← Chapters

အခန်း (၆၇၄-၆၇၆)

Vol. 46 Ch. 674-676

အခန်း (၆၇၄-၆၇၆)

Vol. 46 Ch. 674-676

အခန်း ၆၇၄- ငြင်းပယ်ခြင်း

သွေးလမင်း မဟာမိတ်ခေါင်းဆောင် သေဆုံးသွားခြင်းမှာ ယီယွင်အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ဤကိစ္စတွင် ပဟေဠိဆန်သော အချက်များ ရှိနေသည်ကို သူ ချက်ချင်း သတိထားမိသော်လည်း ထပ်မံစဉ်းစားနေရန် အချိန်မရှိတော့ပေ။

ရှန်းထူမျိုးနွယ်စုခေါင်းဆောင်သည် ယီယွင်အား ဝိညာဉ်စာချုပ် လက်မှတ်ထိုးရန် အတင်းအကျပ် ဖိအားပေးနေသည်။ သူ၏လက်ကို ဝေ့ယမ်းလိုက်သောအခါ ဝိညာဉ်စာချုပ်မှာ ယီယွင်၏ရှေ့သို့ ရောက်ရှိလာသည်။

၎င်းမှာ အနက်ရောင် တောရိုင်းသားရဲသားရေဖြင့် ပြုလုပ်ထားပြီး ရှုပ်ထွေးသော စာလုံးများ ထွင်းထုထားကာ အနားပတ်လည်တွင် စိမ်းဖန့်ဖန့် မီးတောက်များ ဝဲလည်လောင်ကျွမ်းနေသည်။

ထိုသားရေချပ်နှင့် စာလုံးများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤဝိညာဉ်စာချုပ်ကို ထုတ်လုပ်ရန် ထျန်းယွမ် အကြီးအကဲများကောင်စီအနေဖြင့် အလွန်ကြီးမားသော ရင်းနှီးပေးဆပ်မှုများ ပြုလုပ်ထားရမည်ကို ယီယွင် သိလိုက်သည်။

ယီယွင်နှင့် လင်ရှင်းထုံတို့၏ အနာဂတ်မှာ အကန့်အသတ်မရှိကြောင်း ကောင်စီက သိထားသည်။ အကယ်၍ ဝိညာဉ်စာချုပ်မှာ လုံလောက်အောင် မစွမ်းဆောင်နိုင်ပါက သူတို့နှစ်ဦးကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

"ဝိညာဉ်စာချုပ်ကောင်းတစ်ခုပဲ။"

ယီယွင်က လှောင်ပြောင်လိုက်သည်။

ဤဝိညာဉ်စာချုပ်မှာ ထျန်းယွမ်လောက၏ ထိပ်တန်းအဖွဲ့အစည်းများ စုပေါင်းပြုလုပ်ထားခြင်း ဖြစ်သည်။ ရှေးဦးဝိညာဉ်သားရဲ တစ်ကောင်၏ သားရေကို လျှို့ဝှက်နည်းပညာဖြင့် ကျုံ့စေကာ အဖိုးတန် ရတနာများစွာမှ ထုတ်ယူထားသော အထူးမှင်များဖြင့် စာလုံးများကို ထွင်းထုထားခြင်း ဖြစ်သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် ရှန်းထူခေါင်းဆောင်အပါအဝင် ကောင်စီဝင် ဝါရင့်ပညာရှင်များစွာ ပါဝင်ခဲ့ကြသည်။ ဤမျှ အဖိုးတန်သော ဝိညာဉ်စာချုပ်မျိုးမှာ ကောင်စီတွင် တစ်ခုတည်းသာရှိပြီး ၎င်းကို ယီယွင်နှင့် လင်ရှင်းထုံတို့အတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။

ယီယွင်သည် ထိုစာချုပ်ကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ ယခင်က သွေးလမင်း၏ ဓားရှည်တောင်တန်းတွင်လည်း သူ့ကို ဝိညာဉ်စာချုပ် အတင်းထိုးခိုင်းခဲ့ဖူးသော်လည်း ထိုစာချုပ်မှာ ယခုစာချုပ်လောက် အင်အားမကြီးမားခဲ့ချေ။ ဤလူများသည် သူ့ကို ထိန်းချုပ်ရန်အတွက် အမှန်တကယ်ပင် အရင်းအနှီး အများအပြား စိုက်ထုတ်ထားကြသည်။

"အကယ်၍ ကျွန်တော်က လက်မှတ်မထိုးဘူးလို့ ရွေးချယ်လိုက်ရင်ကော"

ယီယွင်၏ လေသံမှာ အေးစက်သွားသည်။ သူ၏ဘေးတွင် ရှိနေသော လင်ရှင်းထုံသည်လည်း သူမ၏ဓားကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

"ဒီဝိညာဉ်စာချုပ်က မင်းရဲ့လွတ်လပ်ခွင့်ကို ဘာမှ ကန့်သတ်မထားဘူး။ ငါတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့သက်သက်ပဲလေ။ ဘာလို့ လက်မှတ်မထိုးချင်ရတာလဲ"

