← Chapters

အခန်း (၆၈၀-၆၈၂)

Vol. 46 Ch. 680-682

အခန်း (၆၈၀-၆၈၂)

Vol. 46 Ch. 680-682

အခန်း ၆၈၀- သွေးစွန်းသွားသော ဓားရှည်တောင်တန်း

ရှန်းထူခေါင်းဆောင်နှင့် အခြားဝါရင့်ပညာရှင်ကြီးများသည် ဤကဲ့သို့သော ခံစားချက်မျိုး မကြုံဖူးသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ သူတို့ သိုင်းပညာကို စတင်လေ့လာစဉ်က မိမိတို့ထက် အဆပေါင်းရာချီ သန်မာသော သားရဲကြီးများကို ရင်ဆိုင်ခဲ့ရသည့် ထိတ်လန့်မှုမျိုးမှာ ယခု သူတို့ ခံစားနေရသည်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

အနက်ရောင် သံချပ်ကာဝတ် ဘီလူးကြီးသည် သူတို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူ၏ တစ်လုံးတည်းသော မျက်လုံးထဲတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်တည်ငြိမ်မှုသာ ရှိသည်။ သူ သူတို့ကို ကြည့်နေပုံမှာ ပုရွက်ဆိတ်အုပ်ကို ကြည့်နေသည့်အလားပင်။

လေပြင်းများ ဟိန်းဟောက်နေစဉ် သူ၏ ဆံပင်နက်ကြီးများမှာ လေထဲတွင် လွင့်ပျံနေသည်။ အဝေးမှ သွေးရောင်လွှမ်းနေသော အရောင်များမှာ ဒီရေလှိုင်းများအလား တိုးဝင်လာပြီး ထိုဘီလူးကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားကာ ဓားရှည်တောင်တန်း၏ ထိပ်ဖျားတွင် ဧရာမ ဝဲဂယက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။

ရှန်းထူခေါင်းဆောင်နှင့် အပေါင်းအပါများသည် ထိုဘီလူးကြီး၏ မျက်လုံးထဲတွင် ပျက်စီးခြင်း နိမိတ်များကို မြင်နေရသကဲ့သို့ပင်။ ၎င်းမှာ သွေးတိမ်တိုက်ထက် အဆပေါင်းရာချီ ပိုမိုပြင်းထန်သော သွေးရောင်အလင်းများ ဖြစ်သည်။

ဒုတ်... ဒုတ်... ဒုတ်...

ပြင်းထန်သော ဗုံသံများအလား ရှန်းထူခေါင်းဆောင်နှင့် အပေါင်းအပါများ၏ နှလုံးခုန်သံများမှာ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူတို့၏ နှလုံးသားများမှာ လည်ချောင်းမှတစ်ဆင့် အပြင်သို့ ခုန်ထွက်တော့မည့်အတိုင်းပင်။

"မင်း... မင်းက ဘယ်သူလဲ... "

ရှန်းထူခေါင်းဆောင်၏ အသံမှာ တုန်ယင်နေသည်။ သူသည် သတင်းပို့ကျောက်စိမ်းပြားကို ဖြည်းညှင်းစွာ ချေဖျက်လိုက်သည့် ခဏမှာပင် သူ၏ မျက်မှူးများ ရုတ်တရက် ကျုံ့သွားတော့သည်။

ဘီလူးကြီးမှာ မျှော်စင်ထိပ်မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မျှော်စင်ထိပ်တွင် မည်သူမျှ မရှိတော့သည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ ဦးရေပြားများ ထုံကျင်သွားကြသည်။ ထိုဝါရင့်ပညာရှင်ကြီးများသည် ချက်ချင်းပင် မိမိတို့၏ ကာကွယ်ရေးစွမ်းအင်များကို ထုတ်သုံးလိုက်ကြသည်။

ယွမ်ချီများ တုန်ခါသွားပြီး ကာကွယ်ရေး အလင်းတန်းများ လင်းလက်လာစဉ်မှာပင်

ဗြိ..........

သွေးရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး လှံတစ်ချောင်းကဲ့သို့ ရှည်လျားသော လက်ဝါးကြီးတစ်ခုမှာ ဝါရင့်ပညာရှင်တစ်ဦး၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။

ထိုကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အကြီးအကဲမှာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကျသွားသည်။ သူသည် မယုံကြည်နိုင်စွာဖြင့် မိမိ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။

ထိုလက်ကြီး၏ ထိပ်ဖျားတွင် အနက်ရောင် လက်သည်းများ ရှိနေပြီး သွေးများနှင့် အသားစများ စွန်းထင်နေကာ မြေပြင်ပေါ်သို့ တစက်စက် ကျနေသည်။ သူ၏ ကာကွယ်ရေးစွမ်းအင်မှာ စက္ကူကဲ့သို့ပင် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး ဘာအတားအဆီးမျှ မဖြစ်ခဲ့ချေ။

ဘုန်း...........

လက်ကို ပြန်နှုတ်လိုက်သောအခါ သွေးများ လေထဲတွင် ပန်းထွက်သွားသည်။ ထိုဝါရင့်ပညာရှင်ကြီးမှာ ဂုန်နီအိတ်တစ်လုံးအလား အဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သေသည် ရှင်သည်ကို မသိနိုင်တော့ပေ။

ကျန်ရှိသော ဝါရင့်ပညာရှင်ကြီးများသည် မျက်နှာများ ဖြူဖျော့လျက် ထိုဘီလူးကြီးကို ကြည့်နေကြသည်။ သူတို့ရှေ့တွင် ရပ်နေသော ထိုသတ္တဝါမှာ သူတို့ထက် ပေပေါင်းများစွာ ပို၍ မြင့်မားလှသည်။ သူ၏ အသွင်အပြင်မှာ လူနှင့်တူသော်လည်း သူ့ထံတွင် လူသားဆန်မှု လုံးဝ မရှိတော့သကဲ့သို့ ခံစားရသည်။

သူ၏ တိုက်ခိုက်မှုမှာ မည်သည့် ယွမ်ချီ တုန်ခါမှုမျှ မရှိချေ။ ၎င်းမှာ ရိုးရှင်းလှသော တိုက်ခိုက်မှု ဖြစ်သော်လည်း ဝါရင့်ပညာရှင်ကြီးတစ်ဦးကို အလွန်ပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သည်။

ဘီလူးကြီးသည် အခြားဝါရင့်ပညာရှင်တစ်ဦးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထိုသူ၏ လက်ဖဝါးများမှာ ချွေးများဖြင့် အေးစက်နေတော့သည်။ ပတ်ဝန်းကျင်ရှိ လေထုနှင့် ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာ ဖိသိပ်ခံထားရသကဲ့သို့ ခံစားရသဖြင့် သူသည် လှုပ်ရှား၍ပင် မရတော့ပေ။

