်စမ်းသပ်မိခြင်းမှာ ဒုက္ခရှာခြင်းသာ ဖြစ်သည်။ ထို့နောက် ငွေအလောင်းရုပ်သေးအား ကျောက်နံရံကို တူးရန် စေခိုင်းလိုက်သည်။ ငွေအလောင်းရုပ်သေး၏ ခန္ဓာကိုယ်မှာ စုန့်ဝမ်ထက် အဆပေါင်းများစွာ သန်မာလှသဖြင့် ကျောက်နံရံကို အလွယ်တကူ တူးနိုင်သည်။ မာကျောသော ကျောက်များမှာ ၎င်း၏ လက်သည်းများအောက်တွင် ဆက်တိုက် ပြုတ်ထွက်လာသည်။ တူးလေလေ ကျောက်သားမှာ ပို၍မာလာပြီး အအေးဒဏ်မှာလည်း ပိုပြင်းလာသည်။ မကြာမီမှာပင် ပေ ၃၀ ခန့် နက်သော တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

“ဂျိမ်း..”

ငွေအလောင်းရုပ်သေး၏ လက်သည်းများ ကျောက်သားထဲသို့ ထပ်မံစိုက်ဝင်သွားချိန်တွင် အောက်ခြေကျောက်လွှာမှာ ရုတ်တရက် အက်ကွဲသွားသည်။ အက်ကွဲသွားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အားပြင်းသော ရေဝဲတစ်ခု ပေါ်ပေါက်လာသည်။ ငွေအလောင်းရုပ်သေးမှာ ရေဝဲထဲ ပါသွားသည်။ မှောင်မည်းနေသော အပေါက်ကြီးတစ်ခု ပေါ်လာပြီး အပေါက်ဝတွင် စိမ်းဖန့်ဖန့် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ရေခဲကန်၏ ရေများသည် အောက်ဘက်ရှိ အပေါက်ထဲသို့ လျင်မြန်စွာ စီးဝင်သွားတော့သည်။ စုန့်ဝမ်လည်း ထိုတွင်းထဲသို့ ဆင်းလိုက်ပြီး အေးစက်သော ရေစီးနှင့်အတူ အောက်ဘက်သို့ ပါသွားသည်။

အောက်ဘက်တွင် ဧကဝက်ခန့်ပင် မကျယ်သော ဂူတစ်ခု ရှိသည်။ ဂူ၏ ကြမ်းခင်းနှင့် နံရံများမှာ အလွန်ချောမွေ့နေသဖြင့် လူတို့ပြုလုပ်ထားသော ကျောက်ခန်းမ ဖြစ်ကြောင်း သိသာလှသည်။ ရေများမှာမူ ခန်းမထဲမှ စီးထွက်သွားသဖြင့် ရေထုတ်စနစ်တစ်ခု ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်မည်။ ခန်းမ၏ အလယ်တွင် ၃ ပေခန့်မြင့်သော ကျောက်စင်တစ်ခု ရှိပြီး၊ ထိုအပေါ်တွင် ဇလုံကြီးခန့်ရှိသော ဆီမီးခွက်တစ်ခု ရှိသည်။ ဆီမီးခွက်ထဲတွင် စိမ်းဖန့်ဖန့် မီးလျှံများ ကခုန်နေသည်။

အခန်းထဲသို့ ရောက်သည်နှင့် ရေခဲကန်ထက် အဆပေါင်းများစွာ ပိုပြင်းထန်သော အအေးဒဏ်ကို ခံစားလိုက်ရသည်။ ထိုအအေးဓာတ်ထဲတွင် ပြင်းထန်သော ယင်စွမ်းအင်နှင့် မိစ္ဆာအငွေ့အသက်များ ပါဝင်နေသည်။ ထိုအချိန်တွင် စုန့်ဝမ်၏ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုမှာ နှေးကွေးသွားပြီး ဝိညာဉ်စွမ်းအင်များပင် ခဲသွားစေမည့်ပုံမျိုး ဖြစ်နေသည်။ စုန့်ဝမ်လည်း ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာသော အအေးဒဏ်ကို ခုခံရန် ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်လိုက်ပြီး၊ အနီရောင်တောက်နေသော ဝိညာဉ်ဆေးပင်တစ်ပင် ထုတ်ယူလိုက်သည်။ ၎င်းမှာ ဝိညာဉ်လောင်မြိုက်မြက်ဖြစ်ပြီး ပြင်းထန်သော မီးအဆိပ်များ ပါဝင်သဖြင့် စားလိုက်လျှင် ခန္ဓာကိုယ်တွင်း မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားရမည်။ ဤအဆိပ်ဆေးပင်မှာ အဆိပ်တစ်သောင်းခန္ဓာကျင့်စဉ် ကျင့်ကြံရာတွင် သုံးသည့် ဝိညာဥ်ပစ္စည်းဖြစ်ရာ စုန့်ဝမ်အတွက် အန္တရာယ် မရှိချေ။

စုန့်ဝမ်သည် ထိုမြက်ကို ဝါးစားလိုက်ရာ ဝမ်းဗိုက်ထဲမှ ပူလောင်သော နာကျင်မှု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့သွားသည်။ အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင် စုန့်ဝမ်သည် အဆိပ်အများစုကို ချေဖျက်နိုင်ခဲ့ပြီး ခန္ဓာကိုယ်ထဲမှ အအေးဓာတ်မှာလည်း အနည်းငယ် လျော့ပါးသွားသည်။ ထို့နောက် အတွင်းမှ မီးအဆိပ် အပူဒဏ်နှင့် အပြင်မှ အအေးဒဏ်တို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အောင့်အည်းခံကာ အခန်းကို စတင်စစ်ဆေးသည်။

အခန်းတစ်ခုလုံးမှာ ဝင်ပေါက်မှ လွဲ၍ ပိတ်ဆို့နေပြီး မည်သည့် တံခါးမှ မရှိပေ။ ကြမ်းပြင်တွင် ဝိညာဉ်စွမ်းအား စုစည်းသည့် အစီအရင်တစ်ခု ရှိပြီး ၎င်းမှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုပ်ယူကာ ကျောက်စင်ပေါ်မှ စိမ်းဖန့်ဖန့်မီးလျှံကို မငြိမ်းအောင် ထောက်ပံ့ပေးနေသည်။ အပေါ်မှ ရေများမှာ ဆက်တိုက် စီးဝင်နေသဖြင့် ရေမှာ စုန့်ဝမ်၏ ခါးထိ ရောက်လာသည်။ ရေထုတ်စနစ် စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်းပင် ဖြစ်သည်။ ရေထဲတွင် လှုပ်ရှားရ ခက်လာသဖြင့် စုန့်ဝမ်လည်း ငွေအလောင်းရုပ်သေးကို အပေါ်ပြန်တက်စေပြီး ကျောက်တုံးကြီးဖြင့် အပေါက်ကို ပိတ်ခိုင်းလိုက်သည်။

စုန့်ဝမ်သည် ဆီမီးခွက်ထဲမှ စိမ်းဖန့်ဖန့်မီးလျှံကို ကြည့်ကာ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာသည်။ ဤမီးလျှံမှာ သာမန်မီးတောက် မဟုတ်ကြောင်း ထွက်ပေါ်နေသော အအေးဓာတ်က သက်သေပြနေသည်။ ဆီမီးခွက်မှာ အဆင့်မြင့် ဝိညာဉ်ပစ္စည်းဖြစ်ပြီး ၎င်းကို သန့်စင်နိုင်ပါက မီးတောက်ကို ပိတ်လှောင်၍ သိုလှောင်လက်စွပ်ထဲ ထည့်ယူသွားနိုင်သည်။

အဆင့်မြင့် ဝိညာဥ်ပစ္စည်းဖြစ်သော ဆီမီးခွက်ကို သန့်စင်ခြင်းမှာ ထင်ထားသည်ထက် ပိုမိုခက်ခဲသဖြင့် စုန့်ဝမ်မှာ အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ အအေးဒဏ်ကို ခုခံရင်း ဝိညာဉ်စွမ်းအားဖြင့် ဆီမီးခွက်ကို သန့်စင်ရန် အစွမ်းကုန် ကြိုးစားရသည်။ ၁၀ ရက်ခန့် ကြာပြီးနောက် စုန့်ဝမ်၏ ကိုယ်မှာ နီရဲလာသည်။ အအေးဒဏ်ကို အချိန်ကြာမြင့်စွာ ခံလိုက်ရသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ အက်ကွဲကာ သွေးများ ထွက်လာပြီး ချက်ချင်း ပြန်ခဲသွားသည်။ သို့သော် ၁၀ ရက်ကြာ ခံစားခဲ့ရသော နာကျင်မှုမှာ ထိုက်တန်လှသည်၊ အဘယ်ကြောင့်ဆိုသော် ဆီမီးခွက်ကို အောင်မြင်စွာ သန့်စင်ပြီး မီးတောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင် ဖြစ်ပါတော့သည်။

စုန့်ဝမ် ဆီမီးခွက်ကို အသက်သွင်းလိုက်ရာ အနက်ရောင် အဖုံးတစ်ခု ပေါ်လာပြီး ဆီမီးခွက်ကို ဖြည်းဖြည်းချင်း ဖုံးအုပ်ရင်း မီးတောက်ကို ပိတ်လှောင်လိုက်ရာ အခန်းထဲမှ အအေးဓာတ်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဆီမီးခွက်ကို သိမ်းလိုက်သောအခါ အခန်းထဲတွင် မှောင်မည်းသွားသဖြင့် မီးလုံးတစ်ခုကို ဖန်တီးကာ အခန်းကို စစ်ဆေးသည်။ အခန်းမှာ ပိတ်ဆို့နေသဖြင့် ထွက်ပေါက်မှာ နေရာရွေ့ပြောင်းအစီအရင် ဖြစ်ရမည်ဟု ထင်ရသော်လည်း မည်သည့်လက္ခဏာမှ မတွေ့ရပေ။ သို့မဟုတ် တံခါးရှိသော်လည်း သတိမထားမိခြင်းသာ ဖြစ်ရမည်။