မျက်နှာတွင် တက်တူးများဖြင့် ပြည့်နေသော အဘိုးကြီးတစ်ဦးက အက်ရှရှအသံဖြင့် ပြောလိုက်သည်။ သူသည် ယီယွင်နှင့် ဆက်ဆံရေးမကောင်းသော တံဆိပ်လျှို့ဝှက်မျိုးနွယ်စု မှ ဖြစ်သည်။

"စိတ်ဝင်စားစရာကောင်းတဲ့ ယုတ္တိဗေဒပဲ။ ကျွန်တော့်လွတ်လပ်ခွင့်ကို မကန့်သတ်ထားတဲ့အရာတစ်ခုမို့ ကျွန်တော်က လက်မှတ်ထိုးပေးရမယ် ဟုတ်လား ကျွန်တော်က ခင်ဗျားတို့အတွက် အသက်ရှင်နေတာလား ဒါ့အပြင် ဝိညာဉ်စာချုပ် လက်မှတ်ထိုးတယ်ဆိုတာ ဝိညာဉ်မှာ သံခြေကျင်းခတ်လိုက်တာနဲ့ တူတူပဲ။

အထူးသဖြင့် အမြဲတမ်း ဝိညာဉ်စာချုပ်ဆိုတာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ ကျွန်တော့်ဝိညာဉ်အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယီယွင် မတ်တပ်ရပ်လိုက်သောအခါ လင်ရှင်းထုံကလည်း သူ၏ဘေးတွင် လိုက်ပါရပ်လိုက်သည်။ ပုံမှန် ကိုယ်ခံပညာရှင်များသည်ပင် အမြဲတမ်း ဝိညာဉ်စာချုပ်ကို လက်မှတ်ထိုးရန် ဝန်လေးကြစမြဲပင်။ မိမိ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်တွင် ထာဝရ သော့ခတ်ခံထားရခြင်းမှာ မည်မျှပင် လျော့ရဲသည်ဖြစ်စေ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ထို့အပြင် ယီယွင်အနေဖြင့် အလျှော့ပေးရန်လည်း မလိုအပ်ပေ။

ဤစာချုပ်သည် အဖွဲ့ဝင်အချင်းချင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ အကယ်၍ ယီယွင် လက်မှတ်ထိုးလိုက်ပါက နောင်တွင် ရှန်းထူခေါင်းဆောင်သည် ဘာကိုမျှ ကြောက်စရာမလိုတော့ချေ။

သူသည် ယီယွင်ကို မည်မျှပင် စော်ကားပါစေ၊ ယီယွင်က သူ့ကို ဘာမှ ပြန်လုပ်၍ ရတော့မည် မဟုတ်ပေ။ ယီယွင်သည် ထိုသို့သော အခြေအနေကို လက်ခံနိုင်စရာ အကြောင်းမရှိပေ။

"မင်း လက်မှတ်ထိုးမှာ မဟုတ်ဘူးထင်တယ်"

လီမီးတောက်အဘွားအိုက ယီယွင်ကို သနားကရုဏာ သက်သကဲ့သို့ ခေါင်းခါလိုက်သည်။

"ယီယွင်... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ရထားတော့ မာန်မာနရှိတာ သဘာဝပါပဲ။ ဒါပေမဲ့ အရာရာက အရမ်းတင်းမာလွန်းရင် ကျိုးလွယ်တယ်ဆိုတာ မင်းသိဖို့လိုတယ်။ ကောင်းကွက် ဆိုးကွက်တွေကို ငါ ထပ်မရှင်းပြတော့ဘူး။ မင်းကိုယ်တိုင်ပဲ သိမှာပါ..."

"ခင်ဗျား ပြောတာ မှန်တယ်။ ကျွန်တော် ကောင်းကွက် ဆိုးကွက်တွေကို သိလို့ပဲ လက်မှတ်မထိုးတာ။ ကျွန်တော်က ဝိညာဉ်စာချုပ် လက်မှတ်ထိုးရတာကို အင်မတန် မုန်းတယ်။ အထူးသဖြင့် အမြဲတမ်းစာချုပ်တွေကိုပေါ့။ မဟုတ်ရင် ဝိညာဉ်ဂူသင်္ချိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး"

ယီယွင်က လီမီးတောက်အဘွားအို၏ သွယ်ဝိုက်သော ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်သည်။ ထို့နောက် အခြားကောင်စီဝင်များကို ကြည့်ကာ

"ခင်ဗျားတို့ အားလုံးကော ဒီလိုပဲ တွေးနေကြတာလား" ဟု မေးလိုက်သည်။

ထိုနေရာရှိ အကြီးအကဲ အချို့မှာ ယီယွင်နှင့် မိတ်ဖွဲ့လိုကြသော်လည်း ၎င်းမှာ ယီယွင်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ယီယွင်က နောင်တွင် သူတို့ကို ပြန်မတိုက်ခိုက်ရန်သာ သူတို့ မျှော်လင့်ကြသည်။ အကယ်၍ ဝိညာဉ်စာချုပ်သာ လက်မှတ်ထိုးဖြစ်ခဲ့လျှင် သူတို့အတွက် အလွန်ပင် စိတ်ချရသွားပေလိမ့်မည်။