"ငါ့ကို ကယ်ကြပါဦး"

သူသည် ဟစ်အော်လိုက်ပြီး သူ၏ ယွမ်ချီများကို အစွမ်းကုန် ပေါက်ကွဲစေလိုက်သည်။ သူ၏ ဓားထိပ်ဖျားတွင် စွမ်းအင်များ စုစည်းကာ အားကုန် ပိုင်းချလိုက်သည်။ ထိုဓားချက်မှာ နေ့ကို ညအဖြစ် ပြောင်းလဲသွားစေလောက်အောင် ပြင်းထန်ပြီး ကောင်းကင်မှ ကြယ်တံခွန်များ ကျလာသကဲ့သို့ ထိုဘီလူးကြီးဆီသို့ ဦးတည်သွားသည်။

ဘီလူးကြီးမှာ ရှောင်တိမ်းခြင်း မရှိပေ။ ဓားက သူ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားသည်ကို ငြိမ်၍ ကြည့်နေသည်။

ဘုန်း.......

ဓားအလင်းတန်းက ဘီလူးကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သို့သော် ထိုအချိန်မှာပင် သွေးများစွန်းထင်နေသော လက်တစ်ဖက်မှာ ဓားအလင်းထဲမှ ထွက်ပေါ်လာပြီး ဝါရင့်ပညာရှင်၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။

ဒေါင်...........

ဓားမှာ မြေပြင်ပေါ်သို့ ကျသွားပြီး ထိုသူ၏ ခြေထောက်များမှာ မြေပြင်မှ ကြွတက်သွားကာ အသည်းအသန် ရုန်းကန်နေရတော့သည်။

ရှန်းထူခေါင်းဆောင်နှင့် အပေါင်းအပါများသည် ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ထိုဝါရင့်ပညာရှင်ကြီးမှာ ဘီလူးကြီး၏ ရှေ့တွင် ကလေးငယ်တစ်ယောက်အလား အင်အားချည့်နဲ့နေသည်။ နောက်ဆုံးတွင် ဘီလူးကြီး၏ လက်ငါးချောင်းကို အသာအယာ ဆုပ်ညှစ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အရိုးကျိုးသံများ ထွက်ပေါ်လာတော့သည်။

ဗြစ်.....

ထိုသူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ ခေါင်းမှာ ပုံပျက်ပန်းပျက်ဖြင့် တစ်ဖက်သို့ စောင်းကျသွားကာ တစ်ကိုယ်လုံး တုန်ခါနေတော့သည်။ သူ၏ လည်ပင်းမှာ အားဖြင့် လိမ်ချိုးခံလိုက်ရခြင်း ဖြစ်သည်။

ဘီလူးကြီးသည် ကျန်ရှိသောသူများကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။

"ငါတို့ မင်းနဲ့ အသေခံ တိုက်မယ်"

ရှန်းထူခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ ဤဘီလူးကြီး၏ ရှေ့တွင် ရှောင်တိမ်းရန် နေရာမရှိတော့သဖြင့် သူတို့ လုပ်နိုင်သည်မှာ အစွမ်းကုန် တိုက်ခိုက်ရန်သာ ရှိတော့သည်။

အမျိုးမျိုးသော စွမ်းအင်အလင်းတန်းများ ပန်းထွက်လာသည်။ ယီယွင်အတွက် ပြင်ဆင်ထားသော မပြည့်စုံသေးသည့် အစီရင် အခင်းအကျင်းကိုပင် ရှန်းထူခေါင်းဆောင်က အသက်သွင်းလိုက်သည်။

သို့သော် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုများ ရှိနေသော်လည်း ဘီလူးကြီးထံမှ မည်သည့် ယွမ်ချီ တုန်ခါမှုမျှ ထွက်ပေါ်မလာချေ။ သူ၏ သတ်ဖြတ်မှုပုံစံမှာ ပုရွက်ဆိတ်ကို ဖိသတ်သကဲ့သို့ အလွန်ပင် ရိုးရှင်းပြီး တိုက်ရိုက်ကျလှသည်။

ဝါရင့်ပညာရှင်ကြီးများ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု၊ မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို မြင်တွေ့နိုင်သည် ။

သူတို့သည် နှစ်ပေါင်းသောင်းချီ၍ သိုင်းပညာကို လေ့ကျင့်လာခဲ့ပြီး ထျန်းယွမ်လောက၏ ထိပ်သီးပုဂ္ဂိုလ်များအဖြစ် ရပ်တည်ခဲ့သူများ ဖြစ်သည်။

သို့သော် ဤဘီလူးကြီး၏ ရှေ့တွင်မူ သူတို့သည် သာမန်စစ်သည်များက မိမိတို့ကို ရင်ဆိုင်နေရသကဲ့သို့ပင် အင်အားကွာခြားလွန်းလှသည်။ အစွမ်းကုန် တိုက်ခိုက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ဖတ်...ဘုတ်

ကျိုးပဲ့နေသော လှံတစ်ချောင်း မြေပေါ်သို့ ကျသွားသည်။ ၎င်းမှာ ဘီလူးကြီး၏ လက်ချက်ဖြင့် ကျိုးသွားခြင်းဖြစ်ပြီး ထိုလှံဘေးတွင် ချေဖျက်ထားသော သတင်းပို့ကျောက်စိမ်းပြား တစ်ခုလည်း ရှိနေသည်။

ရှန်းထူခေါင်းဆောင်သည် ပါးစပ်အဟောင်းသားနှင့် သူ၏ စုတ်ပြတ်နေသော ရင်ဘတ်ကို ကိုင်လျက် ဘီလူးကြီးကို စိုက်ကြည့်နေသည်။ ထိုဘီလူးကြီးမှာ သံချပ်ကာအထူကြီး ဝတ်ဆင်ထားပြီး နောက်တွင် စုတ်ပြတ်နေသော ဝတ်ရုံကြီး ပါရှိသည်။

