အချစ်ကြီးရင် အမျက်ကြီးတယ်
Vol. 23 Ch. 242
ထိုအချိန်တွင် ရေထဲမှ ထွက်လာသော ရုန်ကျင့်ယွမ်မှာ ရန်ကွမ်းတင့်အိုးကို ပြန်ယူရန် ပြင်ဆင်နေစဉ် စုန့်ဝမ်၏ တိုက်ခိုက်မှုကို ကြည့်ရင်း ထိတ်လန့်သွားသည်။ မြေအောင်းသားရဲမှာ ကြံ့ခိုင်ပြီး ခံနိုင်ရည် အလွန်ကောင်းသော်လည်း စုန့်ဝမ်က တိုက်ကွက်အနည်းငယ်ဖြင့် အလွယ်တကူ သတ်ပစ်နိုင်သည်မှာ မယုံနိုင်စရာပင်။ သူမကိုယ်တိုင် အကောင်းပကတိ အခြေအနေမှာပင် ဤမျှလွယ်လွယ်ကူကူ သတ်နိုင်မည် မဟုတ်ပေ။
"အကြီးအကဲရုန်... အကြီးအကဲဟန် အဆင်ပြေလား"
စုန့်ဝမ်က သားရဲကို လက်စသတ်ပြီး ရုန်ကျင့်ယွမ်အား လှမ်းမေးလိုက်သည်။
ရုန်ကျင့်ယွမ်လည်း ရန်ကွမ်းတင့်အိုးအနားသို့ သွားပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။ ရန်ကွမ်းတင့်အိုးမှာ အဆင့်မြင့် ဝိညာဉ်ပစ္စည်းဖြစ်ပြီး ထူးခြားသော အစီအရင်များ ပါရှိသဖြင့် မြေအောင်းသားရဲ မည်မျှတိုက်ခိုက်စေကာမူ အဖုံးပွင့်မသွားခဲ့ပေ။ ရုန်ကျင့်ယွမ်က ဝိညာဉ်စွမ်းအားဖြင့် အဖုံးကို ဖွင့်ပြီး အတွင်းကို စစ်ဆေးလိုက်သောအခါ မျက်နှာပျက်သွားတော့သည်။ အခြေအနေမှာ အတော်လေး ဆိုးရွားနေပုံရသဖြင့် အဖုံးကို အကုန်ဖွင့်ချလိုက်ပြီး ဟန်ချန်းကို အပြင်သို့ ထုတ်လိုက်သည်။
သို့သော် ထွက်လာသည်မှာ အသက်မဲ့နေသော အလောင်းတစ်ခုသာ ဖြစ်သည်။ အကြီးအကဲဟန်ချန်းမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သေဆုံးသည်မှာ မကြာသေးသဖြင့် ဝိညာဉ်မှာ ပျောက်ကွယ်မသွားသေးပေ။ ရုန်ကျင့်ယွမ်က မန္တန်လက်ကွက်များ လျင်မြန်စွာ ဖော်ပြီး ဟန်ချန်း၏ အလောင်းအပေါ်သို့ ရိုက်ခတ်လိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ တစ်စုံတစ်ခု လုပ်ရန် ပြင်လိုက်စဥ် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး စုန့်ဝမ်ကို တွေဝေစွာ ကြည့်လိုက်သည်။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကို မြင်လိုက်ရသဖြင့် သူမ စိတ်လွတ်သွားကာ စုန့်ဝမ် အနားမှာ ရှိနေသည်ကို ခဏတာ မေ့သွားခြင်း ဖြစ်သည်။
ခဏကြာ စဉ်းစားပြီးနောက် ရုန်ကျင့်ယွမ်က သက်ပြင်းချရင်း "အကြီးအကဲဝူ... အခုကစပြီး မြင်သမျှ ကြားသမျှတွေကို အပြင်မှာ တစ်လုံးမှ မဟဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင် ကျွန်မ သားရဲဘုရင်ဂိုဏ်းမှာ နေစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး"ဟု ပြောလာသည်။
