အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၅ + ၄၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ဂိုဏ်း၏ စည်းကမ်းချက်များကို ချိုးဖောက်သူ မှန်သမျှသည် ဂိုဏ်း၏ တင်းကျပ်လှသော အပြစ်ပေးမှုများကို ကျိန်းသေပေါက် ခံယူရမည်သာ ဖြစ်၏။
သေခြင်းရှင်ခြင်း တိုက်ပွဲများကို ဂိုဏ်းအတွင်း၌ မြင်တွေ့ရခဲလှသည်။ သို့သော် ယခုအကြိမ်၌မူ ပါဝင်ပတ်သက်သူ နှစ်ဦးစလုံး၏ အလွန်ထူးခြားလှသော နောက်ခံအကြောင်းအရင်းများကြောင့် သတ်မှတ်ထားသော တိုက်ပွဲနေ့ရက်တွင် လာရောက်ကြည့်ရှုကြသည့် တပည့်များစွာဖြင့် စည်ကားနေလျက်ရှိ၏။
တိုက်ပွဲ မစတင်မီအချိန်၌ပင် သေခြင်းရှင်ခြင်းစင်မြင့် ဘေးပတ်လည်ရှိ တပည့်များသည် တိုက်ပွဲအကြောင်းကို အချင်းချင်း အပြင်းအထန် ဆွေးနွေးငြင်းခုန်နေကြပြီ ဖြစ်သည်။
လာရောက်သူ လူအများစုက ဤတစ်ကြိမ်တွင်မူ လင်းချန် မည်သို့မျှ ရှောင်လွှဲမရနိုင်တော့သော ဘေးဆိုးကြီးနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး သူ့အတွက် သေခြင်းတရားသာလျှင် အသင့်စောင့်ကြိုနေသည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမ ရှေ့ရှိ သေခြင်းရှင်ခြင်းစင်မြင့်ဘေးမှ ခုံသမာဓိစင်မြင့်ပေါ်၌မူ ဂိုဏ်းချုပ် ချင်ဝူရွှမ် တည်ငြိမ်စွာဖြင့် ထိုင်နေသည်။
သူ့ဘေး၌ ဝက်ဝံတစ်ကောင်ကဲ့သို့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ပိုင်ရှင် အဘိုးအိုတစ်ဦးသည် စွမ်းအင်များအပြည့်ဖြင့် ဆံပင်ဖြူများ ထောင်မတ်နေကာ ခန့်ညားထည်ဝါစွာ ထိုင်နေလျက်ရှိ၏။ ထိုသူကား လေဟန်ပင် ဖြစ်သည်။
ထိုအချိန်၌ သေခြင်းရှင်ခြင်းစင်မြင့် အလယ်တည့်တည့်တွင် အကြီးအကဲတစ်ဦးသည် တည်ကြည်လေးနက်ပြီး အေးစက်သော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။
စင်မြင့်အောက်တွင် ရောက်ရှိနေကြသော တပည့်များသည် ထိုအကြီးအကဲ၏ အေးစက်စူးရှသော အကြည့်နှင့် ဆုံမိသည်နှင့် တစ်ပြိုင်နက် အလိုလို ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲသည် ဂိုဏ်း၏ ဥပဒေများကို ကျင့်သုံးရာတွင် လုံးဝ မျက်နှာမလိုက်တတ်ဘဲ မည်သူ့ကိုမျှလည်း ညှာတာလေ့ မရှိချေ။
နတ်ဓားဂိုဏ်းမှ မည်သည့်တပည့်မျှ အမှားနှင့်မကင်းဖူးခဲ့သလို ပြစ်ဒဏ်နှင့်လည်း ကင်းလွတ်ဖူးခြင်း မရှိခဲ့ကြချေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းသားအားလုံးသည် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို အထူးတလည် ကြောက်ရွံ့ရိုသေလာကြခြင်း ဖြစ်၏။
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခုံသမာဓိစင်မြင့်ပေါ်ရှိ လေဟန်ကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုကြီးလေဟန်... ခင်ဗျား တကယ်ပဲ ဒီကိစ္စကို ဇွတ်လုပ်ချင်နေတာလား။ ရန်ငြိုးဖွဲ့တာထက် ရန်ငြိုးဖြေတာက နှစ်ဦးနှစ်ဖက်အတွက် ပိုကောင်းပါတယ်..."
မျက်နှာမလိုက်တတ်သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲသည် မည်သူ့ဘက်မှ ပါလေ့မရှိသော်ငြား ယခုအခါတွင်မူ လင်းချန်ဘက်မှ ရပ်တည်ကာ ပြောဆိုပေးနေခြင်း ဖြစ်၏။
အမှန်တကယ်တွင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသည် လင်းချန်၏ လုပ်ရပ်များကို သဘောကျကာ လက်ခံထားခြင်း ဖြစ်သည်။
လေကွန်၏ မိုက်ရိုင်းရိုင်းစိုင်းသော လုပ်ရပ်များက သူ့အပြစ်နှင့်သူသာ ဖြစ်၏။ လင်းချန်အပေါ်တွင်မူ သူက များစွာ လေးစားမှု ရှိနေသည်။
ရုတ်တရက် သေခြင်းရှင်ခြင်းစင်မြင့် အောက်ရှိ အတွင်းစည်းတပည့်များထံမှ အာမေဍိတ်သံများ ပြိုင်တူ ထွက်ပေါ်လာကြ၏။
"ဟော... အစ်ကိုလေချန် ရောက်လာပြီဟေ့..."
အမျိုးသမီးတပည့်များစွာသည်လည်း အော်ဟစ်အားပေးရင်း သေခြင်းရှင်ခြင်းစင်မြင့်၏ မြောက်ဘက်ခြမ်းသို့ အလုအယက် တိုးကပ်သွားကြသည်။
မြောက်ဘက်ခြမ်း၌ စုဝေးနေသော လူအုပ်ကြီးကြားမှ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်ဓားဂိုဏ်း၏ စံသတ်မှတ်ချက်ဖြစ်သော ဝတ်ရုံကို ခြုံထားသည့် လူငယ်တစ်ဦး အေးဆေးတည်ငြိမ်စွာဖြင့် လမ်းလျှောက်လာနေ၏။
သူ၏ ဆံပင်များကို သပ်ရပ်စွာ နောက်သို့ ဖီးသင်ထားပြီး ကြေးညိုရောင် အသားအရေက ယောက်ျားပီသသော ထူးခြားသည့် ဆွဲဆောင်မှုတစ်ရပ်ကို ပေးစွမ်းနေသည်။
လေချန်၏ ထူးခြားချောမောသော ရုပ်ရည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတို့ကြောင့် သူသည် ဂိုဏ်းအတွင်းစည်းရှိ အမျိုးသမီးတပည့်များကြားတွင် အလွန် ရေပန်းစားသူ တစ်ဦးဖြစ်၏။
"အစ်ကိုလေချန်... အဲဒီကောင်စုတ်လေးကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါ..."
"ဟုတ်တယ်... သိုင်းဝိညာဉ်တောင်မရှိတဲ့ အသုံးမကျတဲ့ကောင်ကများ အစ်ကိုလေချန်ကို စော်ကားရဲတယ် ၊ တကယ် သေချင်နေတာပဲ..."
လာရောက်ကြည့်ရှုကြသော အတွင်းစည်းတပည့် အားလုံးလိုလိုသည် လေချန်၏ နောက်လိုက်များသာ ဖြစ်ကြသည်။
သေခြင်းရှင်ခြင်းစင်မြင့် အောက်တွင် ပိုင်ရန်က သူ့ဘေးရှိ ယီလင်းနှင့် အခြားသူများကို ရှင်းပြလိုက်၏။
"အတွင်းစည်းမှာတောင် တပည့်တွေက အုပ်စုကွဲနေကြတာလေ။ ဒီနေ့လာတဲ့ အတွင်းစည်းတပည့် အများစုက လေချန်ရဲ့ နောက်လိုက်တွေချည်းပဲ။ တခြား အတွင်းစည်းတပည့်တွေကတော့ အခြေအနေကို စောင့်ကြည့်ဖို့ လူတစ်ယောက်နှစ်ယောက်လောက်ပဲ လွှတ်လိုက်ကြတာ..."
ယီလင်း နားမလည်သဖြင့် ပိုင်ရန်ကို မေးလိုက်သည်။
"တခြား အတွင်းစည်းတပည့်တွေက ဘာလို့ လာမကြည့်ကြတာလဲ..."
ပိုင်ရန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုလိုက်၏။
"ဘာလို့လဲဆိုတော့ သူတို့က အစ်ကိုလင်း သေချာပေါက် ရှုံးမယ်လို့ ယုံကြည်ထားကြလို့လေ..."
ယီလင်း ဒေါသတကြီး ရေရွတ်လိုက်သည်။
"သူတို့က အစ်ကိုလင်းချန်ကို တကယ် လျှော့တွက်ကြတာပဲ..."
ရုတ်တရက် ယီလုံက ဝင်ပြောလိုက်၏။
"အစ်ကိုလင်းက အပေါ်ယံ မြင်ရသလောက် ရိုးရှင်းတဲ့သူတော့ လုံးဝ မဟုတ်ဘူး..."
ဘေးနားရှိ ယီဖုန်းကမူ သူမအစ်ကို၏ စကားကို နားမလည်သဖြင့် မေးလိုက်သည်။
"အစ်ကို... ဘာကို ဆိုလိုတာလဲ..."
ယီလုံ ရှင်းပြလိုက်၏။
"အစ်ကိုလင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်မှာ ထူးဆန်းတဲ့စွမ်းရည်တွေ ပါနေတာ ငါ တစ်ခါ မြင်ဖူးတယ်။ ပြီးတော့ လုံးဝ မတူညီတဲ့ စွမ်းရည် နှစ်မျိုးတောင်ပဲ..."
ယီလုံ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပိုင်ရန်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်တာ..."
နတ်ဓားဂိုဏ်း၌ ရက်အနည်းငယ်ကြာ ပညာသင်ယူပြီးနောက် ယီလုံသည် ယခင်က မသိရှိခဲ့သော ဗဟုသုတအချို့ကို ကောင်းစွာ လေ့လာသိရှိခဲ့ပြီဖြစ်သည်။
တိမ်ယွမ် ၊ လယွမ် နှင့် နေယွမ် ဟူသော အခြေခံ နယ်ပယ်သုံးခုတွင် စိတ်ဝိညာဉ်စွမ်းအင်၌ မည်သည့်စွမ်းရည်မှ ပါရှိနေလေ့ မရှိပေ။
နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်မှသာလျှင် သိုင်းဝိညာဥ်စွမ်းရည်များ နိုးထလာမှုကြောင့် စိတ်ဝိညာဉ်စွမ်းအင်၌ စွမ်းရည်များ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
အဆင့်ချိုးဖောက်ပြီးနောက် သိုင်းဝိညာဉ်၏ စွမ်းရည်များ နိုးထလာကာ စိတ်ဝိညာဉ်စွမ်းအင်တွင် စွမ်းရည်များ ရရှိလာပြီး ကျင့်ကြံသူများသည် တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ရသည်။
ထို့ကြောင့်ပင် ထိုအဆင့်ကို နိဗ္ဗာန်နယ်ပယ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။
သို့သော် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင်၌ စွမ်းရည်ပါဝင်နေပြီး လုံးဝ မတူညီသော စွမ်းရည် နှစ်ခုပင် ဖြစ်နေကြောင်း ယီလုံ ပြောဆိုနေသည်မှာ လုံးဝ ယုံကြည်နိုင်စရာ မရှိချေ။
ပိုင်ရန် ထိုမယုံကြည်နိုင်ဖွယ်ရာ အဆိုကို ယုံကြည်ရန် ကြိုးစားရင်း ရေရွတ်လိုက်သည်။
"မင်းပြောတာသာ မှန်ရင်... ဒါဆို အစ်ကိုလင်းက သေချာပေါက် သာမန်မဟုတ်တဲ့ ထူးခြားသူပဲ ဖြစ်ရမယ်..."
ခုံသမာဓိစင်မြင့်ပေါ်၌ လေဟန်ကမူ စင်မြင့်ပေါ်ရှိ သူ၏ မြေးအကြီးဆုံး ဖြစ်သူ လေချန်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤမျှ ထူးချွန်သော မြေးတစ်ယောက် ရှိသည့်အတွက် သူ အလွန် ဂုဏ်ယူနေမိသည်။
ခုံသမာဓိစင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ထိုင်နေသော လေဟန်သည် ချင်ဝူရွှမ်ဘက်သို့ လှည့်ကာ အေးစက်စွာ ပြုံးရင်း ဆိုလိုက်၏။
"ဘာလဲ... မင်းရဲ့ အစ်ကိုကြီးနဲ့ အဲဒီကောင်လေးက ကြောက်လို့ မလာရဲကြတော့ဘူးလား။ သေခြင်းရှင်ခြင်းစာချုပ်ကို သဘောတူထားပြီး နောက်ဆုံးအချိန်ကျမှ နောက်ဆုတ်သွားရင် နတ်ဓားဂိုဏ်းရဲ့ စည်းကမ်းအရ ဘယ်လို လုပ်ရမလဲ...။ ဂိုဏ်းချုပ်အနေနဲ့ မင်း နားလည်သင့်တယ် မဟုတ်လား။ ဂိုဏ်းရဲ့ စည်းကမ်းဖောက်တဲ့ ဘယ်သူမဆို ညှာတာမှုမရှိဘဲ ကွပ်မျက်ခြင်း ခံရမှာပဲ..."
ချင်ဝူရွှမ်သည်လည်း လှည့်ကြည့်လိုက်ပြီး လေဟန်နှင့် အကြည့်ချင်း ဆုံလိုက်သည်။ ထို့နောက် အေးဆေးစွာပင် ပြန်လည်တုံ့ပြန်လိုက်၏။
"အကြီးအကဲလေရဲ့ ဒုတိယမြေး လေကွန်ကိုတောင် ဒုက္ခိတ ဖြစ်အောင် လုပ်ထားတဲ့ တူလေးလင်းချန်မှာ လာရောက်တိုက်ခိုက်ဖို့ သတ္တိရှိမှာ သေချာပါတယ်..."
လေဟန် ဒေါသတကြီး နှာမှုတ်လိုက်သည်။
"ဟမ့်... လင်းချန်က လေကွန်ကို သူ့သဘောနဲ့သူ အပြစ်ပေးခဲ့တယ်။ ဂိုဏ်းချုပ်အနေနဲ့ မင်းက သူ့ကို အပြစ်ပေးခံရခြင်းကနေ ကာကွယ်ပေးတယ်။ ကိုယ့်လုပ်ရပ်ကိုယ် ပြန်သုံးသပ်သင့်တယ် မဟုတ်ဘူးလား။ ဒီသေခြင်းရှင်ခြင်း တိုက်ပွဲမှာ သူ အံ့ဖွယ်နည်းနဲ့ အသက်ရှင်ကျန်ရင်တောင် အပြစ်ပေးခံရမှုကနေ လွတ်မှာမဟုတ်ဘူး..."
သေခြင်းရှင်ခြင်း တိုက်ပွဲသည် နှစ်နာရီကြာသည်အထိ အနိုင်အရှုံး မပေါ်ပါက အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်သည်။
သို့သော် ဝေဝူရွှမ်က လင်းချန်အား တစ်နာရီကြာအောင် အချိန်ဆွဲထားနိုင်မည့် အထူးနည်းလမ်း သို့မဟုတ် စိတ်ဝိညာဉ်ပစ္စည်း တစ်ခုခုများ ပေးထားမည်ကို လေဟန် စိုးရိမ်နေခြင်း ဖြစ်၏။
စိတ်ဝိညာဉ်လက်နက် နှလုံးသားနှင့် စိတ်ဝိညာဉ်အစိတ်အပိုင်းများကို အသုံးပြုပြီး သိုင်းဝိညာဉ် စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက မူလလက်နက် ဖြစ်ပေါ်လာသည်။
သိုင်းဝိညာဉ်အသွင်ပြောင်းရန် မလိုဘဲ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ရိုက် အသုံးပြုနိုင်သော သိုလှောင်အိတ်ကဲ့သို့ ပစ္စည်းများ ၊ ဝတ်ဆင်နိုင်သော သံချပ်ကာများ ၊ ထာဝရမီးအိမ်များ စသည်တို့ကိုမူ စိတ်ဝိညာဉ်ပစ္စည်းများဟု ခေါ်ဆိုကြ၏။
ထိုစကားကို ကြားသောအခါ ချင်ဝူရွှမ် ရယ်မောလိုက်သည်။
"လင်းချန်က စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ တပည့်ဖြစ်တဲ့အတွက် အပြစ်ပေးပိုင်ခွင့် အာဏာ ရှိတယ်လေ..."
ထိုစကားကို ကြားသောအခါ လေဟန် အံကြိတ်လိုက်ပြီး ခေါင်းကို ထပ်ခါထပ်ခါ ညိတ်လိုက်၏။
"ကောင်းပြီလေ... ကောင်လေး... မင်း ကောင်းကောင်း ပြင်ဆင်ထားပုံ ရတာပဲ..."
ချင်ဝူရွှမ် ပြုံးလိုက်ပြီး လေဟန်ကို လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ဦးလေးက မြှောက်ပြောလွန်းပါပြီ..."
ထို့နောက် သူ မော်ချင်းတောင်ဘက်သို့ လှမ်းကြည့်လိုက်၏။
"အဲဒီ စိတ်ဝိညာဉ်ပစ္စည်းက တကယ်ပဲ အလုပ်ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်..."
**--**--**--**--**--**--**--**
မော်ချင်းတောင်ထိပ်ရှိ နေအိမ်၌မူ ဝေဝူရွှမ် မြေကြီးပေါ်သို့ ကျနေသော ပျော့ပျောင်းသည့် သံချပ်ကာတစ်ခုကို ကြည့်လိုက်ပြီးနောက် သူ့တပည့်ကို အလွန်အမင်း အံ့သြစွာ ကြည့်နေမိသည်။
"နိဗ္ဗာန်စက်ဝန်းကိုးသွယ်... မင်း... မင်း...ကောင်စုတ်လေး..."
လင်းချန်ထံမှ အခိုးအငွေ့များ ထွက်ပေါ်နေသည်ကို ကြည့်ရင်း ဝေဝူရွှမ် အံ့အားသင့်မှင်တက်နေ၏။
"ကမ်းရိုးတန်းပြည်နယ် အပြင်ဘက်ကို ငါ ခရီးထွက်တုန်းက ပါရမီရှင်တွေ ၊ ထူးချွန်သူတွေ.၊ သားရဲကောင်လို လူတွေကို တွေ့ဖူးပေမဲ့ အရင်းအမြစ် ရှားပါးတဲ့ ကမ်းရိုးတန်းပြည်နယ်လို နေရာမျိုးမှာ ရက်ပိုင်းလေးအတွင်း နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး..."
လက်ရှိအချိန်၌ လင်းချန် နတ်ဓားဂိုဏ်း၏ စံသတ်မှတ်ချက်ဖြစ်သော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတွင်းဘက်တွင် ရွှေရောင် နတ်နဂါးပုံစံ ပါရှိသော အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
လင်းချန် သူ့ဝတ်စုံကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး ဝေဝူရွှမ်ကို ပြုံးပြကာ ခြံဝင်းအပြင်သို့ လျှောက်သွားလိုက်၏။
"ဆရာ... ကျွန်တော် သွားတော့မယ်..."
လင်းချန် ထွက်ခွာခါနီးမှသာ ဝေဝူရွှမ် သတိဝင်လာသည်။
"နေပါဦး... ဒီစိတ်ဝိညာဉ်ပစ္စည်းကို ယူသွား။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ အတားအဆီး ဖန်တီးလိုက်ရင် ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို ၂ နာရီလောက် တောင့်ခံနိုင်လိမ့်မယ်..."
လင်းချန် ခြံဝင်းတံခါးဝတွင် ရပ်တန့်လိုက်ပြီး ဝေဝူရွှမ်ကို ခေါင်းခါပြလိုက်၏။
"မလိုပါဘူး ဆရာ..."
ထို့နောက် အရိပ်တစ်ခုသာ ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။
"လေချန်လောက်ကို ကျွန်တော် မျက်လုံးထဲတောင် မထည့်ပါဘူး..."
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၅ + ၄၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team