သူ၏ ကြွက်သားများမှာ နတ်ဘုရားသတ္တုကဲ့သို့ မာကျောနေသည်။ သူ၏ မျက်လုံးတစ်ဖက်မှာ သွေးရောင်တောက်နေပြီး ကျန်မျက်လုံးအိမ်မှာမူ ကျောက်တုံးတစ်ခုအလား ဖြစ်နေသဖြင့် မျက်စိကွယ်နေပုံရသည်။ သူ၏ မျက်နှာသွင်ပြင်များကိုမူ ဦးထုပ်၏ အရိပ်များက ဖုံးကွယ်ထားသဖြင့် မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုအချိန်တွင် ရှန်းထူခေါင်းဆောင်၏ ခေါင်းပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်။ ဧရာမ အနက်ရောင် ခြေထောက်ကြီး တစ်ဖက်က ဖိချလိုက်ရာ ရှန်းထူခေါင်းဆောင်မှာ ကောက်ရိုးတစ်စအလား နင်းခြေခံလိုက်ရပြီး သူ၏ ရင်ဘတ်အရိုးများမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

ခရွဲ ကွင်းပြင်ကြီးတစ်ခုလုံးမှာ သူ၏ နင်းခြေမှုကြောင့် ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။

ရှန်းထူခေါင်းဆောင်သည် ကောင်းကင်ယံကို မျက်လုံးပြူးလျက် ကြည့်နေသည်။ သူ၏ မျက်လုံးများမှာ အရောင်မှိန်သွားပြီး အသက်မရှူနိုင်တော့ပေ။ ထိုခြေဗလာ ခြေထောက်ကြီးအောက်တွင် သွေးအိုင်ကြီးတစ်ခု ဖြည်းညှင်းစွာ စုဝေးလာတော့သည်။

ဓားရှည်တောင်တန်း၏ တုန်ခါမှုများနှင့် ပြင်းထန်သော တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ယွမ်ချီများမှာ တောင်ခြေရှိ တပည့်များအားလုံးကို လန့်နိုးသွားစေသည်။

သူတို့သည် ပုံမှန်အားဖြင့် တောင်ထိပ်သို့ မတက်ကြသော်လည်း ယခုအခါ မျှော်စင်ကြီး၏ ပတ်ပတ်လည်ရှိ ကာကွယ်ရေး အစီရင်များပင် ထိုဘီလူးကြီး၏ နင်းခြေမှုတစ်ခုတည်းဖြင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ တပည့်များမှာ ဘာဖြစ်မှန်းမသိဘဲ တောင်ထိပ်သို့ အပြေးအလွှား သွားကြည့်ကြသည်။

ရှန်းထူမျိုးနွယ်စု၊ လီမီးတောက်ဂိုဏ်းစသည့် အဖွဲ့အစည်းများမှ ပါရမီရှင်များမှာ ယီယွင်၏ လက်စားချေမှုကို ကြောက်သဖြင့် ဓားရှည်တောင်တန်းတွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

သူတို့သည် မျှော်စင်ကြီးဆီသို့ မော့ကြည့်လိုက်သောအခါ သူတို့၏ ခေါင်းပေါ်တွင် သွေးတိမ်တိုက်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ တိမ်တိုက်အောက်တွင် သံချပ်ကာဝတ်ထားသော လူရိုင်းကြီးတစ်ဦး ရှိနေသည်။

ထိုလူရိုင်းကြီးမှာ တစ်စုံတစ်ခုကို နင်းထားသကဲ့သို့ ငုံ့ကြည့်နေသည်။

သူ နင်းထားသော အရာကို အနီးကပ် မြင်လိုက်ရသောအခါ ရှန်းထူမျိုးနွယ်စုမှ တပည့်များမှာ တစ်ကိုယ်လုံး တုန်တက်သွားကြတော့သည်။

ထိုသူ၏ မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း ၎င်းမှာ သူတို့၏ ရှန်းထူခေါင်းဆောင်ဖြစ်ကြောင်း မှတ်မိလိုက်ကြသည်။

ထျန်းယွမ်လောက၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ လူရိုင်းတစ်ယောက်၏ ခြေထောက်အောက်တွင် အနင်းခံထားရသည်လား

ခြေဖျားမှစ၍ အေးစက်သော ခံစားချက်ကြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် လူရိုင်းကြီးက ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သူ၏ အေးစက်လှသော မျက်လုံးတစ်လုံးက ထိုလူငယ်များကို စိုက်ကြည့်လိုက်သောအခါ။

ထိုခဏ၌ လူတိုင်းသည် မိမိတို့၏ အသက်မှာ မိမိတို့လက်ထဲတွင် မရှိတော့ကြောင်း သိလိုက်ကြလေတော့သည်။

အခန်း ၆၈၁- ပုပ်ပွနေသော အလောင်းဆယ်လောင်း

ဓားရှည်တောင်တန်းအထက်ရှိ ကောင်းကင်ယံမှာ တစ်ရက်နှင့် တစ်ညလုံး သွေးရောင်လွှမ်းနေခဲ့ပြီး နောက်တစ်နေ့ နေဝင်ရိုးရီ အချိန်ရောက်မှသာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့သည်။

ထိုအချိန်တွင် အဝေးမှ လူရိပ်အချို့ ပျံသန်းလာကြပြီး အုပ်စုကို ဦးဆောင်လာသူမှာ နေဝင်ချိန်အရှင်သခင်ဖြစ်သည်။

နေဝင်ချိန်အရှင်သခင်သည် မြင့်မားလှသော တောင်ထိပ်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။ တစ်တောင်လုံး တိတ်ဆိတ်ခြောက်ကပ်နေ၏။

အနီးကပ်သွားကြည့်ရန်ပင်မလိုဘဲ သူ၏ အာရုံခံစားမှုဖြင့် စစ်ဆေးလိုက်ရုံနှင့် ဤတောင်တစ်ခုလုံးမှာဖုန်းဆိုးမြေဖြစ်သွားပြီမှန်း သူသိလိုက်သည်။ ဓားရှည်တောင်တန်းတွင် နေထိုင်ကြသော တပည့်များအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တောင်ထိပ်ရှိ ကွင်းပြင်ကြီးမှာ အက်ကွဲနေပြီး နေရာတိုင်းတွင် သွေးကွက်များ ရှိနေသော်လည်း ရှန်းထူခေါင်းဆောင်နှင့် အပေါင်းအပါများ၏ အလောင်းများကိုမူ မတွေ့ရချေ။

မျိုးဆက်သစ်လူငယ်များ၏ အလောင်းများမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော်လည်း ဝါရင့်ပညာရှင်ကြီးများ၏ အလောင်းများမှာမူ ပျောက်ကွယ်နေသည်။

သွေးအိုင်များ၏ ဘေးတွင် ကျိုးပဲ့နေသော လက်နက်များနှင့် မှော်ဝင်ရတနာ အကြွင်းအကျန်များသာ ရှိတော့သည်။