စုန့်ဝမ်က မျက်မှောင်ကြုတ်ကာ ရုန်ကျင့်ယွမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ ဟန်ချန်း၏ အလောင်းအပေါ်တွင် သူမ ခတ်နှိပ်လိုက်သော မန္တန်လက်ကွက်များမှာ ဝိညာဉ်ချုပ်နှောင်နည်းစနစ်၏ လက်ကွက်များ ဖြစ်သည်။ ၎င်းမှာ နတ်ဆိုးကျင့်ကြံသူများ သုံးလေ့ရှိသည့် အတတ်ဖြစ်ပြီး သေဆုံးသူ၏ ဝိညာဉ်ကို မထွက်သွားနိုင်အောင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။
စုန့်ဝမ်က ရုန်ကျင့်ယွမ် အနေမခက်စေရန် "အကြီးအကဲရုန်... စီနီယာ ဝမ်းနည်းတာကို ကျွန်တော် နားလည်ပါတယ်။ အကြီးအကဲဟန်ကို တခြားခန္ဓာကိုယ်တစ်ခုမှာ အစားဝင်ပြီး ပြန်မွေးဖွားစေချင်ရင်လည်း သင့်တော်ပါတယ်" ဟု ဆိုလိုက်သည်။
ရုန်ကျင့်ယွမ်က ခေါင်းခါလိုက်ပြီး "အကြီးအကဲဝူ... ရှင် နားလည်မှုလွဲနေပြီ။ ဘာပဲဖြစ်ဖြစ် အခုကစပြီး ဖြစ်ပျက်သမျှကို ပြင်ပလူတွေကို ဘယ်တော့မှ မပြောပါနဲ့။ အချိန်က အရမ်းအဖိုးတန်နေလို့ နောက်မှ အသေးစိတ် ရှင်းပြပါရစေ" ဟု ပြောပြီးနောက် စုန့်ဝမ်ကို ဂရုမစိုက်တော့ဘဲ လက်ထဲရှိ ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ ချက်ချင်းပင် ပုလင်းထဲမှ အလောင်းစွမ်းအင်များ ဝေ့ဝဲထွက်ပေါ်လာသည်။ ရုန်ကျင့်ယွမ်က မန္တန်တစ်ခုကို ရွတ်ဆိုကာ ထိုစွမ်းအင်များကို အကြီးအကဲဟန်၏ ရုပ်အလောင်းထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
စုန့်ဝမ်က ဘေးမှ တိတ်တဆိတ် ကြည့်နေသည်။ သူမ လုပ်ဆောင်နေသည့် အတတ်မှာ သူ့အတွက် အလွန်ရင်းနှီးနေသော နည်းစနစ် ဖြစ်နေသည်။ သူမသည် အကြီးအကဲဟန်၏ အလောင်းကို ဖုတ်ကောင်အဖြစ် ပြုပြင်မွေးမြူနေခြင်း ဖြစ်သည်။ ဖုတ်ကောင်သည် ခန္ဓာကိုယ်၏ သက်စောင့်အားကို ထိန်းသိမ်းထားနိုင်သဖြင့် ဆယ်စုနှစ်များစွာ ကြာသည့်တိုင် မကြာမြင့်မီကပင် သေဆုံးထားသကဲ့သို့ ရှိနေမည်ဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသို့ အလုပ်ခံရသူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်း၌ ပိတ်လှောင်ခံထားရပြီး ပတ်ဝန်းကျင်ကို သိမြင်နိုင်သော်လည်း မည်သို့မျှ တုံ့ပြန်၍မရပေ။ အရာအားလုံးကို သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင်သာ လုပ်ဆောင်ရမည်ဖြစ်သည်။ သူတစ်ပါး၏ ပျော်ရွှင်မှု၊ ဒေါသတို့ကို သိရှိနိုင်သော်လည်း ပြင်ပနှင့် ဆက်သွယ်၍ မရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ခံစားရသော ညှဉ်းပန်းနှိပ်စက်မှုမှာ ဖော်ပြ၍ မရနိုင်အောင် ပြင်းထန်လှသည်။