စုန့်ဝမ်လည်း ထပ်မံ စူးစမ်းချင်လာသဖြင့် ဝင်လာသော လမ်းကြောင်းမှ ပြန်မထွက်ဘဲ ထွက်ပေါက်သစ် ရှာရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ငွေအလောင်းရုပ်သေးကို ပြန်ခေါ်ကာ အခန်းထဲ ပိုက်စိပ်တိုက် ရှာကြသည်။ အချိန်အနည်းငယ်ကြာ ရှာဖွေပြီးနောက် အခန်း၏ အရှေ့ဘက် ကြမ်းပြင်တွင် တံခါးနှင့် တူသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ အခန်းမှာ ကျောက်တုံးကြီးတစ်ခုလုံးကို ထွင်းထားခြင်းဖြစ်၍ နံရံနှင့် ကြမ်းပြင်မှာ တစ်သားတည်း ဖြစ်နေသော်လည်း ဤနေရာတွင်မူ စတုရန်းပုံစံ ကျောက်ပြားတစ်ခု ရှိနေသည်။ အခန်းထဲတွင် ရေများ ဖုံးလွှမ်းနေသဖြင့် အစပိုင်းတွင် သတိမထားမိခြင်း ဖြစ်သည်။ စုန့်ဝမ်သည် တံခါးအနားတွင် ခလုတ်တစ်ခုကို တွေ့ပြီး နှိပ်လိုက်သည်။

"ကလစ်"

မြေအောက်ကျောက်လွှာများထဲမှ ယန္တရားသံ ထွက်ပေါ်လာပြီး ကျောက်တုံးကြီးမှာ စတင်ရွေ့လျားတော့သည်။ စတုရန်းပုံ ကျောက်ပြားမှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားပြီး နောက်ဆုံးတွင် အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ စုန့်ဝမ်သည် တွင်းဝတွင် ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ပေ ၅၀ ခန့် နက်သော လမ်းကြောင်းတစ်ခု တွေ့ရပြီး အောက်တွင်မူ ဟာလာဟင်းလင်း ဖြစ်နေသည်။ ခန်းမ၏ အောက်တွင် ပိုမိုကြီးမားသော ဂူကြီးတစ်ခု ရှိနေခြင်း ဖြစ်သည်။

စုန့်ဝမ် လက်ကို ဝှေ့ယမ်းကာ မီးလုံးတစ်လုံး အပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။ မီးလုံးမှာ အောက်ဘက်ဂူထဲတွင် ပေါက်ကွဲသွားပြီး မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွားသည်။ အပေါ်မှ ကြည့်လျှင် ဂူ၏ အကျယ်အဝန်းကို အကုန်မမြင်ရသော်လည်း အတော်လေး ကျယ်ဝန်းကြောင်း ခန့်မှန်းနိုင်သည်။ ရေ၏ ရောင်ပြန်ဟပ်မှုကိုလည်း တွေ့ရသဖြင့် အောက်တွင် မြစ် သို့မဟုတ် ကန်တစ်ခု ရှိရမည်။ စုန့်ဝမ်လည်း ကူပိုးကောင်များကို အရင်လွှတ်၍ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးမှ အောက်ဘက်သို့ ဆင်းခဲ့သည်။

အောက်ရောက်သည်နှင့် မီးလုံးများစွာ ထပ်မံ ဖန်တီးလိုက်ရာ ဂူတစ်ခုလုံးကို မြင်လိုက်ရသည်။ ဂူမှာ အလွန်ကျယ်ဝန်းပြီး အလယ်တွင် ပေ ၁၀၀ ခန့် ကျယ်သော ရေကန်တစ်ခု ရှိသည်။ စုန့်ဝမ်လည်း ကန်ဘောင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ငွေအလောင်းရုပ်သေးနှင့် သရဲဘုရင်တို့က ဘေးမှ ကာကွယ်ပေးထားသည်။ အပေါ်ခန်းမှ မီးတောက်ကြောင့် ဤဂူ၏ အပူချိန်မှာလည်း အလွန်နိမ့်ကျနေပြီး ယင်ယန်သွေးမျက်ရည်ပင်များ ပေါက်ရောက်ရန် အလွန်သင့်တော်သော ပတ်ဝန်းကျင် ဖြစ်နေသည်။

စုန့်ဝမ် ဂူကို စတင်ရှာဖွေတော့သည်။ ကန်ဘောင်အတိုင်း လျှောက်လှမ်းစဉ် ရှေ့ဘက်ရှိ ကျောက်ခဲများပေါ်တွင် လတ်လတ်ဆတ်ဆတ် ခြေရာများကို တွေ့လိုက်ရသည်။ ဤနေရာမှာ နှစ်ပေါင်းများစွာ လူသူမရောက်ဘဲ ကျောက်ခဲများမှာ သူ့အစီအစဉ်နှင့်သူ ရှိနေခြင်းဖြစ်ရာ ကျောက်ခဲအချို့ ရွေ့လျားနေခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တစ်စုံတစ်ယောက် ရောက်ရှိခဲ့သည့် လက္ခဏာပင်။

All Chapters