← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၃ + ၄၄

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

အပြင်ဘက်လောက၌ ကောလာဟလများ မည်သို့ပင် ဆူညံစွာ ပျံ့နှံ့နေပါစေ လင်းချန်သည်တော့ အိမ်ထဲ၌သာ အောင်းနေပြီး အပြင်သို့ ထွက်လေ့ထွက်ထ မရှိချေ။

ဝေဝူရွှမ်သည်လည်း သူ၏တပည့်ဖြစ်သူ တစ်နေ့ကုန် အခန်းထဲအောင်းကာ မည်သည့်အရာများ ပြုလုပ်နေသနည်းဟု တွေးတောမိပြီး အလွန်အမင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေလျက်ရှိ၏။

သို့သော် ဤရက်ပိုင်းအတွင်း၌ သူ ဂိုဏ်းတူညီငယ်ဖြစ်သူ ချင်ဝူရွှမ်နှင့် ကိစ္စရပ်များစွာကို တိတ်တဆိတ် ဆွေးနွေးဖြစ်ခဲ့သည်။

လင်းချန်နှင့် လေချန်တို့၏ သေခြင်းရှင်ခြင်း တိုက်ပွဲကိစ္စရပ်တွင် လင်းချန်အား အလဟဿ အသက်သေဆုံးခွင့် လုံးဝပြုမည်မဟုတ်ချေ။

ချင်ဝူရွှမ်၏ စီစဉ်ထားမှုအရ အသက်အန္တရာယ်ကြုံတွေ့လာရမည့် အရေးကြီးသော အချိန်အခါမျိုးတွင် လင်းချန်အား ဝင်ရောက်ကယ်တင်ရန်အတွက် အခြားသော အထွတ်အထိပ် အကြီးအကဲတစ်ဦးအား ကြိုတင်၍ အကူအညီတောင်းခံထားပြီး ဖြစ်၏။

ဝေဝူရွှမ်က အံကြိတ်ကာ ကြုံးဝါးလိုက်၏။ "လင်းချန်ကို ကယ်တင်ပြီးတာနဲ့ တစ်ပြိုင်နက် ငါ သူ့ကို နတ်ဓားဂိုဏ်းကနေ ချက်ချင်း ခေါ်သွားမယ်။ အချိန်တစ်ခုကြာလို့ ငါ့ရဲ့ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းလာတဲ့အခါ လေဟန်လို့ခေါ်တဲ့ အဲဒီအကောင်ကြီးကို ငါက ဘာကိစ္စ ဂရုစိုက်နေရတော့မှာလဲ..."

အခြေအနေများကို ကြည့်ရှုခြင်းအားဖြင့် ဝေဝူရွှမ်ထံ၌ ခိုင်မာသေချာလှသော အစီအစဉ်တစ်ခု ကြိုတင်ရှိနေသည်မှာ အလွန်ပင် ထင်ရှားလှ၏။

အခန်းတွင်း၌မူ လင်းချန် ပွက်ပွက်ဆူနေသော အနီရောင်ဆေးရည်များ အပြည့်ပါဝင်နေသည့် သစ်သားစည်ပိုင်းကြီးတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။

စည်ပိုင်းထဲမှ ပြင်းထန်စွာ ဆူပွက်နေသော အနီရောင်ဆေးရည်များကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် လင်းချန် သူ၏ အဝတ်အစားများကို ချွတ်ချလိုက်ကာ စည်ပိုင်းထဲသို့ ဝင်ရောက်ထိုင်ချလိုက်တော့သည်။

သာမန်လူများအတွက် အသားများကိုပင် ကျက်သွားစေနိုင်သည့် ပွက်ပွက်ဆူနေသော ထိုဆေးရည်မှာ လင်းချန်အတွက်မူ ရေနွေးနွေးလေးတစ်ခွက်ကဲ့သို့ သာမန်မျှသာဖြစ်နေပြီး အလွန်ပင် သက်သောင့်သက်သာ ရှိလှ၏။