နေဝင်ချိန်အရှင်သခင်သည် မြေပေါ်တွင် ကျိုးပဲ့နေသော လှံတစ်ချောင်းကို တွေ့လိုက်ရပြီး ၎င်း၏ ဘေးတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော သတင်းပို့ကျောက်စိမ်းပြား အပိုင်းအစများ ရှိနေသည်။

နေဝင်ချိန်အရှင်သခင်သည် ထိုလှံကို ကုန်းကောက်လိုက်သည်။ ထျန်းယွမ်လောက၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရှန်းထူခေါင်းဆောင်၏ လှံမှာ လောကတွင် အကောင်းဆုံးမဟုတ်လျှင်ပင် အကောင်းဆုံးနှင့် သိပ်မကွာလှပေ။

အထူးသဖြင့် သွေးလမင်းကို အနိုင်ယူပြီးနောက် ရရှိလာသော ဘဏ္ဍာတိုက်ထဲမှ လျှို့ဝှက်တိမ်တိုက်ကျောက်စိမ်း ကို အသုံးပြုကာ နှစ်နှစ်တိုင်တိုင် အားထုတ်ပြီး ဤလှံ၏ အရည်အသွေးကို မြှင့်တင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤမျှ ခိုင်ခံ့သော လှံမှာ အတင်းအဓမ္မ ချိုးဖျက်ခံလိုက်ရသည်။

လှံ၏ ကျိုးနေသော ထိပ်ဖျားကို ကြည့်လျှင် လက်နက်တစ်ခုခုဖြင့် ပိုင်းဖြတ်ခံရသည့် အမှတ်အသားမရှိဘဲ လက်ဗလာဖြင့် ဆွဲဖြဲဖျက်ဆီးခံထားရသည့် ပုံစံမျိုး ဖြစ်နေသည်။ ဤသည်မှာ မည်မျှကြီးမားသော ခွန်အားလိုအပ်မည်နည်း။

အမှန်စင်စစ် ရှန်းထူခေါင်းဆောင်မှာ အသတ်ခံရချိန်တွင် သတင်းပို့ကျောက်စိမ်းပြားကို ချေဖျက်ခဲ့သော်လည်း စကားပြောရန် အချိန်မရခဲ့ချေ။ သို့သော် နေဝင်ချိန်အရှင်သခင်မှာ တိုက်ပွဲအတွင်းမှ ထွက်ပေါ်လာသော အသံအချို့ကို ကြားခဲ့ရသည်။

တိုက်ပွဲမှာ ရုတ်တရက် ဖြစ်ပွားခဲ့ပြီး အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထိုမျှ တိုတောင်းသော အချိန်အတွင်းမှာပင် ဓားရှည်တောင်တန်းတွင် ကျန်ရှိနေသော ရှန်းထူခေါင်းဆောင် အပါအဝင် ဝါရင့်ပညာရှင် ၆ ဦးစလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ချေ။

သူတို့ ၆ ဦး ပေါင်းသော်လည်း ရန်သူကို မယှဉ်နိုင်သည်မှာ ထားပါဦး၊ လမ်းခွဲကာ ထွက်ပြေးရန်ပင် မတတ်နိုင်ခဲ့ခြင်းမှာ... ပြိုင်ဘက်၏ အင်အားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ရှန်းထူကို ဘယ်သူသတ်တာလဲ"

အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

တစ်လောကလုံးတွင် ဤမျှ အစွမ်းထက်သောသူ မည်သူရှိနိုင်မည်ကို သူ စဉ်းစား၍ မရပေ။

နေဝင်ချိန်အရှင်သခင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

ယီယွင်မှာ လူသတ်သမား ဖြစ်ရန် မဖြစ်နိုင်ပေ။ ယီယွင်ကို ဖယ်ထုတ်လိုက်လျှင် နေဝင်ချိန်အရှင်သခင်၏ စိတ်ထဲတွင် တစ်ခုတည်းသော အဖြေသာ ရှိတော့သည်၎င်းမှာ သွေးလမင်းပင် ဖြစ်သည်။

သွေးလမင်းအကြောင်း တွေးမိသည်နှင့် နေဝင်ချိန်အရှင်သခင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ အလောင်းဆယ်လောင်းက ဘာဖြစ်သွားပြီလဲ။

သူသည် သန့်စင်ရာကျွန်းမှ လင်မယားနှင့် ဆက်သွယ်ရန် သတင်းပို့ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်ယူလိုက်သည်။

ထိုအလောင်းဆယ်လောင်း ပြန်ရှင်လာမှာကို သူ စိုးရိမ်နေမိသည်။ အကယ်၍သာ ထိုသို့ ဖြစ်လာပါက သန့်စင်ရာကျွန်းမှ လင်မယားမှာ အန္တရာယ်ရှိပေလိမ့်မည်။

နေဝင်ချိန်အရှင်သခင်သည် ထိုလင်မယားကို အမြဲတမ်း သေစေချင်ခဲ့သော်လည်း ယခုကဲ့သို့ အင်အားကြီးသော ရန်သူကို ရင်ဆိုင်နေရချိန်တွင် ထျန်းယွမ်လောကရှိ ကျင့်ကြံသူအားလုံးမှာ လှေတစ်စင်းတည်းစီး၊ သံတစ်ချောင်းတည်းရိုက်ထားသူများ ဖြစ်သည်။ လှေနစ်လျှင် အားလုံး ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။

သူ သတင်းပို့ကျောက်စိမ်းပြားကို ချေဖျက်လိုက်စဉ်မှာပင် အနောက်ဘက် ကောင်းကင်ယံမှ အနက်ရောင်နှင့် အဖြူရောင် လူရိပ်နှစ်ခု သူရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ထိုသူနှစ်ဦးမှာ သန့်စင်ရာကျွန်းမှ လင်မယားပင် ဖြစ်သည်။ ၎င်းတို့သည် အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းလာကြပြီး မျက်တောင်တစ်ခတ်အတွင်း နေဝင်ချိန်အရှင်သခင်၏ ရှေ့သို့ ရောက်ရှိလာကြသည်။

ဓားရှည်တောင်တန်းတွင် ဘာဖြစ်ခဲ့သည်ကို သူတို့လည်း သိရှိပြီးဖြစ်ပုံရသည်။

"အလောင်းတွေ ဘယ်လိုနေလဲ"

နေဝင်ချိန်အရှင်သခင်က ချက်ချင်း မေးလိုက်သည်။

"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"

သန့်စင်ရာကျွန်းသခင်က လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဝိညာဉ်ပိတ်လှောင်သည့် ခေါင်းတလား ဆယ်ခုမှာ ကောင်းကင်ယံတွင် စီတန်းလျက် ထွက်ပေါ်လာသည်။

ဂျောက်... ဂျောက်... ဂျောက်

ခေါင်းတလားများ တစ်ခုပြီးတစ်ခု ပွင့်သွားကြသည်။

ခေါင်းတလားအတွင်းကို မြင်လိုက်ရသောအခါ နေဝင်ချိန်အရှင်သခင်မှာ အသက်ရှူပင် မှားသွားတော့သည်။

အလောင်းဆယ်လောင်းမှာ ပျောက်ကွယ်မသွားသော်လည်း ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်။ အလောင်းများ ပြန်ရှင်လာသည့် လက္ခဏာမရှိသော်လည်း... ၎င်းတို့အားလုံးမှာ ပုပ်ပွနေကြပြီ ဖြစ်သည်။

အလောင်းဆယ်လောင်းလုံးမှာ လုံးဝ ပုပ်ပွနေပြီး အပုပ်နံ့များ ထွက်ပေါ်နေသည်။ သွေးလမင်း ခေါင်းဆောင်၏ အလောင်းမှာမူ ပုပ်ပွနှုန်း သိပ်မမြန်သေးသော်လည်း ကျန် ၉ လောင်းမှာမူ အရိုးများပင် ပေါ်နေပြီ ဖြစ်သည်။

သာမန်လူတစ်ဦး၏ အလောင်းပင်လျှင် မြေမြှုပ်ထားပါက ဤမျှမြန်မြန် မပုပ်ပွနိုင်ချေ။ နှစ်ပေါင်း သောင်းချီ၍ ထိန်းသိမ်းထားနိုင်သော ကျင့်ကြံသူများ၏ အလောင်းမှာမူ ဆိုဖွယ်ရာ မရှိပေ။

ယခုမူ ထိုအလောင်း ဆယ်လောင်းမှာ တစ်ညအတွင်းမှာပင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နေဝင်ချိန်အရှင်သခင်၏ စိတ်ထဲတွင် လေးလံသွားသည်။ အလောင်းများ ပုပ်ပွသွားခြင်းနှင့် ဤမိစ္ဆာနတ်ဘုရား ပေါ်လာခြင်းမှာ တစ်ချိန်တည်း ဖြစ်ပျက်နေခြင်းဖြစ်ရာ တိုက်ဆိုင်မှု မဟုတ်သည်မှာ သေချာလှသည်။

သန့်စင်ရာကျွန်းသခင်က သက်ပြင်းချရင်း ဆိုလိုက်သည်။

"ညီလေး ယီယွင် ပြောတာ မမှားဘူးပဲ။ ငါတို့ သွေးလမင်းကို အထင်သေးခဲ့မိတယ်။ သူတို့ ဘယ်လိုနည်းလမ်း သုံးခဲ့လဲဆိုတာ မသိပေမဲ့၊ ထျန်းယွမ်လောကအပေါ်မှာ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မယ်လို့ ငါ ခံစားနေရတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်ခဲ့တဲ့ ကမ္ဘာပျက်ကပ်ကြီးလိုမျိုးပေါ့"

လက်ရှိ ရှိနေသောသူများထဲတွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကမ္ဘာပျက်ကပ်ကြီးကို ကြုံဖူးသူ တစ်ဦးမျှ မရှိချေ။ သမိုင်းစာအုပ်များထဲတွင်ပင် မှတ်တမ်းမရှိသလောက်ပင်။ လူသားများအတွက်မူ ထိုကပ်ဘေးမှာ မရေရာသော အရာတစ်ခုအဖြစ်သာ ရှိခဲ့သည်။

ဝါရင့်ပညာရှင်ကြီးများသည် သူတို့၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ ခံစားရပြီး အသက်ရှူပင် ကျပ်လာကြသည်။ သူတို့ကို အလွယ်တကူ သတ်နိုင်သော တည်ရှိမှုမျိုးသည် ထျန်းယွမ်လောကတစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။

"ဒါတွေ ပြောနေလည်း အပိုပဲ။ ယီယွင်က သွေးလမင်းမှာ အခြားလှည့်ကွက်တွေ ရှိလိမ့်ဦးမယ်လို့ ကြိုတွေးထားရင်ရော ဘာထူးမှာလဲ သူကရော ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို ဖျက်ဆီးနိုင်မှာမို့လို့လား" ယီယွင်၏ အမည်ကို ပြောမိသည်နှင့် နေဝင်ချိန်အရှင်သခင်မှာ မျက်မှောင်ကြုတ်သွားသည်။ ယီယွင်မှာ သူ၏ မျက်စိထဲတွင် အမြဲတမ်း ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်။

"ယီယွင်က အခုချက်ချင်းတော့ မဖျက်ဆီးနိုင်ဘူးပေါ့၊ ဒါပေမဲ့ သူ့ကို နှစ်ပေါင်း ရာနဲ့ချီ၊ ဒါမှမဟုတ် ထောင်နဲ့ချီ အချိန်ပေးလိုက်ရင် သူဟာ ရှေးဟောင်း မဟာဧကရီရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းမျိုးကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်..."

"နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီ ဟုတ်လား" နေဝင်ချိန်အရှင်သခင်က လှောင်ပြုံး ပြုံးလိုက်သည်။

"အဲဒီအချိန်ကျရင် ငါတို့အားလုံး အသတ်ခံလိုက်ရလောက်ပြီ။ သူက ဒီကောင်ကို ဖျက်ဆီးနိုင်တာက ငါတို့အတွက် ဘာအသုံးကျမှာလဲ"

"အသုံးကျတာပေါ့" သန့်စင်ရာကျွန်းသခင်က ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြယ်တာရာများ လင်းလက်နေသည်။

"နောက်ထောင်စုနှစ်တစ်ခုမှာ ငါနဲ့မင်း အသတ်ခံရနိုင်ပေမဲ့၊ ထျန်းယွမ်လောကထဲက တစ်စုံတစ်ယောက်တော့ အသက်ရှင်ကျန်ရစ်လိမ့်မယ်။ အဲဒီသတ္တဝါက ကမ္ဘာကြီးတစ်ခုလုံးကို လုံးဝ အစပျောက်အောင် ဖျက်ဆီးနိုင်စွမ်း မရှိသရွေ့ပေါ့..."

"တစ်ယောက်ယောက် အသက်ရှင်နေသရွေ့ လူသားမျိုးနွယ်ဟာ ဆက်တည်ရှိနေဦးမှာပဲ။ နှစ်ပေါင်း ထောင်ချီကြာပြီးရင် သူတို့တွေ ပြန်ပြီး စည်ပင်လာကြလိမ့်မယ်။ ပျက်စီးသွားပြီးမှ ပြန်လည် မွေးဖွားလာတာဟာ သေခြင်းနဲ့ ရှင်ခြင်းရဲ့ သံသရာစက်ဝန်းပဲ"

ထိုသို့ပြောပြီးနောက် သူက နေဝင်ချိန်အရှင်သခင်ကို ငုံ့ကြည့်ကာ အေးဆေးစွာ ဆိုလိုက်သည်။

"ထျန်းယွမ်လောကမှာ ငါတို့တင် ရှိတာ မဟုတ်ဘူး"

နေဝင်ချိန်အရှင်သခင်မှာ ခေတ္တမျှ မှင်သက်သွားသည်။ သန့်စင်ရာကျွန်းသခင်က ဤကဲ့သို့သော အတွေးအခေါ်မျိုး ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျင့်ကြံသူတစ်ယောက်၏ ဘဝတွင် သူတို့သည် လနှင့် နေကဲ့သို့ တောက်ပကာ ကမ္ဘာနှင့်အမျှ အသက်ရှည်ရန်သာ ကြိုးစားကြသည် မဟုတ်ပါလား။

မိမိသေပြီးလျှင် ကမ္ဘာကြီး ပျက်ပျက်၊ မပျက်ပျက် မည်သူက ဂရုစိုက်မည်နည်း။

ထျန်းယွမ်လောကမှ ဝါရင့်ပညာရှင်ကြီးများမှာ မိစ္ဆာနတ်ဘုရား ပေါ်လာခြင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ်၊ မဟာဧကရီ လျှို့ဝှက်နယ်မြေအတွင်း အောင်းကာ ကျင့်ကြံနေသော ယီယွင်သည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် သတင်းပို့ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းပေါ်တွင် အက်ကွဲကြောင်း သေးသေးလေးတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်ကို မြင်သောအခါ ယီယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ လာလိမ့်မည်ဟု သူ မျှော်လင့်ထားသောအရာမှာ ရောက်ရှိလာခဲ့ပြီမှန်း သူ သိလိုက်လေတော့သည်။

အခန်း ၆၈၂ - ချပ်ဝတ်တန်ဆာ၏ တံဆိပ်ခတ်ခြင်း

ယီယွင်နှင့် လင်ရှင်းထုံတို့သည် ပင်လယ်ရေမျက်နှာပြင်နှင့် ကပ်လျက် ပြန်လမ်းမဲ့ပင်လယ် အထက်တွင် ပျံသန်းနေကြသည်။ သူတို့၏ အရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် လေစီးကြောင်းက ပင်လယ်ရေပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ဖြစ်စေကာ သူတို့နောက်တွင် ဖြူဖွေးသော လှိုင်းလုံးများကို ချန်ရစ်ခဲ့သည်။

ယီယွင်သည် ကျင့်ကြံခြင်း မဝင်မီက လင်မိသားစုထံတွင် သတင်းပေးကျောက်တုံး တစ်ခု ထားခဲ့သည်။ သူနှင့် လင်ရှင်းထုံတို့ထံတွင်လည်း အလားတူ ကျောက်တုံးတစ်ခြမ်းစီရှိပြီး တစ်ဖက်က ကျောက်တုံးကို ခွဲလိုက်ပါက အခြားတစ်ဖက်ရှိ ကျောက်တုံးမှာလည်း အလိုအလျောက် အက်ကွဲသွားမည်ဖြစ်သည်။

ထျန်းယွမ်ကမ္ဘာ တွင် ထူးခြားသည့် သတင်းတစ်ခုခု ဖြစ်ပေါ်လာပါက ကျောက်တုံးကို ခွဲရန် ယီယွင်က မှာကြားခဲ့သည်။ ယခု ကျောက်တုံးမှာ အက်ကွဲသွားပြီဖြစ်သဖြင့် ကြိုတင်မျှော်လင့်ထားသော်လည်း ယီယွင်၏ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။ သူ့ကို မည်သည့်အရာက စောင့်ကြိုနေသည်ကို သူ မသိပေ။

လေးနာရီအတွင်း ယီယွင်နှင့် လင်ရှင်းထုံတို့သည် လင်မိသားစုထံသို့ ရောက်ရှိလာကြသည်။

လင်မိသားစု တစ်ခုလုံးမှာ ရန်သူကို ရင်ဆိုင်ရန် အစွမ်းကုန် ကာကွယ်ရေးပြင်ဆင်ထားကြသည်။ လင်မိသားစု တံခါးစောင့်တပည့်များက ယီယွင်နှင့် လင်ရှင်းထုံတို့ကို လင်မိသားစု၏ အကြီးအကဲချုပ်များဆွေးနွေးရာ ဝင်းအတွင်းသို့ ခေါ်ဆောင်သွားကြသည်။

ပေတစ်ရာခန့် ကျယ်ဝန်းသော ထိုဝင်းအတွင်းတွင် အပြာရောင်နှင့် အစိမ်းရောင် ကြွေပြားများ ကပ်ထားသော အိမ်တစ်လုံး ရှိသည်။ ထိုအိမ်၏ ပတ်ပတ်လည်တွင် လင်မိသားစု တပည့်ပေါင်း ရာနှင့်ချီ၍ စုဝေးနေကြသည်။ အသက်အရွယ်မရွေး စုဝေးနေကြသော်လည်း သူတို့ကို အထဲသို့ ဝင်ခွင့်မပြုပေ။ သို့သော် ယီယွင်နှင့် လင်ရှင်းထုံတို့ကိုမူ တိုက်ရိုက် ဝင်ခွင့်ပေးလိုက်သည်။

လင်မိသားစု၏ အရေးပါသော ပုဂ္ဂိုလ်အားလုံး ဝင်းအတွင်း၌ ရှိနေကြသည်။ သူတို့မှာ လင်မိသားစု၏ အကြီးအကဲများ သို့မဟုတ် မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြသည်။ ဝင်းအလယ်ရှိ ကျောက်စားပွဲဘေးတွင် အဘွားတော်လင်ထိုင်နေသည်။

အဘွားတော်၏ ဘေးတွင် အကြီးအကဲ သုံးဦးရှိသည်။ နှစ်ဦးမှာ မဟာဧကရီ နက်နဲသော နယ်မြေ စမ်းသပ်ပွဲတွင် ယီယွင် တွေ့ခဲ့ဖူးသူများ ဖြစ်ပြီး တတိယမြောက်လူမှာ မည်သူဖြစ်ကြောင်း ထင်ရှားလှသည်။ ထိုသုံးဦးမှာ လင်မိသားစု၏ အကြီးအကဲချုပ် သုံးဦးပင် ဖြစ်သည်။