စုန့်ဝမ်သည် ဇဝေဇဝါ ဖြစ်လာသည်။ ရုန်ကျင့်ယွမ်မှာ ခင်ပွန်းသေဆုံးသွားသည်ကို လက်မခံနိုင်သဖြင့် သူမနှင့် ထာဝရရှိနေစေရန် လုပ်နေခြင်းလော။ ဖုတ်ကောင် ပြုလုပ်ခြင်းမှာ မခက်ခဲသော်လည်း လိုအပ်သော ပစ္စည်းများမှာ ရှားပါးလှသည်။ သို့သော် ရုန်ကျင့်ယွမ်၏ လက်စွပ်ထဲတွင် ထိုပစ္စည်းများ အစုံအလင် ရှိနေခြင်းမှာ ခင်ပွန်းဖြစ်သူ ဤခရီးတွင် သေဆုံးမည်ကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ ဖြစ်နေသည်။ သို့မဟုတ် ကြိုတင်စီစဉ်ထားခြင်းပင်လော။
ပြုပြင်သန့်စင်နေစဉ်အတွင်း အကြီးအကဲဟန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေသော်လည်း ဝိညာဉ်ချုပ်နှောင်ခြင်း ခံထားရသောကြောင့် မလွတ်မြောက်နိုင်ပေ။
"ကျင့်ယွမ်... မင်း ဘာတွေလုပ်နေတာလဲ။ ငါ့ဝိညာဉ် ဆုတ်ဖြဲခံနေရသလိုပဲ၊ ရပ်လိုက်ပါတော့၊ တောင်းပန်ပါတယ်။ ကျင့်ယွမ်... ငါ့ဝိညာဉ်ကို ငရဲပြည်ကိုပဲ သွားခွင့်ပြုပါတော့..."
ဟန်ချန်း၏ ဝိညာဉ်က အသည်းအသန် တောင်းပန်နေသော်လည်း ရုန်ကျင့်ယွမ်မှာ ခဏတာ တွန့်ဆုတ်သွားသည်မှအပ လုပ်ဆောင်မှု ရပ်တန့်မသွားခဲ့ပေ။ တစ်နာရီခန့်အကြာတွင် ဖုတ်ကောင်အဖြစ် အောင်မြင်စွာ သန့်စင်ပြီးနောက် ရုပ်အလောင်းကို အလောင်းမွေးမြူခေါင်းတလားထဲ ထည့်၍ သိမ်းဆည်းလိုက်သည်။
ရုန်ကျင့်ယွမ်က စုန့်ဝမ်ကို ကြည့်ကာ "အကြီးအကဲဝူ... ခုနက ဖြစ်ပျက်တာတွေကို ရှင်မြင်ပြီးပြီ။ ဘယ်သူ့ကိုမှ မပြောဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်" ဟု ဆိုသည်။
စုန့်ဝမ်က ခေါင်းညိမ့်ပြသည်။
"စီနီယာရုန်... အကြီးအကဲဟန်ရဲ့ အသက်ရှင်ခြင်း၊ သေခြင်းက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အလောင်းကို ဘယ်လိုလုပ်မလဲဆိုတာက စီနီယာတို့ ဇနီးမောင်နှံကိစ္စပဲ။ ဒါပေမဲ့ စီနီယာ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာကိုတော့ ကျွန်တော် သိချင်မိတယ်"
ရုန်ကျင့်ယွင်က "အကြီးအကဲဝူ၊ နှလုံးသားနတ်ဆိုးအကြောင်း သိလား" ဟု မေးသည်။ စုန့်ဝမ်က "ရွှေအမြုတေအဆင့် တက်လှမ်းချိန်မှာ ကြုံရတဲ့ ဘေးဒုက္ခကို ပြောတာလား" ဟု ပြန်မေးရာ ရုန်ကျင့်ယွမ်က ခေါင်းညိတ်ပြသည်။ "နှလုံးသားနတ်ဆိုးက ရွှေအမြုတေ ဖြစ်တည်ဖို့ နောက်ဆုံး အတားအဆီးပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်မ အတားအဆီးဖြိုခွင်းဆေး ဖော်စပ်နည်းကို ရခဲ့တယ်။ အဲဒီဆေးက ဒီဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခြေ အများကြီး မြင့်တက်စေတယ်။ အဲဒီဆေးဖော်ဖို့ အရေးကြီးဆုံး ပါဝင်ပစ္စည်းက ချစ်ခင်မြတ်နိုးရတဲ့ ဆွေမျိုးနီးစပ်ရဲ့ သွေး၊ အသားနဲ့ ဝိညာဉ်ပဲ"
ထိုဆေးအကြောင်း ကြားလိုက်ရသောအခါ စုန့်ဝမ် စိတ်လှုပ်ရှားသွားသော်လည်း ပါဝင်ပစ္စည်းအကြောင်း ကြားသောအခါ စိတ်ဓာတ်ကျသွားသည်။ သူက လူတစ်ကိုယ်တည်းဖြစ်ရာ ထိုကဲ့သို့ ချစ်ခင်ရသူကို ဘယ်မှာ ရှာရမည်နည်း။ ထို့အပြင် သူသည် ရုန်ကျင့်ယွမ်ကဲ့သို့ပင် ပြတ်သားနိုင်ပါမည်လော။ ရုန်ကျင့်ယွမ်မှာ ကျင့်ကြံမှု အဆင့်တက်ရန်အတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်နိုင်လောက်အောင် ရက်စက်ပြတ်သားသူ ဖြစ်သည်။
စုန့်ဝမ်က ဆေးနည်းကို ကြည့်ခွင့်တောင်းရာ ရုန်ကျင့်ယွမ်က သားရဲအရေခွံပေါ်တွင် ရေးထားသော ရှေးဟောင်းဆေးနည်းကို ပေးသည်။ ၎င်းမှာ အစစ်အမှန်ဖြစ်ကြောင်း စုန့်ဝမ် အတည်ပြုနိုင်ခဲ့ပြီး ကျောက်စိမ်းပြားပေါ်တွင် ကူးယူကာ ပြန်ပေးလိုက်သည်။
ထို့နောက် သူဝေခွဲအရဖြစ်နေသည့် အကြောင်းတစ်ခုကို စုန့်ဝမ် ထုတ်မေးလိုက်သည်။
"အကြီးအကဲဟန်က စီနီယာနဲ့ သွေးသားမတော်စပ်ဘူး။ ဒါဆို ချစ်ခင်ရသူလို့ သတ်မှတ်လို့ ရပါ့မလား"
"ကျွန်မတို့ အတူနေလာတာ အနှစ် ၆၀ ကျော်ပြီ။ ချစ်ခင်ရသူလို့ မသတ်မှတ်ရင် ဘယ်လိုသတ်မှတ်ရမလဲ။ ကိုယ်တိုင်က အစစ်အမှန်လို့ ယုံကြည်ရင် ဆေးဖော်လို့ ရတာပဲ။ တကယ်တော့ ကျွန်မ သူ့ကို ဆေးဖော်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူက ကျွန်မကို အကြိမ်ကြိမ် သစ္စာဖောက်ပြီး အပြင်မှာ မိန်းမတွေနဲ့ ပျော်ပါးခဲ့တယ်။ ကလေးတစ်ယောက် ရခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ကလေးကိုတောင် ကိုယ့်ကလေးလို ပြုစုခဲ့တယ်။ ဒါပေမဲ့ နှစ်နှစ်အကြာမှာ သူက နောက်ထပ် မိန်းမတစ်ယောက် ထပ်ရှာပြန်တယ်။ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီလို အရှက်ခွဲခံရတာကို ဘယ်လို သည်းခံနိုင်မှာလဲ။ သူ့ကို ဆေးဖော်တာက ကျွန်မ ရက်စက်လို့မဟုတ်ဘူး၊ သူ အရင် သစ္စာဖောက်လို့ပဲ။ ရှင်တွေ့ခဲ့တဲ့ ကလေးက သူ့မယားငယ်ရဲ့ ကလေးပဲ။ ဒါက ပိုတောင်ကောင်းသေးတယ်၊ ကျွန်မမှာ ဆေးဖော်ဖို့ ပစ္စည်း နှစ်စုံ ရသွားတာပေါ့"