သစ်သားစည်ပိုင်းထဲ၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင် ဆူပွက်နေသော ဆေးရည်များက သူ၏ ခေါင်းအထက်အထိ ဖုံးလွှမ်းသွားကာ တစ်ကိုယ်လုံး အပြည့်အဝ နစ်မြုပ်သွားတော့၏။

ထို့နောက် လင်းချန် သူ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ချလိုက်ပြီးနောက် အဆင့်မြင့်တင် မွမ်းမံထားပြီးဖြစ်သော ဧကရာဇ်၏အမိန့်တော် ကျင့်စဉ်အား စတင်လည်ပတ်စေရင်း နက်ရှိုင်းလှသော ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားလိုက်သည်။

အတွင်းစိတ် ငြိမ်သက်ခြင်း အခြေအနေ၌ လင်းချန် ကျင့်ကြံခြင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားလိုက်ရာ ဆေးစွမ်းအင်များက မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာ၏။

လင်းချန်၏ ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ပွက်ပွက်ဆူနေသော ဆေးရည်၏ အပူရှိန်က ပြဿနာတစ်ရပ် မဟုတ်ခဲ့ချေ။

သို့သော် အလွန်ပြင်းထန်လှသော ဆေးစွမ်းအင်များ ခန္ဓာကိုယ်တွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာချိန်တွင်မူ ယခင်ကကဲ့သို့ သက်သောင့်သက်သာ မရှိနိုင်တော့ပေ။

အနီရောင်ဆေးရည်ထဲမှ ရက်စက်ကြမ်းတမ်းလှသော ဆေးစွမ်းအင်များသည် လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏ ကြွက်သားများနှင့် အရိုးများကို ပြင်းထန်စွာ နာကျင်ကိုက်ခဲလာစေ၏။

လင်းချန် အံကို တင်းကျပ်စွာ ကြိတ်လိုက်ရကာ ထိုပြင်းထန်လှသော နာကျင်မှုဒဏ်ကို အစွမ်းကုန် သည်းခံရင်း ကျင့်စဉ်ကို မရပ်မနား ဆက်လက်လည်ပတ်စေကာ ခန္ဓာကိုယ်တစ်ခုလုံးအား သွေးသားသန့်စင်မှု လုပ်ဆောင်နေလျက်ရှိသည်။

စိမ့်ဝင်လာသော အနီရောင် ဆေးစွမ်းအင်များမှာ ကောင်းကင်လမ်းကြောင်းမှ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ရောယှက်ပေါင်းစပ်သွားကာ လင်းချန်၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ သွေးသားသန့်စင်မှု ပြုလုပ်ပေးနေသည့် ဧရာမ ပန်းပဲတူကြီး တစ်လက်ကဲ့သို့ အဆက်မပြတ် ထုရိုက်နေတော့၏။

လောက၌ ပြိုင်ဘက်ကင်းပြီး အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော ရုပ်ခန္ဓာတစ်ခုအား ပုံသွင်းနိုင်ရန်အတွက် မရေမတွက်နိုင်သော ပြင်းထန်သည့် ထုနှက်မှုများစွာ လိုအပ်လှသည်။

ထိုဆေးစွမ်းအင်များအားလုံးကို အကုန်အစင် စုပ်ယူပြီးသွားသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ ရုပ်ခန္ဓာမှာ ကျိန်းသေပေါက် နောက်တစ်ဆင့်သို့ မြင့်တက်သွားမည် ဖြစ်ပြီး ကြီးမားလှသော ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ရမည် ဖြစ်၏။ သို့သော် အနီရောင် ဆေးစွမ်းအင်၏ အံ့မခန်း အာနိသင်မှာ ခန္ဓာကိုယ်ကို သွေးသားသန့်စင်ရုံ သက်သက်မျှသာ မဟုတ်ခဲ့ချေ။

ထိုဆေးစွမ်းအင်များက ကြီးမားခက်ထန်လှသော စိတ်ဝိညာဉ်စွမ်းအင်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး လင်းချန်၏ နယ်ပယ်အဆင့်ကို ကြောက်မက်ဖွယ်ကောင်းသော နှုန်းထားဖြင့် အဆက်မပြတ် မြှင့်တင်ပေးလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ မပြတ်တမ်း တက်ရိပ်ပြနေရာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။