သူတို့သုံးဦးအနက် တစ်ဦးတည်းသာလျှင် မိမိဘာသာ အားထုတ်မှုဖြင့် ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ကျန်နှစ်ဦးမှာမူ ထိုအဆင့်သို့ မရောက်မီ တစ်ဝက်တစ်ပျက်တွင် ရပ်တန့်နေခဲ့ရာမှ ရတနာ အမြောက်အမြားကို အသုံးပြု၍ ထိုအဆင့်သို့ အတင်းအကျပ် တွန်းတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဥပဒေသ နားလည်သဘောပေါက်မှုများတွင် နောက်ကျကျန်ရစ်ခဲ့ပြီး သူတို့၏ အစွမ်းမှာ များစွာ နိမ့်ပါးနေသည်။

အကြီးအကဲချုပ် သုံးဦးအနက် ခေါင်းဆောင်ဖြစ်သူမှာ အသားဝါ၍ မျက်လုံးမှေးသော အနည်းငယ် ရုပ်ဆိုးသည့် အဖိုးကြီးတစ်ဦး ဖြစ်သည်။ ယီယွင်နှင့် လင်ရှင်းထုံ ပေါ်လာသည်နှင့် ထိုအကြီးအကဲမှာ မတ်တပ်ရပ်လိုက်ပြီး "လာကြ.. မြန်မြန်ထိုင်ကြ" ဟု ဆိုသည်။

ကျောက်စားပွဲဘေးတွင် ယီယွင်နှင့် လင်ရှင်းထုံအတွက် နေရာများ ချန်ထားပြီးသား ဖြစ်သည်။

ယီယွင်၏ ရှေ့တွင်မူ လင်မိသားစု အကြီးအကဲချုပ်များပင်လျှင် လူကြီးလူကောင်းဆန်သော အပြုအမူကို အတင်းအကျပ် မတောင်းဆိုကြတော့ပေ။ ယီယွင်နှင့် ရှန်းထူမျိုးနွယ်စု ခေါင်းဆောင်တို့၏ တိုက်ပွဲသတင်းမှာ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။

ရှန်းထူမျိုးနွယ်စု ခေါင်းဆောင်၏ အစွမ်းမှာ လင်မိသားစု အကြီးအကဲချုပ်များထက် သာလွန်သော်လည်း ယီယွင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရကာ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

ယီယွင်၏ အစွမ်းမှာ လင်မိသားစု တစ်စုလုံး ပေါင်းလျှင်ပင် မယှဉ်နိုင်မှန်း ထိုအကြီးအကဲ သိသည်။ သို့သော်လည်း ယီယွင်မှာ လင်မိသားစု၏ ကျေးဇူးရှိသူ ဖြစ်သည့်အတွက် ဝတ်ပြုကန်တော့ကာ "စီနီယာတို့.. ဘာဖြစ်လို့လဲခင်ဗျာ" ဟု အလောတကြီး မေးလိုက်သည်။

အကြီးအကဲက စကားမပြောဘဲ ရုပ်သံစီရင်ပြား တစ်ခုကို ထုတ်လိုက်သည်။ စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်သောအခါ ပုံရိပ်များ ပေါ်လာသည်။

"မကြာခင်ကပဲ ဓားရှည်တောင်တန်းတစ်ခုလုံး အဖျက်ဆီးခံလိုက်ရပြီး အများကြီး သေကုန်ကြပြီ။ ဘယ်လို ဖျက်ဆီးခံရလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒီစက်ထဲမှာ မှတ်တမ်းတင်ထားတာကို မင်းဘာသာမင်း ကြည့်လိုက်ပါဦး"

ပုံရိပ်မှာ လှုပ်ခါသွားပြီး ကြီးမားသော တောင်ကြီးတစ်လုံး ပေါ်လာသည်။ ထိုတောင်မှာ ကောင်းကင်တွင် မြင့်မားစွာ ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး တောင်ကမ်းပါးပေါ်တွင် ဓားရှည်တောင်တန်း ဟု စာလုံးများ ထွင်းထုထားသည်။

ဓားရှည်တောင်တန်း အမည်ရှိသော ဂိုဏ်းကြီးအကြောင်းကို ယီယွင် ကြားဖူးသည်။ သူတို့ဂိုဏ်း၏ ပင်မတောင်ထိပ်မှာ သံလိုက်စက်ကွင်းဖြင့် ဝေဟင်တွင် လွင့်ပျံနေခြင်း ဖြစ်သည်။ ထိုဂိုဏ်းတွင်လည်း ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အကြီးအကဲချုပ်တစ်ဦး ရှိသည်။

သို့သော်လည်း ရုပ်သံစီရင်ပြားထဲရှိ မြင်ကွင်းကို ကြည့်ပြီးနောက် ထိုဂိုဏ်းအတွက် အခြေအနေ မကောင်းလှကြောင်း ယီယွင် ခံစားလိုက်ရသည်။

မကြာမီပင် ကောင်းကင်ယံမှာ မှောင်မည်းသွားပြီး နက်မှောင်သော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ဦး မိုးကုပ်စက်ဝိုင်းတွင် ပေါ်လာသည်။ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။

ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် ယီယွင်၏ ကိုယ်မှာ တုန်ခရင်သွားပြီး "သူပဲ" ဟု ရေရွတ်လိုက်သည်။

"ဘယ်သူလဲ" လင်မိသားစု အကြီးအကဲချုပ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ပုံရိပ်ကို ခေတ္တ ရပ်တန့်လိုက်သည်။

ယီယွင်က အသံတုန်တုန်ဖြင့် "ချပ်ဝတ်နက် ဝိညာဉ်နတ်ဘုရား" ဟု ပြောလိုက်သည်။

ယီယွင်သည် နတ်မျှော်စင် ၏ ပထမအဆင့်တွင် ရုပ်သံစီရင်ပြားတစ်ခု ရရှိခဲ့ဖူးသည်။ ထိုစဉ်က နီလာယန်သခင် က ချပ်ဝတ်နက် ဝိညာဉ်နတ်ဘုရားကို ဓားဖြင့် ခုတ်ပိုင်းလိုက်သော မြင်ကွင်းမှာ ယီယွင်ကို ဓားလမ်းစဉ် ဆိုင်ရာ အသိအမြင်များ ရရှိစေခဲ့သည်။ ထိုပုံရိပ်ကို အကြိမ်ကြိမ် ကြည့်ခဲ့ဖူးသဖြင့် သူ လုံးဝ မှားနိုင်စရာ အကြောင်းမရှိပေ။

အမှန်စင်စစ် ယခုပေါ်လာသော ဝိညာဉ်နတ်ဘုရားမှာ အရင်က မြင်ခဲ့ဖူးသော ပုံပန်းသဏ္ဌာန်နှင့် အနည်းငယ် ကွဲပြားနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နီလာယန်သခင်၏ ဓားချက်တစ်ချက်ဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရကာ ဝိညာဉ်တောင်တန်းတွင် နှစ်ပေါင်း သန်းနှင့်ချီ၍ တံဆိပ်ခတ်ခြင်း ခံထားရသောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် ယီယွင်နှင့်အတူ မဟာဧကရီ နက်နဲသော နယ်မြေသို့ ရောက်ခဲ့ကြသော လူငယ်များမှာ ထိုဝိညာဉ်နတ်ဘုရားကို တွေ့ခဲ့သော်လည်း မမှတ်မိကြခြင်း ဖြစ်သည်။

သို့သော် ထိုဝိညာဉ်နတ်ဘုရားထံမှ ထွက်ပေါ်နေသော အရှိန်အဝါ မှာမူ ယီယွင်အတွက် မှားစရာမရှိပေ။

"ဘယ်သူလဲ.. ဒီချပ်ဝတ်နက် ဝိညာဉ်နတ်ဘုရားဆိုတာ" ဟု လင်မိသားစုအဖွားတော်က တည်ငြိမ်စွာ မေးလိုက်သည်။

ထိုသတ္တဝါ၏ နောက်ခံသမိုင်းကို သိခြင်းက ပြန်လည် တိုက်ခိုက်ရန် နည်းလမ်းကို ရှာဖွေနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မိသည်။

ယီယွင်သည် နတ်မျှော်စင်တွင် သူတွေ့ခဲ့သော သမိုင်းကြောင်းများကို အကြီးအကဲချုပ်များနှင့် အဘွားတော်အား ချက်ချင်း ရှင်းပြလိုက်သည်။ ဝိညာဉ်နတ်ဘုရား၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် လင်မိသားစုဝင် အားလုံး၏ ရင်ထဲတွင် အေးစက်သွားကြသည်။

ဤဝိညာဉ်နတ်ဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သော ဝိညာဉ်တပည့် ခုနစ်ဦး အနက်မှ တစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းမှာ ယခုနေရာတွင် ရှိနေသူများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေလိမ့်မည်။

လင်မိသားစု အကြီးအကဲချုပ်တစ်ဦးက သက်ပြင်းချရင်း "ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားဘူး.. ငါတို့ ဘာဆက်လုပ်သင့်လဲ" ဟု ဆိုသည်။

အကြီးအကဲက စကားပြောရင်း ရုပ်သံစီရင်ပြားကို ပြန်ဖွင့်လိုက်ရာ မြင်ကွင်းမှာ ဆက်လက် ပေါ်လာပြန်သည်။ ပုံရိပ်ထဲတွင် ချပ်ဝတ်နက် ဝိညာဉ်နတ်ဘုရားက ဓားရှည်တောင်တန်းကို သတ်ဖြတ်နေသည့် မြင်ကွင်းများ ပါဝင်သည်။

၎င်းမှာ လုံးဝ ပျက်စီးကိန်း ဆိုက်ခြင်းပင် ဖြစ်သည်။ ဓားရှည်တောင်တန်းမှ တပည့်များသည် ဝင်ပေါက်တွင် အစီအရင်များကို အသုံးပြု၍ ကျူးကျော်သူကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ထိုတိုက်ခိုက်မှုမှာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပညာရှင်များကိုပင် ဖျက်ဆီးနိုင်သည်။

သို့သော်လည်း ချပ်ဝတ်နက် ဝိညာဉ်နတ်ဘုရား၏ ရှေ့တွင်မူ ထိုတိုက်ခိုက်မှုများသည် တိမ်တိုက်များကို ဖြတ်သန်းသွားသကဲ့သို့ သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေပေ။

ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

ဝိညာဉ်နတ်ဘုရားသည် လူအုပ်ထဲသို့ တိုးဝင်သွားပြီး ပုရွက်ဆိတ်များကို နင်းခြေသတ်ဖြတ်နေသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူတို့မှာ မတူညီသော အဆင့်အတန်းရှိသည့် သက်ရှိများဖြစ်ရာ မည်သူကမျှ သူ့ကို မတားဆီးနိုင်ကြပေ။

ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပညာရှင်ဖြစ်သော ဓားရှည်တောင်တန်း၏ အကြီးအကဲချုပ်ပင်လျှင် ဝိညာဉ်နတ်ဘုရား၏ ရှေ့တွင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

သူသည် အကြီးအကဲချုပ်ကို ရိုးရိုးရှင်းရှင်းပင် သတ်ဖြတ်လိုက်သည်။ မည်သည့် ဥပဒေသ ကိုမျှ အသုံးမပြုဘဲ အမြန်နှုန်းနှင့် ခွန်အားသက်သက်ဖြင့် ထိုအဖိုးကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

ဖြောက်ခနဲ မြည်သံနှင့်အတူ အဖိုးကြီး၏ ကာကွယ်ရေး ယွမ်ချီ နှင့် ရင်ဘတ်မှာ တစ်ပြိုင်နက်တည်း အထိုးဖောက်ခံလိုက်ရပြီး သွေးများ ပန်းထွက်သွားသည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ နောက်ထပ် မြင်ကွင်းက ယီယွင်နှင့် လင်ရှင်းထုံကို များစွာ ထိတ်လန့်သွားစေသည်။

ဝိညာဉ်နတ်ဘုရား၏ လက်ဖြင့် ရင်ဘတ်ကို အထိုးဖောက်ခံထားရသော ထိုအကြီးအကဲသည် မမြင်ရသော အင်အားတစ်ခုဖြင့် လေထဲတွင် မြှောက်တင်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးငယ်သွားသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးတွင် ခုနစ်ပေခန့် မြင့်သော အဖိုးကြီးမှာ လက်ချောင်းတစ်ဆစ်ခန့်သာ ရှိတော့သည်အထိ သေးငယ်သွားသည်။ ထို့နောက် ထိုသေးငယ်သွားသော အဖိုးကြီးကို ဝိညာဉ်နတ်ဘုရား၏ ချပ်ဝတ်တန်ဆာထဲသို့ စုပ်ယူကာ တံဆိပ်ခတ်လိုက်သည်။

"ဘာ"

ယီယွင်မှာ မှင်တက်သွားသည်။ ၎င်းမှာ မည်ကဲ့သို့သော မှော်ဆန်သည့် တန်ခိုးစွမ်းအားမျိုးပါနည်း။

All Chapters