"သခင်လေးယီ... မင်းရဲ့စကားတွေက အရမ်းပြင်းထန်လွန်းတယ်။ ငါကတော့ မင်းဘက်ကပဲ။ ဒါပေမဲ့ ဝိညာဉ်စာချုပ်က ကောင်စီရဲ့ စည်းမျဉ်းဖြစ်နေတော့ ငါလည်း မတတ်နိုင်ဘူးလေ။"

ဝဝဖိုင့်ဖိုင့် အဘိုးကြီးတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ ဒါက ဘယ်ဘက်ကိုမှ မထိခိုက်စေမည့် ကြားနေစကားမျိုးပင်။ သူသည် ရှန်းထူခေါင်းဆောင်တို့က ယီယွင်ကို ဆုံးမပေးမည်ကိုသာ စောင့်ကြည့်လိုပုံရသည်။

ယီယွင်က နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သန့်စင်ယန် ဓားကျိုးကို ထုတ်ယူလိုက်ပြီး ဆွေးနွေးပွဲစားပွဲကြီးကို အသာအယာပင် ပိုင်းချလိုက်သည်။

ချွပ်..........ဝုန်း.......

မည်သည့် အင်အားမျှ သုံးစရာမလိုဘဲ အလွန်မာကျောသော ကျောက်နက်ဖြင့် ပြုလုပ်ထားသည့် စားပွဲကြီးမှာ တို့ဟူးကဲ့သို့ နှစ်ပိုင်းပြတ်သွားတော့သည်။

"ကျွန်တော့်ရဲ့ အခြေအနေက ရိုးရှင်းပါတယ်။ ကျွန်တော် လက်မှတ်မထိုးဘူး"

ယီယွင် ပြောလိုက်သည်နှင့် လေထုမှာ ပို၍ လေးလံလာသည်။ နေဝင်ချိန်အရှင်သခင် အပါအဝင် ဝါရင့်ပညာရှင်များစွာထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။ သူတို့သည် စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားကြပြီ ဖြစ်သည်။

ရှန်းထူခေါင်းဆောင်က မျက်လုံးများကို မှေးကြည့်ကာ "ဒါ မင်းရဲ့ အဖြေပေါ့... ဝမ်းနည်းစရာပဲ။ အဲဒါက မင်းသဘောအတိုင်း ဖြစ်လာမှာ မဟုတ်လို့ပဲ" ဟု ပြောလိုက်သည်။

သူသည် ပထမဆုံး မတ်တပ်ရပ်လိုက်ပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ယီယွင်ကို ပစ်မှတ်ထားလိုက်သည်။

ယီယွင်က ရှန်းထူခေါင်းဆောင်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။ "ခင်ဗျားလို အသက် ရှစ်သောင်းလောက်ရှိတဲ့ အဘိုးကြီးက ကျွန်တော့်လို ယွမ်နယ်ပါယ်ဖွင့်အဆင့် လူငယ်တစ်ယောက်ကို စိန်ခေါ်နေတာ ရှက်ဖို့မကောင်းဘူးလား ခင်ဗျားရဲ့ အသက်က ကျွန်တော့်ထက် အဆပေါင်း ထောင်ချီများသလို၊ ကျင့်စဉ်အဆင့်ကလည်း တစ်ဆင့်အပြည့် မြင့်နေတာပဲ။

ခင်ဗျားရဲ့ အရှက်မရှိမှုကိုတော့ ကျွန်တော် တကယ် ချီးကျူးမိတယ်။ ကျွန်တော့်အင်အားက ခင်ဗျားနဲ့ ဘယ်လိုကွာမလဲ မသိပေမဲ့၊ အရှက်မရှိတဲ့နေရာမှာတော့ ခင်ဗျားကို ကျွန်တော် လုံးဝ မမီပါဘူး"

ယီယွင်၏ ဆဲဆိုမှုမှာ အလွန်ပင် စပ်စုလှသည်။ သူပြောသမျှမှာလည်း အမှန်တရားများသာ ဖြစ်သည်။ ထိုနေရာတွင် ထိုင်နေသော အခြား ဝါရင့်ပညာရှင်များပင် ရှန်းထူခေါင်းဆောင်အတွက် ရှက်မိသွားကြသည်။

ဤတိုက်ပွဲမှာ အမှန်တကယ်ပင် သိက္ခာမဲ့လှသည်။

"စကားတွေ အများကြီး ပြောမနေနဲ့တော့။ ခင်ဗျားတို့က ဒီလောက်တောင် အရှက်မရှိမှတော့ ကျွန်တော် အဆုံးအထိ ရင်ဆိုင်ပေးမယ်။ ဘယ်သူ တိုက်ချင်လဲ၊ ထွက်လာခဲ့"

ယီယွင်သည် စကားပြောပြီးသည်နှင့် လှည့်၍ မျှော်စင်၏ ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်သွားတော့သည်။ သူသည် တိမ်တိုက်များကြား ထိုးထွက်နေသော ဓားရှည်တောင်တန်းမှနေ၍ တောင်ပံဖြန့်ထားသော ငှက်တစ်ကောင်အလား ဝေးလံသော တိမ်တိုက်ပင်လယ်ဆီသို့ ပျံသန်းသွားလေတော့သည်။