“ဟမ်…”

ခြံဝင်းထဲ၌ ရှိနေသော ဝေဝူရွှမ်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်မိပြီး လင်းချန်၏ အခန်းဘက်ဆီသို့ အလောတကြီး လှမ်းကြည့်လိုက်ကာ သူ၏ ရင်ထဲမှ အကြီးအကျယ် တုန်လှုပ်သွားမှုကို မဖုံးကွယ်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် လင်းချန်၏ လက်ရှိ အရှိန်အဝါမှာ နိဗ္ဗာန်စက်ဝန်းကိုးသွယ်၏ ပဉ္စမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသောကြောင့်ပင် ဖြစ်၏။

ထိုမျှမကသေး လင်းချန်၏ နယ်ပယ်အဆင့် အရှိန်အဝါမှာ တစ်နာရီဟူသော အချိန်တိုလေးအတွင်းမှာပင် နေယွမ်နယ်ပယ် ပထမအဆင့်မှ တတိယအဆင့်သို့ တဟုန်ထိုး ဖောက်ထွက်ဝင်ရောက်သွားသေး၏။

တစ်နာရီအတွင်း အဆင့်သုံးဆင့်အထိ ထိုးဖောက်နိုင်ခြင်းဆိုသည့် ဤကဲ့သို့သော ကြောက်မက်ဖွယ် ကျင့်ကြံမှုနှုန်းထားမျိုးကို ဝါရင့်ကျင့်ကြံသူ ဝေဝူရွှမ်ပင် တစ်ခါမှ မကြားဖူးခဲ့ချေ။

"ဒီကောင်လေး… ဘာတွေဖြစ်နေတာလဲ…" ဝေဝူရွှမ်တစ်ယောက် လင်းချန်၏ အခန်းထဲသို့ ဝင်ရောက်သွားရန် လုံးဝ မဝံ့ရဲချေ။ သူ၏ မဆင်မခြင် ပြုမူလိုက်မှုကြောင့် တပည့်ဖြစ်သူ၏ အရေးကြီးလှသော ကျင့်ကြံခြင်းဖြစ်စဉ်ကြီး ပျက်စီးသွားပါက ဘေးဒုက္ခ ကြီးစွာကြုံတွေ့ရလိမ့်မည်ကို သူ ကောင်းကောင်း သိနေ၏။

အခန်းတွင်းရှိ လင်းချန်ကမူ ခြံဝင်းထဲမှ ဆရာဖြစ်သူမှာ သူ၏ အံ့မခန်း ကျင့်ကြံမှုနှုန်းကြောင့် လုံးဝ တုန်လှုပ်အံ့သြနေသည်ကို နည်းနည်းလေးမှ သတိမထားမိခဲ့ချေ။

အတိတ်တုန်းက ကျူးကော့မင်နှင့် ကောင်းကင်လက်မှုပညာဌာနတို့သည် ဤကမ္ဘာ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ သိရှိထားမှုမှာ အလွန်ပင် နည်းပါးခဲ့သည်။

လူသားတို့၏ ကိုယ်ခန္ဓာအတွင်းရှိ သိုင်းဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအင်တို့၏ နက်နဲသော ပြောင်းလဲမှုများကိုပင် သူတို့ နားမလည်နိုင်ခဲ့ကြပေ။

ထို့ကြောင့်ပင် လင်းချန် နတ်ဓားဂိုဏ်း စာကြည့်တိုက်ရှိ စာအုပ်အားလုံးကို တစ်အုပ်မကျန် မိတ္တူကူးကာ ကျူးကော့မင်ထံသို့ ပေးပို့ပြီး သုတေသနပြုလုပ်စေရန် စိတ်ကူးရခဲ့ခြင်းပင် ဖြစ်သည်။

ကျူးကော့မင်က လင်းချန်အတွက် ဖန်တီးပေးထားခဲ့သော ကနဦး ကျင့်ကြံခြင်းအစီအစဉ်မှာ အကန့်အသတ်ရှိနေသည့် အချက်အလက်များကိုသာ အခြေခံထားရခြင်း ဖြစ်၏။