စုန့်ဝမ်က ရုန်ကျင့်ယွမ်၏ ပြတ်သားမှုကို ချီးကျူးလိုက်ရာ သူမက အံ့ဩသွားပြီး စုန့်ဝမ်ကို စိတ်တူကိုယ်တူ ကျင့်ကြံသူတစ်ဦးအဖြစ် မြင်လာသည် နှစ်ဦးသာ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန် ဝိညာဉ်သစ္စာ ဆိုကြသည်။
ထို့နောက် ရုန်ကျင့်ယွမ်က စုန့်ဝမ်ကို ရေခဲမြစ်ရှိရာဂူသို့ သွားရာ လမ်းကြောင်းကို ညွှန်ပြပေးပြီး မြေပုံတစ်ခုကိုလည်း ပေးအပ်ခဲ့သည်။ လိုအပ်ပါက အပြန်အလှန် ကူညီရန် ကတိပြုပြီး လမ်းခွဲခဲ့ကြသည်။
……
စုန့်ဝမ်သည် ရုန်ကျင့်ယွမ် ညွှန်ပြသည့် မှောင်မည်းသော ရေအောက်လမ်းအတိုင်း သတိကြီးစွာ ကူးခတ်သွားသည်။ နာရီဝက်ခန့်အကြာတွင် ရေခဲမြစ်ရှိရာဂူနှင့် ပေ ၃၀၀ ခန့်အကွာသို့ ရောက်ရှိလာသည်။ အန္တရာယ်ပေးနိုင်သော ရေသားရဲ ရှိနေသဖြင့် ကူပိုးကောင် ၆ ကောင်ကို အရင်လွှတ်၍ စစ်ဆေးစေသည်။ ကံကောင်းထောက်မစွာဖြင့် သားရဲ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ရေပေါ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။
ကျဲ့ဟွေ၏ မှတ်ဉာဏ်အရ ယင်ယန်သွေးမျက်ရည်ပင် ရှိရာကို အတိအကျ သိရှိထားသဖြင့် သတိကြီးစွာ ချဉ်းကပ်သွားသည်။ ဂူအတွင်းမှာ မှောင်မည်းနေသော်လည်း ဝိညာဉ်စွမ်းအားကို မသုံးဘဲ အသံတိတ် လျှောက်လှမ်းခဲ့သည်။ ဆေးပင်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကျောက်စိုင်များကြားတွင် အနှစ် ၅၀၀ သက်တမ်းရှိ ဆေးပင်ကို တွေ့လိုက်ရသော်လည်း သားရဲကိုမူ မတွေ့ရသေးပေ။ စုန့်ဝမ်လည်း ကိုယ်တိုင် မသွားဘဲ ကူပိုးကောင်နှစ်ကောင်ကို လွှတ်၍ တိတ်တဆိတ် နှုတ်ယူခိုင်းလိုက်သည်။ သို့သော် ကူပိုးကောင်များ ဆေးပင်နှင့် ၁၀ ပေခန့်အကွာသို့ ရောက်စဉ် ရေထဲမှ ရှည်လျားသော လက်တံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရိုက်ချလိုက်သည်။ ကူပိုးကောင်များမှာ လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း မြေပြင်မှာမူ ပြင်းထန်သော ရိုက်ချက်ကြောင့် ကြေမွသွားသည်။
စုန့်ဝမ်လည်း ခိုးယူရန် မဖြစ်နိုင်တော့သဖြင့် တိုက်ခိုက်ရန် တစ္ဆေနှစ်ကောင်နှင့် အလောင်းရုပ်သေး သုံးကောင်ကို ဆင့်ခေါ်လိုက်သည်။ ငွေအလောင်းရုပ်သေးက ရှေ့ဆုံးမှ ဦးဆောင်ပြီး၊ ၎င်းနောက်တွင် အခြေတည် အထွတ်အထိပ် ကြေးနီအလောင်းရုပ်သေး နှစ်ကောင် လိုက်ပါသွားသည်။ တစ္ဆေဘုရင်နဲ့အတူ ဆံနီတစ္ဆေက အနောက်မှ ကပ်လိုက်သွားသည်။