အခန်း ၆၇၅- ရှန်းထူမျိုးနွယ်စုခေါင်းဆောင်နှင့် တိုက်ပွဲ

ယီယွင် ပျံသန်းထွက်ခွာသွားပြီးနောက် လင်ရှင်းထုံသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

ဓားရှည်တောင်တန်း၏ ချောက်ကမ်းပါးများအောက်တွင် မြူနှင်းများ ဝဲလည်နေပြီး နတ်ဘုရားများ နေထိုင်ရာ နယ်မြေတစ်ခုအလား ထင်မှတ်ရစေသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့သည် အနက်ရောင်နှင့် အဖြူရောင် အရိပ်နှစ်ခုအဖြစ် မြူနှင်းများကို ဖြတ်သန်းသွားကြသည်မှာ နတ်ဘုရားမောင်နှံတစ်စုံနှင့်ပင် တူလှသည်။

သူတို့ ပျောက်ကွယ်သွားသည်နှင့် ရှန်းထူခေါင်းဆောင်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။

"ဒီမျိုးမစစ်လေးက သူကိုယ်သူ အရှုံးမရှိဘူးလို့ ထင်နေတာပဲ"

ရှန်းထူခေါင်းဆောင်က အံကြိတ်ရင်း ဆိုလိုက်သည်။ ယီယွင်၏ အကြိမ်ကြိမ် ငြင်းပယ်မှုနှင့် လှောင်ပြောင်မှုများကြောင့် သူသည် အလွန်အမင်း ဒေါသထွက်နေရပြီဖြစ်သည်။ သူသည် တစ်သက်လုံး အာဏာရှိသူအဖြစ် နေထိုင်လာခဲ့ရာ ဤကဲ့သို့ လူငယ်တစ်ယောက်၏ စော်ကားမှုကို တစ်ခါမျှ မခံခဲ့ဖူးချေ။

ထိုသို့သော ရိုင်းစိုင်းမှုများကြောင့် ရှန်းထူခေါင်းဆောင်သည် ယီယွင်ကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်စိတ် ပေါက်နေတော့သည်။

"ရှူး"

ရှန်းထူခေါင်းဆောင်သည် ဧရာမမျှော်စင်ကြီးထဲမှ ပျံထွက်သွားပြီး ဝါရင့်ပညာရှင်များကလည်း နောက်မှ လိုက်ပါသွားကြသည်။

သူတို့သည် ပေပေါင်းသောင်းချီ မြင့်သော ကောင်းကင်ယံတွင် ပျံသန်းနေကြသည်။ အောက်ဘက်တွင်မူ လယ်ကွင်းများ၊ အိုင်များနှင့် မြစ်ချောင်းများကို လှပစွာ မြင်တွေ့နေရသည်။

ယီယွင်သည် အမည်မသိ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

ထိုတောင်ပေါ်တွင် သစ်ပင်ပန်းမန်များ ဝေဆာနေပြီး မြေပြင်ပေါ်ရှိ ထူးဆန်းသော ကျောက်တုံးများမှာ သားရဲများနှင့် တူလှကာ ရှေးဟောင်းထင်းရှူးပင်များမှာမူ နဂါးများအလား ထင်မှတ်ရသည်။

တောင်ထိပ်မှနေ၍ ရေတံခွန်တစ်ခုသည် ဝုန်းဒိုင်းကြဲသံများနှင့်အတူ အောက်ဘက်သို့ ထိုးဆင်းနေသည်။

ယီယွင်သည် ထိုစိမ်းလန်းသော တောင်ပေါ်တွင် ရပ်၍ ရှန်းထူခေါင်းဆောင်ကို စောင့်နေလိုက်သည်။

စက္ကန့် ၃၀ ပင် မပြည့်ခင်မှာ ရှန်းထူခေါင်းဆောင် ရောက်ရှိလာသည်။ သူက ပတ်ဝန်းကျင် အလှအပကို ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

"တကယ်ကို လှပတဲ့နေရာပဲ။ မင်းရဲ့ သင်္ချိုင်းဂူအဖြစ် ဒီနေရာကို ရွေးလိုက်တာလား"

ယီယွင်က ရယ်မောရင်း ခေါင်းခါလိုက်သည်။

"ကျွန်တော်က ငယ်ပါသေးတယ်၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ခင်ဗျားကသာ အသက် ရှစ်သောင်းလောက် ရှိနေပြီဆိုတော့ အချိန်မနှောင်းခင် ခင်ဗျား ထာဝရ အိပ်စက်ဖို့ နေရာကောင်းလေးတစ်ခု ရှာထားသင့်တယ်ဗျ။"

ယီယွင်သည် ရှန်းထူခေါင်းဆောင်ကဲ့သို့ အဘိုးကြီးများအတွက် အထိခိုက်ဆုံးဖြစ်သည့် "သက်တမ်း" ကိစ္စကိုသာ ထိုးနှက်ပြောဆိုနေခြင်း ဖြစ်သည်။ သူတို့မှာ အမှန်တကယ်ပင် သက်တမ်း အများကြီး မကျန်တော့ချေ။

"သေချင်နေတာပဲ"

ရှန်းထူခေါင်းဆောင် ဒေါသအထွက်လွန်သွားသည်။ သူ၏ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အခြားသူများ မရောက်လာခင်မှာပင် ယီယွင်ကို စတင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဂျိန်း.........

ဂျိန်း..........

ရှန်းထူခေါင်းဆောင်၏ ခြေဖဝါးအောက်ရှိ တောင်ထိပ်မှာ တုန်ခါလာသည်။ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။ တောင်ပေါ်ရှိ သစ်ပင်များသည် ထိုစွမ်းအင်ကြောင့် ပုံပျက်ပန်းပျက် လိမ်တွန့်လာကြသည်။

သစ်ပင်ကြီးများမှာ ရုတ်တရက် ကြီးထွားလာပြီး ဧရာမ သစ်မြစ်ကြီးများမှာ မြေကြီးထဲမှ မြွေဟောက်များအလား ထိုးထွက်လာကြသည်။ တောအုပ်တစ်ခုလုံးမှာ ရူးသွပ်သွားသည့်အလား ထင်မှတ်ရသည်။

ရှန်းထူခေါင်းဆောင်သည် သစ်သားဓာတ် ဥပဒေသများကို ကျွမ်းကျင်သူ ဖြစ်သည်။ ၎င်းမှာ ရှားပါးသော ဥပဒေသတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် အခြား ဝါရင့်ပညာရှင်များလည်း ရောက်ရှိလာကြသည်။ တိုက်ပွဲစတင်နေသည်ကို မြင်သောအခါ သူတို့က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ လူတိုင်းက ယီယွင်၏ အစစ်အမှန် အင်အားကို သိလိုနေကြခြင်း ဖြစ်သည်။

"ယီယွင်..."

ယီယွင်၏ဘေးတွင် လင်ရှင်းထုံက အသံလွှင့်လိုက်သည်။ ယီယွင်က သူမ ဘာတွေးနေသည်ကို သိသဖြင့် "ဘေးကနေပဲ ကြည့်နေပါ။ ဟိုအဘိုးကြီးတွေ နောက်ကနေ ခိုးတိုက်မှာကိုပဲ သတိထားပေးရှင်းထုံ။

ရှန်းထူခေါင်းဆောင်ကိုတော့ ကျွန်တော် တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်။"

ဟု ပြောလိုက်သည်။

အကယ်၍ ယီယွင်နှင့် လင်ရှင်းထုံသာ ပူးပေါင်းလိုက်လျှင် သူတို့၏ အင်အားမှာ ထိန်းချုပ်ရ ခက်ခဲသွားပေလိမ့်မည်။

"ကောင်းပါပြီ"

လင်ရှင်းထုံ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ မဟာဧကရီ နှလုံးသားကျမ်း ကို ကျင့်ကြံထားသူများ ဖြစ်သည်။ လင်ရှင်းထုံ၏ ခန္ဓာကိုယ်မှာ ထိုကျမ်းစာနှင့် ပို၍ ကိုက်ညီသဖြင့် သူမသည် ယီယွင်ထက် အင်အားမနည်းလှပေ။

သို့သော် သူမသည် အမြဲတမ်း ယီယွင်၏ နောက်ကွယ်၌သာ ငြိမ်သက်စွာ နေလေ့ရှိသည်။ လိုအပ်မှသာ သူမက ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။

တောင်တန်းများ တုန်ခါလာသည်နှင့်အမျှ ဧရာမသစ်ပင်ကြီးများမှာ ကောင်းကင်သို့ ထိုးတက်လာကြသည်။ ပေတစ်ထောင်မြင့်သော ရေတံခွန်ပင်လျှင် သစ်ကိုင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ခဏချင်းမှာပင် တောင်ထိပ်တစ်ခုလုံးမှာ သစ်ပင်ပင်လယ်ကြီးအတွင်း ပိတ်မိသွားတော့သည်။

ရှန်းထူခေါင်းဆောင်၏ နောက်ကွယ်တွင် နတ်ဘုရားသစ်ပင်ကြီးတစ်ပင်၏ အရိပ်ပုံရိပ် ပေါ်လာသည်။

"ဝုန်း"

ရှန်းထူခေါင်းဆောင် လှုပ်ရှားလိုက်ပြီး လေထဲမှ လှံရှည်တစ်စင်းကို ဖမ်းယူကာ ယီယွင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ သူသည် တောအုပ်အတွင်းမှ ခုန်အုပ်လိုက်သော ကျားသစ်တစ်ကောင်အလား အလွန်ပင် လျင်မြန်လှသည်။

ထိုအချိန်တွင် ယီယွင်မှာ သစ်ပင်အကာအကွယ် စက်ကွင်းအတွင်း ပိတ်မိနေပြီး သစ်ကိုင်းများက အရပ်မျက်နှာအနှံ့မှ သူ့ကို တားဆီးထားကြသည်။