သို့သော် ယခုအခါ၌မူ စာကြည့်တိုက်မှ စာအုပ်ပေါင်းများစွာကို အချက်အလက်ကိုးကားစရာအဖြစ် အပြည့်အဝ ရရှိထားပြီ ဖြစ်ရာ ကျူးကော့မင် ဦးဆောင်သော ကောင်းကင်လက်မှုပညာဌာနသည် ဤကမ္ဘာနှင့် ပတ်သက်သော သုတေသန၌ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားလှသော တိုးတက်မှုကြီး တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီပင် ဖြစ်သည်။

ပထမဦးစွာ လင်းချန်၏ ဧကရာဇ်၏အမိန့်တော် ကျင့်စဉ်ကို အံ့မခန်း သိသိသာသာ မွမ်းမံလိုက်ပြီး ကျင့်ကြံမှုနှုန်းထားကို မူလထက် ဆယ်ဆအထိ မြှင့်တင်ပေးထားလိုက်၏။ မှန်သည်။ ဆယ်ဆပင် ဖြစ်၏။

ကျူးကော့မင်၏ ထိုအစီရင်ခံချက်ကို ပထမဆုံးအကြိမ် လက်ခံရရှိလိုက်ချိန်တွင် လင်းချန်ကိုယ်တိုင်ပင် အလွန်အမင်း အံ့သြမှင်တက်သွားခဲ့ရသည်။ ထိုမျှမက ကျူးကော့မင်သည် နိဗ္ဗာန်စက်ဝန်းကိုးသွယ် အရှိန်မြှင့်တင်ခြင်း စီမံကိန်းကိုပါ တစ်ပါတည်း တီထွင်ထားလိုက်သေး၏။

ကျူးကော့မင်၏ စေ့စပ်သော သုတေသနအရ လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ တူညီသော နယ်ပယ်ရှိ အခြားသူများနှင့် ယှဉ်လာလျှင် လုံးဝ ပြိုင်ဘက်ကင်းနေသည်မှာ အမှန်တကယ် မှန်ကန်လှသည်။

သို့သော် ဝေဝူရွှမ်ကဲ့သို့သော သူများနှင့် ယှဉ်လျှင်မူ သိသိသာသာ အားနည်းနေသေးသည်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ လင်းချန်၏ အသက်ဓာတ် အနှစ်သာရမှာ ဝေဝူရွှမ်ထက် များစွာ သာလွန်မြင့်မားနေလျက်ရှိသည်။

ဝေဝူရွှမ်၏ အသက်ဓာတ်သည် သာမန်လူသား တစ်ဦးအဆင့်သာ ဖြစ်သော်ငြား လင်းချန်၏ အနှစ်သာရမှာမူ နတ်ဘုရားတစ်ပါးအဖြစ်သို့ ကူးပြောင်းသွားပြီ ဖြစ်သော မသေမျိုးကံတရားနှင့် နတ်ဘုရားခန္ဓာကိုယ်ပင် ဖြစ်သည်ဟု ဆိုနိုင်၏။

ထိုသို့သာ မဟုတ်ခဲ့ပါက လင်းချန်၏ ဒန်တျန်သည် အလွန်ကြီးမားကျယ်ပြန့်လှသော ဟွာရှာအင်ပါယာကြီးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

သူ၏ ဧကရာဇ်ရုပ်ခန္ဓာနှင့် နိဗ္ဗာန်စက်ဝန်းကိုးသွယ်၏ ထူးခြားချက်များကို အခြေခံတွက်ချက်၍ ကျူးကော့မင်နှင့် ကောင်းကင်လက်မှုပညာဌာနတို့က ယခုလက်ရှိ လင်းချန်အသုံးပြုနေသော ဤနိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းကို တီထွင်ပေးခဲ့ကြခြင်းပင် ဖြစ်သည်။

ထိုနိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းမှာ လင်းချန်၏ ခန္ဓာကိုယ်အား အကြီးအကျယ် သွေးသားသန့်စင်မှု ပြုလုပ်ပေးနိုင်စွမ်းရှိပြီး များပြားခက်ထန်လှသော ဆေးစွမ်းအင်များကို စိတ်ဝိညာဉ်စွမ်းအင်များအဖြစ်သို့ အတင်းအဓမ္မ ပြောင်းလဲကာ သူ၏ နယ်ပယ်အဆင့်ကို အလွန်လျင်မြန်စွာ မြှင့်တင်ပေးနိုင်စွမ်း ရှိ၏။

နေယွမ်နယ်ပယ် တိုးတက်လာခြင်းဆိုသည်မှာ အမှန်တကယ်၌ စိတ်ဝိညာဉ်စွမ်းအင်၏ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု တစ်ခုသာလျှင် ဖြစ်သည်။

နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကျင့်စဉ်၏ အဓိက ရည်ရွယ်ချက်မှာ စိတ်ဝိညာဉ်စွမ်းအင်များ ပြိုကွဲပျက်စီးသွားချိန်တွင် ကိုယ်တွင်းရှိ သိုင်းဝိညာဉ်ကို ပြင်းထန်စွာ လှုံ့ဆော်ပေးရန် ဖြစ်ပြီး နိဗ္ဗာန်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ချိန်၌ သိုင်းဝိညာဉ် နိုးထမှုစွမ်းအားကို အဆမတန် မြှင့်တင်ပေးရန်ပင် ဖြစ်၏။

နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းမှာ လင်းချန်၏ ခန္ဓာကိုယ်ကို ခက်ထန်စွာ သန့်စင်မှု ပြုလုပ်ပေးပြီးနောက် သူ၏ အံ့ဖွယ်ကောင်းလှသော ရုပ်ခန္ဓာနှင့် အလွန်အဆင့်မြင့်မားလှသည့် အသက်ဓာတ်တို့ကို အခွင့်ကောင်းယူကာ ထက်မြက်ပြင်းထန်သော ဆေးစွမ်းအင်များနှင့် ကောင်းကင်လမ်းကြောင်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ အသုံးပြု၍ နယ်ပယ်အဆင့်ကို ပြင်းထန်လျင်မြန်စွာ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင်များ ပြိုကွဲသွားသောအခါ၌ နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းက လင်းချန်၏ ခန္ဓာကိုယ်အား ခိုင်မာစွာ တင်းပေးထားနိုင်ပြီး ပြိုကွဲသွားသော စိတ်ဝိညာဉ်စွမ်းအင်များ အလဟဿ လွင့်စဉ်မသွားစေရန် တင်းကျပ်စွာ ထိန်းချုပ်ပေးထား၏။

ဤနည်းလမ်းအားဖြင့် ပြိုကွဲသွားသော စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ သိုင်းဝိညာဉ်ကို အမြင့်ဆုံးအထိ လှုံ့ဆော်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း ထပ်မံ၍ သွေးသားသန့်စင်မှု ပြုလုပ်ပေးနိုင်ကာ နိဗ္ဗာန်နယ်ပယ်သို့ ထပ်မံတက်လှမ်းနိုင်ရန်အတွက် အကြီးမားဆုံးသော အထောက်အကူကြီး ဖြစ်လာစေသည်။

ကျူးကော့မင် ဦးဆောင်သော ကောင်းကင်လက်မှုပညာဌာန၏ အလွန်စေ့စပ်သေချာလှသော တွက်ချက်မှုများနှင့် လင်းချန် တစ်ဦးတည်းအတွက်သာ ရည်ရွယ်ဖန်တီးထားသည့် သီးသန့် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်း နည်းလမ်းများအောက်တွင် သူသည် တစ်ခါမှ မကြုံစဖူး အံ့မခန်းလှသော နိဗ္ဗာန်စက်ဝန်းကိုးသွယ် ကျင့်စဉ်ကို စတင်လိုက်ပြီဖြစ်၏။

အမြန်ဆုံးသော တိုးတက်မှုနှုန်းထား ၊ အကြီးမားဆုံးသော စိတ်ဝိညာဉ်စွမ်းအင် ၊ သိုင်းဝိညာဉ်ကို အမြင့်ဆုံး လှုံ့ဆော်နိုင်စွမ်းနှင့် အသန်မာဆုံးသော ရုပ်ခန္ဓာ... ထို့အပြင်... ထူးခြားဆန်းကြယ်လှသော အမြွှာသိုင်းဝိညာဉ်...။