ငွေအလောင်းရုပ်သေးက လျင်မြန်စွာ ချဥ်းကပ်သွားပြီး လက်တံတစ်ခုကို ဖမ်းချုပ်ထားကာ သားရဲကို ရေထဲမှ ဆွဲထုတ်ရန် ကြိုးစားသည်။ သားရဲက ကျန်ရှိသော လက်တံ ၇ ခုဖြင့် ပြန်လည် တိုက်ခိုက်သော်လည်း ကြေးနီအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့က ခုခံကာကွယ်ပေးကြသည်။ တစ္ဆေဘုရင်၏ ဓားချက်ကြောင့် ရေသားရဲ၏ လက်တံအချို့ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ နောက်ဆုံးတွင် ရေသားရဲကြီးကို ကုန်းပေါ်သို့ ဆွဲတင်နိုင်ခဲ့သည်။ ရေသားရဲမှာ အသက်ဘေးမှ လွတ်ရန် လက်တံတစ်ခုကို အပြတ်ခံကာ ရေထဲသို့ ပြန်ငုပ်ရန် ကြိုးစားသည်။
ထိုအချိန်တွင် အခွင့်ကောင်း စောင့်နေသော စုန့်ဝမ်က မဟာဂူမိုးကြိုးဖြင့် ပစ်ချလိုက်သည်။ မိုးကြိုးဒဏ်ကြောင့် ရေသားရဲမှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး လှုပ်ရှားမှု နှေးကွေးသွားသည်။ စုန့်ဝမ်လည်း ပွဲသိမ်းရန် ဝိညာဥ်ခွဲဓားဖြင့် ပစ်လွှတ် တိုက်ခိုက်လိုက်သည်။ ဓားက သားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် သားရဲက ၎င်း၏ ဒဏ်ရာရနေသော လက်တံဖြင့် ထိုးခံပြီး ကာကွယ်လိုက်သဖြင့် အသက်ဘေးမှ ကံကောင်းစွာ လွတ်မြောက်သွားသည်။
ရေသားရဲမှာ ဝိညာဉ်ခွဲဓား၏ တိုက်ခိုက်မှုကို ခုခံပြီး နားရန်ပင် အချိန်မရလိုက်။ တစ္ဆေဘုရင်က ဓားကိုဆွဲ၍ အတင်းဝင်ရောက် တိုက်ခိုက်ပြန်သည်။ ရေသားရဲကြီးသည် လက်တံများကို ရူးသွပ်နေသည့်ပမာ ဝှေ့ယမ်းကာ တစ္ဆေဘုရင်ကို ရိုက်ချရင်း မြစ်ထဲသို့ ပြန်လည်ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
ထိုအခိုက်မှာပင် ကြေးနီအလောင်းရုပ်သေး နှစ်ကောင်က အတင်း တိုးဝင်လာပြီး လက်တံတစ်ခုစီကို ဖမ်းချုပ်ကာ ချွန်ထက်သော သွားများဖြင့် ကိုက်ဖြတ်ရင်း လက်သည်းများဖြင့် ဆုတ်ဖြဲပါတော့သည်။ ထိုစဉ် ငွေရောင်ရိပ်တစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။ ကြေးနီအလောင်းရုပ်သေး နှစ်ကောင်နှင့် တစ္ဆေဘုရင်က ရေသားရဲ၏ အာရုံကို ဆွဲထားစဉ် ငွေအလောင်းရုပ်သေးက သားရဲကြီးထံသို့ ပြေးဝင်သွားခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ လုံးထွေးရစ်ပတ်ကုန်ပြီး အလွန်ရက်စက်ကြမ်းကြုတ်သော အနီးကပ် တိုက်ပွဲကြီး ဖြစ်ပွားပါတော့သည်။