ယီယွင်က သူ၏ "နေမင်းပစ် သတ်ဖြတ်ခြင်းကိုးပါးလေး" ကို ထုတ်ယူလိုက်ပြီး စွမ်းအင်မြှားကို ဆွဲလိုက်သည်။

"ရှူး"

မြှားထွက်သွားသည်နှင့်အတူ မီးပင်လယ်ကြီးတစ်ခု ပါသွားတော့သည်။ သန့်စင်ယန်မီးတောက်များမှာ နေမင်းကြီး ကမ္ဘာပေါ်သို့ ပြုတ်ကျလာသည့်အလား ပူပြင်းလှသည်။ သံမဏိကဲ့သို့ မာကျောသော သစ်ပင်ကြီးများသည်ပင် ထိုမီးတောက်များရှေ့တွင် ခံနိုင်ရည်မရှိဘဲ လောင်ကျွမ်းကုန်ကြသည်။

ဒုန်း..............

ဝုန်း........

ရှန်းထူခေါင်းဆောင်၏ လှံနှင့် ယီယွင်၏ မြှားတို့ ထိပ်တိုက်တွေ့ကြသည်။ ထိုပြင်းထန်သော တိုက်မိမှုကြောင့် မြေပြင်မှာ တုန်ခါသွားပြီး သစ်ပင်များစွာမှာ မြေကြီးမှ ကျွတ်ထွက်ကာ လေထဲတွင် ပြာဖြစ်သွားကြသည်။

ရှန်းထူခေါင်းဆောင်မှာ အံ့အားသင့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။ သူက လှံကို သုံးထားပြီး ယီယွင်က မြှားတစ်စင်းတည်းနှင့် သူ့ကို ခုခံနိုင်ခြင်းမှာ သူ မမျှော်လင့်ထားသော အချက်ဖြစ်သည်။

ထိုအချိန်မှာပင် ယီယွင်က "သန့်စင်ယန် ဓားကျိုး" ကို ကိုင်စွဲကာ ရှန်းထူခေါင်းဆောင်၏ ခေါင်းပေါ်သို့ ပိုင်းချလိုက်သည်။ ဓားအလင်းတန်းမှာ ဧရာမ ရေတံခွန်ကြီးတစ်ခု ပြိုကျလာသည့်အလား ပြင်းထန်လှသည်။ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းရှိ သစ်ပင်အားလုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ရှန်းထူခေါင်းဆောင်၏ သစ်ပင်အကာအကွယ် စက်ကွင်းမှာ အင်အားသုံး၍ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ဓားအလင်းတန်းမှာ အရှိန်မပျက်ဘဲ ရှန်းထူခေါင်းဆောင်၏ မျက်စိရှေ့သို့ ရောက်ရှိလာသည်။

ရှန်းထူခေါင်းဆောင်မှာ ထိတ်လန့်သွားပြီး သူ၏လှံဖြင့် အတင်းအကျပ် ခုခံလိုက်ရသည်။

ဂျိန်း............

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်ထိပ်တစ်ခုလုံးမှာ နှစ်ပိုင်းကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျောက်တုံးတန်ပေါင်းများစွာမှာ လေထဲတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။

ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ ရှန်းထူခေါင်းဆောင်မှာ နောက်သို့ လွင့်ထွက်သွားပြီး ပေပေါင်းများစွာ မြင့်သော ကျောက်ဆောင်ကြီးတစ်ခုကို ဝင်တိုက်မိသွားတော့သည်။

ဘုန်း...............

ဥက္ကာခဲတစ်ခု မြေပေါ်ကျသကဲ့သို့ ကျောက်ဆောင်ကြီးမှာ ပြိုကျသွားသည်။ ရှန်းထူခေါင်းဆောင်သည် ကျောက်တုံးများကြားတွင် ရပ်နေသော်လည်း သူ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာတွင် သွေးများ စွန်းထင်နေကာ အဝတ်အစားများလည်း စုတ်ပြတ်နေတော့သည်။

သူသည် ပြင်းထန်သော ဒဏ်ရာမရသော်လည်း သူ၏ ပုံစံမှာမူ အလွန်ပင် အရှက်ရဖွယ် ဖြစ်နေတော့သည်။

အခန်း ၆၇၆- သေမင်းနှင့် နီးကပ်သော အရသာ

ရှန်းထူမျိုးနွယ်စုခေါင်းဆောင်နှင့် ယီယွင်တို့သည် တိုက်ပွဲအတွင်း နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ခဲ့ကြသော်လည်း ရှန်းထူခေါင်းဆောင်မှာ ယီယွင်၏ ဖိနှိပ်ခြင်းကို သိသိသာသာ ခံနေရသည်။

ရှန်းထူခေါင်းဆောင်သည် ကျောက်ခဲပုံများကြားမှ ပြန်လည်ထွက်ပေါ်လာချိန်တွင် ဒေါသနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ယီယွင်မှာ ကိုင်တွယ်ရခက်မှန်း သူသိသော်လည်း ယီယွင်၏ အင်အားမှာ ဤမျှအထိ ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ရှန်းထူခေါင်းဆောင်သည် တစ်သက်လုံး သဘာဝတရားကို မိမိအလိုကျ စေခိုင်းနိုင်စွမ်းရှိသူအဖြစ် ဂုဏ်ယူလာခဲ့သူ ဖြစ်သည်။ ယခုကဲ့သို့ လူအများရှေ့တွင် အရှက်ရခြင်းမျိုး တစ်ခါမျှ မကြုံဖူးချေ။ သူသည် အလွန်အမင်း ဒေါသထွက်လျက် သူ၏လှံကို ခါယမ်းလိုက်ရာ သူ၏နောက်ကွယ်ရှိ နတ်ဘုရားသစ်ပင်မှာ လှံအတွင်းသို့ ပေါင်းစည်းသွားတော့သည်။

ထိုအချိန်တွင် ရှန်းထူခေါင်းဆောင်သည် သူ၏အောက်ရှိ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။ သူသည် မြေကြီးထဲတွင် အမြစ်တွယ်နေသော သစ်ပင်ကြီးတစ်ပင်နှင့် တူလှသည်။

မိုင်ပေါင်းထောင်ချီအတွင်းရှိ တောင်တန်းများ၊ တောအုပ်များနှင့် သစ်ပင်ပန်းမန်အားလုံးမှာ ရှန်းထူခေါင်းဆောင်နှင့် မမြင်ရသော ဆက်နွှယ်မှုတစ်ခု တည်ဆောက်လိုက်ကြသည်။

ထိုအပင်များသည် လောကဓာတ်၏ ယွမ်ချီကို စုပ်ယူကာ မြေငလျင်ကွန်ရက်သဖွယ် ရှန်းထူခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ အဆက်မပြတ် ပို့ဆောင်ပေးနေတော့သည်။

နှစ်ပေါင်းသောင်းချီ အသက်ရှင်ခဲ့သော အဘိုးကြီးတစ်ဦးအနေဖြင့် ရှန်းထူခေါင်းဆောင်တွင် ထူးခြားသော လျှို့ဝှက်ကျွမ်းကျင်မှုအချို့ ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။

"ဒါ ရှန်းထူအဘိုးကြီး ကျင့်ကြံထားတဲ့ ဖန်ဆင်းခြင်းကျမ်းပဲ။ အရာခပ်သိမ်းရဲ့ စွမ်းအင်တွေကို ချိတ်ဆက်ပြီး သူ့ကိုယ်သူ အားဖြည့်ဖို့အတွက် ယွမ်ချီတွေကို စုပ်ယူတာ။ သေခါနီးအခြေအနေမျိုး မဟုတ်ရင် ဒီလူအိုကြီးက ဒါကို သုံးမှာမဟုတ်ဘူး"

အဝေးမှ ကြည့်နေသော ဝါရင့်ပညာရှင်အချို့က ရှန်းထူခေါင်းဆောင်၏ အစွမ်းကုန်ထုတ်သုံးသော ဤကွက်ကို မှတ်မိကြသည်။ ဖန်ဆင်းခြင်းကျမ်း ကို အသုံးပြုခြင်းဖြင့် သူ ဆုံးရှုံးသွားသော အသာစီးရမှုကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။

ထျန်းယွမ် အကြီးအကဲများကောင်စီဝင် ၇၀ ရာခိုင်နှုန်းကျော်မှာ ယီယွင်၏ ပြိုင်ဘက်မဟုတ်ကြောင်း ဤတိုက်ပွဲက သက်သေပြနေသည်။ ထိုအချက်ကို သူတို့ မနှစ်သက်ကြချေ။

အကယ်၍ ယီယွင်ကိုသာ အချိန်ထပ်ပေးလိုက်ပါက သူ၏အင်အားမှာ မည်မျှအထိ ကြီးထွားလာမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။

စွမ်းအင်များ ပြင်းထန်လာသည်နှင့်အမျှ ကြီးမားလှသော ယွမ်ချီများမှာ ရှန်းထူခေါင်းဆောင်၏ ရှေ့တွင် ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုလက်ဝါးကြီးမှာ ကောင်းကင်ဘုံ၏ ဥပဒေသကို ကိုယ်စားပြုသကဲ့သို့ ခန့်ညားထည်ဝါလှပြီး ယီယွင်ကို ဖမ်းအုပ်ရန် ကြိုးစားလိုက်သည်။

ထိုတိုက်ကွက်ကို ရင်ဆိုင်ရန် ယီယွင်သည် လေထဲတွင် မီတာတစ်ရာခန့် မြင့်သောနေရာ၌ ဝဲပျံနေသည်။ သူက ဓားကျိုးကို ကိုင်စွဲကာ ဓားသွားကို အသာအယာ လှည့်လိုက်သည်။ ယီယွင်အတွက်မူ ဤတိုက်ပွဲမှာ မိမိ၏ အစွမ်းကို စမ်းသပ်သည့် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။

"ဂျိန်း"

ကောင်းကင်ဘုံမှ မိုးကြိုးပစ်ချလိုက်သည့်အလား ယီယွင်က သူ၏ သန့်စင်ယန်ဓားကျိုးကို ဝေ့ယမ်းလိုက်သောအခါ လောကရှိ ယန်စွမ်းအင်များမှာ လှိုင်းထန်လာတော့သည်။

ယီယွင်သည် ကောင်းကင်တွင် ချိတ်ဆွဲထားသော နေမင်းကြီးအလား တောက်ပနေပြီး ရှန်းထူခေါင်းဆောင်ထံသို့ ဓားဖြင့် ပိုင်းချလိုက်သည်။

ဓားအလင်းတန်းမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ရှေးဟောင်းခေတ်ကာလမှ လာသည့်အလား အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။ လူတိုင်းမှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြရသည်။ ဤသည်မှာ ထျန်းယွမ်လောက၏ ထိပ်တန်း တိုက်ပွဲတစ်ခု ဖြစ်သည်။

သို့သော်... ဓားအလင်းတန်းနှင့် ကောင်းကင်ဘုံလက်ဝါး တို့ ထိတွေ့မိသောအခါ လူတိုင်း မျှော်လင့်ထားသည့် ပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့ပေ။ ယီယွင်၏ ဓားအလင်းမှာ ရှန်းထူခေါင်းဆောင်၏ လက်ဝါးကြီးကို ဘာအတားအဆီးမျှ မရှိဘဲ ထက်ပိုင်း ပိုင်းဖြတ်သွားတော့သည်။

ဘာ..........

လူတိုင်း အံ့အားသင့်သွားကြသည်။

ဖန်ဆင်းခြင်းကျမ်း မှာ အလွယ်တကူပင် ပျက်စီးသွားခဲ့သည်။

ဓားအလင်းမှာ အရှိန်မပျက်ဘဲ ရှန်းထူခေါင်းဆောင်၏ ခေါင်းပေါ်သို့ တည့်တည့် ဦးတည်နေသည်။ ရှန်းထူခေါင်းဆောင်သည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်ရှိ စွမ်းအင်များက သူ့ကို လှောင်အိမ်အတွင်း ပိတ်ထားသကဲ့သို့ ဖြစ်နေသဖြင့် လှုပ်၍မရတော့ပေ။

"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ"

ထိုအချိန်တွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဝါရင့်ပညာရှင်များထဲမှ အရပ်ရှည်ရှည် အနက်ရောင်ပုံရိပ်တစ်ခု ပျံထွက်လာသည်။ သူကား နေဝင်ချိန် အရှင်သခင်ပင်။

သူသည် ဧရာမ တံဆိပ်တုံးကြီးတစ်ခုကို ယီယွင်၏ ဓားအလင်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထျန်းယွမ်လောက၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်အနေဖြင့် ရှန်းထူခေါင်းဆောင်ကို သူ ကယ်တင်ရမည်ဖြစ်သည်။

တံဆိပ်တုံးမှာ အနက်ရောင်တောင်တန်းကြီးတစ်ခုအလား ယီယွင်၏ ဓားအလင်းကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ပြင်းထန်သော ထိတွေ့မှုအတွင်း တံဆိပ်တုံးမှာ တုန်ခါသွားပြီး ဓားအလင်းမှာမူ အောက်ဘက်သို့ ပို၍ လျင်မြန်စွာ ကျဆင်းသွားသည်။

"ဂျိန်း"

ဓားအလင်းက မြေပြင်ကို ပိုင်းဖြတ်လိုက်ရာ ယီယွင် ရပ်နေသော တောင်ထိပ်မှာ နှစ်ပိုင်းကွဲသွားတော့သည်။ တောင်ကမ်းပါးတစ်လျှောက် ဧရာမ ချောက်ကြီးများ ဖြစ်ပေါ်သွားပြီး ၎င်းမှာ မြေအောက် ပေပေါင်းသောင်းချီအထိ နက်ရှိုင်းလှသည်။

ရှန်းထူခေါင်းဆောင်မှာမူ ထိုချောက်ကြီး၏ မနီးမဝေးတွင် ရပ်နေသော်လည်း သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဆံပင်များမှာ ဖရိုဖရဲဖြစ်ကာ မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။ သူ ရှုံးနိမ့်သွားခဲ့ပြီ၊ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် သေမင်း၏ တံခါးဝသို့ ရောက်ခဲ့ရမှန်း သူကိုယ်တိုင် သိလိုက်သည်။ အကယ်၍ နေဝင်ချိန်အရှင်သခင်သာ ဝင်မတိုက်ခဲ့ပါက သူသည် ထိုဓားချက်အောက်တွင် သေဆုံးသွားနိုင်ပေသည်။

ရှန်းထူခေါင်းဆောင်သည် သူ၏လှံကို မသိမသာ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး သူ၏လက်ဖဝါးများမှာ အေးစက်နေတော့သည်။ သေမင်းနှင့် နီးကပ်သော အရသာကို သူ မခံစားရသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သော်လည်း၊ ယနေ့တွင်မူ အသက် ၃၀ ပင် မပြည့်သေးသော ယီယွင်ဟူသည့် လူငယ်လေးထံမှ ထိုအရသာကို ပြန်လည် ခံစားလိုက်ရလေတော့သည်။

All Chapters