တစ်ချိန်တည်းမှာပင် ကောင်းကင်လက်မှုပညာဌာန အတွင်း၌ ကျူးကော့မင် ဧရာမ နည်းဗျူဟာမှန်ပြင်ကြီးအား စူးစိုက်ကြည့်ရှုရင်း လင်းချန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အပြောင်းအလဲများကို စေ့စပ်သေချာစွာ လေ့လာစောင့်ကြည့်နေလျက်ရှိ၏။

လင်းချန်မှာ သူတို့၏ အသက်နှင့်ရင်း၍ အလုပ်အကျွေးပြုနေရသော အရှင်သခင်ဖြစ်ရာ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားလာခြင်းမျိုးကို သူတို့ လုံးဝ အဖြစ်ခံမည် မဟုတ်ပေ။

ဧရာမ နည်းဗျူဟာမှန်ပြင်ကြီးပေါ်တွင် ပြသနေသည့် လင်းချန်၏ တဖြည်းဖြည်း ပိုမိုစွမ်းအားကြီးမားလာနေသော အခြေအနေများကို ကြည့်ရှုရင်း ကျူးကော့မင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရ၏။

"ဒါကမှ... ငါတို့ရဲ့ ပြိုင်ဘက်ကင်း ဧကရာဇ်ပဲ..."

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားရာ မည်သူမျှ သတိမထားမိလိုက်ခင်မှာပင် လင်းချန်နှင့် လေချန်တို့၏ ရက်စက်လှသော သေခြင်းရှင်ခြင်း တိုက်ပွဲနေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်ကား ဂိုဏ်း၏ ပြစ်ဒဏ်များကို တင်းကျပ်စွာ စီမံခန့်ခွဲသည့် စည်းကမ်းထိန်းသိမ်းရေးခန်းမ တည်ရှိရာ နေရာပင် ဖြစ်၏။

တောင်ပေါ်ရှိ ထိုစည်းကမ်းထိန်းသိမ်းရေးခန်းမ ရှေ့၌ ကျယ်ပြန့်လှသော သေခြင်းရှင်ခြင်းစင်မြင့်ကြီး တစ်ခု ခံ့ညားစွာ တည်ရှိနေသည်။

ဂိုဏ်းအတွင်း၌ သေခြင်းတရားဖြင့်သာ ဖြေရှင်းနိုင်တော့မည်ဖြစ်ပြီး မည်သို့မျှ ပြန်လည်သင့်မြတ်၍ မရနိုင်တော့သည့် ပြင်းထန်သော အငြင်းပွားမှုများကို ဤနေရာ၌ လာရောက်ဖြေရှင်းကြရခြင်း ဖြစ်၏။

သေခြင်းရှင်ခြင်းစာချုပ် ချုပ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံးက လိုလိုလားလား ပယ်ဖျက်ခြင်း မပြုသရွေ့ တစ်ဦးသေ တစ်ဦးရှင် ရလဒ် တစ်ခု ထွက်ပေါ်လာသည်အထိ အသေအလဲ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ထိုမျှမကသေး သေခြင်းရှင်ခြင်း ရလဒ် ထွက်ပေါ်ပြီးသည်နှင့် အနိုင်ရရှိသူသည် ရှုံးနိမ့်သူနှင့် ပတ်သက်ဆက်နွှယ်သူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆက်လက်၍ ဒုက္ခပေးခွင့် မရှိတော့ပေ။

အလားတူပင် ရှုံးနိမ့်သူဘက်မှလည်း အနိုင်ရရှိသူကို ထပ်မံလက်စားချေခွင့် မရှိတော့ချေ။

သူတို့၏ မကျေချမ်းမှု အာဃာတများအားလုံးသည် ထိုသေခြင်းရှင်ခြင်း တိုက်ပွဲ၏ ရလဒ်နှင့်အတူ အပြီးတိုင် ပြီးဆုံးသွားရမည် ဖြစ်၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၃ + ၄၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters